❝ သုည ❞
( မမြင့်ခိုင် )
၁၉၆၂ ခုနှစ်တွင် မယ်ရီလင်မွန်ရိုး အိပ်ဆေး အလွန်အကျွံ သောက်ကာ ကိုယ့်ကိုယ်ကိုယ် သ,တ်သေသွားသည် ။ သည်တုန်းကမူ သူ့ အသက် ၃၆ နှစ် လျှမ်းလျှမ်းတောက် နာမည်ကြီး ရုပ်ရှင်မင်းသမီး ။ ၁၉၈၈ ခုနှစ် ခရစ်စတီနာ အိုနာစစ် သေဆုံးသွားသည် ။ သေဆုံးရခြင်း အကြောင်း အရင်းအမြစ် ရောဂါအမည်တစ်ခုကို တပ်ပေးခဲ့ကြ သော်လည်း သေဆုံးချိန်တွင် သူ့ နံဘေးမှာ အိပ် ဆေးပုလင်း မြောက်မြားစွာ တွေ့ ရခြင်းအတွက် ကိုယ့် ကိုယ်ကိုယ် သ,တ်သေသွားခြင်းဟုပင် ယူဆခဲ့ကြသည် ။ သည်တုန်းက သူ့အသက် ၃၇ နှစ် ကမ္ဘာ့အချမ်းသာဆုံးတွင် တစ်ဦး အပါအဝင် သူကြွယ်မိန်းမ ။ မွန်ရိုး သေစဉ်က ကမ္ဘာ့ သတင်းစာများ၏ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြခြင်း ရှိ မရှိ မသိရသော်လည်း ခရစ်စတီနာ သေဆုံးသော အခါတွင်မူ ဖော်ပြခဲ့သည် ။ ဂရိနိုင်ငံ ၏ ဘဏ္ဍာရေးနှင့် သူ၏ အလျှံပယ် ကြွယ်ဝမှုတို့ကို ခွဲခြားမရ ။
“ ကမ္ဘာ့ အနှံ့အပြားတွင် ခရစ်စတီနာ ပိုင်ဆိုင်သော ပစ္စည်းများစွာ လက်ညှိုးထိုး မလွဲ ရှိသည် ။ သို့သော် ယင်း ကမ္ဘာ့အနှံ့အပြားတွင် သူပိုင် အိမ် တစ်လုံးမျှ မရှိ ။ ” သည် စာလေး နှစ်ကြောင်း သုံးကြောင်းသည် အလွန်အောင်မြင်ကျော်ကြားကာ ချီးမြှင့် မြှောက်စားသူတွေ ပတ်လည်ဝိုင်း နေသည့်ကြားမှ အထီးကျန် လူသား တစ်ယောက် အကြောင်း အပီပြင်ဆုံး ဖွဲ့နွဲ့ပြလိုက်သည့် ဘဝ သရုပ်ဖော် ဝတ္ထုလေး တစ်ပုဒ်ပါပဲ ။
အဖေ နှင့် အမေကွဲ ၊ အစ်ကို လေယာဉ် ပျက်ကျသေ ၊ နောက်ဆုံး အဖေ သေတော့ သူမက ပြောသည် ။
“ ခုတော့ ကမ္ဘာပေါ်မှာ ကျွန်မ တစ်ယောက်တည်း ။ ဒါပေမဲ့ ကျွန်မ အရင်က ခရစ်တီနာ မဟုတ်တော့ဘူး ။ ကျွန်မမှာ ငိုဖို့ မျက်ရည် မရှိတော့ဘူး ” တဲ့ ။
သူ ကွယ်လွန်ပြီ ဆိုတော့ မယုံနိုင်အောင် အံ့သြကြသည် ။ သည်အချိန် တုန်းက နောက်ထပ် ယောက်ျား တစ်ယောက် နှင့် မကြာခင် လက်ထပ်ကြဖို့ အစီအစဉ်တွေ ဆွဲကာ သူ ပျော်ရွှင်တက်ကြွနေသတဲ့ ။ အင်မတန် ပျော်နေသော လူသားတစ်ယောက်သည် ဘာကြောင့် ကိုယ့်ကိုယ် ကိုယ် သ,တ်သေ သွားခဲ့သလဲ ။
သူ သေဆုံးခြင်းအတွက် အမည်တပ်သော ရောဂါမှာ စိတ်လှုပ်ရှားမှုဒဏ်ကို မခံနိုင်သော နှလုံးရောဂါတော့ မဟုတ်ပါ ။
မွန်ရိုး ကို ‘ ဟောလီဝုဒ် က သ,တ်သည် ။ သတင်း ထောက်တွေ က သ,တ်သည် ။ သမ္မတ အသိုင်းအဝိုင်းက သ,တ်သည် ’ စသည်ဖြင့် ကျွက်ကျွက်ညံအောင် ပြောခဲ့ကြသည် ။ ခရစ်စတီနာ ကိုကော ဘာတွေက သ,တ်သလဲ ။
သူတို့ ဘာတွေနောက် လိုက်ခဲ့ကြသလဲ ။ တကယ်တမ်း သူတို့ ရင်ထဲက လိုချင်တောင့်တ နေသည်မှာ ဘာလဲ ။ ဘာတွေကို ဆုံးရှုံး လိုက်ကြရ၍ လူအများ မက်မောအားကျကြသော သူတို့ ဘဝကို စွန့်လွှတ် သွားခဲ့ကြသလဲ ။
••••• ••••• •••••
“ စိမ်းမြတ်သူ ” ကို ဘာလုပ်လုပ် အောင်မြင်တဲ့ မိန်းမဟု နောက်ကွယ်မှာ ပြောကြသည် ။ မျက်နှာ တည့်တည့်ကြည့်ပြီး လည်း ပြောကြသည် ။ သူတို့ ပြောကြသည်မှာ ဟုတ်သလား ၊ မှန်သလား ။ သည်လို စိမ်းမြတ်သူ ကို ဆုံးဖြတ်ခဲ့သူများတွင် အလွန် ခမ်းနားသော တိုက်အိမ်ကို ပိုင်ဆိုင် နေသူများလည်း ပါသည် ။ ငွေကို ချင့်ချိန်သုံးစရာ မလိုအောင် ပေါများကြွယ်ဝ နေသူများလည်း ပါသည် ။ ကားကို အသစ် ပေါ်တိုင်း လဲစီးနိုင်သူများ လည်းပါသည် ။ သူတို့ ပိုင်ဆိုင်သော အရာများ ကို စိမ်းမြတ်သူ တစ်ခုမျှ မပိုင်ဆိုင်ပါ ။ သည်လို ဆိုရင် သူတို့က အောင်မြင်သည်ဟု သတ်မှတ်သည်မှာ မည်သည့် အရာလဲ ။ စိမ်းမြတ်သူ ထံတွင် သူတို့ ဘာကို အားကျကြသလဲ ။ ဟိုတလောက အလုပ် တစ်ခု လုပ်ခဲ့သည် ။ လူတကာက လုပ်ချင်ကြသည့် အလုပ် ဖြစ်မြောက်သွားသည် ။ သို့သော် မလုပ်မီ ကလည်း အနီးကပ် ဆက်ဆံနေရသော ဆွေမျိုးသားချင်း မိတ်ဆွေချင်းချာ တစ်ဦးတလေမှ လွဲ၍ မည်သူ့ကိုမျှ တကူးတက မပြော ။ ကိုယ့်ကိစ္စ ကိုယ် ဆောင်ရွက်သည် မှာ အပြင်လူ မည်သူမျှ သိရန်မလို ။ ကြွားစရာ လည်း မလို ။ သို့သော် များစွာ အံ့သြခဲ့ရသည် ။ သည်ကိစ္စကို လူအတော်များများ သိသွားခဲ့ကြသည် ။ ‘ ကွန်ဂရက် ကျူးလေးရှင်း ’ မှ စကာ တစ်ဖွဲ့တစ်နွဲ့ ချီးမြှောက်ကြပြီး မည်သို့မည်ပုံ ဆောင်ရွက်ရသည် ။ ငွေ မည်မျှ ကုန်ရသည် တို့ကို မေးခဲ့ကြသည် ။ အကယ်စင်စစ် သည် အခွင့်အရေး ရရန်အတွက် ငွေကြေးကို ပုံအော သုံးနိုင်ရန် စိမ်းမြတ်သူ ထံတွင် သည်မျှ များပြားသော အရင်းအနှီး မရှိ ။ မမြင်ရသေးသော ကံတရားက ‘ ဆောင်ရွက်နိုင်မှု ’ နှင့် ‘ မိတ်ဆွေကောင်း တစ်ယောက် ’ ဟူသော အရာ နှစ်ခုကို အကောင်းဆုံး လက်ဆောင်အဖြစ် ပေးအပ်ခဲ့၍ပါပဲ ။ သည်ဘဝပေး အခွင့်အရေးသည်သာ စိမ်းမြတ်သူ အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည် ။
“ ဘယ်သူ့မှ မပြောဘဲနဲ့ ဘာဖြစ်လို့ လူ ဒီလောက် သိနေရပါလိမ့် ” ဟု ညည်းညူမိသောအခါ ဆရာတစ်ယောက်က ...
“ နာမည်တစ်လုံးနဲ့ နေတာပဲဟာ ” ဟု ဆိုပါချေ၏ ။
ဟုတ်ပါသလား ။ စိမ်းမြတ်သူ ဆိုတာ နာမည်တစ်လုံးနဲ့တဲ့လား ။ မိမိကို ကောင်းစွာ ‘ သိ ’ ခဲ့သူ တစ်ဦးက ပြောသောစကား ။
“ စိမ်းမြတ်သူ ”
မိမိကိုယ်ကို စိတ်ပျက်ရသောအချက်များ ထဲတွင် သည်အမည်လည်း တစ်ခု အပါအဝင် ဖြစ်သည် ။ တစ်လုံးချင်း ဘာမျှမထူးခြားသော အမည်သည် အစီအစဉ် တစ်ခုနှင့် တွဲစပ် လိုက်သောအခါ ရှားပါးပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်လား မဆိုနိုင် ။ မည်သည့်ကိစ္စကို ဆောင်ရွက် ဆောင်ရွက် ထင်းခနဲ ပြက်ခနဲ ဖြစ်ခဲ့ရသည်တော့ အမှန်ပင် ။ နှစ်ယောက် မရှိနိုင်သော အမည် တစ်ခုကို မိဘများက ဘာကြောင့် ပေးခဲ့ရပါလိမ့် ။ အများကြားတွင် ပေါ်လွင်ထင်ရှား နေလိုသူသာ ဆိုလျှင်တော့ သည် အမည်ကို ပိုင်ဆိုင်ရသည်မှာ ဘဝင်ခိုက်စရာပေပဲ ။
ဖြတ်သန်းခဲ့ရသော ဘဝကို ပြန်ကြည့်လိုက်သော အခါ ရှားပါးသော အမည် တစ်ခုကို မိဘများက ပေးခဲ့သလို ကံတရားကလည်း လူအများစု ရရန် မလွယ်သော အရာများ ကို နှင်းအပ်ခဲ့ကြောင်း ထင်းထင်းကြီး မြင်ရ လေသည် ။
ထက်မြက်သော ဉာဏ် ၊ ကြုံကြိုက်ခဲသော အခွင့် အရေးထူးများ ။
စာကို တကူးတက ပင်ပင်ပန်းပန်း ဖတ်ရမှတ်ရသည် မရှိပါဘဲနှင့် လူတကာ ထိပ်မှ နေခဲ့ရသော ၊ သင်္ချာကို အမှတ်တစ်ရာပြည့်နှင့် ဂုဏ်ထူးများ ရခဲ့ဖူးသော စိမ်းမြတ်သူ ။
ကံကောင်းခြင်း သို့မဟုတ် ကံတရားက မျက်နှာသာ ပေးခြင်း ကိုတော့မူ ဆယ်တန်း ရောက်သော အခါမှ စ၍ ခံစားခဲ့ရသည် ။
ဓာတုဗေဒ နှင့် ရူပဗေဒ ဟူသည်ကို ဆယ်တန်း ရောက်မှ စ၍ ထိတွေ့ဖူးသည် ။ ရှစ်တန်းမှ စ၍ သင်လာသူတွေနှင့် ထိပ်တိုက် တိုးရသည် ။ သူတို့က ဒေါက်ဒေါက် ဒေါက်ဒေါက် နှင့် ပြောနေချိန်တွင် ကိုယ်က ရေးရေးမျှသာ ရှိသေးသည့် အခြေအနေနှင့် စာမေးပွဲ ဖြေခဲ့ရသည် ။ သို့သော် မေးခွန်းစာရွက် ကြည့်လိုက်တော့ အခက်ကြီး မဟုတ်သော ပုစ္ဆာများ ၊ သည်တော့ ဂုဏ်ထူးနား ကပ်သော အမှတ်များကို ရခဲ့ခြင်း ၊ တစ်ကျောင်းလုံးမှာ ဒုတိယ ရခဲ့ခြင်းမှာ ကိုယ် ‘ တော် ’ ၍ မဟုတ် ။ ကံကောင်း၍သာဟု သဘောပေါက်ခဲ့ရသည် ။ လက်လည်း ခံခဲ့သည် ။ လူရည်ချွန် မဖြစ်ရသည်ကိုလည်း လုံးဝဝမ်းမနည်း ။ ရဖို့လည်း မမျှော်လင့် ။ အတန်း ထဲ မှာ ကိုယ့်ထက် တော်သူတွေ အများကြီးဟု အစ ကတည်းက သဘောပိုက် ထားခဲ့သည်ပဲ ။
အဆောင်အယောင် ဂုဏ်ဒြပ် အရာတွင် နံပါတ် ‘ တစ် ’ ဖြစ်ရန်သည် စိမ်းမြတ်သူ တပ်မက်မောသော အရာ မဟုတ် ။ ပြောလျှင် ယုံကြည်ဖို့ ခဲယဉ်းမည် ထင်သည် ။ အတန်းထဲ တွင် တစ် ၊ နှစ် ၊ သုံး နေရာများကို အမြဲ ရခဲ့၍လည်း ငါ တော်လှချည့် ဟု မည်သည့် အခါမျှ မခံစားဖူးသည်မှာ အမှန် ။ သို့သော် တော်တော့ တော်ချင် သည်မှာ အမှန်ပင် ။
သည်တုန်းက အစ်မ၏ သူငယ်ချင်း တစ်ယောက်ကို အားကျသည် ။ သူက ဆရာဝန် ဖြစ်ချင်သည် ။ သို့သော် ဆရာဝန် ဖြစ်ချင်လျှင် သိပ္ပံဘာသာတွဲကို ရှစ်တန်းမှ စ၍ ယူခဲ့မှသာ ဆယ်တန်းတွင် အမှတ်ကောင်းကောင်း ရမည် ။ သည်တော့ ရိုးရိုးဘာသာတွဲနှင့် ကိုးတန်း ရောက်နှင့် နေပြီးသော သူက ရှစ်တန်း ပြန်ဆင်းကာ ဓာတုဗေဒ ၊ ရူပဗေဒ တို့ ကို ယူသည် ။ စကောလားရှစ် ရသည် ။ သူ ဖြစ်ချင်သည့် အတိုင်း ဆေးတက္ကသိုလ် ရောက်ကာ ဆရာဝန် ဖြစ်သွားသည် ။
စိမ်းမြတ်သူ အားကျသည် ဆိုသည်မှာ ဆရာဝန် ဖြစ်သွားခြင်း ကို မဟုတ် ။ ဖြစ်ချင်သည်ကို ဖြစ်အောင် လုပ်သွားနိုင်ခြင်းနှင့် စကောလားရှစ် ရခြင်းကိုသာ ။ သူ့လို ကိုယ်လည်း သည်ဆုတော့ လိုချင်သည် ။ သို့သော် မြန်မာပြည် အနှံ့ မပြောနှင့် ကိုယ့် အတန်းကလေး ထဲမှာပင် ကိုယ့်ထက် တော်သူတွေ တစ်ပုံတစ်ပင် ၊ သည်တော့ ပင်ပန်းတကြီး မကြိုးစားတော့ ။
ဒုတိယအကြိမ်မြောက် မယုံနိုင်စရာကောင်း လောက်အောင် ကံကောင်းခဲ့ခြင်းပင် ။ စကောလားရှစ် ရသော ကိုးဆယ့်ရှစ်ယောက် စာရင်းတွင် စိမ်းမြတ်သူ အမည်ပါခဲ့သည် ။ ကိုယ့် နာမည်ကို ကြည့်၍ ကြည်နူး ဝမ်းသာနေမိရင်းမှ တစ်ပြိုင်တည်း မှာပင် ရှက်ခြင်း ဝေဒနာတစ်ခု ကိုလည်း ထူးဆန်းစွာ ခံစားလိုက်ရသည် ။ ကြိုးမှ မကြိုးစားခဲ့တာ မထိုက်တန်ဘူး ။ တခြား တော်တဲ့ သူ ၊ ကြိုးစားတဲ့ သူပဲ ရဖို့ ကောင်းတာ ။ စကောလားရှစ် ရခွင့် မရှိတဲ့ ကိုယ်ပိုင် ကျောင်းတွေမှာ ငါ့ ထက် ထိုက်တန်တဲ့ သူ ဘယ်နှယောက် ရှိနေမလဲ ။
မြင့်မားသည်ဟု သူ ယူဆ သတ်မှတ်ခဲ့သော ဘွဲ့ကို ရရှိခဲ့သည်မှာ လည်း စင်စစ်တော့ ချီးပတကြီး ပြောဆို နေရမည့် ကိုယ့်ကိုယ် ကိုယ် အထင်တကြီး ဖြစ်နေရမည့် ကိစ္စ မဟုတ် ၊ အညံ့ဖျင်းကြီး မဟုတ်သမျှ စာ မှန်မှန်ကြည့် လျှင် ရနိုင်သည့် ဘွဲ့ပင် ။ ကိုယ့်ထက် သာပါလျက် အခြေအနေ အရပ်ရပ်ကြောင့် သာမန် ဝိဇ္ဇာဘွဲ့ ၊ သိပ္ပံဘွဲ့ လောက်သာ ရသွားကြသူတွေ အများကြီး ။ နောက်ထပ် ပိုင်ဆိုင် လာခဲ့ရသော ကံကောင်းခြင်းတွေကတော့ ဘွဲ့ရပြီး လေးလ အတောအတွင်း လွယ်လွယ်ကူကူပင် အရာရှိ ဖြစ်ခဲ့ခြင်း ၊ ခါးသီးစွာ ခံစားနေကြရပါလျက်သားနှင့် အများစုက ကုတ်ကပ်ဖက်တွယ်ထားရသော ဘဝကို ကိုယ်က
အထင်မကြီး မမက်မောတော့သောအခါ လွယ်လွယ်
လေးပင် ကျောခိုင်းစွန့်ခွာပစ်နိုင်ခဲ့ခြင်း ၊ အခြား သိထား သော အတတ်ပညာများနှင့် မိမိ၏ ဘဝကို အခြားသူ တစ်ဦးဦး၏ အကူအညီ မပါဘဲ သန့်ရှင်းစင်ကြယ် တင့်တယ်စွာ ဆက်လက် ထူထောင်နိုင်ခဲ့ခြင်းတို့ပါပဲ ။
••••• ••••• •••••
ဆရာဒဂုန်တာရာ ရေးခဲ့သည် ဟု ထင်ရသော စာ တစ်ကြောင်းကို သတိရသည် ။ လုပ်ချင်သည်ကို မလုပ် ရ၍ ဝမ်းနည်း နေစရာ မလို ၊ မလုပ်ချင်သည်ကို မလုပ်ဘဲ နေ၍ ရသည့် အခွင့်အရေး အတွက်သာ ဝမ်းသာရမည် တဲ့ ။ သည်တော့ မလုပ်ချင်သည်ကို မလုပ်ဘဲ နေ၍ရသော လုပ်ချင်သည်ကိုလည်း လုပ်ရသော ကိုယ့် လောက် ကံကောင်းသူ ဘယ်မှာ ရှိမည်လဲ ။
သည့်ထက် ...
လုပ်ခဲ့ရသော နယ်မြေအသီးသီး၌လည်း ‘ လုပ်နိုင်မှုအတွက် ’ “ စိမ်းမြတ်သူ ” ဟူသော အမည်တစ်ခု နောက် လူတွေကြားမှာ ကျန်ရစ်သည်ဟု ပြန်ကြားရသောအခါ လက်မောင်း မခတ်မိသော်လည်း သာမန်လူသား တစ်ယောက် ပီပီ ကြည်နူးပီတိ ဖြစ်ခဲ့ရသည်မှာတော့ အမှန်ပင်တည်း ။
ဘဝတွင် ကံအကောင်းဆုံးဟု ယူဆသော အရာကတော့ ‘ အနုပညာသမား ’ တစ်ယောက် ဖြစ်ခဲ့ရခြင်းပင် ။ စိမ်းမြတ်သူ စာရေးသမား တစ်ယောက် ဖြစ်ခဲ့သည် ။ စာရေးဆရာ ဟုတော့ မည်သည့် အခါကမျှ ကိုယ့်ကိုယ်ကိုယ် အမည် မတပ်ခဲ့ ။ တပ်မည်လည်း မဟုတ် ။ သည်လို အမည် တပ်ရလောက်အောင် ဂုဏ်မြောက်လှသော စာ ဘယ်နှအုပ် ၊ ဘယ်နှပုဒ်များ ရေးခဲ့ပြီးပြီ မို့လို့လဲ ရေးခဲ့ ဖူးသည့် အနည်းငယ်မျှ လောက်သော အရေအတွက် သည်ပင် အခြားသူ မဆိုထားနှင့် မိမိဘာသာ ပြန်ဖတ်လျှင်သော်မှ အမှတ်များများ ပေးလောက်လှသည့် မဟုတ် သေး ။ သို့သော် သည်လောက် အရေအတွက် မျှလောက်ကိုပင် ပကတိ သန့်ရှင်းရိုးသားစွာ ရေးနိုင်ခဲ့ခြင်းတည်း ဟူသော ဂုဏ်သိက္ခာလေး တစ်ခု အတွက် အတိုင်းအတာ တစ်ခုအထိ လက်ခံခဲ့ကြခြင်း တစ်ခု အတွက်တော့ ကျေနပ် ဝမ်းသာသည် ။ သည် နယ်ပယ်၌ အောင်မြင် သလား မေးလျှင် “ ဟုတ်ကဲ့ ” ဟုတော့ ဖြေမည် မဟုတ် ။ ဤသည်မှာ အမှန်တရားပင် ။ စိမ်းမြတ်သူ သည် စာအုပ်ဖတ်သူတိုင်း သိသော အမည်မဟုတ် ။ သိဖို့လည်း အရေးမကြီး ၊ လိုလည်း မလိုအပ် ။ “ စာဖတ်သူ ” သိလျှင်ပင် ကျေနပ်ဖွယ်ကောင်းပြီ ။ အနုပညာသမားသည် စစ်မှန်သော အနုပညာ ကိုသာ ဖန်တီးရန် အရေးကြီးသည် ။ လိုအပ်သည် ။ ယခုအထိ ရေးခဲ့သောစာများတွင် ဦးနှောက် အသိ သက်သက် တာဝန်ဝတ္တရား သက်သက် ဖြင့် ရေးခဲ့ခြင်း ၊ တစ်စုံတစ်ခု ကို မျှော်လင့်၍ ရေးခဲ့ခြင်း လုံးဝ မပါဝင်ကြောင်း မိမိ ဘာသာ လိပ်ပြာလုံသည် ။
ပြန်တွေး ကြည့်တော့ စာရေးဆရာ ဖြစ်ရကောင်း
စေဟူ၍ စာရေးခဲ့ခြင်း မဟုတ် ။ အနုပညာသမား ဟူသည် လုပ်ယူ၍ မရ ။ ဖြစ်ချင် တိုင်း ဖြစ်၍ မရ ။ ဖြစ်ရန် ရှိမှသာ ဖြစ်ရသည်ပဲ ။ ရေးချင်သည်ကို သပ်သပ်ရပ်ရပ် အားထုတ် ရေးရင်းမှ ဖတ်သူ လက်ခံ၍ စာရေးသမား ဖြစ် လာခဲ့ခြင်းပင် ။ ပထမဆုံး ရေးထားသော စာ အပယ်မခံရသည် မှာလည်း ကံကောင်းခြင်း တစ်ခုပင် ။ စာရေးဆရာ ဖြစ်ရမည်ဟူသော ရည်မှန်းချက်ဖြင့် စာရေးခဲ့သည် မဟုတ်သော စိမ်းမြတ်သူ သည် ရေးရင်းမှပင် စာရေးသူ အနုပညာသမားစစ် တစ်ယောက်တော့ ဖြစ်ချင်လာခဲ့သည် ။ အရာရှိ အဖြစ်ကို မမက်မော သော်လည်း သည် အဖြစ်ကိုမှ တန်ဖိုး ထားစွာပင် မက်မောသည် ။
ဘဝတွင် ဦးဆုံးအကြိမ် အဖြစ် အရာတစ်ခုကို နက်ရှိုင်းစွာ လိုချင် တပ်မက်မောမိခဲ့ခြင်းပင် ။ လူ့လောကတွင် တော်သည် ၊ တတ်သည် ဟု သတ်မှတ်ခံရသူတိုင်း လည်း ဖန်တီးလုပ်ဆောင် ပိုင်ဆိုင်နိုင်သည် မဟုတ်သည့် အရာ ။ အရှားပါးဆုံး ရတနာ ။
ဖြတ်သန်းခဲ့သည့် အနုပညာလမ်းကို ပြန်ငဲ့ကြည့်မိသည် ။ ရင်နှင့် ရင်းရသော စာကလေး တစ်လုံးကို အခြား မည်သည့် အရာနှင့်မျှ မလဲခဲ့ ။ အထူးသဖြင့် ငွေကြေး ။ ငွေ ရရန်သက်သက် နှင့်တော့ နှလုံးသားကို ရောင်းရန် မလို ။ ရောင်းစရာ အခြားအရာ အများအပြား ရှိသည်ပဲ ။
သည်လိုဆို မိမိ လိုချင်သော ‘ ရတနာ ’ ကို ပိုင်ဆိုင်နိုင်ခဲ့ပြီလား ။ လုံးလုံး ပိုင်ဆိုင်ခဲ့ပြီ ဟုတော့ ဆိုဝံ့ဖွယ် မရှိ ။ ကိုယ့် အတိုင်းအတာ နှင့်ကိုယ် အနည်းအကျဉ်းတော့ ပိုင်ဆိုင်ခဲ့ပြီဟု ထင်သည် ။ များစွာ ကျေနပ်ခဲ့ရပါ၏ ။
သည်အချက်တွေ လောက်သာ ဆိုလျှင်တော့ စိမ်းမြတ်သူ ဘဝတွင် ကံကောင်းခြင်းများကိုသာ ပိုင်ဆိုင်ခဲ့ရသည် ဟု ပြောစရာပါပဲ ။ များစွာ ရရှိနိုင်သော ဘဝ ပဲပေါ့ ။ အမှန်လည်း များစွာ ရရှိသော လူသား တစ်ယောက် ဖြစ်ခဲ့ရသည်ပဲ ။ လူတွေက ပြောကြသော ‘ အောင်မြင်ခြင်း ’ ဟူသည်မှာ ဒါတွေ ဆိုလျှင်တော့ အကြီးဆုံးမားဆုံးသော အောင်မြင်မှုမှာ ကျင်လည်ခဲ့ရာ နယ်ပယ်တိုင်း၌ မိမိ၏ သိက္ခာသည် မည်သည့် အကြောင်း ကြောင့်မျှ စဉ်းငယ်မျှပင် စွန်းထင်းညစ်ထေးမှု မရှိခဲ့ခြင်း ဖြစ်ချေမည် ။ အမြင့်မားဆုံးသော သည် ရရှိပိုင်ဆိုင်မှ အတွက် ကံကြမ္မာကိုသာ ကျေးဇူး အထပ်ထပ် တင်ရပေလိမ့်မည် ။
••••• ••••• •••••
တစ်စုံတစ်ရာကို ရရှိတိုင်း ‘ ပျော် ’ သည်ဟု ဆိုကြ စမြဲ ။ များစွာ ရရှိသော ဘဝသည် အလွန် ပျော်စရာ ကောင်းလှမည် ။
ကမ္ဘာနှင့် ချီ၍ပင် ကိုယ့်နည်းကိုယ့်ဟန်နှင့် အောင်မြင်ခဲ့သည်ဟု ဆိုကြသော မွန်ရိုးနှင့် ခရစ်စတီနာ တို့ မပျော်ကြပါ ။ တကယ်တော့ မည်သည့် ဘဝမျှ ပျော်စရာ မကောင်းလှပါ ။ မည်သူမျှ အများကြီးကို မပိုင်ဆိုင် ၊ မရရှိထားကြပါ ။ မအောင်မြင်ကြပါ ။ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုကို ပိုင်ဆိုင်ကြသူများသည် နာမ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများကိုလည်း ရင်ထဲ လျှို့ဝှက်သိပ်သည်း လှစွာ တိတ်တဆိတ် ပိုင်ဆိုင်ထားရကြောင်း မိမိ တစ်ဦးတည်း သာလျှင် သိမည် ။
ဆရာများ ၊ မိဘများ ၊ တပည့်များ၏ အချစ်များစွာကို ရရှိခဲ့သော စိမ်းမြတ်သူ သည် လုပ်ဖော် ကိုင်ဖက် ယောက်ျား အချို့၏ ‘ မလိုမှု ’ ကို စူးရှစွာ ခံစား ခဲ့ရဖူးသည် ။ ဘဝ၏ အထင်ကရ မှတ်တိုင်များပင် ။
လူသား တစ်ယောက်သည် အခြားလူများနှင့် မိမိ အကြား ဆက်သွယ်မှု အပေါ် မည်သည့် အသက်အရွယ်တွင် စ၍ အလေးအနက် ခံစားနားလည် မိတတ်ကြသလဲ ။ စိမ်းမြတ်သူ အဖို့တော့ တက္ကသိုလ် စရောက်တော့ အရွယ်တွင် ဖြစ်မည် ထင်သည် ။ ဒေသစိမ်း တစ်ခု၌ လူစိမ်းများစွာနှင့် အနီးကပ် စ၍ ထိတွေ့ ရချိန် ။
မိမိ၏ နေအိမ် ကျဉ်းကျဉ်းလေးထဲတွင် ညီအစ်မနှစ်ယောက် သုံးယောက်နှင့် ခြားနား နေစဉ်ကတော့ များစွာ မသိသာလှ ။ အပြန့်ကျယ်လှသော နေရာတစ်ခု၌ ဘဝတူ မိန်းကလေး အများစုနှင့် ခြားနား လာသောအခါ တွင်တော့ ဆုံးရှုံးမှုကို ခံစားရသလို ဖြစ်လာသည် ။ ကျောင်းသူ ဘဝထက် အဆပေါင်းများစွာ လေးနက်လာသော ဝန်ထမ်းဘဝ ရောက်သော အခါတွင်တော့ ယင်း ဆုံးရှုံးမှုသည် ပို၍ နက်ရှိုင်းလာလေသည် ။
မျက်နှာ ခြယ်သပြင်ဆင်ခြင်း ၊ ခြေသည်းလက်သည်း ကို တယုတယ မွေးမြူဆေးဆိုးရခြင်း ၊ “ လူတစ်ယောက်၏ အလှအပသည် ဆံပင် ပုံစံတွင် တည်သည် ” ဟူသော သီအိုရီအရ ဆံပင်ကို တကူးတက သ နေရခြင်း ၊ မှန်ထဲမှ ကိုယ့်အရိပ် ကိုယ် တစိမ့်စိမ့် ပြန်ကြည့်နေရခြင်း တို့ကို စိတ်မဝင်စားသော စိမ်းမြတ်သူ ။ သန့်ရှင်းသပ်ရပ်ရန်သာ အဓိက ဟူသော ခံယူချက်ဖြင့် တန်ဖိုးရှိသော အချိန်ကို ယင်း ကိစ္စများဖြင့် မဖြုန်းတီးတတ်သော စိမ်းမြတ်သူ ။
လူတိုင်းကို နှုတ်ဖျား အပြုံးတွေ ၊ အရယ်တွေ ဖြန့်ဝေပေးနေတတ်သည် မဟုတ်သည့် စိမ်းမြတ်သူ ။ လူတိုင်းနှင့် ထွေးရော ယှက်တင် စကားပေါ့တွေ ဖောင်ဖွဲ့ ပြောနေနိုင်မည် မဟုတ်သည့် စိမ်းမြတ်သူ ။ တစ်ပါးသူ၏ ကိစ္စတိုင်း ကို လိုက်ပြီး စိတ်ဝင်တစား ရှိ မနေတတ်သည့် စိမ်းမြတ်သူ ။
ထမင်းချက် ၊ ဟင်းချက်ခြင်း ကိစ္စများကို နေ့စဉ်နေ့တိုင်း ဝိုင်းဖွဲ့ ပြောဆိုဆွေးနွေးရန် ဝါသနာ ထက်သန်သော ယောက်ျား တစ်ယောက်ကို လူသား တစ်ယောက် အဖြစ် ဆန့်ကျင်ဘက် လိင်တစ်ယောက် သက်သက် အနေ ဖြင့်သာ စိတ်ဝင်စားပြီး မကြားဝံ့ မနာသာတွေ ပြောကာ ဝိုင်းဖွဲ့ ရယ်မောလိုကြသော ၊ တစ်ဖက်သူ နားထောင်ချင်မှန်း မသိ နားမထောင်ချင်မှန်း မသိ ၊ ကိုယ့် ရည်းစား အကြောင်းသာ တစ်ချိန်လုံး ပြောပြ နေတတ်သော ၊ ကိုယ် ဘယ်လောက် လှကြောင်း ယောက်ျားတွေ ဘယ်လောက် ကြိုက်ကြောင်း တစ်ချိန်လုံး ကြွားကာ မိမိကိုယ်ကို ဖော်ပြ ရခြင်း အလုပ်တွင် ကြည်နူးမွေ့လျော် နေတတ်သော မိန်းမ ဖြစ်မနေသည့် စိမ်းမြတ်သူ ။
အတောက်ပဆုံး ၊ အသုံးအဆောင် ၊ အခမ်း အနားဆုံး တိုက်အိမ် တစ်လုံးနှင့် နောက်ဆုံးပေါ် ကား တစ်စီး နောက်သို့ မမောနိုင်မပမ်းနိုင် လိုက်မနေသော ၊ စိန် ရွှေ ရတနာတွေကို လုံးဝ မမက်မောသော ၊ ကျိကျိတက် ချမ်းသာရန် အာသာတငမ်းငမ်း ဖြစ်မနေသော စိမ်းမြတ်သူ ။
“ ဘဝကို ကျေနပ်ရောင့်ရဲစွာ ဖြတ်သန်းနိုင်ရန် အတွက် အားသာချက် အမြောက်အမြားကို ပိုင်ဆိုင်ထားသည် ” ဟု မှတ်ယူ ယုံကြည်ခဲ့သော စိမ်းမြတ်သူ သည် ယခုတော့ မိမိရရှိ ထားသမျှသည် အားနည်းချက်များသာဟု ယူဆလိုက်ရတော့မည်လား ။ မိမိကိုယ်ကို မှန်သည်ဟု ယူဆထားခဲ့သူသည် ဆန့်ကျင်ဘက် လူများစု၏ အလယ်တွင် တစ်ယောက်တည်း သော မှားနေသူ မိန်းမ တစ်ယောက် ဖြစ်နေသလား ။
ရုပ်ပစ္စည်း အဆောင်အယောင် ဖြင့် လင်းလက်နေလျက်မှ ကိုယ့်ကျင့်သိက္ခာ ဆင်းရဲ နေကြသည့် လူသား များကို ငြီးငွေ့ ခါးသီး နေသည်မှာ စိမ်းမြတ်သူ မှားနေပြီ လား ။ မိန်းမတစ်ယောက် အဖြစ် ခါးသည်းစွာ လူ့ လောကထဲ ရောက်ရှိလာခဲ့သလား ။ ယောက်ျား တစ်ယောက် အဖြစ် မွေးဖွားလာခဲ့လျှင် ပတ်ဝန်းကျင်နှင့် ပို၍ များ သဟဇာတ ဖြစ်မည်လား ။ သည်အတွေး ကကော မည်မျှ မှန်နိုင်သလဲ ။
မကျေနပ်ဆုံး အချက်ကတော့ အပါးတွင် “ စာအုပ် ” မျှသာ ဖတ်တတ်သူ အနည်းငယ်ကို တွေ့ ရပြီး စာဖတ်သူ တစ်ဦးတလေမျှပင် မရှိခြင်းဖြစ်လေသည် ။ စကားတွေ ပြောနေရသော လူများစွာကြားတွင် အဖော် တစ်ယောက်မျှ မရှိသော လူသား ။
သူ့စကား ကိုယ်နားမလည် ကိုယ့်စကား သူနားမလည် ။ သူ့နှလုံးသား ကိုယ် အထင်မကြီး ။ ကိုယ့်နှလုံးသား သူ အထင်မကြီး ။
အရာရာတွင် အများနှင့် ခြားနားစွာ ဝေးကွာနေသော ဒဏ်ချက်သည် ကြာလေသိသာလေ ။ သူ့လမ်း သူလျှောက် ၊ ကိုယ့်လမ်း ကိုယ်လျှောက် ဟု အပြောလွယ် သော်လည်း လူမှုဆက်ဆံရေး နယ်ပယ်တွင် သည်စည်းကို ရှင်းရှင်းပြတ်ပြတ် တားထားဖို့ရန် မလွယ် ။ တစ်နည်း သို့မဟုတ် တစ်နည်းဖြင့် ပတ်သက် ဆက်နွှယ်နေရသောအခါ အလေးအနက်သမားနှင့် ပေါ့တန်သူများ ကြားတွင် အဖုအထုံးများက သဘာဝကျစွာပင် ပေါ်ပေါက်လာခဲ့ကြသည် ။ အဆိုးဆုံးကတော့ ရှေ့တွင် ‘ ချစ်သူငယ်ချင်း ’ ဟု ပျားရည်သံဖြင့် ချိုမြကြင်နာပြီးမှ ကွယ်ရာ၌မူ သူတို့နှင့် အံမဝင် ခွင်မကျစွာ တသီးတသန့် ငေါင်စင်းစင်းကြီး ဖြစ်နေသော မိန်းမအား နောက်ကျော ဓားနှင့် စိုက်စိုက် သွားကြခြင်းပင် ။
စိတ်ပျက်နာကျင်ရခြင်းသည် ပထမတော့ အမှုန်အမွှား ။ နောက်တော့ အစိုင်အခဲ အဖြစ် အဖြိုအဖျက် ခက်ခဲအောင် ရင်ထဲခိုင်မာစွာ ဖွဲ့တည် နေရာယူခဲ့ပြီ ။ တက္ကသိုလ် ရောက်စမှ သည် ယခုအချိန် အထိ နှစ်ပေါင်း အစိတ်မျှ နှလုံးသားကို ပွန်းရှနာကျင်စေခဲ့ပြီ ။ တတိတိ ပဲ့ကြွေစေခဲ့ပြီ ။
မေမေ့ကို တမ်းတမိလာသည် ။ မပိုင်ဆိုင်နိုင်တော့သော အခြေကျမှ တန်ဖိုးအမှန်ကို နက်ရှိုင်းစွာ မြင်လာ သိလာခဲ့ပြီ ။
မည်သည့် အခါမျှ ပြန် မရနိုင်တော့သည့် အစားထိုး မရသည့် ဆုံးရှုံးမှု ။ မေမေသည် လွန်ခဲ့သော နှစ်နှစ်ဆယ် ကျော်က စိမ်းမြတ်သူ တို့အား စွန့်ခွာ ထားရစ်ခဲ့သည် ။
စိမ်းမြတ်သူ ၏ အနွေးထွေးဆုံး အကောင်းဆုံး အဖော် မေမေ ။ မှတ်မိ သမျှတော့ အစ်မ နှင့် ညီမသည် သူတို့ချင်း သို့မဟုတ် သူတို့၏ မိတ်ဆွေ သူငယ်ချင်းများနှင့်သာ တွဲတတ်ကြသည် ။ ရွယ်တူနှင့်သာ အဖော် ပြုလိုခြင်း သဘော ။ သို့သော် စိမ်းမြတ်သူ အတွက်တော့ စိတ်သန္တာန်ချင်း တိုက်ဆိုင်သော ၊ နေရာတကာတွင် ရွေးချယ်မှုခြင်း တူညီနေတတ်သော မေမေ သည်သာ အကောင်းဆုံး တွဲဖော်တွဲဖက် ။ စကား များများ မပြောတာချင်း တူသော ၊ ‘ စာ ’ ကို စိတ်ဝင်စားတာချင်းတူသော ၊ ကိုယ့်အား နားလည် စာနာနိုင်သော မေမေ ။
ဆုံးရှုံးလိုက်ရတာ အသက် ၂ဝ ကျော်ရုံကလေး ဆိုတော့ တန်ဖိုးကိုလည်း သိပ်မသိလှသေးဘူး ဆိုတော့ အာရုံက တက္ကသိုလ် ပတ်ဝန်းကျင်မှာ ဖြန့်ကြက်နေချိန် ဆိုတာ နင့်နင့်နဲနဲ ထိထိခိုက်ခိုက်ကြီး လည်း မခံစားရ ။ မရှိတော့ဘူး ဟူသော အသိနှင့် ဝမ်းနည်းရုံသာ ။ သို့သော် ဘဝကို တစ်ယောက်တည်း လျှောက်လာရသော ခရီးတွင် မေမေ့လို ကိုယ်နှင့် ဝါသနာ တူသူ ၊ ကိုယ့်ကို မေမေ့လို နားလည်သူ တစ်ယောက်မျှ မကြုံကြိုက်လိုက်ရတော့မှ ပျောက်ဆုံးသွားသူကို တမ်းတမ်းတတကြီး ပြန်တွေ့ချင် လာသည် ။ မိမိအတွက် အနွေးထွေးဆုံး အဖော် ၊ အမှီအတွယ် အဖြစ် ရပ်တည်ပေးခဲ့ခြင်း ကျေးဇူးကိုမျှ မသိခဲ့ ။ တုံ့ပြန် မပေးဆပ်နိုင်ခြင်း အတွက် မဖြေနိုင်အောင် ခံစားရသည် ။ သို့သော် နောက်ကျခဲ့ပြီ ။ သည်တော့ လုပ်နိုင်တာ တစ်ခု ကိုသာ လုပ်ကောင်းမှန်း ၊ မလုပ်ကောင်းမှန်း မသိ ။ ရူးရူးနှမ်းနှမ်း လုပ်ခဲ့မိသည် ။
လက်ထပ် ပြီးသောအခါ ကိုယ့်ဝမ်းတွင် မေမေ ပြန်လည် ဝင်စားပါစေ ။ မေမေ့ကို သမီးအဖြစ် ချစ်ပါရစေ ။ သည်နည်းဖြင့် မေမေ့ အပေါ် တင်ရှိသော မေတ္တာကျွေးကို ဆပ်ပါရစေ ။ သမီးကို မေမေ့ မွေးနေ့တွင် မွေးကာ မေမေ့ နာမည်ကို အမြတ်တနိုး မှည့်ခေါ်ပါရစေ ။
ဆုတောင်း ဟူသည် ဘာမျှ မရေရာသော မျှော်လင့်ခြင်း ။ ဘဝတစ်ခု ပြန်လည် ဖြစ်တည်ရန် ဟူသည့် မျှော်လင့်ချက်က သာ၍ပင် မရေရာ ။ ဖြစ်နိုင်မည် ထင်ထင်ခဲ့သော လက်ထပ်ခြင်းသည်ပင် တိမ်တစ်စနှယ် ပျောက်ပျက်လွင့်ပြယ် သွားတော့မှတော့ ဘာမှ မရေရာသော မျှော်လင့်ချက် သည်လည်း မည်သို့မျှ အရာမထင်နိုင် ။ မေမေ့အား အပြီးတကာ့ အပြီးတိုင် ဆုံးရှုံးရခြင်း ။ မည်သို့မျှ ဖြည့်၍ မရတော့သော ဘဝကွက်လပ် တစ်ခု ။
သည့် နောက်တော့ ကြည်ပြာရောင်များအား ဆုံးရှုံးခဲ့ရမှု ။
မိမိ အလွန် နှစ်သက်သည့် ကြည်ပြာရောင် ။ သည် အရောင်ကို ပိုင်ဆိုင်သော အလွန်လှသည့် ဆွယ်တာကလေး တစ်ထည်ကို စွဲလမ်းခြင်းကြီးစွာ လိုချင်ခဲ့ဖူးသည် ။ သို့သော် သူ့မှာက ပိုင်သူဦးနှင့် ။ ယင်း ပိုင်သူ ဝတ်ဆင်နေသည်ကိုသာ ဝေးဝေးက ငေးမောကာ နှမြော ကြေကွဲရသော အဖြစ် ။ ငယ်ဘဝမို့ ခံစားရခြင်းသည် နှလုံးသား၏ အတွင်းဆုံးထိတိုင် ။ ဝေဒနာသည် ကာလ ရှည်ကြာစွာ ရင်ထဲမှာ ။
နောက်တစ်ကြိမ် ကြည်ပြာရောင် လက်ကိုင်ပဝါလေး တစ်ထည် ။ သည်တစ်ခါတော့ ပိုင်သူရှိနှင့်ပြီး မကြုံ ရသော်လည်း ရရန် ခက်ခဲလှသော အဖြစ် ။ ခြံစည်းရိုး၏ ဟိုးအဝေးမှာ လွင့်ကျနေသော ပစ္စည်း ။ နယ်မြေ နှစ်ခုကို အထင်အခြား အခိုင်အမာ ပိုင်းခြားထားသော သည် စည်းရိုးကို စိမ်းမြတ်သူ မကျော်သာ ။ မိမိကမ္ဘာ၏ အခြား တစ်ဖက်မှ လက်လှမ်း မမီသော လက်ကိုင်ပဝါလေးကို ရင်ထဲ ကြေမြည့်စွာ ရပ်ငေးကြည့်နေခဲ့ရုံပါပဲ ။
နောက်တစ်ကြိမ် အင်မတန် လှသည့် ကြည်ပြာရောင် ဘလောက်စ်အင်္ကျီလေး တစ်ထည် ။ သည်အဆင် သည်အသွေးနှင့် ရှားပါးစွာ တွေ့ လိုက်ရတော့ ဟန် ကလေးပင် မလုပ်နိုင်ဘဲ ဆိုင်အတွင်း ပြေးဝင်သည် ။ ချိတ်ထားသော ဈေးနှုန်းကိုပင် မြင့်သလား မစဉ်းစား အား ။ ဝယ်မည် အပိုင် ဆုံးဖြတ်ပြီး အငမ်းမရ ဝတ်ကြည့် မိကာမှ အင်္ကျီ၏ မျက်နှာစာတွင် အပေါက်အပြဲ တစ်ခု ။ မည်သို့မျှ ကြည့်၍ မကောင်းသော နေရာတွင် ဆိုတော့ ပြုပြင်ဖာထေး လျှင် တောင်မှ အပိုပါပဲ ။
ဪ ... နေရစ်ပါတော့ အင်္ကျီကလေး ။
သူ နေရာတွင် ပြန်ချိန်ကာ ထားရစ်စဉ်မှာတော့ ဖြေတင်း ယူရသော ရင်ထဲမှ တသက်သက် နာကျင်စွာ ။
မည်သည့် အခါမျှ မပိုင်ဆိုင်ရနိုင်တော့သော ဆုံးရှုံးမှုများ ။
အသည်းနှလုံးနှင့် ရင်းရသောအရာများ ။
ပိုင်ဆိုင်ရခြင်း အတွက် ကံကြမ္မာကို ကျေးဇူးတင် သည်ဆိုလျှင် ဆုံးရှုံးရခြင်းများ အတွက်ကော ကံကြမ္မာကို အပြစ်ဖို့ စကား ဆိုရတော့မည်လား ။ ရယူ နိုင်စဉ်က ပြုံးပြုံးကလေး လက်ခံခဲ့ပြီး ပေးဆပ်ရမည့် အလှည့်ကျမှ ငြိုငြင် ဆဲရေးနေမည် ဆိုလျှင်တော့ မတရားဘူး ထင်သည် ။
ကိုယ့် ဘဝတွင် ရရှိခြင်း နှင့် ဆုံးရှုံးခြင်း မည်သည့် အရာက ပိုမို နက်ရှိုင်းသလဲ ။ မလွယ်လှသော ပုစ္ဆာ ။ မငြင်းနိုင်သည်ကတော့ လူသား တစ်ယောက် ဘဝတွင် အများစု ရနိုင်ခဲသည်ဟု ယူဆကြသော အရာ အတော်များများကို ပိုင်ဆိုင်ခဲ့ရ ပြီးပြီ ။ ကျေနပ်စရာပဲပေါ့ ။ ကြည်ပြာရောင်ကလေးတွေနှင့် မိခင်ကို ဆုံးရှုံးရခြင်းကတော့ ကိုယ် တစ်ယောက်တည်း သာ ကြုံရခြင်း မဟုတ် ။ လူအတော်များများ ရင်ဆိုင်ရသည့် အဖြစ်ပဲ ။ အင်မတန် ကြီးမားသည့် ဆုံးရှုံးမှု မဟုတ်သေးပါဘူး ။ ဒါဆိုလျှင် သည့်အတွက် အလွန်အမင်း ကြေကွဲဆွေးမြည့် နေသင့် သလား ။ “ လူဆိုတာ ယူဖို့ တတ်လျှင် ပေးရန်လည်း ရဲရင့် ရမည်ပဲ ”
စိမ်းမြတ်သူ ဘဝတွင် လိုအပ်သည်များကိုလည်း ရခဲ့ပြီ ။ လိုချင်သည်များကိုလည်း ရခဲ့ပြီ ။ သည့်ထက် ဘာမှ ထပ် ရစရာ မရှိတော့ ။ လို လည်း မလိုချင်တော့ ။ လိုချင်ခြင်းသည် မျှော်လင့်ခြင်း ။ စိမ်းမြတ်သူ ဘာကိုမျှ ပိုမမျှော်လင့်တော့ ။ မိမိနှင့် ခြားနားလှသော လူသားများ အကြား ရပ်တည်ကာ နေထိုင် ပေးရမည့် အရာများကို တာဝန်ကျေစွာ ပေးအပ်နေရန်သာ ကျန်ရှိတော့သည် ။
••••• ••••• •••••
စမ်းသပ်ချက် အဖြေကို ကြည့်ကာ အထူးကုဆရာဝန်ကြီးက ပြုံးသည် ။
“ ကိုလက်စထရော မများပါဘူး ။ အေးလေ ... ဒီလောက်ကိုယ်ခန္ဓာနဲ့ ဘယ်လိုလုပ် ကိုလက်စထရော များနိုင်ပါ့မလဲ ။ ပို သေချာအောင်လို့ပါ ။ အခြား ရီးဇာ့လ်ထ် တွေလည်း အိုကေပဲ ”
ကျေနပ်စွာ ပြောနေရင်းမှ စာရွက်ရှည်ကြီးပေါ် မှ ဂရဖ်မျဉ်းကို ကြည့်ကာ ဆရာကြီး မျက်မှောင်ကြုတ် သွားသည် ။ မျဉ်းတွန့်များကို အသေအချာ ကြည့် ၊ စိမ်းမြတ်သူ ကိုလည်း အသေအချာကြည့်ကာ မေးခွန်းတွေ မေးသည် ။ ဘာအလုပ် လုပ်သလဲ ၊ ဘယ်လို လူတွေနဲ့ ဆက်ဆံရသလဲ ။
အဖြေကို ကြားတော့ ဆရာကြီး ခေါင်းတဆတ်ဆတ် ညိတ်သည် ။ ပြီး စာရွက်အဖြူပိုင်းကလေးပေါ်တွင် သွက်သွက် ရေးချသည် ။
“ ဆေးတော့ သောက်ရမယ်နော် ။ ပျောက်သွားမှာပါ ။ စိတ်မပူပါနဲ့ ”
အခန်းထဲမှ ထွက်လာတော့ သူငယ်ချင်း ဆရာဝန်မကို ဆရာဝန်ကြီး ညွှန်းသော ဆေးအမည် ဖတ်ခိုင်းရသည် ။
“ ဟယ် ... ဘက်ဆာ ကတော့ ပေးနေကျ ဆေးပဲ ၊ နိုက်ထရောလ် တောင် ပေးတယ်ဆိုတော့ နင် ပေါ့မနေနဲ့ ”
ကာယကံရှင်က လှုပ်ရှားမှု မရှိဘဲ သူက စိုးရိမ်သောက ရောက်နေသဖြင့် ပြုံးမိသည် ။
ခုတလောက ရင်ဘတ် ထဲမှ အောင့်ပြီး နှလုံးခုန်သံကို ဒုတ်ဒုတ် ဒုတ်ဒုတ် မြည်သည် အထိ ကြားလာရသည် ဟု ပြောပြမိသောကြောင့် သူငယ်ချင်းက ဆရာဝန်ကြီးဆီ ပို့ပေးခဲ့ခြင်း ဖြစ်လေသည် ။
“ ဆေးကို အခု သွားဝယ်လိုက် စိမ်းမြတ်သူ ၊ အချိန် ဆွဲမနေနဲ့ ဒီနေ့က စသောက် ၊ ကို့စ် ကုန်အောင်လည်း သောက်နော် ။ သက်သာတယ် မသက်သာဘူးလည်း ငါ့ကို ပြောဦး ”
ခေါင်းသာ အတွင် ညိတ်ပြီး ထွက်လာခဲ့သည် ။ စိတ်မပူပါနဲ့တဲ့ ။ ပေါ့မနေနဲ့တဲ့ ။
“ လောကမှာ ဘာအတွက် စိတ်ပူနေကြသလဲ ။ မျှော်လင့်သည်ကို မရမည် စိုး၍ မလိုချင်သည်ကို ရလာမည်စိုး၍ ဒါပါပဲ ”
စိမ်းမြတ်သူ ထံတွင် ဘာမျှော်လင့်ချက်မှ မရှိ ။ မလိုချင်သည်ကို ရသည်မှာလည်း မဆန်းတော့ ။ သည်တော့ ဘာမှ ပူပန်စရာ မလို ။ ဘာအတွက်မှ ပေါ့စရာ ၊ လေးစရာလည်း မလို ။ ဘာခံစားချက်မျှလည်း မရှိ ။
ဆရာဝန်ဆီ တကူးတက သွားပြီးမှတော့ ဆရာဝန့်စကား နားထောင်ရမည် ဆိုလျှင် ဆေးကို သွားဝယ်ရမည် ။ ဒါမှမဟုတ် ကိုယ့်ဆန္ဒအလျောက် ဆေးကို မသောက်ဘဲလည်း နေနိုင်သည် ။
မင်္ဂလာဈေး သွားမည်ဆိုလျှင် ကားမှတ်တိုင် ရောက်အောင် အတော်လေး လျှောက်ရဦးမည် ။ ဆုံးဖြတ်ရန် အချိန်ရသေးသည် ။ ခုတော့ အေးဆေးစွာပင် လမ်းပေါ် လျှောက်သွား နေလိုက်ဦးမည် ။ ။
▢ မမြင့်ခိုင်
📖 မိုးဂျာနယ်
၂ဝဝဝ ၊ ဧပြီလ
No comments:
Post a Comment