❝ ချစ်ခြင်းမှ အပ ❞
( ပိုင်ဒွေး - သင်္ချာ )
ဘဝရဲ့ကြမ်းပြင်ကို ခိုင်မာစွာတည်ဆောက်ချင်ပါတယ် မြပဝါ ။ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု မရခင်မှာ ခံနိုင်ရည်ရှိပါ့မလားလို့ ကြောင့်ကြနေမိတယ်လေ ။ အတိမ်အနက်ကို မစူးစမ်းဘဲနဲ့ မျက်လုံးစုံမှိတ်ထားဖို့ မတောင်းဆိုချင်ပါဘူး ။ အပြောင်းအလဲတစ်ခုရဲ့ ဖြစ်စဉ်တိုင်းမှာ အချိုးအကွေ့ ၊ အထစ်အငေါ့တွေနဲ့ မညီညာတတ်ဘူးဆိုတာ နားလည်တန်ကောင်းပါရဲ့ ။ အဲဒီဖြစ်စဉ်ရဲ့ ဆုံမှတ်တစ်ခုမှာ လာကြုံဆုံရတာကို တိုက်ဆိုင်မှုလို့ပဲ ပါးပါးလေး သုံးသပ်ချင်မိတယ် မြပဝါ ။
ဖန်တီးရယူလို့ မရတဲ့အကြောင်းတရားနဲ့ ပြောင်းလဲသွားရတဲ့ အကျိုးတရားကို ကျွန်တော်တို့ လက်ခံရမှာပေါ့ ။ ကမ္ဘာမြေ နဲ့ ငလျင် ၊ မုန်တိုင်းကို လူတွေ မဖန်တီးနိုင်ကြဘူး ။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ငလျင် ၊ မုန်တိုင်း ဖြစ်ပေါ်မှုက လူတွေနဲ့ ဆက်စပ်သတဲ့ ။ မျောက်ကို ဖန်တီးနိုင်စွမ်း မရှိတဲ့ လူတွေကပဲ မျောက်က ဆင်းသက်လာပြန်ရော မဟုတ်လား ။ ဆက်နွှယ်မှုနဲ့ သက်ဆင်းခြင်း သဘောကို မြပဝါ ရေးရေးလေး မြင်မိမှာပါနော် ။
တကယ်တော့ မြပဝါဟာ ကျွန်တော် ဆင်းသက် မသင့်တဲ့ ကွင်းတစ်ကွင်းပါပဲ ။ ရာသီဥတုဆိုးရွားလို့ ၊ စက်ချို့ယွင်းလို့ ၊ ငှက်အုပ်နဲ့ တိုက်မိလို့ ၊ ပြာငွေ့တွေနဲ့ တိုးမိလို့ဆိုပြီး အကြောင်းပြချက်တွေနဲ့ နီးစပ်ရာကွင်းကို ဆင်းသက်ခဲ့ရတဲ့ လေယာဉ်မျိုး ကျွန်တော် မဟုတ်တာ အမှန်ပါ ။ ကျွန်တော်ဟာ ခရီးရှည်ကို ရာသီဥတုသာယာစွာနဲ့ ဖြတ်သန်းချင်သူပါ မြပဝါ ။ ကိုယ့်ရဲ့ ပေါ့လျော့မှုမပါဘဲ မြင်ကွင်းတွေရှင်း ၊ ပြေးလမ်းကို ချိန်သားကိုက် ပြီးမှ မြပဝါ နားကို ညင်သာစွာ ဆင်းခဲ့သူပါ ။ လေဆိပ်ရဲ့ ခမ်းနားထည်ဝါမှုကို ကျွန်တော့် ရည်ရွယ်ချက်ထဲမှာ ထည့်သွင်းတွက်ချက်မှု မရှိတာ သံသယ ရှင်းပါတယ် ။ ဒါဆိုရင် မြပဝါနေတဲ့ အိမ်လှလှ ၊ အညောင်းပြေတောင်လျှောက်လို့ရတဲ့ ခြံဝင်း ၊ သစ်လွင်လှပတဲ့ ကား ၊ လည်တိုင်ကြော့ကြော့က ရွှေဖြူကြိုး ၊ နားပါးပါးထက်က စံကွက်တွေ ပါတဲ့ စိန်နားကပ် ၊ အိမ်နေရင်း ဝတ်ထားလေ့ရှိတဲ့ ကျောက်စိမ်းလက်ကောက်ဟာ ကျွန်တော်နဲ့ သီးခြားစီပဲလေ ။ ဦးနှောက်စေခိုင်းရာမှာ နှလုံးသားက လိုက်ပါနေရင်တော့ မြပဝါရဲ့ ရုပ်ဝတ္ထုတွေကို စိတ်ကူးနဲ့တင် တစ်ဝက်ပိုင်ဆိုင်လောက်ပါပြီ ။
ကျယ်ပြောလှတဲ့ နှလုံးသားကွန့်မြူးမှုမှာ အကန့်အသတ်ရှိပါသလား မြပဝါ ။ ကျွန်တော်က ရိုးရိုးရှင်းရှင်းပဲ ကြည့်တတ်တာမို့ မြပဝါ ရဲ့ ရင်ထဲကို မြင်မိတာလေ ။ စည်းကမ်းမဲ့ ခွေးတစ်ကောင်ကို စက်သံမညီတဲ့ ဆိုင်ကယ်နဲ့ တိုက်မိရင်း တိမ်းမှောက်သွားတဲ့ နေ့တစ်နေ့ကို အမှတ်ရမိတယ် ။ ကြေမွသွားတဲ့ ဒူးကာ ၊ ကွဲသွားတဲ့ မီးခွက် နှမြောစွာ ကြည့်ရင်း လူးလိမ့် ထလာရတဲ့ ကျွန်တော့်ကို အိမ်ပေါ်က လှမ်းကြည့်နေတယ် ဟုတ်လား မြပဝါ ။ အဲဒါကို ဂရုမထားမိသလို ဒဏ်ရာတွေ ကိုလည်း ဂရုမစိုက်မိတာ အမှန်ပါ ။ ဆိုင်ကယ်ဆီမှာပဲ စိတ်ရောက်နေခဲ့တာလေ ။ ဒီလိုပါပဲ မြပဝါရယ် ။ မပြည့်စုံသူ တစ်ဦးရဲ့ ဆုံးရှုံးမှုဟာ သူများ တကာထက် ပိုပါတယ် ။ ကြေကွဲစရာ မဟုတ်ပေမဲ့ လိုအပ်ချက်တွေ အမြဲရှိနေတဲ့ ကျွန်တော့် အတွက်က ဒဏ်ရာ ရရှိမူဟာ ဒုတိယနေရာမှာပါ ။
“ ရှင်ကလည်း ဆိုင်ကယ်ကိုပဲ ကြည့်နေတယ် ။ ကိုယ့်ဒဏ်ရာကို ပြန်ကြည့်ဦး ”
မြပဝါရဲ့ ကရုဏာသံကို ပထမဦးစွာ ကြားရခြင်း ပါ ။ ဒါဟာ ဖြစ်လေ့ရှိတဲ့ အဖြစ်ထဲက တစ်ခုပါပဲလေ ။
“ ရော့ ဒီမှာ အရက်ပြန် နဲ့ ပလတ်စတာ ၊ လိမ်းဆေးက ဒီထဲမှာ ။ ဒဏ်ရာကို ရေနဲ့ အရင်ဆေး ၊ ဆောင်းတွင်းကြီးနော် အနာရင်းလိမ့်မယ် ၊ ဟုတ်ပြီလား ။ ဂွမ်းလောက်တော့ အိမ်မှာ ရှိမယ်ထင်တယ် ”
ကျွန်တော့်ကို ပြောတဲ့ စကားတွေက သတိပေးသံလား ၊ အမိန့်ပေးသံလား ဆိုတာ မတွေးတတ်ဘူး ။ ကျေးဇူးတင်ကြောင်း မပြောဖြစ်ခဲ့တာ ဝေဝါးသွားတဲ့ စိတ်ကြောင့် ထင်ပါရဲ့ဗျာ ။ လေးဖြူ သီချင်းထဲကလို ခဏလေးပါပဲ မြပဝါ ။ ဆိုင်ကယ်ကို မဖြစ်ဖြစ်အောင် ပြန်မောင်းခဲ့ပြီး အိမ်ပြန်ရောက် ဆေးထည့်ပြီးတဲ့အထိ မြပဝါ ခေါင်းစဉ်အောက်မှာ အဖြေတွေ ရေးခြစ်နေမိတယ် ။ မျက်နှာလေးက ရိုးရိုးလေးပါပဲ ။ ပြင်ဆင်ထားပုံက သာမန်ပါ ။ အသံကလည်း ပုံမှန်ပါ ပဲလေ ။ ကျွန်တော်ဟာ ဖြေစရာ မလိုတဲ့ မေးခွန်းကိုမှ ဘာကြောင့် ရွေးချယ်ဖြေချင်နေမှန်း မသိဘူးဖြစ်နေရဲ့ ။
••••• ••••• •••••
မျိုးရိုးဗီဇ ရိုက်ခတ်မှုကို မျိုးဆက်တွေက အနည်းအများ ခံစားရတတ်သတဲ့ ။ မြပဝါ ကျတော့ ဘယ်လိုပါလိမ့်လို့ မတွေးချင်ဘူး ။ ဒါပေမဲ့ သက်ရောက်မှုအငွေ့အသက်နဲ့အတိုင်းအတာကို ဆန်းစစ်နေမိတယ် ။ ကျွန်တော့် စိတ်ထဲမှာ အံ့သြစွာ လက်ခံနေပေမဲ့ ဒီလိုမျိုးက ရှားတယ်လို့ မသတ်မှတ်ချင်ဘူး ။ ကိုယ့်လို မွန်းကျပ်နေရတဲ့ ဘဝထဲမှာ နောက်ထပ် တစ်နေရာစာက ဘယ်လိုမှ မဖြစ်နိုင်တာပါ ။ ပုံဖော်ခွင့် မရှိမှန်းလည်း နားလည်မိတယ် ။ ဆက်စပ်နိုင်ဖို့ဆိုတာ ရေးရေးလေးမှ နည်းလမ်းရှာလို့ မရဘူး မြပဝါ ။ ဆုံတွေ့မှု ၊ တိုက်ဆိုင်မှုတိုင်းကို ရေစက်လို့ မယူဆချင်ပေမဲ့ ဒုတိယအကြိမ် မြပဝါ နဲ့ တွေ့ဆုံမှုဟာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကွာခြားမှုလေးကိုတော့ ကျဉ်းမြောင်းသွားစေတဲ့ နိဒါန်းအစမှန်း သိလိုက်ရ တယ်လေ ။
“ သူငယ်ချင်း ”
“ ဟင် နောင်နောင် ”
ဆယ်တန်း အတူတက် ၊ စာမေးပွဲ အတူဖြေပြီး ပြောင်းသွားသော သူငယ်ချင်း ။ မတွေ့ဖြစ်ကြတာ တော်တော်ကြာပြီ ။ ငယ်သံယောဇဉ်ထက်ပိုတဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ နှစ်ယောက် ကြားမှာ ရှိပြီးသားပဲ ။
“ မင်း ဘာလာလုပ်တာလဲ ”
“ အမေ ဆေးရုံ တက်နေရတယ်ကွာ ၊ အသည်းလို့ပြောတာပဲ ”
“ ငါ ဒီဆေးရုံရောက်တာ နှစ်ရက်ပဲ ရှိသေးတယ် ၊ ရောက်ရောက်ချင်း လာချင်တာ ၊ မင်းကိုလည်း သတိရတယ် ၊ အရင်အိမ်ပဲ မဟုတ်လား ”
ခေါင်းညိတ်မိရင်း နောင်နောင် ခေါ်ရာသို့ လိုက်ခဲ့မိတယ် ။ ဆရာဝန်တွေ နားနေခန်းမှန်း ကျွန်တော် သိတာပဲလေ ။ နောင်နောင်လည်း ဆရာဝန်ဘဝနဲ့ တော်တော် ကျင်လည် နေပြီပဲ ဆိုတဲ့ စိတ်က ရင်ကို နာကျင်စေမိတယ် ။ ဒီလိုနေရာမျိုးကိုမှ ရောက်ခွင့် မရှိတာ ။ နောင်နောင့်လို ဖြစ်ခွင့်မှ မရှိတာ ။ ဆေးရုံနံ့ သဲ့သဲ့က ရင်ကို စူးစူးရှရှနဲ့ ။ ကျွန်တော်ဟာ နောင်နောင်ရဲ့ ဂျူတီကုတ်ကို ကြည့်ပြီး အားနာနေမိတယ် ။ အဲဒီ အားနာခြင်း ၊ သိတတ်ခြင်းကပဲ ကျွန်တော့်ကို ယနေ့ထက်ထိ နှိပ်စက်နေတယ်လေ ။
“ ဒေါက်တာ ”
လှည့်အကြည့်မှာ မျှော်လင့် မထားတဲ့ ပုံရိပ်ကို ထပ်မံ တွေ့ရှိရတယ် ။ အံ့သြစရာပါ ။ ကျွန်တော်ကလည်း အနိမ့်ပိုင်းမှာပဲ နေသားကျနေတယ် ထင်ပါရဲ့ဗျာ ။ ဒါမှမဟုတ် ကိုယ်တိုင်ကလည်း ဆင်ခြင်ဉာဏ် နည်းတယ်လို့ ထင်ပါရဲ့ ။ ပြောပုံဆိုပုံတွေကို တွက်ဆသင့်တယ် မဟုတ်လား ။ ဖြစ်ပျက်ခဲ့တဲ့ အတိတ်အတွက် ကျွန်တော် မေ့နိုင်အောင် ကြိုးစားမိရင်းက မေ့နေခဲ့တာပါ ။ အမှန်ကန်ဆုံး စွန့်စားမှုကို ပြုခဲ့ရတာပဲ ။
“ ဒါ ကျွန်တော့် သူငယ်ချင်း နေမျိုး ၊ စာကြမ်းပိုး နေမျိုးလို့ ခေါ်ကြတာ ။ ဆယ်တန်းမှာ ... ”
“ လာကွာ နောင်နောင် အမေ့ကို သွားကြည့်ရအောင် ”
ကျွန်တော် စကားဖြတ် ပြောမှန်းသိတာပေါ့ ။ အတိတ်ကို တူးဆွခွင့် ရှိပေမဲ့ လက်ရှိမှာမှ အကျိုးမဖြစ်တော့တာ ။ အသိမှတ်ပြု ခံရဖို့ ဒီအခန်းထဲ ရောက်နေတာမှ မဟုတ်ဘဲ ။ နောင်နောင်ရဲ့ စကားဆက် နောက်ခံ သမိုင်းဟာ အဓိပ္ပာယ်တွေ ရှိနေမှာကို သိမည်မှာ မလွဲဘူးလေ ။ ထားခဲ့ ရတဲ့ အချိန်တွေက လွမ်းမောဖွယ်ရာမှ မကောင်းဘဲ ။ ကိုယ်တိုင်လည်း မေ့မေ့လျော့လျော့ပါ ။
“ ခဏလေးပါကွာ ၊ သူက ဒေါက်တာ မြပဝါ ၊ အသည်းအထူးကုလေ ၊ ဒါ ကြောင့်မို့ မိတ်ဆက်ပေးတာ ”
အမေ့အတွက် လိုအပ်မှု ရှိနေခြင်းကြောင့်သာ ငြိမ်သက်နေမိပေမဲ့ ကြာကြာ မနေချင်ဘူး ။ စိတ်ရှည်စွာ ရှင်းပြတဲ့ စကားတွေကို နားထောင်နေဖြစ်ခဲ့တယ် ။ နောင်နောင့် ရှေ့တွင် ကျွန်တော်တို့ တွေ့ဆုံခဲ့ဖူးကြောင်း မပြောဖြစ်ကြဘူး ။ ဒါဟာ လျှို့ဝှက်ချက် မဟုတ်သလို ညှိနှိုင်းမှုလည်း မပါဝင်တာကိုတော့ သံသယကင်းမိတယ် ။ ဆရာဝန်ဦးနှောက်ပဲလေ ။ မှတ်မိမှာပါ ။ ကျွန်တော် ရိုင်း ပျသွားသလား မြပဝါ ။ ကျေးဇူးစကား မဆိုဖြစ်တဲ့ ပထမအဖြစ်နဲ့ တခုတ်တရ မရှိတဲ့ မိတ်ဆက်ခြင်းကို ဘယ်လို မြင်မလဲ မသိဘူးနော် ။
မြပဝါ နေရာမှာ တခြား ဆရာဝန်ဆိုရင် ကျွန်တော် တရင်းတနှီးနဲ့ ဆက်ဆံမိမှာ အမှန်ပါ ။ ခုတော့ မြပဝါရယ် ။ နဂိုကတည်းက လိပ်ပြာမလုံသူ အနေနဲ့ ရှိနှင့်ခဲ့တာလေ ။
••••• ••••• •••••
ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ ဆေးအမှတ်ထက် ကျော်လွန်ခဲ့သူက ဘော်ဒါတစ်ခုမှာ အချိန်ပိုင်းဆရာ ဖြစ်နေသတဲ့လား ။ ဘဝရပ်တည်မှု ပုံစံတွေက မတူဘူး မြပဝါ ။ ကျွန်တော့် ရုန်းကန်မှုကို လေးစားသတဲ့လား ။ ကျွန်တော့် အိမ်ကလေးမှာပဲ အတူစားသောက် ၊ စာလုပ်ရင်း နောင်နောင် ဆရာဝန် ဖြစ်သွားခဲ့တာ မှန်ပေမဲ့ ပံ့ပိုးမှုဟာ အဖြူထည်သက်သက်ပါ ။ အမေက နောင်နောင့်ကို ကျွန်တော့်လိုပဲ ချစ်လို့ လက်ခံခဲ့တာလေ ။ အမှတ်တရရှိသူ စာရင်းမှာ ကျွန်တော်နဲ့ အမေ ပါဝင်ချင် ပါဝင်ပါ့မယ် ၊ ကျေးဇူးရှင် အဖြစ်တော့ မခံယူချင်ဘူး ။ ရိုးသားတဲ့ စာကြမ်းပိုးနားကို နောင်နောင့် မိဘတွေက ချဉ်းကပ်စေခဲ့တာပါ ။ ပြီးတော့ အမေကလည်း အသင်အပြ ကောင်းတဲ့ စွယ်စုံရ ဆရာမ တစ်ဦး မဟုတ်လား ။ သတ်မှတ်စည်းကမ်းတွေနဲ့ အိမ်ကို ဘော်ဒါဆောင်လို နေခဲ့ကြတာလေ ။
နောင်နောင့်လက်ကို အမေက ဆုပ်ကိုင်ပြီး မျက်ရည်လည်နေခဲ့သလို နောင်နောင် ကိုယ်တိုင်ကလည်း တုန်ယင် နေခဲ့တာ ကျွန်တော်တို့ သုံးယောက်ရဲ့ သံယောဇဉ်တွေပါ ။ အမေ့မျက်ရည်ထဲမှာ ကျွန်တော့် အတွက်လည်း ပါမယ်ထင်ပါရဲ့ မြပဝါ ။
“ ကိုနောင်နောင်နဲ့ ဆေးကျောင်း အတူတက်ဖို့ တိုက် တွန်းသေးတယ်ဆို ”
“ ... ”
“ သူ့မိဘတွေရဲ့ ပံ့ပိုးပေး မှုကို လက်မခံဘူးဆိုတာ ဟုတ်လား ကိုနေမျိုး ”
ကျွန်တော် ခေါင်းညိတ်ရုံပဲ ရှိတာပါ မြပဝါ ။ နောင်နောင့် မိသားစုက မြပဝါ တို့လို အလျှံပယ်မှ မရှိတာ ။ ဝန်နှစ်ခု ထမ်းရမယ့် အခြေအနေကို လူသားဆန်စွာနဲ့ ငြင်းမိခဲ့တယ် ။ စိတ်မကောင်းခြင်း တစ်ဖက်မှာ နောင်နောင့် အတွက် ဝမ်းသာနေမိခဲ့တယ် ။ နောက်တစ်ချက် ရှိသေးတယ် မြပဝါ ။ အသက်ကြီးမှ အိမ်ထောင်ကျပြီး နောက်ကျစွာနဲ့ မွေးဖွားခဲ့ရတဲ့ ကျွန်တော်ဟာ အဖေနဲ့ ဆယ်နှစ်သာသာလေးပဲ နေလိုက်ရတယ် ။ အမေ့ ရုန်းကန်မှုကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရတာ ။ စဉ်းစားကြည့်ပါဦး မြပဝါရယ် ၊ ဆရာဝန်ဖြစ်ဖို့ တစ်ခုတည်းနဲ့ မုဆိုးမ အမေကို ထားရစ်ခဲ့ရမှာလား ဟင် ။ နောက်နှစ်လောက်မှာ အငြိမ်းစားယူတော့မယ့် အမေ့ကို ပြုစုစောင့်ရှောက်ရမယ့် တာဝန် မရှိတော့ဘူးလား ။ မတွေးအပ်တဲ့ အမေ့သက်တမ်းကို တွက်ဆနေမိတာလည်း ပါတာပေါ့ မြပဝါ ။ ဘဝထဲမှာ သတ်မှတ်ပေးလိုက်တဲ့ကြမ္မာကို ဆန့်ကျင်နိုင်စွမ်း မရှိခဲ့ဘူး ။ အလိုလို ဖြစ်သွားမှာပဲဆိုတဲ့ ပေါ့ပြက်ပြက်အတွေးနဲ့ နောင်တတွေကို မကြိုဆိုချင်ဘူး မြပဝါ ။ ကိုယ့် အနာဂတ်ကို ကြိုတင်ဖတ်ရှုခွင့်ရခဲ့ပေမဲ့ ဆယ်တန်းမှာ ကျွန်တော် ကြိုးစားခဲ့တယ် ။ ဘဝထဲက မှတ်တိုင်ကို ကောင်းစွာ စိုက်ထူနိုင်ခဲ့တယ်လေ ။ အောင်စာရင်း ထွက်တဲ့ နေ့က ကျွန်တော့်ကို ဖက်ပြီး အမေ ငိုလိုက်တာဗျာ ။ အဲဒါဟာ ငြင်းဆန်ရတော့မယ့် အခြေအနေတွေ အတွက် အားဆေးဖြစ်ခဲ့ရုံမက အမေ့ နားမှာပဲ နေနိုင်ဖို့ကိုလည်း စေ့ဆော် ပေးခဲ့တယ် ။
အဲဒီ စိတ်ဓာတ်ကို အထင်ကြီး သတဲ့လား မြပဝါ ။ ကျွန်တော့်ကို စောစီးစွာ မှတ်ချက် မပေးသင့်သေးပါဘူး ။ ပြီးတော့ ရင်းနှီးမလာသင့်ဘူး ။
“ ဆိုင်ကယ်နဲ့ သွားတာ မမြင်ရတော့သလိုဘဲ ”
မြပဝါ ရယ် ... ။ ကျွန်တော့်ရဲ့ လိုအပ်ချက်ထဲမှာ အဲဒီ စက်ပစ္စည်း ပါဝင်ပေမဲ့ တစ်ခုကို ရွေးချယ်ဖို့ တစ်ခုကို စွန့်လွှတ်ရစမြဲပါ ။ ပျက်စီးသွားတဲ့ ဆိုင်ကယ်လေး ပြင်ပြီးခါစမှာပဲ အမေ ဆေးရုံ တက်ခဲ့ရတာလေ ။ တစ်လမှ တစ်ခါရတဲ့ လုပ်ခရဲ့ စီးဆင်းမှုဟာ ရက်ပေါင်းသုံးဆယ် ကိုပဲ ကျော်ဖြတ်ခွင့် ရှိတာပါ ။ အမေ့ ပင်စင်လစာ ကလည်း သာမန် လည်ပတ်ရုံနိုင်လေးပါ ။ ပိုလျှံမှုရဲ့ တန်ဖိုးကို မပြည့်စုံတဲ့ ကျွန်တော်က တန်ဖိုးထားတတ်ပေမဲ့ ၊ အမြဲ နားလည်ပေမဲ့ ပိုလျှံမှုက ယနေ့ထက်တိုင် နားမလည်ပေးဘူး မြပဝါ ။
“ အမေ ဆေးရုံတက်ဖို့ ရောင်းလိုက်ရတယ် ဒေါက်တာ ”
ရုတ်ခြည်းပြောင်းလဲ သွားတဲ့ မြပဝါ မျက်နှာဟာ ဟန်ဆောင်မှု ကင်းနေတယ်နော် ။ ကျွန်တော် ကောင်းစွာ နားလည်မိပါတယ် ။ ပြေလည်ခြင်း ၊ မပြေလည်ခြင်း ၊ ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ဆိုတဲ့ ဆန့်ကျင်ဘက် ရလဒ်တွေ ကြားမှာ ကျွန်တော်တို့ ရှိနေတာပဲ မဟုတ်လား ။ ပကတိတရားကို အမှန်အတိုင်းပဲ ရှုမြင်နေခဲ့တာ ကျွန်တော့်အကျင့်ပါ ။ အားမလို အားမရ ဖြစ်တာထက် ဖြေသိမ့်နိုင်ဖို့ကိုပဲ ကြိုးစားမိတယ် မြပဝါ ။
“ ဒေါက်တာ နောင်နောင် ကလည်း နေနိုင်လိုက်တာ ”
တစ်ကိုယ်တည်း ညည်းညူသလိုနဲ့ ပြောတဲ့ စကားကို ကျွန်တော် မသိဘဲ နေမလားလေ ။ သံယောဇဉ်နဲ့ စေတနာ စွက်ဖက်နေတဲ့စကားတွေက ရစ်ပတ်နှောင်ဖွဲ့ဖို့ ဖြစ်ခဲ့သလား မသိနိုင်ပါ ။ တိုးဝင်လာမှုအပေါ် ကျွန်တော် ဟန့်တားရမလား မြပဝါ ။ ဥပေက္ခာပြုလို့ မရတဲ့ ဆုံမှတ်လို့ပဲ ဆိုချင်မိပါရဲ့ ။
“ ကျွန်မကို ဒေါက်တာလို့ မခေါ်ပါနဲ့လားရှင် ”
“ ဟုတ်ကဲ့ မြပဝါ ” လို့ပဲ ရင်ထဲက ပြန်ပြောဖြစ်တယ် ။
••••• ••••• •••••
ဘဝရဲ့ ကြမ်းပြင် ချောမွေ့မှု အပေါ်မှာပဲ မြပဝါရဲ့ ဖြူလွလွ ခြေဖဝါးလေးကို ခြေချခွင့် ရစေချင်တယ် ဆိုရင် မြပ၀ါ ရဲ့ နှလုံးသားကို ကြိုတင် စော်ကားသလို ဖြစ်မှာ စိုးတယ် ။ ယုံကြည်မှုဟာ ခိုင်မာဖို့ အခြေတည်တယ် ဆိုပေမဲ့ တစ်ဖက်သတ် မဆန်တဲ့ ယူဆချက် အောက်မှာ မျှတစွာပဲ စဉ်းစားနိုင်ဖို့ကို လိုလားပါတယ် မြပဝါ ။ ကွာဟမှုဟာ မဆန်းပြားပေမဲ့ အဲဒါနဲ့ လူတွေက တိုင်းဆတတ်တာ သဘာဝပါ ။
“ နောင်နောင်က သားအတွက် ဆိုင်ကယ် လာပေးသွားတယ် ၊ လိုတာရှိရင် ပွင့် ပွင့်လင်းလင်း ပြောပါလို့ မှာခဲ့တယ် ”
မြပဝါရဲ့ တိုက်တွန်းမှုက အဓိက ထင်ပါရဲ့ ။ နောင်နောင်ရဲ့ သံယောဇဉ်ကြီးမှုကို နားလည်မိတယ်လေ ။ ကိုယ့်ရဲ့လိုအပ်မှု အစိတ်အပိုင်း တစ်ခု ဖြည့်ဆည်းပေးသော သူငယ်ချင်းကို ဦးစွာ ကျေးဇူးတင်နေမိတယ် ။ အခုမှပင် ကယ်ရီခ သက်သာတော့မည်လေ ။ နေစရာအတွက် ဝန်ပေါ့နေရသော ဘဝအဖြစ်က ကုသိုလ် တစ်မျိုးပါပဲ ။ တချို့က ပါးစပ်နဲ့ ကျောခင်းဖို့ကို တွေးပူနေရတာလေ ။ ဆိုင်ကယ် စီးမိပြန်တော့ မြပဝါကို သတိရမိပြန်တယ် ။ ကျွန်တော် အခါခါ မေ့ပစ်ချင်တယ် မြပဝါရယ် ။ မြပဝါ ရဲ့ ဘဝ တစ်နေရာထဲက ကွယ်ပျောက်သွားချင်တယ် ။ ဝေးဝေးမှာပဲ ကျွန်တော့်ကို ပျော်မွေ့ခွင့်ပြုပါလား ။ မြပဝါရဲ့ ကားလေးနဲ့ ကျွန်တော့် ဆိုင်ကယ်လေးဟာ ကာဗွန်ဒိုင် ထုတ်မိတာက အတူတူပါ ။ ဒါပေမဲ့ ပုံသဏ္ဌာန်နဲ့ အနှစ်သာရက အရမ်းကွာပါတယ် ။ မိုး ၊ နေ ၊ လေကာခြင်း ၊ မကာခြင်းနဲ့ ပတ်သက်ပြီး အငြင်းမပွားတာ ကျွန်တော့်ကို အားနာလို့ ထင်ပါရဲ့ ။ ခဏတာ လှိုင်းဂယက်ထဲမှာ ကျွန်တော် ဝဲလည် နေရတော့မှာလား မြပဝါရယ် ။
ဇာတ်လမ်း တစ်ခုကို ကျွန်တော် ကိုယ်တိုင်ရေး ၊ ဇာတ်ညွှန်းခွဲ ၊ ကိုယ်တိုင်ပဲ အဆုံးသတ်ရမလားဟင် ။ ပါဝင်သရုပ်ဆောင်နေတဲ့ အပိုင်းက နာကျင်လွန်းတဲ့ အခန်းကပါ ။ အထင်ကြီးမှု ၊ လေးစားမှု ၊ ကရုဏာသက်မှုတွေက အဓိက ဟုတ်တဲ့ အကြောင်းပြချက်မှ မဟုတ်တာ မြပဝါ ။ အဲဒီစိတ်တစ်စုံတစ်ရာက မြပဝါရဲ့ လွှမ်းမိုးမှုကို အာမခံနိုင်ဖို့ ခက်မှာပါ ။ ကျွန်တော်တို့ ခံစားချက်တွေကို ဖုံးဖိထားရအောင်လားဗျာ ။ ရင်နှစ်စုံရဲ့ အားပြိုင်မှုတော့ ဖြစ်နိုင်ပေမဲ့ အသိုက်အမြုံရဲ့ လွန်ဆွဲပွဲ ဖြစ်နေတယ် မြပဝါ ။ ရိုးသားမှု တစ်ခုတည်း ရှိနေတဲ့ ကျွန်တော်က မြပဝါကို ဘာတွေများ ပေးဆပ်နိုင်လို့လဲ ။ ဆေးအမှတ်မီတဲ့ ကျွန်တော်က ဆရာဝန်မှ မဟုတ်တာလေ ။ ခံစားမှုအရ စိတ်ယိုင်တာဟာ မခိုင်သူရဲ့ ဝေဒနာ တစ်ခုပါ မြပဝါ ။ ယိုင်နဲ့သူရဲ့ အပြစ် မဟုတ်ပါဘူး ။ ကျွန်တော်လည်း ယိုင်ခဲ့မိတယ် ။ မြပဝါကို မြတ်နိုးမိပါရဲ့ ၊ ချစ်ခင်မိပါရဲ့ ။ ... ရဲ့ များစွာဟာလည်း မြပဝါရင်ထဲမှာ ရှိနေမယ်ဆိုတာ ယုံကြည်မိပါတယ် ။
ခက်တယ် မြပဝါရယ် ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ခန့်က ကျောင်းသားတစ်ယောက်အဖြစ် ကို မဖွင့်ဟတော့ဘူး ။ အချိန်ပိုင်းဆရာဘဝနဲ့ မပြေလည်ရာ လမ်းမှာ ရှိနေတဲ့ သူလို့ပဲ မြင်ကြတယ် ။ မြပဝါ နဲ့ နီးကပ်မှုဟာ ကျွန်တော့် ဖြူစင်ခြင်းအတွက် အန္တရာယ်ပါ ။ တစ်မျိုး မြင်လာမှုနဲ့ အတူ ဝေဖန်မှုလည်း ပါလာကြတယ် မြပဝါ ။ အမေကတော့ မသိစွာနဲ့ မြပဝါကို နောင်နောင် နဲ့ လိုက်ဖက်တယ်လို့ ယူဆနေတယ် ။ ဒါဆိုရင် အမေ့အမြင်မှာ ကျွန်တော်ဟာ မြပဝါ အတွက် မလိုအပ်သူပေါ့ ။ နှလုံးသားအရတော့ မြပဝါ လိုအပ်မယ်လို့ ထင်မိပါတယ် ။ အထင်ဟာ လက်တွေ့မှာ မသေချာတဲ့ တွက်ဆမှု တစ်ရပ်ပါ ။
“ မောင်နေမျိုးစီးနေတဲ့ ဆိုင်ကယ်က သမီးဝယ်ပေးထားတာဆို ”
ကျွန်တော် ဘာမှ မသိခဲ့ရတာပါ မြပဝါ ။ အရောင်းအဝယ် စာချုပ်ထဲမှာ မြပဝါရဲ့ လက်မှတ်နဲ့ ဆိုင်ကယ်နံပါတ် က အတိအကျပါပဲ ။
“ မပြည့်စုံတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ တခြားနည်းလမ်းကိုပဲ သုံးသင့်တယ်လို့ အန်ကယ် နောက်ဆုံးပြောချင်တယ် မောင်နေမျိုး ”
အပြစ်မဲ့သူကို လိမ်လည်မှုကြီး ဖြစ်အောင် ဖန်တီးပေးခဲ့တာလား မြပဝါ ။ သံယောဇဉ် နယ်ကျွံခဲ့တယ် ဆိုရင်လည်း စေတနာ မပိုမိအောင် ကြိုးစားသင့်ပါတယ် ။ မြပဝါရဲ့ လျှို့ဝှက်ထားမှု အားလုံးက မသမာသူကြောင့် ပေါ်လာခဲ့ပြီလေ ။ သူဟာ ဘယ်သူ ဆိုတာထက် ကျွန်တော့် ရင်ထဲ ဘယ်လို ခံစားနေရမယ် ဆိုတာ မြပဝါ ကြိုတွေးသင့်တယ် ။ အကျိုးအမြတ်ကို တွက်ဆတတ်တဲ့သူ ဆိုရင် မြပဝါကို စောစီးစွာ ဖွင့်ပြောမိမှာပါ ။ ဘယ်အမျိုးအစား ထဲမှာ ပါတဲ့ ယောက်ျားဖြစ်အောင် သွတ်သွင်းခဲ့တာလဲ မြပဝါရယ် ။ ပူးပေါင်းကြံစည်ခြင်းလား ဒါမှမဟုတ် လက်မခံလိုသူကို လှည့်ဖြားခဲ့တာလား ဟင် ။ မြပဝါနဲ့ ရှိတဲ့ ခံစားမှုကို ဆိုင်ကယ်တစ်စီးနဲ့ တန်ဖိုး ဖြတ်လိုက်တာပဲလေ ။ ပြီးတော့ နောင်နောင် ။ သူကရော ... ။ နှလုံးသားနဲ့ ပတ်သက်လာရင် ယှဉ်ပြိုင်မှုတိုင်းမှာ စည်းဖောက်မှုရှိသတဲ့ မြပဝါ ။ ကျွန်တော် စည်းမကျော်ခင်မှာဘဲ အလဲထိုး ခံရခြင်းပါ ။ မြပဝါဟာ ဘယ်သူနဲ့မှ မတူတဲ့ စိတ်ခံစားတတ်မှု ရှိကြောင်း ၊ အဆင့်အတန်းကို မေ့ထားတတ်ကြောင်း အမေ့ကို ပြောပြဖူးတယ် ။ အမေက ဥပမာ ပေးတယ်လေ ။
မိုးကာလ ရေတွေဝိုင်း လည်နေတဲ့ ရွာလေးကို ရထား ပေါ်ကပဲဖြစ်ဖြစ် ၊ ကားပေါ် ကပဲဖြစ်ဖြစ် မြင်ရတဲ့အခါ နေချင် ၊ သွားချင် ၊ လာချင် စိတ် ခဏ ဖြစ်သတဲ့ ။ ထာဝရနေဖို့ကျတော့ စိတ်မကူးဘူးတဲ့လေ ။ မြပဝါလည်း အဲဒီလိုပါပဲတဲ့ ။ ရေတိုမှာ စိတ်ကို အဆုံးတိုင် လွှင့်ခဲ့တာလားဟင် ။ မထင်ရက်ပါဘူး မြပဝါ ။ တကယ်တော့ မြပဝါ နားကို မဆင်းသက်သင့်ဘူး ။ ခုတော့ ကွင်းရဲ့ ခမ်းနားမှုကို ခံစားနိုင်ဖို့ စွပ်စွဲမှုက ဖျက်မရတဲ့ ဒဏ်ရာပါ ။ နောင်နောင် ၊ ကျွန်တော် ၊ ပြီးတော့ မြပဝါ ရဲ့ ရင်းနှီးမှုဆက်ဆံရေးဟာ နှလုံးသားကြောင့် ပျက်လွယ်သွားတာက တကယ့်ကို စိတ်မကောင်းစရာပါ မြပဝါ ။ ဘဝကြမ်းပြင်မှာ သံချက်တွေနဲ့ ပြည့်နှက်နေဆဲပါ မြပဝါရယ် ။
▢ ပိုင်ဒွေး ၊ သင်္ချာ ၊
📖ရွှေအမြုဘေ ရုပ်စုံမဂ္ဂဇင်း
စက်တင်ဘာ ၂၀၁၅
No comments:
Post a Comment