❝ သွားတက်ကလေးနဲ့ ❞
( မင်းတင်ထွဏ်း )
တော်တော် မုန်းစရာကောင်းတဲ့ လူကြီး ... နာမည်က ကိုဘဒင် ပါ ။ ဒါပေမဲ့ .... ကိုင်းတန်းဈေး ပျံကျ ဈေးသည်တွေကတော့ ... သူ့ ကွယ်ရာမှာ ‘ ဦးစည်းကမ်း ’ လို့ ခေါ်ကြတယ် ။
သူက ကျွန်မတို့ ပျံကျဈေးသည်တွေ ထွက်တဲ့ အပိုင်းမှာ တာဝန်ကျတဲ့ စည်ပင်သာယာ ဝန်ထမ်းလေ ။ လေးငါးယောက် ရှိတဲ့ အထဲမှာ သူက အငယ်ဆုံး ၊ အစွာဆုံး ၊ အာဏာ တစ်ပဲခြောက်ပြားလေးနဲ့ ဟိုနေရာ ဈေးမထွက်ရဘူး ။ ဒီနေရာ ဈေးမခင်းရဘူး ၊ သတ်မှတ်ထားတဲ့ မျဉ်း ကို ကျော်ပြီးတော့လည်း မရောင်းရဘူးနဲ့ စည်းကမ်းကြီးနေတဲ့သူ ။
လူက ထောင်ထောင်မောင်းမောင်း ၊ အသားက ညိုညို ၊ မျက်နှာက ခပ်တည်တည်နဲ့ ။ သူ့ ယူနီဖောင်းက အပြာရောင် ၊ ဒါကြောင့် ကျွန်မက သူ့ ကို ‘ ဘီလူး ’ လို့ နာမည်ပြောင် ပေးထားတယ် ။ သူ့ မြင်ရင် ‘ ဟေ့ ... ဘီလူးလာပြီ .. စည်းမကျော်နဲ့ ’ လို့ အချင်းချင်း လှမ်းပြီး သတိပေးတတ်တယ် ။
ဈေးဗန်းတွေ နောက်ဆုတ်ကြပေါ့ ။ မဆုတ်မိတဲ့ ဈေးဗန်း ဆိုရင် အတင်းမျဉ်းထဲ ဆွဲသွင်းတာ ။ ပါးစပ်ကလည်း ‘ စည်းကမ်းမရှိကြဘူး ’ နဲ့ အော်ဟစ်နေတာ ။
ကျွန်မကတော့ သူ့အသံ ကြားရင် ကျောစိမ့်သွားပေမယ့် မကြောက်ပေါင် ။ သူ့ ကွယ်ရာဆိုရင် ဈေးတောင်းကို နည်းနည်း ရှေ့တိုးလိုက်တာပဲ ။ ဟုတ်တယ်လေ ၊ ဈေးရောင်းတယ်ဆိုတာ သူများထက် ရှေ့တိုး ရောင်းမှ ရောင်းကောင်းတာကိုး ။ လူကြီး ဘာမှသိတာ မဟုတ်ဘူး ။ မရှိတဲ့ အစွယ်ကို ထုတ်ပြချင်နေတာလောက်သာ နားလည်တာ ။ တခြားသူတွေလို အစ်ကို ခေါ်လို့လည်း မရ ။ ဦးလေး ခေါ်လို့လည်း မရ ။ လက်ဖက်ရည် သောက်မလား ဆိုတော့ မျက်နှာထားကြီးနဲ့ အချို မရ ၊ အချဉ် မရတဲ့ တကယ့် လူ့ခွစာကြီး ။
oooooooooooooo
ကျွန်မကို ပျံကျဈေးသည် ဆိုပြီးတော့ ပေါ့သေးသေး မထင်ပါနဲ့ ။ အိမ်တော်ရာ မြောက်ပေါက်မှာ မွေးတဲ့ မန္တလေးသူ စစ်စစ်ပါ ။ အိမ်တော်ရာ ၊ ဈေးချို နဲ့ ကိုင်းတန်းဈေး ဆိုတာ ကျွန်မရဲ့ ကစားကွင်းပေါ့ ။ အဘွားက ကိုင်းတန်းဈေးမှာ ကုန်စိမ်း ရောင်းတယ်လေ ။ အဘွားမှာ သမီး ( ၃ ) ယောက် ရှိတယ် ။
အဘွား ဆုံးတော့ အိမ် ကို ရောင်းပြီး အမွေခွဲကြတယ် ။ ဆိုင် ကိုတော့ အမေက အမ်း ယူလိုက်တယ် ။ အမေ က ကိုင်းတန်းဈေးမှာ ကုန်စိမ်း ဆက်ထွက်တယ် ။ အမွေ ခွဲပြီးတော့ အမေက အရှေ့ပြင်မင်္ဂလာရပ် ၊ ဒေါ်လေးသီ က မြောက်ပြင် ၊ ဒေါ်လေးကြည် က ပိုက်ကျုံးဘက်ဆီတွေမှာ မြေ နဲ့ အိမ် ဝယ်ပြီး နေကြတယ် ။
အမေက ဈေးသည်ပီပီ လက်ဖွာတယ် ။ အကောင်းစားတယ် ။ အကောင်းဝတ်တယ် ။ ဈေးရောင်းရင် ပါတိတ်ဝမ်းဆက် လောက် ဝတ်တယ် ။ လက်နှစ်ဖက်မှာလည်း ရွှေလက်ကောက် တချွင်ချွင်နဲ့ ၊ လည်ပင်းမှာလည်း ရွှေဆွဲကြိုးကြီး တစ်ယမ်းယမ်း နဲ့ ပေါ့ ။ အဘွားတို့ ခေတ်က ဆိုရင် ဈေးချိုသူတွေက ရွှေခြေကျင်း ဝတ်ပြီးတောင် ဈေး ရောင်းတာတဲ့ ။
ဒါပေမဲ့ အမေ့လက်ထက် ကျတော့ ရွှေအစစ်တွေ က တဖြည်းဖြည်း မရှိတော့ဘူး ။ အဖေ ဖြုန်းတာနဲ့ ကုန်တာ ။ အမေ အပြုံး မပျက်ခဲ့ပါဘူး ။ ရွှေရည်စိမ်တွေ ဝတ်ပြီး ဈေးရောင်းခဲ့တယ်လေ ။ ဟုတ်ပ ... ဘယ်သူသိတာ မှတ်လို့ နော့ ။ အများလည်း လုပ်နေကြတဲ့ ကိစ္စလေ ။
အဖေကတော့ အိမ် မှာ မင်းသားပဲ ။ အဲ ... တကယ်လည်း အဖေက ဇာတ်မင်းသားပါ ။ ပန်တျာဇော်ဝင်း ဇာတ် မှာ လက်ထောက်မင်းသား လေ ။ ပန်တျာဇော်ဝင်းဇာတ် က အိမ်တော်ရာဘုရား မှာ နှစ်တိုင်း ကတယ် ။ အမေက ပွဲကြိုက်ခင် ။ ပန်းကြဲစင် က ကြည့်တာ ။ အမေက ပန်းကုံး တက် စွပ်ရင်း အဖေက “ မမ လှတယ်ဗျာ ” လို့ ညုတုတု ပြောလိုက်တာနဲ့ ကြိုက်သွားကြရောတဲ့ ။ အမေ နဲ့ ညားတော့ အဖေ့ ကို ဇာတ်က မခိုင်းတော့ဘူးတဲ့ ။
“ ဈေးဝယ်ကို အဆစ်သာ ပိုပိုသာသာ ပေးနိုင်တယ် ... အချစ်ကို ဘယ်သူမှ မျက်စောင်းထိုး မခံဘူး ” တဲ့ ။ ဒါက အမေ့ရဲ့ စကားလေ ။
ကျွန်မ မှတ်မိသရွေ့တော့ အဖေက ဘာအလုပ်မှ လုပ်တာ မဟုတ်ဘူး ။ ဒိုဘီကျလေး ဝတ်ပြီး မနက် လက်ဖက်ရည်ဆိုင် ၊ ည အရက်ဆိုင်မှာ အချိန်ကုန်ခဲ့တာ များတယ် ။ အဖေက အမေ့ဆီ လက်ဖြန့် တောင်းစရာမ လိုဘူး ။ အမေက အဖေ ဝတ်မယ့် အင်္ကျီအိတ်ထဲမှာ ငွေအသင့် ထည့်ပေးထားတာ ။
မင်္ဂလာရပ်ကွက် ရောက်တော့ အဖေက ဦးပေသီး ဆိုတဲ့ သူနဲ့ ပေါင်းပြီး ဖဲရိုက်တတ် လာတယ် ။ ဂျင်ထိုးတတ် လာတယ် ။ ရှုံးတော့ အမေ့ဆီ ငွေခဏခဏ တောင်းတယ် ။ အမေက အစတော့ ပေးနိုင်ပေမယ့် ကြာလာတော့ မပေးနိုင်တော့ဘူး ။ ဒီတော့ စကား များရတယ် ။ အဖေက ထွက်သွားတော့ အမေ က လိုက်ချော့ခေါ်တယ် ။ ရွှေတွေ ရောင်းပြီး ပေးရပြန်တယ် ။ ဒီကြားထဲ အဖေက လေဖြတ် ပြန်ရော ၊ အဖေ့ကို ဆေးကုဖို့ ဈေးဆိုင်ခန်း ရောင်း ရပြန်တယ် ။ မသက်သာပါဘူး ။
အဖေ ဆုံးတော့ အမေ့ မှာ မျက်ရည် နဲ့ မျက်ခွက် ။ ထမင်းလည်း မှန်မှန် မစားနိုင်တော့ဘူး ။ ဈေးလည်း မရောင်းနိုင်တော့ဘူး ။ ကျွန်မ အပြင် ညီမလေး မချူး နဲ့ မောင်လေး မောင်တူး လည်း ရှိသေးတော့ ကျွန်မက ( ၉ ) တန်း နဲ့ ကျောင်းထွက်ပြီး ပျံကျဈေး ရောင်းရတာပေါ့ ။ အခုဆို ပျံကျဈေးသည် လုပ်သက် ( ၃ ) နှစ် ရှိပြီလေ ။
“ လုပ်ကြပါဦး.. ဈေးဝယ်ခြင်းထဲက ပိုက်ဆံအိတ် အလစ်သုတ်သွားလို့ ”
ခရမ်းချဉ်သီးသည် မထားမေရဲ့ အော်သံကြောင့် ကျွန်မ မော့ ကြည့်လိုက်တယ် ။ လူတစ်ယောက် လူအုပ် ကို တိုးပြီး ပြေးထွက်သွားတယ် ။ အားလုံး ကြောင်ပြီး ကြည့်နေကြတယ် ။
မကြာဘူး ။ အပြာရောင် ယူနီဖောင်းဝတ်သူ ( ၃ ) ယောက် ထိုလူ့နောက်ကို ပြေးလိုက်သွားတယ် ။ ဝေးဝေး မရောက်ခင် အလစ်သုတ်ကို မိပြီး ခေါ်လာတယ် ။ ကျွန်မ မုန်းတဲ့ ‘ ဘီလူး ’ က ထိုသူ့လက်ကို ချုပ်ထားပြီး မေးတယ် ။
“ ဒီလူလား ... ”
“ ဟုတ် ... ဟုတ်ပါတယ် ”
မထားမေ က ဖြေတယ် ။
“ ဒီပိုက်ဆံအိတ် လား ... ”
“ ဟုတ်ပါတယ်ရှင်.. ကျေးဇူးပါ ငါ့မောင်ရယ် ”
ဈေးဝယ် က တုန်တုန်ယင်ယင် ဖြေတယ် ။ ဒီတော့ ကိုရွှေဘီလူး က “ ခင်ဗျားတို့ ဈေးဝယ် တချို့က တော်တော်လေး ပေါ့တီးပေါ့ဆနိုင်ကြတယ် .... ပိုက်ဆံအိတ်က ခြင်းထဲ မှာ အလွယ်တကူ ထားတော့ အချောင်သမားတွေ အကြိုက်ပေါ့ .. နောင် ဆင်ခြင်ပါ ” လို့ ပြောတယ် ။ သူ့ အပူလား ၊ နောက် မထားမေ ဘက် လှည့်ပြီး ...
“ ခင်ဗျားတို့ ဈေးသည်တွေ ကလည်း ဈေးရောင်းဖို့ပဲ အာရုံစိုက် မနေ နဲ့ .. အလစ်သမားတို့ ၊ ခါးပိုက်နှိုက်တို့ ကို ဒီအနီးအနားမှာ တွေ့ရင် ပြောလို့ မှာထားတာ ... ဘယ်နှခါ လာ ပြောဖူးကြလဲ .. ဒီဈေးမှာ ခိုးဆိုးနှိုက် ကင်းမှ ခင်ဗျားတို့ ဈေးကောင်းကောင်း ရောင်းရတော့မှာပေါ့ ... ဝယ်တဲ့သူ ကလည်း အေးအေးချမ်းချမ်း ဝယ်နိုင်မှာပေါ့ ”
“ ဟုတ်တာပေါ့ ... ကိုဘဒင် ရယ် ”
မထားမေ က မျက်နှာချို လေသံပျော့နဲ့ ထောက်ခံတယ် ။
“ အစ်မကြီးလည်း ဈေးရုံးကို လိုက်ခဲ့ပါ ... ဟိုကျမှ လူကြီးတွေက ဆောင်ရွက်ပေးပါလိမ့်မယ် ”
ဈေးဝယ်ကိုပါ ခေါ်ပြီး အပြာရောင်ဘီလူးကြီး က အလစ်သုတ်သမားကို ခေါ်သွားတယ် ။
“ တော်တော်မုန်းစရာ ကောင်းတဲ့ လူကြီး .. သူ့ အစွယ် မန်ကျည်းစေ့ လောက်ကို တစ်တောင်လောက် မှတ်လို့ ထုတ်ပြနေတယ် ”
သူတို့ ထွက်သွားတော့ ကျွန်မက မျက်စောင်း ထိုးပြီး ပြောလိုက်တယ် ။ သူ့ လုပ်ရပ်ကို ချီးကျူးပေမယ့် ကျွန်မတို့ ပျံကျဈေးသည်တွေကို မဆီမဆိုင် ငေါက်တာကို တော့ မကျေနပ်ပေါင် ။ ဒင်းကို ကြည့်မရတာတွေ အများကြီး ။ ဆိုင်ကို ကိုယ် ထွက်ချင်သလို မထွက်ရဘူး ။
“ ဟေ့ ....မိတူး .... နင့် ဆိုင်နားမှာ အမှိုက်တွေ ရှုပ်ပွနေတာပဲ ...မရှက်ဘူးလား ... အိမ်မှာ လည်း ဒီလိုနေတာ ထင်တယ် ... သွားကောက်ပြီး အမှိုက်ကန်ထဲထည့် ” ဆိုပြီး အာဏာသံနဲ့လ ည်း ခိုင်းသေး ။ ဒါ ဒင်းလုပ်ရမှာ မဟုတ်လား ။ ကျုပ်တို့ က ဈေးကောက် ပေးထားရတာလေ ။ ကျွန်မ က ပေကတ်ကတ် လုပ်တော့ သူ စိတ်ရှည်ပုံ မပေါ်ဘူး ။ သူ့ ဘာသာ အမှိုက်တွေ ကောက်ပြီး အမှိုက်ကန်ထဲ သွားထည့်တယ် ။ ထည့်ပေါ့ ။ ကျွန်မမှာ ကျေနပ်လိုက်တာ ။
ကျွန်မတို့ ပျံကျဈေးသည်ထဲမှာ သူ့ကို အကောင်းပြောတာဆိုလို့ အပျိုကြီး မထားမေ ပဲရှိတယ် ။
“ ညည်းတို့ကလည်း အေ ... ကိုဘဒင် ကို မကောင်း မမြင်ကြပါ ... သူက စည်းကမ်းရှိတဲ့ ဝန်ထမ်းကောင်းပဲ ... သူ က စည်းကမ်းနဲ့ ပြောတာကို ငါတို့က မလိုက်နာနိုင်ကြတာပဲ ၊ ကဲ ... သူက ညည်းတို့ ၊ ငါတို့ အပေါ်ကို ညှဉ်းဖူးသလား ၊ ညစ်ဖူးသလား ၊ အခွင့်အရေး ယူဖူးသလား ... နေပူလို့ ရေပေးတာတောင် မသောက်တဲ့သူပါ အေ .. သူက ဈေးကို စနစ်တကျ ထွက်အောင် ၊ သန့်ရှင်းအောင် အာ အညောင်းခံပြီး ပြောနေတာပါ ... ကဲ ... အရင်ကဆိုရင် လမ်းလယ်ခေါင်ထိ ဈေးကို တက်ရောင်းကြတော့ ချယ်ကာလီ က ချိတ် ၊ ကား က တက်နင်းတော့ ရန်ဖြစ်နေကြရတာ မဟုတ်လား ...နောက်ပြီး ကိုယ့် ပစ္စည်းပဲ ပျက်စီးခဲ့ကြတာလေ ... အခုလို ကျယ်ကျယ်လွင့်လွင့် ရောင်းရတော့ စိတ်အေးကြရတယ် မဟုတ်လား ”
မထားမေ ကတော့ ကိုဘဒင် အကြောင်း ပြောရရင် ဟို .. ဈေးဝယ် ခဏစောင့်ဦးပဲ ... ။
ဒါကြောင့် ကျွန်မတို့ ပျံကျဈေးသည် တစ်စုက မထားမေ ကို ကိုဘဒင်နဲ့ ပေးစားကြတယ် ။ မထားမေ က စိတ်မဆိုးတဲ့ အပြင် ကျွန်မတို့ အားလုံးကို လက်ဖက်ရည် တောင် ဝယ်တိုက်သေးတယ် ။
oooooooooooo
အမေ ဆေးရုံ တင်ထားရလို့ ဈေးမထွက်နိုင်တာ ( ၂ ) ရက်ရှိပြီ ။
ငွေလိုလို့ မြောက်ပြင်မှာ နေတဲ့ ဒေါ်လေးသီ ဆီ အမေ ဆေးရုံတက်တာလည်း အကြောင်းကြားရင်း ငွေ သွားချေးတယ် ။ မချေးပါဘူး ။ ရှိသမျှ ငွေလေး ထုတ်ပေး လိုက်တာပါ ။
“ မိတူး ဘာမှ အားမငယ်နဲ့ ... ဒေါ်လေးတို့ ရှိတယ် ... ဆေးရုံ ပြန်နှင့် ၊ မကြည် ကို သွားခေါ်ပြီး ဆေးရုံ လိုက်ခဲ့မယ် ”
ဒေါ်လေးသီ က အားပေးစကား ပြောရှာတယ် ။
ဒေါ်လေးသီ ပေးတဲ့ ငွေကို ပိုက်ဆံအိတ်ထဲ ထည့်ပြီး လက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကာ အနောက်ဘက် ကျုံးဘေး ကနေ ဆေးရုံကြီးဆီကို ပြန်ခဲ့တယ် ။ အသွား တုန်းက လိုင်းကား ရှိနေပေမယ့် အပြန်ကျ မိုးချုပ်နေလို့ လိုင်းကား မရှိတော့ဘူး ။
ခပ်သွက်သွက် လျှောက်ခဲ့တယ် ။ နောက်က ခြေသံ ကြားလို့ လှည့်ကြည့် လိုက်တော့ လူနှစ်ယောက် နောက်က ကပ်ပါလာတယ် ။ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ် ။ ခြေလှမ်းကို ပိုသွက်လိုက်တယ် ။ နောက်က ခြေသံပြင်းပြင်း ကြားရတယ် ။ လူတစ်ယောက်က ကျွန်မ လက်ထဲက ပိုက်ဆံအိတ်ကို ဆွဲလုတယ် ။ တစ်ယောက်က ကျွန်မ ကို ကိုယ်နဲ့ ဝင်တိုက်သွားတယ် ။ ကျွန်မ ပိုက်ဆံအိတ်ပါသွားတယ် ။ လူလဲကျ သွားတယ် ။
“ ကယ်ကြပါဦးရှင် .. ကျွန်မ ပိုက်ဆံအိတ် လုသွားလို့ပါ ”
ကျွန်မက အော်လည်း အော် ထပြီးလည်း ပြေးလိုက်သွားတယ် ။
ဒီအချိန် စက်ဘီး စီးလာသူ တစ်ယောက်က စက်ဘီးကို ရပ်ပြီး အလစ်သုတ်သူတွေ နောက် ပြေးလိုက်တယ် ။ မိတော့ တစ်ယောက် နဲ့ နှစ်ယောက် ထိုးကြိတ်ကြတယ် ။ အလစ်သုတ်သမား ဓားချက်က စက်ဘီးစီးသူ လက်မောင်းအိုးကို ထိသွားတယ် ။
“ လာကြပါဦးရှင် ... ”
ကျွန်မက ပြေးရင်း အော်တယ် ။ လမ်းလယ်ကျွန်းမှာ အလုပ် လုပ်နေကြတဲ့ စည်ပင်ဝန်ထမ်းတွေ ပြေးလာကြတယ် ။ ယောက်ျားရော ၊ မိန်းမရော ၊ အလစ်သုတ်သမား နှစ်ယောက်ကို ဝိုင်းဖမ်းကြတယ် ။ ရဲစခန်း ပို့လိုက်ကြတယ် ။ စက်ဘီးသမား လက်မောင်းရင်းမှာ သွေးတွေ ရဲလို့ .. ။
“ ဟင် ... ကိုဘဒင် ... ”
ဘုရား .. ဘုရား ... ကျွန်မ ကို ဝင်ကူညီသူက ကိုဘဒင် ပါလား ။
“ ဟာ .. မိတူး ... ”
ကိုဘဒင် ကလည်း ကျွန်မကို အံ့သြစွာ ကြည့်နေတယ် ။
ကိုဘဒင်ကို စည်ပင်ကား နဲ့ ဆေးရုံ ပို့ကြတယ် ။ ကျွန်မ လည်း ကိုဘဒင် ဘေးနားက လိုက်သွားတယ် ။ ဝေဒနာကို ကြိတ်မှိတ်ခံစားနေတဲ့ သူ့ မျက်နှာကို မြင်တော့ သနားလိုက်တာ ။
oooooooooooo
သားလေး ရက် ( ၁၀၀ ) ပြည့်တော့ မွေးနေ့ပွဲ ကျင်းပတယ် ။ အစ်ကိုကြီးက လုပ်ပေးချင်တာ မဟုတ်ဘူး ။ စည်ကမ်းသမား ၊ စားရင်းဇယားသမား ဆိုတော့ ငွေကုန်မှာ စိုးတာပေါ့ ။ ကျွန်မကတော့ သားဦးမို့ သူများ နည်းတူ မင်္ဂလာ တစ်ခုတော့ လုပ်ပေးချင်တယ်လေ ။ လုပ်မပေးရဘူး ဆိုတော့ ကျွဲမြီးတိုတာပေါ့ ။ စကား သုံးရက် လောက် သူ့ ကို မပြောဘဲနေတော့ ‘ မိတူး ’ သဘောတဲ့ ။
ကျွန်မက အရင်လောက် လက်မဖွာတော့ပါဘူး ။ ငွေတန်ဖိုး နားလည်နေပါပြီ ။ အသုံး နဲ့ အဖြုန်း ၊ ပကာသန နဲ့ သဘာဝ ၊ အတု နဲ့ အစစ် စတာတွေကို အစ်ကိုကြီး ပြောပြလို့ နားရည်ဝ နေပါပြီ ။ ဘုန်းကြီး ( ၅ ) ပါးကို ဆွမ်း နဲ့ ဝတ္ထုကပ်ပြီး ဧည့်သည်တွေကို ကြာဆံဟင်းနဲ့ ဧည့်ခံမှာပါ ။ အစ်ကိုကြီးက သူ့ရုံးက ရင်းနှီးသူ လောက်သာ ဖိတ်တယ် ။ ကျွန်မကလည်း ရပ်ကွက် ထဲက လူကြီးတွေရယ် ၊ အိမ်နီးနားချင်းတွေရယ် ၊ ဒေါ်လေးတို့ရယ် ၊ လုပ်ဖော်ကိုင်ဖက် ပျံကျဈေးသည်တွေ လောက်သာ ဖိတ်တာပါ ။
ဟင်း .. ဟင်း .. မထားမေ တို့နဲ့ ပျံကျ ဈေးသည်မတွေ လာရင် ကျွန်မ နဲ့ အစ်ကိုကြီး ကို စကြနောက်ကြမှာ သေချာတယ် ။ အခု အစ်ကိုကြီးက ရုံးသွားပြီ ဆိုတော့ ကျွန်မကတော့ လှိမ့်ခံနေရတော့မှာပေါ့ ။
အစ်ကိုကြီး ဆိုတာက ... ၊ ဟင်း .. ဟင်း ... ကျွန်မ မုန်းတယ်လို့ ပြောပြောနေတဲ့ အပြာရောင်ဘီလူးကြီး လေ .. ၊ ကိုဘဒင် ပေါ့ ။
ရေစက်များ ဆန်းကြယ်ပုံ က ကျွန်မကြောင့် သူ ဆေးရုံ ရောက်တော့ ခွဲစိတ်ခန်း တန်း ဝင်ရတယ်လေ ။ ခွဲစိတ်မှုက အောင်မြင်ပါတယ် ။ ဆေးရုံမှာ ( ၂ ) ပတ်လောက် တက်လိုက်ရတယ် ။ သူက အမေအိုကြီးနဲ့ နေတာ ။ အမေက ကျန်းမာရေး ကောင်းတာမဟုတ်ဘူး ။ သူ့ကို မစောင့်နိုင်ဘူး ။ ဆွေမျိုးရင်းချာတွေလည်း မန္တလေးမှာ မရှိဘူး ။ ဒီတော့ သူ့ကို စောင့်မယ့်သူ မရှိဘူး ။ ညဆိုရင် အရေးမကြီးဘူး ။ သူတို့ စည်ပင်က ဝန်ထမ်းတွေ တစ်ယောက် တစ်လှည့် လာစောင့်ပေးကြတယ် ။
ကိုဘဒင် ကို ဒေါ်လေးသီ က သိတယ် ။ ဒေါ်လေးသီ တို့ အိမ်နားမှာ အိမ်ငှား နေကြတာတဲ့ ။
“ မောင်ဘဒင် တို့က စဉ့်ကူးနယ် ဘက်က ၊ မောင်ဘဒင် က ပညာတော်တယ် ၊ ဆယ်တန်းကို ( ၃ ) ဘာသာဂုဏ်ထူးနဲ့ အောင်တယ် ၊ ကွန်ပျူတာတက္ကသိုလ် တက်ခွင့် ရတော့ မိသားစုလိုက် ပြောင်းလာပြီး အိမ်ငှား နေကြတယ် ။ မိသားစုက ( ၃ ) ယောက် တည်းပါ ။ သား ပညာရေးအတွက် မြို့ တက်လာကြတာ ။ မောင်ဘဒင် အဖေ ဦးဘရင် က ထောင်ထောင်မောင်းမောင်း သန်သန်မာမာ ရယ် ။ ပွဲရုံမှာ ကုန်ထမ်းတယ် ။ သူ့အမေ ဒေါ်မြအေး ကတော့ ပန်းနာရင်ကျပ်သည်ပါ ။ မိသားစုလိုက် အေးပြီး ရိုးကြပါတယ် ။ အဲ ... ဖြစ်ချင်တော့ အသောက်အစား ကင်းတဲ့ ဦးဘရင် က အသည်းကင်ဆာ နဲ့ ဆုံးသွားရှာတယ် ။ မောင်ဘဒင် ခမျာ လှေလှော်ရင်း တက်ကျိုးသွားတာပေါ့ ၊ တက္ကသိုလ်က ထွက်ပြီး စည်ပင်သာယာမှာ အလုပ် ဝင်လုပ်နေရတယ် ။ ကျန်းမာရေး မကောင်းတဲ့ မိခင်ကြီး ကို လုပ်ကျွေး ပြုစုနေရှာတာပေါ့ ။ မောင်ဘဒင် က အသောက်အစား အပျော်အပါး ကင်းပြီး တကယ့် ဘဝ နာတဲ့ ကလေး ... ရပ်ရွာရေးကိစ္စလည်း တက်ကြွစွာ ဝင်ကူသလို ရည်မှန်းချက်လည်း အပျောက် မခံတဲ့သူ ၊ စာပေးစာယူနဲ့ မနှစ်က ဘွဲ့တောင် ယူပြီးပြီလေ ... ”
ဒေါ်လေးသီ စကားကြောင့် ကျွန်မ ထင်ထားတဲ့ အစွယ်ပြူးပြူး နဲ့ ဘီလူးကြီး က မင်းသားလေး ဖြစ်သွားတော့တာပေါ့ ။
“ ဟုတ်ရဲ့လား ... ဒေါ်လေး ရယ် ”
ကျွန်မက မယုံသလို မေး လိုက်တယ် ။
“ ရွှေမန်းတင်မောင် လေသံနဲ့ ပြောရရင် ဒါ့ထက်တောင် ပိုသေး ၊ ကဲ ... ကြည့်ပါလား ၊ ညည်းကို ဘုမသိဘမ သိနဲ့ ကူညီခဲ့တာ မဟုတ်လား ... မောင်ဘဒင်က ညည်းကျေးဇူးရှင် ၊ သူ့ ကို နေ့စောင့်မယ့် သူ မရှိရင် ညည်းစောင့်ပေး ”
“ အို ... ဒေါ်လေးသီ ကလည်း အမေ့ကို ဘယ်သူ စောင့်ပေးမှာလဲ ”
“ မပူနဲ့ မချူး နဲ့ အတူး လည်း ရှိတယ် ၊ ငါ နဲ့ မကြည် လည်း ရှိတယ် ”
ဒေါ်လေးသီ စကားကြောင့် ရယ် ၊ ကျွန်မ ကိုယ်တိုင်က လည်း စောင့်ပေးချင်တာရယ်ကြောင့် နေ့ပိုင်းကို သွား စောင့်ပေးမိတယ် ။
ဟွန်း ... တော်တော် မုန်းစရာကောင်းတဲ့ လူကြီး ။ သူ့ကိုလည်း သနားလို့ စေတနာနဲ့ စောင့်ပေးရသေး ။ ရည်းစားစကားလည်း အပြော ခံရသေးတယ် ။ အဲဒီကျတော့ လေသံက နုလို့ ၊ မျက်နှာက ချိုလို့ ။ အဖြေ မရမချင်း နှစ်ကိုယ်ကြား တတွတ်တွတ် ရည်းစားစကားကို ဂါထာရွတ် သလို ပြောနေတာ ၊ ကြာတော့ အမြင်ကတ် လို့ “ အင်းပါ ” လို့ ပြောလိုက်ရတယ်လေ ။ ဒါကိုပဲ လူကြီးက ပျော်လို့ ။
ဆေးရုံက ဆင်းတော့ အမေ့ကို ခွင့်တောင်းပြီး လက်ထပ်ကြတယ်လေ ။ သူတို့ သားအမိ နှစ်ယောက် ကျွန်မတို့ အိမ် ရောက်လာတယ် ။ ကျွန်မကို ပျံကျဈေး မရောင်းခိုင်းတော့ဘူး ။ အိမ်မှာ အိမ်ဆိုင်လေး ဖွင့်ပေးတယ် ။ ကျွန်မက ဈေးရောင်းတယ် ။ အစ်ကိုကြီးက စာရင်းဇယား ကိုင်တယ် ။ ဈေးဝယ်ပေးတယ် ။ အခုတော့ အိမ်ဆိုင်ကြီး ဖြစ်နေပါပြီ ။
အစ်ကိုကြီးလည်း ရာထူး တက်တယ် ။ သားလေး လည်း ရတယ် ။ အမေတို့ နှစ်ယောက် ကလည်း တရားစခန်းမှာ ၊ မိချူး နဲ့ မောင်တူး ကလည်း တက္ကသိုလ်မှာ ၊ ကျွန်မတို့ မိသားစုရိပ်မြုံ က ပျော်စရာပါ ။
ထင်တဲ့ အတိုင်း မထားမေတို့ တစ်သိုက် ( ၁၂ ) နာရီ ထိုးမှ ရောက်လာကြတယ် ။ ကြာဆံဟင်း ရော ၊ ဘုန်းကြီးပွဲကျ ထမင်းရော ကျွေးလိုက်တယ် ။
သူတို့ ရောက်လာတော့ လက်ပံပင် ဆက်ရက် ကျသလို ဆူညံသွားတာပဲ ။ ကျွန်မကို စကြ ၊ ပြောင်ကြ ၊ နောက်ကြပေါ့ ။ ပြန်ခါနီးကျ မထားမေ က ..
“ မိထူး ... ကိုဘဒင် မှာ အစွယ် ရှိတယ်ဆို ... မန်ကျည်းစေ့ လောက်လား ... တစ်တောင် လောက်လား ... ”
ကျွန်မက ပြုံးပြီး ...
“ မထားမေ ကလည်း အစ်ကိုကြီးမှာ အစွယ် မရှိပါဘူး ” လို့ ပြောလိုက်တယ် ။
“ ဒါဆိုရင် ဘာရှိတာလဲ ”
တစ်ယောက်က စတယ် ။
“ အဟိ ... သွားတက်ကလေးပါ ”
“ ဟား ... ဟား ... ဟား ... ဟား ”
“ ဟီး ... ဟီး ... ဟီး ... ဟီး ... ဟီး ”
ကျွန်မ စကားကြောင့် အားလုံး ရယ်မောကြတယ် ။ အုန်းအုန်းကို ထလို့ ။
⎕ မင်းတင်ထွဏ်း
📖မန္တလေးမြို့ ၊ စည်ပင်သာယာနှစ်ပတ်လည်မဂ္ဂဇင်း
ဒီဇင်ဘာလ ၂ဝ၁ဝ
No comments:
Post a Comment