❝ ကျောက်ခဲ စားကြသူများ ❞
( မိုးမြေ )
အခန်း ၁ ။
“ ခွပ် ”
ကျောက်ခဲလေးများသည်ခပ်ရွယ်ရွယ်အတုံးလေးများအဖြစ်သို့ ကွဲသွားကြသည် ။ နဖူးမှ ချွေးတို့ကို တစ်ချက် သပ်လိုက်ကာ ခါးကြောဆန့်ရင်း ဘေးဘီသို့ လှမ်းကြည့်လိုက်သည် ။ သား မြမောင်နှင့် သမက်ဖြစ်သူ ဖိုးလုံးတို့ ကျောက်တုံးကြီးများကို ဆယ်ပေါင်တူ တစ်ယောက်တစ်လက်ဖြင့် စည်းချက်ညီညီ ထုခွဲနေကြသည် ။ ဆောင်းဥတု၏ မနက်ခင်းမှာပင် ချွေးတို့ သီးခိုလျက် အားကြိုးမာန်တက် ထုခွဲနေကြသည် ။ ဒီလိုအချိန်မှာ များများ ခွဲထားနိုင်ပါမှ နေမြင့် လာလျှင် သက်သာရာ ရပေမည် ။ ထိုမှ ထွက်လာသော ကျောက်တုံးများကို ငါးပေါင်တူ ၊ သုံးပေါင်တူများ သုံးလျက် ကျောက်တုံးအရွယ်သေးများရအောင် ပြန်ခွဲယူရသည် ။
“ မယ်ကျော့တို့ သားအမိ ဒီကနေ့ နောက်ကျ နေကြပါလား ”
ကွင်းဘက်သို့ မျှော်ကြည့်ရင်း ဦးဖိုးမြ လှမ်းပြောသည် ။
“ ဟုတ်တယ် အဖေ ၊ ဒီနေ့ ဆွမ်းလှည့် ကျတယ်လေ ၊ ဆွမ်းပို့ရင်းနဲ့မှ တန်းလာကြမှာ ဆိုတော့ နည်းနည်း နောက်ကျမယ် ပြောတယ် ။ အဖေ ဗိုက်ဆာလို့လား ”
ကိုမြမောင်က တူရိုးပေါ်ကို လက်ထောက်ရင်း လှမ်းပြောသည် ။
“ အေး ဟုတ်သားပဲ ။ ဗိုက်မဆာပါဘူး ၊ မနက်က ထမင်းကြမ်း စားခဲ့ပြီပဲ ။ ခံတွင်းခပ်ချဉ်ချဉ် ဖြစ်လို့ ရေနွေးကြမ်းလေး သောက်ချင်လို့ပါကွာ ။ နေတောင် ထန်းဖျား တက်တော့မယ် ။ မင်းတို့ ခဏတစ်ဖြုတ် နားကြဦးလေကွာ ”
“ မနားတော့ဘူး အဖေရေ နေမမြင့်ခင်လေး ရသလောက်ခွဲလိုက်ဦးမယ် ” ဟု ဆိုကာ ကျောက်တုံးများကို စည်းချက်ညီညီ ထုခွဲနေကြပြန်လေသည် ။
ဦးဖိုးမြ ခေါင်းတဆတ်ဆတ် ညိတ်ရင်း သားများကို လှမ်းကြည့်လိုက်ရင်း အတွေးနယ်ချဲ့နေမိသည် ။
“ သူ ငယ်ငယ်တုန်း ကလည်း ဒီလိုပဲ ဆယ်ပေါင်တူများ သံရိုက်တူလောက် အောက်မေ့တာ ။ ဒီကျောက်မိုင်း မစခင် တုန်းကတော့ လယ်ထဲလိုက် ငါးရှာ ဖားရှာ နဲ့ ရွှံ့ထဲ နပန်းလုံးရင်းကပဲ နေခဲ့စားခဲ့ရသည်သာ ။ ဒီ ကျောက်တောင်ကြီးက ရှိခဲ့တာကြာပေါ့ ။ ဒီတုန်းကတော့ ထမင်းကျွေးမယ့် ကျောက်တောင်ကြီးမှန်း ဘယ်တွေးမိလိမ့်မတုံး ။ ဟော အခုတော့ တစ်ရွာလုံးကို ထမင်းကျွေး နေပြီ ။ ဒီ ကျောက် တောင်ကြီးကို ကျောက်မိုင်း မလုပ်ခင်မှာ ဘူမိဗေဒအရာရှိအဖွဲ့ဆိုလား ဘာဆိုလား တစ်ဖွဲ့ ရောက်လာတယ် ။ သူတို့က ကျောက်တောင်ကြီးကို လေ့လာကြဖို့ လာတာတဲ့ ။ ထမ်းဖို့ပိုးဖို့ လူလိုတယ် ဆိုလို့ ရွာလူကြီးက ကိုဖိုးမြ ကို ခေါ်သွား ၊ နေ့ တွက်ကလေးသာ ကြည့်ပေးလိုက် ဆိုတာနဲ့ ကျုပ်က လိုက်သွားရတာပေါ့ ။
ဒီတုန်းက မှတ်မှတ်ရရ ကျော့မေက မြမောင်ကို ကိုယ်ဝန်ကြီးနဲ့ပေါ့ ။ ကျုပ်မလဲ ကျော့မေ မီးဖွားဖို့ စရိတ်ကလေး လိုနေတော့ အတော် ဟန်ကျတာ ။ ဘူမိဗေဒအရာရှိအဖွဲ့ ဆိုတဲ့ အဖွဲ့တွေက ကျုပ်ကို တူကလေး သေးသေးလေးတစ်လက် ပေးတယ် ။ သံရိုက်တူနဲ့တော့ မတူဘူး ။ တစ်ဖက်က ထုစရာ ပါပေမဲ့ တစ်ဖက်က အချွန်ကြီးနဲ့ ၊ လက်ကိုင်က သားရေနဲ့လုပ်ထားတာ ။ ပြီးတော့ သူတို့ လိုချင်တဲ့ နေရာရောက်ရင် ကျောက်တောင်ကြီး ကနေ လက်သီးဆုပ်လောက် အရွယ် ကျောက်ကလေးတွေ ထုခိုင်းတယ် ။ ပြီးတော့မှ သူတို့ မှန်ဘီလူးလေးတွေနဲ့ ကြည့်တယ် ။ တိုင်းတယ်ထွာတယ် လုပ်ကြတာပါ့ ။ ကျုပ်ကတော့ ဘာသိလိမ့်မတုံး ။ သူတို့က ဒီနားလေးက ကျောက်ကို ယူမယ်ဆို ကျုပ်က ထု ယူပေးရတယ် ။ ကျောက်တုံးပေါ်မှာ ရေးမှတ်ပြီးရင် ကျုပ်ကို ပြန်ပေးတယ် ။ ကျုပ်က သူတို့ပေးထားတဲ့ စစ်ကျောပိုးအိတ်တစ်လုံးထဲ ထည့်ပြီး သယ်ပေးရတယ် ။
သူတို့ တိုင်းထွာ ကြည့်ရှု နေရင် တစ်နေရာဆို အကြာကြီး ၊ ပျင်းဖို့တောင် ကောင်းသေး ။ ပြီးတော့ ပြောသေးတယ် ။ ဒီကျောက်တုံးတွေ ထဲမှာ အကောင်ကလေးတွေရဲ့ ရုပ်ကြွင်းတွေ ရှိတယ်တဲ့ ။ အဲဒီ အကောင်လေးတွေကို ကြည့်လိုက်ရင် ဒီကျောက်ရဲ့ အသက်ကို သိသတဲ့ ။ ပေါက်ပေါက်ရှာရှာတွေ ။ ကျုပ်ဖြင့် ဘာကောင်မှ မမြင်ပေါင် ။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့ ၊ သူတို့က အရာရှိတွေကိုး ။ ကျုပ်က မေးတယ် ။ “ ဒါဖြင့် ဒီကျောက်တွေ အသက်ဘယ်လောက် ရှိပြီတုံး ” ဆိုတော့ နှစ်သန်းပေါင်း လေးဆယ်ကျော်ပြီတဲ့ ။
“ နှစ်သန်းပေါင်း လေးဆယ်ဆိုတာ ကျုပ်ဖြင့် ဘယ်လောက် ရှိတယ်တောင် မတွက်တတ်ဘူး ။ နှစ်သန်းပေါင်း လေးဆယ်ကျောက် အကောင်လေးတွေကို သူက မြင်ဖူးတာကျလို့ ပြောနေလိုက်တာ ။ ကျုပ်ကတော့ ခေါင်းညိတ် လိုက်ရတာပေါ့ ။ အခုအချိန်က ကျုပ်က အလုပ်သမား ၊ သူက အလုပ်ရှင်ကိုး ။ သူ ပြောတဲ့အတိုင်းပေါ့ ။ ညနေဘက်ကျတော့ ကျောက်တုံးတွေ အများကြီးကို သယ်ပြီး ရွာ ပြန်ရတယ် ။ ဒီလောက် ကျောက်တွေ အများကြီးကို မြို့သယ်မယ့်ပုံ ပေါက်ရင် ဒီကျောက်တွေက ရွှေများ ထွက်လေသလားလို့ ကျုပ် စဉ်းစားသေးတယ် ။ ဒါနဲ့ ရွာလူကြီးကို တိုးတိုးတိတ်တိတ် ပြောရသေး ။ ရွာလူကြီးက “ မဟုတ်တာကွာ ၊ သူတို့ ဓာတ်ခွဲစမ်းသပ်ဖို့ပါဟ ။ ငါ မေးပြီးပါပြီ ။ သူတို့က ဒီကျောက်တောင် ကနေ လမ်းခင်းကျောက် ထုတ်မလို့ ။ အဲဒါ ကျောက်က သက်တမ်းနုလား ၊ ရင့်လား ။ ထုတ်ဖို့ သင့်မသင့်ကို လာလေ့လာကြတာ ။ ဒီမှာ ကျောက်မိုင်း ဖြစ်သွားရင် မင်းတို့ အတွက် အလုပ်တောင် ရသေးတယ် ”
သုံးလေးရက်လောက် သူတို့ ကိစ္စပြီးတော့ ကျုပ်ကို ပိုက်ဆံ ရှင်းပေးတော့ ဘာမျှ မပင်ပန်းဘဲနဲ့ လုပ်ခလေးများ ရလိုက်တာ ကျော့မေ မီးဖွားဖို့ စရိတ်ကလေး ရပြီဆိုပြီး ကျုပ်ဖြင့် ဝမ်းသာလိုက်ရသေးတာ ။ သူတို့က နေ့တွက်လို့ တွက်ပေးတာ မဟုတ်ဘဲ ကျုပ်ကို ဘောက်ဆူး ဆိုပြီး ပေးသွားကြတာ ။ ဗိုက်ထဲက ကလေးကုသိုလ်ပဲ လို့ တွေးမိပါရဲ့ ။ သူတို့ ပြန်သွားကြတော့ ဒီပိုက်ဆံလေးကလေး သိမ်းပြီး လင်မယား မီးဖွားဖို့ ကျစ်ကျစ်လျစ်လျစ် နှစ်ယောက် စားဖို့တော့ ကျုပ်က ကြုံရာ လုပ်ရတာပေါ့ ။
ကျော့မေ မီးဖွားတော့လည်း အားလုံး အဆင်ချောတဲ့ အပြင် သားယောက်ျားလေး မွေးတယ် ဆိုတော့ အလှူဒကာ ဖြစ်ရပြီကောရယ်လို့ ကျုပ်ဖြင့် ပျော်လိုက်ရသည့် ဖြစ်ခြင်း ။ ကြာကြာတော့လည်း မပျော်နိုင်ပြန်ဘူး ။ ကျော့မေက နို့က ကောင်းကောင်း မလိုက်တော့ ကလေးက နို့မဝဘူး ။ ရွာထဲက ဆိတ်နို့လေး ၊ နွားနို့လေး လိုက်ရှာတိုက်ရတာပေါ့ ။ အမြဲတမ်းလည်း ဘယ်ရနိုင် မတုံး ။ ဒီတော့ ကလေးအတွက် နို့မှုန့်ကို ရွာလယ် ကုန်စုံဆိုင်က ဦးမြိုင် နဲ့ မြို့ကို မှာရတယ် ။ ကျော့မေကလည်း မီးဖွားပြီးကတည်းက ကောင်းကောင်း မမာချင်ဘူး ။ တရှောင်ရှောင်နဲ့ ။ ကျော့မေကို ဆေးကုရ ၊ မြမောင်လေး အတွက် နို့မှုန့်ဝယ်ရနဲ့ ဆိုတော့ ကြိုးစားရှာရတာပေါ့ ။
ကျုပ်ကလည်း ရှိသမျှ အလုပ် ကြုံရာကျပန်း လုပ်ပါရဲ့ ။ ခွန်အားလည်း ရှိပါရဲ့ ။ ပင်ပင်ပန်းပန်းလည်း လုပ်နိုင်ပါလျက်နဲ့ လုပ်စရာ အလုပ်က မရှိလေတော့ ငွေတိုငွေစလေးတွေ ဟိုကဆွဲ ၊ ဒီကဆွဲနဲ့ အကြွေး လည်ပင်းမြုပ်ပြီး ဒုက္ခပင်လယ်ဝေနေတဲ့ချိန် မောင်မင်းကြီးသားများ ရောက်လာပေတာပဲ ။ ရွာကလည်း အချင်းချင်း ကူချင် ကယ်ချင်ကြပေမဲ့ ကိုယ့်ဘာ သာတောင် ဟိုဘက်နည်း နည်းတိုးပါဦး ဆိုတော့ ဘယ် ကူနိုင်ကြလိမ့်မတုံး ။ ကျုပ် ဖြင့် မောင်မင်းကြီးသားများ ကို ဦးထိပ်တင် မေတ္တာပို့မိပါတယ် ။ နေ့စဉ်နဲ့အမျှ မောင် မင်းကြီးသားများ ကျန်းမာပါ စေကြောင်းပေါ့ ။
••••• ••••• •••••
အခန်း ၂ ။
“ အဖေ ဘာတွေများ ငေးနေ တွေးနေတာတုံး အဖေရဲ့ ”
သမီး မယ်မြ အသံကြား မှ အတွေးထဲမှ ပြန်ထွက်လာမိသည် ။
“ ဘာရယ် မဟုတ်ပါဘူးကွယ် ၊ ဒီကျောက်တောင်ကြီးကို ကျေးဇူးတင်လို့ ကြည့်နေမိတာပါ ”
“ အဖေကတော့ နေ့ရှိသရွေ့ ဒီကျောက်တောင်ကြီး ပဲ ကျေးဇူးတင်နေတာပဲနော် ”
သမီးဖြစ်သူက ပြုံး၍ ပြောသည် ။
“ တင်ရတာပေါ့ သမီးရဲ့ ၊ ညည်းတို့ငါတို့ကို ထမင်း ကျွေးနေတာ ဒီကျောက်တောင်ကြီးလေကွယ် ”
သမီး ကမ်းပေးသော ရေနွေးခွက်ကို ယူရင်း ဦးဖိုးမြ ပြောလိုက်သည် ။
“ ကိုဖိုးမြ တော့်ကို ဆရာတော်ကြီးက ညနေဘက် ကျောင်းဘက် ခဏ လှည့်ခဲ့ပါဦးတဲ့ ။ ကိုသန်းအောင်တို့ ၊ လှမောင်တို့ပါ ခေါ်ခဲ့ချေတဲ့ ဆရာတော်က မိန့်လိုက်တယ် ”
“ အေး ဟုတ်တယ် မနေ့ကတည်းက သွားမလို့ ကို ၊ ရွာတောင်ပိုင်းက ဖိုးသာဝကြီး တော်တော်မမာ ဖြစ်နေတယ်ဆိုတာနဲ့ သတင်းသွားမေး နေကြတာ ကျောင်းဘက် မရောက်ဖြစ်လိုက်ဘူး ။ တမြန်ဥပုသ်နေ့ ကတည်းက ဆရာတော်က ပြောထားတာ ကျောင်းဓမ္မာရုံက ပြင်မှရ တော့မယ် ။ အဲဒီကိစ္စ ပြောမလို့ ဖြစ်မယ် ။ ညနေစောစော ပြန်ပြီး ဆရာတော်ကျောင်း သွားချေဦးမှ ။ သန်းအောင် နဲ့ မနက်ကတောင် ဒီကိစ္စ ပြောဖြစ်သေးတယ် ”
သမီး မယ်မြနှင့် ကျော့မေတို့လည်း တူ တစ်ယောက် တစ် လက် ဖြင့် ကျောက်တုံးလေးများကို အရွယ်သေးများ ဖြစ်အောင် ထုခွဲ နေကြသည် ။ ဦးဖိုးမြ က -
“ မယ်ကျော့ရယ် လုပ်မနေပါနဲ့တော့ ၊ အိမ်မှာ အေးလှ တစ်ယောက်တည်း ပြန်လိုက်ဦး ။ မပေါ့မပါးကြီးနဲ့ တစ် ယောက်တည်း ကြောက်နေဦးမယ် ”
“ သိပါတယ်တော် ၊ ကျုပ်က တော်တို့ အနည်းအပါး သက်သာအောင်လို့ ခဏတစ်ဖြုတ်ရယ်ပါ ။ တော်ကြာ သွားမှာပါ ”
ဦးဖိုးမြလည်း ရေနွေးခွက်ကလေး ချကာ ဒေါ်ကျော့မေ လက်မှ တူကို လှမ်းယူလိုက်သည် ။ သမီး မယ်မြနှင့် ဖိုးလုံးက အရင်က ကျောက်ကား လိုက်ကြသည် ။
ကျောက်တောင်ဘက်က ထု ခွဲပြီးသား ကျောက်များကို ကားပေါ်တင် ၊ သင်္ဘောဆိပ်ဘက် ရောက်လျှင် သင်္ဘောပေါ် သယ်ကြရသည် ။ နေ့တွက်ဖြင့် ရှင်းပေးသည် ။ အဲဒီမှာတင် တွေ့ကြ ၊ ကြိုက်ကြနှင့် ညားကြသည် ။ ဖိုးလုံး ကလည်း တစ်ကောင်ကြွက် ဆိုတော့ အိမ်ပေါ်ပင် ရောက်လာရသည် ။ မည်သူ့ကိုမျှ စားအိုး ခွဲမပေးဘဲ တစ်အိုး တည်းထားသည် ။ မယ်မြ က ကျောက်ကား ဆက်လိုက်ရင်း ဖိုးလုံးကို ကျောက်ခွဲ ဘက် ခေါ်ထားလိုက်သည် ။ ကျောက်ခွဲတာက ကျင်းနှင့် တွက်ပေးသည် ။ ကျောက် အရွယ်အစားပေါ် မူတည်၍ တစ်ကျင်းလျှင် ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ထားသည် ။
မယ်မြက ယနေ့ ဆွမ်းလှည့်ကျ သဖြင့် ကျောက်ကားလိုက် တစ်ရက် နားထားသည် ။ ကျောက်စခန်းမှ ကျောက်များကို မိုင်းဖြင့်ခွဲပေးသည် ။ ထို မိုင်းခွဲပြီး ကျောက်တုံးများကို ပြန်လည် ထုခွဲရခြင်းဖြစ်သည် ။ အချို့ကျောက်တုံးများ တိုး လိုးတန်းလန်း ဖြစ်နေလျှင် လူ ပေါ်မကျစေရန် အပေါ်တက်၍ သံတူးရွင်းများဖြင့် ထိုးချ ရသည် ။ ကျောက်တုံးအရွယ် အစား ကြီးမား နေသေးလျှင် မိုင်းဖြင့် အသေးစား ထပ်ခွဲရသည် ။ ကျောက်များများ ထု နိုင်လျှင် ထုနိုင်သလောက် ရသည် ။ အရွယ်အကြီးနှင့် အသေး နှစ်မျိုး ထုပေးရ သည် ။ ငွေကို ဆယ်ရက်လျှင် တစ်ကြိမ် ရှင်းပေးသည် ။ မြမောင်မိန်းမ အေးလှက ကိုယ်လေးလက်ဝန်နှင့် ဆိုတော့ အိမ်တွင် နားနေရသည် ။ ဦးဖိုးမြလည်း ကျောက်တုံး လေးများကို ခွဲနေရင်း အတွေး တို့ ဆက်ဝင်လာမိသည် ။
အခု ကျောက်ကားတွေ သွားနေတဲ့လမ်းဆို ကျုပ်တို့ ဖောက်ခဲ့ရတာပေါ့ ။ ပြန်တွေးကြည့်ရင် မနေ့တစ် နေ့ကလိုပဲ လမ်းတွေဖောက် ၊ သင်္ဘောဆိပ်တွေဆောက်နဲ့ ရွာသားတွေမှာ အလုပ်ရလို့ ပျော်လိုက်ကြရတာ တစ်ရွာ လုံး ထီပေါက်သလို ခံစားကြ ရတာပါ ။ သင်္ဘောဆိပ်ဆို တော့ ထွေထွေထူးထူး မဟုတ်ပါဘူး ။ ကမ်းပေါ်ကနေ သင်္ဘောက ရေစူးနစ်နစ် ရပ်နိုင်အောင် ရွာဆိပ်က တံတားကို ရှည်ရှည်လေး ပြန်ထိုးပေးရတာပါ ။
ကျောက်တောင်ကြီးနဲ့ အနည်းငယ် ခပ်လှမ်းလှမ်းမှာ သူတို့အဖွဲ့တွေ စခန်းချပြီး ဆိုင်းဘုတ်တစ်ခု တင်လိုက်ကြတယ် ။ ဆိုင်းဘုတ်မတင်ခင် ဆရာလေးက မေးသေး သား ။ ဒီကျောက်တောင်ကြီးကို နာမည် ဘာခေါ်လဲတဲ့ ။ “ ဘာနာမည်မှ မခေါ် ပေါင်ဗျာ ။ ကျုပ်တို့ကတော့ ကျောက်တောင်ပဲ ခေါ်ကြတာ ” လို့ ပြောလိုက်တော့ “ ကျောက်တောင် ကျောက်ထုတ်လုပ်ရေးစခန်း ” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ပေါ်လာတော့တာပါပဲ ။ အဲဒီက စ,လိုက်တာ အကြီးကောင် မြမောင် တစ်သက် ရှိပြီပေါ့ ။
••••• ••••• •••••
အခန်း ၃ ။
“ အဖေ နားတော့လေ ထမင်းစားရအောင် ”
“ အစောကြီး ရှိသေးတယ် မဟုတ်လား ၊ ဒီနေ့ အစောကြီး ဆာနေကြပလား ”
“ အဖေကလည်း ဒီနေ့ ထမင်းတောင်းက ဆွမ်းကျန် ဟင်းကျန်နေ့လေဗျာ ၊ မယ်မြ ထမင်းစားမယ်ဟာ ခူးတော့ ”
“ ဟားဟားဟား ... အေးပေါ့ အေးပေါ့ ၊ ဟင်းနံ့ များရတော့ ဝမ်းဟာလာတာ ပေါ့ ။ ခူးထားနှင့်လိုက် အဖေ သန်းအောင်တို့ဘက် ခဏ လျှောက်လိုက်ဦးမယ် ၊ ညနေ စောစောပြန်ပြီး ဆရာတော့်ကျောင်း သွားဖို့ သွားပြော လိုက်ဦးမယ် ”
ဦးဖိုးမြ ပြန်လာတော့ သားနှင့်သမီးတို့မှာ ထမင်းစား စောင့်နေကြလေသည် ။
“ စားနှင့်လိုက်ကြတာ မဟုတ်ဘူးကွာ ၊ သန်းအောင် လေပန်းနေတာနဲ့ နားထောင် နေရသေးတာ ”
“ ရပါတယ် အဖေရယ် ၊ ထမင်းစားချိန်က စောနေပါ သေးတယ် ၊ ဟင်းကောင်းနေလို့သာ ”
ဦးဖိုးမြလည်း ပြုံးပြုံးကြီးဖြင့် လက်ဆေးဇလုံထဲ လက်ဆေးလိုက်ကာ ထမင်းဝိုင်းထဲ ဝင်ထိုင်လိုက်တော့သည် ။
“ တုံ ... တုံ ... တုံ .. တုံ ”
ရွာဦးကျောင်းမှ ညနေ လေးနာရီ အုန်းမောင်း ခေါက်သံကြားတော့ ဦးဖိုးမြ လည်း သတိရသည် ။ ဖိုးလုံးတို့ဘက် လှမ်းကြည့်ကာ ...
“ ခဏနေရင် အဖေ ပြန်နှင့်မယ်ဟေ့ ။ သန်းအောင်တို့ ကို လေးနာရီခွဲလောက် ဆရာတော့်ဆီ သွားမယ်လို့ ပြောထားတာ ။ မင်းတို့လည်း နားနားနေနေလုပ် ၊ စောစော ပြန်ကြ သိပ်နောက်မကျစေနဲ့ ”
“ ဟုတ်ကဲ့အဖေ ”
ဦးဖိုးမြလည်း ခြေလက် သန့်စင်ရန် စခန်းနားက ရေ တွင်းဘက်သို့ ထွက်လာခဲ့ လိုက်သည် ။ ရေတွင်းတွင် သန်းအောင်နှင့် တွေ့၍ ရွာဦး ကျောင်းသို့ ထွက်လာခဲ့ကြ လေသည် ။ ကျောင်းရောက် တော့ ဆရာတော်အား ဝတ် ဖြည့်လိုက်ကြသည် ။ ရွာ လူကြီး ဦးပေါ် တို့လည်း ရောက်နှင့် နေကြသည် ။ ဆရာတော်က စတင်မိန့်သည် ။
“ ဒကာကြီးတို့ကို ခေါ် လိုက်ရတာက တခြားကိစ္စ တော့ မဟုတ်ပါဘူး ။ တမြန် ဥပုသ်နေ့က ဦးဇင်း မိန့်ထားတဲ့အတိုင်း ကျောင်းက ဓမ္မာရုံကြီး ကိစ္စပဲ ။ ညဘက်မှခေါ် လိုက်ရင် ဒကာကြီးတို့ နားဖို့ အချိန် ပဲ့နေမှာ စိုးလို့ကွဲ့ ”
“ တင်ပါ့ဘုရား ၊ တပည့်တော်တို့လည်း တိုင်ပင်ထားကြပါတယ် ။ ဓမ္မာရုံက ဘေးကာအခင်း အားလုံးကောင်းပါတယ် ။ အမိုးကတော့ ဒီတစ်မိုး မခံနိုင်တော့ဘူး ဘုရား ။ ထုပ် ၊ လျောက် ၊ ဒိုင်း ၊ မြား အကုန်လဲပြီး အသစ် ပြန်မိုးရပါမယ် ဘုရား ”
ရွာလူကြီး ဦးပေါ် မှ ဆရာတော့်အား လျှောက်လိုက်သည် ။
“ အိမ်း ဟုတ်ပေတယ် ။ အဲဒါ ဒကာကြီးတို့ မိုးမဝင်ခင် စီမံနိုင်အောင် ခေါ်ပြီး တိုင်ပင်တာပဲကွဲ့ ”
“ တင်ပါ့ တပည့်တော်တို့ ဒီလ ငွေထုတ်ရက်တွေ ကျရင် အလှူငွေ လိုက်ကောက်ထားပါ့မယ်ဘုရား ။ ငွေထုတ်ရက် သုံးလေးကြိမ် လောက် ဆိုရင် အလိုပြည့် လောက်ပါတယ် ဘုရား ”
ထို့နောက် ရပ်ရေးရွာရေးများ ဆက်လက် ဆွေးနွေးကြ ၊ အာလာပသလ္လာပများ ပြောကြရင်း ဆရာတော်ဘုရား ဝတ်တက်ရန် ပြင်တော့မှ ဦးဖိုးမြတို့ ကျောင်းမှ ပြန်လာခဲ့ကြသည် ။ ကျောက်စခန်းက သူတွေပင် ပြန်ရောက်ကြ၍ ထမင်းစား စောင့်နေကြလေပြီ ။ ဦးဖိုးမြလည်း ရေချိုး ၊ ထမင်းစား ၊ ဘုရားဝတ်ပြုပြီး နောက်တစ်နေ့ အတွက် ခွန်အားမွေး ကြရပြန်လေသည် ။
••••• ••••• •••••
အခန်း ၄ ။
“ မြမောင် ဟိုက လမ်း လျှောက်လာတာက မယ် ကျော့နဲ့ မင်းမိန်းမ အေးလှ မလား ။ ဒီနေ့ စောစောစီးစီး လိုက်လာကြပါလား ”
“ ဒီနေ့ ငွေထုတ်ရက်လေ အဖေရဲ့ ”
“ အေး ဟုတ်သားပဲ ၊ ငါ့ မိန်းမကတော့ ဒါမျိုးတစ်ခါမှ မေ့တယ် မရှိဘူး ”
ဦးဖိုးမြလည်း ပြုံးလျက် လှမ်းကြည့်နေမိသည် ။ ဓမ္မာရုံလေး ပြုပြင် ပြီးစီးသွားသဖြင့် စိတ်ထဲလည်း ချမ်းမြေ့ နေလေသည် ။ ဓမ္မာရုံ ပြီးပြီဆိုတော့ အိမ်မိုးဖို့ လုပ်ရဦးမယ် ဟုလည်း တွေးလိုက်မိသည် ။ မြမောင် သူ့မိန်းမ ထိုင်ရန် နေရာ လုပ်ပေးနေတုန်း ဦးဖိုးမြနှင့် ဒေါ်ကျော့မေတို့ ငွေထုတ်ရန် စခန်းဘက်သို့ ထွက်လာခဲ့သည် ။ တချို့ ရောက်၍ တန်းစီ နေကြလေပြီ ။ ဦးဖိုးမြ အလှည့် ရောက်တော့ ဆရာလေးမှ ဦးဖိုးမြတို့ အဖွဲ့၏ ဒီတစ်ပတ်ထွက် ကျောက်ကြီး ၊ ကျောက်သေး စာရင်းများကို ပြ၍ ငွေထုတ်ပေးကာ မှန်မမှန် စစ်ပြီး လက်မှတ် ထိုးစေသည် ။ ထို့နောက် ဆရာလေးမှ -
“ ဦးလေးဖိုးမြ မနက်ဖြန် နေ့လယ် ထမင်းစားပြီး ချိန်လောက် စခန်းရုံးဘက် ကြွခဲ့ပါဦးဗျာ ”
“ ဟုတ်ကဲ့ ဆရာလေး ”
ဆရာလေး ကြည့်ရသည်မှာ မျက်နှာသိပ် မကောင်းလှဟု ထင်မိသည် ။ ငွေထုပ်လေးကို မယ်ကျော့ လှမ်းပေးလိုက်သည် ။ မယ်ကျော့က ငွေကို ရေနေရင်း -
“ တော့်ကို ဆရာလေး ဘာတွေ မှာနေတာတုံး ”
“မမှာပါဘူး ၊ မနက်ဖြန် နေ့လယ်လောက် စခန်းဘက် ခဏလာခဲ့ဖို့ ပြောတာပါ ”
ယခင်လည်း အကြောင်းကိစ္စ ရှိလျှင် ခေါ်နေကျ ဆိုတော့ သိပ်ပြီး အလေးမထားမိကြ ။
နောက်နေ့ နေ့လယ်စာ စားပြီး ဦးဖိုးမြ စခန်းရုံးဘက် ထွက်ခဲ့သည် ။ စခန်းရုံး ရောက်ချိန်တွင် သန်းအောင်တို့ ၊ လှမောင်တို့ ၊ ဦးဘကောင်းတို့ စသည်ဖြင့် လူစုံတက်စုံ တဖွဲဖွဲ ရောက်လာကြသည် ။ ဆရာလေးမှာ မျက်နှာ သိပ်မကောင်းလှ ။ လူစုံသလောက် ဖြစ်တော့မှ ဆရာလေးမှ ထ၍ -
“ လူလည်း စုံပြီ ထင်ပါတယ် ၊ ကျွန်တော် ဒီနေ့ ဦးလေးတို့ကို ခေါ်လိုက်ရတာ ပြောစရာလေး ရှိလို့ပါ ။ ကျွန်တော်လည်း စိတ်ထဲ မကောင်းလှပါဘူး ”
ဆရာလေးက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည် ။ အားလုံး စိုးရိမ်စိတ် မျက်ဝန်းများနှင့် ဆရာလေးကို ကြည့်နေကြသည် ။
“ ကျွန်တော်တို့ ဒီတစ်ပတ် မြို့ကို အစည်းအဝေး သွားတော့ ရုံးက ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပါတယ် ။ လမ်းခင်းကျောက် လိုအပ်ချက်က အခုအချိန်မှာ မြင့်တက်လာတာ ကျွန်တော်တို့ ကျောက်တွေကို လူအားနဲ့ ထုတ်လုပ်နေရာကနေ စက်အားနဲ့ ပြောင်းထုတ်ဖို့ပါ ”
အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည် ။
“ လာမယ့် လပြည့်နေ့ လောက်မှာ စက်တွေ ရောက်ပါမယ် ။ ဒီလပြည့်နေ့ မတိုင်ခင် ငွေထုတ်ရက်မှာ ဦးလေးတို့ကို ငွေရှင်းပေးပြီးရင် နားကြဖို့ကို ကျွန်တော် စိတ်မကောင်းစွာနဲ့ ခေါ်ပြောရတာပါခင်ဗျာ ”
“ ဒါဖြင့် ဦးလေးတို့ အားလုံး အလုပ် မဆင်းကြရတော့ဘူးပေါ့နော် ”
ဦးဘကောင်းက ထ, မေးလိုက်သည် ။
“ ဟုတ်ပါတယ်ခင်ဗျာ ၊ ဒါပေမဲ့ လူရွယ်တွေ ကတော့ လျှောက်လွှာ ပြန်တင်နိုင်ပါတယ် ။ ကျွန်တော်တို့ ရွေး ချယ်ပြီး တချို့ကို ပြန်ခေါ် မှာပါ ။ တချို့နေရာတွေမှာ လူရွယ်တွေကို သုံးရဦးမှာပါ ”
ထို့နောက် ဦးဖိုးမြတို့ ညှိုးနွမ်းသောမျက်နှာများဖြင့် ပြန်လာခဲ့ကြသည် ။
လပြည့်နေ့ ရောက်သည့် နေ့က ဦးဖိုးမြမှာ တရားပင် ကောင်းကောင်း မနာနိုင် ။ ဆရာတော်တရားမှာ နားထဲ မဝင်တစ်ချက် ၊ ဝင်တစ်ချက် ။ သီလပေးတုန်း ကလည်း ကပေါက်တိကပေါက်ချာတွေ လိုက်ဆိုမိနေသည် ။ ဆရာတော် ပင်လျှင် ခါတိုင်း လို တရားရှည်ရှည် မဟောပေ ။ ထိုနေ့က ဗောတွဲလို ပုံစံ သင်္ဘောကြီးဖြင့် စက်များရောက်လာသည် ။ ဖိုးလုံး နှင့် မြမောင်တော့ သွားကြည့်ကြသည် ။ ဦးဖိုးမြက သီလယူထားသဖြင့် မကြည့်ဖြစ်လိုက် ၊ ကြည့်လည်း မကြည့်လို ။ စက်တွေနှင့် စမ်းကြည့်လို့ အဆင်မပြေလျှင် လူတွေ ပြန်သုံးမှာပါလေ ။ သူ့စက်တွေက ဘယ်လောက်များ စွမ်းမှာတုံး ။ ကျောက်ခဲကြီးတွေကို သေးသေးလေး ဖြစ်အောင် စက်နှင့် လုပ်လျှင် ဘယ်စက် ခံနိုင်မတုံး ။ လူတွေ ပြန်ခေါ်မှာပါဟု တွေးရင်း ပြန်ခေါ်မည့် အချိန်ကို တွေးရင်း စောင့်နေမိသည် ။ တစ်ပတ်ခန့် ကျောက်စခန်းမှ မိုင်းခွဲသံ မကြားရ ။ ဦးဖိုးမြလည်း လာခေါ်နိုးနိုးနှင့် တမျှော်မျှော် ။ ဖိုးလုံးတို့ သွား ကြည့်ကြသည် ။ တချို့စက်တွေ တပ်ဆင်စစ်ဆေးနေ သည်ဟု ပြန်ပြောပြကြသည် ။
ဦးဖိုးမြ မနက်စာ စားနေစဉ် ကျောက်စခန်းဘက်မှကျောက်မိုင်းခွဲသံ ကြားရလေသည် ။ ဦးဖိုးမြလည်း ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်ရင်း ကျောက်စခန်းဘက်မှ လာ ခေါ်မလားဟု မျှော်နေမိသည် ။ နှစ်ပေါင်း ဆယ်ချီ၍ လုပ်လာခဲ့သော အလုပ်တစ်ခု မလုပ်ရတော့သောအခါ စိတ်ထဲတွင် ယားကျိကျိ ဖြစ်လာသည် ။ ငွေထုတ်ရက်ပြီး ကတည်းက နားနေရသဖြင့် ငွေယားလေးတွေလည်း ကုန်လုလု ဖြစ်နေလေပြီ ။ ကျောက်မိုင်းက ဆက် မခေါ်တော့လျှင် ဦးဖိုးမြ ဆက်မတွေးရဲတော့ ။ အိမ်ရှိ လူကုန် ကျောက်စခန်းဘက်သို့ မျှော်ကြည့်ကာ တိတ်နေကြသည် ။ တစ်ရွာလုံးပင် တိတ်ဆိတ်နေ သယောင်ယောင် ။ ဦးဖိုးမြ လည်း ထိုင်မနေနိုင်တော့ပေ ။
“ မယ်ကျော့ရေ ရွာထဲ ဘက် ခဏ သွားလိုက်ဦး မယ်ဟေ့ ” ဟု လှမ်းအော်ကာ ထွက်လာခဲ့သည် ။ ရွာထဲဘက် ဆိုသော်လည်း အမှန် တကယ် ဘယ်ကို သွားမည်ကို သိကြပါလိမ့်မည် ။ ကျောက်စခန်းရောက်ခါနီးတွင် ဆူညံ နေသော အသံများ စတင် ကြားနေရသည် ။ ခပ်လှမ်းလှမ်း သစ်ပင်ရိပ်မှ လှမ်း ကြည့်လိုက်သည် ။ စက်ကြီးတစ်စီးမှ မိုင်းခွဲ၍ ထွက်လာသော ကျောက်တုံးများ တဒုံးဒုံး တဒိုင်းဒိုင်းဖြင့် ခွဲသည် ။ လယ်ထဲ ရေမြောင်းတွေ လာဖော်စဉ်က တွေ့ လိုက်သော မြေကော်စက် ကဲ့သို့သော စက်မျိုး ဖြစ်သည် ။ သို့သော် မြေကော်ခွက် မဟုတ်ဘဲ အဖျားတွင် အချွန်ကြီး တပ်ထားသည် ။ ကျောက်တုံးများသည် ဖွာခနဲ ဖွာခနဲ ကွဲကုန်လေသည် ။ သူတို့ တစ်နေကုန် ထိုင်ထု ရင်တောင် ရမှာမဟုတ်သည့် ကျောက်များကို တစ်နာရီလောက်နှင့် ရလေသည် ။ ထိုမှ ထွက်လာသော ကျောက်တုံးများကို အရွယ်အသေးများ လိုချင်လျှင် မြေကော်စက်ဖြင့် တခြား တစ်ဖက်ရှိ စက်အတွင်းမှ ဇလားထဲသို့ လောင်းထည့် လိုက်လျှင် တဒိုင်းဒိုင်းဖြင့် မြည်ပြီး ကျောက်အသေးများ တန်း၍ ထွက်လာလေသည် ။ ဦးဖိုးမြ သည် ထိုမြင်ကွင်းကို မှင်တက်၍ ကြည့်နေမိသည် ။ အိပ်မက်မက်နေသည်လား ၊ တကယ်လားပင် သူ မဝေခွဲတတ် ။ ထီပေါက်ပြီး ထီလက်မှတ် ပျောက်ရပြန်လေပြီ ။ သူ ပြန်လာမည်ကို မျှော်ကြည့်နေကြမည်ဖြစ်သော မျက်ဝန်းများကို ဘယ်လို ရင်ဆိုင်ရမည် ကိုပင် မသိတော့ ။ သူ့တွင် ခွန်အားတွေ အပြည့် ရှိပါသေးသည် ။ သူ မအိုသေး ။ အေးလှ မွေးလာမည့် သူ့မြေးလေးကို ရှင်ပြု ပေးချင်သေးသည် ။ စိတ်ထဲ အတွေးများဖြင့် သတိရလာချိန်တွင် ဘယ်အချိန်က လက်ထဲ ရောက်နေသည် မသိသော ကျောက်ခဲလေး တစ်လုံးသည် သူ ကိုင်၍ ပွတ်သပ်နေမိသဖြင့် ပြောင်လက်နေသည် ။ ဦးဖိုးမြသည် ရစ်ဝဲနေသော မျက်ရည်စများဖြင့် ထို ကျောက်ခဲလေးကို ပါးစပ်ထဲသို့ ငုံလိုက်လေသည် ။ ကျောက်ခဲလေးက အေးမြမြ နှင့် ... ။ ။
⎕ မိုးမြေ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၅ ၊ ဇူလိုင်
No comments:
Post a Comment