❝ ဆက်တင် ❞
ကျွန်တော်တို့ ရှေးခေတ်က ဆရာ အောင်လင်း ၊ ဆရာ တက္ကသိုလ် ဘုန်းနိုင် ၊ ဆရာမကြီး ခင်နှင်းယု တို့ရဲ့ ဝတ္ထုများကို ဖတ် ကြည့်မယ် ဆိုရင် ဇာတ်ကွက် တစ်ခုကို မရေးခင် ဒီဇာတ်ကွက် ဖြစ်ပွားမယ့် ကာလ ၊ ဒေသ အကြောင်းကို တဖွဲ့တနွဲ့ ရေးသားကြတာ တွေ့ရပါမယ် ။ ဒါပေမဲ့ ဒီ ခေတ်မှာတော့ ဇာတ်အိမ် တည်ဆောက်မယ့် ကာလ ၊ ဒေသတွေကို ထွေထွေထူးထူး ရေးဖွဲ့ ပြ မနေကြတော့ပါဘူး ။ ဇာတ်ညွှန်း ဆန်ဆန် ဇာတ်ကောင်များ ပြောမယ့် စကားများကို သာ အဓိကထားပြီး ရေးဖွဲ့သွားကြတာကို တွေ့ရပါတယ် ။
ရွှေအမြုတေ မဂ္ဂဇင်းမှာ အခန်းဆက် ဝတ္ထုရှည် အဖြစ် ဖော်ပြပေးခဲ့တဲ့ ဆရာမ ခင်ခင်ထူး ရဲ့ မအိမ်ကံ ဝတ္ထုမှာတော့ ဇာတ်ကွက်တိုင်းမှာ ပတ်ဝန်းကျင် အခြေအနေကို ထည့်သွင်းရေးဖွဲ့တာ သတိထားမိပါတယ် ။ ဥပမာ မအိမ်ကံ ကို မွေးဖွားတဲ့ ညမှာ ပတ်ဝန်းကျင် အခြေအနေကို ဆရာမ က တိတိကျကျ ရေးဖွဲ့ သွားပါတယ် ။ ငှက်ဆိုး တစ်ကောင် ထိုးလိုက်သံ ကိုပါ ဖော်ပြသွားခဲ့ပြီး ပထမဆုံး လမှာ ဖော်ပြခဲ့တဲ့ ဒီ ငှက်ဆိုးထိုးသံဟာ ဝတ္ထု တစ်လျှောက်လုံးမှာ အဓိပ္ပာယ် ပြည့်ပြည့်ဝဝ နဲ့ ရှိနေတာကို ဖတ်ခဲ့ကြရပါတယ် ။
၂၀၁၁ ခုနှစ် စက်တင်ဘာလထုတ် Writer မဂ္ဂဇင်းကို ဖတ်တဲ့ အခါမှာလည်း စောစောက ကျွန်တော် ပြောတဲ့ ပြဿနာက သူတို့ဆီမှာလည်း ရှိနေတာကို Here & Now ဆိုတဲ့ ဆောင်းပါးမှာ တွေ့ရှိရပါတယ် ။ ဆောင်းပါးရှင်က စာရေးဆရာ ဒယ်နီယယ်လ်စတိုလာ ဖြစ်ပါတယ် ။ ဆက်တင် နဲ့ ပတ်ဝန်းကျင် အနေအထားများ ရေးဖွဲ့ ဖို့နဲ့ ဒါတွေဟာ ကိုယ် ရေးဖွဲ့တဲ့ ဝတ္ထုမှာ ဘယ်လောက် အထောက်အကူ ပြုတယ် ဆိုတာကို တွေ့ နိုင်တာကြောင့် စာရေးဖို့ ကြိုးစားနေကြတဲ့ ဝါသနာရှင်များ လေ့လာနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ် ။
••••• ••••• •••••
မကြာသေးမီက ကျွန်တော်ဟာ နာမည်ကြီး စာရေးဆရာများနဲ့ အတူ စာရေးဆရာများ ကွန်ဖရင့်မှာ ဆုံစည်းမိပါတယ် ။ ဒီ ဆရာတွေကလည်း နိုင်ငံ အနှံ့ နေရာဒေသ အသီးသီးမှာ ရှိတဲ့ တက္ကသိုလ်များမှာ စာရေးနည်း အတတ် ပညာများကို သင်ကြားပို့ချပေးနေကြတဲ့ ဆရာများလည်း ဖြစ်ကြပါတယ် ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ကွန်ဖရင့်က ပျင်းစရာ ကောင်းနေပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာ ပြောဆို ဆွေးနွေးမယ့် ကိစ္စရပ်များကို အဆင်သင့် ရေးယူ လာကြတာ ဖြစ်တဲ့ အတွက် အားလုံးက အဆင်ပြေ ချောမွေ့ နေပါတယ် ။ အဲဒီလို ချောမွေ့ နေခြင်းကိုက ပျင်းစရာကောင်းတာပါ ။ အခြေအတင် အငြင်းအခုံကလေးတွေ ရှိမှသာ ကွန်ဖရင့်ဟာ စိုပြည်လာမှာ ဖြစ် ပါတယ် ။
ကျွန်တော်ကလည်း ကောလိပ် တစ်ခုမှာ စာရေးခြင်းအတတ်ပညာကို ပို့ချပေးနေတဲ့ ဆရာ တစ်ယောက်ဖြစ်တာကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက ကျောင်းသားများနဲ့ ပတ်သက်ပြီး ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ တစ်ခုကို သတိရ မိပါတယ် ။ ကျွန်တော့် တပည့်တွေဟာ အံ့သြစရာကောင်း လောက်အောင် စိတ်အား ထက်သန်သူတွေ ၊ ကြိုးစားကြတဲ့ ကလေးတွေ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူတို့ကို ဝတ္ထုဇာတ်အိမ် တစ်ခု ဖွဲ့ဖို့ အတွက် ဆက်တင် အပါအဝင် ပတ်ဝန်းကျင် အနေအထား တစ်ခုကို ရေးခိုင်း ရင်တော့ ဘယ်သူမှ မရေးတတ်ကြပါဘူး ။
ကွန်ဖရင့်မှာ ကျွန်တော်က ဒီပြဿနာ ပြောပြလိုက်တော့ အားလုံး စိတ်ဝင်စား လာကြပါတယ် ။ “ ကျွန်တော်တို့ ဆီမှာလည်း ဒီလိုပဲ ” ၊ “ ဘာဖြစ်လို့ အဲဒီလို ဖြစ်ရတာလဲ ” ဆိုတဲ့ စကားသံတွေ ကွန်ဖရင့် တစ်ခုလုံးမှာ အသက်ဝင် လာပါတယ် ။
ကျွန်တော်တို့ ဆရာတွေက အမေရိကန် ပြည်ထောင်စု ပြည်နယ် အသီးသီး နေရာဒေသ အနှံ့က လာကြတဲ့ သူတွေဖြစ်ပြီး ရေးကြတဲ့ ဝတ္ထုတွေ ကလည်း အကြောင်းအရာ မျိုးစုံ ဖြစ်ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ တပည့်များနဲ့ ပတ်သက်ပြီး သတ္တုချ ကြည့်လိုက်တဲ့ အခါမှာတော့ တစ်ပုံစံတည်း ဖြစ်နေတာကို တွေ့ရပါတယ် ။
ကျွန်တော်တို့ တပည့် အားလုံးဟာ ဆက်တင်နဲ့ ပတ်သက်ပြီး ဘယ်သူမှ စိတ်မဝင်စားကြသလို သူတို့ ဖန်တီးတဲ့ ဝတ္ထု တွေမှာလည်း ဆက်တင် ဆိုတာကို လုံးဝ ထည့်သွင်း အသုံးချခြင်း မရှိဘူး ဆိုတာပါပဲ ။
ဘာကြောင့် ဒီလို ဖြစ်ရတယ်ဆိုတဲ့ အဖြေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အသီးသီးမှာ သီအိုရီတွေ ထုတ်လို့ရကြပါတယ် ။ တချို့က အင်တာနက် ပေါ်လာခြင်း ကြောင့်လို့ အပြစ်တင်ကြတယ် ။ တချို့က လည်း Facebook , Twitter , Smartphone , iPods စတဲ့ ခေတ်မီ ဆန်းပြားတဲ့ အသုံးအဆောင်တွေကို အပြစ်တင်ကြပါတယ် ။
ကျွန်တော်တို့ တစ်တွေဟာ လျှပ်စစ် အသုံးအဆောင် ပစ္စည်းများနဲ့ ဖန်တီးလို့ ရတဲ့ ကမ္ဘာထဲမှာ မျောဝင် စီးပါနေကြပြီး လက်တွေ့ နေထိုင်တဲ့ ရုပ်ဝတ္ထု ကမ္ဘာကို မေ့လျော့ နေကြပါတယ် ။ ပိုပြီး ဆိုးတာကတော့ လျှပ်စစ်ကမ္ဘာထဲမှာ ကျွန်တော်တို့တွေရဲ့ အတောမသတ်နိုင်တဲ့ အချိန်တွေ ဖြုန်းတီး နေမိကြခြင်းပါပဲ ။ ကျွန်တော်တို့ရဲ့ လက်ဖျားမှာတင် ဖန်တီးလိုက်ရင် မျက်နှာရှေ့က ဖန်သားပြင်ပေါ် မှာ မြင်ချင်တဲ့ ကမ္ဘာကို ဖန်တီးလို့ ရနေတာကိုး ။ ဒီကမ္ဘာ ဖန်တီးနိုင်တဲ့ အတွက် ဘယ်သူ့ကိုမှ ကျေးဇူးတင်စရာ မလိုသလို ဘယ်သူ့ကိုမှလဲ ကတိကဝတ်တွေ ပေးစရာ မလိုပါဘူး ။ အင်တာနက်က တစ်ဆင့် တွေ့ခွင့်ရလိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးပဲ ဖြစ်စေ တွေ့ နိုင်ပြီး ဘယ်ပတ်ဝန်းကျင် အခြေအနေကိုမှလဲ ထူးထူးခြားခြား ဖန်တီးစရာ မလိုပါဘူး ။ အားလုံးအတွက် အတူတူပါပဲ ။
မကြာခင်မှာ ကျွန်တော် တို့ ကွန်ဖရင့် အခန်း တစ်ခန်းလုံး ဒီ အကြောင်းအရာကိုပဲ အလေးအနက် ထား ဆွေးနွေးဖြစ်ကြပါတော့တယ် ။ တချို့က စာသင်သား စာရေးဆရာများ အနေနဲ့ ပတ်ဝန်းကျင် အခြေအနေ အကြောင်း ဖော်ပြနိုင်ဖို့ ဆက်တင် တည်ဆောက်ရတာကို ပျင်းစရာ ကောင်းတယ်လို့ ထင်ကြောင်း ကျွန်တော်တို့ ဆရာများက သုံးသပ်ကြပါတယ် ။ ကျွန်တော်ကတော့ ကျွန်တော့် တပည့်များကို ဟင်ဒရီဂျိမ်းစ် ရေး တဲ့ စာများ ဖတ်ခိုင်းပါတယ် ။ သူ့ ဝတ္ထုတွေမှာ ဆိုရင် ပတ်ဝန်းကျင် တောတောင် ရေမြေ အကြောင်း တဖွဲ့တနွဲ့ ရေးတာက တော်တော်များများ ဖတ်ရပါတယ် ။ ကျောင်းသားတွေကို အဲဒီလို ဖတ်ခိုင်းရင် သူတို့က ပျင်းစရာ ကောင်းတဲ့ အဲဒီ အဖွဲ့အနွဲ့ တွေကို ကျော်ပြီး တခြား အခန်းတွေ ဆက်ဖတ်လေ့ ရှိပါတယ် ။
ဒီနေ့ ခေတ်ကာလ အခြေအနေအရ စာဖတ်သူ တော်တော်များများဟာ ဝတ္ထု တစ်ပုဒ်ကို ဖတ်မယ်ဆိုရင် စိတ် မရှည်တတ်ကြပါဘူး ။ ရုပ်မြင်သံကြား အစီအစဉ်များ ကြည့်တဲ့ အခါမှာလည်း ဇာတ်လမ်းကြား ဝင်လာတဲ့ ကုန်စည် ကြော်ငြာများကို စိတ် မရှည်ကြ သလိုပေါ့ ။ စက္ကန့်ပိုင်းလောက် ပေမယ့် ဒါလေးကို သည်းခံ ကြည့်ဖို့ဆိုတာ ကို စိတ်မရှည်ကြပါဘူး ။
ထိုနည်းတူစွာပဲ ဝတ္ထုများမှာ စာရေးဆရာ ရေးဖွဲ့ပြတဲ့ ပတ်ဝန်းကျင် အကြောင်း စိတ်မဝင်စားနိုင်ကြဘဲ မင်းသား မင်းသမီး စကားပြောခန်းကို ကျော်ဖတ်ချင်သူက များနေပါတယ် ။
ဒီ ဝတ္ထုတွေကို ရုပ်မြင်သံကြား ဇာတ်လမ်းများအဖြစ် ဖန်တီးတဲ့ အခါမှာတော့ စာရေးဆရာ ရေးထားတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုး ဆက်တင်တွေ ပါ လာပေမယ့် ဇာတ်လမ်း ကြည့်သူက ဇာတ်ကောင် နဲ့ တစ်ပြိုင်တည်း မျက်စိ ရှေ့မှာတင် တွေ့လိုက်ရတာကြောင့် အထူးတလည် စိတ်ဝင်စားစရာ မလိုတော့ဘူးပေါ့ ။
ဒါကြောင့် ဆွေးနွေးကြတဲ့ စာရေးဆရာ တချို့က ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အထူးတလည် ရေးဖွဲ့တာမျိုး မလုပ်သင့်ဘဲ ယုတ္တိရှိတဲ့ ဇာတ်ကောင်ရဲ့ လှုပ်ရှားမှု အသားပေး ဇာတ်ကွက်တွေကိုသာ ရေးဖွဲ့သင့်တယ်လို့ ဆွေးနွေး ကြပါတယ် ။
ဆွေးနွေးကြသူ အားလုံး ဟာ ကိုယ့်ရှုထောင့် နဲ့ ကိုယ် မှန်နေကြတာ ချည်းပါပဲ ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဝတ္ထု တစ်ပုဒ်မှာ ပတ်ဝန်းကျင် အခြေအနေကို ဖော်ပြတဲ့ ဆက်တင်ဟာ မရှိမဖြစ် မပါမဖြစ် လိုအပ်တဲ့ အချက် တစ်ခုလို့ မြင်ပါတယ် ။ ဒီနေရာမှာ ကျွန်တော် တစ်ခု ဝန်ခံလိုပါတယ် ။
အဲဒါကတော့ ဇာတ်ကောင်များရဲ့ ပဋိပက္ခများကို ရေးဖွဲ့ရခြင်းထက် ပတ်ဝန်းကျင် အခြေအနေကို ရေးရတာက ပိုပြီး လွယ်ကူတယ်လို့ ယုံကြည်လို့ပါပဲ ။ ဇာတ်ကောင် ဖန်တီးတယ် ဆိုတာက ပြင်ပ သက်ရှိ လောကမှာ ရှိတဲ့ လူတစ်ယောက်ကို ကြည့်ပြီး ပုံတူ ရေးရုံနဲ့ အသက်ဝင် လာမှာ မဟုတ်ပါဘူး ။ စာရေးသူ ကိုယ်တိုင်က ဒီ ဇာတ်ကောင်ဟာ သက်ရှိ ဇာတ်ကောင်နဲ့ မခြား ရေးဖွဲ့ ပြနိုင်မှသာ စာဖတ်သူက ဒီဇာတ်ကောင် အပေါ် မှာ တွယ်တာစိတ် ၊ လေးစားစိတ် ရှိလာမှာ ဖြစ်ပါတယ် ။
ကျွန်တော်က ဆက်တင်နဲ့ ပတ်သက်ပြီး အလေးထား ပြောနေတာက စာရေးဆရာကြီးများ ဖြစ်ကြတဲ့ ကောမက်မက္ကာသီ တို့ ၊ အယ်နီဒီလတ် တို့ ရေးသလို အင်မတန် ကြီးကျယ်ခမ်းနားတဲ့ ဆက်တင်ကြီးတွေ အကြောင်း ၊ တောတွေ တောင်တွေ အကြောင်း ရေးခိုင်းနေတာ မဟုတ်ပါဘူး ။ ကိုယ့် ဇာတ်ကောင် ရှိမယ့် နေရာလေး ပတ်ဝန်းကျင်လောက်ကိုတော့ ကိုယ်က ဖန်တီး ပေးရမှာပေါ့ ။ ငြင်းချက်ထုတ်စရာ ရှိတာက ကျွန်တော်တို့ ဖတ်နေတာ ပတ်ဝန်းကျင် အကြောင်း ဖတ်နေတာ မဟုတ်ဘူး ၊ မင်းသား မင်းသမီး ဇာတ်ဆောင်တွေ ပါတဲ့ ဝတ္ထုကို ဖတ်နေတာလို့ ပြောနိုင်ပါတယ် ။ ဒါပေမဲ့ ဇာတ်ဆောင်တွေချည်း ပဲ စကားပြောနေကြမယ် ဆိုရင် သူတို့ ပတ်ဝန်းကျင်မှာ ဘာမှ မရှိဘဲနဲ့ စာဖတ်သူက အဲဒီဇာတ်ဆောင်တွေဟာ သက်ရှိ ပုဂ္ဂိုလ်တွေလို့ ထင်လာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဝတ္ထု တစ်ပုဒ် ဖန်တီးတော့မယ် ဆိုရင် ဆက်တင် မပါဘဲနဲ့ ဖြစ် ကို မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ် ။
ဇာတ်ကောင်တွေက ဝတ္ထုထဲမှာလည်း အလုပ် လုပ် ရမှာပဲ ၊ ဘယ်မှာ လုပ်မှာလဲ ။ လမ်းလျှောက် ရမှာပဲ ၊ ဘယ်မှာ လမ်းလျှောက် မှာလဲ ။ သူတို့ ထိုင်ရမှာပဲ ၊ ဘယ်မှာ ထိုင်မှာလဲ ။ ပတ်ဝန်းကျင်က လေကို ရှူရမယ် ၊ အဲဒီ လေမှာ တစ်စုံတစ်ခုသော အနံ့အသက် ပါလာမှာပဲ ၊ အဲဒီ အနံ့အသက်ဟာလည်း ဆက်တင်ထဲမှာ တစ်ခု အပါအဝင်ပဲ ။
ဒါကြောင့် ဘယ်လို ဝတ္ထုကိုပဲ ရေးရေး ဆက်တင်ဟာ အရေးကြီးပါတယ် ။ ဝတ္ထုထဲမှာ ပါတဲ့ ပရိဘောဂတွေ ၊ အိမ်ခြံ မြေတွေ ၊ တိုက်တွေ ကားတွေ ဒါတွေ အားလုံးက ပိုက်ဆံပေး ဝယ်ရတာ မဟုတ်ပါဘူး ။ စာရေးဆရာက စိတ်ကူးယဉ်နဲ့ ဖန်တီးရတာပါ ။ ဒါကို စာဖတ်သူကလည်း နားလည်ပါတယ် ။
ဒါကြောင့် ကိုယ့် ဇာတ်ကောင်ရဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်ညီတဲ့ ဆက်တင်ဆိုတာ ဝတ္ထု ရဲ့ အသက်လို့ ကျွန်တော်က တော့ မြင်ပါတယ် ။
ကိုင်း ဒါဆို ဒီဆက်တင်တွေကို တည်ဆောက် နိုင်အောင် စာရေးဆရာက ဘယ်လို စဉ်းစားမလဲ ။ စဉ်းစားပုံ စဉ်းစားနည်း အဆင့် ၆ ဆင့်ကို ကျွန်တော် ပြောပြချင်ပါတယ် ။
၁ ။ အာရုံ စူးစိုက်ပါ
ရှင်းရှင်းကလေးပါ ။ ဟုတ်တယ် မဟုတ်လား ၊ ဒီထက် ရိုးရှင်းတာ ဘာရှိဦးမှာလဲ ။ ဗုဒ္ဓဘာသာဝင်များ အတွက် ဗုဒ္ဓက ဟောကြားသွားတဲ့ အထဲမှာ သတိရှိပါ ဆိုတဲ့ အချက်က တော်တော် အရေးပါ ပါတယ် ။ ဘဝမှာ သတိ နဲ့ နေ ၊ သတိ နဲ့ စား ၊ သတိ နဲ့ သွား လို့ ဆိုထားပါတယ် ။
စာရေးဆရာက ပိုပြီး သတိ းရှိရပါမယ် ။ အီလက်ထရွန်းနစ် မီဒီယာထဲမှာ ပျော်ဝင် မနေဘဲ ကိုယ့် ပတ်ဝန်းကျင်က အနေအထားကို လေ့လာတတ်ရပါမယ် ။ ပထမပိုင်းတော့ အလေ့အကျင့် မရှိတဲ့ အတွက် ခက်ကောင်း ခက်နိုင် ပါလိမ့်မယ် ။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို လေ့လာတတ်တဲ့ အကျင့်ရလာတဲ့ အခါမှာတော့ ဒီအချက်ဟာ အင်မတန် ရိုးရှင်းလွယ်ကူတဲ့ အချက် ဖြစ်တယ်ဆိုတာကို တွေ့ပါလိမ့်မယ် ။
စာရေးဆရာ ဂျိုနသန်ဖရန်ဇန် က မကြာခဏ ပြောလေ့ ရှိတဲ့ စကား တစ်ခု ရှိပါတယ် ။ အဲဒါက တော့ “ ရုံး မှာ အင်တာနက် ရှိတဲ့ လူတစ်ယောက် အနေနဲ့ သူ့ ရုံးမှာတင် ဝတ္ထုကောင်း တစ်ပုဒ် ရေးနိုင်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ ကျွန်တော်ကတော့ သံသယ ရှိတယ် ” တဲ့ ။
ကျွန်တော်ကတော့ သူ့ အနေ နဲ့ တမင်တကာ ချဲ့ကားပြီး ပြောတာလို့ ထင်ပါတယ် ။ ရုံးလုပ်ငန်း လုပ်နေတဲ့ လူတစ်ယောက်က ရုံးသုံး အင်တာနက်နဲ့ စာရေးဖို့ ဆိုတာကလည်း မဖြစ်နိုင်တဲ့ ကိစ္စပါ ။ ဒါပေမဲ့ သူပြောတဲ့ အချက်ကို ကျွန်တော် သဘောတူတယ် ။ လက် တစ်ဆုပ်စာ လူနည်းစု လောက်ကတော့ သူတို့ Facebook တွေကို နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေကို တင်ရင်း ၊ ဒါမှမဟုတ် Twitter ရေးရင်း ကနေ အင်မတန် လှပတဲ့ ကဗျာ တစ်ပုဒ် ၊ စာတစ်ပုဒ် ရေးနိုင်တဲ့ လူ ရှိကောင်း ရှိပါလိမ့်မယ် ။ ဒါပေမဲ့ အင်မတန် နည်းတဲ့ လူစုသာ ဖြစ်မှာပါ ။ စဉ်းစား ကြည့်လေ ၊ တစ်ဖက်က ရုံး အလုပ်လုပ် ၊ တစ်ဖက်က တယ်လီဖုန်းတွေ ဖြေ ၊ ဒီကြားထဲမှာ စာကောင်း တစ်ပုဒ် ထွက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ကျွန်တော် ယုံကြည်ပါတယ် ။
အရာရာကို ကျွန်တော် ပြောသလို သတိနဲ့ ကြည့်တတ်မယ်ဆိုရင် နာမည်ကျော် စာရေးဆရာ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မပြောနိုင်ပေမယ့် သတိနဲ့ နေတတ်တဲ့ အကျင့် ရှိသွားခြင်းက ဘဝမှာ ကောင်းကျိုးချမ်းသာကို ရစေမယ် ဆိုတာကိုတော့ ကျွန်တော် ရဲရဲကြီး ပြောဝံ့ပါတယ် ။
ဒါကြောင့် လေ့ကျင့်ကြည့်ပါ ။ တယ်လီဖုန်း ပိတ်ထားပြီး စတိုးဆိုင် တစ်ခုထဲ ဝင်ကာ စေ့စေ့စပ်စပ် လေ့လာ ကြည့်ပါ ။ တယ်လီဖုန်း ပြောရင်း ကြည့်တာနဲ့ မတူဘူးဆိုတာ တွေ့လာပါလိမ့်မယ် ။ အဲဒီက တစ်ဆင့် တက်ပြီး တစ်နေ့လုံး ဘာ လျှပ်စစ် ဆက်သွယ်ရေးပစ္စည်းမှ မသုံးဘဲ နေပြီး ကိုယ် လေ့လာစရာ ရှိတာကို လေ့လာကြည့်ပါ ။ အဲဒါဆိုရင် ဘယ်တုံးကမှ ကိုယ် သတိမထားမိ တဲ့ အချက်အလက်ပေါင်း များစွာကို သိရှိလာတာ တွေ့ရပါလိမ့်မယ် ။
ကျွန်တော့် အနေအထားကို ပြောရရင် အသံဗလံ တွေ ဆူညံရှုပ်ထွေးနေတဲ့ နေရာမှာ နေရတာကို လုံးဝ မနှစ်သက်ပါဘူး ။ နှစ်ပေါင်း ၂ဝ အတွင်းမှာ ကျွန်တော် အိမ် ၅ နေရာ အထိ ရွှေ့ပြီး နေဖူးပါတယ် ။ သတိထား နေတတ်တဲ့ အကျင့်ရတာကြောင့် ဟိုး ခပ်ဝေးဝေးက မီးရထားသံကိုလည်း ကျွန်တော် သတိပြုမိ ပါတယ် ။ မော်တော်ယာဉ်တွေ အသံ ကြားရင်လည်း ဒီ ကားက ကုန်စည်ဝန်ပေါ့ တင်ထားသလား ၊ ဝန်လေး တင်ထားသလား ဆိုတာကို တောင် ခွဲခြားနားထောင်တတ် နေပါပြီ ။ အသံတစ်ခု ကို ကြားပြီးရင် ဒီအသံက ဦးနှောက်ထဲမှာ စွဲမှတ်ပြီး သား ဖြစ်သွားတဲ့ အတွက် နောက် ၁ဝ နှစ် ကြာတဲ့အခါမှာလည်း ပြန်စဉ်းစားလိုက်ရင် ဒီ အသံကို ပြန်ကြားနိုင်ပါတယ် ။
ထိုနည်းတူစွာ အနံ့ တစ်ခုကို ရပြီးရင်လည်း နောက် ၁ဝ နှစ်ကြာလို့ ပြန်စဉ်းစားလိုက်တဲ့အခါ ဒီ အနံ့ကို ပြန်ရနိုင်ပါတယ် ။ အရေးကြီးတာ ကတော့ အရာရာမှာ သတိရှိနေဖို့ ပါပဲ ။
၂ ။ တွေ့သမျှ ချမှတ်ပါ
သတိထား ကြည့် ပြီးတော့ ကိုယ်မြင်သမျှ တွေ့သမျှကို မှတ်စုစာအုပ် တစ်ခုမှာ ချမှတ်ထားရပါမယ် ။ ချမှတ်ပါ ဆိုတာ ဝတ္ထု ရေးခိုင်းတာ မဟုတ် သေးပါဘူး ။ အချက်အလက် အသေးစိတ်ကို မှတ်မိအောင် ချရေးခိုင်းခြင်းသာ ဖြစ်ပါတယ် ။ အရာဝတ္ထုတွေ ၊ သစ်ပင်တွေ ၊ ပန်းပွင့်တွေ ၊ ငှက်ကလေးတွေ ၊ ကားတွေ ၊ လမ်းနာမည်တွေ ၊ အဆောက်အဦကြီးတွေရဲ့ အမည်တွေကို မှတ်သားထားရပါမယ် ။ တကယ်လို့ ကိုယ်က ဒီ အဆောက်အဦရဲ့အမည်ကို မသိဘူးဆိုရင် ပုံသဏ္ဌာန် ဖော်ရေးပြီး နာမည်တစ်ခု ပေးထား လိုက်ပါ ။ ကျွန်တော် ကန္တာရဆူးပင်ကို ပထမဆုံး စတွေ့ဖူးတော့ နာမည်မသိပါဘူး ။ ဒါပေမဲ့ သူ့ ပန်းပွင့်ငယ်လေးတွေက ပင်ပေါင်ဘောလုံးကလေး တွေနဲ့ တူတာကြောင့် ပင်ပေါင်ပင် လို့ပဲ မှတ်ထား လိုက်ပါတယ် ။
စာရင်း တစ်ခုနဲ့ မှတ်ထား ရာမှာ နာမည်တွေ သာမကပါဘူး သူတို့နဲ့ ပတ်သက်ပြီး ကိုယ့် အမြင် ကိုယ့် ခံစားချက်တွေကိုလည်း ထည့်သွင်း ရေးမှတ်ထားဖို့ လိုပါတယ် ။ အမှိုက်ပုံ တစ်ခုနား ရောက်သွားတဲ့ အခါမှာ ဘာ အနံ့ရပါသလဲ ။ မှတ်ထားလိုက်ပါ ။ ဒီ အမှိုက်ပုံ အကြောင်း ရေးတိုင်း အဲဒီ အနံ့ကို ရနေပါလိမ့်မယ် ။
၃ ။ အသေးစိတ် အချက်အလက်များကို မှတ်တတ်ပါစေ
၁၈၈၆ ခုနှစ်က နောင်မှာ စာရေးဆရာ ဖြစ်လာမယ့် အင်တန် ချက်ကော့ဗ် က သူ့ ညီ ဆီကို စာရေးရာမှာ “ စင်ရော်ငှက်ကလေးတွေ က ရေပြင်ပေါ် မှာ ပျံဝဲ နေရင်း အော်နေတဲ့ အသံတွေက တကယ့် ကို လွမ်းစရာ ကောင်းလှပါတယ် ” လို့ ရေးခဲ့တယ် ။ ဒီလို အသေးစိတ် အချက်အလက်ကလေး တွေက စာရေးတဲ့ နေရာမှာ အထောက်အကူ များစွာ ပြုပါတယ် ။
ဒါကြောင့် ကိုယ် ရောက်ရာ ဒေသရဲ့ ပတ်ဝန်းကျင်မှာ ရာသီဥတု အခြေအနေက ဘယ်လို ရှိတယ် ၊ ဘယ်လို ငှက်ကလေးတွေ ရှိတယ် ၊ ဘယ်လို သစ်ပင်တွေ ပေါက်ရောက်တယ် ဆိုတာတွေကို မှတ်သားထားရပါမယ် ။ မျက်စိ မှိတ်လိုက်တဲ့အခါ ကိုယ် မြင်ခဲ့တဲ့ မြင်ကွင်းကို ပြန်ပြီး မြင်ယောင် လာနိုင်တဲ့အထိ မှတ်တတ်တဲ့အကျင့် ရှိဖို့ လိုပါတယ် ။ လ သာတဲ့ ည မှာ ဆည်မြောင်းဘောင် တစ်ခုပေါ် မှာ ထိုင်ရင်း ခပ်လှမ်းလှမ်းမှာ မြင်ရတဲ့ ပုလင်းကွဲ တစ်စက လရောင်ကြောင့် ကြယ်ကလေး တစ်ပွင့်လို လင်းလက်နေတာ မျိုးက အစ မှတ်တတ်ရ ပါမယ် ။ ခပ်လှမ်းလှမ်း မှာ မြင်ရတဲ့ ခွေးတစ်ကောင်ရဲ့ အရိပ်ဟာလည်း မှတ်သင့်တဲ့ ကိစ္စ တစ်ခုပါ ။
ချက်ကော့ဗ် နဲ့ ယှဉ် ပြောတဲ့ အတွက် ကျွန်တော်တို့ကကော ချက်ကော့ဗ် လို ဖြစ်လာမှာလားလို့ ဆန္ဒ မစောစေချင်ပါဘူး ။ သူလို ဖြစ်နိုင်ဖို့ဆိုတာ သူလို မှတ်တတ်တဲ့အကျင့် ရနိုင်ဦးမှ ကိုး ။ မှတ်ပြီး ပြီလို့ စိတ်ထဲမှာ ယူဆရင် ကိုယ် မှတ်ပြီးသားကို ပြန်ဖတ်ကြည့်ပါ ။ ပြည့်စုံရဲ့လား ။ ကျွန်တော် ပြောတဲ့ အချက်အလက် အသေးစိတ်ကလေးတွေ မပါသေးဘူး ဆိုရင်တော့ ထပ်ဖြည့်ပြီး မှတ် လိုက်ပါဦး ။
၄ ။ မြင်နိုင်တာတွေရဲ့ နောက်မှာ ရှိနိုင်တာတွေကို စဉ်းစားကြည့်ပါ
လူမှာ အာရုံ ဘယ်နှပါး ရှိပါသလဲ ။ အလွယ်ကူဆုံးကတော့ အမြင်အာရုံ ဖြစ်ပြီး လူက အမြင်အာရုံ အပေါ် မှာ ပိုပြီး အားပြုပါတယ် ။ ဒါပေမဲ့ ဝတ္ထုကောင်း တစ်ပုဒ် ဖန်တီးဖို့ ကြိုးစားနေတဲ့ စာရေးဆရာများ အနေနဲ့ အမြင်အာရုံထက် ပိုတဲ့ နောက်ကွယ်က အာရုံတွေကိုပါ မြင်တတ် ခံစားတတ် အောင် ကြိုးစားရပါမယ် ။ ကန္တာရတစ်ခု အကြောင်း ရေးဖွဲ့ နေရင်း ဒီ ကန္တာရထဲမှာ ရှူရှိုက်ရတဲ့ အနံ့အသက်ကို ရလာပါ လိမ့်မယ် ။
လူများစုက လက်ခံထားတဲ့ အချက် တစ်ခု ရှိပါတယ် ။ အဲဒါကတော့ ဦးနှောက် မှာ ရှိတဲ့ မှတ်ဉာဏ်များက ကိုယ် ရဖူးတဲ့ အနံ့အသက် အပါအဝင် အားလုံးကို သိုမှီး ထားနိုင်တယ် ဆိုတာပါပဲ ။ အဲဒီလို သိုမှီးထားတဲ့ အချက်အလက်များကို မိမိ ကိုယ်တိုင်က အလိုရှိတဲ့ အချိန်မှာ ပြန်လည် ဖော်ယူ သုံးစွဲတတ်ဖို့ပဲလို ပါတယ် ။ တစ်ခါတလေမှာ မြင်ကွင်းနဲ့ ပြောတာမျိုး မဟုတ်ဘဲ အနံ့အသက်အကြောင်း ပြန်ပြောင်း ပြောခြင်းကလည်း ဇာတ်အိမ်ကို အထောက်အကူ ဖြစ်စေပါတယ် ။
၅ ။ သုတေသန ပြုပါ
ဆိုကြပါစို့ ၊ သင်္ဘော တစ်ခုပေါ် တက်သွားတဲ့အခါ ကြိုးထုံး ဘယ်နှထုံး ရှိတယ် ဆိုတာ လေ့လာမှတ်သားထားပါ ။ ဒီ အချက်အလက်က နောင် ကိုယ် ကြုံတဲ့အခါမှာ ရေးဖို့ အသုံး ဝင်ချင် ဝင် လာပါလိမ့်မယ် ။ အမှတ်တမဲ့ လေ့လာ ထားတဲ့ ဒီအချက်က နောင် ကိုယ် ဝတ္ထုရေးတဲ့ အခါ အသုံး ဝင်ချင် ဝင်လာနိုင်ပါတယ် ။ လေ့လာ မှတ်သားခြင်းက စာရေးဆရာ အတွက် ဆုံးရှုံးမှု မရှိစေဘဲ တစ်ချိန် မဟုတ် တစ်ချိန်မှာ အသုံးဝင်မှုကိုသာ ရစေမှာ ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာ မသိစိတ်နဲ့ မှတ်မိနေတဲ့ အချက် တချို့က စာရေးရာမှာ အသက် ဝင် လာနိုင်ကြောင်းကိုလည်း ကျွန်တော် ကိုယ်တွေ့ ကြုံဖူးပါတယ် ။
၆ ။ ဇာတ်ကောင်များနဲ့ ဆက်တင်ရဲ့ ဆက်နွှယ်မှုကို စဉ်းစားပါ
ဆက်တင်ကြောင့် ဇာတ်ကောင်များကို ပိုမို ကြီးကျယ် သွားစေပါသလား ။ ဆက်တင် ကြောင့် ဇာတ်ကောင်များရဲ့ လှုပ်ရှားမှုကို ဘောင်ခတ်ထားသလို ဖြစ်သွားစေသလား ။ ဒီ အချက်တွေကို စာရေးမယ့်သူက စဉ်းစားဖို့ လိုပါတယ် ။ ဇာတ်ကောင်ရဲ့ ပြင်ပ ကမ္ဘာနဲ့ အတွင်းကမ္ဘာတို့ ဘယ်လို ဆက်စပ်မှု ရှိပါသလဲ ဆိုတာဟာလည်း စဉ်းစားရပါမယ် ။
ဝတ္ထု အများစုက ဇာတ်ကောင်များရဲ့ အကြောင်းကို ပြောကြတာချည်းပဲ ဖြစ်နေတာကို တွေ့ရပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဇာတ်ကောင်များနဲ့အတူ ဆက်တင်များကို ထည့်သွင်း ရေးဖွဲ့ခြင်း အားဖြင့် ဝတ္ထုများဟာ ပိုပြီး အသက်ဝင်လာမှာ ဖြစ်ပါတယ် ။
ဟာကလီဘယ်ရီ အကြောင်း ပြန် စဉ်းစားရင် မစ္စစ္စပီမြစ်ကြီး အလိုလို ပေါ် လာမှာပါ ။ ထိုနည်းတူစွာ ဟိုလ်ဒင်း အကြောင်း ပြောရင် နယူးယောက် မြို့တော် မပါဘဲ ဘယ်နည်းနဲ့ မှ မပြီးနိုင်ပါဘူး ။ ( သူတို့ ဝတ္ထုတွေနဲ့ ယှဉ် စဉ်းစားမယ့် အစား မြန်မာဝတ္ထုများနဲ့ နားလည်အောင် ပြောရမယ် ဆိုရင်တော့ မွှေး အကြောင်း ပြောရင် စပါးခင်းတွေကို မြင်ယောင်လာမှာ ဖြစ်သလို ရေနံ့သာ ခင်ခင်ကြီး အကြောင်း ပြောမယ် ဆိုရင် လည်း ချောက် ၊ ရေနံချောင်း က ရေနံတွင်းတွေကို မြင်ယောင်လာစေမှာ ဖြစ်ပါတယ် )
••••• ••••• •••••
ဒယ်နီယယ်လ်စတိုလာ ရဲ့ ဆောင်းပါးကို ဖတ်ပြီးရင် ဝတ္ထုတစ်ပုဒ်မှာ နေရာ ပတ်ဝန်းကျင် အနေအထားဟာ ဝတ္ထုကို အထောက်အကူ ပြုကြောင်း တွေ့လာမှာ ဖြစ်ပါတယ် ။ ဒီဆောင်းပါးရဲ့ သဘောတရားက ကျွန်တော် တစ်ခါတုန်းက ဖော်ပြပေးခဲ့ဖူးတဲ့ အာရုံငါးပါးနဲ့ စာရေးခြင်း ဆောင်းပါးပါ အချက်အလက်များနဲ့ ဆက်စပ်နေတယ် ဆိုတာ သတိပြုမိကြမယ်လို့ ထင်ပါတယ် ။
◾ဝင်းငြိမ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
၂ဝ၁၁ ခုနှစ် ၊ နိုဝင်ဘာ
No comments:
Post a Comment