Friday, August 15, 2025

မောင်လုံ့လ

 

❝ မောင်လုံ့လ ❞
      ( ပုံပြင် )

ရှေးအခါက မောင်လုံ့လ ခေါ် လူငယ်တစ်ဦး ရှိ၏ ။ သူသည် အမှုကိစ္စ အားလုံးတွင် နာမည်နှင့်လိုက်အောင် လုံ့လဝီရိယနှင့် ပြည့်စုံစွာ ဆောင်ရွက်၏ ။ သို့ရာတွင် သူ့မှာ မိဘနှစ်ပါး မရှိတော့ပြီ ။ ထို့ကြောင့် သူသည် လယ်ပိုင်ရှင်ကြီးတစ်ဦး၏ ထံတွင် နွားကျောင်းသော အလုပ်ဖြင့် အသက်မွေးနေထိုင်ရှာလေ၏ ။

မောင်လုံ့လသည် နံနက်အရုဏ် မတက်မီအချိန်ကပင် လယ်ပိုင်ရှင်ကြီး၏ နွားအုပ် ကြီးကို မြက်ခင်းများ ရှိရာသို့ မောင်းနှင် ထွက်ခွာသွားရသည် ။ မောင်လုံ့လသည် နေထွက်မှ နေဝင်ထိ နွားများကို ကျောင်းလျက် နေဝင်မိုးချုပ် နွားရိုင်းသွင်းချိန် ရောက်မှသာလျှင် နွားအုပ် ကြီးနှင့်အတူ လယ်ပိုင်ရှင်ကြီး၏ အိမ်သို့ပြန်ရသည် ။

လယ်ပိုင်ရှင်ကြီးကား မောင်လုံ့လအား ဘယ်အခါမှ သားချင်းသမီးချင်း မစာနာပေ ။ မောင်လုံ့လအား နွားအုပ်နှင့် ရောက်လျှင် ရောက်ချင်းပင် ထင်းခွဲ ၊ ရေခပ် ၊ အဝတ်လျှော် စသည့် အိမ်မှုကိစ္စများကို တစ်လုပ်ပြီး တစ်လုပ် ဆက်တိုက် ခိုင်းသည်မှာ ညဉ့်နက်သန်းခေါင်တိုင်သည် အထိပင်ဖြစ်၏ ။ ထိုအချိန်ကျမှပင် မောင်လုံ့လမှာ လယ်ပိုင်ရှင်ကြီးက ကျွေးမွေးသော ထမင်းကျန် ဟင်းကျန်များကို စားသောက်အိပ်စက်ခွင့်ရရှာ၏ ။

သို့နှင့် နောက်တစ်နေ့ နံနက်အရုဏ်တက် ရောက်ပြန်လျှင် အိပ်ရေးမဝဘဲ မောင်လုံ့လ ခမျာမှာ အိပ်ရာမှ ထရပြန်လျှင် နွားအုပ်ကြီးကို မောင်းနှင်၍ မြက်ခင်းများ ရှိရာသို့ ထွက်ခွာသွားရပြန်လေ၏ ။ လယ်ပိုင်ရှင်ကြီးကား မောင်လုံ့လ ထံမှ လုပ်အားကို အဆမတန် ခိုင်းစေ ၊ မတရား ယူငင်ခြင်း ပြုလင့်ကစား မောင်လုံ့လ နွားကျောင်း အသွားတွင် အနည်းငယ်မျှသော ထမင်းကြမ်းခဲ အထုပ်ငယ်တစ်ထုပ်ကိုသာ မောင်လုံ့လအား ပေးကမ်းခြင်းပြုလေသည် ။

နွားအုပ်ကြီးကား မောင်လုံ့လ၏ ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ခြင်းကို သိရှိနား လည်ပြီ ဖြစ်သောကြောင့် နေ့လယ်နေ့လယ် မောင်လုံ့လ အိပ်ချိန်တွင် အခြား အရပ်တစ်ပါးသို့ ဝေးလံစွာသွားရောက်ခြင်း မပြုကြဘဲမောင်လုံ့လ အိပ်နေရာ၏ အနီးအနား တဝိုက်မှာပင်လှည့်ပတ်သွားလာ စားသောက်ခြင်း ပြုလေ၏ ။ ထို့ကြောင့် မောင်လုံ့လမှာ နွားအုပ်အတွက် ပူပင်သောက မရှိဘဲ နေ့လယ်တိုင်း နေ့လယ်တိုင်း စိတ်ချလက်ချ ကောင်းမွန်စွာ အိပ်စက်နားနေခြင်း ပြုရလေ၏ ။

တစ်နေ့သ၌ မောင်လုံ့လသည် ထမင်းကြမ်းခဲကို မဝရေစာ စားသောက်ပြီး ခါတိုင်း နေ့များကဲ့သို့ပင် ညောင်ညိုပင်ကြီး၏ အောက်တွင် လဲလျောင်းရာမှ အိပ်မောကျခြင်းသို့ရောက်လေ၏ ။ အိပ်မောကျစဉ် မောင်လုံ့လသည် အိပ်မက်တစ်ခု မြင်မက်လေ၏ ။ အိပ်မက်ထဲတွင် ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော ညောင်ပင်စောင့် ရုက္ခစိုးသည် မောင်လုံ့လ အိပ်စက်နေရာ ခေါင်းရင်းမှရပ်လျက် “ လူကလေး မောင်လုံ့လ ၊ သင်ကား အလွန် ဝီရိယရှိ၍ အလွန် အလုပ်လုပ် သော သူငယ်ဖြစ်ရာ ၊ နွားကျောင်းသော အလုပ်ဖြင့် မထိုက်တန်တော့ပြီ ၊ သို့ဖြစ်၍ ကျွန်ုပ် ညွန်ကြားသည့် အတိုင်း သင်သည် ဗာရာဏသီပြည်သို့ အလျင်အမြန် သွားလော့ ၊ သင်သည် ဗာရာဏသီပြည်၌ မင်းအဖြစ်ကို ရမည် မချွတ်တည်း ” ဟု ပြောကြား၍ ရုက္ခစိုးလည်း အိပ်မက်ထဲမှ ရုတ်ခြည်းပျောက်ကွယ်လေ၏ ။

ထိုခဏ၌ မောင်လုံ့လလည်း ချက်ချင်း နိုးလျက် အိပ်မက်အကြောင်းကို စဉ်းစားလေ၏ ။ အိပ်မက်အကြောင်းကို စဉ်းစားလေလေ မောင်လုံ့လမှာ ရယ်ချင်လေလေဖြစ်၏ ။ မောင်လုံ့လ ရယ်ချင်ခြင်းမှာ အခြားကြောင့် မဟုတ်ပေ ။ မိမိ ကဲ့သို့သော နွားကျောင်းသား တစ်ဦး က ဗာရာဏသီပြည်ကြီး၏ ရွှေထီးရွှေနန်း ကို ပိုင်စိုး၍ ဗာရာဏသီ ပြည်သူပြည်သားအပေါင်းအား အုပ်ချုပ် မင်းလုပ်ရမည် ဆိုခြင်းမှာ ကောင်းကင်မှ ဓူဝံကြယ်ကို ဆွတ်ရသည်ထက်ပင် ခက် ခဲလေစွဟု ထင်မှတ်၏ ။ ထို့ကြောင့် မောင်လုံ့လမှာ အိပ်မက်အကြောင်းကို တွေးမိလေ ရယ်ချင်လေ ဖြစ်ရလေ၏ ။

ထို့နောက် မောင်လုံ့လသည် သွေးလေချောက်ချား၍သာ ထိုရယ်ဖွယ် ကောင်းသော အိပ်မက်ကို မြင်မက်ပေသည်ဟု အောက်မေ့လျက် မိမိ ကျောင်းရန်ရှိသော နွားအုပ်ကိုသာ ဂရုတစိုက်လိုက်လံကျောင်းပြီးနောက် နေဝင်မိုးချုပ် နွားရိုင်းသွင်းချိန်သို့ ရောက်လျှင် ခါတိုင်းကဲ့သို့ပင် လယ်ပိုင်ရှင်ကြီး၏ အိမ်သို့ ပြန်ခဲ့လေ၏ ။ သို့ရာတွင် နောက်နေ့ပေါင်းများစွာပင်လျှင် မောင်လုံ့လသည် ညောင်ညိုပင်ကြီးအောက်တွင် ဝင်ရောက် အိပ်စက်တိုင်း ထိုအိပ်မက်ကို ချည်းမြင်မက်လေ၏ ။ အိပ်မက်မက်ဖန်များလတ်သော် မောင်လုံ့လမှာ သူ့ကိုယ်သူ ဗာရာဏသီ ပြည်ကြီးကို စိုးမိုးအုပ်ချုပ်ရသော မင်းအဖြစ်ကို မလွဲမသွေ ရရှိပေလိမ့်မည်ဟု စွဲစွဲမြဲမြဲ ယုံကြည် ခြင်းဖြစ်လေ၏ ။

သို့ဖြစ်ရကား မောင်လုံ့လ မှာ တစ်နေ့သော ညနေစောင်းတွင် နွားအုပ်အား လယ်ပိုင်ရှင်ကြီး၏ အိမ်တွင်းသို့ ခါတိုင်းကဲ့သို့ မောင်းနှင်သွင်းလျက် မိမိကိုယ်တိုင်ကား လယ်ပိုင်ရှင်ကြီး၏ အလစ်တွင် တိတ်တဆိတ် ထွက်ခွာခဲ့လေ၏ ။

မောင်လုံ့လသည် လမ်းတစ်လျှောက်တွင် တွေ့ရှိရသော လမ်းသွားလမ်းလာတို့အား “ ဗာရာဏသီပြည်သည် မည်သည့် အရပ်တွင် ရှိသနည်း ၊ ဤမှ ဗာရာဏသီပြည်သို့ မည်မျှ ကြာအောင် သွားရမည်နည်း ” ဟု မေးမြန်းစုံစမ်းလေ၏ ။

လမ်းသွားလမ်းလာတို့က မောင်လုံ့လအား ကြင်နာသနားစွာနှင့် ကြည့်ရှုကြပြီးလျှင် “ ဟယ် ... လူကလေး ၊ အဘယ်ကြောင့် ဗာရာဏသီပြည်၏ အကြောင်းကို မေးသနည်း ၊ ဗာရာဏသီပြည်ကား တောင်အရပ်တွင် ရှိသည် ၊ သို့ရာတွင် အလွန်တရာ ဝေးကွာလှရကား ဤအရပ် မှလူတို့အနက်မှ တစ်ဦးတစ်ယောက်မျှပင် ဗာရာဏသီပြည်သို့ သွားရန် မကြံစည်ဝံ့ပေ ၊ လမ်း ကလည်း အန္တရာယ် ထူပြောလှ၏ ၊ အန္တရာယ် ထူပြောလှသောလမ်းကို ကျော်ဖြတ်၍ သွားနိုင် သည့်တိုင်အောင် သင်သည် ဤအတိုင်းသာ သွားပါက အိုမင်းမစွမ်းသော အရွယ်တိုင်မှသာ ဗာရာဏသီပြည်သို့ ရောက်လိမ့်မည် ။ သို့ဖြစ်၍ သင့်အား ဗာရာဏသီပြည်သို့ မသွားရန် ကျွန်ုပ်တို့ တားမြစ်ပါ၏ ” ဟု ပြောဆို ရှင်းလင်းပြကြပြီးနောက် မောင်လုံ့လအား ဗာရာဏသီပြည်သို့ မသွားရန် တွေ့ကြသူတိုင်းက တားမြစ်ခြင်းပြုလေ၏ ။

သို့ရာတွင် မောင်လုံ့လ မှာ နောက်မဆုတ်တော့ပေ ။သူသည် လုံ့လကို အားကိုးလျက် မလျော့သောဇွဲဖြင့် ဗာရာဏသီပြည်သို့ မရောက်ရောက်အောင်သွားအံ့ဟု ယတိပြတ် ဆုံးဖြတ်ခြင်း ပြုပြီးလျှင် တစ်ခုသော တောအုပ်အတွင်းသို့ ဝင်ရောက် ခရီးဆက်လေ၏ ။

ညဉ့်အချိန်ရောက်၍ တောအုပ်အတွင်း၌ အမှောင် ဖုံးလွှမ်းနေပြီဖြစ်သော်လည်း မောင်လုံ့လသည် ခရီးသွားမြဲ သွားကာ အင်မတိအင်မတန် အိပ်ချင်မှသာ တရေးတမော အပန်းဖြေ နားနေအိပ်စက်မည်ဟု အောက်မေ့လေ၏ ။ သန်းခေါင်ကျော်သော်လည်း မောင်လုံ့လမှာ လျှောက်သွားမြဲ လျှောက်သွားနေလေ၏ ။

ရှေ့သို့ တစ်လှမ်းတိုး သွားတိုင်း တိုးသွားတိုင်း မောင်လုံ့လမှာ ဗာရာဏသီပြည်ကြီး နှင့် တစ်လှမ်းထက် တစ်လှမ်း ပိုမိုနီးလာပြီဟု ယုံကြည်လျက် အားအတက်ကြီးတက်လေ၏ ။ ထိုသို့ တွေးထင်၍ မောင်လုံ့လမှာ အားတက်သရော လျှောက်ခဲ့ရာ လဆုတ်ရက်ပိုင်းဖြစ်သော ထိုည၌ လမင်းသည် သန်းခေါင်ကျော်မှ ထွက်လာလေ၏ ။ လရောင်ကို အဖော်ပြုရသော မောင်လုံ့လမှာ စောစောက ထက်ပင် အားတက်ခြင်းဖြစ်လျက် ရှေ့သို့ လျှောက်မြဲ လျှောက်ခဲ့ပြန် လေ၏ ။

ထိုသို့ မောင်လုံ့လ လျှောက်လာစဉ် ဧရာမသစ်ပင်ကြီး တစ်ပင်အနီးသို့ ရောက်ရှိလာ လျက် လူသံသူသံများကို ထူးဆန်းစွာ ကြားလိုက်ရကား မောင်လုံ့လမှာ တအံ့တဩ ဖြစ်၍ သစ်ပင်ကြီးကို အကာအကွယ် ပြုကာ စုံစမ်းခြင်းပြုလေ၏ ။ တစ်ဖက်သော သစ်ပင်ကြီး၏ ခြေရင်း၌ လရောင်အောက်တွင် လူလေးယောက်သည် မျက်နှာချင်းဆိုင် ထိုင်လျက် စိတ်ဝင်စားဖွယ်ကောင်းသောအကြောင်းများကို ဤသို့ ပြောကြားနေကြလေ၏ ။

“ ဟယ် ... သွေးသောက် ၊ သင်ကား ဘယ်အရာကို ရရှိခဲ့သနည်း ”

ဗိုလ်ဖြစ်သူသည် တစ်ဦးသော တပည့်အား မေးစမ်းခြင်းပြုလေ၏ ။

“ ဗိုလ်မင်း ၊ ကျုပ်ကား အလိုရှိတိုင်း အလိုရှိရာကို တောင့်တ၍ ရသော ဣစ္ဆာသယ အင်္ကျီကို ရရှိခဲ့ပါသည် ။ ဤအင်္ကျီကို ဝတ်၍ စိတ်ထဲမှ အလိုရှိရာကို တောင့်တကာ အင်္ကျီအိတ်တို့မှ နှိုက်ယူလျှင် ဗိုလ်မင်း အလိုရှိရာကို အလိုရှိသလောက် ရရှိပါလိမ့်မည် ၊ ဗိုလ်မင်း မယုံကြည်လျှင် ဤအင်္ကျီကို ဝတ်၍ စမ်းသပ်လော့ ” ဟု ဆိုလျက် အမေးမြန်း ခံရသော ပထမ တပည့်သည် ဗိုလ်ဖြစ်သူ၏ လက်သို့ ဣစ္ဆာသယအင်္ကျီ ကိုအပ်နှံ၏ ။ ထိုအခါ ဗိုလ်ဖြစ်သူလည်း အင်္ကျီကို ကြည့်ကာ အလွန် နှစ်ခြိုက်ခြင်းဖြစ်လျက် “ ကောင်းပြီ ” ဟုဆို၍ အင်္ကျီကို သူ့ဘေးတွင် အသာချထားလိုက်ပြီးလျှင် အခြားသော တပည့်တစ်ဦးအား “ ဟယ် ... သွေးသောက် ၊ သင်ကော ဘယ်အရာ ကိုရရှိခဲ့သနည်း ” ဟု ဆက်လက်၍ မေးစမ်းခြင်းပြုလေ၏ ။

“ ဗိုလ်မင်း ၊ ကျွန်ုပ်လည်း ရန်သူအပေါင်းကို ထောင်းထောင်းညက်ညက် ကြေစေနိုင်သည့် ရှစ်ထောင့်ပါရှိသော ဤဦးထုပ်ကို ရရှိခဲ့ပါသည် ၊ ဤဦးထုပ်ကို ပြောင်းပြန်လှန်၍ ဆောင်းလိုက်လျှင် ဤဦးထုပ်၏ ထောင့်ရှစ်ထောင့်မှ အရပ်ရှစ်မျက်နှာသို့ မရေမတွက်နိုင်သော ဓား ၊ လှံ ၊မြားတို့ဖြင့် ပစ်ခတ်၍ ရန်သူမှန်သမျှ ပျက်ပြုန်းစေနိုင်ပါသည် ၊ ဗိုလ်မင်းကိုယ်တိုင် သိလိုလျှင် ဤဦးထုပ်ကို ပြောင်းပြန်ဆောင်းကြည့်လော့ ” ဟု ဒုတိယတပည့် ကလည်း ဤသို့ဆိုလျက် ရှစ်ထောင့်ပါသော ဦးထုပ်ကို ဗိုလ်ဖြစ်သူ၏ လက်သို့ အပ်နှံလေ၏ ။ ထိုအခါ ဗိုလ်ဖြစ်သူလည်း ရှစ်ထောင့်ပါသော ဦးထုပ်ကို ကြည့်ကာ အလွန်နှစ်ခြိုက်ခြင်းဖြစ်လျက် “ ကောင်းပြီ ” ဟုဆို၍ သူ့ဘေးတွင် အသာချထားလိုက်ပြီးလျှင် နောက်ဆုံးဖြစ်သော တပည့်အား “ ဟယ် ... သွေးသောက် ၊ သင်ကော ဘယ်အရာကို ရရှိခဲ့သနည်း ” ဟု ဆက်လက် မေးစမ်းခြင်းပြုပြန်လေ၏ ။

“ ဗိုလ်မင်း ၊ ကျွန်ုပ်လည်း ဤဖိနပ်ကို ရရှိခဲ့ပါသည် ၊ ဤဖိနပ်ကား ခေသောဖိနပ် မဟုတ် ၊ ဤဖိနပ်ကို စီး၍ ခရီးသွားလျှင် တစ်လှမ်းလှမ်းတိုင်း ဆယ်ယူဇနာခရီးကို တမုဟုတ်ချင်း ရောက်နိုင်ပါသည် ။ သို့ဖြစ်၍ ဗိုလ်မင်း ကိုယ်တိုင် ဤဖိနပ်ကို စမ်းသပ်စီးနင်း၍ ခရီးသွားကြည့်ပါ ” ဟု နောက်ဆုံးတပည့်ကလည်း ဤသို့ဆိုလျက် ဗိုလ်ဖြစ်သူ၏ လက်သို့ ထူးဆန်းသောဖိနပ်ကို အပ်နှံလေ၏ ။ ထိုအခါ ဗိုလ်မင်းလည်း ဖိနပ်ကို ကြည့်ကာ အလွန်နှစ်ခြိုက်ခြင်းဖြစ်လျက် “ ကောင်းပြီ ” ဟုဆို၍ ဖိနပ်ကို သူ့ဘေးတွင် အသာ ချထားလိုက်လေ၏ ။

“ သွေးသောက်တို့ ၊ သင်တို့ သုံးဦးစလုံးမှာ အဖိုးမဖြတ်နိုင်သော ဤပစ္စည်းများကို ခိုးယူတိုက်ခိုက်ယူဆောင်ခြင်း ပြုနိုင်ခဲ့ကြသည့် အတွက် ကျွန်ုပ် အားတက် မဆုံးနိုင်အောင် ရှိတော့သည် ။ သွေးသောက်တို့ ကိုလည်း ကျွန်ုပ် ချီးကျူးပါ၏ ။ သို့ရာတွင် ယနေ့ညကား အချိန် မဲ့လေပြီ ၊ ကျွန်ုပ်ရော ၊ သွေးသောက်တို့ပါ အလွန် ပင်ပန်းနွမ်းနယ်ကြလေပြီ ၊ သို့ဖြစ်၍ ဤနေရာမှာပင် ကျွန်ုပ်တို့ တရေးတမော အိပ်စက်၍ အပန်းဖြေကြအံ့ ” ဟု ဗိုလ်ဖြစ်သူက ဤသို့ ပြောဆိုပြီးနောက် လေးဦးစလုံးပင်လျှင် တစ်ခဏအတွင်း အိပ်မောကျခြင်းအဖြစ်သို့ ရောက်ရှိသွားကြ လေ၏ ။

ထိုအခါ တစ်ဖက်သော သစ်ပင်ကြီး၏ အကွယ်ကို ယူလျက် ဓားပြတို့၏ ပစ္စည်းများ အကြောင်းကို နားထောင်ပြီးသော မောင်လုံ့လကား ဓားပြတို့ အိပ်မောကျခြင်း အဖြစ်ကို သိရှိလျှင် သိရှိချင်းပင် ဓားပြတို့၏ အနီးသို့ တိတ်တဆိတ် သွားရောက်လျက် ဦးစွာပထမ ဖိနပ်ကို အလျင်အမြန် စီး၍ ဣစ္ဆာသယအင်္ကျီနှင့် ရှစ်ထောင့်ဦးထုပ်ကို ယူငင်ထွက်ပြေးခြင်း ပြုလေ၏ ။ ဓားပြတို့လည်း အိပ်ရာမှ ချက်ချင်း နိုးကြကာ မောင်လုံ့လ နောက်သို့ အပြေးအလွှားလိုက်ကြလေ၏ ။ သို့ရာတွင် မောင်လုံ့လမှာ ဖိနပ်၏ အစွမ်းကြောင့် တစ်လှမ်းလျှင်ဆယ်ယူဇနာခရီးပေါက် ရကား ဓားပြတို့၏ မျက်စိအောက်မှာပင် မောင်လုံ့လ လည်း ကွယ်ပျောက်သွားလေ၏ ။ နောက်တစ်နေ့ နံနက်မိုးသောက်လျှင် မောင်လုံ့လလည်း ဗာရာဏသီပြည်တွင်းသို့ ရောက်ရှိသွားလျက် ဗာရာဏသီပြည့်ရှင်မင်းထံ ဝင်ရောက်၍ အမှုထမ်းလိုပါသည်ဟု လျှောက်ထားခြင်းပြုလေ၏ ။

ထိုအချိန်တွင် ဗာရာဏသီပြည်အား တစ်ပါးသော တိုင်းပြည် တစ်ပြည်မှ ရန်သူ့တပ်များ ဝိုင်းရံလျက်ရှိရကား ဗာရာဏသီပြည့်ရှင်မင်းသည် မောင်လုံ့လအား ဝိုင်းရံလျက်ရှိသော ရန်သူ့တပ်များကို တွန်းလှန်ချေမှုန်းရန် ခိုင်းစေခြင်းပြုလေ၏ ။

မောင်လုံ့လလည်း “ ကောင်းပါပြီ အရှင်မင်းကြီး ” ဟု ဝန်ခံလျက် ရှစ်ထောင့်ပါသော ဦးထုပ်ကို ကိုင်ဆောင်ကာ ရန်သူ့တပ်များ ရှိရာဆီသို့ ထွက်ခွာခဲ့လေ၏ ။ ရန်သူတပ်များဆီသို့ ရောက်လျှင်ရောက်ချင်း မောင်လုံ့လသည် ရှစ်ထောင့်ဦးထုပ်ကို ပြောင်းပြန်လှန်၍ ဆောင်းလိုက်လေ၏ ။ ရှစ်ထောင့်ဦးထုပ်မှ မရေတွက်နိုင်သော ဓား ၊ လှံ ၊ မြားတို့သည် ထွက်၍ ရန်သူတပ်သား အားလုံးကိုထိမှန်လေရကားရန်သူများ အတုံးအရုန်း သေကြေပျက်စီးခြင်းသို့ရောက်လျက် ဗာရာဏသီပြည်ကြီးလည်း ရန်သူ့လက်မှ လွတ်မြောက်ခဲ့လေ၏ ။

ထိုအဖြစ်ကို သိလျှင် ဗာရာဏသီပြည့်ရှင်မင်းလည်း မောင်လုံ့လ၏ အစွမ်းကို အလွန် နှစ်ခြိုက်ခြင်း ဖြစ်လျက် မောင်လုံ့လအား သမီးတော်နှင့် လက်ထပ်ထိမ်းမြားခြင်းပြု၍ အိမ်ရှေ့ ဥပရာဇာ အရာကို အပ်နှင်းလေ၏ ။

ထို့နောက် ဗာရာဏသီပြည့်ရှင်မင်း အိုမင်းမစွမ်းဖြစ်၍ နတ်ရွာစံလေလျှင် မောင်လုံ့လမှာ ဗာရာဏသီပြည်ကို အုပ်ချုပ်မင်းလုပ်ရလေ၏ ။

မောင်လုံ့လကား ဇွဲကောင်းသူ ဖြစ်သောကြောင့်သာ မရောက်နိုင်သော ဗာရာဏသီ ပြည်သို့ ရောက်၍ အိပ်မက်မျှ မက်၍ မရသော မင်းအဖြစ်ကို ရခြင်းဖြစ်လေသည် ။ ဇွဲကောင်းကြပါ ၊ ညီမောင်တို့ ။

〇 ကိုကြီးမြင့်သိန်း
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၈ ၊ ဇန်နဝါရီ

No comments:

Post a Comment