Wednesday, August 27, 2025

ထီးမားမား ဇွဲကပင်တောင်

❝ ထီးမားမား ဇွဲကပင်တောင် ❞

[ အင်းစိန်မြို့နယ်မှာ ဖွင့်ထားသော ကွယ်ကဘော ဆေးခန်း မှာ ဆိုင်းဘုတ်ကြီးကြီး ချိတ်မထားပါ ။ သို့သော် လူသိ အလွန်များသည် ။ ဆင်းရဲချို့တဲ့သူ လူနာများ အတွက် အားကိုးစရာ တစ်နေရာ ဖြစ်နေသည် ။ ကရင်ဘာသာ ကွယ်ကဘော မှာ မြန်မာလို ဇွဲကပင်တောင် ဟု အဓိပ္ပာယ်ရသည် ။ ဆင်းရဲသား လူနာတွေ အတွက် ထီးထီးမားမား ရပ်တည်နေသည် ။

ကွယ်ကဘော ကို ဦးနှောက်နှင့်အာရုံကြော ခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ စောဆိုင်မွန်သာ MBBS ( Ygn ) , M.MedSc ( Surgery ) , FRCS ( Ed ) , FRCS ( Glas ) က တည်ထောင်ထားသည် ။ ၂၀၀၂ ခုနှစ်မှာ ပြည်သူ့ဝန်ထမ်း အလုပ်မှ အသက်ပြည့် အငြိမ်းစား ယူခဲ့ပြီး နောက် ကွယ်ကဘော ကို အချိန်ပြည့် ပေးပြီး သူ အလုပ်လုပ်သည် ။

ဆရာဝန်ကြီး၏ မျက်နှာမှာ အစဉ်သဖြင့် လိုလို ပြုံးချိုနေသည် ။ ရယ်ရယ်မောမော ဖြင့် ဘဝကို အေးဆေးစွာ ဖြတ်သန်းနေပုံ ရသော်လည်း သူ့ ဘဝက ခက်ခဲကြမ်းတမ်းပါသည် ။

ကွယ်ကဘောဆေးခန်း ဧည့်ခန်းမှာ ထိုင်ပြီး ဒေါက်တာ စောဆိုင်မွန်သာ က ငယ်စဉ် ဘဝကို ပြောပြသည် ။ ]

••••• ••••• •••••

ဟင်္သာတ ကျုံပျော်မြို့နယ် သာယာကုန်းရွာ က တဲတင်းကုပ်ကလေးမှာ ကျွန်တော့်ကို မွေးတာပေါ့ ။

ပြည်တွင်းစစ်ကြီး ကလည်း ဖြစ်နေတဲ့ အချိန်ဆိုတော့ သာယာကုန်းရွာမှာ သင်ချင်ရာ သင်တဲ့ ကျောင်းမှာပဲ ကျောင်းစ နေရတယ် ။ အစိုးရကျောင်းလည်း မရှိဘူး ။ အေကလပ်စ် ၊ ဘီကလပ်စ် ၊ စီကလပ်စ် ၊ ဒီကလပ်စ် ဆိုပြီး အတန်းတွေ ခွဲပြီး သင်ပေးတာ ။ အဲသည်က အတန်း ကုန်ရော ။

တိုင်းပြည်ကလည်း အေးအေးချမ်းချမ်း ဖြစ်လာတယ် ။ မြို့ တက်ကြမယ်ဟေ့ ဆိုပြီး ကျုံပျော် တက်ကြရော ၊ ကျုံပျော် မှာ ကျောင်းဆက် နေမယ်ဆိုတော့ ပြဿနာက ကျွန်တော် မြန်မာစာ မတတ်ဘူး ။ ကျွန်တော်က ကရင်လို တတ်တယ် ၊ အင်္ဂလိပ်လို တတ်တယ် ၊ မြန်မာစာ မြန်မာစကား မတတ်ဘူး ၊ နားမလည်ဘူး ။ ဘယ်အတန်း ဝင်ရရင် ကောင်းမလဲ စဉ်းစားပြီး ကိုယ့် အသက်နဲ့ ကိုက်မယ့် ခုနစ်တန်းထဲ ဝင်ချလိုက်တယ် ။

မြန်မာစာ နဲ့ ကရင်စာ က ဆင်တူတယ် ။ ကကြီး ခကွေးတွေပဲ ။ ဒါပေမဲ့ အသံထွက်က မတူဘူး ။ စာမေးပွဲ ဖြေတော့ ကျန်တာ အကုန်ရပေမဲ့ မြန်မာစာ စစ်တဲ့သူက သုည ထက် အမှတ် ပိုပေးမယ့်ပုံ မရှိဘူး ။ သွားပါပြီ ၊ စာမေးပွဲတော့ ကျပါပြီပေါ့လေ ။ လူမစွမ်း နတ်မတယ် ထင်ပါရဲ့ ၊ စာမေးပွဲ မပြီးခင်မှာပဲ ကိုယ်က ခုနစ်တန်းအောင် သွားတယ် ။ ဟယ်ရီတန် ကျေးဇူး ၊ ဟယ်ရီတန် နဲ့ အောင်တာပေါ့ ။

ခုနစ်တန်း အောင်ပြီး ရှစ်တန်းကျ ဟင်္သာတ တက်ရတယ် ။ အဲသည် အခါမှာတော့ မြန်မာစာကို အလွတ်ကျက် ၊ နေ့ လည်း ဖတ် ၊ ညလည်း ဖတ် ၊ အိမ်သာထဲလည်း ဖတ် လုပ်တော့တာပေါ ။

၁၉၆၀ မှာ တက္ကသိုလ်ဝင်တန်း အောင်တယ် ။ အဲသည် နှစ်က ကိုယ်ကြိုက်ရာ တက္ကသိုလ် တက်လို့ရတယ် ။ အဖေက ဆရာဝန် ဖြစ်ချင်တာမို့ ဆေးတက္ကသိုလ် တက်တယ် ။ ရုပ်ရှင်မင်းသမီး ဝါဝါဝင်းရွှေ နဲ့ အတူတူပေါ့ ။ ခုံနံပါတ်ချင်း ကပ်လျက် ။

အဖေက ဆရာဝန် ၊ အမေက သူနာပြုဆရာမ ။ အဖေက နမ့်ခမ်း က ဒေါက်တာ ဆီးဂရေ့ဖ်ဆေးရုံမှာ စေတနာ့ဝန်ထမ်း လက်ထောက်ဆရာဝန် လုပ်ခဲ့တယ် ။ အဖေ နဲ့ အမေ ဆေးကုတာ ကြည့်ရတယ် ။ တောမှာ လှည်းနဲ့ သွားရတယ်လေ ။ အမေက မေ့ဆေးပေး ၊ အဖေက ခွဲ ။

တောမှာ ဆိုတော့ အချို့ ကလေးအမေ ကိုယ်ဝန်ဆောင်တွေ ဗိုက်ထဲမှာပဲ ကလေးက သေပြီး ပုပ်နေတာ ။ ဒါကို ခွဲထုတ်ပေးတာမျိုး မြင်ဖူးတယ် ။ အဖေက ပြောတယ် ။ ဗုဒ္ဓဘာသာ ပဲ ဖြစ်ဖြစ် ၊ ခရစ်ယာန် ပဲ ဖြစ်ဖြစ် လူသားတွေမှာ အချင်းချင်း ကျေးဇူးတရား ရှိကြတာပဲတဲ့ ။

စစ်ကြီးအတွင်း တောဆရာဝန် ဆိုတော့ အဖေက ချို့တဲ့တယ် ။ ကျွန်တော်တို့ ခပ်ငယ်ငယ် ဘဝက ချို့ချို့တဲ့တဲ့ နဲ့ ကြီးခဲ့ရတာ ဆိုတော့ ဆင်းရဲတဲ့ သူတွေကို ကိုယ်ချင်းစာတယ် ။ လူနာ တစ်ယောက်ယောက် ဆေး ကုတော့မယ် ဆိုရင် ဟဲ့ သူ့မှာ ပိုက်ဆံက ဘယ်က ချေးငှားပြီး လာရတာလဲ ၊ ဝက်ရောင်း နွားရောင်း ပြီး ဆေးလာ ကုရတာလား အဆင်မှ ပြေရဲ့လား မေးပါတယ် ။ ပိုက်ဆံအကြောင်း မေးတယ် ဆိုလို့ စူစကာဆရာဝန် မဟုတ်ပါဘူး ။ စေတနာ ဆရာဝန်ပါနော် ။

ဂျပန်ခေတ် ရောက်တော့ သံဖြူဇရပ် မှာ သေမင်းတမန် ရထားလမ်း ဖောက်တယ် ။ မြန်မာပြည်က ဆရာဝန် ၃ဝ ချွေးတပ်ဆွဲရာမှာ အဖေလည်း ပါသွားတယ် ။ ရောဂါ ဖြစ်ပြီး အသံသဲ့သဲ့နဲ့ အိမ်ပြန်ရောက်လာပြီး မကြာခင်မှာ ဆုံးတာပေါ့ ။

အဖေ့ ဆန္ဒအတိုင်း ဆေးကျောင်းတက်တာ ဆရာဝန် ဖြစ်တော့ ၁၉၆၈ ခုနှစ်မှာ ကချင်ပြည်နယ် ချီဖွေလောခေါင် ကို ပထမဆုံး ပို့စတင်ကျ ( posting - ရာထူး ခန့်ထားခံရ ) တယ် ။

ရန်ကုန်က ထွက်မယ် ဆိုတော့ သေတ္တာထဲမှာ ဆေးတွေ ဝယ်ထည့်သွားတယ် ။ အဝတ်အစားက နည်းနည်း ၊ ဆေးက ခပ်များများ ၊ သေတ္တာထဲ ထည့်တယ် ။ ( ရွတ်နောက်နောက် လေသံနဲ့ ) ဟိုရောက်လို့ သည်ဆေးတွေကုန်ရင် သူဌေးဖြစ်ပြီပေါ့ ။

ဟို ရောက်တော့ ကိုယ်ပဲ ရာထူးအကြီးဆုံး ၊ ကိုယ်ပဲ အငယ်ဆုံး ၊ တိုင်ပင်စရာ လူလည်း မရှိဘူး ။ လခပိုက်ဆံလည်း ရောက်မလာဘူး ၊ စာရင်းပဲ ရောက်လာတယ် ။

ဟိုမှာ ဘယ်သူမှ ပိုက်ဆံမရှိဘူး ။ ဖျားတဲ့လူတွေ ရောက်လာတယ် ။ သေတ္တာလေး ဖွင့် ဆေးကုပေးလိုက် ၊ ဖျားတဲ့သူ ရောက်လာလိုက် ၊ သေတ္တာလေး ဖွင့် ဆေးကုပေးလိုက်နဲ့ ပါသွားသမျှ ဆေး အကုန် ကုန်ရော ။

ဆရာဝန်ဘဝ နဲ့ ကချင်ပြည်နယ် ကနေ ရန်ကုန် ပြန်ရောက် ၊ မဟာသိပ္ပံဆက်တက် ၊ ကလေးဆေးရုံ ၊ အလုပ်သမားဆေးရုံ တွေမှာ အလုပ် လုပ်ရင်း ဗြိတိန် ကို သွားပြီး FRCS ( တော်ဝင်ခွဲစိတ်ကု သမားတော်ကြီးဘွဲ့ ) သွားယူတယ် ။

ဟို ရောက်တော့ တိုင်းပြည် နဲ့ လူမျိုး အတွက် ဆိုပြီး ကြိုးစားသင်တယ် ။

ပင်စင် မယူခင် သုံးနှစ် ကတည်းက ကွယ်ကဘော ကို ပြင်ဆင်ခဲ့တာပါ ။ အဖေ့သွေး ( gene ) က ပါလာတာကိုး ၊ ဆင်းရဲသားတွေကို သနားတယ် ၊ စာနာတယ် ။ လူတိုင်း လူတိုင်း ထမင်းနှစ်နပ် အပြင် ပို မစားနိုင်ပါဘူး ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေ အတွက် ကိုယ် လုပ်နိုင်သလောက် လုပ်ပေးရမှာပေါ့ ။

လူနာတွေဟာ ဆရာဝန် တစ်ယောက်နဲ့ တွေ့ဖို့ မလွယ်ဘူး ။ နယ်မှာ ဆိုရင် ပိုခက်တာပေါ့ ၊ ခွဲရစိတ်ရမယ် ဆိုရင် ဝေလာဝေးပေါ့ ။ ကိုယ်က ဆင်းရဲသားဘဝက လာတာ ။ ငါ ဆရာဝန် တစ်ယောက် ဖြစ်ပြီ ဆိုရင် တောသူ တောင်သား ဆင်းရဲသားတွေကို ကုပေးမယ် ။ လှည်းလမ်း ရှိရင် ကား ရောက်ရမှာပေါ့ ၊ အိမ်တိုင်ရွာရောက် သွားမယ် ဆိုပြီး ဆေးကုသယာဉ် လုပ်တယ် ။ ဘတ်စ်ကားကြီး တစ်စင်း ဝယ်ပြီး ကားပေါ် မှာ ဓာတ်မှန် ၊ အာလ်ထရာဆောင်း ၊ ခွဲစိတ်ခန်း အကုန်ပါတယ် ။

လွန်ခဲ့တဲ့ သုံးနှစ်က ဆေးကုသယာဉ်ကို အနီးဆုံးခရီး အဖြစ် ပဲခူးအစပ်ကို ပထမဦးဆုံး သွားတယ် ။ တစ်လ ကြိုပြီး မှာထားတယ် ။ လိပ်ခေါင်း ၊ ဦးခေါင်း ၊ ရင်ခေါင်း ၊ ဖင်ခေါင်း အကုန် စုထားကြကွာ လာခဲ့မယ်ပေါ့ ။

ကား ရောက်သွားတော့ တင်းကုပ်ထဲက လူတွေရော အများကြီးပဲ ထွက်လာလိုက်ကြတာ ။ ကောက်ရိုးတွေ ခင်းပြီး လူနာတွေ အိပ်စောင့်နေတယ် ။ တစ်ယောက်ပြီး တစ်ယောက် ခွဲရတာပေါ့ ။ အလုံးတွေ ၊ အသီးတွေ ၊ အခဲတွေ ၊ ဘောတွေ ၊ မျက်မမြင်တွေ အကုန် ခွဲထုတ် ။ ခွဲ ပြီးလို့ သူတို့ ပျောက်ကင်းသွားတာ တွေ့ရင် ဘယ်လို ပျော်မှန်း မသိဘူး ၊ ဘယ်လို စိတ်ချမ်းသာမှန်း မသိဘူး ။

အခုဆိုရင် မြစ်ကြီးနား ၊ လားရှိုး ၊ တောင်ကြီး ၊ လွိုင်ကော် ၊ စစ်တွေ ၊ တောင်ကုတ် ၊ မြိတ် ၊ ထားဝယ် ၊ လှိုင်းဘွဲ့ ၊ ကြာအင်းဆိပ်ကြီး နယ်အစုံကို သုံးနှစ်အတွင်း ၁၂၇ ခေါက် ဆေးကုသယာဉ် ရောက်ခဲ့ပြီးပါပြီ ။

▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ


 

No comments:

Post a Comment