Wednesday, August 27, 2025

လမ်း


 ❝ လမ်း ❞

( မောင်ခိုင်အောင် )


ဆေးရုံရှေ့လမ်းကလေးက အလွန် ကဗျာဆန်သည် ။ လမ်းတစ်ဖက်တစ်ချက်မှ တမာပင်ကြီးများသည် ကိုင်းချင်းယှက်ကာ လမ်းကို အုပ်ဖုံးထားသည် ။ သည် လမ်းပေါ်မှာ အညာနွေ မရှိပါချေ ။ သစ်ရွက်များ စိမ်းမြ နေသလို တမာရိပ်က စိမ်းပြာအေးနုနေသည် ။ ကျွန် တော်က ဆေးရုံလမ်းဟုမခေါ်ဘဲ ချစ်သူတို့ လမ်း ကလေး ( Lover's Lane ) ဟုသာ ခေါ်ချင်သည် ။ ကျွန်တော့်မှာ ချစ်သူရယ်လို့ မရှိ ။ သည်တမာရိပ်ကလေး မှာ နွယ်နွယ်နှင့် လမ်းလျှောက် နေချင်တယ်ဟု မင်းဇံ ခဏခဏ ပြောသည် ။ ခုတလော သူ မှိုင်နေသည် ။ ကျောင်းကြီး ထဲလည်း မတွေ့ ၊ ယနေ့လည်း ဆေးရုံဝင်း ထဲရှိ လက်ချာခန်းသို့ မလာဘဲ ဝင်းထိပ်ရှိ ကန်တင်းမှာ ကျွန်တော့်ကို ထိုင်စောင့်နေသည် ။ သူ့ အဆောင်သို့ ကျွန်တော်တို့ လမ်းလျှောက်လာခဲ့ကြသည် ။ 


( ၁ )


သို့

      သားကြီး

      မေမေ သတိရစွာနှင့် စာရေးလိုက်သည် ။ ညီမငယ် ထံသို့ သားကြီး ပို့လိုက်သော ပို့စကတ်နှင့် စာကို ရရှိသည် ။ အိမ်တွင်လည်း အားလုံး ကျန်းကျန်းမာမာ ရှိကြသည် ။ မင်းလည်း ကျန်းမာရေးကို ဂရုစိုက် ။ မင်း၏ သူငယ်ချင်းနှင့် ပို့လိုက်သော ငရုတ်သီးကြော်နှစ်ဘူးနှင့် ငါးခြောက်တွေကို ရပြီလား ၊ ငါးခြောက်တွေကို ချက်လျှင် ရေနှင့် အသေအချာ ဆေးပြီးမှ ချက်ပါ ။ သည်အတိုင်း ပစ်မထားပါနှင့် ။ အမြင့်မှာ တွဲချိတ်ထား ၊ အား လျှင် နေပူလှမ်းထားပါ ။ မကွေးမှာ ကျောင်းသားအများစု ကျောင်းမတက်ကြ ၊ ဆေးရုံမသွားကြဟု ကြားရသည် ။ စာမေးပွဲကျခြင်းများအတွက် မေမေ အလွန် စိတ်ပူရသည် ။ တစ်ခါတစ်ရံ အိပ်၍တောင် မရ ၊ ဟိုစဉ်းစား ၊ သည်စဉ်းစားနှင့် အားလုံး ပူပင်ရသည်ချည်း ဖြစ်သည် ။ သားကြီးလည်း ကိုယ့်ဘဝကို သိနားလည်တတ်ရမည် ။ ညီမငယ်က ယခု ကိုးတန်းဖြစ်၍ အရေးမကြီး ဆို၍ ရသေးသည် ။ နောင်နှစ်တွင် ကျူရှင်အကောင်း တစ်ခုတွင် ထားရမည် ။ စာတော်သူများဝိုင်းတွင်ထားနိုင်လျှင် ကောင်းသည် ။ ငွေပါပဲ သားကြီး ၊ မြောက်ဦး မှာလည်း ကျူရှင်စရိတ်များ ကြီးသည် ။ ညီမငယ်က အမြဲတမ်း ၁ နှင့် ၅ ကြားမှာ ရှိသည် ။ ဉာဏ်ကောင်းသည် ။ သူ့ခမျာ အိမ်တစ်ဖက် ဆိုင်တစ်ဖက်နှင့် စာတောင် ကောင်းကောင်း ဖတ်ရသည်မဟုတ် ၊ မေမေတို့ ပံ့ပိုးမှု နည်းသည် ။ အိမ်မှုတာဝန် ပိနေသည် ။ စစ်တွေမှာ သင်နိုင်လျှင် ကောင်းပေမည် ။ ညီထွေးက ခြောက်တန်း ဖြစ်၍ ဂရုစိုက် မကြည့်နိုင် ၊ ပစ်ထားသလို ဖြစ်နေသည် ။ ကျူရှင် တောင် မတက် ၊ အိမ်မှာ ဆော့ကစားနေသည် ။ သို့သော် အလွန် လိမ္မာသည် ။ စာကို ရအောင်ဖတ်ပြီး မရလျှင် အမေကို မေးသည် ။


      သားကြီးတစ်ယောက် ကျောင်းကို ဖြောင့်ဖြောင့် တန်းတန်းပြီးရန် လိုသည် ။ သားကြီးဖြောင့်မှ ညီမ ငယ်တို့ ၊ ညီထွေးတို့ ဖြောင့်မည် ။ အမေမုဆိုးမ တစ်ယောက် လခနည်းနည်း ဆိုင်ငယ်တစ်ခုနှင့် မိသားစု ဘဝ မည်မျှ အခက်အခဲ ရှိမည်ကို သိထားရမည် ။ သားကြီး စိတ်ညစ်အောင် မေမေ ပြောနေသည်မဟုတ်ပါ ။ အမိတစ်ယောက် ရင်ထဲမှာ မည်သို့ ခံစားရသည်ကို သားကြီး နားလည်မည်သာ ၊ ရင်ထဲတွင် ဆို့ပြီး မောနေ သည် ။ သားကြီးက နောက်ဆုံးနှစ် အပိုင်း ( က ) ဖြစ်၍ နောက်ထပ် တစ်နှစ်ကျော်ရှိသေးသည် ။ မေမေက သားကြီးတို့ ဖေဖေနှင့် ပတ်သက်ပြီး မြောက်ဦးကို ရောက်လာခြင်း ဖြစ်သည် ။ သားကြီးတို့ ဖေဖေ မရှိလျှင် ဆွေမရှိ ၊ မျိုးမရှိကဲ့သို့ ဖြစ်သွားမည် ။ စစ်တွေကို ပြောင်းရန် စဉ်းစားသော်လည်း လွယ်သည့်အလုပ် မဟုတ် ၊ စစ်တွေ မှာက ဆွေများမျိုးများ ၊ မိတ်ဆွေများ ရှိသည်မှာ မှန်သည် ။ ဘဝဆိုသည်မှာ မိမိ ဖြစ်ချင်တိုင်း ဖြစ်ရသည်က မဟုတ် ၊ ဓမ္မအတိုင်းဆိုလျှင် အားလုံး ဒုက္ခပင် ဖြစ်သည် ။ ၎င်းကို ကြံ့ကြံ့ခံပြီး အကောင်းဆုံး ကြိုးစားရသည်သာ ဖြစ်သည် ။ အိမ်ထောင်ဦးစီး ခင်ပွန်း မရှိသော်လည်း သည်သားသမီးများ လိမ်လိမ်မာမာနှင့် ပညာရည်မြင့်ကာ လူလူသူသူ ဖြစ်လျှင် အမေတစ်ဦးဘဝ တွင် တစ်ခုမှ မလိုတော့ပြီ ။


      သားကြီးကို မေမေ မပြောဘဲထားသော အရာကိစ္စ တစ်ခုရှိသည် ။ ပြောသင့် ၊ မပြောသင့် ချိန်ဆနေသည် ။ မေမေလည်း ကျန်းမာရေးမကောင်း ၊ အကယ်၍ တစ်ခုခု ဖြစ်သွားခဲ့လျှင် အားလုံး ကိုးရိုးကားရားနှင့် သံသရာတွင် ဝဋ်ကြွေးကပ်ပါမည်ကို ကြောက်ရသည် ။ 


      လူ့အသက် လူ့ဘဝ ဆိုသည်မှာ သေချာသော အရာကား မဟုတ် ၊ ယခုပါသော စာကို သားကြီး ဖတ် ကြည့်ပါ ။ စိတ်ညစ်စရာမဟုတ် ။ စိတ်ကို အေး၍ ငြိမ်၍ထားပါ ။ ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ ကျေးဇူးကို အိပ်ခါနီးတိုင်း အောက်မေ့ပါ ။


      အဝေးမှာ သားကြီး ကျန်းမာပါစေဟု မေမေ အမြဲတမ်း ဆုတောင်းမေတ္တာပို့နေသည် ။


      မေမေ အိမ်စိုးဖြူ

      နန်းရာကုန်းရပ် ၊ မြောက်ဦးမြို့ ။


( ၂ )


သို့

      အိမ်စိုးဖြူ


သြဂုတ်လ ၁ ရက် ၊ ၂၀၀၈ 


      ငါ စာရေးလိုက်ပြီ ။ နင်တစ်ယောက် ကျန်းကျန်းမာမာ ရှိရဲ့လား ။


      သမီးကြီးတို့လင်မယား သင်္ကြန်တွင်းက မြောက်ဦး ကို ဘုရားဖူး သွားကြသည့်အခါ လိုက်လာဖို့ စီစဉ်သေးသည် ။ နင်တို့မိသားစုနှင့် တွေ့ချင်မြင်ချင်လို့ပါ ။ ဒါပေမဲ့ အသက်ကြီးလာတော့ ရုပ်ခန္ဓာမှာ ဝေဒနာများ ၊ ရောဂါ ရုတ်တရက် နေမကောင်းဖြစ်လာ၍ မလာဖြစ်ခဲ့ ။ များ တစ်ခုပြီးတစ်ခု လာကြသည် ။


      မင်းတစ်ယောက် ထွန်းအောင်ဇံ သေပြီး ကတည်းက ဘယ်မျှ ရုန်းရကန်ရသည်ကို ငါ သိပါသည် ။ လေးနှစ်တောင် ရှိပြီ ။ မင်းဇံဝေ ပထမနှစ် တက်စက မဟုတ်လား ။ ဘဝမှာ အသက်ရှင်နေသေးခြင်း ၊ နောက် ဘဝကို ရည်စူးပြီး ကုသိုလ်ကောင်းမှု တရားဘာဝနာ လုပ်နိုင်ခြင်း ၊ သားသမီးများနှင့် ချစ်ချစ်ခင်ခင် နေထိုင်ခြင်းတို့သည် ကောင်းသောအရာများပင် ။ အားလုံးကို စိတ်ပျက်အားငယ်နေ၍ မည်သို့ရမလဲ ။ ကိုယ့်ထက် ဒုက္ခထဲမှာ နစ်နေသောသူများက ရှိသေးသည် ။ ဘဝ ဆိုသည်မှာ ဒုက္ခပဲ ။ နင့်ခင်ပွန်းနှင့် ငါတို့သည် ငယ်စဉ် ကတည်းက ညီရင်းအစ်ကိုပမာ ချစ်ခင်လာခဲ့ကြသူများ ဖြစ်သည် ။ ၎င်းတို့ မိသားစုအပေါ်တွင် မိမိတို့ ဆွေမျိုးကဲ့ သို့ မှတ်ယူပြီး နင်တို့ သားသမီးများ ပညာထူးချွန်လျှင် ငါတို့မိသားစု ပျော်သည် ။ နင်တို့ ဒုက္ခကြုံလျှင် ငါတို့ စိတ်မကောင်းကြ ။ ငါ အတတ်နိုင်ဆုံး ကူညီခဲ့သည်ကို နင် သိပါသည် ။ နင်တို့ အခက်အခဲကို ကိုယ့်အခက်အခဲ ကဲ့သို့ ခံစားရသည် ။


      ငါလည်း ၆ဝ ကျော်လာ၍ ကျန်းမာရေး ကျဆင်းလာသည်ကို တွေ့ရသည် ။ ပူပင်သောကများကို ဖျောက်ပြီး အသိနှင့် သတိနှင့် နေသော်လည်း ရုပ်ခန္ဓာက ဖောက်လာသည် ။ တရားစခန်း ဝင်ဖို့တောင် အဆင်မပြေချင် ။


      အလုပ်တွေကို သမီးကြီးလင်မယားနှင့် လွှဲထားလိုက်သည် ။ သားအငယ်ကောင်ကလည်း ဂျပန်သွားချင်နေပြီ ။ အဖေ့ကို ငဲ့မနေနှင့် ။ သွားပါလေ ။ သူတို့ဆန္ဒ သူတို့ဘဝသာ ဖြစ်ပြီး သူတို့ကို ငါမပိုင် ။ ယခု သမီး ချိုလင်း တစ်ယောက်နှင့် ငါနှင့်သာ ဖြစ်သည် ။ ချိုလင်းက သူ့အမေ ဆုံးကတည်းက ငါ့ကို တွယ်တာပြီး ဂရုစိုက်သည် ။ သူလည်း မဟာသိပ္ပံ စတက်ပြီ ၊ သူက အလွန်နုသည် ။ ပျော့သည် ။ သူ့ကို စိတ်ပူမိသည် ။ နင်၏ သားသမီးများသည် ငါ့သား သမီးနှင့် အတူတူသာ ။ ချိုလင်း အမေ ဆိုလျှင် နင့်သားမီးများကို အမြဲ ချီးကျူးသည် ။


      ငါပြောချင်သည်က သမီး ချိုလင်းကိစ္စပါ ။ နင်တို့ အိမ်ကို ရောင်းမည်ဟု သတင်းသန့်သန့်ကြားရ၍ ငါ စိတ်မကောင်း ဖြစ်ရသည် ။ သမီးတို့နဲ့များ ပတ်သက်နေသလားလို့တောင် သမီးကြီးက မေးသေးသည် ။ မင်းတို့ ၊ ငါတို့ ကြားမှာ ငွေကြေးကိစ္စကို ဦးခေါင်းထဲ ထည့်မထားပါနှင့် ။ ဆွေမျိုးချင်း ကူညီသလိုမှတ်ပါ ။ ငါတို့ စေတနာကို တန်ဖိုးထားစေချင်သည် ။ နင်၏ သားလည်း တစ်နှစ်ကျော် လိုသေးသည် ။ သူ့အောက်မှာ စာသင်သားကလေးနှစ်ဦး ရှိသေးသည် ။


      ငါ့စိတ်ဆန္ဒက မင်း၏ သားနှင့် ချိုလင်းကို လက်ဆက်ထားခဲ့ချင်သည် ။ ငါ့ကို အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ယုံကြည်ပါ ။ သူတို့ လူငယ်အချင်းချင်း လည်း တစ်ဦးနှင့်တစ်ဦး ခင်မင်လေးစားမှု ရှိကြသည်သာ ဖြစ်သည် ။ ပြဿနာ မရှိပါ ။ မင်းအိမ် ရောင်းဖို့ကိစ္စ ၊ သားသမီးငယ်များကိစ္စကို မပူပင်ပါနှင့် ။ မင်းအနေနှင့် ပင်စင်ယူဖို့ လေးငါးနှစ် ကျန်လျှင်လည်း တင်ထား လိုက်ပါ ။ အချိန်အားလျှင် တရားနှင့် ဓမ္မနှင့် စခန်းဝင်ပြီး စိတ်အေးကိုယ်အေး နေလို့ရနိုင်သည် ။ ငါတို့ စေတနာကို နားလည်လိမ့်မည်ဟု ငါ ယုံကြည်သည် ။


      မင်းလင်သား ငါ့ညီငယ်သည်လည်း ငါ့ အပေါ်မှာ အလွန် ကျေးဇူးကြီးခဲ့သည်ကို စစ်တွေရှိ ငါတို့ မင်းတို့ ဆွေမျိုးများ အားလုံး သိကြပါသည် ။ ငါ့ညီငယ် ထွန်းအောင်ဇံ ရောက်ရှိနေသော ဘဝမှ ကြည်နူးဝမ်းသာ မည့်ကိစ္စသာ ဖြစ်သည် ။


      မင်း၏ သားကို အကျိုးအကြောင်း ရှင်းပြလိုက်ပါ ။ 


      မင်းတို့ မိသားစုအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာကြပါစေ ။


          မြသာဦး 

          စစ်တွေ ။


( ၃ )


သူငယ်ချင်း မင်းဇံ 


      အဆင်ပြေတယ်နော် ။ ငါ စာရေးပျင်းတာကို မင်း သိပါတယ် ။ ပျင်းပေမယ့် ရေးဖို့ ကြုံလာတယ်ကွာ ။ မကွေးမှာ မိုးတွင်းတောင် ပူတယ်လို့ ကြားတယ် ။ မင်းကတော့ မင်းဝဋ်နဲ့ မင်း ထပ်ပြီးပူပေါ့ကွာ ။ ဘာပဲ ဖြစ်ဖြစ် ကယ်ရီအွန်သူငယ်ချင်း ၊ မင်းတို့မှာက အာမခံချက် ရှိပါသေးတယ် ။ ငါတို့က အပေါ်မရောက် အောက်မကျ ၊ ရှေ့တက်လည်း ထူးဖို့မမြင် ၊ နောက်ဆုတ်လည်း မရ ဖြစ်နေပြီ ။ ဆယ်တန်း မအောင်ခဲ့ရင် တောင် ခပ်ကောင်းကောင်းလို့ တစ်ခါတလေ တွေးမိသေးတယ် ။ စစ်တွေမှာ အဆောင်စရိတ်တွေကြီး ၊ ထမင်း ခလည်း ကြီးတယ် ။ အခု ငါတို့ စုပြီးတော့ ကြုံသလို ချက်စားကြနေကြတယ် ။ အိမ်က မိဘတွေကို အားနာဖို့ ကြုံနေရပြီလေ ။


      ငါနဲ့ တွဲနေတဲ့ ကျော်မြကို သိတယ်မို့လား ။ မင်းတို့ နန်းရာကုန်း အောက်ကလေ ။ ငါတို့ မကယ်နီကယ် ကပဲ ။ ဘောလုံးရူးလို့ ဂေါ်ရာဒိုနာလို့ ခေါ်တဲ့သူလေ ။ ကျောင်း မတက်ချင်တော့ဘူးတဲ့ ။ တိုင်းနှင့် ပြည်နယ် ကစားပြီးတော့ ရန်ကုန် အဆင့်မြင့်တန်းမှာ ကစားဖို့ သွားပြီ ။ ငါတော့ ကျောင်းမှာ စာလည်း မဖတ်ဖြစ် ၊ ဘာစာမှလည်း မဖတ်ဖြစ်ပါဘူးကွာ ။ ဂျာနယ်လေး ဟိုလှန်ဒီလှန်ပါပဲ ။ လက်ဖက်ရည်ဆိုင် နေ့တိုင်း ထိုင်ဖို့လည်း လွယ်တာမဟုတ်ဘူး ။ ဂစ်တာတီး ဆေးလိပ်သောက်ပေါ့ကွာ ။ သီချင်းလေး ငါးပုဒ် လောက်တော့ ရေးဖြစ်ပါတယ် ။ ကျောင်းပိတ်ရင် မြောက်ဦးလည်း မပြန်ချင် ။ စစ်တွေ မှာလည်း မပျော် ။ ရည်းစား သူငယ်လေး ဘာလေးလည်းမရှိ ။ ငုံးတိတိနဲ့ ။ လိုက်ချိတ်ရင် ငြိတာပါပဲကွာ ။ တို့ ဘော်ဒါတွေကတော့ ဟိုချိတ် သည်ချိတ်နဲ့ ပျော်ကြကြည်ကြပေါ့ကွာ ။ ငါတော့ ပျော်မွေ့စရာ မမြင်ပါဘူးကွာ ။ ပိုက်ဆံပဲ ကုန်ဖို့ရှိတယ် ။


      မင်းမှာလည်း ဝဋ်ပါတယ်ပေါ့ကွာ ။ မင်း အကြောင်းကိုပဲ ပြောရတော့မယ် ။ မပြောဘဲထားရင် သူငယ်ချင်း မပီသဘူး ဖြစ်သွားမယ် ။ မင်းတို့ သတင်းက မြောက်ဦးမှာ အရမ်းပြန့်နေပြီ ။ နွယ်နွယ်ဆီက စာလေးဘာလေး မရောက်ဘူးလား ။ မင်းကို စစ်တွေက သူဌေးသမီးလေး တစ်ယောက်နဲ့ စေ့စပ်ဖို့ ၊ ပြီးတော့ ကျောင်းပိတ်လာတဲ့အခါ လက်ထပ်ဖို့ အားလုံး စီစဉ်ထားကြတယ်လို့ ပြောနေကြတယ် ။ အစတုန်းက မင်း အမေ အိမ်ကိုရောင်းပြီး စစ်တွေက ဆွေမျိုးတွေ ဆီမှာ ပြောင်းနေဖို့ ပေးစရာ ၊ ဆပ်စရာတွေကို ပြန်ဆပ်မလို့တဲ့ ။ အဲ့ဒါကို မင်းအဖေရဲ့ မိတ်ဆွေရင်းပေါ့ ။ မင်းတို့ မိသားစုနဲ့ သိပ်ရင်းနှီးတဲ့ လူကြီးက သင့်တော်အောင် စီစဉ်ပေးလို့ ရောင်းစရာ မလိုတော့ဘူး ။ အားလုံး အဆင်ပြေသွားတယ်တဲ့ ။


      အဲ့ဒီ လူကြီးအိမ်ကို မင်းနဲ့ငါ တစ်ခါ ၊ နှစ်ခါ ရောက်ဖူးသေးတယ် ။ အဲ့ဒီအိမ်က ကောင်မလေးက ငါတို့နဲ့ ဆိမ်းဘတ်ချ်ပဲ ။ အခု စစ်တွေမှာ ဖစ်ဆစ် မာစတာ တက်နေတယ် ။ မင်းနဲ့လည်း ရင်းနှီးတယ် မဟုတ်လား ။ ဦးဥတ္တမပန်းခြံနားက ကားဂိတ်မှာ တစ်ခါ တစ်ခါ တွေ့ ရတယ် ။ ငါ့ကို မှတ်မိတယ် ။ အေးအေးဆေးဆေးမျိုးပါ ။ မင်းမှာတော့ သံယောဇဉ်ကြောင့် ဒုက္ခဖြစ်တယ် ဆိုတာ အဲ့ဒါပေါ့ကွာ ။ နွယ်နွယ် မြောက်ဦးမှာ အလယ်တန်းတွေကို ကျူရှင်ပြနေတယ် ။ ရပ်တည်ရုံပေါ့ကွာ ။ မူလတန်းဆရာမ လျှောက်ထားတယ် ။ အင်္ဂလိပ်စာမေဂျာမို့ ရနိုင်တယ်လို့တော့ ကြားတာပဲ ။ မြို့မှာ သတင်းတွေ ထွက်နေလို့ နွယ်နွယ် တစ်ယောက် အပြင်တောင် သိပ်မထွက်ဘူးလို့ ကြားရတယ် ။ ငါတို့ မတတ်နိုင် ၊ မကူနိုင်တဲ့ ကိစ္စမျိုးဆိုတော့ ခွကျတယ်ကွ ။ မဟုတ်ပါစေနဲ့ ဆုတောင်းပေမယ့် ဟုတ်ဖို့က များပါ တယ် ။ ဟုတ်တယ်ဆိုရင် ပြဿနာကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ပါကွာ ။ စိတ်ဓာတ်တွေ ပြိုကွဲလို့ ၊ ပေါက်ကွဲလို့ မဖြစ်သင့်တာတွေ မဖြစ်စေနဲ့ပေါ့ သူငယ် ချင်းရာ ။ ပညာရေးကို အထိအခိုက် အပျက်အစီး မခံနဲ့ သူငယ်ချင်း ။ ငါတော့ ဒီလောက်ပဲ ပြောတတ်တယ် ။


      ကိစ္စရှိရင် စစ်တွေကို လာဖြစ်လို့ရှိရင် အိမ်ရှေ့က စာအုပ်ဆိုင်ကို ဖုန်းဆက်ပါ ။ မနက်ပိုင်း ရှစ်နာရီထိ ငါရှိတယ် ။ ဒီလောက်ပါပဲ ။


သူငယ်ချင်း ကံကောင်းပါစေ       

        ခိုင်ကျော်စိုး 

        နည်းပညာတက္ကသိုလ် ။ 


( ၄ )


မင်းဇံဝေ


      ဒီစာကို ရေးသင့် ၊ မရေးသင့် ငါ အလေးအနက် စဉ်းစားခဲ့တယ် ။ အခုတော့ ရေးလိုက်ရပြီပေါ့ကွာ ။ တကယ်တော့ ငါနဲ့ မဆိုင်ဘူးဆိုလည်း ရတယ် ။ ကလေးလူငယ်တွေ ကိစ္စမှာ ဝင်ပြီး နောက်တယ် ဆိုလည်း ပြောကြပေါ့လေ ။ ရပါတယ် ။ တစ်ဖက်က ငါဟာ ရခိုင်တစ်ယောက် အနေနဲ့ ပတ်သက်တယ်ဆိုလည်း ရတယ် ။ တိုက်ရိုက်ဆိုရင် မင်း ချစ်ခင်မြတ်နိုးတဲ့ နွယ်ခိုင်ဟာ ငါ့မိန်းမရဲ့ ညီမငယ် ဖြစ်နေလို့ပဲ ။ ဒါ့ကြောင့် ဒီစာကို အလေးအနက် ထားပြီး တန်ဖိုးထားပြီးဖတ်ဖို့ ငါ ကြိုတင် တောင်းပန်တယ် ။


      မြောက်ဦးမှာ သတင်းတွေ ပြန့်ထွက် နေတယ် ။ မြို့က ငယ်ငယ်လေး မဟုတ်လား ။ ဖုံးထားဖိထားလို့ ရမှာ မဟုတ်တော့ မှန်တယ်လို့ပဲ ယူဆလိုက်ရတယ် ။ မင်းတို့ မိသားစုကို ကူညီပံ့ပိုးထားတဲ့ စစ်တွေက ကုန်သည်တစ်ဦးရဲ့ သမီးနဲ့ မင်းကို စေ့စပ်မယ် ၊ ယူကြ မယ်ဆိုတဲ့ သတင်းပဲ ။ တကယ်တော့ ပညာတတ် ရခိုင်သားလေး တစ်ဦးနဲ့ ရခိုင်သူမလေး တစ်ဦး လက်တွဲ ကြတယ် ၊ ညားကြတယ်ဆိုတာ ကောင်းတာပေါ့ကွာ ။ ဒါပေမဲ့ မေတ္တာတရားမပါ သစ္စာတရားကို ချေဖျက် ပြီးတော့ ငွေကြေးဓနကို အခြေခံ ကျားကန်ထားတဲ့ ဇာတ်လမ်းဆိုရင်တော့ မင်္ဂလာရှိပါ့မလား ။


      အခု မင်း ရင်ဆိုင်နေရပြီ ။ ထွက်ပြေးလို့ မရဘူး ။ မင်း နားလည်သင့်တာက မင်းကို ငါ့ခယ်မကို ယူဖို့ မင်းနဲ့ငါ မယားညီအစ်ကို တော်ဖို့အတွက် ဒီစာကို ရေးနေတာ မဟုတ်ဘူးဆိုတာပဲ ။


      မင်းနဲ့ နွယ်ခိုင်တို့ဟာ ငယ်သူငယ်ချင်းတွေ ။ မင်းတို့ ဆယ်တန်းအောင်တော့ ပထမနှစ်မှာ မေတ္တာ မျှခဲ့ကြတယ်လို့ သိရတယ် ။ မင်းတို့ သုံးနှစ်သုံးမိုး သစ္စာကတိ ရှိလာခဲ့ကြပြီး မင်းတို့ကို ဘယ်သူမှ ဘေးတီး ပေးတာလည်း မဟုတ် ။ သွေးထိုး လှုံ့ဆော်တာ လည်းမဟုတ် ။ မင်းက တန်ဖိုးထား မြတ်နိုးလို့ မင်း ရွေးချယ်ခဲ့တာ ဖြစ်တယ် ။ ကိုယ် မြတ်နိုး ရွေးချယ်ခဲ့တာကို တိုက်ပွဲနဲ့ တွေ့တဲ့အခါ ကျောခိုင်းစွန့်ပစ်တယ်ဆိုတာ သစ္စာပျက်တာပဲ မဟုတ်လား ။ မိန်းမတစ်ယောက် ကြိုက်ဖို့တော့ တတ်တယ် ။ လက်တွဲဖို့ ကျတော့ ကျား ရှေ့ရောက်တဲ့ ခွေးလို ဖင်တစ်ပိုင်းသေသွားတဲ့ သူရသတ္တိ မရှိတဲ့ကောင်လို့ ဘဝမှာ ဆုတံဆိပ်ရသွားမှာပဲ ။ အေးကွာ ဘာမှတော့ မထူးပါဘူး ။ လူ့ဘဝမှာ အရှက်ဆိုတာလည်း ရှက်တတ်မှပါကွာ ။ တစ်ဖက်က မင်းမှာ ထည့်သွင်းစဉ်းစားရမယ့် အမေကိစ္စ ညီ ၊ ညီမလေးတွေ ကိစ္စရှိတယ် ။ အမေ လင်သေမုဆိုးမ ကျေးဇူးတရား ကြီးတယ် ။ အဖေ မရှိတဲ့ ညီ ၊ ညီမငယ်တွေ အတွက် ကိုယ့်မှာ တာဝန်ရှိတယ် ။ မှန်ပါတယ် ။ မင်းမှာ ဒီ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ စဉ်းစား ပြီး ရှိလား ၊ မရှိဘူးလား ငါ မသိဘူး ။ မင်း ဘယ်လိုခံစား နေရသလဲ ငါ မသိဘူး ။ ငါကတော့ ငါ့ခံစားမှုနဲ့ မနေနိုင် ၊ မထိုင်နိုင် ဖြစ်ပြီး ဒီစာကို ရေးလိုက်ရပြီ ။ အားလုံးအဆင်ပြေနိုင်တဲ့ နည်းလမ်းကို မင်း ရှာတွေ့ပြီး အကောင် အထည်ဖော်နိုင်ရင် အကောင်းဆုံးပေါ့ကွာ ။ ဒါမှမဟုတ် ရင်တော့ ( တစ် ) ငါ့မှာ လေးစားထိုက်တဲ့ ညီငယ် တစ်ယောက်ရမယ် ။ ( နှစ် ) မေတ္တာတရားကို တန်ဖိုး ထားတဲ့ ပညာတတ် တစ်ယောက် ရခိုင်မှာ ပိုလာမယ် ။ ဒီနှစ်လမ်းမှာ တစ်လမ်းပေါ့ကွာ ။


            အောင်ညွန့် 

            မြောက်ဦး ။


သူငယ်ချင်း မင်းဇံဝေ ပေးဖတ်သော စာလေးစောင်ကို ဖတ်ပြီး ကျွန်တော့် အတွက် ဘာသာစကား ပျောက်သွားခဲ့သည် ။ တစ်ခေါင်းလုံး ထုံမှိုင်းသွားသည် ။ လည်ချောင်း ဆို့နင့်ပြီး ရေငတ်သလို ဖြစ်သွားသည် ။ တစ်ကိုယ်လုံး ချွေးများစိုနေသည် ။ အပြင်ဘက်တွင် နေရောင်လင်းနေသည် ။ မင်းဇံဝေသည် ခုတင်ပေါ်တွင် ပက်လက်လှန်ပြီး ညာလက်ကို နဖူးပေါ် တင်ထားသည် ။ နံရံပေါ်တွင် ကပ်တင် ထားသော မီးချောင်းကို ငေးစိုက် ကြည့်နေပုံရသည် ။ ထို့နောက် ကျွန်တော့်ဘက် လှည့် ကာ စောင့်ကြည့်သည် ။ တစ်စုံတစ်ရာ ကြားချင်သော မျှော်လင့်နေသော မျက်လုံးများဖြစ်သည် ။ ကျွန်တော့်မှာ စကားမရှိသလို ဖြစ်နေသည် ။ ဦးနှောက်ထဲ ရင်ထဲမှာ မရှိတာမျိုးလည်းမဟုတ် ။ ဝေါဝါးရှုပ်ထွေးနေတာ တွေများက အသိတရား ကင်းမဲ့သည့်နှယ့် ဖြစ်သွားသည် ။ ပုလင်းထဲမှ ရေတစ်ခွက်ကို သောက်သည် ။ ရေက အေးမနေ ပူနွေးနွေး ၊ ဝီစကီဆိုလျှင် ကောင်းဦး မည် ။


သည်ကောင် ဘယ်လောက် ခံစား နေရမလဲ ။ အဖြေက ဘာလဲ ။ ထွက်ပေါက် ရှိသလား ။ ဘယ်လမ်းလဲ ။ ကျွန်တော်တို့ စကား မပြောဖြစ်ကြ ။ အခန်းက တိတ်ဆိတ်နေသည် ။ ကျွန်တော် လေကို တစ်ဝရှူပါ သည် ။ ငွေကြေးဥစ္စာဓန ၊ ညက ဖတ်ခဲ့သော ဆုရ ကဗျာတစ်ပုဒ်၏ ခေါင်းစည်းက Money ဖြစ်သည် ။


အများကြီး မဟုတ်ပါဘူး ။ အလွန်ဆုံး တစ်ရာ ၊ သိန်းတစ်ရာပေါ့ ။ ငါ့ဆီကယူ ၊ မင်း ချက်ချင်း လိုက်သွားကွာ ။ အကျိုးအကြောင်း ရှင်းပြ ၊ အမေကို ရှိခိုး တောင်းပန် ၊ ကြွေးမြီတွေကိုရှင်း ၊ ဟိုဦးလေးကြီးကို တောင်းပန် ၊ ချိုလင်းကို နှုတ်ဆက် ၊ နွယ်နွယ်ကို မကွေး ဆီ ခေါ်ခဲ့ကွာ ။ အိမ်တစ်ဆောင်ငှား ၊ ထမင်းချက်ဖို့ ခိုင်းထား ။ ငါတို့ စားဖို့သောက်ဖို့ အိမ်တစ်ဆောင်ရပြီ ။ ညနေ ကျောင်းအားရင် မင်းသဘောကျတဲ့ ဆေးရုံရှေ့ တမာရိပ်လမ်းကလေးမှာ လျှောက်ကြပေါ့ကွာ ။ 


ဘဝက ဒီလို မဟုတ်ဘူးလေ ။ ငွေကြေးက ဂဏန်း ငါးလုံးတောင် မကူညီနိုင်ဘူး ။ လူကြီးမိဘ စကားဆိုတာ လွယ်လွယ်လေး မဟုတ်ဘူးလေ ။


ဒီကောင် တော်တော်ရိုးတယ် ။ အတယ် ။ တကယ် မသိဘူးလား ။ အမေမုဆိုးမ အလယ်တန်းပြ ဆရာမဟာ ဆိုင်ငယ်လေး တစ်ခုနဲ့ သားကို တက္ကသိုလ် ပို့ထားဖို့ဆိုရင် ကြွေးမြီ ပိမှာပဲ ။ မင်းလည်း နည်းနည်းလောက် အာယားတယ် ။ နွယ်နွယ် ကိစ္စမရှိရင် ပြဿနာ မဟုတ်ဘူးလေ ။ ရင်ခုန်တတ်တဲ့ နှလုံးသားဟာ ငါးပါးမှောက်ကိန်း ကြုံရပြီလေ ။


ပါဒ်တူးက လှထွန်းသာ က မင်းဇံ ကို နောက်သေးတယ် ။ မင်းရဲ့ စစ်တွေက ကောင်မလေးကို ငါ ငြိချင်ချင်ပဲတဲ့ ။ ဣန္ဒြေနဲ့ တော်တော် လှတယ်ဆိုပဲ ။ မိဘကလည်း ပိုက်ဆံရှိတယ် ။ မာစတာ တက်နေတာ မင်းနဲ့ ဘယ်လို အခြေအနေလဲ လို့တောင် မေးသေးတယ် ။ ခွကျတာက အဲ့ဒီ ကောင်မလေးမှာလည်း သူငယ်ချင်းတွေ ချိတ်ဆက်လေးတွေ မရှိ ။ ပကတိ ရိုးရိုးလေး ရှိရင်တော့ ခိုးပြေးခိုင်းရင် ကိစ္စပြတ်ပြီ ။ ငါတို့လည်း တစ်လ ၊ နှစ်လ ကူညီမယ် ။ နောက်တော့ အိမ်ပေါ် ရောက်သွားမှာပဲ ။ ခုတော့ ပြဿနာ ၊ သူလေးကလည်း မင်းဇံကို အထင်ကြီးတယ် ။ လေးစားတယ် ။ အိပ်မက် ထဲက မင်းသားလေးများလား မသိ ။


ထိုပုဂ္ဂိုလ် ပြောသလို ဆိုရင် သစ္စာဖောက်ပေါ့ ။ မဟုတ်ပါဘူးကွာ ။ အဲ့ဒီလူစားထဲမှာ ပါသားပဲ ။ အချစ် ဆိုတာ ဘဝမှာ သိပ်ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ လောကမှာ ကြီးကျယ်တဲ့ ကိစ္စတွေက အများကြီးရှိတယ် ။ ဒုက္ခတွေကလည်း အများကြီးပါပဲ ။ ပညာ တတ်ချင်လို့ ငွေကြေး မတတ်နိုင်တာလည်း ဒုက္ခဝဋ် တစ်မျိုးပါပဲ ။ ချစ်သူနဲ့ မပေါင်းရတာလည်း ဝဋ်တစ် မျိုးလို့ ဆိုကြတယ် ။ ဟုတ်ပါ့မလား ၊ ဟုတ်တဲ့လူလည်း ရှိမှာပေါ့ ။


“ သူငယ်ချင်း ” ကျွန်တော့် ရင်ထဲက ပွင့်ထွက်လာသည် ။ မင်းဇံဝေက ကျွန်တော့်ကို အလန့်တကြား မော့ကြည့်သည် ။ ငေးစိုက်ကြည့်ရင်းက အောက်သို့ ငုံ့ကြည့် သွားသည် ။ ကျွန်တော့်ထံမှ အကြံတစ်ခွန်း ၊ ဉာဏ်တစ်ခွန်း မျှော်လင့်နေသည် ။


“ မင်းဇံ အရက်သောက်မလား ”


သူ အနည်းငယ် ကြောင် သွားသည် ။ သူ့ စိတ် ဓာတ်ကို မျက်လုံးထဲတွင် မြင်နေရသည် ။ သူ ခေါင်းခါ ပြသည် ။ 


“ ဦးနှောက် သိပ်မစားပါနဲ့ကွာ ။ ငါ ဘီယာ တိုက်မယ် ။ ပိုက်ဆံ ရှိတယ် ။ လိုက်ခဲ့ကွာ ”


“ မလိုက်တော့ဘူးကွာ ” သူ ဖြေသည် ။ မျက်နှာကို ခေါင်းအုံး အောက်မှာ မှောက်လိုက်သည် ။


“ သူငယ်ချင်း ”


သူ လှည့်ကြည့်သည် ။


“ မေတ္တာတွေ ၊ သစ္စာတွေ ၊ ဥစ္စာဓနတွေ ၊ ကျေးဇူး တရားတွေ ၊ ကျင့်ဝတ်နီတိတွေ ၊ ယဉ်ကျေးမှုတွေကို ဓာတ်ခွဲခန်းမှာလို အင်ဂရေးဒီယန့် ရာခိုင်နှုန်းတွေ အချိုး တွေ ရှာနေလို့ မရနိုင်ဘူးကွာ ။ ဘဝမှာ ဘလက် အင်ဝှိုက် ပြောလို့ရတဲ့ ပြဿနာတွေက အများကြီးပဲကွ ။ အခု မင်းရဲ့ပြဿနာမှာလည်း အမှားအမှန်ကို ရှာလို့ ရမယ်မထင်ဘူး ။ ဆုံးဖြတ်လို့ မရနိုင်ဘူး ။ သူငယ်ချင်း ၊ ဒီတော့ မင်းကြိုက်သလို ဆုံးဖြတ်လိုက် ကွာ ။ ခေါင်းပန်း လှန်လိုက်လည်း ရတယ် ။ မဲနှစ်လိပ် နဲ့ ရွေးလိုက်လည်း ရတယ် ။ ဟိုပုဂ္ဂိုလ်လေးမျိုးနဲ့ ပြောရရင် ( တစ် ) မင်း ဆုံးဖြတ်တာဟာ အမှန်တရား ပဲ ။ ( နှစ် ) အဲ့ဒီ အမှန်တရားကို ဘဝနဲ့ အသိနဲ့ ညှိပြီး တာဝန်ရဲရဲ ယူရမယ် သူငယ်ချင်း ”


လက်ထောက် ခေါင်းထောင်ပြီး မင်းဇံဝေ နားထောင်နေသည် ။ တံခါးကို ဖွင့်ပြီး အပြင်ကော်ရစ်ဒါသို့ ကျွန်တော် ထွက်လာခဲ့သည် ။


“ သူငယ်ချင်း ဝေး ” ဟု သူ လှမ်းခေါ်သည် ။


နီနေညိုရောင် အောက်တွင် လူများ ၊ ဆိုက်ကားများ ၊ ကားများနှင့် အသက်ဝင် နေသော လမ်းမကို မြင်ရသည် ။ တမာရိပ်လမ်းအေးအေးလေးကို ဖျတ်ခနဲ သတိရသည် ။  ။


 ⎕ မောင်ခိုင်အောင်

📖ရနံ့သစ်မဂ္ဂဇင်း

     ၂၀၀၉ ၊ ဇန်နဝါရီလ

No comments:

Post a Comment