❝ ညီအစ်ကို သုံးယောက် ❞
( ပုံပြင် )
ယူရာ ၊ ယော့ဂျ်ကာ နဲ့ ယန်ကော် ဆိုတာ တစ်မိဝမ်းဆင်း ညီအစ်ကို အရင်းတွေ ဖြစ်ကြသတဲ့ ။ သုံးယောက်လုံးဟာ အိမ်ထောင်ကိုယ်စီနဲ့ ဖြစ်ကြပြီး သားတွေ သမီးတွေလည်း ကိုယ်စီ ကိုယ်ငှ ရှိခဲ့ကြတယ်တဲ့ ။ တစ်နေ့တော့ သူတို့ရဲ့ ဖခင်အိုကြီး အနိစ္စရောက်ပြီး သူတို့ သုံးယောက် အညီအမျှ ခွဲဝေယူကြဖို့ နွားတစ်အုပ်ထားရစ်ခဲ့သတဲ့ ။
အစ်ကိုများဖြစ်ကြတဲ့ ယော့ဂျ်ကာ နဲ့ ယန်ကော် တို့မှာ မယားတွေ အနေနဲ့လည်း ပစ္စည်းဥစ္စာတွေ ရှိကြ ။ လယ်တွေ ၊ မြေတွေ အတောင့်အတင်း ရှိကြပေမယ့် အငယ်ဆုံး ယူရာ ခမြာမှာတော့ ဆင်းရဲတဲ့ မိန်းကလေး တစ်ယောက်နဲ့ အကြောင်းပါခဲ့ပြီး ပစ္စည်း ဆိုလို့လည်း တဲစုတ်ကလေးတစ်လုံး ကလေးတွေ ကျပြန်တော့လည်း အများဆုံး ရှိခဲ့ရှာသတဲ့ ။ ဒါပေမယ့် အစ်ကိုကြီးများကတော့ ဒါတွေကို ထည့်မတွက် ၊ မထောက်ထားကြဘဲ နွားတွေ အကုန်လုံး သူတို့ချည်းပဲ သိမ်းကျုံးယူချင်ခဲ့ကြသတဲ့ ။ ယူရာ့ ကိုလည်း ဘာမှ မပြောနိုင်အောင် တစ်နည်း တစ်ဖုံနဲ့ နှုတ်ပိတ်ထားချင်ကြတာပေါ့လေ ။ ဒါပေမယ့် ... ဒီလို ကိစ္စမျိုးဆိုတာ မျက်နှာပြောင် တိုက်ပြီး လုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်လေတော့ ။ ဟောဒီလို ညှိနှိုင်းခဲ့ကြသတဲ့ ။
အကြံက ညကျရင် နွားတွေကို အပြင်ဘက် မောင်းထုတ် ။ ညီအစ်ကို သုံးယောက်သား အသီးသီး ကိုယ့် နွားတင်းကုပ်တွေကို ဖွင့်ထားကြ ။ ကိုယ့် တင်းကုပ်ထဲ ဝင်လာသမျှ နွားကို ကိုယ်ပိုင်ကြ စတမ်းလို့ ဆိုခဲ့ကြသတဲ့ ။ ဒီအတိုင်းပဲ သဘောတူ လိုက်ရတာပေါ့လေ ။
ယူရာ ကဖြင့် နွားတင်းကုပ်ကို ဖွင့်ရုံသာ ဖွင့်ထားပြီး အသာကလေး ခွေအိပ်ပျော်သွား သတဲ့ ။ အစ်ကိုတွေကတော့ အိပ် မနေကြဘဲ နွားတွေ ဘယ်ဝင်မလဲ ဆိုတာ ချောင်းမြောင်းနေ ကြပြီး ယူရာ ရဲ့ တင်းကုပ်ထဲ ဝင်သွားကြတာကို တွေ့ကြရတော့ ။ အကုန်လုံး ပြန်ဆွဲထုတ် ။ တင်းကုပ်ထဲမှာ နွားမအိုကြီး တစ်ကောင်ပဲချန် ။ ကျန်တာကို နှစ်ယောက်သား ခွဲဝေ ယူကြပြီး ကိုယ့်တင်းကုပ်ထဲ ကိုယ် သွားလိုက်ကြပါရောတဲ့ ။
မနက်မိုးလင်းလို့ ယူရာ နိုးလာတဲ့ အခါမှ ဦးဦးဖျားဖျား နွားတင်းကုပ်ကို ပြေးပြီး ကြည့် ရှာတာပေါ့လေ ။ တကယ့်ကိုပါပဲကွယ် ။ တင်းကုပ်ထဲ နွားမအိုကြီး တစ်ကောင် ရပ်နေတာကို တွေ့ရတော့ ။ စိတ်ဆိုးမာန်ဆိုး ဒေါသအိုးကြီး ပေါက်ကွဲ သွားခဲ့တာပေါ့ ။ “ ဟဲ့ ... ရှူနာ ရှိုက်ကုန်းကြီး ။ နင့်ကို တောင် အစာ ကျွေးနေရဦးမှာလား ။ နွားကောင်း နွားသန့်မှ မရတဲ့ အတူတူ ဘာတစ်ကောင်မှ မလိုချင်ပါဘူးဟယ် ” လို့ ပြောပြောဆိုဆို ပုဆိန်ကို ယူခဲ့ပြီး နွားမအိုကြီးကို သ,တ်ပစ်လိုက်ပါရောတဲ့ ။
နွားမကြီး သေတော့ အရေကို ဆုတ် ၊ မယားက အသားကို အခြောက်လှမ်း သိမ်းဆည်း ၊ လင်ကလည်း အရေပြားကို တဲခေါင်မိုးပေါ် ဖြန့်ခင်းခဲ့တာပေါ့လေ ။ နောက်ရက် အနည်းငယ်ကြာတော့ နွားသာရေ ကို သွားကြည့်တဲ့အခါ ပိုးတွေ အမြောက်အမြား တွယ်နေတာကို တွေ့ရသတဲ့ ။ ယူရာ ကတော့ ပိုးကိုက်သော မကိုက်သော ဘာမှ ပြောမနေဘဲ ၊ သားရေကို ချုပ် ၊ ဈေးမှာ ထုတ်ရောင်းဖို့ ထွက်လာခဲ့သတဲ့ ။
ဒီလိုနဲ့ လက်တွန်းလှည်းကလေးပေါ် သားရေကို တင်ပြီး တွန်းသွားတဲ့အခါ ... ဂျုံ ကြိတ်ဆုံကလေး တစ်ခုနားရောက်တော့ မိုးကလည်း ချုပ်လာပြီမို့ “ ဟယ် ... ဒီနေရာမှာ တစ်ညတာတော့ ဝင်ပြီး တည်းခိုမှပဲလေ ” ရယ်လို့ အောက်မေ့မိသတဲ့ ။ တံခါး သွားခေါက်တော့ ဘယ်သူ ကမှ လာပြီး ဖွင့်မပေး ။ ပြတင်းပေါက်ဆီ မှာတော့ မီးရောင်ကလေး တစ်ရောင် ၊ ပြူတစ်ပြူတစ်နဲ့ ဖြစ်နေသတဲ့ ။ ဒါနဲ့ ပြတင်းပေါက်ဆီ အသာ ခြေဖျားထောက်ပြီးသွား ။ အပေါက်ကလေး တစ်ပေါက်မှာ မျက်လုံးကပ်ပြီး အထဲကို ချောင်းကြည့်လိုက်တော့ ... လားလား အခန်းထဲမှာ ဂျုံကြိတ်ဆုံပိုင်ရှင်ရဲ့မိန်းမဟာ အထက်တန်းစား မျက်နှာကြီး ယောက်ျား တစ်ယောက်နဲ့ စားပွဲထိုင် ပွဲတော်တည်နေတာကိုး ။ စားပွဲပေါ်မှာ အရက်ကလည်း ရေတခေါင်း အပြည့် ။ ပြီးတော့ ... ကြက် ကောင်လုံးကြော် ၊ နန်းကြီးခေါက်ဆွဲ ၊ ဂေါ်ဖီချဉ်တို့နဲ့ မြိုင်နေပြီး နှစ်ယောက်သား နှစ်ပါးသွားရင်း အကြည်ဆိုက်နေခဲ့ကြသတဲ့ ။
ဒီအတွင်း ဂျုံကြိတ်ဆုံဆီ လူတစ်ယောက် လျှောက်လာတာကို ကြားရလေတော့ ယူရာ ဟာ သူတို့ မြင် မသွားအောင် ထရံနား ကပ်သည်ထက် ကပ် ၊ အပေါက်ကလေးက နေပြီး တော့လည်း အခန်းထဲကို ချောင်းကြည့်မြဲ ကြည့်နေခဲ့သတဲ့ ။ အမှန်က ဂျုံကြိတ်ဆုံပိုင်ရှင် ပြန်လာတာဖြစ်ပြီး သူ့မိန်းမ ကလည်း လင်ကြီး ပြန်လာမယ် ဆိုတာ မသိဘဲ လင်ငယ်နဲ့ တွဲနေတာပေါ့ ။ လင်ကြီးဖြစ်သူက တံခါးကို ထုပြီး ပါးစပ် ကလည်း တကြော်ကြော် အော်ခေါ် လေတော့ ဂျုံကြိတ်ဆုံပိုင်ရှင်ရဲ့မိန်းမနဲ့ အထက်တန်းစား မျက်နှာကြီးယောက်ျားဟာ ပျာယီးပျာယာ ခုန်ထ ကြပြီး မိန်းမက ဒီယောက်ျားကို ဗီရိုအလွတ် အဟောင်း တစ်လုံးထဲ မြန်မြန်ဝင်ခိုင်း ၊ တံခါးကိုပိတ် ၊ အရက်ကို ခုံအောက်မှာ ဝှက် ၊ ကြက်ကောင်လုံးကြော်ကို မီးဖိုနောက်ဘက် ထိုး ၊ နန်းကြီး ခေါက်ဆွဲကို ကြောင်အိမ်ထဲ သွင်း ၊ ဂေါ်ဖီချဉ်ကို စဉ့်အိုးထဲသွပ် ၊ ဒီလိုလုပ်တာတွေ အားလုံးကို ယူရာ ဟာ အပေါက်ကလေးက နေပြီး မြင်ခဲ့ရသတဲ့ ။ မိန်းမကလည်း အစစအရာရာ အိုးတွေ ၊ ခွက်တွေ သိမ်းဆည်း ဖုံးဖိပြီးမှ မီးကိုမှုတ်ပြီး တံခါးကို သွားဖွင့်ပေးလိုက်တာကိုး ။ အဲဒီအခါမှာ လင်ကလည်း သူ့ကို ချက်ချင်း တံခါး ဖွင့်မပေးရကောင်းလားရယ်လို့ မယားကို ဆူတာ ပွက်တာပေါ့လေ ။
ယူရာ ကတော့ အတော်ကလေးကြာတော့မှ သားရေကို ချိုင်းကြားညှပ် ၊ လက်တွန်း လှည်းကို အပြင်မှာ ထားခဲ့ပြီး တံခါးကို သွားခေါက်ပြန်သတဲ့ ။ ဂျုံကြိတ်ဆုံ ပိုင်ရှင်ကိုယ်တိုင်တံခါး ကို လာဖွင့်ပေးပြီး “ ဘာများ အလိုရှိပါသလဲ ကိုယ့်လူ ... ” လို့မေးသတဲ့ ။
“ ဂျုံကြိတ်ဆုံပိုင်ရှင်ကြီး ခင်ဗျား ... ဒီနေရာမှာ တစ်ညတာလောက် တည်းခိုခွင့် ပြုနိုင်ပါသလား ... ခင်ဗျာ ။ ချောင်ကလေး တစ်ချောင်ရရင် ဖူလုံပါပြီ ။ မနက်အစောကြီးမှာ ခရီးဆက် သွားမယ့်လူပါ ” လို့ ယူရာ ကပြောတော့ ...
“ တည်းရပါတယ် ... တည်းရပါတယ် ... ဝင်သာ ဝင်ခဲ့ပါ ” လို့ ဂျုံကြိတ်ဆုံပိုင်ရှင်က ပြောပြီးယူရာ့ ကို အခန်းထဲ ခေါ် ၊ ခုံတန်းရှည်ပေါ် ထိုင်စေသတဲ့ ။ နောက်ပြီးတော့ “ အဲ ... မိန်းမရေ ... တို့အတွက် စားစရာတွေ ဘာတွေ ယူခဲ့စမ်းပါကွာ ။ ငါ့မှာလည်း ဆာလိုက် ၊ မောလိုက်တာ မပြောပါနဲ့တော့ ” လို့ ပြောတဲ့အခါ ပါးစပ် အဟောင်းသားနဲ့ ကြောင်ကြည့်နေခဲ့တဲ့ မိန်းမလည်း အပြင်ဘက်ကို ထွက်သွားတာပေါ့လေ ။ တအောင့်လောက်ကြာတော့ ပြန်လာပြီး စားပွဲပေါ်ကို ပေါင်မုန့်ကြမ်းနဲ့ နို့ချဉ်တွေ တင်လာသတဲ့ ။
“ ဟေ ... ညစာအတွက် ဒါပဲလားကွ ။အခုနေ ကြက်ကောင်ကြော်များ လွေးလိုက်ရရင် သိပ်ကောင်းပေါ့ ။ ခြံထဲမှာလည်း ကြက်တွေ အရှိသာနဲ့ .. ”
“ ရှိတော့အရှိသား ။ ဒါပေမယ့် တောကြောင်က တစ်ည တစ်ကောင် ဝင်ဝင်ဆွဲနေတာ တော်လည်း အသိသားနဲ့ ”
“ အနည်းဆုံးကွာ ... အသားကလေး ဘာလေးများပါရင် ဘယ်လောက် ကောင်းလိမ့်မလဲ ” လို့ ဂျုံကြိတ်စက်ပိုင်ရှင်က ထပ်ပြောသတဲ့ ။
ဒီတော့ တစ်ပါးသူ ကိုသာ ကြည်ဖြူပြီး ကိုယ့်ယောက်ျား အပေါ်တော့ မသထာတတ်တဲ့
မယားက “ အမယ်တော် ... ကျုပ်တို့ဟာ သူဌေးအိမ်မှ မဟုတ်ဘဲနဲ့ ” လို့ ပြန်ပြီး ပြော ပါရောတဲ့ ။
“ဘာကွ ... ငါ့ ဂျုံကြိတ်ဆုံမှာ ငါ သူဌေး မဟုတ်လား ။ ငါ့ဗိုက် ကလည်း သူဌေးဗိုက် ဆိုတာ မသိဘူးလား ” လို့ လင်ဖြစ်သူက မယားကို ပြန်ပြောပြီး ယူရာ့ ကို “ ကဲ ... တခြား ဘာမှ မရှိတဲ့ အတူတူ ဒါပဲ စားကြပါစို့ဗျာ ” လို့ စားပွဲကို ဖိတ်ခေါ်သတဲ့ ။ ယူရာ ကလည်း စားပွဲဝင်ထိုင်ရင်း သူ့ဘေးကို သားရေခွံကြီး ချလိုက်တာပေါ့လေ ။ ဒီတော့မှ ဂျုံကြိတ်ဆုံ ပိုင်ရှင်လည်း ယူရာ ရဲ့ အထုပ်အပိုးကြီးကို သတိပြုမိပြီး “ ဩ ... ကိုယ့်လူ ဒီသားရေထုပ်ကြီးထဲ ဘာများ သယ်လာပါ သလဲ ” လို့ မေးသတဲ့ ။
“ ဘာသယ်လာသလဲလို့ မေးပါသလားခင်ဗျာ ။ ဟောဒါ ဘာမဆို သိနိုင်တဲ့ ဗေဒဝိဇ္ဇာခင်ဗျ ”
“ ဘယ့်နှယ် ... တကယ်ပဲ အစစအရာရာ သိနိုင်တာလား ” လို့ ဂျုံကြိတ်ဆုံပိုင်ရှင်က တအံ့တဩ မေးသတဲ့ ။
“ ကိုင်း ... မယုံဘူး ဆိုရင်တော့ သိနိုင်တယ် ၊ မသိနိုင်ဘူးဆိုတာ အထင်အရှား ပြရတော့ မှာပေါ့လေ ” လို့ ယူရာ က ပြောလိုက်ပြီး သားရေကို ပထမ လက်နဲ့ ခေါက် ၊ နောက်ပြီး နားနှင့် ကပ် နားထောင် ကြည့်ခဲ့သတဲ့ ။ ပြီးတော့ ... “ ဟဲ ... ဟဲ ... ” လို့ရယ်မောသတဲ့ ။
ဂျုံကြိတ်ဆုံ ပိုင်ရှင်ကဖြင့် အသက်တောင် မရှုနိုင်ဘဲ “ လုပ်စမ်းပါဦးဗျ ။ ဘာများ ပြောသလဲ ” လို့ မေးတာပေါ့လေ ။
“ ဘာပြောရမလဲ ။ ဟောဟို မီးဖိုနောက်မှာ ကြက်ကောင်လုံးကြော် ၊ ကြောင်အိမ် ထဲမှာ နန်းကြီးခေါက်ဆွဲ ၊ စဉ့်အိုးထဲမှာ ဂေါ်ဖီချဉ် ၊ ဟိုခုံတန်း အောက်မှာတော့ အရက်တွေ တကောင်းနဲ့ အပြည့်လို့ ဆိုသဗျ ” လို့ ယူရာ က ဖြေလေတော့ ဂျုံကြိတ်ဆုံပိုင်ရှင်လည်း အံ့အားသင့် ၊ မယားလုပ်သူ ကလည်း ရယ်မောပြီး “ ဘယ်ကနေ ဒါတွေ ရောက်လာနိုင်ပါ့မလဲတော် ” လို့ ပြောသတဲ့ ။ ဒါပေမယ့် ဂျုံကြိတ်ဆုံ ပိုင်ရှင်ကတော့ “ ဘာပဲဖြစ်ဖြစ်လေ ၊ ဟုတ်မဟုတ် ကြည့်တာ ကတော့ အပမ်းမကြီးပါဘူး ” လို့ ဆိုပြီး ပထမဦးဆုံး စဉ့်အိုးထဲ သွားကြည့်တာပေါ့လေ ။ တကယ့်ကိုပါပဲ အဲဒီမှာကတော့ ဂေါ်ဖီချဉ် ၊ မီးဖို နောက်မှာလည်း ကြက်ကောင်လုံးကြော် ၊ ကြောင်အိမ် ထဲမှာ နန်းကြီးခေါက်ဆွဲ ၊ ခုံအောက်မှာလည်း အရက်တကောင်း သွားပြီး တွေ့သတဲ့ ။ ဂျုံကြိတ်ဆုံပိုင်ရှင်လည်း အားရဝမ်းသာနဲ့ “ တကယ့်ကိုဗေဒဝိဇ္ဇာ အစစ်ပဲဗျို့ ” လို့ ချီးမွမ်းပြီး “ ကဲ ... ဗေဒဝိဇ္ဇာ က ရှာပေးတဲ့ အတူတူ လက်ဆုံဝိုင်း စားကြစို့ ၊ မိန်းမရေ ... မင်းရော ဝင်လေကွာ ။ အတူတူ စားကြရအောင် ” လို့ ပြောပေမယ့် မိန်းမကတော့ နှုတ်ခမ်းစူပြီး အခန်းထဲက ဆောင့်ဆောင့်အောင့်အောင့် ထွက်သွားတယ်တဲ့ ။ ယူရာလည်း စိတ်ထဲက အသာပြုံးပြီး စားစရာတွေကို အကုန် အရသာခံ စားသောက်နေတာပေါ့ ။ ဒီအတောအတွင်း ဂျုံကြိတ်ဆုံပိုင်ရှင်ကလည်း ဗေဒဝိဇ္ဇာအကြောင်း တဖွဖွ ပြောနေခဲ့ပြီး စားသောက်ပြီးတာနှင့်တစ်ပြိုင်နက် “ ကိုယ့်လူ ... ဒီဗေဒဝိဇ္ဇာကို မရောင်းဘူးလား ” လို့ မေးသတဲ့ ။
“ အမှန်အတိုင်း ဆိုရရင်တော့ သိပ်မရောင်းချင်ဘူး ခင်ဗျ ။ ဘာကြောင့်လဲဆိုတော့ ဒါကိုမှီပြီး ငွေဝင်လမ်း အတော်ဖြောင့်နေတာ ။ ဒါပေမယ့် ခင်ဗျားသာ လိုချင်တယ်ဆိုရင်တော့ ရောင်းရတာပေါ့လေ ” လို့ ယူရာ က ဖြေသတဲ့ ။
“ ဘယ်လောက် ပေးရမှာလဲ ” လို့ ဂျုံကြိတ်ဆုံပိုင်ရှင်က မေးတော့ ယူရာက “ ရွှေဒင်္ဂါး အပြားငါးဆယ် ။ ဒါ ညီရင်းအစ်ကိုလို သဘောထားလို့လျှော့ပေးတာ ” လို့ ပြောသတဲ့ ။
“ ဟာ ... ဒါ သိပ်များတာပဲ ” လို့ ဂျုံကြိတ်ဆုံပိုင်ရှင်လည်း ခေါင်းကိုခါရင်း ငြင်းဆန်တော့တာပေါ့ ။
“ အိုး ... ဂျုံကြိတ်ဆုံ ပိုင်ရှင်ကြီးရာ ။ ဘယ်သူမှာမှ မရှိတဲ့ ဒီလိုအဖိုးတန် ပစ္စည်းမျိုး အတွက် ဈေးကြီးတယ်လို့ ဆိုနေရသေးသလား ။ တကယ်ဆို ကျုပ်က သိပ်ရောင်းချင်တာတောင် မဟုတ်ဘူး ”
ဂျုံကြိတ်ဆုံပိုင်ရှင်လည်း အမျိုးမျိုး တွေးတော ကြံဆနေတာပေါ့လေ ။ ဗေဒဝိဇ္ဇာကို လည်း လိုချင် ၊ ပိုက်ဆံကိုလည်း ခုံမင် ။ ဒါပေမယ့် နောက်နောင်အခါ တွေမှာ အစစ အရာရာကိုလည်း သိနိုင်မယ် ။ ဘယ်သူကမှလည်း သူ့အပေါ် တစ်ပတ်ရိုက်နိုင်ကြမှာ မဟုတ်ဘူးဆိုတာတွေကို တွေးမိတဲ့ အခါကျတော့ ရွှေဒင်္ဂါးအပြား ငါးဆယ်ကို မနှမြောတော့ဘဲ ဗေဒဝိဇ္ဇာကို ဝယ်ပါ့မယ်လို့ ပြောသတဲ့ ။ ဒါနဲ့ ယူရာလည်း ဘယ်လိုလက်နှင့် ခေါက်ရမယ် ။ တန်ခိုးမပြယ် အောင် ဘယ်လိုချိန်မျိုးမှာမှ ဗေဒင် မေးရမယ် ဆိုတာတွေကို သင်ပေးပြီးတဲ့နောက် သားရေကို တစ်ခါထပ်ခေါက် ၊ နားထောင်ကြည့်ခဲ့ပြန်သတဲ့ ။ တစ်အောင့်လောက် ကြာတော့ “ ဂျုံကြိတ်ဆုံ ပိုင်ရှင် ၊ ဒီတစ်ခါ ကျုပ်ကို ဘာပြောတယ် ဆိုတာ သိချင်သလား ” လို့ မေးသတဲ့ ။
“ ဘာတဲ့များလဲဗျာ ”
“ ဟောဟိုက ဗီရိုအဟောင်းကြီးကို မီးရှို့ချင် ရှို့ ။ ဒါမှမဟုတ် မြစ်ထဲပစ်ရင် ပစ်ချလိုက် ။ ဒီလိုမှ မလုပ်ရင်တော့ ခင်ဗျားတို့ အိမ်မှာ ချမ်းသာပျော်ရွှင်မှု ရှိမှာ မဟုတ်ဘူး ။ အထဲမှာ သရဲတစ်ကောင် ကပ်နေသတဲ့ ”
“ ဟင် ... ဒါဖြင့် နက်ဖြန်ခါ ကြိတ်စက်အောက် ပစ်သွင်းလိုက်မှာပဲ ” လို့ ဂျုံကြိတ်ဆုံ ပိုင်ရှင်က ဆိုတာပေါ့လေ ။
ဒီတော့ ယူရာ က “ ကြိတ်စက်အောက်ပစ်သွင်းမယ့် အတူတူတော့ဗျာ ။ ကျုပ်ကို ပေးပါလား ။ ခုတ်ထစ်ပြီး ထင်းစိုက် ပစ်ရအောင် ” လို့ ဆိုတဲ့အခါ ဂျုံကြိတ်ဆုံ ပိုင်ရှင်ကလည်း “ သူရဲကပ်နေတဲ့ ဗီရိုကိုမှ သယ်သွားချင်သပဆိုရင် ယူစေဗျာ ... ယူစေဗျား ” လို့ ရက်ရက်ရောရော ပေးလိုက်သတဲ့ ။ စားသောက်ပြီးကြတော့ ယူရာ့ ကို ရွှေဒင်္ဂါး ငါးဆယ်ပေး ၊ ဗေဒဝိဇ္ဇာကို ယူပြီး အိပ်ရာ ဝင်သွားသတဲ့ ။ ယူရာလည်း တအောင့်တနား အသာ နားနေပြီး ဗီရိုကို လက်တွန်းလှည်းပေါ်တင် ၊ မှောင်ထဲမှာပဲ ဂျုံကြိတ်ဆုံက ထွက်လာခဲ့သတဲ့ ။
လမ်းအတော် သွားမိလို့ ချောင်းကူးတံတား တစ်ခုပေါ် ရောက်တဲ့အခါ ဗြုန်းဆို လက်တွန်းလှည်းကို မြေပေါ် ဆောင့်ချ လိုက်ပြီး ဒေါသသံကြီးနဲ့ “ ဟယ် ... ဒီလို ဝန်ထုပ်ဝန်ပိုးကြီးနဲ့ ဘာဖြစ်လို့ အပင်ပန်းခံရမှာလဲ ။ ဟေ့ ... ရှူနာရှိုက်ကုန်း ဗီရိုစုတ်ကြီး မင်းကို မင်းရဲ့ သူရဲနဲ့ အတူတူ ဟောဒီ ချောင်းထဲ ပစ်ချလိုက်တာ အကေင်းဆုံးပဲ ” လို့ ပြောလိုက်သတဲ့ ။ ဒီတော့ ဗီရိုထဲ ကနေ ကြောက်ကြောက်လန့်လန့်နဲ့ “ အမလေး ... သူတော်ကောင်းကြီးရယ် ။ ကျုပ်ကို ရေထဲ ပစ်မချပါနဲ့ ။ ကျုပ်ကို လွှတ်ပေးရင် ရွှေဒင်္ဂါး တစ်ရာ ပေးပါ့မယ် ” လို့ တောင်းပန် တာပေါ့လေ ။
“ ဘာ ... သူရဲကို ရွှေဒင်္ဂါးတစ်ရာထဲနဲ့ လွှတ်ပစ်ရမယ်တဲ့လား ... ဘာရမလဲဆရာ ”
“ကဲ ... ဒါဖြင့် နှစ်ရာ ပေးပါ့မယ်ခင်ဗျာ ”
“ ကိုင်း ... သုံးရာပေးရင် လွတ်မယ် ” လို့ ယူရာက ဆိုသတဲ့ ။
“ ဟာ ဒါတော့ များလွန်းပါတယ်ဗျာ ” လို့ ဗီရိုထဲက ကိုရွှေမျက်နှာကြီး ကလည်း ညည်းညူတာပေါ့လေ ။
“ ကိုယ့် အသက်ထက် ရွှေဒင်္ဂါးသုံးရာကို ပိုမက်တယ် ဆိုရင်တော့ ကိုင်း ... ကျုပ် တစ်ပြားမှ မယူဘဲ ရေထဲသာ ပစ်ချလိုက်တာ ကောင်းပါတယ်လေ ”
“ အမလေး …. မပစ်ပါနဲ့ ။ မပစ်ချပါနဲ့ ။ ပေးပါ့မယ်ခင်ဗျာ ။ ဖွင့်သာ ပေးပါတော့ ”
ဒါနဲ့ပဲ ယူရာ လည်း ဗီရိုတံခါးကိုဖွင့် ၊ မျက်နှာကြီးမင်းကို လွတ်ပေးလိုက်ပြီး ချက်ချင်းပဲ ပိုက်ဆံကို အရ ယူလိုက်သတဲ့ ။ နောက်ပြီး ရွှေဒင်္ဂါးတွေကို အိတ်ထဲထည့်ရင်း “ မစားရတဲ့ ညစာက အတော်ကို ဈေးကြီးသလား ကိုယ့်ဆရာ ” လို့ ရယ်ရယ်မောမော ပြောပေမယ့် လူကြီးလူကောင်း ကိုရွှေမျက်နှာကြီး မှာတော့ ကြားတောင် မကြားနိုင်ဘဲ ခြေကုန်သုတ် ထွက်ပြေးပါရောတဲ့ ။ ယူရာ လည်း ဗီရိုကို ရေထဲပစ်မချဘဲ အိမ်အထိ သယ်ယူ သွားခဲ့သတဲ့ ။
အိမ်ရောက်တော့ သားရေအတွက် ရွှေတွေ ဘယ်လောက်ရခဲ့တယ် ဆိုတာ ပြောပြတော့ မယားဖြစ်သူမှာလည်း အထူးပဲ အားရဝမ်းသာ ဖြစ်ရတာပေါ့လေ ။ သူ့ကို ယူရာက ရွှေတွေ ချိန် ကြည့်ရအောင်ရယ်လို့ အစ်ကို ယော့ဂျ်ကာဆီ ချိန်ခွင်အငှားလွှတ်လိုက်တယ်တဲ့ ။ မယား ဖြစ်သူကလည်း သွားပြီး ငှားတာပေါ့လေ ။ ခဲအို လုပ်သူက ချိန်ခွင်ဖင်မှာ သစ်စေးကပ်လွှတ် လိုက်တာကိုတော့ မရိပ်မိခဲ့ရှာဘူးပေါ့ ။ ရွှေတွေကို ချိန်ကြည့် ပြီးတော့ မိန်းမက ချိန်ခွင်ကို ပြန်ပို့တဲ့ အခါ ချိန်ခွင်ဖင်မှာ ရွှေဒင်္ဂါးတစ်ပြား ကပ်ပါ သွားတာလည်း သတိမထားမိကြဘူးပေါ့ ။ အစ်ကိုများကတော့ ဒီရွှေစကို တွေ့ရတဲ့အခါ တအံ့တသြ ဖြစ်ကြပြီး ဘယ်ကနေ ရွှေတွေ ဒီလောက် ရခဲ့သလဲလို့ ချက်ချင်းပဲ လာမေးကြသတဲ့ ။
ဒီတော့ ယူရာ ကလည်း “ ကျွန်တော် ဂျုံကြိတ်ဆုံပိုင်ရှင် တစ်ယောက် ဆီမှာ သားရေ သွားရောင်းတာ သူက ရွှေစ သုံးရာ့ငါးဆယ် ပေးလိုက်တယ် ခင်ဗျ ” လို့ ဖြေတာပေါ့လေ ။ အစ်ကိုတွေလည်း မနာလိုစိတ် တဖွားဖွားနဲ့ ကိုယ့်အိမ်ကို ကိုယ်ပြန်ကြ ။နွားတွေကို သ,တ်ပြီးဂျုံကြိတ်ဆုံ ပိုင်ရှင်ဆီ သားရေတွေ သွားရောင်းကြသတဲ့ ။ ဒီအချိန် အတောအတွင်းမှာ ဂျုံကြိတ်ဆုံပိုင်ရှင် ကလည်း ဘယ်လို ဗေဒဝိဇ္ဇာမျိုး ဝယ်မိတယ် ဆိုတာ အကြောင်းသိခဲ့ပြီမို့ အစ်ကို နှစ်ယောက်က သားရေတွေ လာရောင်းကြတဲ့အခါ တပည့်တပန်းတွေခေါ်ပြီးဖုတ်တွေ ၊ ဘာတွေ အခါ ခိုင်းလိုက်တာ နှစ်ယောက်သား အိမ်ကိုတောင် အနိုင်နိုင် ပြန်လာခဲ့ကြရသတဲ့ ။
ဒါနဲ့ပဲ ယူရာ့ အပေါ် အငြိုးတေးထားကြပြီး လက်စားချေကြရအောင် ချောင်းနေခဲ့ကြ တာပေါ့ ။ ဒါပေမယ့် တခြားနည်းလမ်းမျိုး ရှာမတွေ့လေတော့ သူတို့ရဲ့ သားသမီးတွေကို လွှတ်ပြီး ကောက်ရိုးတွေ ညစ်ပတ်အောင် လုပ်ခိုင်းကြသတဲ့ ယူရာ ကတော့ အသာ ကြည့်နေပြီး ကောက်ရိုးတွေ အကုန် ညစ်ပတ်ကုန်တော့မှ စည်တစ်လုံးထဲထည့် ၊ ဈေးမှာ ရောင်းဖို့ သယ်သွားပြန်သတဲ့ ။ လမ်းမှာ ရွာကလေး တစ်ရွာကို ရောက်သွားတဲ့အခါ လူတွေက ဘာများ သယ်လာသလဲလို့ ဝိုင်းမေးကြတော့ “ ပုလိပ်ရောဂါ ပျောက်တဲ့ ဆေးခင်ဗျ ” လို့ လူတိုင်းကို ပြန်ဖြေခဲ့ သတဲ့ ။ ချက်ချင်းပဲ ပုလိပ်ရောဂါပျောက်တဲ့ဆေး ရောင်းမဲ့လူ တစ်ယောက် ရောက်လာတယ် ဆိုတဲ့ သတင်းဟာ တစ်ရွာလုံး ပျံ့နှံ့သွားတာပေါ့လေ ။ ရပ်ရွာက လူကြီးသူကြီးများလည်း ဒီဆေး ဝယ်ရ ကောင်းမကောင်း ခေါင်းချင်းဆိုင် တိုင်ပင်ကြပြီး နောက်ဆုံးမှာတော့ ပုလိပ်ရောဂါသာ မတော်တဆ ဖြစ်လာရင် အသင့် ရှိနေဖို့ ဒီဆေးကို ဝယ်ထားကြရင် ကောင်းမယ်လို့ ဆုံးဖြတ်ခဲ့ကြသတဲ့ ။ ဈေးကြီးကြီးပေးပြီး ယူရာ့ ဆီက ဝယ်ယူကြတဲ့ အခါမှာ ယူရာ ကလည်း ပုလိပ်ရောဂါ မဖြစ်မချင်း ဒီစည်ကို မဖွင့်ကြပါနဲ့ ။ ရောဂါဖြစ်လာမှ ဖွင့်ပြီး တစ်ရွာလုံး စိတ်ရှိ သုံးကြပါလို့ဩဝါဒတွေပေး ပိုက်ဆံတွေကို ယူပြီး ပြန်လာသတဲ့ ။
ပြန်ရောက်တော့ ညစ်ပတ်နေတဲ့ ကောက်ရိုးတွေ အတွက် ငွေ ဘယ်လောက်တောင် ရခဲ့တယ် ဆိုတာ အစ်ကိုတွေဆီ သွားပြီး ကြွားပြန်သတဲ့ ။ ဒါကို ကြားကြရတဲ့အခါမှာ အစ်ကိုတွေ ကလည်း ငါတို့ လုပ်သမျှ သူ့ပိုက်ဆံရဖို့ချည်း ဖြစ်နေပါလားလို့ စိတ်မချမ်းမသာဖြစ်ကြသတဲ့ ။ နောက်နောင်မှာ သူတို့ရဲ့ ကောက်ရိုးတွေလည်း ညစ်ပတ်ကုန်အောင် ယူရာ့ ရဲ့ ကလေးတွေကို လွှတ်ပေးပါလို့ပြောဆိုကြသတဲ့ ။
“ ဟာ ... လိုချင်သပ ဆိုရင် ဘာဖြစ်လို့ မလွှတ်ဘဲ ရှိရမှာတုန်း ” လို့ ယူရာ ကလည်း ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေပြီး ကလေးတွေကို ကောက်ရိုးတွေပေါ်လွှတ် ၊ တကယ်ပဲ ညစ်ညစ်ပတ်ပတ် လုပ်ခိုင်းသတဲ့ ။ နောက်ညစ်ပတ်ကုန်တော့ အစ်ကိုတွေလည်း စည်တွေထဲသွပ်ပြီး ယူရာ ပြောတဲ့ ရွာကို သွားရောင်းကြတာပေါ့လေ ။ ဒါပေမယ့် အဲဒီကို ရောက်တာနဲ့ တစ်ပြိုင်နက် လူတွေလည်း ပြေးလာကြပြီး သူတို့ကို ထုကြရိုက်ကြပါရောတဲ့ ။ ဘာကြောင့်လည်းဆိုတော့ ဒီအချိန်အတော အတွင်းမှာ ရွာမိရွာဖတွေဟာ ပုလိပ်ရောဂါ လာတဲ့အထိ မစောင့်နိုင်ကြဘဲ စည်ကို ဖွင့်ကြည့်ခဲ့ကြတဲ့အခါ ဘယ်လို ဆေးမျိုး ဝယ်မိကြောင်း သိသွားကြတာကိုး ။ ဒီကိစ္စဟာဆိုရင် တစ်ရွာလုံးရှိ လူအများတကာရဲ့ ငွေစအဆုံးအရှုံးမို့ ဒီအစ်ကို နှစ်ယောက်အပေါ် အများတကာကပဲ ဝိုင်းပြီး တရားပြ ၊ ရိုက်နှက်လွှတ်လိုက်ကြတာ သူတို့နှစ်ဦးသား အိမ်ကိုတောင် အနိုင်နိုင် ပြန်လာခဲ့ကြ ရသတဲ့ ။
ပြန်ရောက်ကြတဲ့ အခါမှာ ဘယ်လောက်ဟန်ကျလာတယ် ဆိုပြီးတော့ဖြင့် ယူရာ့ ဆီ သွားပြီး မကြွားနိုင်ကြဘူးပေါ့ ။ ဒါပေမယ့် ယူရာ့ ကို ရေနှစ် သ,တ်မယ်လို့ တိတ်တိတ်ပုန်း ကြံစည်နေခဲ့ကြသတဲ့ ။ တစ်နေ့တော့ ချောင်းမြောင်းပြီး ယူရာ့ကို ဖမ်းမိကြတဲ့အခါ သူ့ကို စည်ပိုင်းကြီး တစ်လုံးထဲ အလုံပိတ် ၊ လက်တွန်းလှည်းပေါ်တင် ၊ ဗား ဆိုတဲ့ မြစ်ဆီ တွန်းသွားကြပြီး ရေထဲ ပစ်ချလိုက်ကြသတဲ့ ။ စည်ပိုင်းကြီးဟာ ရေပေါ် ပေါလောပေါလောမျောသွားလို့ အတော် ဝေးသွားတဲ့ အခါ ယူရာ ဟာ “ မလုပ်ချင်ဘူး ... မလုပ်ချင်ဘူး ... နယ်စားကြီး မလုပ်ချင်ဘူး ” လို့ တအား အော်ရင်း စည်ပိုင်းကြီးနဲ့ ပါသွားသတဲ့ ။ ဒီလို အော်သံတွေကို မြစ်ကမ်းနား ဘေးမှာ သိုးကျောင်း နေတဲ့ သိုးထိန်းသမားကြီး တစ်ယောက်က ကြားလေတော့ ထူးဆန်းပါတယ်လေရယ်လို့ အောက်မေ့ရင်း စည်ကို ကမ်းပေါ်ဆယ် ၊ ယူရာ့ ကို အကျိုးအကြောင်းများ မေးမြန်းတာပေါ့လေ ။
“ ဗျာ … ဦးလေးကြီးရာ ကျွန်တော့်ကို ဘူဂျီညီနယ် မှာ နယ်စား လုပ်ရမယ်တဲ့ ။ သူတို့က ကျွန်တော့်ကို လာခေါ်ကြတဲ့အခါ ကျွန်တော် သူတို့နဲ့ မလိုက်ချင်ဘူးလို့ ငြင်းနေတာနဲ့ပဲ ကျွန်တော့်ကို စည်ထဲ ထည့်ပြီး မျှောလိုက်ကြတာပါပဲ ။ ဟောဒီ ဗားမြစ်ထဲက နေပြီး ကျွန်တော့်ကို ဒညုမြစ် ထဲဝင်တဲ့ အခါမှာ ဘူဂျီညီနယ်က စောင့်ပြီးဆယ် အတင်းအကြပ် နယ်စား လုပ်ခိုင်းကြတော့မှာပဲ ။ တကယ်ပါဗျာ ။ သိုးပဲ ကျောင်းပြီး နေစမ်းချင်ပါဘိတော့ ” လို့ ယူရာက ညည်းတွားတဲ့ အခါ သိုးထိန်းသမားကြီးက “ ကိုင်း ... မင်း သိုးပဲ ကျောင်းချင်ရင် ကျောင်း နေရစ်ပေတော့ မောင်ရင် ငါ ဘူဂျီညီနယ်ကို သွားပြီး နယ်စားလုပ်မယ် ” လို့ ပြန်ဖြေတာနဲ့ ယူရာ လည်း စည်ထဲက ထွက် ၊ သိုးထိန်းသမားကြီးက စည်ထဲကို ဝင် ၊ နောက် ယူရာ ကိုယ်တိုင်ကပဲ စည်ကို မြစ်ထဲမျှောချ ပေးလိုက်ရသတဲ့ ။ ဗားမြစ်တစ်လျှောက် မျောဆင်း သွားတဲ့အခါ သိုးထိန်းသမားကြီးကလည်း “ ကျုပ် လုပ်ချင်တယ် ... နယ်စားကြီးလုပ်မယ် ” လို့ အော်ကျယ်ဟစ်ကျယ်နဲ့ မျောဆင်း သွားလေတော့ ကြားရတဲ့ လူတိုင်းကလည်း “ လုပ်သာလုပ် ... ပေါတာရေ ... မင်းကို ဒို့ မတားပါဘူး ” လို့ အော်ပြောကြသတဲ့ ။ ယူရာ ကတော့ သိုးတွေ အကုန်လုံး အိမ်ကို ပြန်ပြီး မောင်းသွားတာပေါ့ ။
သူ ပြန်ရောက်လာတာကို တွေ့ကြရတဲ့အခါ အစ်ကိုများကလည်းကြောက်ကြောက်ရွံ့ရွံ့ဖြစ်ကုန်ကြတာပေါ့လေ ။ ယူရာ ကတော့ “ မကြောက်ကြပါနဲ့ ။ ဗားမြစ်ထဲ ပစ်ချပေးတဲ့ အတွက် ခင်ဗျားတို့ကိုတောင် ကျေးဇူးတင်ပါသေးတယ် ။ နို့မို့ဆိုရင် ဟောဒီ သိုးအုပ်မျိုးတောင် ရခဲ့မှာ မဟုတ်ပါဘူး ” လို့ ပြောသတဲ့ ။ အစ်ကိုတွေ ကလည်း ဒီတော့မှ “ မင်းကို ဒီသိုးတွေ ဘယ်သူက ပေးလိုက်သလဲ ” လို့ မေးကြတဲ့အခါ “ ခင်ဗျာ ... ကျွန်တော့်ကို ဘယ်သူက ပေးနေရမှာလဲ ။ ဗားမြစ် တစ်လျှောက် မျောသွားတဲ့အခါ တစ်နေရာမှာ တောင်ကြား မြက်စိမ်းတစ်ကွက်ကို တွေ့ပြီး အဲဒီမှာ သိုးတွေမှ တစ်အုပ်ကြီးရယ် ၊ လှလိုက်တာ ကြည့်လို့ ကောင်းလိုက်တာလည်း မပြောပါနဲ့တော့ ။ အဲဒီမှာ သိုးထိန်းလည်း မရှိ ။ သိုးထိန်းခွေးတောင် မရှိဘူးခင်ဗျ ။ ကျွန်တော်လည်း သိုးတွေကို မြင်မြင်ချင်း ကမ်းစပ်ဆီကို မှန်းပြီး ဦးတည်သွား ။ စည်ထဲက ရုန်းထွက်ပြီး ဟောဒီ တစ်အုပ်ကို အိမ်ပြန်မောင်းခဲ့တာပဲ ။ ဒါတောင် ဟိုမှာ အများကြီး ကျန်ရစ်သေးတယ် ” လို့ ပြောသတဲ့ ။
ဒီလို ပစ္စည်းဥစ္စာ သတင်းကြားရရင်ပဲ အစ်ကိုတွေဟာ ငမ်းငမ်းတက် မက်မောပြီး အဲဒီနေရာသွား ၊ သိုး ရှိသရွေ့ အကုန်ကို သိမ်းကျုံးမောင်းလာကြဖို့ အချင်းချင်း တိုင်ပင်ခဲ့ကြသတဲ့ ။ သူတို့နဲ့လည်း ဘယ်သူမှ မလိုက်နိုင်ကြအောင် ဗားမြစ်အထိ စည်တွေကို တိတ်တဆိတ် သယ်သွား စည်တွေထဲကို ဝင် မြစ်ကို လှိမ့်ဆင်းကြပြီး ရေစီး တစ်လျှောက် မျောပါသွားကြသတဲ့ ။ ဒီနောက် သူတို့ ဘာတွေ ဖြစ်ကုန်ကြတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြတော့ဘူး ။ ဘာကြောင့်လည်းဆိုတော့ ပြန်မှ မလာကြတော့ပဲကိုး ။ ယူရာ ကတော့ အဲဒီအချိန်ကစပြီး သူ့မယားနဲ့ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီး နေထိုင်နေပါရောတဲ့ ။
( ဘာသာပြန် )
〇 မင်းလတ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ၊ မတ်
No comments:
Post a Comment