❝ ရုံပိုင်ဖြစ်ချင်သူ ❞
( ၁ )
နွေးထွေးချစ်ခင် အိမ်ထောင်ရှင်ဘဝ ၅ဝ ပြည့် ရွှေရတုမင်္ဂလာ အခမ်းအနား တဲ့ ။
ဖိတ်စာက စိတ်ဝင်စားစရာ ကောင်းတယ် ။ ဖိတ်ကြားသူတွေရဲ့ အာသီသက မောင်နှံစုံ ကြွရောက်ချီးမြှင့်ပေးဖို့ပါတဲ့ ။
သတင်းထောက်ကြီး ဦးကျော်လှနဲ့ ဒေါ်ဒေဝတီးဒေဝီ ခေါ် ဒေါ်မေနှင်းဆီတို့ရဲ့ ရွှေရတုမင်္ဂလာဖိတ်စာကို တောင်ငူမြို့မှာ ကျွန်တော် တွေ့ရတယ် ။ တောင်ငူမြို့ရောက်တုန်းရောက်ခိုက်မှာ ဦးကျော်လှ ( ယခု အသက် ၇၅ နှစ် ) နဲ့ ခဏ တွေ့ဆုံရတယ် ။ စကားစမြည် ပြောမိကြတဲ့အခါ သူ့ဘဝက စိတ်ဝင်စားဖို့ ကောင်းလှတယ် ။
ဒါကြောင့် တောင်ငူမြို့ကို နောက်တစ်ခေါက် ပြန်သွားပြီး ဦးကျော်လှနဲ့ ထပ်မံ တွေ့ဆုံပါတယ် ။
ဦးကျော်လှရဲ့ ရုပ်သွင်က အိန္ဒိယနွယ်ဖွားမှန်း သိသာတယ် ။ သူနဲ့ ကျွန်တော် စွယ်တော်ရိပ်ဟိုတယ် စားသောက်ခန်းမှာ ထိုင်ပြီး စကားပြောကြတယ် ။ သူ့ငယ်ဘဝ ထဲက မှတ်မိတာလေးတွေကို ပြောပြဖို့ ကျွန်တော်က မေးပါတယ် ။
“ ၁၉၃၇ ခုနှစ်မှာ ကျွန်တော် မွေးတယ် ၊ မွေးပြီး မကြာခင်မှာ ကမ္ဘာစစ်ကြီးဖြစ်တဲ့ကာလ ဖြစ်လာတယ် ။ ကျွန်တော့် အမေက စာတော့ မတတ်ဘူး ။ ဉာဏ်အမြော်အမြင် တော်တော် ရှိတယ် ။ ကျွန်တော် ယခုလို နေရထိုင်ရတာ အမေ့ ဆုံးမသွန်သင်မှုတွေ ကြောင့်ပဲ ”
ဦးကျော်လှရဲ့ မျက်နှာပေါ်မှာ သူ့မိခင်ကို ပြန်လည် သတိရတမ်းတတဲ့ အသွင် သိသိသာသာ ပေါ်နေတယ် ။
“ ကျွန်တော့်အမေက ဇေယျဝတီမှာ အိမ်ဆိုင်လေး ဖွင့်ထားတယ် ။ အဲဒီခေတ်က စာတတ်တဲ့သူ တအား နည်းတယ် ။ စာဆိုတာ ကျွန်တော်တို့ Language ( ဘာသာစကား ) ပေါ့ ။ ကျွန်တော်က တေလဂူ ၊ အိန္ဒိယတောင်ပိုင်း ကပေါ့ ။ အဖေက စာတတ်တယ် ။ ဇေယျဝတီဘူတာမှာ သူက Labour ( အလုပ်သမား ) တွေ စုဆောင်းပြီး အလုပ်သမားကို အုပ်ချုပ်တယ် ။ ကုန်တင်ကုန်ချ မှာ ခေါင်းဆောင်တစ်ယောက်ပေါ့ ”
“ ညီအစ်ကိုမောင်နှမ ဘယ်နှယောက်လဲ ”
“ ခြောက်ယောက် ၊ ကျွန်တော့် အထက်မှာ သားနှစ်ယောက် မွေးပြီး သေသွားတယ် ။ ကျွန်တော့်ကို မွေးတော့ မိဘတွေက တအား ဂရုစိုက်ကြတယ် ။ ဟိန္ဒူက သားကို တန်ဖိုးထားတယ် ။ ဘာကြောင့်လဲ ဆိုရင် မျိုးဆက်နာမည် အတွက် ၊ မိန်းကလေးက အဲဒါ ယူလို့မရဘူး ။ မိဘတွေက မျိုးဆက်နာမည် ပျောက်မသွားအောင်လို့ ကျွန်တော့်ကို ပိုးမွေးသလို မွေးခဲ့ကြတာ ။ အဲဒီခေတ်က အယူအဆတွေပေါ့ ”
“ စစ်အတွင်းကာလ ပညာရေး အခြေအနေလည်း ပြောပါဦး ”
“ မိဘတွေက ကျွန်တော့်ကို စာ တအားတတ်စေချင်တာ ။ ငါးနှစ် ခြောက်နှစ်သားမှာ ရန်ကုန် ပို့လိုက်တယ် ။ ရိုးကုမ္ပဏီနဲ့ မျက်စောင်းထိုးက မစ်ရှင်စကူးမှာ ထားတယ် ။ နေတော့ အမျိုးမကင်းတဲ့ အိမ်မှာ နေရတယ် ။ ကျွန်တော်ငယ်ငယ်က ခရမ်းသီး မစားဘူး ၊ ဆိတ်သား မစားဘူး ၊ ဒူးရင်းသီး မစားဘူး ။ ဒါမသိတော့ မစားရ ကောင်းလားဆိုပြီး တည်းတဲ့ အိမ်က ရိုက်မောင်းပုတ်မောင်း လုပ်တယ် ။ မိဘတွေက ကြားသွားတော့ ဇေယျဝတီ ပြန်ခေါ် သွားတယ် ”
“ ပညာရေး ခါးပြတ်တာပေါ့ ”
“ ခေတ်က မကောင်းတော့ ဇေယျဝတီမှာ ကျောင်းက မရှိဘူး ။ အဲဒီတုန်းက ဇေယျဝတီ က ရွာနော် ။ အနောက်ဘက်မှာ သုသာန်ကျောင်းရှိတယ် ။ ဆရာတော်ကြီး အမည်က ဦးဇောတိက ။ အဲဒီကျောင်းမှာ ထားတယ် ။ အဲဒီမှာ ဗုံးခိုကျင်းတွေ တူးထားရတယ် ။ လေယာဉ်ပျံသံ ကြားလို့ သံချောင်းခေါက်ရင် ကိုယ့်တွင်းထဲ ကိုယ် ဝင်ပုန်းရတယ် ။ စာကတော့ ဘုန်းကြီးကျောင်းစာ သင်ရတာ ”
ဟိန္ဒူအမျိုးသားတစ်ယောက် စစ်အတွင်းမှာ ပညာရေးအတွက် ခရစ်ယာန် မစ်ရှင်ကျောင်း တက်လိုက် ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တက်လိုက် ဖြစ်နေပုံကို ကျွန်တော်က တွေးနေမိပါတယ် ။
“ ကျွန်တော်က စာတော်တော့ သာရေးနာရေး ရှိရင် ဘုန်းကြီး နောက်က ကပ္ပိယ လိုက်ရတယ် ။ သိတဲ့ အတိုင်းပဲ ဗမာအလှူတို့ ၊ မသာတို့ ဆိုတာ ဝက်သားက မပါလို့မှ မပြီးတာ ။ ကျွန်တော်တို့က ဝက်သား မရှောင်ဘူး ။ အမဲသားရှောင်တယ် ။ ဝက်သားကို ကျွန်တော် စားတယ် ။ ဒါပေမဲ့ မျိုချလို့ မရဘူး ။ အန်အန် ထွက်တယ် ။ လက်ဖက်သုပ် ၊ ဂျင်းသုပ်နဲ့ပဲ ထမင်းစားရတယ် ”
“ မလွယ်ပါလား ” လို့ ကျွန်တော်က ပြောတော့ ဦးကျော်လှက ရယ်တယ် ။
“ ဇေယျဝတီကျောင်းမှာ ဘကကျောင်းတွေ ပေါ်လာတယ် ။ ဆရာကြီးက ဦးကြော်ငြာ ၊ အဲဒီကျောင်းက လေးတန်းအောင်တယ် ”
ကျွန်တော်က သူ ပြောတာကို အသံတိတ် နားထောင်နေတယ် ။
“ ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတယ် ။ ၁၉၄၉ ခု ၊ ကျွန်တော် အသက် ၁၁ နှစ်လောက်မှာ မိသားစု တစ်စုလုံး အိန္ဒိယ သွားကြတယ် ။ သင်္ဘောနဲ့ နှစ်ညအိပ် ခရီးသွားရတယ် ။ အိန္ဒိယ ရောက်လို့ ဘယ်လောက်မှ မကြာဘူး ။ ဇေယျဝတီ ကို သူပုန်ဝင်ပါလေရော ”
“ အိန္ဒိယကို အလည်သွားကြတာလား ”
“ မိဘတွေက သူတို့ ဘာသာရေး အယူအဆအရ ပူဇော်ဖို့သွားတာ ။ ဗိုင်ဂျတ် ဆိုတဲ့ မြို့ကလေးမှာ တိုက်ကလေး ငှားနေကြတာ ။ ဗီဇာက တစ်နှစ်ရတာ ။ ကျွန်တော့် အစ်မက အသက် ၁၃ နှစ် ၊ ၁၄ နှစ် အပျိုပေါက် ။ ကျွန်တော်က ၁၁ နှစ် ။ ကျွန်တော်တို့ နှစ်ယောက်ကို ထားခဲ့ပြီး အဖေနဲ့အမေက သူတို့ဘာသာ အယူအဆအရ ပူဇော်ရမယ့် နေရာကို သွားကြတယ် ”
“ အိန္ဒိယမှာ ဘာတွေ တွေ့ခဲ့သလဲ ”
“ အဲဒီက လူနေမှုစရိုက်ကို ကျွန်တော်က လေ့လာတာ ။ ကျွန်တော်က လူကို စိတ်ဝင်စားတယ် ။ အဲဒီခေတ်က အိန္ဒိယမှာ ချွေးမတွေကို တအားညှဉ်းဆဲတယ် ။ မြင်တွေ့ နေရတော့ အဲဒီက လူနေမှု စရိုက်ကြီးကို ကျွန်တော် မကြိုက်ဘူး ။ မြန်မာပြည် ပြန်ချင်ပြီ ။ နှစ်လသုံးလ နေတော့ မြန်မာပြည်နဲ့ အဆက်အသွယ် ပြတ်သွားတယ် ။ ဘာဖြစ်နေမှန်း မသိတော့ဘူး ။ ဘယ်မှ မလည်တော့ဘဲ ပြန်လာခဲ့ကြတယ် ”
“ ဒီပြန်ရောက်တော့ ”
“ ဒီပြန်ရောက်တော့ ဇေယျဝတီကို ပြန်လို့ မရတော့ဘူး ။ ကရင်ဝင်နေပြီ ။ ကျွန်တော်တို့ ဆိုင်တွေ မီးရှို့ပစ်လိုက်ပြီ ။ ရန်ကုန်မှာ သောင်တင်နေရော ”
“ ဘယ်လိုနေ ၊ ဘယ်လို စားကြသလဲ ”
“ အဖေရယ် ၊ အမေရယ် ၊ ညီအစ်ကိုမောင်နှမ ငါးယောက်ရယ် ၊ ရှိတဲ့ အလုပ် ဘယ်လောက် ခံမှာလဲ ။ ကျွန်တော့် ဦးလေး တစ်ယောက်က လွစ္စလမ်းက ဆင်စွယ်ကုမ္ပဏီမှာ အလုပ် လုပ်နေတာ ။ အဲဒီမှာ ကျွန်တော် Office boy အလုပ်ကလေး ရတယ် ။ လစာ တစ်လ ၅၀ ရတယ် ။ ကန်တော်လေး ၈၉ လမ်းမှာ အိမ်ငှား နေကြတယ် ။ အမေကလည်း လမ်းဘေးမှာ သူတတ်တဲ့ ပညာနဲ့ အကြော်လေး ဘာလေး ရောင်းတယ် ။ အကြော် ဆိုတာ ကု,လားတိုင်း တတ်တဲ့ ပညာပေါ့ ။ ကျွန်တော်က မြန်မာလေးတန်းအောင်တာ သိကြတော့ ဘုရင့်ရုံသူဌေးက သူ့သားကို မြန်မာစာ သင်ပေးဖို့ ခေါ်တယ် ။ ညနေစာ ထမင်းကျွေးပြီး လခ ၃၀ ပေးတယ် ။ ညနေရုံးဆင်းတာ နဲ့ သွားသင်ပေးရတာ ”
“ မိဘ အတွက်တော့ အထောက်အကူ ဖြစ်တာပေါ့ ”
“ နေ့လယ်မှာ ကျွန်တော် အလုပ်လုပ်တဲ့ ကုမ္ပဏီသူဌေးက နေ့လယ်စာ စားဖို့အတွက် တစ်မတ်ငါးမူး ပေးတယ် ။ ကျွန်တော်က တမီလ်ဆိုင်က တစ်ပဲဖိုး ၊ တစ်မူးဖိုး ဝယ်စားပြီး ပိုတဲ့ပိုက်ဆံကို စုတယ် ။ သူဌေးက ကားခလည်း ပေးတယ် ။ ကျွန်တော်က ခြေကျင်လျှောက်ပြီး ကားခကိုလည်း စုတယ် ။ လကုန်တဲ့အခါ ကျွန်တော် စုဆောင်းထားတဲ့ ငွေကို အမေ့ကို အပ်တော့ အမေက မျက်ရည် တောက်တောက်ကျတယ် ။ မိဘ မေတ္တာပေါ့ ”
ဦးကျော်လှက သူ့ ငယ်ဘဝနဲ့ သူ့မိခင်ကို သတိရလို့ ထင်ပါတယ် ။ ပြောရင်း မျက်ရည်တွေ ကျလာတယ် ။ အသံကလည်း ငိုသံပါလာတယ် ။ မျက်ရည်တွေကို လက်ခုံနဲ့ သုတ်ပစ်လိုက်ပြီး ပြောလက်စ စကားကို ဆက်ပြောပါတယ် ။
“ လမ်းပွင့်တော့ ကျွန်တော်တို့ ဇေယျဝတီကို ပြန်ကြတယ် ။ အိမ်လည်း မရှိတော့ဘူး ။ ဘာမှ မရှိတော့ဘူး ။ အားလုံး အစက ပြန်စကြရတယ် ”
သူ့ မျက်နှာပေါ်မှာ ဆွေးရိပ်သန်းနေတယ် ။ ကျွန်တော်က ဘာမှ ဝင်မပြောဘဲ သူ့ကိုပဲ ငေးကြည့် နေပါတယ် ။
“ ကျောင်းတွေ ပြန်ဖွင့်ပြီ ။ မိဘတွေက ကျွန်တော့်ကို ပညာ သိပ်တတ်စေချင်တာ ။ ဖြူးမြို့ အမျိုးသားအထက်တန်းကျောင်းမှာ ကျောင်းနေရတယ် ။ အဖေက ဇေယျဝတီဘူတာမှာ ကုန်တင်ကုန်ချ အလုပ်သမားခေါင်းအလုပ် ပြန်လုပ်တယ် ။ ကျွန်တော်တို့က ဇေယျဝတီ မှာ နေပြီး လေးမိုင်လောက် ဝေးတဲ့ ဖြူးကို နေ့စဉ် ကျောင်းသွားတက်တယ် ။ အဖေ နေမကောင်းဘူး ဆိုရင် ကျွန်တော် ကျောင်းပျက်ပြီ ။ အဖေ့ အလုပ်တွေ ဝင်လုပ်ရတယ် ။ လုပ်ရင်းနဲ့ မီးရထားရုံပိုင်တွေကို သဘောကျတယ် ။ အဲဒီခေတ်က ရုံပိုင်တွေက very smart ”
မီးရထားဌာနမှာ အဲဒီအချိန်က အိန္ဒိယနွယ်ဖွားတွေ အများကြီး အလုပ်ဝင် လုပ်ခဲ့ကြတာ ။ ဦးကျော်လှ လည်း မီးရထားဝန်ထမ်း ဝင်လုပ်ခဲ့ပုံရတယ် ။
“ ကျွန်တော်က ရုံပိုင် လုပ်ချင်လာတယ် ။ ရုံပိုင် ဖြစ်အောင် ဘာလုပ်ရမှာလဲ မေးတော့ ခုနစ်တန်း အောင်ရမယ်တဲ့ ။ မိဘတွေကို ပြန်မပြောပေမယ့် ရုံပိုင်ဖြစ်အောင် လုပ်မယ်ပေါ့ ။ ဘူတာမှာ လုပ်ရတဲ့အခါ သူတို့ ချစ်အောင် နေတယ် ။ ကြိုက်တတ်တဲ့ အစာလေးတွေ ဝယ်ကျွေးတယ် ။ သူတို့က ကြေးနန်းမော့စ်ကို သင်တယ် ။ goods and coaching ကုန်နဲ့ လက်မှတ်ပါဆယ်ပညာ သင်တယ် ။ ပညာလိုချင်မှန်း သိတော့ ကျွန်တော့်ကို သင်ပေးကြတယ် ။ ရုံပိုင်တွေက နောက်ပိုင်းကျ ဘူတာကို ကျွန်တော်နဲ့ ထားပစ်ခဲ့ပြီး ဟိုဟိုဒီဒီ လျှောက်သွားတယ် ။ ဘူတာပညာ ၊ ကုန်သည်နဲ့ ဆက်ဆံရေး ကျွန်တော် တတ်သွားပြီ ။ တန်ဆာ ၊ ရထား running ကျွန်တော် လုပ်တယ် ”
“ ရထားရုံပိုင် လုပ်ဖြစ်သေးသလား ”
“ မလုပ်ဖြစ်ဘူး ။ ကျွန်တော် ခုနစ်တန်းနှစ်မှာ စာမေးပွဲ မဖြေခင် အဖေက ဆုံးရော ၊ ၁၉၅၄ ခုမှာ ရန်ကုန် ဂန္ဒီဆေးရုံမှာ အဖေဆုံးတယ် ။ အဖေ ဆုံးသွားတော့ ဘူတာ အလုပ်ကလည်း တန်းလန်းကြီး ၊ မိသားစုတာဝန် က ကျွန်တော့် ခေါင်းပေါ် ရောက်လာပြီ ။ ကျွန်တော် ကျောင်းထွက်ရတော့မယ် ။ ခုနစ်တန်းမှာ ကျွန်တော် ကျောင်းထွက်ပြီး အဖေ့နေရာ ဝင်လုပ်ရတယ် ”
“ ပညာရေးလည်း ဆုံးခန်းတိုင် သွားပြီပေါ့ ”
“ ၁၉၅၅ ခုမှာ အိမ်ထောင်ကျတယ် ။ အိမ်ထောင်ကျတဲ့အကြောင်း နောင်မှ ပြောမယ် ။ အိမ်ထောင်ကျ ၊ ကလေးနှစ်ယောက်ရတဲ့အထိ ခုနစ်တန်း မအောင်သေးဘူး ။ ဒါပေမဲ့ ကျွန်တော် ဇွဲမလျှော့ဘူး ။ ၁၉၅၈ ခုနှစ်မှာ ကျွန်တော် ဖြေတယ် ။ ခုနစ်တန်း အောင်သွားတယ် ။ ရုံပိုင် လုပ်ချင်တယ် ပြောတော့ အမေက ချုံးပွဲချ ငိုပါလေရော ။ ဝန်ထမ်း မလုပ်နဲ့တဲ့ ။ အမေက ဈေးရောင်းနေတော့ သူ့ဆီမှာ ကြွေးဝယ်နေကျ ဝန်ထမ်းတွေ အကြောင်း သိတယ်လေ ။ အမေက ဈေးရောင်းကျွေးမယ်တဲ့ ။ ဒါပေမဲ့ ကျွန်တော် ကလည်း ရုံပိုင်စာမေးပွဲ ဝင်ဖြေတယ် ”
“ ဖြေသေးတယ် ဟုတ်လား ”
“ ရုံပိုင်စာမေးပွဲ ဝင် ဖြေတော့ ကြေးနန်းစာတွေ လက်တွေ့ လုပ်ရတယ် ။ ၁၉၅၈၅၉ ခုက ကြေးနန်းစာတွေ အင်္ဂလိပ်က မြန်မာပြောင်းတဲ့နှစ် ။ နှစ်မျိုးစလုံး ဖြေရတာ ။ ကျွန်တော်က လက်တွေ့လည်း အများကြီး လုပ်ခဲ့တာ ။ ဝါသနာလည်း ပါတော့ ရုံပိုင် စာမေးပွဲ အောင်ရော ၊ စာစစ်တဲ့ ဆရာက ကျွန်တော် ဖြေတာ လက်ဖျားခါ သွားတယ် ၊ လုပ်ကွာ ရုံပိုင်တဲ့ ၊ ဒါပေမဲ့ အမေက လက်မခံဘူး ”
( ၂ )
တောင်ငူမြို့က ဦးကျော်လှရဲ့ အိမ်ရှေ့မှာ ရေပြင်ကျယ်ကျယ် ရှိတယ် ။ ရေလွှာပေါ်ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ လေက အေးမြလတ်ဆတ်တယ် ။ ဦးကျော်လှရဲ့ အိမ်ကို ကျွန်တော် အလည် ရောက်သွားတော့ အခန်းတစ်ခန်း ထဲက အမျိုးသမီး တစ်ယောက် ထွက်လာပြီး နှုတ်ဆက်တယ် ။ ရုပ်သွင်က အိန္ဒိယ နွယ်ဖွားပုံ ။ သူ့အမည်က ဒေါ်ဒေဝတီးဒေဝီ ။ ဦးကျော်လှရဲ့ဇနီး ။
သူတို့ အိမ်ရှေ့ခန်းမှာ ကျွန်တော် ထိုင်နေတုန်း ဦးကျော်လှရဲ့ ချွေးမတစ်ယောက်က စားသောက်ဖွယ်ရာတွေ လာချတယ် ။ ဒူးရင်းသီး ၊ မင်းကွတ်သီး ၊ သရက်သီး ၊ ကော်ဖီ ၊ ကိတ်မုန့် ၊ ရေနွေးကြမ်း ။
ဦးကျော်လှ က “ ကျွန်တော့် အမျိုးသမီးနဲ့ ပတ်သက်ပြီး ပြောပြရဦးမယ် ” လို့ စကားပလ္လင်ခံပြီး သူတို့ အကြောင်းကို ပြောတယ် ။
“ ကျွန်တော်တို့ နေတဲ့ ဇေယျဝတီမှာ ကျွန်တော်တို့နဲ့ အမျိုး သိပ်မကင်းတဲ့ မိန်းကလေး တစ်ယောက် ရှိတယ် ။ သူ့အသက် ဆယ်နှစ်မှာ သူ့အမေက သေသွားတယ် ။ သူ့ မိဘတွေနဲ့ ကျွန်တော့် မိဘတွေက ခင်တယ် ။ သူ့အမေ မသေခင်မှာ ကျွန်တော့် အမေလက်ကို ကိုင်ပြီး သူ့သမီးကို စောင့်ရှောက်လိုက်ပါလို့ ပြောတယ် ။ လူမမာ စိတ်ချမ်းသာအောင် ကျွန်တော့်မိဘတွေက မပူနဲ့ ငါတို့ တာဝန်ထားလို့ ပြောတာပေါ့ ။ တကယ် သေသွားတယ် ။ ကျွန်တော့် အမေမှာ တာဝန်ကြီးတစ်ခု ဖြစ်လာတယ် ။ သူ့အဖေ ကလည်း ခရီးသွားရင်း ဆုံးသွားပြန်ရော ။ အမေ့စိတ်မှာ အဲဒါ စွဲနေတယ် ။ ကျွန်တော်က ၁၅ နှစ် ၊ ၁၆ နှစ်လောက် ဖြစ်လာတော့ အမေက ကျွန်တော့်ကို ပြောလာတယ် ။ မင်း ဟိုဟာဒီဟာ ယူမယ် စိတ်မကူးနဲ့ ။ ငါတို့ ကတိပေးထားတာ ရှိတယ်တဲ့ ။ ကျွန်တော်ကလည်း အမေ့စကားကို မလွန်ဆန်ရဲဘူး ”
“ ဒါနဲ့ ဒေါ်ဒေဝတီးဒေဝီနဲ့ လက်ထပ်လိုက်ကြကောလား ”
ဦးကျော်လှက ရယ်ပြီး “ ဟုတ်တယ် ” လို့ ပြောပါတယ် ။
“ အမေ့ကိုပဲ ကိုယ့် အသက်သခင်ကျေးဇူးရှင်လို့ သတ်မှတ်ထားတာ ။ ကျွန်တော့် အသက် ၁၉ နှစ်တောင် မပြည့်သေးဘူး ။ အမေက သူမသေခင် အိမ်ထောင်ပြုလိုက်ပါဆိုတာနဲ့ ၁၉၅၅ ခု ၊ ဇွန်လ ၁၆ ရက်မှာ ကျွန်တော်တို့ မင်္ဂလာဆောင်တယ် ။ မင်္ဂလာနှစ်ပတ်လည်နေ့တိုင်း ကျွန်တော်တို့ လူမှုရေးအကျိုးပြုအလှူတွေ လုပ်ကြတယ် ”
“ ဦးကျော်လှ ဖြစ်ချင်တာက မီးရထားရုံပိုင် ၊ အမေက အစိုးရဝန်ထမ်း မလုပ်စေချင်ဘူးဆိုတော့ ဘာအလုပ် လုပ်သလဲ ”
“ အမေက ဈေးရောင်းတယ် ။ အဖေက ဇေယျဝတီဘူတာမှာ ကုန်တင်ကုန်ချ လုပ်သားခေါင်းဆောင် လုပ်တယ် ။ အမေက မကျန်းမာဘူး ။ ၁၉၅၃ ခု ကျွန်တော် ကျောင်းနေတုန်း ၊ သုံးရက် ၊ သုံးလ ၊ ၅၃ ရက် ညနေ ၃းဝဝ နာရီမှာ ဇေယျဝတီ မီးလောင်တော့ ကျွန်တော်တို့ အိမ်ရော ဆိုင်ရော ပါသွားရော ။ ၁၉၅၄ မှာ အဖေက ဆုံးပြန်တယ် ။ အမေကလည်း ကျန်းမာရေး မကောင်းဘူး ။ ကျွန်တော် ပွဲရုံလေး လုပ်မယ်ဆိုပြီး စလုပ်တယ် ။ ကျွန်တော့်မှာ ပိုက်ဆံ မရှိပေမယ့် အပေါင်းအသင်းကောင်းတွေရှိတယ် ။ ကျွန်တော် လိုချင်ရင် ပစ္စည်းချ ပေးမယ့် သူတွေ ရှိတယ် ။ ပဲမျိုးစုံ ၊ အာလူး ၊ ကြက်သွန် ၊ သကြား ၊ ဆီ ၊ ဆပ်ပြာ ၊ နို့ဆီ ၊ တင်လဲရည် အရောင်းအဝယ် လုပ်တယ် ”
ဦးကျော်လှက စကားကို မနားတမ်း ပြောနိုင်သူဖြစ်ပါတယ် ။ ကျွန်တော်က သူ ပြောတာကို နားထောင်တယ် ။
“ ပွဲရုံလုပ်ငန်း လုပ်နေဆဲ ၁၉၆ဝ ပြည့်နှစ်လောက်မှာ မိုးကြိုးသတင်းစာ ထွက်လာတယ် ။ သတင်းတစ်ပုဒ်နဲ့ ပတ်သက်ပြီး မိုးကြိုးသတင်းစာ တရားစွဲခံရတယ် ။ ကျွန်တော်က မိုးကြိုးသတင်းထောက် အာမခံရဖို့ တရားရုံး လိုက်သွားပြီး ဆောင်ရွက်ပေးတယ် ။ ကျွန်တော် လှုပ်ရှားလုပ်ကိုင် နေပုံကို ရန်ကုန်က လာတဲ့ ဦးခင်မောင်လေးက သဘောကျ သွားပြီး မိုးကြိုးသတင်းစာရဲ့ ဖြူးသတင်းထောက် လုပ်ခိုင်းတယ် ။ သတင်းထောက် ဖြစ်မှ ဖတ်တဲ့ ၊ ရေးတဲ့ အလေ့အထ စလုပ်ရတယ် ။ ကျွန်တော့် မှာ ဓာတ်ပုံရိုက်တဲ့ အခက်အခဲ ၊ ကူးဆေးတဲ့ အခက်အခဲရှိတယ် ။ ဖြူး က မြမွန်ဓာတ်ပုံတိုက်ကို သွားပြီး သတင်းဓာတ်ပုံတွေ ကူးရဆေးရတယ် ။ သွားတဲ့အခါ ကု,လားမုန့်တွေ ယူသွားတယ် ။ သူက ကျွန်တော့်ကို ဓာတ်ပုံရိုက်တဲ့ပညာ ၊ ကူးတဲ့ပညာ ၊ ဆေးတဲ့ပညာ သင်ပေးတယ် ”
ကျွန်တော်က ရေနွေးကြမ်းကို တစ်ပန်းကန်ပြီး တစ်ပန်းကန် သောက်နေတယ် ။ ဦးကျော်လှ ပြောရင်း အာခြောက်သွားပုံရတယ် ။ စကားပြော နားပြီး ရေနွေး ကြမ်းကို သောက်တယ် ။ ပြီးတော့ ဆက်ပြောပါတယ် ။
“ ကျွန်တော့်ဟာ ကျွန်တော် ဓာတ်ပုံကူးစက်တွေ ထောင်တယ် ။ ယခုအထိ အိမ်မှာရှိတယ် ။ လှကြေးမုံ နယ်လှည့် ဓာတ်ပုံဆိုင် ထောင်လိုက်တယ် ”
“ နယ်လှည့်ဆိုတဲ့ သဘောက ”
“ နယ်လှည့်ဆိုတာ ဒီခေတ်စကားနဲ့ ပြောရရင် outdoor ပေါ့ ။ ခေါ်ရင် လိုက်ရိုက်တယ် ။ မြို့နယ်မှတ်ပုံတင် ရိုက်ဖို့လည်း ကျွန်တော် လေလံရတယ် ။ ကျွန်တော်နဲ့ အတူ ဒုက္ခ အခံဆုံးက ကျွန်တော့် ဇနီးပဲ ။ ကိုယ်ဝန်ကြီးနဲ့ ကူလုပ်ပေးတာ ”
ဦးကျော်လှက သူ့ လက်ထဲမှာ အဆင်သင့် ရှိတဲ့ သတင်းစာတိုက်တွေက ထုတ်ပေးထားတဲ့ သတင်းထောက်ကတ်ပြားတွေကို ပြတယ် ။ မိုးကြိုး ၊ ကြေးမုံ ၊ ဗိုလ်တထောင် ၊ ဟံသာဝတီ ၊ လုပ်သားပြည်သူနေ့စဉ် ၊ ကတ်တွေ တစ်ထပ်ကြီးပဲ ။
“ မိုးကြိုးမှာ ဖြူးသတင်းထောက်အဖြစ်နဲ့ သတင်းတွေ ရေးပို့ နေတော့ တခြား သတင်းစာတိုက်တွေကလည်း ကျွန်တော့်ကို သတင်းထောက် လှမ်း ခန့်ကြတယ် ။ အဲဒီထဲမှာ လုပ်သားပြည်သူနေ့စဉ် လည်း ပါတယ် ။ ဒီလိုနဲ့ ကျွန်တော် သတင်းစာလောကကို ရောက်လာတယ် ။ လူကြီးတော်တော်များများ ကျွန်တော့်ကို သိကြတယ် ။ ချစ်ကြတယ် ”
ဦးကျော်လှက သူ့လက်ချောင်းတွေပေါ်က အသားမာတွေကို ပြတယ် ။
“ သတင်းစာတွေ အများကြီးကို သတင်း ရေးပို့ရတော့ လက်တွေ အသားမာ ဖြစ်တာ ယခုအသက် ၇၅ နှစ်အထိ ရှိသေးတယ် ။ နောက်တော့ လက်နှိပ်စက်ဟောင်းကလေး ဝယ်ပြီး လက်နှိပ်စက် ရိုက်ပြီး သတင်းပို့တယ် ။ လက်နှိပ်စက်ပညာ ၊ ဓာတ်ပုံပညာတွေ သတင်းစာကျေးဇူးကြောင့် ကျွန်တော် တတ်တာ ။ သတင်းစာဟာ ကျွန်တော့် ကျေးဇူးရှင်မို့ ယခုအထိ လုပ်နေတာ ”
“ သတင်းထောက် ဘဝမှာ ထူးထူးခြားခြား ပို့နိုင်ခဲ့တဲ့ သတင်းတွေအကြောင်း ပြောပါဦး ”
“ ကျေးတောဘူတာ ရထားတိုက်မှု ပထမဆုံး သတင်းပို့နိုင်တာ ကျွန်တော်ပဲ ။ ဝမ်းတွမ်တီး ကင်မရာကြီးနဲ့ ရထားတိုက်မှုဖြစ်တယ် ၊ ကြားရင် ကြားချင်း သွားတာ ။ ဟိုရောက်တော့ လူပေါင်း တစ်ရာကျော် အတုံးအရုံး သေဆုံးနေကြတဲ့ အလောင်းတွေ မြင်တော့ ကျွန်တော် ကြောင်သွားတယ် ၊ နောက်မှ ငါလာတာ ဓာတ်ပုံရိုက်ဖို့ ၊ ဒါနဲ့ သတင်းဓာတ်ပုံတွေ ၁၂ ကွက်ရိုက်တယ် ။ ဖြူးကို ရောက်တော့ သတင်းစာတိုက်ကို ဖုန်းနဲ့ သတင်းပို့ပြီး ရန်ကုန်ကို ဆင်းသွားတယ် ။ သတင်းစာတိုက်က ဘူတာလာကြိုတယ် ”
“ အဲဒီတုန်းက သတင်းစာတွေမှာ ချက်ချင်း ဖော်ပြခဲ့ကြတာ ကျွန်တော် ဖတ်ခဲ့ရတယ် ။ ကြိုးစားရကျိုး နပ်တာပေါ့ ”
“ ဖြူးမြို့နယ် ဘုံမင်းကွင်းမှာ ၁၉၇ဝ ခုဝန်းကျင်က မိုးသီးကြွေပြီး နှစ်မိုင်ပတ်လည်လောက် ရေခဲပြင်ကြီးဖြစ်သွားတယ် ။ တော်တော်ခက်ခက်ခဲခဲ သွားရတာ ။ ကျွန်တော် သွားပြီး သတင်း ဖော်ပြနိုင်ခဲ့တယ် ”
“ ပွဲရုံလုပ်ငန်းကော လုပ်သေးသလား ”
“ ပွဲရုံလုပ်ငန်းလည်း လုပ်နေဆဲပဲ ။ ကျွန်တော်က လုပ်တဲ့ အလုပ်ကို စွမ်းစွမ်းတမံ လုပ်ချင်တဲ့စိတ် ရှိတယ် ။ ၁၉၇ဝ ပြည့်နှစ်ဝန်းကျင်က ရန်ကုန်ဘူတာမှာ အလွန် နာမည်ကြီးတဲ့ လူလိမ်ဂိုဏ်း တစ်ဂိုဏ်း ရှိခဲ့တယ် ။ သူတို့ကိုယ် သူတို့ ထောက်လှမ်းရေး ဆိုပြီး သုံးယောက်ဂိုဏ်းက လုပ်တာ ။ သူတို့ထဲမှာ အမှန်အကန် ရဲတစ်ယောက် ပါတယ် ။ သူတို့က လူပုံစံကို ကြည့်လုပ်တယ် ။ အဲဒီခေတ်က မန္တလေးက ရန်ကုန်ကို ရွှေချောင်းတွေ ရထားနဲ့ သယ်ရတာ ။ ဖြစ်ချင်တော့ ကျွန်တော်က ရန်ကုန် သွားတယ် ။ အိတ်ကလေးနဲ့ ပန်းဆိုးတန်း တံတားပေါ် ရောက်တော့ သူတို့က သတင်းရထားတယ် ။ လိုက်ခဲ့ပါဦးတဲ့ ၊ ရှာစရာ ရှိတယ် ။ ရှာပါ ဆိုတော့ ဒီမှာ မရှာဘူးဆိုပြီး ကားနဲ့ တင်ခေါ်တယ် ။ ဘယ်ခေါ်သွားလဲ ဆိုတော့ တိရစ္ဆာန်ရုံဘက် ခေါ်သွားတာ ။ သူတို့ လက်ထဲမှာ ဆေးခြောက်တွေက အဆင်သင့် ပါပြီးသား ။ အိတ်ထဲမှာ ဘာမှ မတွေ့တဲ့ သူကိုလည်း ဆေးခြောက်ကို အိတ်ထဲထည့်ပြီး ပါတဲ့ပိုက်ဆံ အကုန်အုပ်တာ ။
“ ကျွန်တော်က မင်းတို့ မှားနေပြီ ။ ငါက သတင်းထောက် ဆိုတော့ ဘာမှ မလုပ်ဘဲ ပြန်လွှတ်တယ် ”
ဦးကျော်လှက စကားခဏ ရပ်ပြီး ရေနွေးကြမ်းသောက်တယ် ။ ပြီးတော့ ဆက်ပြောပါတယ် ။
“ ၂၉ လမ်း ၊ လမ်း ၃ဝ က သူငယ်ချင်းတွေဆီ သွားတော့ ရွှေသမားတွေက ရန်ကုန်ဘူတာကြီးမှာ သူတို့ ခံရပုံတွေ ပြောကြတယ် ။ ဒါနဲ့ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မြင့်ကို ဖော်ထုတ်ချင်တယ် ပြောတော့ ထောက်လှမ်းရေးနဲ့ ချိတ်ပေးတယ် ။ သူတို့က သူတို့နဲ့ လက်တွဲလုပ်ဖို့ ခေါ်တယ် ။အချိတ်အဆက် လုပ်ပြီး ကျွန်တော့် လူနှစ်ယောက်ကို အိတ်ထဲ အုတ်နီခဲတွေ ထည့် ၊ ရထားစီးပြီး ရန်ကုန်လာ ခိုင်းတယ် ။ ဘူတာထဲမှာ အဲဒီ သုံးယောက်က ကျွန်တော့်လူ တစ်ယောက်ကို ဆွဲတယ် ။ ကျွန်တော်က အဲဒီသုံးယောက် ဟုတ်တယ်လို့ အတည်ပြု ပေးလိုက်ရော သူတို့ကို ပြန်ဝိုင်းပြီး ဖမ်းလိုက်တာ မိသွားရော ။ အဲဒီအချိန်က သတင်းစာတွေထဲမှာ ပါတယ် ”
အကျိုးပြုလုပ်ငန်း တစ်ခုကို စွန့်စွန့်စားစား လုပ်ခဲ့ရပုံ ပြောပြရင်း ကျေနပ်တဲ့ပုံ ဦးကျော်လှရဲ့မျက်နှာမှာ ပေါ်လွင်နေပါတယ် ။
သူက စကား ဆက်ပြောတယ် ။
“ ကျွန်တော်တို့ ဇေယျဝတီ မှာပဲ အရက်ပြန်စက်ရုံကြီး ပြီးပြီ ။ နားမလည်တဲ့ ကု,လားတွေကို သောင်းကျန်းသူနဲ့ ဆက်သွယ်တယ် ဆိုပြီး ပြည်သူ့စစ်က လူကိုညှဉ်း ၊ ပိုက်ဆံညှစ် လုပ်နေတာ ။ ခံရတဲ့ သူတွေက ဘယ်သူ့ သွားတိုင်ရမှန်း မသိဘူး ဖြစ်နေတယ် ။ ကျွန်တော့်ဆီ လာ အကူအညီ တောင်းကြတယ် ။ ကျွန်တော်က သတင်းထောက် ဆိုတော့ လူကြီးတွေနဲ့လည်း သိတယ် ။ အများဒုက္ခ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်ကို တိုင်လိုက်လို့ ပြောလိုက်တယ် ။ အဲဒါ ကျွန်တော့်ကို အငြိုးထားတယ် ”
ဦးကျော်လှက စကားဖြတ်ပြီး ဒူးရင်းသီး စားဖို့ ကျွန်တော့်ကို ပြောတယ် ။ ကျွန်တော်က သူပြောတဲ့ အဖြစ်အပျက်ကိုပဲ စိတ်ဝင်စားနေတယ် ။
“ ကျွန်တော်က ဓာတ်ပုံ outdoor ရိုက်တယ်လို့ ပြောတယ် မဟုတ်လား ။ ရွာတစ်ရွာမှာ မင်္ဂလာဆောင် ဓာတ်ပုံရိုက်ဖို့ သွားတယ် ။ ညက လသာတဲ့ည ။ ကျွန်တော် ဇေယျဝတီကို အပြန်မှာ ပစ်သ,တ်ဖို့ စီစဉ်ထားတယ် ။ ကျွန်တော် သေကံ မရောက်သေးတော့ ကျွန်တော်က ဓာတ်ပုံတွေ ရိုက်ရိုက်နဲ့ မထွက်ဖြစ်ဘူး ။ ဟိန္ဒူတွေက ညဘက် မင်္ဂလာဆောင်တာ ။ ဒီကောင်တွေက ကျွန်တော် ထွက်မလာတော့ ရွာထဲ ဝင်ချလာတာ ၊ သူတို့က ကျော်လှ ဆိုတာ မမြင်ဖူးဘူး ။ လိုက်ရှာနေတာ ။ သူတို့ မေးမြန်းပုံက ရိုးရိုးသားသား မဟုတ်တော့ ရွာသားတွေက ကျွန်တော့်ကို ဝှက်ထား လိုက်တယ် ။ နောက်နေ့ မနက်ကျ သူတို့ အစီအစဉ်တွေကို ကျွန်တော် သိရော ၊ ဒါနဲ့ သူတို့ကို အုပ်ချုပ်နေတဲ့ ဦးသွင်ဆောင် ၊ ပါတီယူနစ် ၊ သကြားစက် ၊ အထူးအရာရှိ တွေကိုပါ ပြောလိုက်တယ် ။ ကျွန်တော့်ကို ပစ်ဖို့ တာဝန်ယူထားတဲ့ ဆရာကြီး ကိုယ်တိုင် အိမ်ကို လာပြီး ခြေထောက် ကိုင်ပြီး တောင်းပန်တယ် ။ ဆရာ လုပ်ရင် ဘဝပျက်မှာပါတဲ့ ”
သတင်းထောက်တစ်ယောက်နဲ့ မလုံခြုံတဲ့ ဘဝ အနေအထားကို ကျွန်တော် ဆက်တွေး နေမိတယ် ။
“ ၁၉၈ဝ ပြည့်နှစ် ၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ ကျွန်တော့်အမေ ဆုံးတယ် ။ ဗုဒ္ဓဘာသာ ထုံးစံနဲ့ ရက်လည်ဆွမ်း ကျွေးတယ် ။ ဖြစ်ချင်တော့ ဆွမ်းသွတ်တဲ့ ညမှာ ကျွန်တော်တို့ ရပ်ကွက် မီးလောင်တယ် ။ အမေကလည်း သေနေပြီ ။ ကျွန်တော် အရူးလိုပဲ ။ ပစ္စည်းတွေ အကုန် ကားပေါ်တင် ၊ ဘောလုံးကွင်းပို့ ၊ ကံကောင်းလို့ ကျွန်တော်တို့အိမ် လွတ်တယ် ။ ဒါပေမဲ့ ဇေယျဝတီမှာ မနေချင်တော့ဘူး ၊ မီးကလည်း ခဏခဏ အလောင် ခံနေရတယ် ။ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတော့ ဘာအလုပ်မှ မလုပ်ချင်အောင် ဖြစ်လာတယ် ။ ဒါကြောင့် ၁၉၈၀ ပြည့်နှစ် ထဲမှာပဲ တောင်ငူကို ပြောင်းခဲ့တယ် ”
ဦးကျော်လှရဲ့ သားသမီးတွေလည်း ယခုတော့ လူလားမြောက်နေပြီ ။ ဆိုင်တွေ ၊ ခြံတွေ ပိုင်ဆိုင်ပြီး အခြေကျနေပြီ ။ ဦးကျော်လှက သူ မျက်ကွယ်ပြုသွားရင် သားသမီးတွေ အဆင်ပြေအောင် ဥပဒေအကျိုးဆောင် ဦးအောင်မြင့်ရဲ့ အကူအညီနဲ့ မိဘနဲ့ သားသမီးများအကြား မိသားစုစီမံကိန်းစာချုပ် ချုပ်တယ် ။ သူ အသေဖြောင့်ပြီလို့ ပြောတယ် ။
အကြိမ်ကြိမ် မီးလောင်ခံရဖူးတဲ့ ဦးကျော်လှ က တောင်ငူမြို့ မီးဘေးအန္တရာယ် ကာကွယ်ရေး အထောက်အကူပြုအဖွဲ့မှာ နာယကအဖြစ် တက်တက်ကြွကြွ လုပ်ကိုင်နေတယ် ။ ကျွန်တော့်ကို ရေဂါလန် ၁၅ဝဝဝ နဲ့ ၂၅၀၀၀ ဆံ့တဲ့ မီးသတ်ရေလှောင်ကန်ကြီးတွေ လိုက်ပြတယ် ။
သတင်းထောက်ကြီးက သူ့ဘဝနဲ့ သူ့လုပ်ရပ်တွေကို ကျေနပ်နေပုံ တွေ့ရပါတယ် ။
☐ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ
No comments:
Post a Comment