❝ စံပြလယ်သမား ❞
( ပုံပြင် )
ရှေးသရောအခါ လယ်သမားတစ်ဦးသည် တောအုပ်ကြီးတစ်ခု အတွင်း၌ သစ်ပင်ကြီး တစ်ပင်ကို ခုတ်လှဲနေစဉ် ထိုတောအုပ်နှင့် မနီးမဝေးရှိ ရွာကြီး တစ်ရွာမှ သူကြီးတစ်ဦးသည် လယ်သမား ခုတ်လှဲနေရာသို့ ရောက်သွားလေ၏ ။
သူကြီးသည် သစ်ခုတ်နေသော လယ်သမား အနားသို့ ရောက်လျှင် “ မိမိကိုယ် မိမိ အားကိုး၍ သစ်ခုတ်ခြင်းသည် မွန်မြတ်လှပါပေသည် ” ဟု ချီးကျူးစကား ပြောကြားလေ၏ ။ လယ်သမားသည် သူကြီးစကားကို ကြားလျှင် မောကြီးပန်းကြီးနှင့် “ မှန်ပါသည် ၊ မိမိကိုယ် မိမိ အားကိုး၍ လုပ်ကိုင်သော အလုပ်သာလျှင် လောကတွင် အမွန်အမြတ်ဆုံး အလုပ်ဖြစ်ပါသည် ” ဟု ပြန်လှန်ပြောကြားပြီး သစ်ခုတ်ခြင်း အလုပ်ကိုသာ မနေမနား ဆက်လက်လုပ်ကိုင်ခြင်းပြုလေ၏ ။
လယ်သမားသစ်ခုတ်သမားကား မိမိထံသို့ ရောက်လာသူအား သူကြီးမှန်း မသိချေ ။ “ သင်သည် ဤမျှလောက် အလုပ်ကြိုးစားလုပ်ကိုင်ခြင်းကို ကျွန်ုပ် မြင်ရခြင်းအားဖြင့် သင့်၌ ကျွေးမွေးထောက်ပံ့ရန် သားသမီး အတော်များများ ရှိသည်ဟု ကျွန်ုပ် ထင်သည် ၊ ဟုတ်သလော အချင်းလယ်သမား ” ဟု သူကြီးက ဆက်လက် မေးမြန်းစုံစမ်းခြင်းပြုလေ၏ ။
“ မှန်ပါသည် ၊ ကျွန်ုပ်တွင် သားနှစ်ယောက်နှင့် သမီးနှစ်ယောက်ရှိပါသည် ” ဟု လယ်သမားက ပြန်လည် ဖြေဆိုခြင်းပြုလေ၏ ။
“ အို ... သို့ဖြစ်လျှင် သင့်၌ ကျွေးမွေးထောက်ပံ့ရန် သားသမီးလည်း များများစားစား မရှိပါတကား ၊ သို့ပါလျက် အချင်း လယ်သမားသည် ဘယ်အတွက် ဤမျှလောက် အလုပ်ကြိုး စားလုပ်ကိုင်ခြင်း ပြုရသနည်း ၊ သင်သည် လယ်အလုပ်ကိုလည်း လုပ်၏ ။ သစ်ခုတ်ခြင်းအလုပ်ကိုလည်း လုပ်၏ ။ ထိုအလုပ် နှစ်လုပ်ကို လုပ်သော ဝင်ငွေသည် တော်တော်များများ ရမည်ထင်သည် ။ ထိုဝင်ငွေတို့ကို သင် မည်သို့ သုံးစွဲသနည်း ” ဟု သူကြီးက ဆက်လက် မေးမြန်းပြန်၏ ။
ထိုအခါ လယ်သမားက သူကြီးအား “ ကျွန်ုပ်သည် အလုပ် နှစ်လုပ်ကို လုပ်ကိုင်၍ ရသော ငွေအား သုံးပုံပုံ၍ တစ်ပုံကို ကြွေးပေး၍ တစ်ပုံကို ကြွေးဆပ်ပြီး ကျန်တစ်ပုံကို စွန့်ကြဲခြင်းပြုပါသည် ” ဟုဖြေကြားခြင်းပြုလေ၏ ။
သူကြီးသည် လယ်သမား၏ စကားကို နားထောင်ပြီး အမျိုးမျိုး တွေးတောစဉ်းစား ခြင်းပြုသော်လည်း မည်သည့် ကြံဆခြင်းမျှ မပြုနိုင်သောကြောင့် “ အလို ... လယ်သမား ၊ သင် ပြောကြားသော စကားတို့ကို ကျွန်ုပ် မည်သို့မျှ တွေးတောကြံဆ၍ မရပါ ၊ သင် ဘာကို ဆိုလို၍ ထိုစကားတို့ကို ပြောကြားခြင်းပြုဘိသနည်း ” ဟုလယ်သမားအား ဆက်လက်မေးမြန်းလေ၏ ။
“ တစ်ပုံကို ကြွေးပေးခြင်း ဆိုသည်မှာ ကျွန်ုပ်၏ သားသမီးများအား ကျွေးမွေးခြင်းကို ဆိုလိုပါသည် ။ ကျွန်ုပ်မှာ ထိုသားများ ကြီးပြင်းလာသောအခါ ထိုသားများ၏ ကူညီလုပ်ကိုင်ပေးသော လုပ်အားတို့ကို ခံစားရမည် ဖြစ်ပါသည် ။ သားတို့၏ လုပ်အားကို ရရှိစေရန် ထိုသားတို့ အား ကျွေးမွေးခြင်းသည် ကြွေးပေးသည်နှင့် တူသည် မဟုတ်ပါလော ” ဟု လယ်သမားက စိတ်ရှည်လက်ရှည်ရှင်းပြလေ၏ ။
“ မှန်ပါပေသည် ၊ ဟုတ်ပါပေသည် ၊ လယ်သမား၏ စကားသည် လျော်ကန်သင့်မြတ်ပါပေသည် ။ သို့ရာတွင် သင်ပြောသည့် သင့်ငွေ သုံးပုံအနက် ကျန်တစ်ပုံကို စွန့်ကြဲခြင်း ဟူသည်ကား အဘယ်သို့ပါနည်း ” ဟု သူကြီးက ဆက်လက်မေးလေ၏ ။
“ ထိုအကြောင်းကား အခြား မဟုတ်ပါ ။ ကျွန်ုပ်သည် သမီးနှစ်ဦးအား ကျွေးမွေးစောင့်ရှောက်မှုပြုခြင်းသည်ပင်လျှင် ကျွန်ုပ် လုပ်ကိုင်ရရှိသော ငွေသုံးပုံ အနက်မှ ကျန်တစ်ပုံကို စွန့်ကြဲခြင်းနှင့် တူပါတော့သည် ။ အဘယ်ကြောင့် ဆိုသော် သမီးတို့မှာ အရွယ်ရောက်သော် သားတို့ကဲ့သို့ သူတို့ထံမှ လုပ်အားကို ပြန်လည် ရရှိခံစားရန် မမျှော်လင့်နိုင်ရုံသာမက သူတို့ လင်သားရ၍ အိမ်ထောင်ပြု သွားလျှင်လည်း သူတို့ထံမှ ဘာမျှ အကျိုးခံစားခွင့် မမြင်ပါ ။ သို့ဖြစ်၍ သမီးတို့ကို ကျွေးမွေးစောင့်ရှောက်ခြင်းမှာ စွန့်ကြံခြင်းနှင့် တူလှပါသည် ” ဟု ပြောကြားခြင်းပြုလေ၏ ။
ထိုအခါ သူကြီးသည် လယ်သမားကြီး စကားကို အလွန့်အလွန် နှစ်သက်ခြင်းဖြစ်လျက် “ သင်သည် အလွန် ဉာဏ်ကောင်းသူ ဖြစ်ပါသည် ။ သို့ဖြစ်၍ မျက်စိလည် လမ်းမှားသဖြင့် တောတွင်းသို့ ရောက်လာသော ကျွန်ုပ်အား လမ်းပြခြင်း ပြုပါဦး ” ဟု ချီးမွမ်းစကားပြောကြားပြီး လမ်းညွှန်ခြင်းပြုရန် တောင်းပန်စကားပြောကြားခြင်းပြုလတ်၏ ။
လယ်သမားလည်း သူကြီးအား သူကြီးမှန်းမသိဘဲ မထီတရီပြုလိုသော အသံဖြင့် “ သင့်လမ်းကို သင်ရှာ၍ ထွက်ပါလော့ ၊ ကျွန်ုပ်မှာ သစ်ခုတ်၍ မပြီးစီးသေးပါ ။ သင် တောတွင်းမှ ထွက်ရမည့် ခရီးကား ဤမှ ဖြောင့်ဖြောင့်သွား၍ ညာဘက်သို့ ချိုးကွေ့ပါ ။ ညာဘက်သို့ ချိုးကွေ့ ပြီး ဘယ်ဘက်သို့ ချိုးကွေ့ပြီး ဆက်သွားပါ ။ ထိုကမှ ညာဘက်သို့ ချိုးကွေ့ပြီး ” ဟု လမ်းညွှန်ခြင်း ပြုလေ၏ ။
ထိုအခါ သူကြီးမင်းမှာ လယ်သမား၏ လမ်းညွှန်စကားပြောကြားခြင်းကို နားထောင်ရာမှ မှတ်သားခြင်း မပြုနိုင်ဘိသကဲ့သို့ “ သင်လမ်းညွှန်သော စကားတို့ကို ကျွန်ုပ် ဘယ်သို့မျှ နားမလည်နိုင်တော့ပါ ။ သို့ဖြစ်ရကား သင်ကိုယ်တိုင် ကျွန်ုပ်အား လိုက်ပို့ပါ ” ဟု လယ်သမားကြီး လိုက်မပို့မချင်း တောင်းပန်ခြင်းပြုလေ၏ ။
“ ကျွန်ုပ်တို့ လယ်သမားများမှာ သင့်ကို လိုက်ပို့ရန် အချိန်မရပါ ၊ ကျွန်ုပ်တို့အဖို့ လက်နှင့် အလုပ် မပြတ်အောင် ကြိုးစားလုပ်ကိုင်နိုင်လေ ငွေရလေလေဖြစ်ပါတယ် ။ သင့်အား လိုက်ပို့ရသဖြင့် အချိန်ကုန်သွားရင် ကျွန်ုပ်၏ အိတ်တွင်းမှ ငွေကုန်ကျခြင်း မဖြစ်ပေမယ့် ထိုအချိန်တွင် အလုပ်ပျက်သဖြင့် ကျွန်ုပ်အတွက် ရသင့်သော လုပ်ခများ ဆုံးရှုံးရမည်ဖြစ်လို့ အိတ်ထဲမှ ငွေကျ ပျောက်သည်နှင့် မခြားတော့ပါ ” ဟု လယ်သမားက သူကြီးအား လိုက်လံပို့ခြင်း မပြုနိုင်၍ ခါးခါးသီးသီး ငြင်းဆန်လေ၏ ။
ထိုအခါ မျက်စိလည် လမ်းမှားသူအဖြစ် ဟန်ဆောင်ရာမှ လယ်သမားကြီး၏ ကြိုးစားမှုနှင့် ဟန်ဆောင်ခြင်းကင်းပုံကိုလည်းကောင်း ၊ လယ်အလုပ်၌သာလျှင် အထူးစိတ်ဝင်စားလျက် အလုပ်တာဝန်မှအပ အခြားသော ကိစ္စတို့ကို အရေးမထားပုံတို့ကိုလည်းကောင်း ၊ သိရှိ ဝမ်းမြောက်လျက် ဆုငွေများ ချီးမြှင့်ကာ စံပြလယ်သမားအဖြစ် သူ့ရွာတွင် ကြေညာခြင်းပြုလေ၏ ။
〇 ကိုကြီးမြင့်သိန်း
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၇ ၊ ဩဂုတ်
No comments:
Post a Comment