❝ တစ်ထစ်ချင်း တက်ခဲ့ရတဲ့ အောင်မြင်မှုများ ❞
၂၁ နှစ်ပြည့် ရွှေအမြုတေ “ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ကဏ္ဍ ” မှာ စာရေးနည်းများကို အဆက်မပြတ် ဖော်ပြခဲ့တာ ဖြစ်ပေမယ့် ဒီလမှာတော့ အောင်မြင်မှုများကို လှေကားထစ် တစ်ထစ်ချင်း တက်ပြီး ရယူခဲ့တဲ့ စာရေးဆရာမ Laura Lippman နဲ့ တွေ့ဆုံခြင်း ဆောင်းပါး ကို ဖော်ပြပေးလိုက်ပါတယ် ။ ဆရာမက သည်းထိတ်ရင်ဖို ဝတ္ထုများကို ရေးသားသူ ဖြစ်ပြီး The Edgar , The Shamus , The Anthony , The Nero Wolfe , The Barry , The Gumshoe , The Quill , The Strand , The Macavity နဲ့ The Romantic Times ဆုများကို ရရှိထားသူ ဖြစ်ပါတယ် ။
ဆရာမ က အမေရိကန် ပြည်ထောင်စု ၊ Baltimore မှာ နေထိုင်ပါတယ် ။ ဆရာမ နေထိုင်တဲ့ တိုက်အိမ်ကလေးက ၁၈၈၈ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ဘုရားကျောင်းဝင်းအတွင်းမှာ ရှိပြီး စာရေးတဲ့ အခါမှာတော့ အိမ်နားက ကော်ဖီဆိုင် မှာ သွားရေးလေ့ ရှိပါတယ် ။ ခင်ပွန်းသည် ဖြစ်သူ David Simon မှာ လည်း HBO ရုပ်မြင်သံကြား အစီအစဉ်မှာ နာမည်ကြီး ဒရာမာ ဇာတ်လမ်း ဖြစ်တဲ့ The Wire အပါအဝင် လောလောဆယ်မှာ ပြသ နေတဲ့ Treme ဇာတ်လမ်းကို ရေးသား ရိုက်ကူးထုတ်လုပ်သူ အဖြစ် နာမည်ရသူ ဖြစ်ပါတယ် ။ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ရိုက်ကူးသူ မဖြစ်လာမီက The Baltimore Sun သတင်းစာမှာ မှုခင်းသတင်းများကို ရေးသားခဲ့သူ ဖြစ်ပါတယ် ။
ဆရာမက သူ့ စိတ်ကြိုက် စာအုပ်များမှာ စာရေးဆရာများရဲ့ ဘဝအတွေ့အကြုံများကို ရေးသားတဲ့ ဘဝ မှတ်တမ်းစာအုပ်များ ဖြစ်ပြီး အစားအသောက်နဲ့ ပတ်သက်တဲ့ စာအုပ်များကိုလည်း နှစ်သက်တယ်လို့ ဆိုပါတယ် ။ ဘဝမှတ်တမ်း အတွေ့အကြုံများကို နှစ်သက်သူ ဆိုပေမယ့် အစ်မ ဖြစ်သူက ဆရာမကို ဘဝအတွေ့အကြုံ မှတ်တမ်းစာအုပ် ဘယ်တော့မှ မရေးပါဘူးဆိုတဲ့ ကတိရအောင် တောင်းခံထားတဲ့ အတွက် ဆရာမရဲ့ ဘဝအတွေ့အကြုံ မှတ်တမ်း စာအုပ်ကတော့ ထွက်လာစရာ မရှိဘူးလို့ ယူဆရပါတယ် ။
••••• ••••• •••••
စာရေးဆရာမ က Laura Lippman က အရပ်မြင့်မြင့် ၊ အညိုရောင် ဆံပင်များ ပိုင်ရှင် ဖြစ်ပြီး လမ်းလျှောက်တဲ့အခါ အားကစားသမား တစ်ယောက်လို ခပ်သွက်သွက် လျှောက်တတ်ရုံ သာ မက ဟာသဉာဏ် ရှိသူလည်း ဖြစ်ပါတယ် ။ ဆရာမ ပထမဆုံးရေးခဲ့တဲ့ စာအုပ်က ၁၉၉၇ ခုနှစ်မှာ Paperback စာအုပ်အဖြစ် ထုတ်ဝေခဲ့တဲ့ Baltimore Blues ဖြစ်ပါတယ် ။ ( စာအုပ်များကို ပထမအကြိမ် ထုတ်ဝေရာမှာ Hard Cover အဖြစ် ထုတ်ဝေလေ့ ရှိပေမယ့် နောက်ထပ် ပြန်ထုတ်တဲ့အခါမှာ Paperback အဖြစ် ထုတ်ကြပါတယ် ။ မျက်နှာသစ်များ ကတော့ Hard Cover နဲ့ ထုတ်လေ့ မရှိဘဲ Paperback နဲ့ သာ ထုတ်ဝေတတ်ကြပါတယ် ။ ) ဒီစာအုပ်ကို လူသိများခဲ့ ပေမယ့် အရောင်းရဆုံး စာအုပ်စာရင်းမှာတော့ တန်း မဝင်နိုင်ခဲ့သေးပါဘူး ။ ဒီဝတ္ထုမှာ အသက် ၂၉ နှစ် အရွယ်ရှိ Tess Monaghan ဆိုတဲ့ အလုပ်လက်မဲ့ သတင်းထောက်မလေး တစ်ဦးကို အဓိက ဇာတ်ကောင် အဖြစ် ဖန်တီးခဲ့ပါတယ် ။ ဒီ သတင်းထောက်မလေး က သူ့သူငယ်ချင်း တစ်ဦးကို အိမ်လခ ပေးနိုင်အောင် ကူညီပံ့ပိုး ပေးနေသူလည်း ဖြစ်ပါတယ် ။ ဒီနည်းနဲ့ သူ့ ဇာတ်ကောင်ဟာ သည်းထိတ်ရင်ဖိုဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင် ဖြစ်လာခဲ့ပါတယ် ။
Baltimore Blues စာအုပ်ကို ရေးသားချိန်မှာ ဆရာမ က Baltimore Sun သတင်းစာမှာ အချိန်ပြည့်ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်နေချိန် ဖြစ်ပါတယ် ။ ဝတ္ထုကိုတော့ အားလပ်တဲ့ ညအချိန်များနဲ့ ရုံးပိတ်ရက် များမှာ ရေးသားခဲ့တာပါ ။ ဒီဝတ္ထုက ဆရာမ ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံများမှ ပေါက်ဖွားလာတဲ့ ဝတ္ထု ဖြစ်ကြောင်းကို သူ့ အင်တာဗျူးမှာ ပြောပြထားပါတယ် ။ လူတစ်ယောက်ကို သ,တ်ပစ်ချင်စိတ် ပေါ်ပေါက်လာရာကနေ ဖန်တီး ဖြစ်သွားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ် ။
ဒုတိယစာအုပ် ကလည်း အဓိကဇာတ်ကောင်က သတင်းထောက်မလေး Tess ပဲ ဖြစ်ပါတယ် ။ စာအုပ်နာမည်က Charm City ဖြစ်ပါတယ် ။ ဒီ စာအုပ်က ပထမဆုံးဆု ဖြစ်တဲ့ Edgar ဆုကို ရစေခဲ့ပါတယ် ။ စတုတ္ထ စာအုပ်ကို ထုတ်ဝေချိန် မှာတော့ Harper Collins စာအုပ်တိုက်ကြီးက ဆရာမရဲ့ စာအုပ်ကို Hard Cover နဲ့ စတင် ထုတ်ဝေပေးခဲ့ပါတယ် ။
ဆရာမဟာ နယူးယောက်တိုင်းမ် သတင်းစာကြီးမှ အင်တာဗျူးဆရာမ ဖြစ်တဲ့ Nancy Drew စိတ်ဝင်စားတဲ့ သည်းထိတ်ရင်ဖို စာရေးဆရာများထဲမှ တစ်ဦးအပါအဝင် ဖြစ်ပါတယ် ။ Nancy က ဆရာမရဲ့ ဇာတ်ကောင် ဖြစ်တဲ့ Tess နဲ့ပတ်သက်ပြီး “ ဒီ မိန်းကလေးက အလုပ်လက်မဲ့ ၊ တစ်ယောက်တည်း နေသူ ၊ စိတ် ကလည်း ဆတ်ဆတ်ကြဲ ၊ အလုပ်ရှင် အပေါ်မှာ သစ္စာ စောင့်သိတယ် ၊ ပင်ကိုစရိုက် အားဖြင့် စွာတယ်လို့ ပြောနိုင်တယ် ” လို့ ဇာတ်ကောင်အပေါ် မှာ သုံးသပ်ပြပါတယ် ။
ဆရာမရဲ့ ၁၂ အုပ်မြောက်စာအုပ်ကစပြီး အရောင်းရဆုံး စာအုပ်စာရင်းမှာ ပါဝင်လာခဲ့ပါတယ် ။ စာအုပ်အမည်က What the Dead Know ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းမှာတော့ အသက် ၁၅ နှစ် အရွယ် ရှိတဲ့ Sunny နဲ့ အသက် ၁၁ နှစ်သာ ရှိသေးတဲ့ Heather ဆိုတဲ့ ညီအစ်မ နှစ်ယောက် ရှော့ပင်းမောလ်ကြီး တစ်ခုထဲမှာ ပျောက်သွားခဲ့ပါတယ် ။ နောက် နှစ်ပေါင်း ၃ဝ ကြာတဲ့ အခါမှာ ကားတိုက်မှု တစ်ခု ဖြစ်ပွားပြီး Heather ကို ပြန်တွေ့ကြပါတယ် ။ ဒီဝတ္ထုနဲ့ ပတ်သက်ပြီး ဝေဖန်ရေးဆရာမ Janet Maslin က “ ဒီတစ်ခါတော့ Ms. Lippman က သွေးခပ်နွေးနွေး နဲ့ ရေးထားတာပါ ။ ဝတ္ထုဇာတ်ကြောင်းမှာ သတိထားပြီး ရေးတာကိုလည်း တွေ့ရပါတယ် ” လို့ သုံးသပ်ပါတယ် ။ နောက်ဆုံးထွက်လာတဲ့ ဝတ္ထုကတော့ လူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်သ,တ်နေတဲ့သူ တစ်ယောက် အကြောင်းပါ ။ ဒါပေမဲ့ မသ,တ်ဖြစ်တဲ့ သူ တစ်ယောက်တော့ ရှိခဲ့ပါတယ် ။ ခေါင်းစဉ် က I'd Know You Any - where ဖြစ်ပါတယ် ။
The Writer မဂ္ဂဇင်းမှာ စာရေးဆရာမက အင်တာဗျူး ဖြေခဲ့ရာ အောက်ပါအတိုင်း ဖတ်ရပါတယ် ။
➽ ဆရာမက အမြဲတမ်း စာရေးချင်နေတာပဲလား ။
ကျွန်မက ဝတ္ထုတွေ အမြဲ ရေးချင်နေတာ ။ ဒါပေမဲ့ လက်တွေ့ကျကျ စဉ်းစားကြည့်တဲ့ အခါမှာတော့ စာရေးတဲ့ အလုပ်တစ်ခု ရမှသာ စားဝတ်နေရေးအတွက် ပြေလည်နိုင်မှာမို့ ကျွန်မ ဂျာနယ်လစ် တစ်ယောက် အဖြစ် စပြီး အလုပ်လုပ်ပါတယ် ။ နေ့စဉ်နဲ့ အမျှ သတင်းစာ အတွက် စာတွေရေးရင်းနဲ့ စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ စာရေးတာကို လေ့ကျင့်ခဲ့ပါတယ် ။
➽ ဝတ္ထုရေးဖို့ အတွက် ဘာတွေများ ပြင်ဆင်ခဲ့ပါသလဲ ။
ကျွန်မ အားလပ်ချိန်တိုင်း ဝတ္ထု ရေးဖို့ ကြိုးစားပါတယ် ။ San Antonio မှာ နေတုန်းက သတင်းစာထဲမှာ ကြော်ငြာ တစ်ခု တွေ့တယ် ။ အဲဒီတုန်းက နာမည် မကျော်ကြားသေးတဲ့ စာရေးဆရာမ Sandra Cisneros ဆိုသူက Austin မှာ စာရေးနည်း ဆွေးနွေးပွဲကလေး အပတ်စဉ် ကျင်းပမယ်လို့ ကြော်ငြာထားတာပါ ။ ကျွန်မ အဲဒီကို အပတ်စဉ် သွားတက်တယ် ။ နောက်တော့ Sandra နဲ့ ကျွန်မက အင်မတန် ရင်းနှီးသွားပြီး သူက ကျွန်မကို အမြဲတမ်း ဝေဖန်ဆွေးနွေးပေးတဲ့ မိတ်ဆွေကောင်း တစ်ဦး ဖြစ်လာခဲ့ပါတယ် ။
➽ ဘာဖြစ်လို့ သည်းထိတ်ရင်ဖို ဝတ္ထုတွေကို ရေးချင်ရတာလဲ ။
ကျွန်မ စာရေးဆရာ ဖြစ်မလာခင်မှာ သတင်းစာတိုက်မှာ ဝင် အလုပ်လုပ်တော့ ရေးရတဲ့ သတင်းတွေက မှုခင်းသတင်းတွေချည်း ပါပဲ ။ ဒါကြောင့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို စိတ်ဝင်စားခဲ့ပါတယ် ။ ပထမ စာမျက်နှာ ၄ဝ လောက် ရေးပြီးချိန်မှာ ဘာ ဆက်ရေးရမှန်း မသိတော့ဘူး ။ သည်းထိတ်ရင်ဖို ဝတ္ထုမှာတော့ အဆုံးသတ် ဆိုတာရှိတယ် ။ ပုံစံတစ်ခု တိတိကျကျ ရှိနေတာကြောင့် ကျွန်မ သာမန် ဝတ္ထုရေးဖို့ ကြိုးစားရာကနေ သည်းထိတ်ရင်ဖိုဘက်ကို ရောက်ခဲ့ရတာပဲ ။
➽ ပထမဆုံး ရေးတဲ့ Baltimore Blues ရေးဖို့ အတွက် စိတ်ကူး စရတာ ဘယ်လို အကြောင်းပါလဲ ။
စိတ်ကူး စ ရတာကတော့ ၁၉၉ဝ ပြည့်နှစ် ၊ နိုဝင်ဘာလထဲ မှာပါ ။ ကျွန်မက သူငယ်ချင်း တစ်ယောက် ကျင်းပတဲ့ စာအုပ်ပွဲတော် တစ်ခုကို ရောက်နေပါတယ် ။ အချိန်ကာလအားဖြင့်လည်း ညအချိန်ပေါ့ ။ အဲဒီ စာအုပ်ပွဲမှာ ကျွန်မမိတ်ဆွေ အမျိုးသားတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားပါတယ် ။ သူ က ရောက်မလာသေးတဲ့ အတွက် သူ့ရုံးကို ဖုန်းဆက် လိုက်တဲ့အခါ သူ့အလုပ်ရှင်က ဖုန်းကိုင်တယ် ။ ကျွန်မ မိတ်ဆွေ မရှိဘူး ၊ အပြင်သွားနေတယ်လို့ ပြောတာကြောင့် ကျွန်မ က ဒီလိုဆိုရင် သူ ပြန်လာရင် ပြောပေးဖို့များ ကျွန်မ မှာခဲ့လို့ ရမလားလို့ မေးတာပေါ့ ။ ဒီတော့ တစ်ဖက်က ဖုန်းကိုင်တဲ့ သူက “ ဟေ့ ... ဒီမှာ ၊ ဒီဥစ္စာ ရုံးကွ ၊ မင်း မှာချင်တိုင်း မှာလို့ မရဘူး ။ ငါ ကလည်း ပြန်ပြော မပေးနိုင်ဘူး ” လို့ အော်ပါလေရော ။
ကျွန်မ တော်တော် စိတ်တို သွားတယ် ။ ကျွန်မ သူငယ်ချင်း ရောက်လာတော့ သူက အမှုတစ်ခု နောက်ကို သတင်းလိုက်နေတာလို့ ဆိုပါတယ် ။ ဒါနဲ့ သူ့ ဘော့စ်ရဲ့ ဆက်ဆံရေးကျဲပုံကို ပြောပြလိုက်ပြီး “ အေး .. ဒီလိုသာ ဆက်ဆံ ရင်တော့ မကြာခင် သူ့ကို သ,တ်ပစ်ချင်တဲ့ သူတွေ အများကြီး ပေါ်လာမှာ သေချာတယ် ” လို့ ပြောဖြစ်ခဲ့ပါတယ် ။ ကျွန်မ သူငယ်ချင်း ပြောတာက မှုခင်းဇာတ်လမ်း တစ်ပုဒ် ဖြစ်ပေမယ့် ကျွန်မ အတွေးထဲမှာတော့ သူ့ ဘော့စ်ကို သ,တ်ချင်တဲ့ စိတ်က ပြင်းပြင်းပြပြ ပေါ်နေတာကြောင့် အဲဒါကို ဇာတ်လမ်းဆင် ဖြစ်ခဲ့တာပဲ ။ ကျွန်မ ဇာတ်လမ်းထဲမှာတော့ အဓိကဇာတ်ဆောင်က အမျိုးသမီး သတင်းထောက်ကလေးပေါ့ ။
➽ ဟုတ်ကဲ့ပါ ။ အဲဒီ စိတ်ကူးကနေ စာ စရေးဖြစ်ပြီပေါ့ ။
အဲဒီ စိတ်ကူးကနေ ဘယ်လို ဇာတ်အိမ် ဖန်တီးရမလဲဆိုတာကို အချက်အလက်တွေ ၊ ကျွန်မ ချရေးပါတယ် ။ ဒါပေမဲ့ ဝတ္ထုကိုတော့ စလို့ မရသေးပါဘူး ။ တစ်ရက်မှာတော့ Baltimore မှာ နှင်းမုန်တိုင်းတွေ ကျပါလေရော ။ အပြင်ကို လုံးဝထွက်လို့ မရဘူး ။ အိမ်ထဲမှာ ၆ နာရီလုံးလုံး ပိတ်မိနေတယ် ။ အဲဒီ အချိန်မှာ ကျွန်မ တောက်လျှောက် စာရေး ဖြစ်တာပဲ ။ စာရေးတဲ့အခါမှာ ကျွန်မအတွက် ကွန်ပျူတာနဲ့ စာရေးခြင်းက တော်တော့်ကို သွက်သွက်လက်လက် ရှိစေပါတယ် ။ ဒါပေမဲ့ အားလပ်တဲ့ အချိန်မှ ရေးရတာဆိုတော့ ပထမ အကြမ်းပြီးဖို့ရာ တစ်နှစ် ကြာပါတယ် ။ မှတ်မှတ်ရရ ၁၉၉၄ ခုနှစ်မှာ ကျရောက်တဲ့ ကျွန်မ ၃၅ နှစ်မြောက်မွေးနေ့ ညနေခင်း မှာ လက်စသတ်နိုင်ခဲ့ပါတယ် ။
➽ စာအုပ်ထွက်တာ ကတော့ နောက်တစ်နှစ် ကြာမှ ထွက်နိုင်တာပေါ့ ။
ကျွန်မက တစ်နှစ်ကို စာအုပ် တစ်အုပ် ထွက်ရမယ်လို့ ဆုံးဖြတ် ထားတယ် ။ တစ်စုံတစ်ခုကို လိုချင်တယ် ဆိုရင် ကိုယ့်ဘက်က ဘာပဲဖြစ်ဖြစ် ပြန်ပေးရမှာပဲ ။ ကျွန်မ Baltimore Sun မှာ အချိန်ပြည့် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေစဉ်အတွင်း ဝတ္ထု ၇ အုပ် ရေးနိုင်ခဲ့တယ် ။ မနက် အိပ်ရာထပြီး ရုံး မသွားခင် ၂ နာရီ စာရေး နိုင်အောင် ကျွန်မ ကြိုးစားတယ် ။ ပြီးတော့ ရုံးပိတ်ရက်တွေမှာ စာရေးတယ် ။ ဒီ ကြားထဲမှာ ကျွန်မ အိမ်ထောင်နဲ့လည်း ကွဲသွားတယ် ။ ဒါကတော့ ပြဿနာ မဟုတ်ပါဘူး ။ ကိုယ့်စာ ကိုယ် ရေးနေတဲ့ အတွက် မိတ်ဆွေ တချို့နဲ့ တောင် အဆက်ပြတ်ရတဲ့ အထိ ဖြစ်ခဲ့ရတယ် ။ အဲဒီအချိန်တုန်းကတော့ ဝတ္ထုရေးတာက လွဲရင် ကျွန်မ ဘာကိုမှ ဂရုမစိုက်ဘူး ။ ရေးပြီးသား စာအုပ်တွေ ထုတ်ဝေနိုင်အောင် ကြိုးစားရတယ် ။ လျှို့ဝှက် ထားစရာမလိုတဲ့ ကျွန်မ ဆုံးဖြတ်ချက်ကတော့ ကျွန်မဟာ အချိန်ပြည့် စာရေးဆရာမ တစ်ယောက်ဖြစ်ချင်တယ် ။
➽ စာ စရေးစဉ်ကာလ တုန်းက ဆရာမအပေါ် မှာ သြဇာသက်ရောက်ခဲ့တဲ့ ဆရာ ၊ ဆရာမတွေများ ရှိပါသလား ။
အဲဒီ အချိန်တုန်းကတော့ ကျွန်မက Baltimore Blues ကို ရေးဖို့ စတည်နေပြီ ။ သူများ စာအုပ်တွေလည်း ဖတ်ဖို့ လိုတာပေါ့ ။ ဒါကြောင့် စာရေးဆရာ တချို့ရဲ့ ပထမဆုံး ထွက်ခဲ့တဲ့ စာအုပ်တွေကို ရှာဖတ်တယ် ။ ကျွန်မ ဆရာ ၃ ယောက် ရဲ့ ဝတ္ထု ၃ ပုဒ်ကို ဖတ်ခဲ့တာပါ ။ သူတို့ ၃ ယောက်စီကနေ မတူကွဲပြားတဲ့ အချက်အလက်တွေကို လေ့လာလို့ ရခဲ့ပါတယ် ။
ပထမဆုံး ဖတ်ဖြစ်တာက ဆရာမ Sarah Paretsky ရေးတဲ့ Indemnity Only ဆိုတဲ့ စာအုပ်ပါ ။ အဲဒီ စာအုပ် မဖတ်ခင်အထိ ကျွန်မ စိတ်ကူးမှာ ဇာတ်လမ်း ကို ထောက်လှမ်းမယ့် သူက မိန်းကလေး ဖြစ်မယ်လို့ စိတ်ကူး မရသေးပါဘူး ။ အဲဒါပြီးတော့ Walter Mosley ရဲ့ Devil in a Blue Dress စာအုပ်ကို ဖတ်တယ် ။ ဒီစာအုပ်က စီးရီးလိုက် ရေးတဲ့ စာအုပ်ပါ ။ စီးရီး စာအုပ်တွေမှာ အဓိကဇာတ်ကောင်ကို စာဖတ် ပရိသတ်နဲ့ ချက်ချင်း မိတ်ဆက် မပေးပေမယ့် ဒီ စာအုပ်မှာတော့ အဓိက ဇာတ်ကောင်ကို ပရိသတ်နဲ့ ချက်ချင်း တွေ့ပေးတယ် ။
နောက်ဆုံး တစ်အုပ်ကတော့ ကျွန်မ အားကစားလေ့ကျင့်တဲ့ နေရာမှာ တွေ့တဲ့ အမျိုးသမီး မိတ်ဆွေတစ်ဦးက တိုက်တွန်းလို့ ဖတ်ဖြစ်တဲ့ Carl Hiaasen ရဲ့ Tourist Season ဆိုတဲ့ စာအုပ်ပါ ။ ကျွန်မအနေနဲ့တော့ ဒီလို စာအုပ်မျိုး မရေးနိုင်ဘူးဆိုတာ ကျွန်မသိပါတယ် ။ ဒါပေမဲ့ သူ့လို ဟာသကလေးတွေ ဖောက်ရေးသင့်တယ် ဆိုတာကိုတော့ သဘောပေါက်ခဲ့ရပါတယ် ။
နောက်တော့ ကျွန်မ သည်းထိတ်ရင်ဖို ဝတ္ထုတွေ ရောင်းတဲ့ စာအုပ်ဆိုင်ကို ရောက်ခဲ့တယ် ။ ဒီဝတ္ထုတွေက ဒီနေ့ စာပေလောကမှာ အရောင်းသွက် စာရင်းဝင်တွေ ဖြစ်နေတာကို တွေ့ရပါတယ် ။
➽ ပထမဆုံးထွက်ရတဲ့ ဝတ္ထုက Paperback ဖြစ်နေတဲ့ အတွက် စိတ်ဓာတ်ကျမိသလား ။
ကျွန်မကတော့ စာအုပ် ဈေးကွက်မှာ Paperback တွေရဲ့ အခြေအနေကို သိပ်မသိပါဘူး ။ ကျွန်မ ပထမဦးဆုံး စာအုပ် ထုတ်မယ်ဆိုတော့ ကျွန်မ အေးဂျင့်ဖြစ်တဲ့ Vicki Bijur က ပြောတယ် ၊ ဒီလို Paperback နဲ့ စထွက်တာ က ကောင်းတယ်တဲ့ ။ Harlan Coben လည်း စ ထွက်တုန်းက ဒီလိုပဲ ထွက်ခဲ့တာပဲလို့ ပြောတယ် ။ ကျွန်မညီမ တစ်ယောက်က စာအုပ်ဆိုင်မှာ အလုပ် လုပ်တာဆိုတော့ စာအုပ် ဝယ်သူတစ်ယောက် အနေနဲ့ ဘယ်သူဘယ်ဝါ မှန်း မသိသေးတဲ့ စာရေးဆရာ အသစ် တစ်ယောက်ရဲ့စာအုပ် ကို ဒေါ်လာ ၂၀ ၊ ၂၅ ပေးဝယ်ဖို့ဆိုတာ စာဖတ်ပရိသတ် အတွက် ဝန်လေးတယ်လို့ ပြောပြပါတယ် ။ စာပေဆုရတဲ့ စာအုပ် အများစုဟာလည်း Paperback ထဲက ရကြတာလို့ ပြောပါတယ် ။
➽ အခု နောက်ဆုံး ထွက်လာတဲ့ I'd Know You Anywhere စာအုပ် နဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ပြောပြပါလား ။
ဒီ ဇာတ်လမ်းက သမားရိုးကျ အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ Eliza Benedict ဆိုတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းပါ ။ ဒီမိန်းမက သူလိုငါလို သာမန် အိမ်နီးချင်း တစ်ယောက်လို ဖြစ်တဲ့အပြင် ကိုယ့်ကလေးနေတဲ့ ကျောင်းက တခြား ကလေးအမေ တစ်ယောက်လိုလည်း ဖြစ်ပါတယ် ။
ပြောရရင်တော့ ဘာမှ ထူးခြားမှု မရှိဘူးပေါ့ ။ ဒါပေမဲ့ ဒီမိန်းမက လူတွေကို လိုက်သ,တ်နေတဲ့ လူသ,တ်သမား တစ်ယောက်ရဲ့ သားကောင်ဖြစ်နေတယ် ။ လူသ,တ်သမားရဲ့ ထူးခြားချက်ကတော့ သူ မသတ်ခင်မှာ အသ,တ် ခံရမယ့် သူတွေဆီကို ကြိုတင် စာရေး အကြောင်းကြားထားတတ်တယ် ။ Eliza ကိုလည်း စာရေး အကြောင်းကြားထားပြီးပြီ ။ Eliza နဲ့ စာအသွားအလာတောင် ရှိနေတယ် ။ ဒါက ကျွန်မ စိတ်ကူးယဉ် ဆိုတာထက် အပြင်မှာ ဖြစ်ခဲ့တဲ့ လူသ,တ်မှုတစ်ခုကို အခြေခံထားပြီး ရေးခဲ့တာပါ ။
လူသ,တ်သမားက အဲဒီလို စာ အဆက်အသွယ် ရှိပြီးမှ Eliza ကို မသတ်တော့ဘဲ ချန်ထားခဲ့တယ် ။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းကို ပရိသတ် စိတ်ဝင်စားအောင် ဖမ်းစားပြီး ရေးထားတာပါ ။
➽ လူသ,တ်သမား တစ်ယောက်ရဲ့ နေရာကနေ ရေးရတဲ့အတွက် စိတ်မသက်မသာများ ဖြစ်မိသလား ။
ကိုယ့်ကိုယ်ကိုယ် သူ့ နေရာမှာ ထားပြီး ရေးရတာပေါ့ ။ အဲဒီအခါ သူ မြင်တဲ့ လောကကြီး အပေါ် အမြင်ကို ကိုယ်က မြင်ကြည့်ရတယ် ။ ဒီလိုလူမျိုးတွေက သာမန်အားဖြင့်ဆိုရင် အမျိုးသမီးတိုင်း ကျလောက်တဲ့ ရုပ်ရည် ရှိကြတယ် ။ ကျွန်မဇာတ်ကောင်ကလည်း အဲဒီလို ရုပ်ရည်မျိုး ရှိတဲ့သူပေါ့ ။ ဒါပေမဲ့ သူ့မှာ ချစ်ရမယ့် မိန်းကလေး မရှိဘူး ဖြစ်နေတယ် ။ သက်တူရွယ်တူမိန်းမတွေ က သူ့ ကို စိတ်မဝင်စားကြဘူး ။ အဲဒီအချက်ကို ကျွန်မ ကိုယ်တိုင်က စိတ်ဝင်စားသလို ဒီလူသ,တ်ကောင် ရဲ့ သားကောင်ဖြစ်မယ့် Eliza ကလည်း စိတ်ဝင်စားတယ် ။
ဒဏ္ဍာရီထဲမှာ ပါတဲ့ Beauty and the Beast ဆိုတာမျိုးကို ကျွန်မ စိတ်ဝင်စားတယ် ။ မိန်းမချောလေးတွေဟာ အများအားဖြင့် အရုပ်ဆိုးတဲ့ သူတွေနဲ့ ရတတ်ကြတယ် ။ ကျွန်မ ဇာတ်ကောင်ကလည်း အဲဒါမျိုးပါပဲ ။ သာမန်အားဖြင့်ဆိုရင် အရုပ်ဆိုးတဲ့ သူတွေမှာ နူးညံ့တဲ့ နှလုံးသား ရှိတတ်ကြပါတယ် ။
➽ ဆရာမအနေနဲ့ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် ဒီဝတ္ထုအတွက် သုတေသနပြုတာမျိုး ၊ အချက်အလက် စုဆောင်းတာမျိုး ဘယ်လောက်အထိ လုပ်ပါသလဲ ။
ကျွန်မကတော့ ဝတ္ထုရေးတော့မယ်ဆိုရင် ဒီဝတ္ထုရဲ့ နောက်ခံကျောရိုး အတွက် လေ့လာသင့်တာတွေကို လေ့လာဖို့ အမှန်တကယ် လိုအပ်တယ်လို့ ထင်ပါတယ် ။ ဒါမှလည်း ဝတ္ထုထဲမှာ ပါတဲ့ အကြောင်းအရာ ၊ အချက်အလက်တွေဟာ အပြင်လောကနဲ့ ဟပ်မိမှာ ဖြစ်ပါတယ် ။ ကျွန်မက အချက်အလက်တွေကို စာကြည့်တိုက်မှာ ရှာဖွေတာ အပြင် အင်တာနက်မှာ ဝင်ရှာပြီး လေ့လာမှုလည်း လုပ်ပါတယ် ။ What the Dead Know ဆိုတဲ့ ဝတ္ထု ရေးတုန်းကဆိုရင် စာကြည့်တိုက်ကို သွားပြီး Seventeen မဂ္ဂဇင်း အဟောင်းတွေ ကို ရှာဖတ်တယ် ။ ဒါမှ အဲဒီခေတ်က ဆယ်ကျော်သက်တွေရဲ့ စိတ်နေသဘောထား ဘယ်လိုရှိတယ် ဆိုတာ သိနိုင်မှာမို့ပါ ။
➽ ဘယ်အချိန်တွေမှာ စာရေးလေ့ ရှိတယ်ဆိုတာ သိပါရစေ ။
ကျွန်မက မနက်စောစော အိပ်ရာက ထတတ်တာကြောင့် အလင်းရောင် စလာပြီဆိုရင် စာရေးစားပွဲကို ရောက်ပါပြီ ။ လက်ဖက်ရည်ကလေး သောက်လိုက် ၊ စာ ရေးလိုက် ၊ မုန့်လေး စားလိုက် ၊ စာရေးလိုက်နဲ့ တစ်နေကုန် ဖြတ်သန်းပါတယ် ။ အဝတ်အစား လဲပြီးရင် သတင်းစာတစ်စောင်ကို ဖတ်ပြီး ကျွန်မ ပတ်ဝန်းကျင်မှာ ရှိတဲ့ ကော်ဖီဆိုင်ကို သွားပါတယ် ။ အဲဒီမှာ ၃ နာရီလောက် ကြာအောင် ထိုင်ပြီး စာရေးလေ့ ရှိပါတယ် ။ အဲဒီလို အချိန်မျိုးမှာ ကျွန်မ အင်တာနက် မကြည့်ဖြစ်အောင်နဲ့ အီးမေးလ် မဖတ်ဖြစ်အောင် ကြိုးစားပြီး နေပါတယ် ။ တစ်နေ့ကို စာလုံးရေ ၁,၀၀၀ လောက်ပြီးအောင် ကြိုးစားပြီး ရေးပါတယ် ။
မနက် ၁၁ နာရီ ၊ ၁၂ နာရီ လောက်ထိအောင် စာရေးဖြစ်တယ် ။ ကျွန်မ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် မွန်းတည့်ချိန်ကနေ ညနေ ၄ နာရီလောက်အထိ စာမရေးဘဲနေတာ ကောင်းပါတယ် ။ အဲဒီအချိန်မှာ ရေးဖြစ်တဲ့စာ တွေဟာ အရာ မရောက်တတ်ပါဘူး ။ ညနေ ၄ နာရီလောက်မှာ နောက်တစ်ကျော့ စာရေးစားပွဲမှာ ပြန် ထိုင်ပါတယ် ။ အထူးသဖြင့်တော့ ဇာတ်သိမ်းပိုင်း ရေးနေပြီဆိုရင် ကျွန်မ မထတမ်း ရေးတော့တာပဲ ။ စာရေးတယ် ဆိုပေမယ့် နေ့တိုင်း စာဖတ်ဖို့ အချိန်ကိုတော့ သီးခြား ပေးထားပါတယ် ။ စာ မဖတ်တဲ့ နေ့ရယ်လို့လည်း မရှိပါဘူး ။ အထူးသဖြင့် အဲဒီအချိန်မျိုးမှာ ပျော်စရာကောင်းတဲ့ စာတွေကို ဖတ်ပြီး ညနေစာ ချက်ရတော့မယ့် အချိန် မှ မီးဖိုခန်းကို ဝင်တာပါ ။
••••• ••••• •••••
ဆရာမရဲ့ အင်တာဗျူးဟာ စာရေးနည်းရယ်လို့ အတိအကျပြောတာ မဟုတ်ပေမယ့် စာရေးချိန် မရဘူးလို့ ညည်းတတ်သူများ ၊ ဘယ်က စရေးရမှန်း မသိဘူးလို့ ပြောကြသူများအတွက် နည်းလမ်း တစ်စုံတစ်ရာကိုတော့ ရစေမယ်လို့ ကျွန်တော် ယုံကြည် ပါတယ် ။
Ref: The Writers Magazine , August 2011.
☐ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
၂ဝ၁ဝ ပြည့်နှစ် ၊ နိုဝင်ဘာလ
No comments:
Post a Comment