Saturday, August 2, 2025

စိုရုံလေးပဲ


 

❝ စိုရုံလေးပဲ ❞
( ရှဉ့်ညိုလေး )

အဲသည်နေ့က ရွာနေသော မိုးသည် ဘယ်တော့မှ မစဲတော့မည့်ပုံနှင့် ဖြစ်သည် ။ ရွာနေပုံကလည်း ဘယ်တုန်းကမှ မရွာဖူးသေးသော အညာသားပုံစံနှင့် မိုး ဖြစ်သည် ။ တကယ့်ကို အုန်းအုန်းဒိုင်းဒိုင်းနှင့် ရွာနေခြင်း ဖြစ်သည် ။ ထိုနေ့သည် ... ။

••••• ••••• •••••

ထိုနေ့သည် မိုးလေဝသနှင့် ဇလဗေဒဌာနမှ မိုးရွာမည် ၊ ရွာရန်ရာနှုန်း ရှစ်ဆယ်ရှိသည် ၊ နေရာကွက်၍ မိုးကြီးနိုင်သည် စသဖြင့် ကြိုတင် ကြေညာထားသည့် နေ့လည်း ဖြစ်နိုင်သည် ။ သို့မဟုတ် ကြေညာချင်မှလည်း ကြေညာထားပေလိမ့်မည် ။ သို့သော် အမှန်တကယ် မိုးရွာခဲ့သော နေ့လည်း ဖြစ်သည် ။ သူ မယုံကြည်သည့် သတင်းများတွင် မိုးလေဝသသတင်းသည်လည်း တစ်ခု အပါအဝင် ဖြစ်သည် ။ သူ ကြားနေကျ သတင်းရပ်ဝန်း များထက်တော့ အနည်းငယ် ယုံကြည်ဖွယ် ကောင်းသည် ။ နောက်ပြီး ဒီသတင်းက ပွင့်လင်းမြင်သာသည် ။ ရွာရန်ရာနှုန်း ရှစ်ဆယ် ဆိုသော်လည်း ရွာချင်လျှင် ရွာမည် ။ မရွာလျှင်လည်း ရသည် ။ ထိုသတင်းမှား အတွက် မည်သူ တစ်ဦးတစ်ယောက်မျှ မိုးလေဝသရုံးရှေ့ သွားကာ စီတန်း ဆန္ဒပြခြင်း မရှိသည်က သက်သေဖြစ်သည် ။ သူသည် ဂျာနယ် လစ်တစ်ယောက် ဖြစ်သည် ။ သူ ကြားသိတွေ့မြင်နေရသည့် တစ်ရာ ရာခိုင်နှုန်း သေချာသည့် သတင်းများသည် ရှစ်ဆယ် ရာခိုင်နှုန်း သေချာသည်ဆိုသော မိုးလေဝသ သတင်းလောက်ပင် မှန်ကန်မှုမရှိသည်ကို တွေ့နေရသည် ။ အချိုးချ ကြည့်ရလျှင် နှစ်ဆယ်ရာခိုင်နှုန်းမျှပင် မမှန်သည်က အထင်အရှား ဖြစ်သည် ။ သတင်းဦး ၊ သတင်းထူး ဖြစ်ဖို့အတွက် သူ ကင်မရာ တကားကားနှင့် နေရာအနှံ့ ခြေဆန့်သည် ။ ရုတ်ရုတ်သဲသဲ ဖြစ်နေသော နေရာများ ၊ ကျိတ်ကျိတ်နှင့် တိုးတိုးတိတ်တိတ်လှုပ်ရှားနေသော နေရာများသို့ ရောက်ဖြစ်သည် ။

“ ဒါက ဒီလိုရှိတယ်ဗျ ၊ ဒီကိစ္စမှာ အရေးကြီးဆုံးက ... ”

ဆယ်တန်းတွင် ဓမ္မဓိဋ္ဌာန် မေးခွန်းများကို တစ်ခုမကျန် မှန်အောင် ဖြေခဲ့ဖူးသည်ဆိုသော ဓမ္မဓိဋ္ဌာန်ဆရာကြီးများ၏ သုံးသပ်ချက်များ ။

“ ကျုပ်တို့က ကိုယ်တိုင် လှုပ်ရှားနေတာဗျ ၊ ကျုပ်တို့လောက် ခင်ဗျား သိဦးမလား ”

ပြောင်ပြောင်တင်းတင်း ပြောလာသည့် လက်တွေ့သမား တစ်ယောက်၏ ခံယူသိမြင်မှုများ ။ ( ထိုသူက တကယ့်ကို ပြောင်ပြောင်တင်းတင်း ပြောခြင်းဖြစ်သည် ။ အထက်တန်းကျောင်းတွင် တစ်တန်းတည်း တက်ခဲ့ဖူး၍ ထိုသူ့ အကြောင်းကိုတော့ သူ အတော်အတန် သိသည် ။ တကယ့် လက်တွေ့သမား ဖြစ်သည် ။ တစ်ရက် သိပ္ပံလက်တွေ့ခန်းထဲတွင် မည်သည့် ဆေးရည်နှင့် မည်သည့်ဓာတ်ကို ပေါင်းစပ်ကာ လက်တွေ့ စမ်းသပ်လိုက်သည် မသိ ။ ဝုန်းဆိုသော အသံကျယ်ကြီး ကြားပြီးသည့်နောက် ဆရာ ၊ ဆရာမများနှင့် ကျောင်းသားများ ရောက်သွားချိန်တွင် ကျောင်းဓာတ်ခွဲခန်းထဲရှိ သူ့ထံတွင် မျက်တောင်မွေး မရှိ ၊ မျက်ခုံးမွေး မရှိ ၊ ဦးစွန်းဖုတ် ပင် မရှိတော့ချေ ။ ထိုစဉ်ကတည်းက ပြန်မပေါက်တော့သည့် အမွေးအမှင်များကြောင့် သူ့မျက်နှာသည် ပြောင်တင်းတင်း ဖြစ်သွားသည် ။ ယခုအချိန်ထိတိုင် ပြောင်ဆဲ ၊ တင်းဆဲ ဖြစ်သည် ။ )

“ ကလေးတောင် သိတယ်ဗျ ၊ တစ်နဲ့ တစ်ပေါင်း ရင် ... နှစ်နဲ့ တစ် ပေါင်းရင် ရလာမယ့် အဖြေတွေကို အားလုံးက သိကြပြီးသား ။ ခုကိစ္စက ဒီလောက် ကိန်းသေနေတာ ရလဒ်တွေက ဘာလဲ ၊ ဘယ်ကို ဦးတည် နေတာလဲ ၊ အရှင်းကြီးဗျ ... ”

ဖြစ်စဉ်တစ်ခုကို အတိအကျ တွက်ချက် ပြတတ်ကြသည့် ဂဏန်းကျေသည့် သင်္ချာသမားကြီးများ၏ တွက်ချက်သုံးသပ်ကြပုံများ ။ ပုံသေနည်း အမျိုးမျိုးနှင့် တွက်ချက်ကြသည့် အတွက် အဖြေတွေကလည်း အမျိုးမျိုးပင် ဖြစ်သည် ။ ထိုအဖြေ အမျိုးမျိုးမှာပင် အဖြေမှန် မဟုတ်သည့် ရလဒ်တွေချည်း ဖြစ်နေသည်က ထူးဆန်းသည် ။ ပုံသေနည်း တစ်မျိုးတည်းနှင့် အဖြေတစ်မျိုးတည်း ဖြစ်ခဲ့လျှင်တောင် ဒါဟာ အမှန်မဟုတ်ဘူး ဆိုတာ ကို သူတို့ လက်ခံလာအောင် မည်သည့် တန်ခိုးရှင်မျှ ရှင်းပြနိုင်မည်မဟုတ် ဆိုသည်ကတော့ သေချာသည် ။ ဘဝမှာ တစ်နဲ့ တစ် ပေါင်းပြီး နှစ် မဖြစ် တာတွေ ၊ နှစ် နဲ့ တစ် ပေါင်းပြီး သုံး ဖြစ်မလာသည့် ကိစ္စရပ် တော်တော်များများကို သူတို့ မသိကြ ။ သူတို့ သိသည်က သူတို့ အသုံးပြုထားသည့် စံ ၊ ပေတံ လျော့ကျ မသွားရေး ဖြစ်သည် ။ သိခဲ့ဖူးသည့် ရလဒ် အဖြေလေးများကို အသေဆုပ်ကိုင်ထားကြခြင်းဖြင့် သူတို့၏ မျက်လုံးတွေကို စုံမှိတ်ထားခဲ့ကြသည် ။ ဂဏန်းကျေသည့် ထိုသင်္ချာဆရာကြီးများအတွက် ရင်လေးသည် ။ ထို့ကြောင့် ရင်ပေါ့ စေရန်အတွက် ထိုဆရာကြီးများ အကြောင်း သူ မစဉ်းစားတော့ ။

“ ကျုပ်တို့ ဘဝက လယ် ပဲဗျ ၊ လယ်မရှိတဲ့ လယ်သမား ဘာသွား လုပ်စားရမလဲ ။ ဈေးဆိုင်က ဆန်အိုးထဲ ရောက်ဖို့ လွယ်များ မှတ်နေလား .. ”

လယ်သမားအယောင်ဆောင် ထန်းတက်စားသည့် ထန်းသမား၏ အမြင် မရှင်းဘဲ ရင်ရှင်းချင်သဖြင့် ခုန်ပေါက် ထွက်လာသော ထန်းခိုးဝေ့ဝေ့ စကားသံများ ။ အမြင့်တက်မှ ဝေးဝေး မြင်ရသည် ဆိုသည့် သီအိုရီ အလွဲကြီးကို မည်သူကများ ထွင်ခဲ့ပါလိမ့်ဟု သူ မကြာခဏ စဉ်းစားမိသည် ။ သာမန်လူတစ်ယောက် အတွက်မူ (  ပြင်ပ အကူအညီ မပါဘဲနှင့် ) လူသားစက္ခုဖြင့် မြင်နိုင်စွမ်းရှိသမျှ မြင်ပေလိမ့်မည် ။ သို့ သော် အမြင်အာရုံ ဝေဝါးနေသည့် လူတစ်ယောက် အတွက်မူ အမြင့် တက်လိုက်မှ ဘာမျှ မမြင်ရတော့ခြင်းမျိုးလည်း ဖြစ်သွားနိုင်သည် ။ အရေးကြီးသည်မှာ အမြင်ရှင်းရေး ဖြစ်သည် ။ အမြင်ရှင်းမှ ရင်ရှင်းစရာ ကိစ္စတွေကို ဖြေရှင်းနိုင်မည်ဖြစ်သည် ။ ထိုသို့ သူ ယုံကြည်ယူဆသည့် အတွေး အမြင်လေးများကို ဂျာနယ်ထက်မှာ အက္ခရာ စဉ်သည် ။ ကျေနပ်စရာပင် ဖြစ်သည် ။

ကျေနပ်စရာ မကောင်းသည်က ဘဝကို ဓမ္မဓိဋ္ဌာန်ကျကျ ဖြတ်သန်းနေသည်ဆိုသော ဓမ္မဓိဋ္ဌာန် ဆရာကြီးများ၏ သုံးသပ်ချက်များ ၊ ကိုယ်တွေ့ဗျ ဆိုသည့် လက်တွေ့သမားများ ပြောပြသည့် အကြောင်းအရာများ ၊ အရာရာကို အတိအကျ တွက်ချက်ပြတတ်သည့် အတွက်အချက်သမားများ၏ အယူအဆများ ၊ အလွှာအသီးသီး လူတန်းစား အသီးသီး ထံမှ ထင်မြင်ယူဆချက်များ အားလုံးကို ပေါင်းစပ်ကာ ဘွဲ့တစ်ခု ရထားသည့် ( ကိုရင် ဝတ်တုန်းက ဘွဲ့ကို ထည့်ပြီး ရေတွက် မထားပါ ။ ငယ်စဉ်က ကိုရင် ခဏခဏ ဝတ်၍ သူ့တွင် ဘွဲ့များစွာရှိသည် ။ မှတ်ပင် မမှတ်မိတော့ ။ လောကီဘွဲ့ကတော့ ဘီအက်စ်စီ တစ်ခုသာ ဖြစ်သည် ။ ) သူ၏ ဦးနှောက်ဖြင့် ဖြစ်နိုင်ခြေ အရှိဆုံးသော ကောက်ချက်ကို ချကာ ဂျာနယ်ထက်တွင် စာစီသည် ။ ထိုကောက်ချက်မှာ မိုးလေဝသ သတင်းလောက်ပင် မှန်ကန်ဖူးခြင်း မရှိသောအခါ ဂျာနယ်လစ် အဖြစ်မှ ဝတ္ထုတို လိုင်းသို့ ပြောင်းရန် စိတ်ကူးသည် ။ ထို့နောက် ခြောက်လတွင် တစ်ပုဒ်ခန့် ပါသော ဝတ္ထုတိုဆရာ ဘဝကို လုံးဝခံယူ လိုက်တော့သည် ။ ဝမ်းရေးအတွက်မူ ပူစရာ မလိုခဲ့ ။ မိဘလုပ်စာကို မသိကျိုးကျွန် ပြုကာ မျက်နှာပြောင်ပြောင် နှင့် အခန့်သား ထိုင်စားနေသည့် လူပျိုကြီး ဖြစ်နေသော ကြောင့် ဖြစ်သည် ။

မှန်ပါသည် ။ သူ့ ရွေးချယ်မှု မှန်ကန်သွားသည်ကို သိသည် ။ ယနေ့လည်း အိမ်မှာနေမည်ဟူသော သူ့ ဆုံးဖြတ်ချက် မှန်သွားပြန်သည် ။ အပြင်ဘက်တွင် မိုးတွေက သဲသဲမဲမဲကို ရွာနေဆဲ ဖြစ်သည် ။ လျှပ်စီးတွေက တဝင်းဝင်း ၊ တလက်လက်နှင့် ပြိုးပြိုးပြက်ပြက် ရှိလှသည် ။ မနက်ခင်းတုန်းက မိုးရွာမည့် အရိပ်အယောင်ပင် မရှိ ။ နေသာမည့် နေ့တစ်နေ့၏ အရိပ်အယောင်သာ ပြခဲ့သည် ။

ဝတ္ထုတစ်ပုဒ် ပြီးအောင် ရေးမည် ဟူသော ဆုံးဖြတ်ချက်နှင့် မနက် ၉နာရီတွင် အိပ်ရာမှ ထ,သည် ။ အမေနှင့် အဖေက ညီမလတ် ရှိရာ မြို့သို့ ဘုရားဖူး သွားနေသဖြင့် ထို အချိန်ထိတိုင် သူ အိပ်ခွင့်ရခြင်း ဖြစ်သည် ။ မျက်နှာသစ် ၊ သွားတိုက် ၊ ကော်ဖီသောက် ပြီးနောက် စာရေးစားပွဲမှာ ထိုင်သည် ။ ညဦးပိုင်းက အာရုံကွန့်မြူးထားသည့် ဇာတ်လမ်းလေးသည် အိပ်ရာထက်တွင် အိပ်မက်နှင့် အတူ ကျန်ရစ်ခဲ့သည် ။ ထိုင်းမှိုင်းလေးလံသည့် သူ့ ဦးခေါင်းထဲမှ မည်သည့် စာသားမျှ ထုတ်၍ မရတော့ ။ တစ်ခုခု လုပ်ဦးမှ ဆိုသော အသိနှင့် အိမ်ရှိ အုတ်ရေကန်ကို ရေဆေး သည် ။ အုန်းဆံဖတ်နှင့် တိုက်သည် ။ စွဲနေသည့် ရေညှိ တချို့ကို သံဘရပ်ရှ်ဖြင့် ချွတ်သည် ။ ရေကန်ဆေးပြီးနောက် စိုနေသည့် ခြေထောက် နှင့် နံစော်နေသည့် ရေညှိနံ့တို့ကြောင့် ခေါင်းက ထိုးကိုက်လာသည် ။ ရေတင်ရန် မော်တာဖွင့်လိုက်တော့ လျှပ်စစ်မီးက ဘယ်အချိန်ကတည်းက ပျက်သွားသည် မသိ ။ ရေမချိုးရသဖြင့် အဝတ်ဟောင်းတစ်ခု နှင့် ကိုယ်လက် သုတ်သင်လိုက်သည် ။

စာရေး မရသဖြင့် စာအုပ်စင်တွင်ရှိသည့် စာအုပ်များဘက် လှည့်လိုက်သည် ။ မဖတ်ချင်ဘူး ဆိုသော အဖြေကို ဦးနှောက်က အချက်ပြသည် ။ အင်ဗာတာ အားကိုးဖြင့် တီဗွီ ဖွင့်ကြည့်သည် ။ အို ထူးဆန်းလှချည့်လား ။ လိုင်း ပေါင်း တစ်ရာကျော်သည့် စကိုင်းနက်တွင် သူ စိတ်ဝင်တစား ကြည့်ရမည့် တစ်လိုင်းမျှ မရှိ ။ အကြံကုန်သဖြင့် အိပ်ရာထဲတွင် ခွေကာ ရောက်တတ်ရာရာ တွေးနေလိုက်သည် ။ ထိုအချိန်ထိ မိုးရွာမည့် အရိပ်အယောင်ကို မတွေ့ရသည်မှာ သေချာ သည် ။ သားဖြစ်သည့် သူ့ အပေါ်တွင် မိဘတို့၏ နောက်ဆုံးကျင့်ဝတ် ကျန်နေသေးကြောင်း စဉ်းစားပြီးနောက် မကြာမီ အိပ်ပျော်သွားသည်ကလည်း သေချာသည် ။

သူ အိပ်ရာ နိုးလာရသည်မှာ စိမ့်ခနဲ အေးစိမ့်သွားသည့် မိုးသက်လေကြောင့် ဖြစ်သည် ။ ထို့နောက် ဗြောင်းဗြောင်း ဗြောင်းဗြောင်းနှင့် သွပ်မိုးပေါ်သို့ မိုးစက်များစွာ ကျလာခဲ့သည် ။ ပြောင်းလဲသွားသည့် ဝန်းကျင်ကို ငေးနေပြီး မကြာမီပင် အိပ်ရာထက်သို့ ပက်မိုးအဖြစ်နှင့် မိုးစက်များစွာ ခုန်ဆင်းလာသည် ။ ပြတင်းတံခါးကို ပိတ် လိုက်ပြီး အိမ်ရှေ့ခန်းသို့ ထွက်ခဲ့လိုက်သည် ။

နောက်ဖေးတွင် လှန်းထားသော ရေကန်ဆေးစဉ် ဝတ်ထားသည့် ဘောင်းဘီတိုကြီးမှ တစ်ပါး ခြံဝန်းထဲတွင် သိမ်းရုပ်စရာ အဝတ်မရှိသည်ကို သူသိသည် ။ တစ်ထပ်တိုက် ခေါင်မိုးပေါ်သို့ အရှိန်ပြင်းပြင်း ကျနေသည့် မိုးသံများကြားမှ ဖောက်၍ အိမ်ရှေ့ လမ်းမရှိ ဘောလုံးပွဲမှ အသံတို့က တိုးထွက်လာသည် ။ မိုးရေချိုးလျှင် ကောင်းမလားဟု စဉ်းစားမိသည် ။ တစ်ဝန်းလုံး ကွန်ကရစ် ခင်းထား၍ ရေမတင်သော်လည်း ရေတံလျှောက်မှ သွယ်တန်းထားသည့် ပိုက်တွင် မိုးရေတို့က အရှိန်ဖြင့် ပန်းထွက်စီးဆင်းနေသည် ။ သူတို့ အိမ်တွင် ထိုနေရာမျိုး သုံးနေရာ ရှိသည် ။ ကားဂိုဒေါင်ထောင့်တွင် တစ်ခု ၊ အနောက်တောင်ထောင့်တွင် တစ်ခု ၊ အရှေ့တောင်ထောင့်တွင် တစ်ခု ဖြစ်သည် ။ ထိုနေရာတွင် မိုးရေခံထားသည့် အုတ်ကန်တစ်ခုရှိသည် ။

ပက်လက်ကုလားထိုင်တွင် ပျင်းတိပျင်းတွဲ ထိုင်ရင်း မိုးရေ ချိုးသင့် ၊ မချိုးသင့် စဉ်းစားနေမိသည် ။ မိုးရေ မချိုးတောင် မိုးနှင့် ပတ်သက်သည့် ဝတ္ထုတစ်ပုဒ်လောက် ရေးလိုက်ရလျှင်ကော ။ ငယ်တုန်းက မိုးရေထဲမှာဖြစ်ခဲ့သည့် အဖြစ်အပျက် တစ်ခုခု ကို အက်ဆေးဖြစ်ဖြစ် ရေးလိုက်ရလျှင် ကောင်းမည် ထင်သည် ။

ရုတ်တရက် မြည်ဟည်းသွားသည့် မိုးခြိမ်းသံကြောင့် အတွေးလွန်နေသဖြင့် လန့်သလို ဖြစ်သွားသည် ။ မိုးရွာထဲမှာ ... ။ မိုးခြိမ်းသံကြောင့် စာရေးဆရာမ ဖြစ်သွားသည့် အသိတစ်ယောက် ကို ဖျတ်ခနဲ သတိရလိုက်မိသည် ။ သူ့ချစ်သူ ကောင်လေးက သွေးကင်ဆာနှင့် ဆုံးသွားသည် ။ ထိုကောင်လေးနှင့် စတင် ဆုံစည်းခဲ့သည်က မိုး သည်းသောနေ့ ၊ သိပ်မကြီးလှသည့် သစ်ပင်တစ်ပင် အောက်တွင် ဖြစ်သည် ။ မိုးခြိမ်းသံကြောင့် အကြောက်လွန်သွားသည့် မိန်းကလေး တစ်ယောက် ... ။ ထို့နောက် ... ထို့နောက်မှာတော့ ။

ကောင်လေး သေဆုံးပြီးနောက် ချစ်သူကို လွမ်းမော အောက်မေ့စိတ် ၊ တမ်းတစိတ်ဖြင့် မိုးရွာထဲမှာ ဆိုသော အကြောင်းအရာလေး တစ်ခု မဂ္ဂဇင်း စာမျက်နှာထက်သို့ တက်လာသည် ။ စာပေစကားနှင့် ပြောရလျှင် ထိုစာမူလေးဖြင့် စာပေလောကထဲ ရောက်လာသူလေး ဖြစ်သည် ။ ဝတ္ထုတိုဆရာမ အဖြစ် ထင်ရှားလာချိန်တွင် စာပေနယ်မှ ဆရာတစ်ယောက်နှင့် ပင် ဖူးစာဆုံသည် ။ ထိုဆရာက ပို၍ ပြတ်သည် ။ ဆရာမ ရေးသည်က ဝတ္ထုတို ၊ ထိုဆရာရေးသည်က တစ်မျက်နှာဝတ္ထု ။ မွေးလာမည့် ကလောင်သားလေး များက မည်မျှ တိုသည့် ၊ ပြတ်သည့် စာတွေ ရေးမည်မသိ ။ သူ ပေါက်တတ်ကရ တွေးရင်း ပက်လက်ကုလားထိုင်ထက်တွင် ပျင်းကြောဆန့်လိုက်သည် ။ ရုတ်တရက် လက်သွားသည့် လျှပ်စီးအပြက်တွင် ဧည့်ခန်းမှာ ချိတ်ထားသည့် မိဘနှစ်ပါး တွဲရိုက်ထားသည့် ၊ ဓာတ်ပုံကို မြင်လိုက်သည် ။ ငွေရောင်ပေါင်ကွပ်ထားသည့် ဓာတ်ပုံထဲမှ အမေက သူ့ကို ပြုံးကြည့်နေသည် ။ အဖေက သူ့ကို ပြူးကြည့်နေသည်ဟု ထင်လိုက်သည် ။

“ ကောင်းကွာ ၊ သိပ် ကောင်း ။ မင်း မွေးထားရတာ ဒီအရွယ်ထိ ငါဘယ်နှခါများ ဂုဏ်ယူခဲ့ရဖူးလဲ ။ ရေနံ ဆို ရေနံ ၊ ရွှေတွင်း ဆို ရွှေတွင်း ။ ခု လက်ထဲမယ် ကင်မရာတစ်လက် ရောက်လာပြန်ပြီ ။ ဟို တဖျပ်ဖျပ် ၊ ဒီတလက်လက် နဲ့ ။ မျောက်လက် ဝရဇိန် ရောက်နေသလိုပဲ ။ မလုပ်ဖူးတာလည်း မရှိဘူး ။ ဘယ်နေရာ ချွန်သလဲ ဆိုတော့လည်း ဘယ်နေရာမှ မချွန်ဘူး ။ ဘာလုပ်လုပ် ဟိုစပ်စပ် ၊ ဒီစပ်စပ် နဲ့ မင်းတိုင်းကျေ လုပ်တာကိုး ။ စိုက်လိုက်မတ်တတ်ကို မရှိဘူး ။ ဗမာပြည်မှာ ထမင်းငတ်သေတဲ့ မသာတော့ မရှိဘူး ။ ထမင်းဝ,တဲ့ လူတန်းစားထဲမှာ မင်း မပါတာတော့ သေချာတယ် ။ တစ်ပြည်လုံး ရွာနေတဲ့ မိုးတောင် မင်းလိုကောင်အတွက် ဟင်း .... ”

မိုးခြိမ်းသံနှင့်အတူ သူ ရုတ်တရက် ဖျတ်ခနဲပင် ပက် လက်ကုလားထိုင်မှ ထ,လိုက်သည် ။ ထို့နောက် ကပျာကသီ အဝတ်လဲကာ မိုးရွာထဲသို့ ပြေးထွက်လိုက်သည် ။ အေးစက်သည့် အထိအတွေ့နှင့်အတူ မျက်နှာထက်သို့ မိုးစက်တွေ ခုန်ဆင်းလာသည် ။ ချမ်းစိမ့်သွားသဖြင့် အနည်းငယ် တုန်သွားသည် ။ မိုးစက်များက သူ့ထံသို့ ဖြည်းလေးစွာ ၊ ကျဲပါးစွာ ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ သူ အံ့အားသင့်သွားသည် ။ မိုးတိတ်ပြီ ။ မိုးတိတ်သွားပြီ ။ ရေတံလျှောက်နှင့် ဆက်ထားသည့် ပိုက်အောက်သို့ တိုးဝင်လိုက်သည် ။ ပိုက်မှ မိုးရေစက်တို့ ကြွက်မြီးတန်းနေပြီ ။ အသံတိတ် ကျိန်ဆဲလိုက်ပြီး နောက်ဘက် မိုးရေခံထားသည့် အုတ်ကန်ဆီသို့ အပြေးအလွှား သွားသည် ။

“ ဟင် ... ”

အုတ်ကန်အောက်ခြေတွင် ပိတ်မထားဖြစ်သည့် အပေါက်လေးကို ကြည့်ရင်း သူ တက်တစ်ချက် ပြင်းပြင်း ခေါက်သည် ။ မိုးရေ မချိုးရလည်း ရတဲ့ရေ ချိုးမှာပေါ့ဆိုသော အတွေးနှင့် အိမ်ရှေ့ဘက် ထွက်လာလိုက်သည် ။ စိုရုံလေးမျှသာ ရှိသည့် ရေစက်တို့ကို ဒေါသနှင့် သပ်ပစ်လိုက်သည် ။ ခန္ဓာကိုယ်ပေါ် ပင် နှံ့အောင် မစိုလိုက်ရသည့် မိုးရေစက်တို့ကြောင့် ပူရှိမ်းရှိမ်း ၊ စေးကပ်ကပ်နှင့် နေရခက်လှသည် ။ သုတ်သုတ်လှမ်းနေသည့် သူ့ခြေလှမ်းတို့က အိမ်ရှေ့ရေကန်မရောက်မီပင် တုံ့ရပ်သွားကြသည် ။ မနက်ခင်းတုန်းက ဆေးထားသည့် ရေကန်တွင် မီးပျက်နေ၍ ရေမဖြည့်ရသေးသည်ကို အမှတ်ရလိုက်မိစဉ် အဖေ့ စကားသံတို့က ဝေ့ဝေ့ဝဲဝဲ ။ တစ်ပြည်လုံး ရွာနေတဲ့ မိုးတောင် မင်းလိုကောင် အတွက် ... ။ သူ ကောင်းကင်ကို မော့ကြည့်လိုက်ရင်း .... ။

“ တောက် ... ” 

မိုးရွာပြီးနောက် ထွက်ပြူလာသည့် နေခြည်နုနုအောက်တွင် ခေါင်းငိုက်စိုက်ချကာ မတ်တတ်ရပ်လျက် ရှိသည့် လူတစ်ယောက်ကို ထိုအိမ်ရှေ့ ဖြတ်သွားသူများ သတိပြုမိမည်ဆိုက တွေ့နိုင်မည်ဖြစ်သည် ။ ထိုသူသည် ... ။

••••• ••••• •••••

အဲဒီနေ့က ရွာနေသော မိုးသည် ဘယ်တော့မှ မစဲတော့မည့်ပုံနှင့် ဖြစ်သည် ။ တကယ့်ကို သည်းသည်းထန်ထန်နှင့် မိုးလုံးကျွတ်မျှ ရွာသွန်းခဲ့ခြင်း ဖြစ်သည် ။ ထိုမိုးသည် သူ့ အတွက်တော့ .. ။ ဟုတ်သည် ။ သူ့ အတွက်တော့ ထိုမိုးသည် ... ။

▢ ရှဉ့်ညိုလေး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇွန်လ ၊ ၂၀၁၆

No comments:

Post a Comment