❝ စင်ပြိုင် ❞
( အဇ္ဈတ္တ )
သံပန်းတံခါး ဒီဇိုင်းက ဆွဲလိုက်ဖျက်လိုက်နှင့် ဘယ်လိုမှ စိတ်တိုင်းကျ ထွက်မလာ ။ ပုံစံဟောင်းတွေ ထဲမှာ ဒီဇိုင်းကောင်းတွေ ရှိသည် ။ ဒါပေမဲ့ အခု ကမ်းလှမ်း လာတာက အကြီးစား ဆောက်လုပ်ရေးကုမ္ပဏီကြီး ဆိုတော့ အကောင်းဆုံးဒီဇိုင်း လုပ်ပြနိုင်ဖို့လိုသည် ။ ဒါက ရေရှည် ဖောက်သည် ဖြစ်ရေးအတွက် ။ ဒီတော့ ဖက်တီးရော ၊ သူ့ဆရာ ကိုဆွေရော ဒီကိစ္စ ခေါင်းစားနေရပြီ ။ ဝရိန်ချော်ခေါက်သံ တဒေါင်ဒေါင်က သူ့ခေါင်းကို လာခေါက်နေသလို ဖက်တီး ခံစားရသည် ။ ဒီအချိန်မှာပဲ ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တော့ သူ့ဆရာ ကိုဆွေ ။
“ ဖက်တီးလား ... ဘာထူးသေးလဲ ညီလေး ”
“ ဘာမှ မထူးဘူးဆရာ ၊ ကားဘော်ဒီလည်း လက်စသတ် နေပါပြီ ။ အခု ဟို ကိုးကန့်ကုမ္ပဏီ အတွက် ကျွန်တော် သံပန်းဒီဇိုင်း ဆွဲကြည့်နေတာ ။ စိတ်တိုင်းတော့ မကျသေးဘူး ”
“ မလောနဲ့လေ ညီလေးရ ၊ ဒါမျိုးက ခေါင်းအေးအေးနဲ့ စဉ်းစားရတာ ။ ကဲကွာ ကား ဘော်ဒီပြီးရင် နားလိုက်ကြ တော့ ။ ကောင်လေးတွေ ကြို ငွေလေးဘာလေး ထုတ်ချင် ရင်လည်း မင်း ကြည့်စီစဉ် ပေးလိုက် ။ လက်ထဲမှာ ငွေ ရော ရှိသေးရဲ့လား ”
“ ဟုတ် ၊ ရှိတယ်ဆရာ ”
“ အေး မလောက်ရင်လည်း အိမ်ကို ပြေးလိုက် ။ မင်းအစ်မရှိတယ် ။ အစ်ကိုက နည်းနည်း နောက်ကျမယ် ။ အလုပ်ကိစ္စတစ်ခု ဆွေးနွေးစရာရှိလို့ကွ ”
“ အေးဆေးပါဆရာ ၊ အားလုံး အဆင်ပြေပါတယ် ။ ဘာမှ နောက်ဆံတင်း မနေနဲ့ နော် ဆရာ ”
“ အေးအေး ငါစိတ်ချမယ် ဖက်တီး ၊ အန္တရာယ် မဖြစ်စေနဲ့ ကြားလား ဒါပဲနော် ”
ဖုန်းခွက်ချရင်း နာရီ လှမ်းကြည့်လိုက်တော့ ညနေ ၄ နာရီခွဲ ။ ကားဘော်ဒီကိုင်နေသည့်အဖွဲ့တွေဘက် အခြေအနေ လှမ်းတီးခေါက်ကြည့် လိုက်သည် ။
“ ကိုပု ပြီးခါနီးပြီလား ”
“ အေး ပြီးသလောက်ပဲ ၊ မင်း လာ စစ်ကြည့်လိုက်ဦး ”
“ ဟုတ် ဟုတ် လာပြီ ၊ ပြီးရင် ဒီနေ့အလုပ် စောစော သိမ်းတာပေါ့ ”
••••• ••••• •••••
ကိုဆွေ ဖုန်းဆက်ခေါ် လို့ အိမ်လိုက်သွားတော့ သတင်းစာထဲက သင်တန်းလျှောက်လွှာ ခေါ်စာကို ပြပြီး သူ ထင်မှတ် မထားတာတွေ ကိုဆွေက ပြောလာသည် ။
“ အစ်ကိုတော့ မင်းကို အဲဒီသင်တန်း တက်လိုက်စေချင်တယ် ။ လက်မှတ် တစ်ခု ရထားရင် နိုင်ငံခြား သွားလုပ် မလား ၊ ဒီမှာလုပ်မလား ၊ မင်း လက်မထောင် နိုင်တယ် ။ ခေတ်က အဲဒီလိုခေတ်ကွ ”
“ တက်တော့ တက်ချင်တာပေါ့ ဆရာရယ် ၊ ဒါပေမဲ့ စရိတ်စက …… ”
“ အဲဒါ မင်းအပူ မဟုတ်ပါဘူး ။ ဒီမှာနေ ၊ ဒီမှာစား သင်တန်း အားလို့ လုပ်စရာရှိရင် ဝင်လုပ် ။ မင်း တတ်ခဲ့တာတွေလည်း ဒီကလူတွေ ပြန်မျှပေးပေါ့ကွာ ။ ကဲ ကြာတယ်ကွာ ၊ မင်းအစ်မနဲ့လည်း တိုင်ပင်ပြီးပြီ ။ သူကလည်း အားပေးတယ် ။ ဒီတော့ မင်း အခု ရေမိုးချိုး ပြီးတာနဲ့ လျှောက် လွှာတင်ဖို့ လစ်တော့ ။ ဒီမှာ ငါ ကြည့်လုပ်ထားလိုက်မယ် ”
အလုပ်ရုံ အမြန်ပြန်ပြီး ကိုပုကို မှာစရာရှိတာ မှာသည် ။ ရေချိုးရင်း ကိုဆွေ့ အကြောင်း တွေးကာ စိတ်ထဲ က အကြိမ်ကြိမ် ဦးချနေမိသည် ။ သူနှင့် ကိုဆွေတို့ မိသားစု ဘာသွေးသားမျှ မတော်စပ် ။ နယ်က အလုပ်ရှာဖို့ ရောက်လာသည့် သူ့ကို သူ့ဦးလေးက ကိုဆွေ့ ဆီ အပ်ပေးလိုက်သည် ။ ကိုဆွေ က သူ့ဦးလေး၏ စာသင်သား တပည့်ဟောင်း ။ ဆရာ့ ကျေးဇူးဆပ်ခွင့်လေး ကြံဖန် ရတာ ဆိုပြီး ကိုဆွေက သူ့ကို လိုလိုလားလားပင် လက်ခံသည် ။ စစချင်း ဆယ်မိုင်က နေ မြေနီကုန်း အလုပ်ရုံ သွားရ တာဆိုတော့ ငွေကုန် ၊ အချိန် ကုန် ၊ လူပင်ပန်း ။ ဒါကို ကိုဆွေက သိသည် ။ ဒီတော့ အလုပ်ဝင်ပြီး ၆ လ အကြာမှာ ပဲ ဖက်တီးကို အလုပ်ရုံမှာ လာနေဖို့ ပြောလာသည် ။
“ ငါ့တူရေ ... မောင်ဖိုးဆွေ က လူမှန်လူဖြောင့်ကွ ။ မင့်ကို ဒီလို ခေါ်တာ အကြောင်း ရှိတယ် ။ လေးလေးကတော့ ကျောင်းဆရာ ဆိုတော့ ကျောင်းဆရာ လိုပဲ မင့်ကို ဆုံးမရမှာပဲ ။ ဆရာကောင်း ဆီမှာ ကိုးကွယ်ဆည်းကပ်ပါကွယ် ။ ဆရာကောင်း တပည့်ဖြစ်အောင် ကြိုးစား ၊ ဆရာ့ ကျေးဇူးမမေ့နဲ့ ကြားလားငါ့တူ ”
ဦးလေး၏ အမှာစကား သူဦးထိပ်ထားခဲ့သည် ။ မထားလို့လည်း မဖြစ် ။ သူ့လို အတန်းပညာ စကောစက ၊ နယ်ကနေ အလုပ်ရှာဖို့ ဘာအတတ်ပညာမှ မရှိဘဲ ရန်ကုန် တက်လာသည့် သူ့ဘဝက ထင်မှတ် မထားလောက်အောင် ချောမွေ့နေသည် ။ ဒါသူ့ဦးလေး ကျောင်းဆရာအိုကြီး၏ ကျေးဇူး ၊ ပြီးတော့ ကိုဆွေနှင့် မစုတို့၏ ကျေးဇူး ။ အလုပ်ရုံ မှာ သူနေဖို့ ၊ ချက်ပြုတ်စား သောက်ဖို့ အကုန် ပြင်ဆင်ပေးသည် ။ စောင် ၊ ခြင်ထောင်က အစ ပြည့်ပြည့်စုံစုံ ။
“ ဟဲ့ ဖက်တီး နင်က ဘေးတိုက်ကြည့်ရင် ငါ့အဖေ နဲ့ သိပ်တူတာပဲ ။ အဖေက သူ့ ကိုယ်စား နင့်ကို ငါတို့ဆီ ပြန် လွှတ်လိုက်တာများလား မသိဘူး ။ အေးဟဲ့ ၊ အမွေတွေ ဘာတွေပေးဖို့ ကျန်နေလို့နေမှာ ။ လုပ်စမ်းပါဟယ် ၊ အိပ်မက်လေး ဘာလေးရရင် ပြောစမ်းပါ ။ အပိုင်ကွက် ရရင်တော့ တစ်ခါလောက် အော လိုက်ရအောင် ”
ဖြစ်ချင်တော့ မစုက ဆုံးပါးသွားသည့် ဖခင်ကြီးနှင့် သူ့ကို တူလို့တဲ့ ။ ကံကြမ္မာ ဖန်လာပုံက ကြံကြံဖန်ဖန် ။ ပြီးတော့ မစုသမီး အကြီးမလေး ကစ်ကစ်က ဖက်တီးကို အတော့်ကို ခင်တွယ်ရှာသည် ။ အငယ်ကောင် ချာချီ ကတော့ ငိုယိုဂျီတိုက် နေရင်တောင် “ ဟဲ့ မတိတ်ရင် ဖက်တီး ခေါ်လိုက်မှာနော် ” ဆိုတာနှင့် ချက်ချင်း အငိုတိတ် သွားလောက်အောင်ကြောက်သည် ။ ဖက်တီး အတွက်မှာတော့ တစ်နယ်တစ်ကျေးမှာ လုံးဝ ထင်မှတ်မထားစွာ ရရှိလိုက်သည့် မိသားစုရနံ့ ။ ဒီရနံ့တွေ ကြားထဲ ဖက်တီး မွေ့ပျော်ခဲ့ တာ ၃ နှစ် ၃ မိုးတိုင်ခဲ့ပြီပဲ ။
••••• ••••• •••••
သင်တန်းက ပို့ချလိုက်သည့် နည်းပညာသစ်တွေ အတွက် လုပ်ငန်းသုံး ပစ္စည်းတွေ ဝယ် အားဖြည့်လိုက်တော့ လုပ်ငန်းက ပို ကျယ်ပြန့်လာသည် ။ ကိုဆွေ အကြံပေးသည့် အတိုင်း ပညာသင် ၄ - ၅ ယောက်ကို ဖက်တီး ပြန် သင်ပေးသည် ။ သူတို့ ဆီက သင်တန်းကြေး အပြင် လုပ်အားပါ အပို ရနေလေတော့ ဘယ်ဘက်က ကြည့် ကြည့် အကောင်းချည်းသာ ။ သင်တန်းခကို ကိုဆွေက ဖက်တီးကို အားလုံးပေးသည် ။ သင်တန်းသား ကိုလည်း သင် ၊ အတွင်းလူ ကိုလည်း သင် ။
“ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေကို သင်ပေးတာ မင်း ရဲ့ ပညာအလှူပဲ ညီလေး ။ မင်းသင်ပေးလိုက်တာ သူတို့ ဘဝတစ်သက်စာ လုပ်ကိုင် စားသောက်ပေရော့ ။ ကဲ စဉ်းစားကြည့်စမ်း ”
“ ဟုတ်တယ်နော် ဆရာ ၊ ကိုပုတို့ ငမိုးတို့ဆို ကျွန်တော် တို့ တော်တော် အားကိုးနေရပြီ ။ ဒီမှာမြဲတဲ့ လူတော့ ကျွန်တော် တတ်သမျှ တတ်သွားမှာပဲ ”
“ ဒါပေါ့ကွာ ၊ ကဲ မင်း တူမတွေကို ကျောင်းသွား ပို့လိုက်ဦးမယ် ၊ Safety First နော် ညီလေးရေ ”
ကိုဆွေ့ ကား ထွက်သွားသည် ဆိုလျှင်ပဲ အလုပ်ရုံရှေ့ တက္ကစီတစ်စီး ခေါင်းထိုး ဝင်လာသည် ။ တက္ကစီပေါ်က ဆင်းလာသူက ဖက်တီး လုံးဝ ထင်မှတ်မထားသူ ။ သူနှင့် သင်တန်းအတူ တက်ခဲ့သည့် ဗိုလ်တထောင် ငမိုး ခေါ် ဗိုလ်တထောင်သား မိုးကျော် ဖြစ်နေသည် ။
“ ဟာ ဟေ့လူ ဘယ်က ဘယ်လို မျက်စိလည် လာတာလဲ ”
“ မျက်စိလည်လာတာ မဟုတ်ဘူး ကိုဖက်တီး ၊ ခင်ဗျားဆီ တမင် ရောက်အောင်ကို လာခဲ့တာ ။ လာဗျာ လက်ဖက်ရည်ဆိုင် ခဏထိုင်ရအောင် ၊ ခင်ဗျားနဲ့ တိုင်ပင်စရာလေး ရှိလို့ ”
လက်ဖက်ရည်ဆိုင် ထိုင်မိတယ်ဆို ကိုမိုးကျော်က စကားစသည် ။
“ ဘယ်လိုလဲ ကိုဖက်တီး ဒီမှာ အဆင်ပြေလား ”
“ ပြေတယ်ပဲ ပြောရမှာ ပဲဗျ ၊ ကျွန်တော်က တစ်ကိုယ်ရေ တစ်ကာယပဲ ဥစ္စာ ”
“ အဲဒါကို ပြောတာ မဟုတ်ဘူး ကိုဖက်တီးရ ။ ဒီလိုဗျာ ကျုပ်အလုပ် မလုပ်လို့ ဆိုပြီး ဘိုးတော်က တဂျီဂျီနဲ့ဗျာ ၊ အဲဒါနဲ့ ကားမောင်းမယ် ဆိုပြီး ဟိုတက္ကစီလေး ဝယ်မောင်းနေတာ ။ ကျုပ်ဟာကျုပ် ဟုတ်နေတဲ့ဟာဗျာ ပြဿနာက နေ့တိုင်း အရှာခံနေရတယ် ။ ဒါနဲ့ ဒီဘက်မှာ ခွင်လေးဘာလေး တည့်မလား ဆိုပြီး ထွက်လာတာ ”
“ ဘာခွင်လဲဗျ ၊ ခင်ဗျား စကားကလည်း ”
“ ဟာဗျာ သံပန်းသမားက သံပန်းခွင်ပဲ ပြောမှာပေါ့ဗျ ။ ဒီမှာ အလုပ်ရုံ တစ်ခု လောက် ထောင်မလားလို့ ”
ဖက်တီး တွေသွားသည် ။ မိုးကျော် လာချောင်းသည့် ခွင်က သူတို့နှင့် စင်ပြိုင်ခွင် ။ မိုးကျော်၏ နောက်ခံ အင်အား ဘယ်လောက် တောင့်သည်ဆိုတာလည်း သူက သိနေသည် ။ ဒီတော့ စကားကို လွှတ်ပြောလို့ မဖြစ်တော့ ။ ခေါင်းထဲ အတွေးမျိုး စုံ ယောက်ယက်ခတ်သွားသည် ။ အတော်ကြာ စဉ်းစားပြီးမှ တွေးတွေးဆဆ စကားဆိုဖြစ်သည် ။
“ အင်း ခင်ဗျားက ဝပ်ရှော့ခ်ထောင်မှာ ဆိုတော့ ကျုပ် မပြောတတ်ဘူး ။ ကျုပ်က ဒီ မှာ လက်ခစားကိုးဗျ ။ အလုပ် ဖြစ်နိုင် ၊ မဖြစ်နိုင်ဆိုတာ ကျုပ်ဆရာနဲ့ တွေ့လိုက်တာ ပို ကောင်းတယ် ။ ခဏထိုင်ဦး ။ ဆရာက အခုတင် ကလေး ကျောင်းပို့ဖို့ ပြန်သွားတာ ။ ခင်ဗျား ဒီမှာထိုင်ဦး ။ ကျုပ် အိမ် ဖုန်းထိုးကြည့်လိုက်ဦးမယ် ”
ကိုမိုးကျော်ကို လက်ဖက်ရည်ဆိုင်မှာ ထားကာ သူ့အလုပ်ရုံကို ပြန်သည် ။ ကိုဆွေ့ ရုံးခန်းထဲက ဖုန်းနှင့် အိမ်ကို လှမ်းဆက်တော့ ကိုဆွေနှင့် အသင့်ပဲ တွေ့သည် ။ ဖက်တီး အကျိုးအကြောင်း တစ်လုံးမကျန် ပြောပြလိုက်သည် ။
“ အဲဒါပဲဆရာ ၊ ကျွန်တော်ကတော့ ဆင်ဝှေ့ရန်ရှောင်ပြောထားတယ် ၊ ကျန်တာတော့ ဆရာ ဆက်ပြောမှ ကောင်းမှာ ”
“ မဟုတ်သေးဘူး ညီလေးရ ၊ မင်းတွေးတာ မမှန်ဘူး ”
“ ဗျာ ၊ ဘာဖြစ်လို့လဲ ဆရာ ။ သူ့ နောက်ခံအင်အား က ကြောက်စရာကြီး ဆရာရဲ့ ၊ ကျွန်တော်တို့ ယှဉ်နိုင်မှာ မဟုတ်ဘူး ”
“ အေး အဲဒါကို ပြောတာ ။ မင်း အဲဒီလို မတွေးရဘူးလေကွာ ။ မင်းသူငယ်ချင်းက သူဘာလုပ်ရမလဲ မှုန်ဝါးဝါး ဖြစ်နေတာ ။ သူ့ကို မင်း လမ်းပြ ပေးရမှာပေါ့ ။ မင်းတို့ ၊ အစ်ကိုတို့ မကူညီရင် သူ လမ်းပျောက် နေဦးမှာပဲ ။ ဒီလို လုပ် ဆယ့်ငါးမိနစ် အတွင်း အစ်ကို လာခဲ့မယ် ။ ခဏ စောင့်ခိုင်းထားလိုက် ညီလေး ။ ဒါပဲနော် ”
ကိုဆွေ့ အသံ ပျောက် သွားသည့်တိုင် ဖုန်းခွက်ကို ပြန်မချမိသေးဘဲ ကြောင်ကြည့်နေမိသည် ။
••••• ••••• •••••
သူတို့နှင့် တစ်ရပ်ကွက်ခြားမှာ ကိုမိုးကျော် အလုံးအရင်းနှင့် ခြေချလာသည် ။ ကိုဆွေက အပြောနှင့်တင် မဟုတ်ဘဲ အလုပ်နှင့်ပါ ကူညီသည် ။ ဖွင့်ပွဲမှာ တက်ရောက်လာသည့် ဧည့်သည် အများစုက ကိုဆွေ့မျက်နှာနှင့် တက်ရောက်လာသူတွေ ။ လိုသည့် အလုပ်သမားဝန်ထမ်းတွေ ရ အောင်လည်း ကိုဆွေပဲ စီမံပေးခဲ့သည် ။ အလုပ်စစချင်း ရက်တွေမှာလည်း တစ်လ လောက်အထိ ကိုဆွေ သွား သွားကြည့်ပေးသည် ။ ဖက် တီးကတော့ ကြားက ငထွား ခါးနာ ဖြစ်နေသည် ။
“ ဒီလူက တစ်လ ဖရီး လုပ်ပေးမှာတဲ့ ၊ တော်တော် ကြောက်စရာ ကောင်းတဲ့ တိုက်ကွက်ပဲ ”
“ ကားဘော်ဒီရော ၊ တွင်ခုံရော တွဲမှာတဲ့ဆရာ ။ ဒီကျား က ခြေရာ တော်တော်ကြီးတယ်နော် ”
“ ကျွန်တော့် လူတွေ ပါသွားမှာ စိုးရတယ် ။ ဆရာ နည်းနည်း ဝိုင်းထိန်းပေးပါဦး ”
ဖက်တီး၏ သတိပေး စကားတွေက တစ်ခု တစ်မျိုး ခေါင်းစဉ်မထပ် ။ ဒါပေမဲ့ ကိုဆွေ တုံ့ပြန်ပုံက အေးအေး ဆေးဆေးပင် ။ တစ်ခါတစ်ခါ ကိုမိုးကျော် ရောက်လာလျှင် တစ်ခုခုနှင့် ဧည့်ခံပြီး ဆိုဆုံးမ တတ်သေးသည် ။
“ ဆိုလိုတာကကွာ မိဘ အတင်း ခိုင်းလို့ လုပ်တာမျိုး မဖြစ်စေနဲ့ ။ ကိုယ်က ပညာ လည်းရှိတယ် ၊ နောက်ခံ ဘက်ဂရောင်းလည်း ရှိတယ် ၊ ဒီ တော့ ပညာကို အသုံးချပြီး အောင်မြင်တိုးတက်အောင်လုပ်ဖို့ပဲလိုတာ ။ ပညာဆိုတာ ဓား လိုပဲ ညီလေး ။ ကြာကြာ မသွေးဘဲ ထားရင် တုံးသွားရော ။ ပြီးတော့ လုပ်တဲ့ အလုပ် အပေါ် အကောင်းဆုံး ဖြစ်စေချင်တဲ့ စေတနာထား ။ အလုပ်တွေ ၊ ငွေတွေ မင့်နောက်က လိုက်လာလိမ့်မယ် ”
နားလည်ရ ခက်လိုက်သည့် ကိုဆွေပါလား ။ ဖက်တီး ဒီလိုပဲ မြင်သည် ။ ကိုမိုးကျော်၏ လုပ်ငန်းက တဖြည်းဖြည်း ခိုင်မာ တောင့်တင်းလာသည် ။ ဖက်တီးတို့ ထဲက ဝရိန်သမား ၂ ယောက် ကိုမိုးကျော် ဘက် ပါသွားသည် ။ ဖက်တီး အနာပေါ် တုတ်ကျသလို ဖြစ်ခဲ့ပေမဲ့ ကိုဆွေ ကတော့ ခပ်အေးအေးပင် ။ “ ဒီလိုပါပဲ ၊ သူတို့ ပိုအဆင်ပြေမယ် ထင်လို့ သွားတာပဲ ၊ သွားပါစေ ” တဲ့ ။ “ ကိုယ့်အလုပ်သာ ကိုယ် ကောင်းအောင်လုပ် ” တဲ့ ။ ကိုဆွေ ဘယ်လို ပြောပြော ဖက်တီး အတွက်တော့ ကိုမိုးကျော်က ပြိုင်ကွင်း အလယ်က ပြိုင်ဘက် ။ ဘာ တစ်ခုမှ သူ့ဘက်က မလျှော့ ။ အကောင်းဆုံး ၊ အတိကျဆုံး လုပ်ပြသည် ။ ဒီတော့ ကိုမိုးကျော်၏ အလုပ်ရုံမှာ လူ ဘယ်လောက် စည်စည် ဆွေသဟာ မှာလည်း ဖောက်သည်က လျော့မသွား ။ ကိုဆွေ က ဖက်တီးကို အလေးအနက် စကားတစ်ခွန်း ဆိုလာသည် ။
“ အစ်ကို ပြောချင်တာ ကတော့ ပြိုင်ဆိုင်လိုစိတ် ဆိုတာ နှလုံးသွင်းတတ်မှ ကောင်းတာ ။ ကိုယ့်ပြိုင်ဘက် အပေါ် စစ်မှန်တဲ့ တန်ဖိုး ထားတတ်မှ ကိုယ်လည်း တိုးတက်အောင်မြင်မှု အစစ်အမှန်ကို မင်းပြန်ရမှာ ။ မစ္ဆရိယစိတ်တွေ ၊ အငြိုးအတေး အာဃာတတွေကို နှလုံးသွင်းပြီး ယှဉ်ပြိုင်မယ် ဆိုရင် မင်း အောင်ပွဲက ဘယ်တော့မှ အစစ်အမှန် ဖြစ်မလာဘူး ။ မငြိမ်းချမ်းဘူး ။ မီးဟုန်းဟုန်း တောက်လောင်ပြီးမှတော့ အဲဒီအောင်ပွဲက ဘယ်လိုလုပ် လှပတော့မှာလဲ ညီလေးရ ။ မင်းမှတ်ထား အောင်ပွဲတိုင်း လှဖို့ဆိုတာ ဘယ်လို စိတ်မျိုး နှလုံးသွင်းပြီး ပြိုင်ပွဲ ဝင်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ် ။ ငါ့ညီ နှလုံးသွင်းစိတ်မှန် အောင် မွေးမြူစမ်းပါကွာ ”
ကိုဆွေ့ စကားက လေးနက်လွန်းတော့ ဖက်တီး မနည်း လိုက်တွေးရသည် ။ ဒါတောင် အတွေးက သိပ်မကြည်လင် ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ကိုမိုးကျော် အကြောင်း အရင်လို လေးပင်ဖိစီးစွာ သူမတွေး ဖြစ်တော့ ။ ဒီအချိန်မှာပဲ ကိုဆွေက သူ့ထုံးစံအတိုင်း ဖက်တီးကို ပြည်ပမှာ အလုပ် လုပ်ဖို့ ထင်မှတ် မထားစွာ စ စီစဉ်တော့သည် ။ အခက်အခဲ လုံးဝ မရှိခဲ့ ။
“ ဖက်တီးရေ မင်းကို အပျော် လွှတ်လိုက်တာ မဟုတ်ဘူးဆိုတာ အစ်ကို ထူးပြီး မပြောတော့ဘူး ။ ငွေလည်း ရှာပါ ။ ပြီးတော့ ကိုယ့်ထက် ကျွမ်းကျင်တဲ့ သူတွေဆီက သင်လို့ရတဲ့ ပညာ အကုန်သင်ပါ ။ အဲဒီ နည်းပညာသစ်တွေ မင်းရဲ့ မြန်မာနိုင်ငံ အရောက် သယ်ဆောင် လာခဲ့စမ်းပါ ။ နိုင်ငံခြား အလုပ်သွားလုပ် ၊ ရတဲ့ငွေလေး ခြစ်ခြုတ် စုပြီး ကိုယ့်နိုင်ငံ ပြန်ရောက်ရင် ငွေတိုးလေးပေးဖို့ ၊ အိမ်ဆိုင် လေး ဖွင့်ဖို့လောက် နားလည် တဲ့အထဲ ငါ့ညီ မင်း ဘယ်တော့မှ မပါစေနဲ့ ။ အရေးအကြီးဆုံး ကတော့ ဟိုရောက်တာနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေ အစ်ကို့ဆီ မရောက် ရောက်အောင် အမြန်ဆုံးပို့ဖို့ပဲ ”
ဒီလိုနှင့် ၈ တန်း မအောင်သည့် ဖက်တီး တစ်ယောက် သူဘယ်လိုမှ ထင်မှတ် မထားသည့် စင်ကာပူ နိုင်ငံဆီ ၃ နှစ်တိုင်တိုင် သွားရောက် ကျင်လည်ရပြန်သည် ။ မြန်မာနိုင်ငံ ပြန်ရောက်ပြီး ရန်ကုန်မြေကို ပြန်နင်းတော့ ဟိုးတစ်ချိန်ကလို ဂျင်းန် ကျောပိုးအိတ်အဟောင်းလေး နှင့် ဖက်တီး မဟုတ်တော့ ။ အရာရာက ပြောင်းလဲခဲ့လေပြီ ။
••••• ••••• •••••
“ ကဲ မင်း ဘာဆက် လုပ်မယ် စိတ်ကူးထားလဲ ညီလေး ”
“ ဝပ်ရှော့ခ်သမားက ဝပ်ရှော့ခ်ပဲ လုပ်ချင်တာပဲ ဆရာရဲ့ ”
“ အေး ငါလည်း ဒီလိုပဲ တွေးထားတယ် ။ အခုဆိုရင် မင်းမှာ တော်တော်တောင့်တင်းသွားပြီ ။ မောင်မိုး ထက် အတတ်ပညာအရ မင်းက သာသွားပြီ ။ မောင်မိုး လည်း အတော် ကြီးပွားနေပြီ ။ ဒီလို တို့ စလိုက်ရအောင် ။ မင်း ရန်ကုန်ဆင်ခြေဖုံးတွေဘက် လိုက်ကြည့်စမ်းကွာ ။ မြေကွက် ကျယ်ကျယ်လေးလည်း ဖြစ်မယ် ၊ အဝင်အထွက် လွယ်ရမယ် ။ ရေ ၊ မီး ကောင်းတယ်ဆို အဲဒီအကွက် မင်း ဆွဲလိုက် ။ ပြီးရင် မောင်မိုး လိုပဲ လုပ်ငန်း သုံးလေးခု အထိုင်ချ ။ အဲဒါ မကောင်းဘူးလား ”
“ ဆရာ ကူညီမယ် ဟုတ်လား ”
“ မေးစရာ လိုသေးလို့လားကွာ ။ ဒါနဲ့ ဖက်တီးရေ မောင်မိုးနဲ့ တွေ့လိုက်ဦး ။ သူ လှိုင်သာယာဘက်မှာ လုပ်ငန်းတစ်ခု ခွဲထားတယ် ကြားတယ် ။ အဲဒီဘက်တွေ အကြောင်း တီးခေါက် ကြည့်စမ်းကွာ ”
“ မနက်ကတင် ကျွန်တော် ကိုမိုးကျော်ဆီ ကျွန်တော် ဆက်လိုက်သေးတယ် ။ သူပြောတယ် လှိုင်သာယာမှာ ခွဲလုပ်နေတယ် လို့ ။ ဒါပေမဲ့ အလုပ်ကောင်းပုံ မရပါဘူး ။ ညည်းလိုက်တာ ခိုကျနေတာပဲ ။ ဒီညနေ ဆုံဦးမှာပဲ ။ သူလာလိမ့်မယ် ”
တကယ်လည်း ညနေ ၆ နာရီလောက်မှာ ကိုမိုးကျော် ပေါက်ချလာသည် ။ သာကြောင်းမာကြောင်း ကနေ လုပ်ငန်းကိုင်ငန်းတွေ ဆီ စကားဦး လှည့်သွားတယ် ဆိုရင်ပဲ ကိုမိုးကျော်က လှိုင်သာ ယာက သူ့အလုပ်ရုံ အကြောင်း ကရားရေလွှတ် တတွတ်တွတ် ခို ညည်းညည်းတော့သည် ။ အလုပ်မရှိဘဲ အလုပ်သမားတွေ ခန့်ထားသည့် အတွက် တစ်လ ဘယ်ရွေ့ ဘယ်မျှ ဆုံးရှုံးရကြောင်း ၊ အလုပ်ရုံ စုတ်ဖွားလေးတွေ ကလည်း မှိုလို ပေါက်နေသည့် အကြောင်း ၊ ပစ္စည်းတွေ မကြာခဏ ခိုးခံနေရသည့် အကြောင်း ၊ စက်ရုံတွေ ကျပြန်တော့လည်း စက်ပြင်ဆရာတွေ ၊ ဝရိန်သမားတွေ အပိုင် ခန့်ထားသည့် အကြောင်း စသဖြင့် စသဖြင့် ... ။ ရှုံ့တွတွ မျက်နှာကြီးကို လှုပ်ခါကာ ညည်းညူ ပြောဆိုကာဖြင့် မကြာခင် လှိုင်သာယာ အလုပ်ရုံကို ပိတ်တော့မှာ ဖြစ်ကြောင်းနှင့် အဆုံးသတ် လိုက်သည် ။ ကိုမိုးကျော် စကားဆုံးမှာ ကိုဆွေရော ၊ ဖက်တီးပါ ရောယောင် စိတ်ဓာတ်ကျသွား မိသည် ။ သူ မြေကွက်ရှာရမည့် မြို့နယ် စာရင်းမှာ လှိုင် သာယာကို ဖက်တီး အလိုလို ကြက်ခြေခတ်မိသည် ။
သို့သော် ထိုကြက်ခြေ ခတ်သည် မှားယွင်းနေ ကြောင်း မကြာခင်မှာဘဲ ဖက်တီး သိခွင့် ရလိုက်သည် ။ သူ့ မိတ်ဆွေ ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ယောက်က အတင်း ခေါ်တာနှင့် လှိုင်သာ ယာဘက်ခြမ်း မလိုက်ချင် လိုက်ချင်နှင့် ဖက်တီး လိုက်ခဲ့ သည် ။ ဘုရင့်နောင်တံတား ဆင်းကတည်းက လှိုင်သာ ယာမြို့ကလေး အပေါ် ဖက် တီး စိတ်ဝင်စားစ ပြုမိသည် ။ ထိုမှ အဆင့်မြင့် အိမ်ရာကြီး တွေ ၊ ပြီးတော့ လမ်းတောင် ဘက်ခြမ်းက ကျယ်ပြောလှ တဲ့ စက်မှုဇုန်ကြီး ။ အင်ဂျင်နီ ယာကလည်း စိတ်ရှည်ရှည် နှင့် မြို့ကို ပတ်ပြသည် ။ သူ့ အတွေ့အကြုံအရ လှိုင်သာ ယာဘက်ခြမ်းမှာ ကိုမိုးကျော် ပြောသလောက် အခြေအနေ မဆိုးနိုင်တာကို သိနေသလိုလို ။ ဒါမှမဟုတ် ကိုမိုးကျော် မရှာဖွေတတ်လို့ ၊ ဒါမှမဟုတ် အားနည်းချက် တစ်ခုခုကြောင့် အလုပ်မရ ဖြစ်နေတာများလား ။ ရောက်လက်စနှင့် ခဏ ဝင်ကြည့်လိုက်ဦးမှ ။
“ ဆရာရေ ကျွန်တော့် သူငယ်ချင်း တစ်ယောက် လှိုင်သာယာမှာ လုပ်ငန်း လာလုပ်နေတာ ခဏ ဝင်မလား လို့ ”
“ ဝင်လေ ဘယ်နားမှာ တဲ့လဲ ”
“ ဒီမှာလိပ်စာ ဇုန် ( ၁ ) ၊ ရှော့ဟောက်တန်း ၊ တိုက်ခန်း … တဲ့ ။ ရှိ ၊ မရှိ ဖုန်းခေါ် လိုက်ဦးမယ် ”
“ ရှေ့မှာ ကွေ့လိုက်ရုံပဲ ။ ဖုန်းတော့ ခေါ်ကြည့်ပါဦး ”
ကိုမိုးကျော် ဟန်းဖုန်းကို လှမ်းခေါ်စဉ် ကားက ရှော့ဟောက်တန်း အနီး ရောက်လာပြီ ။ ဖုန်းကလည်း တန်းဝင်သည် ။
“ ဟယ်လို အင်း ကိုမိုးကျော် လား ။ အင်း ကျွန်တော် ဖက်တီးပါ ။ အခု လှိုင်သာယာ ဘက် ရောက်နေလို့ ခင်ဗျား အလုပ်ရုံဘက် လှည့်ဝင် မလားလို့ ”
“ ဟင် ဟာ ဟို ကျွန်တော် မြို့ထဲ ရောက်နေတာ ကိုဖက်တီးရ ။ ဘယ်လို လုပ်မလဲ ”
“ ဟာ ကျုပ်က ခင်ဗျား အလုပ်ရုံနားတောင် ရောက်နေ ဟင် ”
“ ဟာ ... ”
မြို့ထဲ ရောက်နေတယ် ဆိုသည့် ကိုမိုးကျော်ကို ကားပေါ်ကနေ မျက်စိနှင့် တပ်အပ် ဘွားခနဲ မြင်လိုက်ရတော့ အံ့သြစိတ်ကြောင့် ဖက်တီး ခမျာ ဟင်ခနဲ ။ ကိုမိုးကျော် ကိုယ်တိုင် ကလည်း “ ဟာ ” ခနဲ ။ လူက အလုပ်ရုံထဲ ဝင်ပုန်းရတော့မလို ၊ ဖက်တီး ကိုပဲ အံ့သြဝမ်းသာ ဆီးကြိုရတော့ မလို ခြေမကိုင်မိ ၊ လက် မကိုင်မိ ။
“ ရပ် ရပ် ဟိုမှာ ”
“ ရပ် ရပ် ဒီမှာ ”
စကားသံ ထွက်မိပြန်တော့ ပြိုင်တူ ။ ကိုမိုးကျော် ကို နားမလည်နိုင်စွာ ကြည့်နေမိသည် ဖက်တီး၏ အကြည့်တွေက ကိုမိုးကျော် နောက်ဘက် အလုပ်ရုံထဲဆီ အလိုလို ရွေ့လျားရောက်ရှိ သွားသည် ။ ဝရိန်သံ ၊ ချော်ခေါက်သံ ၊ တွင်ခုတ်သံတွေ ဆူညံနေသည့် အလုပ်ရုံထဲမှာ လုပ်သား ၂ဝ လောက် ခေါင်းမဖော်တမ်း အလုပ်လုပ် နေကြတာကို မြင်နေကြားနေရသည် ။ ပြီးတော့ ကိုမိုးကျော် ဟိုရက်ပိုင်းတုန်းက ပြောခဲ့သည့် စကားတွေ ဖက်တီး အကျယ်ကြီး ပြန်ကြားသည် ။ တစ်စုံတစ်ရာကို ဖက်တီး ရေရေလည်လည် နားလည်သွားပြီ ။ “ ဆင်းဦးလေ ” လို့ ပြောလာသည့် ကိုမိုးကျော် မျက်နှာကို စက်ဆုပ်စွာ မော်ကြည့်ရင်း ...
“ ဘာလဲ ခိုလို ညည်းပြ ဦးမလို့လား ။ သွားသေလိုက် ဟေ့လူ ကဲ ဂိုးပြီ ”
••••• ••••• •••••
သူ လှိုင်သာယာမှာ အထိုင်ချမယ် ဆိုတော့ ကိုဆွေ အတော် အံ့သြသွားသည် ။
“ စဉ်းစားနော်ညီလေး ၊ မောင်မိုးက မင်းအရင် အဲဒီကို ရောက်တာ ။ နောက်ခံ ဘက်ဂရောင်းလည်း တောင့်တယ် ။ သူတောင် အဆင်မပြေဘူး ဆိုတော့ ”
ဒီလူ အလကားလူ ၊ ဒီလူ့အကြောင်း မပြောနဲ့ဗျာ ။ ဖက်တီး စကားက ရင်ထဲမှာသာ ပဲ့တင်ထပ်နေသည် ။ အပြင်သို့ ထွက်ကျမလာ ။ ဒီ မိုးကျော်ဆိုသည့် နာမည် စကားထဲ ပါလာလျှင်ကို ဖက်တီး နှုတ်ဆိတ်သွားတတ်တာကို ကိုဆွေ နားမလည် ။ မိုးကျော်ကို ပြိုင်ဆိုင်ချင်စိတ် တစ်ခုတည်းနှင့် ကိုယ့်ကိုယ် ကို ဇွတ်နှစ်လိုက်သလို ဖက်တီး ဖြစ်သွားမှာ စိုးလို့ ကိုဆွေ အတန်တန် တားသည် ။ ဒီလိုတားသည့် ကြားကပဲ ဖက်တီးက လှိုင်သာယာဘက် ဇွတ်ခုန်ကူးသွားသည် ။ သူ့စကား နားမထောင်သည့် ဖက်တီး ကို ကိုဆွေ အပြစ် မမြင်နိုင်ရှာ ။ အစစအရာရာ မလစ်ဟာရအောင် လိုက်ကြပ်မတ်ပေးသည် ။ ဖက်တီး အလုပ်ရုံသစ် ထောင်သည့်နှစ်မှာပဲ ကိုဆွေ့ သမီးကြီး ကစ်ကစ်က အနောက်တိုင်း တက္ကသိုလ်ကြီး တစ်ခုမှာ ပညာသင်ကြားခွင့် ရသွားသည် ။ အငယ်ကောင် ချာချီက ဆေး တက္ကသိုလ် ဗိုလ်လောင်းဝင် ခွင့်ရသွားသည် ။ ဒီတော့ သားရေးသမီးရေး ၊ မိသားစု အရေးတွေ ၊ အလုပ်ကိစ္စတွေ ကြားထဲ ကိုဆွေ ဝဲလည်ပြီး ဖက်တီးနှင့် တစ်ခါတစ်ခါ လောက်မှသာ တွေ့ဖြစ်တော့ သည် ။
ဖက်တီး ကိုယ်တိုင်လည်း အလုပ်ထဲ မြုပ်နေသည် ။ ကိုဆွေ့ထံ သွားကန်တော့သည့်အခါမျိုးလောက် ၊ လမ်းကြုံလို့ လှည့်ဝင်တာမျိုးလောက်သာ ရောက်ဖြစ်တော့သည် ။ နောက်ဆုံး ရောက်ခဲ့တာက သင်္ကြန်တွင်းကြီး ။ အလုပ်သမားတွေကလည်း လျှောက်လည် ၊ ချာချီက လည်း မရှိဆိုတော့ ကိုဆွေ တို့ လင်မယားနှစ်ယောက်တည်း ။ အိမ်က ခြောက်ကပ် နေသည် ။ အလုပ်ရုံဘက် သူ အလွမ်းပြေသွား ကြည့်မိရင်း ကိုဆွေ့ လုပ်ငန်းကိုင်ငန်းတွေ အရင်လို မကောင်းတော့ကြောင်း သိလိုက်သည် ။ အရင်က လုပ်ရမည့် အလုပ်တွေ ပြည့်နေသည့် ဝှိုက်ဘုတ်ပြား ပေါ်မှာ အခုတော့ ရေးထားသည့် အလုပ်က သုံး လေးခုသာ ရှိသည် ။ အဲဒီ သုံးလေးခု ကလည်း ဒိတ်လွန် ရက်စွဲတွေနှင့် ဆိုတော့ ... ။
“ မင့်တူမက တစ်နှစ်ပဲ ဆက်တက်ရတော့မှာ ။ ဘွဲ့ရ ပြီးတာနဲ့ အဲဒီမှာ အလုပ်တန်း ဝင်ရမယ် ပြောတာပဲ ။ ဟ ဟို ကောင်ချာချီလည်း တစ်နှစ် ပဲ လိုတော့တာဟ ။ ငါ မေ့နေတာ ။ အေးကွာ သူတို့လေးတွေ ထွန်းပေါက်သွားတော့ တို့မိဘတွေ ဒုက္ခခံရကျိုး နပ်ပါတယ် ။ ဖက်တီးရေ ဒီဘက် ၄ - ၅ နှစ်တော့ အစ်ကိုတို့ တော်တော် ရုန်းခဲ့ရတယ်ကွ ”
ကိုဆွေ့ဆီက ညည်းသံသဲ့သဲ့ကို ဖက်တီး ဘဝမှာ ပထမဆုံး ကြားလိုက်သည် ။ ဆရာသမားတို့ ဇနီးမောင်နှံကို ဖက်တီး ငွေငါးသောင်း ကန်တော့ခဲ့သည် ။ အဲဒီ တစ်ကြိမ်ရောက်ပြီးကတည်းက မရောက်ဖြစ်တော့တာ သီတင်းကျွတ်လည်း မရောက် ၊ ခရစ္စမတ်လည်း မရောက် ။ တွေ့မည့်တွေ့တော့ လုပ်ငန်းရှင် တစ်ယောက်၏ နာရေးမှာ ။
“ ဟာ ဆရာ ”
“ ဟ ဖက်တီးပါလား ”
“ ဆရာ နည်းနည်းကျသွားတယ် ၊ နေကောင်းကြတယ် မဟုတ်လား ”
“ ကောင်းပါတယ် ညီလေးရာ ၊ အစ်ကိုလည်း မင်းဆီ လာမယ် လာမယ်နဲ့ မရောက်ဖြစ်ဘူး ။ ငါ့ညီ မင်း နဲ့ နည်းနည်း တိုင်ပင်စရာ ရှိတယ်ကွ ။ ငါ ဟိုက အလုပ်ရုံ ဖြုတ်ပြီး နေရာသစ်မှာ တစ်က ပြန်စချင်တယ် ။ အဲဒါ မင်းတို့ လှိုင်သာယာဘက် လာမလားလို့ ။ အခြေအနေ ဘယ်လို ရှိနိုင်လဲ ”
ကိုဆွေ့ ထုံးစံအတိုင်း ပြောလာသည့် စကားက ဖက်တီး လုံးဝ ထင်မှတ် မထားသည့် စကား ။ ပြီးတော့ တွေဝေ သွားစေနိုင်သည့် စကား ။ ကိုဆွေလို လူမျိုးက ဝမ်းပန်းတသာ ကြိုဆိုနေရမည့်သူမျိုး ဖြစ်ပေမဲ့ သူပါးစပ် လျှောခနဲ ထွက်လာသည့် စကားလုံးတွေက စိတ်နှင့် ဆန့်ကျင်စွာ ။
“ မလွယ်လောက်ဘူး ဆရာ ၊ စက်မှုမြို့ဆိုပြီး နာမည်သာ ရှိတာ ၊ ဘာမှ မဟုတ်ဘူး ။ ကျွန်တော်လည်း ပြူးပြဲ ရှာနေရတာ ။ ဒါတောင် အနိုင်နိုင်ရယ် ။ ကိုမိုးကျော် တောင် မြို့ထဲ ပြန်ရွှေ့တော့ မလို့တဲ့ ”
သူ မုန်းသည့် မိုးကျော် နာမည် ကိုတောင် စကားထဲ ထည့် ပြောဖြစ်လိုက်ပြီ ။ သူ့စကားကို အကြွင်းမဲ့ ယုံသည့် ကိုဆွေ ထံမှ လေပူမှုတ်ထုတ်သံကို သူကြားသည် ။ ကိုဆွေ့ ကို မျက်နှာချင်းဆိုင်ပြီး သူ မကြည့်ရဲခဲ့ ။ စိတ်ညစ်ညူးစွာ အိမ်ပြန်လာတော့ အတိတ် အရိပ်တွေက ခေါင်းထဲမှာ ချာ လည်နေသည် ။ မှန်ထဲ ထင် နေသည့် ပုံရိပ်ကို ဖက်တီး ကိုယ့်ပုံရိပ်လို့ မမြင် ။ ကိုမိုး ကျော် လို့ မြင်သည် ။ သူ့ကိုယ် သူ စက်ဆုပ်မိသည် ။ လှိုင်သာယာဘက်ခြမ်းမှာ သူတို့ ရွှေလမ်းငွေလမ်း ပွင့်နေတယ်ဆိုတာ ကိုမိုးကျော် ကို ထား တော့ ၊ ဘာကြောင့် သူကိုယ် တိုင် ဆရာရင်းကို အမှန် မပြောနိုင်တာလဲ ။ ဖက်တီး ကိုယ့်မေးခွန်းနှင့် ကိုယ် တုန်လှုပ်စွာ ။
“ ငါ မိုးကျော် မဟုတ်ဘူး ၊ မိုးကျော်ဟာ ငါ အတုယူသင့်သူလည်း မဟုတ်ဘူး ။ ငါ့ရဲ့ ပြိုင်ဘက်ကောင်းလည်း မဟုတ်ဘူး ။ ဒါဆို ဆရာ ကိုဆွေကရော ”
မေးခွန်းတွေ ကြားထဲ နာရေးကအပြန် လမ်းခွဲခါနီး ကိုဆွေ ပြောခဲ့သည့် စကားက ပဲ့တင်ထပ်မျှ ။
“ မင်းတူမတော့ အလုပ်ဝင်သွားပြီကွ ။ ဒီသင်္ကြန် ခွင့်ယူပြီး ပြန်လာလိမ့်မယ် ။ ချာချီလည်း ပိတ်ရက် ဆင်းလာမှာ ။ မင်း တစ်ရက်နှစ်ရက် အိမ်မှာလာနေပေးဦး ။ မင့်တူမက လှမ်းမှာတာနော် ၊ လာခဲ့ ညီလေးရာ ။ တို့မိသားစုအစုံ တစ်ခါလောက် ဆုံရအောင် ”
တို့ မိသားစု ... တဲ့ ။ ဖက်တီး ဖျဉ်းခနဲ ကြက်သီး ထမိသည် ။ တုန်ယင်နေသည့် လက်က ဟန်းဖုန်းနံပါတ်ကို မနည်းကြိုးစားပြီး နှိပ်ရသည် ။ အိမ် ၊ ခြံ ၊ မြေ အကျိုးဆောင် မိတ်ဆွေရင်း အသံကို ဖုန်းထဲက ကြားသည် ။ ဖက်တီးက သူ့ လုပ်ငန်းမျိုး လုပ်နိုင်သည့် မြေကွက်တစ်ခု အမြန်ဆုံး ရှာပေးဖို့ ပြောလိုက်သည် ။ ပြီးတော့ ပြောလိုက်သေးသည် ။ သူ့အတွက် မဟုတ်ဘူး ။ သူ့အစ်ကို အတွက် .. တဲ့ ။
⎕ အဇ္ဈတ္တ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၂၀၁၄
No comments:
Post a Comment