Saturday, August 23, 2025

ကင်မရာမင်း


 

❝ ကင်မရာမင်း ❞
   ( မေဇွန်အေး )

တကယ်ပဲ ခင်ဝင်း အူယားလိုက်တာ ။ ဟောဒီ ပါးစပ်ကြီးနဲ့ ပြောချင်ဆိုချင်လိုက်တာမပြောပါနဲ့တော့ ... ။

ဟိုလူကြီးလေ ... ဟိုလူကြီး ။ ခင်ဝင်း ယောက်ျားကြီး ဦးစိန်မောင် အကြောင်းကိုပေါ့ ။ စဉ်းစားကြည့် ခင်ဝင်း ဆို သူ ဘယ်တော့မှ အရေးတယူ မရှိဘူး ။ ဂရုမစိုက်ဘူး ။ ပြောလိုက်ရင်တော့ “ ခင်ဝင်းလေး အသည်းလေး .. အသည်းလေး ” နဲ့ ။ လက်ဖက်ရည်ဆိုင်က မဦး ပြောသလို “ ငါ့ ယောက်ျားက ငါ့ ကို ချစ်တာ တစ်ခုပဲရှိတယ် ။ ဂုဏ်မရှိတော့ မလေးစားဘူးပေါ့ ။ ငါ့ ညီမဆို သူ့ယောက်ျားက ချစ်လည်း ချစ် ၊ လေးလည်း လေးစား ၊ အားကျဖို့ကောင်းလိုက်တာ ။ ငါ့ညီမက ဆရာမကိုး ”

အခုလည်း ခင်ဝင်း က ဈေးသည်မ ဆိုတော့ ဟိုလူကြီးက ဘယ် လေးစားမလဲ ။ ချစ်တယ် ဆိုတာတော့ ဟုတ်မှာပါ ။ ခင်ဝင်း နဲ့ သူက အသက် နှစ်ဆယ်လောက် ကွာတာလေ ။ သူက လေးဆယ့်ငါးနှစ် ။ ခင်ဝင်း က ခုမှ အစိတ် ကျော်ရုံလေး ။ သူ့ကို ဘယ်လိုခေါ် ရမှန်းမသိတော့ ဟိုလူကြီး ... ဟိုလူကြီး လို့ပဲ ခေါ်လိုက်မိတယ် ။ ဒါတောင် ချိုနီ ဆိုတဲ့ ကောင်က “ နင့် အဖေလောက် ရှိတာ အဖေ လို့ပဲ ခေါ်လိုက်ရောပေါ့ ။ နင် လည်း ကလေးနှစ်ယောက် အမေ ဖြစ်နေပြီပဲ ” တဲ့ ... ။ မခေါ်ချင်ပါဘူး ။ ကိုယ့် အဖေမှ မဟုတ်တာ ။ ကိုယ့် ယောက်ျားကြီးပဲ ဟာကို ... ။

သူ နဲ့ ခင်ဝင်း ညားကြပုံကလည်း မဆန်းဘူး ဆိုပေမယ့် ထူးခြားသား ... ။ ခင်ဝင်း က ရေးတတ်ဖတ်တတ်ရုံလေး မှ ရေးတတ်ဖတ်တတ်ရုံလေး စာတတ်တာ ။ မောင်နှမ ရှစ်ယောက် ထဲမှာ ခင်ဝင်း က နံပါတ် ငါး ။ စာမတတ်ရင် သမီးမိန်းကလေးဆို ဈေးရောင်း ဆိုတဲ့ အဖေ့ဝါဒနဲ့ ခင်ဝင်း ရှစ်နှစ်သမီး အရွယ် ကတည်းက ဈေးသည် တစ်ပိုင်း ဖြစ်နေခဲ့ပြီ ။ မောင်နှမ အားလုံးကလည်း ဟုတ်တိပတ်တိ စာမတတ်ကြပါဘူး ။ ယောက်ျားလေးတွေဆို အလုပ်ကြမ်း ဖြစ်တဲ့ သံနန်းဆွဲ အလုပ် ၊ ပန်းရန် အလုပ် ၊ လက်သမား အလုပ် ဝင်လုပ်ကြရတယ် ။ ခင်ဝင်းတို့ မိန်းကလေးတွေကတော့ ပဲပြုတ်ရောင်းတဲ့သူ ရောင်း ၊ မုန့်ဟင်းခါး ရောင်းတဲ့သူ ရောင်းနဲ့ အားလုံး ဈေးသည် တစ်ပိုင်း ဖြစ်လို့ပေါ့ ။ ကိုယ် ရှာတာ ကိုယ်သုံးကြ ဆိုတဲ့ အဖေ့ စကားအရ ကိုယ့် ဝမ်းစာ ကိုယ် ရှာစားကြရတယ် ။ အဖေ ကိုယ်တိုင် လက်သမားကျော်ကြီးတစ်ယောက် ဖြစ်နေပေမယ့် အမေ အိုးသူကြီး ဆီမှာ ပိုက်ဆံပေးပြီး ထမင်းစားရတယ် ။ မောင်နှမတွေ အားလုံးကလည်း အမေ့ ဆီမှာ တစ်နေ့ ငါးရာ .. တစ်ထောင် ဈေးဖိုး ထည့်ရတယ်လေ ။

အငယ်ဆုံးလေး တစ်ယောက် ကျောင်းနေတုန်းဆိုတော့ အမေက အားလုံး ပေးတဲ့ စားစရိတ်ထဲက ငွေပိုလျှံတာလေးနဲ့ ကျောင်းစရိတ် အတွက် တာဝန်ယူရတာပေါ့ ။ အဖေ ပြောပြောနေတဲ့ အင်္ဂလိပ် စစ်စတန် ဆိုလား ၊ အမေရိကန် စစ်စတန်ဆိုလားပဲ ။

ခင်ဝင်း လည်း တစ်နေ့ တစ်နေ့ ထမင်းဖိုး ရအောင် နေကုန် ဈေးရောင်းရတာပေါ့ ။ အဖေ ထုတ်ပေးထားတဲ့ ငွေအရင်း ငါးထောင် ။ ဒါကလည်း ပြန်ဆပ်ရမှာပါ ။ အဲဒီ ငွေရင်းနဲ့ ဘာရောင်းရင် ကောင်းမလဲလို့ ခေါင်းစားခဲ့ရတယ် ။ ဈေး ခပ်ပေါပေါ လောလောလည်း ဖြစ် ၊ တကယ်လို့ ရောင်းမကုန်ရင် မပုပ်မသိုးနိုင်တဲ့ ပစ္စည်းလည်း ဖြစ်အောင်လို့ပေါ့ ။

ခင်ဝင်း တို့ အိမ်ကတော့ ဈေးနဲ့ နီးပါတယ် ။ ဈေးနဲ့ နီးတော့လည်း ဈေးကွက်ကို လေ့လာဖို့ အခွင့်အရေး တစ်ပန်းသာလေရဲ့ ။ ဈေးဆိုတာက ဈေးတွင်း ဈေးပြင် နေရာလပ် မရှိအောင် ပျံကျဈေးသည်တွေက ပြည့်နေတတ်တာ ။ မိုးလင်းတာနဲ့ နေရာလုတဲ့ အသံ ၊ ငြူစူစောင်းမြောင်းသံတွေ ကြားမှာ ဈေးခေါင်းတွေရဲ့ ဖျန်ဖြေ သလိုလိုနဲ့ အခွင့်အရေး ချောင်းနေတာ မြင်နေ ၊ ကြားနေရတော့ ခင်ဝင်း ကြောက်ပြီး တော်ရုံနဲ့ ဈေး မထွက်ဖြစ်ဘူး ။ ခင်ဝင်းက ငယ်သေး ၊ နုသေးတယ် မဟုတ်လား ။

ဒီလိုနဲ့ ခင်ဝင်း တစ်ပတ်လောက် ဈေးထဲ လှည့်ပတ် လေ့လာနေတုန်း အကြံ တစ်ခု ရလိုက်တယ် ။ ဈေးအပြင် လမ်းဘေး တစ်ဖက်တစ်ချက်မှာ ဈေးသည်တွေ ပြည့်နှက်အောတိုက် နေပေမယ့် လူသွားလူလာ အလျှောက် များတဲ့ ဈေးအလယ် လမ်းမကြီးမှာ ဈေးဆိုင် တစ်ဆိုင်မှ မရှိတာ ခင်ဝင်း အသေအချာ တွေ့လိုက်မိတယ် ။ ဒီ လမ်း အလယ်မှာ ခင်ဝင်း ဈေးဗန်း သေးသေးလေးနဲ့ တစ်နိုင်တစ်ပိုင် ဈေးရောင်းရင် ကောင်းမလားလို့ ။ တစ်ခါက ဝါရင့် အိုးဆားဗစ် ဈေးသည်မကြီး တစ်ယောက် ပြောနေသံကို ခင်ဝင်း အမှတ်တမဲ့ ကြားမိပြီး အကြံရလိုက်တာလည်းပါတယ် ။

“ လူတွေက ခလုတ်တိုက်မိမှ ဝယ်ဖြစ်ကြတာ ”

ဟုတ်တယ် ၊ လမ်းအလယ်ခေါင်မှာ ဈေးလာသူ အားလုံး ခင်ဝင်း ကို ခလုတ်တိုက်မိမှာ သေချာတယ် ။ ဒါကြောင့် ခင်ဝင်း သစ်သားဗန်းကလေးကို လည်ပင်းမှာ သားရေပတ်အပြားကြီးကြီးနဲ့ သိုင်းပြီး ထိုင်ခုံကလေး တစ်လုံးနဲ့ ထိုင်ရောင်းဖို့ စိတ်ကူးရလိုက်တယ် ။ မတော်လို့ “ လူကြီး လာမယ် ၊ စီမံချက်ရှိတယ် ” ဆိုပြီး ဈေးခေါင်းတွေရဲ့ ရှောင်ကြရှားကြဆို ဖင်ထိုင်ခုံ သယ်ပြီး ကိုယ်မှာ ကပ်ပါလာတဲ့ ဈေးဗန်းနဲ့ အသာ လမ်းလျှောက်နေရုံပေါ့ ။ မပိုင်လား ။

ဗန်းထဲ ရောင်းမည့် ပစ္စည်းတွေကလည်း ငါးထောင်ဖိုး လောက်ပဲ ရင်းနှီးရတာဆိုတော့ ဘာရှိမှာလဲ ။ ကလစ် ၊ ဂျိတ် ၊ အပ် ၊ အပ်ချည် ၊ ဘောင်းဘီသားရေ ကြိုး ၊ ပရုတ်ဆီ ၊ ရှူဆေး ၊ အိုးဖာတိတ် ၊ ဆိုလိုတိတ် ၊ နားဖာကလော် ၊ လက်သည်းညှပ် ၊ အိုးတိုက်စတီးဖတ် အမျိုးမျိုး ဒီလောက်ပဲပေါ့ ။ သွားရင်းလာရင်း ခလုတ် လည်းတိုက် ၊ လိုတာကို ရှာစရာ မလိုဘဲ အလွယ်ကလေး ဝယ်လိုက်ရုံပဲ ။

စုံနဖာစီ တောက်တိုမယ်ရ ခင်ဝင်း ဈေးဗန်းကတော့ ထင်တဲ့ အတိုင်းပဲ ။ ဟန်ကျပန်ကျ ၊ ရောင်း ကောင်းလိုက်တာ မပြောပါနဲ့တော့ ။ ခင်ဝင်း ဈေးရောင်းစ အရွယ်က ရှစ်နှစ်သမီး ဆိုတော့ ဝယ်သူတွေ က ကရုဏာဖြစ်ပြီး အားပေးကြတာလည်း ပါမှာပေါ့ ။

တဖြည်းဖြည်း ခင်ဝင်း အရွယ် ရောက်လာလို့ ခင်ဝင်း ဈေးဗန်း က လည်း ကြီးကောင်ဝင်လာတယ် ။ ဖောက်သည်တွေကလည်း တစ်စတစ်စ တိုးလာတယ် ။ ဒီလိုနဲ့ ခင်ဝင်း ဆိုင် တစ်နေရာ ရလိုက်တယ် ။ နောက်တော့ အလယ်လမ်း တစ်လျှောက်မှာ တစ်ယောက် တစ်ရာ ဆိုသလို ခင်ဝင်း လိုပဲ ဘဝတူတွေ ရောက်လာကြတယ် ။ ဘဝတူ အားလုံးကတော့ မိုးလေဝသ အခြေအနေ အရ ပြေးရလွှားရတာလည်း ရှိပါရဲ့ ။

ဪ ... စကားစပ်လို့ ပြောရဦးမယ် ။ ဟိုလူကြီး နဲ့ ခင်ဝင်း ကလည်း ဒီ ဈေးဗန်းကြောင့် ဖူးစာဆုံကြရတာ ။ ပြောရရင်တော့ သူက ခေတ်ပညာတတ် ၊ ရုံးမှာ အလုပ် လုပ်တယ် ။ စာတွေလည်း ရေးတယ် ။ စာပေနယ်မှာ သူ့ကို လူအတော်များများ သိတယ်လို့ ပြောပြတယ် ။ မိဘတွေနဲ့ ခွဲခွာပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ မြို့ကြီးပြကြီးကို ရောက်လာခဲ့တယ် ။ အဆောင် နေပြီး ဖြစ်သလို ရုန်းကန်နေရတဲ့ ဘဝသမား ။

သူ့မှာလည်း အမြဲ လိုအပ်ချက်တွေ ပြည့်နေ တတ်တာလေ ။ တော်ကြာ ဘောင်းဘီသားရေကြိုး ၊ တော်ကြာ လက်သည်းညှပ် ၊ တော်ကြာ အပ်နဲ့အပ်ချည် ။ သူ့အတွက်များဆို ခင်ဝင်း ဈေးဗန်းက မရှိမဖြစ် ဆိုသလိုပဲ ။ တစ်ခါတလေ သူလိုတဲ့ ပစ္စည်းမရှိရင် ခင်ဝင်း ကို မှာထားခဲ့ပြီး နောက်နေ့မှာ ဆက်ဆက် လာယူလေရဲ့ ။ တကယ်ဆို တခြား ဆိုင်မှာ ဝယ်လည်း ရတာပဲ ။ ခင်ဝင်း ကလည်း ဝယ်ပေးချင်ချင်ပါ ။ ဒီလိုနဲ့ ခင်ဝင်းတို့ နှစ်ယောက် သံယောဇဉ်တွေ ဖြစ်လာပြီး ဇာတ်ပေါင်းခန်းမှာ ညားကြလေသတည်းပေါ့ ။ အချစ်မှာ မျက်စိမပါဘူး ဆိုတယ် မဟုတ်လား ။

ခင်ဝင်း ပြောပြချင်တာက ဒီအကြောင်းတွေ မဟုတ်ဘူး ။ သူ ခင်ဝင်း ကို ဂရုမစိုက် ၊ အလေးမထားပုံကို ပြောပြချင်တာ ။ သူ့ အကြောင်းဆို ခင်ဝင်း က တံတွေးသီးမတတ် ဂုဏ်ယူပြီး ကြွားရတာအမော ၊ သူ့ ကဗျာတွေ ၊ သူ့ ဝတ္ထုတွေ ဘယ်မဂ္ဂဇင်းမှာ ပါတာက အစ ၊ စာမူခ ဘယ်လောက်ရသလဲ ဆိုတာ အဆုံး ။ သူ့ စာမူခတွေကို ခင်ဝင်း ဘယ်တော့မှ ယူမသုံးတဲ့ အကြောင်းတွေ လည်း ပါတယ် ။ ပြီးတော့ စာပေနဲ့ ပတ်သက်တဲ့ ပွဲတက် အကြောင်းတွေ သူ့ ဆီက ကြားတာကို ခင်ဝင်း ကိုယ်တိုင် တက်နေရသလို မစားရဝခမန်း ပြောလွန်းလို့ သူများတွေ အမြင်ကတ်တာလည်း မပြောနဲ့ ။

ခင်ဝင်း ကို မရခင်ကတော့ ပြောလိုက်တဲ့ စကား ၊ အားလုံး ခင်ဝင်း အကြိုက် ၊ ခင်ဝင်း သဘောကြီးပဲ ။ ခင်ဝင်း ပြောတဲ့ စကားတွေ နားထောင်ရတာလည်း အရမ်း ဗဟုသုတရတယ်ဆိုပဲ ။ အမြဲတမ်း ခင်ဝင်း အလိုကျ လိုက်လျောခဲ့တာချည်းပဲ ။ ခင်ဝင်း နဲ့ လည်း ညားရော ... ခင်ဝင်း တော်ကီ များလိုက်တာ ၊ ဒီမှာ စာရေးဖို့ ဖီးလ်ငုပ် ကုန်ပြီ ။ တိတ်တိတ်ကလေး နေပေးစမ်းပါတဲ့ ။ ပြီးတော့ သူကိုယ်တိုင်လည်း စကားနည်းသွားလိုက်တာ ။ အံ့ရော ... အံ့ရော .. ။ ဒါတင် ဘယ်ကမလဲ ။ သူ ဘယ်သွားသွား ခင်ဝင်းကို ဘယ်တော့မှ မခေါ်ဘူး ။ ခင်ဝင်း ကလည်း ဈေးရောင်းပျက်မှာ စိုးလို့ မလိုက်ချင်ပါဘူး ။ ဒါပေမဲ့ ပုထုဇဉ်သား မဟုတ်လား ။ သူများ စုံတွဲတွေ လှတ ၊ ပတ တွဲသွားတာ မြင်တော့လည်း ကိုယ့် ယောက်ျားနဲ့ တွဲသွားတွဲလာ လုပ်ချင်သား ။

အခု ပြဿနာ စတာလည်း အဲဒီ သွားချင် လာချင်တဲ့ စိတ်ကြောင့်ပေါ့ ။ စဉ်းစားကြည့်လေ ။ သူ ပဲ ခင်ဝင်း ကို ခေါ်တာပါ ။ သူ့မိတ်ဆွေစာရေးဆရာ နဲ့ စာရေးဆရာမ တစ်ယောက် မင်္ဂလာဧည့်ခံပွဲ တဲ့ ။ အမျိုးသမီးပါ ခေါ်လာပါလို့ပြောတယ်တဲ့ ။ လာမယ့် တနင်္ဂနွေနေ့ ၊ မြို့ထဲက တော်ရုံသင့်ရုံခန်းမ မှာ ။ သပ်သပ်ရပ်ရပ် ၊ အဆင်ပြေပြေ ဝတ်စားဖို့ ပြင်ဆင်ထားတဲ့ ။ ပြောလာတဲ့နေ့ က ဧည့်ခံပွဲ သွားဖို့ နှစ်ရက် အလိုမှာ ။

အချိန်က သိပ်မရဘူး ။ ဈေးအတွင်းထဲက မကြီး ဆီမှာ ပိတ်စ ဝယ် ၊ သူ့ ဆိုင်မှာပဲ အမြန်ကြေး ပေးပြီး အင်္ကျီနဲ့ ထဘီကို အပ်ခဲ့ရတယ် ။ ဈေးထိပ်က မကေသီ ဗြူတီပါလာမှာ ဆံပင်လည်း ညှပ်လိုက်ရသေးတယ် ။ ပုံပျက်ကြီးဆို ဟိုလူကြီး သိက္ခာ ကျနေမှာ စိုးလို့ ။ အရေးထဲ ဖိနပ်က လိုသေး ၊ အတွင်းခံဘောင်းဘီ နဲ့ ဘော်လီကလည်း လျော့တိလျော့ရဲနဲ့ ။ အသစ် ဝယ်ရဦးမယ် ။ ဝယ်တဲ့ဆိုင်အားလုံး ကိုတော့ ပိုက်ဆံ တစ်ဝက်ပဲ ပေးနိုင် တယ် ။ ထုံးစံအတိုင်း နောက်ဆယ့်လေးငါးရက် နေမှ ကျန် တစ်ဝက် ယူပါလို့ ပြောထားခဲ့ရတယ် ။ အားလုံးကို ငွေအကျေနဲ့ ပေးဝယ်ရရင် အရင်းပြုတ်မှာ သေချာ တယ် ။ ဈေးသူဈေးသား အချင်းချင်း နားလည်မှု ရှိကြလို့ တော်သေး ။

ခင်ဝင်း မင်္ဂလာပွဲ သွားရမယ့် အကြောင်း စဉ်းစားမိတိုင်း ပျော်သလိုလို ၊ ဘာလိုလိုကြီးပေါ့ ။ စားလည်း ဒီစိတ် ၊ အိပ်တော့လည်း ဒီစိတ် ။ ကိုယ်တိုင် ဟိုလူကြီး နောက် ခိုးရာလိုက် ပြေးမယ် လုပ်တုန်းကတောင် ဒီလို မဖြစ်ခဲ့ဘူး ။ နောက်ဆုံး နေမထိ ထိုင်မသာ ဖြစ်လွန်းလို့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်း မိထွေး ကို ပြောပြတော့ ...

“ နင် ကလည်း အဝတ်အစား အသစ် ဖြစ်ရုံနဲ့ နင့် ရုပ်က တက်မလာဘူး .. ။ နင့် မျက်နှာက နေလောင်ထားတော့ တော်ရုံ ပြင်လို့ အရောင်မထွက်ဘူး .. သိရဲ့ လား ။ နင် ပြင်မယ့် အလှပြင်ပစ္စည်းတွေ ကလည်း နင် ရောင်းတဲ့ နှုတ်ခမ်းနီ တို့ ၊ သနပ်ခါးတို့ ၊ မိတ်ကပ်တို့နဲ့ ဆိုတော့ မမိုက်ပါဘူးဟာ ။ မကေသီ ဆီမှာပဲ မိတ်ကပ် သွားလိမ်းလိုက် .. ဘာကြာတာ မှတ်လို့ ”

မိထွေး ပြောတာလည်း ဟုတ်သား ။ မကေသီ ပြင်ပေးလိုက်တာ မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ် ပြန် လူမှားနေတယ် ။ ဟိုလူကြီး ကတော့ မျက်လုံးပြူးကြီးနဲ့ စိုက် ကြည့်ပြီး ဘာတစ်လုံး မှတော့ မပြောဘူး ။ ခင်ဝင်း နဂို ရှိလို့ နကိုင်း ထွက်တာပါနော့ ... ။

ဧည့်ခံပွဲ ရောက်တော့ လူတွေ စုံနေပြီ ။ ခင်ဝင်း မျက်နှာကို ဘယ်သွား ထားရမှန်း မသိဘူး ။ အားလုံးက နောက်ကျတဲ့ သူဆို ဝိုင်းကြည့်စရာပေါ့ ။ အရေးထဲ ဖိနပ်က အသစ် ဆိုတော့ ဖိနပ်ပေါက် လို့ ခြေထောက်က ခပ်နာနာ ။ ပြီးတော့ ကွင်းထိုးဖိနပ် အမြင့်ကလေးက စတိုင်ကျတယ် ဆိုပြီး ဖိနပ်ဆိုင်က ကောင်မလေး မြှောက်ပေးလို့ ဝယ်လိုက်တယ် ။ အခုတော့ ရှက်ရမ်းရမ်းနဲ့ လျှောက်လာလိုက်တာ ကွင်းထိုးဖိနပ် တစ်ဖက် ကျွတ်ကျန်နေလို့ နောက်ပြန် လှည့်ပြီး ပြန်စွပ်လိုက်ရ သေးတယ် ။ ဟိုလူကြီး မသိလိုက်လို့ တော်သေး .. ။

ဟိုလူကြီးက သူ့မိတ်ဆွေတွေ နဲ့ မိတ်ဆက် ပေးပါတယ် ။ ဟဲ .. ဟဲ .. ဟဲ .. ဟဲ .... နဲ့ .... ။ အားလုံးက ခင်ဝင်း ကို ကလေးတစ်ယောက် လိုပဲ “ ချစ်စရာလေး နော် ” “ ဆရာ့ အမျိုးသမီးက တော်တော် ငယ်သေးတာပဲနော် ” “ နောက်တစ်ယောက် မဟုတ်ပါဘူးနော် ” ဆိုပြီး နောက်တီးနောက်တောက် နဲ့ စုံနေတာပဲ ။ တစ်ယောက် တစ်မျိုး ပြောနေကြတာလေ ။ ခင်ဝင်း လည်း လက်ဖျား ခြေဖျားတွေ အေးစက်လို့ပေါ့ ။ အားလုံးကတော့ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေတွေပါပဲ ။ ခင်ဝင်းတော့ အားလုံးကို ပြုံးပြမိသလား ၊ ခေါင်းညိတ်မိသလား မသိတော့ ပါဘူး ။ ရှိန်းတိန်းဖိန်းတိန်း နဲ့ ။ ခင်ဝင်း က သာ ဗြူတီပါလာ မှာ အသေအချာ ပြင်လာခဲ့တာ ။ တချို့ စာရေးဆရာမတွေ ဆို သိပ်တောင် မပြင်ထားပါဘူး ။ ကပိုကရိုလေးပါပဲ ။ ဒါပေမဲ့ ခင်ဝင်း ပျော်တယ် ။ ပြင်ရကျိုး နပ်တယ်လို့ ထင်တယ် ။ ခင်ဝင်း အခုမှ စပြီး ပွဲတက်ဖူးတာကိုး ။

ဟိုလူကြီး ကတော့ ဘယ်သူ့ ဆီက ငှားလာမှန်း မသိဘူး ။ ကင်မရာ တစ်လုံးနဲ့ ဟိုစားပွဲဝိုင်းမှာ ရိုက်လိုက် ၊ ဒီစားပွဲဝိုင်း မှာ ရိုက်လိုက် ၊ မင်္ဂလာဇနီး မောင်နှံ နဲ့အတူ တွဲပြီး ခင်မင်သူတွေကို တစ်ပုံပြီး တစ်ပုံ ခလုတ်နှိပ်လိုက် ၊ ရိုက်လိုက် နဲ့ ခင်ဝင်း အနားမှာ မရှိ သလောက်ပါပဲ ။ တခြား လူတွေ ကလည်း မင်္ဂလာခန်းမ ထဲမှာ ဖျတ်ခနဲ ၊ ဖျတ်ခနဲ မီးလင်းလာပြီး ဓာတ်ပုံတွေ ရိုက်နေကြလေရဲ့ ။ ခင်ဝင်း လည်း အားလုံးကို တအံ့တသြ ငေးပြီး ကြည့်နေရလို့ ဟိုလူကြီး ခင်ဝင်း ကို ဓာတ်ပုံရိုက်သလား ၊ မရိုက်မိသလားတောင် သတိ မထားမိအောင်ပါပဲ ။ နောက်ကျတော့ သူ ပြောပြတာက ဒီဓာတ်ပုံတွေနဲ့ သတင်းဆောင်းပါး ရေးမလို့ ဆိုလား ။

အိမ်ပြန် ရောက်တော့ ဘာစိတ်ကူး ပေါက်သလဲမသိဘူး ။

“ မင်းကို ဒီ အဝတ်အစားနဲ့ ဓာတ်ပုံ ရိုက်ပေးမယ် ... အဝတ်အစား မလဲနဲ့ဦး ”

အို ... ခင်ဝင်း ဝမ်းသာလိုက်တာ .. အံ့ဩတာလည်း အရမ်းပဲ ။ ခင်ဝင်း ဘဝမှာ စတိုင်နဲ့ မလိုင်နဲ့ ဝတ်ပြီး ဓာတ်ပုံ တစ်ခါမှ မရိုက်ဖူးဘူး ။ ခုတော့လည်း ကိုယ့်ယောက်ျား ကိုယ်တိုင် ရိုက်ပေးမယ် ဆိုတော့ အတိုင်းထက် အလွန်ပေါ့ ။ ဟိုလူကြီး ကတော့ ခင်ဝင်း လှနေလို့ အပြတ် ခိုက်သွားပုံရတယ် ။ ဟိုလူကြီး ရွေးပေးတဲ့ နေရာမှာ ခင်ဝင်း ရပ်တယ် ။ မျက်နှာ မထားတတ်တော့ ဟိုလူကြီးက ပြင် ပေးတယ် ။ မေးကလေးကို ကိုင်ပြီး မျက်နှာကို နေရာချတယ် ။ ပြီးတော့ ခင်ဝင်း ရှေ့မှာ သူ ကုန်းလိုက် ၊ ကွလိုက် ၊ ရှေ့တိုးလိုက် ၊ နောက်ဆုတ်လိုက် လုပ်တယ် ။ ကင်မရာနဲ့ အကြာကြီး ချိန်တယ် ။

“ ရိုက်မယ် ရယ်ဒီ ... ပြုံးပြုံးလေး နေ ” လို့ ပြောတယ် ။

ခင်ဝင်းလည်း အိုက်တင် လုပ်လိုက်တာပေါ့ ။ ဖျတ်ခနဲ မီးလင်းသွားတယ် ။ မီးလင်းသွားတာနဲ့အတူ ခင်ဝင်း ရင်ထဲလည်း ထိတ်ခနဲ တုန်သွားတယ် ။ ကင်မရာကို သူ ဖွင့်ကြည့်တယ် ။ ခင်ဝင်း ကို လည်း ..

“ လာကြည့် ” တဲ့ ... ။

ကင်မရာ အကွက်သေးသေး ထဲမှာ ခင်ဝင်း ပုံ ပေါ်လာတယ် ။ ဘယ်လိုကြီးလဲ ဝါးတားတား ပုံကြီး ၊ မထင်မရှား နဲ့ ။

“ ဟင်.. ဘယ်လိုလဲ .. ပုံ ကလည်း မှုန်ဝါးဝါးကြီးပါလား ”

ခင်ဝင်း ပြောတော့ အတော် ညစ်သွားပုံရတယ် ။ ခေါင်းတစ်ချက် ကုတ်ပြီး ...

“ နောက်တစ်ခါ ထပ်ရိုက်မယ် ။ ခုနက နေရာမှာ ပြန်ရပ် ” တဲ့ ... ။

ခင်ဝင်း အိုက်တင် ပြန် လုပ်ရတာပေါ့ ။ ချွေး တွေကလည်း နဖူးက ၊ လည်ပင်းက ၊ ကျောက တဒီးဒီး ကျလာတယ် ။ စိတ်လှုပ်ရှားတာရော ၊ မဝတ်ဖူး ၊ မစားဖူးတဲ့ ခပ်ကျပ်ကျပ် အင်္ကျီကြောင့်ရော ၊ ဘာရော နဲ့ ရောပေါင်းစုံက ခင်ဝင်း ကို နှိပ်စက်လာတော့တယ် ။

“ ကဲ.. ပြုံးပြုံးလေး .. ရယ်ဒီ ... ရိုက်မယ် ”

ဟိုလူကြီး အသံကြောင့် ခင်ဝင်း အလှဆုံး ပြုံးလိုက်တယ် ။ အရေးထဲ နဖူးက ချွေးစက်က စီးကျလာပြီး မျက်လုံးထဲ ဝင်သွားလို့ မျက်တောင် တစ်ချက် ခတ်မိပါတယ် ။ ကင်မရာ က ဖျတ်ခနဲ မီးလင်းတော့တာပဲ ။ တိုက်ဆိုင်ပုံများ မပြောချင်တော့ပါဘူး ။

ဒီတစ်ခါလည်း ကင်မရာဖွင့်ကြည့်တော့ ... ထင်တဲ့အတိုင်း မျက်လုံးမှိတ်လျက်ကြီး ။ ပိတ်ပိတ်ကြီး ။

“ ခင်ဝင်း ... ဘယ်လိုဖြစ်လို့ မျက်စိက မှိတ်သွားရတာလဲ ”

“ သိဘူးလေ ”

ခင်ဝင်း စိတ်အိုက်အိုက်နဲ့ အငေါ်တူးပြီး ဖြေလိုက်တယ် ။ ဟိုလူကြီးလည်း စိတ်မရှည်တော့ဘူး ထင်ပါရဲ့ ။ လက်ချောင်းနဲ့ သူ့ ဆံပင်တွေကို ထိုးဖွပစ်နေတယ် ။

“ ပြန်နေ .. ပြန်နေ ဒီတစ်ခါနောက်ဆုံးပဲ... ။ အချိန်မရှိဘူး ၊ စာတစ်ပုဒ် လက်စသတ်ရဦးမယ် .. ” တဲ့ ။

ခင်ဝင်းလည်း ဈေးထွက်ရဦးမှာ ။ သူ ချည်းပဲ အလုပ်ရှိတာ ကျနေတာပဲ ။ ဖြစ်နေလိုက်တာ ။ အမြင်ကတ်ဖို့ ကောင်းတယ် ။ စောစောက လိုပဲ အိုက်တင်ပြန် လုပ်ရတာပေါ့ ။ သုံးကြိမ် ရှိသွားပြီ ဆိုတော့ ခင်ဝင်း အိုက်တင်က သိပ် လုပ်စရာ မလိုတော့ဘူး ။ အလွယ် လေးပဲ ။ သူ ပြုံးလို့မ ပြောခင် ခင်ဝင်း ပြုံးရုံ မကဘူး သွားပါ ပေါ်အောင် ပါးစပ်ကြီး ပါ ဖြဲထားလိုက်တယ် ။ ခင်ဝင်း မှာ သွားတက် လှလှလေးတွေ ရှိနေတာပဲ ။ မေ့ နေလိုက်တာ ။ တော်ပါသေးရဲ့ ။ ပျက်သွားတဲ့ ပုံတွေ ကိုတောင် ကျေးဇူးတင်ရဦးမယ် ။

နောက်ဆုံး အချိန်ကျမှ ကံကောင်းလို့ သတိရ သွားတာ ။ သွားတက်လေး ပေါ်အောင် ရယ်နေတာ ဘယ်လောက်များ လန်းမလဲလို့ ။ ဈေးထဲက ကောင်မတွေ ကို အပြတ် ကြွားလိုက်ဦးမယ် ။ ပြီးတော့ ဓာတ်ပုံ မှန်ပေါင်တွေ ရောင်းတဲ့ ကိုဘာဘူကြီး ဆီမှာ မှန်ပေါင်လှလှ ဝယ်ပြီး ဓာတ်ပုံကို ထည့်ပစ်ဦးမှာ ။ ပြီးတော့ အိမ်ရှေ့ခန်းမှာ ချိတ်ထားလိုက်ဦးမှာ ။ အတွေးတွေနဲ့ ရင်ခုန်လှုပ်ရှားနေတဲ့ ခင်ဝင်း ကို ဟိုလူကြီး အသံက အပိုင်းပိုင်း အတစ်တစ် ဖျက်ဆီးပစ် လိုက်တော့တာပဲ ။ စိတ်ကူး အပျော်တွေ ကလည်း တစ်စစီ ။ တစ်စစီ ပဲ့ကျ ကုန်တော့တယ် ။

“ ဓာတ်ခဲ ဒေါင်းသွားပြီဟေ့ ။ ရိုက်လို့ မရတော့ဘူး ”

သွားပါပြီ .. ခင်ဝင်း အိုက်တင်တွေ သွားတက် ပေါ်အောင် ဖြဲထားလိုက်ရတဲ့ ပါးစပ်ကြီး ... ရွဲ့သွား အောင် ခင်ဝင်း လုပ်ပစ်လိုက်တယ် ။ သူများတွေကို ရိုက်နေတာ ကျတော့ တဖျတ်ဖျတ်နဲ့ ။ ကိုယ့် အလှည့်လည်း ကျရော ဓာတ်ခဲ ဒေါင်းသွားပြီတဲ့ ။ ကောင်းရော ။ တကယ်ပဲ ခင်ဝင်း အူယားလိုက်တာ ။ ဟောဒီ ပါးစပ်ကြီးနဲ့ အပြည့် ပြောချင် ဆိုချင် လိုက်တာ မပြောပါနဲ့ တော့ ။ ပွစိပွစိ တော့ ပြောပစ်လိုက်တယ် ။ ဟိုလူကြီး ကြား မကြားတော့ မသိနိုင်ဘူး ။

“ သုံးစား မရတဲ့ ကင်မရာမင်း ... ဖွတ်ကျား ”

▢ မေဇွန်အေး
📖 ကလျာ မဂ္ဂဇင်း
     ၂၀၁၁ ၊ မတ်လ

No comments:

Post a Comment