❝ ယုံသင့် မယုံသင့်သော စကား ❞
( ပုံပြင် )
ရှေးအခါက ဦးရိုး နဲ့ မောင်ဖြူဆိုတဲ့ ကုန်သည် သားအဖနှစ်ယောက်ရှိကြသတဲ့ ။ တစ်နေ့တော့ ဦးရိုး နဲ့ မောင်ဖြူဟာ ရွာတစ်ရွာမှာ ကုန်သွား ရောင်းပြီး မြင်းကလေးတွေ ကိုယ်စီနဲ့ ကိုယ့်ရပ်ရွာကို ပြန်လာခဲ့ကြသတဲ့ ။ တစ်လမ်းလုံး အကာအကွယ် မရှိဘဲ လွင်ပြင်ကြီးထဲမှာ ဖြတ်သန်းလာရလို့ နေပူတဲ့ဒဏ်နဲ့ ရေငတ်တဲ့ဒဏ်ကို အပြင်းအထန် ခံစားလာကြရသတဲ့ ။ ဒီလို နဲ့ အတော်ကလေး ခရီးဆက်မိကြတဲ့အခါ စိမ်းစိမ်းစိုစိုနဲ့ ကြာမျိုးငါးပါး ပြည့်စုံတဲ့ ရေကန်ကြီး တစ်ခု အနားကို ရောက်သွားခဲ့ကြတယ် ။ ရေကန်ကြီးကို မြင်လိုက်ရတယ် ဆိုရင်ပဲ သားအဖ နှစ်ယောက်ဟာ မြင်းတွေကို အနားပေးပြီး ရေဆင်းသောက်ကြသတဲ့ ။ အဲဒီလိုနဲ့ ရေသောက်ပြီး မြင်းတွေ ရှိရာ ပြန်လာကြတဲ့အခါ ရုတ်တရက် လေပြင်းမုန်တိုင်းတိုက်သလို ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ အသံကြီး တစ်ခုဟာ သူတို့ ခေါင်းပေါ်က ထွက်ပေါ်လာသတဲ့ ။
ဦးရိုး နဲ့ မောင်ဖြူဟာ မကြောက်တတ်တဲ့သူများ ဖြစ်ကြတဲ့အတွက် အသံလာရာကို ပြိုင်တူ မော့ကြည့်လိုက်မိကြသတဲ့ ။ အဲဒီအခါမှာ တစ်ခါမှ မမြင်ဖူး မကြားဖူးတဲ့ ထူးဆန်းတဲ့ ဆင်ပျံကြီး တစ်ကောင်ဟာ ရေကန်ဘက်ကို ပျံလာတာ တွေ့လိုက်ကြသတဲ့ ။ အဲဒါနဲ့ ဆင်ပျံကြီး ဘာတွေ လုပ်လိမ့်မလဲလို့ သိချင်ကြတာနဲ့ တောချုံစပ်ကလေး တစ်နေရာက ချောင်းကြည့်ကြပြန်သတဲ့ ။ သူတို့ မြင်ကြတာကတော့ ဆင်ပျံကြီးဟာ ကြာရွက် တစ်ရွက်ပေါ် နားပြီး ကန်ထဲမှ ရေတွေကို စုပ်သောက် နေတာကို တအံ့တဩ တွေ့လိုက်ရတယ် ။ ဆင်ပျံကြီးဟာ မကြာခင်မှာပဲ ရေကန်ထဲမှ ထပျံ သွားလေသတဲ့ ။ ဦးရိုး ဟာ အဲဒီ အဖြစ်အပျက်နဲ့ ပတ်သက်လို့ မယုံနိုင်အောင် ဖြစ်နေမိတယ် ။ ဒါပေမယ့် တကယ့် အဖြစ်အပျက် တစ်ခု ဖြစ်နေတော့ ပိုလို့ အံ့သြနေမိသတဲ့ ။ အဲဒါကြောင့် ဦးရိုး ဟာ သူ့သား မျက်နှာကို ကြည့်လိုက်ပြီး ...
“ အင်း ... မြင်ရတာကတော့ တကယ့် အဖြစ်အပျက် တစ်ခုပါပဲ ၊ ဒါပေမယ့် လူတွေကို ပြောပြရင်တော့ ဘယ်နည်းနဲ့မှ ယုံကြမှာ မဟုတ်ဘူး ၊ အဲဒီတော့ ရွာပြန်ရောက်ရင် လူတွေ မယုံနိုင်တဲ့ ကိစ္စကို ငါ့သားဟာ ဧကန် ပြောတော့မှာပဲ ၊ ဒီတော့ ငါ့သား မပြောမိအောင် သတိပေးထား မှ ကောင်းမှာပါပဲလေ ” လို့ စိတ်ထဲက တွေးတောမိသတဲ့ ။
အဲဒါနဲ့ပဲ ဦးရိုးဟာ သူ့သားကို “ ဒီမှာ ငါ့သားမောင်ဖြူ ၊ အခုနက ဆင်ပျံကြီးကို မြင်တယ် မဟုတ်လား ” လို့ မေးသတဲ့ ။ မောင်ဖြူ ကလည်း “ ကျွန်တော် မြင်တယ် အဖေ ၊ ဘာဖြစ်လို့လဲ ” လို့ ပြန် ဖြေ သတဲ့ ။ အဲဒီအခါကျတော့ ဖခင် လုပ်သူက “ အေး ... မင်း မြင်တယ်ဆိုတဲ့ အကြောင်းကို ရွာရောက်ရင် ဘယ်သူ့မှ မပြောနဲ့နော် ” လို့ ပိတ်ပင်လိုက်သတဲ့ ။ မောင်ဖြူဟာ ဖခင်ပြောတဲ့ စကားကို ကြားမိတဲ့အခါ ဘာမှ နားမလည်ဘဲနဲ့ အလွယ်တကူ ခေါင်းညိတ်လိုက်ပါသတဲ့ ။ အဲဒီနောက် သားအဖ နှစ်ယောက်ဟာ မြင်းတွေ ရှိရာ ထွက်လာခဲ့ပြီး ရွာဘက်ကို ခရီးဆက် ပြန်ခဲ့ကြသတဲ့ ။ ရွာကို ရောက်လို့ နှစ်ရက်မြောက်တဲ့ နေ့မှာ မောင်ဖြူဟာ လမ်းခရီးမှာ တွေ့ခဲ့ရတဲ့ ဆင်ပျံကြီးအကြောင်းနဲ့ ဖခင်မှာကြားတဲ့စကားကို ပြန်လည်စဉ်းစားမိသတဲ့ ။
“ အဖေဟာ ဆင်ပျံကြီးကို တွေ့လျက်သားနဲ့ ဘာဖြစ်လို့ ငါ့ကို လူတွေကို မပြောနဲ့လို့ မှာရပါလိမ့် ” လို့ မောင်ဖြူဟာ သစ်ပင်အောက်မှာ ထိုင်ရင်း တွေးနေမိသတဲ့ ။ အဲဒီလို မောင်ဖြူ တစ်ယောက် အပြန်ပြန်အလှန်လှန် စဉ်းစားနေတုန်း ဗြုန်းဆို သူငယ်ချင်း နှစ်ယောက် သူ့အနားကို ရောက်ရှိလာသတဲ့ ။ အဲဒီအခါမှာ မောင်ဖြူဟာ သူ့အဖေ ပြောတဲ့ စကားကို နားမထောင်တော့ဘဲ လမ်းမှာ သူ တွေ့ခဲ့ရတဲ့ အကြောင်းကို ပြောပြလိုက်သတဲ့ ။
“ မောင်ဖြူရယ် ၊ မင်းဟာ ရူးနေသလား ၊ မင်းပြောတဲ့ အကြောင်းကို တို့မှာ ဘယ်လို ယုံရမှာလဲ ၊ ဆင်ပျံဆိုတာ တကယ် မရှိပါဘူးကွ ” လို့ မောင်ဖြူရဲ့ သူငယ်ချင်း နှစ်ယောက်ဟာ မောင်ဖြူရဲ့ စကားကို ချက်ချင်းပဲ ပြက်ရယ်ပြုလိုက်ကြသတဲ့ ။ အဲဒီအခါမှာ မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတဲ့ မောင်ဖြူဟာ မခံမရပ် ဖြစ်လာပြီး “ မင်းတို့ မယုံရင် အဖေ့ကို မေးကြည့်ပါလား ” လို့ ခံပြင်းစိတ်နဲ့ ပြန်ပြောလိုက်သတဲ့ ။
.“ အို ... မဖြစ်နိုင်ပါဘူး မောင်ဖြူရယ် ၊ အခုတလော မင်း ဘာဖြစ်နေတာလဲဟင် ” လို့ သူငယ်ချင်းများက ပြက်ရယ်ပြုနေသေးပြန်သတဲ့ ။ ဒါနဲ့ပဲ မောင်ဖြူဟာ ပိုပြီး မခံမရပ်နိုင်ဖြစ်လာ တာနဲ့ “ ကဲ ... သူငယ်ချင်းတို့ ၊ ဆင်ပျံ တကယ် ရှိမရှိကို အဖေ့ကို မေးကြည့်ကြမယ် ၊ တကယ်လို့ ရှုံးတဲ့လူဟာ အသပြာငါးကျပ် ပေးမလားလို့ ” လောင်းကြေးစိန်ခေါ်လိုက်သတဲ့ ။ မောင်ဖြူရဲ့ သူငယ်ချင်း နှစ်ယောက်ဟာလည်း ချက်ချင်းပဲ သဘောတူလိုက်ကြပြန်သတဲ့ ။ အဲဒီအခါမှာ မောင်ဖြူဟာ သူငယ်ချင်းနှစ်ယောက်ကို သူ့အဖေ ရှိရာကို ခေါ်သွားပြီး...
“ အဖေ ၊ သူတို့ နှစ်ယောက်ဟာ တကယ့် ဆင်ပျံ ရှိတယ်ဆိုတာကို မယုံကြည်ကြလို့ အဖေ့ဆီကို ကျွန်တော် ခေါ်လာခဲ့ပါတယ် ၊ အဲဒါ အဖေ ပြောပြလိုက်စမ်းပါ အဖေရယ် ” လို့ ပြောပြရှာသတဲ့ ။ မောင်ဖြူစကားကို ကြားတဲ့အခါ အဖေ လုပ်သူက “ တောက်တီးတောက်တဲ့ မောင်ဖြူရာ ၊ ဆင်ပျံတယ်ရယ်လို့ ဘယ်မှာ ရှိပါ့မလဲကွယ့် ” လို့ ပြန်ပြောလိုက်ပါသတဲ့ ၊ အဲဒါနဲ့ မောင်ဖြူခမျာ လောင်းထားတဲ့ လောင်းကြေးငွေ ရှုံးသွားရသတဲ့ကွယ် ။
“ အဖေရယ် ၊ တကယ်မျက်စိနဲ့မြင်ခဲ့ရတဲ့ ဆင်ပျံအစစ် ရှိပါလျက်နဲ့ အဖေ ဘာဖြစ်လို့ လိမ်လိုက်ရသလဲ အဖေ ” လို့ သူငယ်ချင်းများ ပြန်သွားကြတဲ့ အချိန်မှာ မောင်ဖြူဟာ ဖခင်ကို မကျေနပ်စွာနဲ့ ပြန်မေးရှာသတဲ့ ။ အဲဒီတော့ ဖခင်ဦးရိုးက “ တကယ်ဖြစ်တာ မှန်ပေမယ့် ယုတ္တိ မတန်တဲ့ ကိစ္စမျိုးမှာ အဖေ ဝင်ပြောလို့လည်း မယုံနိုင်ဘူး သားရဲ့ ” လို့ ရှင်းပြလိုက်သတဲ့ ။ ထိုအခါ မောင်ဖြူက ကျွန်တော့် အဖေ ပြောတာ နားမထောင်မိလို့ လောင်းကြေးအသပြာငါးကျပ် ရှုံးသွားပြီ အဖေရယ် ” လို့ သနားစဖွယ် ပြန်ပြောလိုက်ပြန်တယ်ကွယ် ။
မောင်ဖြူစကားကို ကြားရတဲ့ အခါမှာ ဖခင်ကြီးက ကရုဏာသက်သွားရှာသတဲ့ ။ အဲဒါ နဲ့ ဖခင်လုပ်သူက “ အို ... ငါ့သား ၊ ဘာမှ စိတ်သောက မဖြစ်ပါနဲ့ ၊ ရှုံးသွားတဲ့ အသပြာကို အဖေ ပြန်ရအောင် လုပ်ပေးလိုက်ပါမယ် ၊ အဖေ ပြောပြလိုက်တဲ့ စကားအတိုင်းသာ သူတို့ကို ပြောပြလိုက်ပါလေ ” လို့ ဖခင်ကြီးက သား မောင်ဖြူကို အဖြစ်အပျက်ကလေး တစ်ခု ပြောပြလိုက်သတဲ့ ။ မောင်ဖြူလည်း ဝမ်းသာအားရနဲ့ သူ့ သူငယ်ချင်းများဆီသွားပြီး ... “ ဒီမှာ သူငယ်ချင်းတို့ ၊ မနေ့က အဖေနဲ့ ငါ တောလိုက် သွားရင်း ယုန်ကလေး တစ်ကောင်ကို မြင်တော့ အဖေဟာ ပါလာတဲ့ လေးနဲ့ ပစ်လိုက်တာ ယုန်ကလေးရဲ့ခြေထောက်နဲ့ နားရွက်ကို မြားဖောက်မှန်လို့ ယုန်ကလေး မပြေးနိုင်တော့ဘူး ” လို့ ဖခင် သင်ပေးလိုက်တဲ့ အတိုင်း ပြောလိုက်ရှာသတဲ့ ။
မောင်ဖြူရဲ့ စကားကို ကြားတဲ့အခါ သူ့သူငယ်ချင်း နှစ်ဦးက “ လာပြန်ပြီလား မောင်ဖြူ ရယ် ၊ မင်း ဒီနေ့ ရယ်စရာတွေ သိပ်ပြောနိုင်တာပဲကွယ် ” လို့ပြောပြီး ရယ်မောကြသတဲ့ ။ မောင်ဖြူ ကလည်း အလျှော့မပေးဘဲ “ ကဲ ... သူငယ်ချင်းတို့ ၊ မယုံရင် အသပြာငါးကျပ်ကြေး ပြန်လောင်း ကြရအောင် ” လို့ ပြန်ပြောသတဲ့ ။ သူ့ သူငယ်ချင်းများ ကလည်း ဦးရိုး ဟာ လိမ်မပြောတတ်မှန်း သိကြတာနဲ့ ဒီတစ်ခါတော့ အသပြာငါးကျပ် ထပ်ရဦးမှာပဲ ဆိုပြီး သဘောတူလိုက်ကြပြန်သတဲ့ ။ အဲဒီနောက်မှာ သူတို့ သုံးဦးဟာ ဦးရိုး ဆီ ရောက်လာကြပြန်သတဲ့ ။ ဦးရိုး ဆီ ရောက်တော့ မောင်ဖြူ သူငယ်ချင်းတစ်ယောက်က “ ဒီမှာ ဦးကြီးရယ် ၊ ဦးကြီးသား မောင်ဖြူက ဦးကြီးဟာ မနေ့က တောလိုက်သွားရင်း ယုန်လေးတစ်ကောင်ကို လေးနဲ့ ပစ်လိုက်တာ ခြေထောက်ကို ဖောက်မှန်ပြီး နားရွက်ကိုပါ တစ်ဆက်တည်း ဖောက်မှန်လို့ မြားတန်းလန်းကြီးနဲ့ လို့ လာပြောပါတယ် ၊ အဲဒါ တကယ်ပဲလား ဦးကြီးရယ် ” လို့ မေးလိုက်သတဲ့ ။
မောင်ဖြူ သူငယ်ချင်း စကားကို ကြားတော့ ဦးရိုးဟာ တစ်ချက် ပြုံးလိုက်ရင်း “ တကယ် ပေါ့ ၊ ငါ့တူတို့ရယ် ” လို့ ပြန်ပြောရှာသတဲ့ကွယ် ၊ အဲဒီတော့ နောက် တစ်ယောက်က “ ဖြစ်နိုင်ပါ့ မလား ဦးကြီးရယ် ၊ နားရွက် နဲ့ ခြေထောက်က အဝေးကြီးပဲ မဟုတ်လား ” လို့ ပြန်မေးလိုက်တော့ “ အို ... ငါ့တူ ၊ ဦးကြီး ယုန်သူငယ်ကို လေးနဲ့ ပစ်လိုက်တာခြေထောက် နဲ့ နားရွက် တစ်ဆက်တည်း ဖောက်မှန်တာ အမှန်ကွယ့် ၊ ဦးကြီး မြားနဲ့ပစ်လိုက်တဲ့အချိန်မှာ ယုန်သူငယ်ကလေးဟာ သူ့ နားရွက်ကို သန်းကုတ်နေတဲ့ အချိန်ပဲကွယ့် ၊ အဲဒါကြောင့် နားရွက် နဲ့ ခြေထောက် တစ်ဆက်တည်း ဖောက်မှန်တာ ၊ ငါ့တူတို့ မယုံမရှိကြနဲ့ ” လို့ မောင်ဖြူဖခင် ဦးရိုးက ရှင်းပြလိုက်တဲ့ အခါ မောင်ဖြူ သူငယ်ချင်း နှစ်ယောက်ဟာ နောက်ထပ် ဘာမှ မငြင်းကြတော့ဘူးတဲ့ကွယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် ဖြစ်နိုင်တာကို တွေးမိကြလို့ပဲကွယ့် ။ အဲဒါနဲ့ မောင်ဖြူ လည်း သူ လောင်းထားတဲ့ ရှုံးသွားတဲ့ လောင်းကြေးငွေ ကို ပြန်ရလိုက်သတဲ့ကွယ် ။
မောင်ဖြူ ဟာလည်း အဲဒီအချိန်က စပြီး အကြောင်းအရာ တစ်ခုကို နက်နက်နဲနဲ စဉ်းစားမိသတဲ့ ။ တကယ် ဖြစ်ပေမယ့် ယုတ္တိမရှိတဲ့ စကားကို လူတွေဟာ မယုံကြည်ဘဲ တကယ် မဟုတ်ပေမယ့် ယုတ္တိရှိတဲ့ စကားကိုသာ လူတွေဟာ ယုံကြည်တတ်ကြပါကလားလို့ မောင်ဖြူ ဟာ ဆင်ခြင်အောက်မေ့ပြီး နောင်အခါမှာ စကားပြောတိုင်း ဆင်ခြင်ပြီးမှ ပြောပြတတ်ရှာသတဲ့ကွယ် ။ အဲဒီအခါက စပြီး မောင်ဖြူကလေးဟာလည်း လူကြီးမိဘ မှာကြားတဲ့ စကားကို နာခံပြီး စကားအရာမှာ လိမ္မာပါးနပ်တဲ့ လူတော်ကလေး တစ်ယောက် ဖြစ်သွားရှာသတဲ့ကွယ် ။
ညီ ၊ ညီမလေးတို့လည်း လူကြီးမိဘတွေ မှာကြား ဆုံးမတဲ့ စကားကို လိုက်နာကြပြီး လူအများ မယုံကြည်နိုင်တဲ့ စကားကို မပြောမိကြဘဲ လူအများ ယုံကြည်နိုင်တဲ့ စကားကိုသာ မောင်ဖြူကလေး လို ဆင်ခြင်နိုင်ပြီး စကားအရာမှာ လိမ္မာပါးနပ်ကြတဲ့ လူကောင်းကလေးတွေ ဖြစ်နိုင်ကြပါစေကွယ် ။
〇 ပုသိမ် - ခင်မောင်စံ
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၇ ၊ အောက်တိုဘာ
No comments:
Post a Comment