Monday, August 11, 2025

ကျမ်းအဆူဆူ စူးရစေရဲ့


 

❝ ကျမ်းအဆူဆူ စူးရစေရဲ့ ❞     
       ( မင်းမြင့်ဇင် )    

“ ကန်တော့နော် ဆရာကြီး ဒီ လွှာချင်းစောင်ကလေး လွှမ်းလိုက်မယ်နော် ။ ဟုတ်ကဲ့ ရင်ဘတ် အထိပဲ ဆွဲတင်ထား ... ”

“ ........ ”

“ နင်းမှာ မဟုတ်ပါဘူး ဆရာကြီး အကြောဖြေပေးမှာပါ ။ ဟုတ်ကဲ့ ဖဝါးနဲ့ ဖမိုးက စကိုင်မယ်ခင်ဗျ ။ ခြေထောက် နည်းနည်း ချဲလိုက်ပါ ။ ဟုတ်ကဲ့ ဆရာကြီး အဲဒီအတိုင်းပဲ နေပါ ၊ ပထဝီကြောက အဓိကခင်ဗျ ၊ ဟောဒီ ခြေဖဝါး အလယ်ခွက် ကနေ စ ဖွင့်ထားမှ အထက်ကို ကိုင်တဲ့အခါ အခိုး အောက် လျှောက်ပြီး ထွက်နိုင်တယ် လို့ ကျုပ်ဆရာက သေသေချာချာ သင်ထားတာ ။ စပြီနော် ။ လျှော့ထားခင်ဗျ ၊ စိတ်ရော လူကိုယ်ရော လျှော့ထား ၊ သက်သောင့်သက်သာ နေပါ ဆရာကြီး ”

“ ဆရာကြီးတို့က ရန်ကုန်ကြီးများ ကတောင် တစ်ညလုံး ကားစီးလာရ ၊ မြို့ က တစ်ဆင့်လည်း ကျုပ်တို့ ခပေါင်းကိုင်းကြီး အထိ ဆိုင်ကယ်စီးပြီး လိုက်ခဲ့ရ ဆိုတော့ ပင်ပန်းတာပေါ့ ခင်ဗျာ ။ ကား စီးရလို့ ပေါင်ကြောနဲ့ ခြေသလုံးကြော ညောင်း ၊ ဆိုင်ကယ် နောက်က ခွပြီး လိုက်ခဲ့ရတော့ ခါးနဲ့ကျော တောင့် ၊ နှစ်ရပ်ပေါင်း ဆိုတော့ ... ”

“ ......... ”

“ အဲ ကန်တော့ ကန်တော့ ၊ ဒီခြေမျက်စိခွက်က အကြောစုံ ထုံကြော ဆိုတော့ ၊ ဒါကြောင့် နည်းနည်းကျဉ် သွားတာပါ ။ မနာစေရပါဘူး ဆရာကြီး စိတ်ချ ။ ကျုပ်က လက်ဆ ကောင်းပါတယ် ။ ဆရာကြီးတို့ ဟောပြောပွဲ စီစဉ်ပေးတဲ့ ဆရာတော်ဘုရားကြီး ဆိုရင် ကျုပ်က ဥပုသ် သီတင်းနေ့တိုင်း ခြေဆုပ်လက်နယ် ဝတ်ပြုနေကျ ခင်ဗျာ ”

“ ......... ”

“ ဟုတ်ကဲ့ ၊ နားထောင်တာပေါ့ ခင်ဗျာ ။ နေ့လယ်က ဆရာကြီးတို့ ဟောသွားလိုက်တာများ အနှစ်အသားပါလှ ချည့်ဗျာ ။ ကျုပ်ဖြင့် ပြီးသွား မှာကို သမြော နေတော့တာ ။ ရှေ့ဆုံးက ထွက်တဲ့ ဆရာက လည်း သီချင်းကလေး ဆိုဆိုပြီး ပြောနေတဲ့ အကြောင်းနဲ့ သီချင်းကို ဟပ်ဟပ် သွားတော့ ကောင်းလိုက်သမှ ဆရာကြီးရယ် ။ အသံလည်း ကောင်း ၊ အဆိုကလည်း ကျပါ့ ။ ဒါပေမဲ့ အစအဆုံး မဟုတ်တော့ ဖပ်တငံ့ငံ့ရယ် ။ ဆရာ ကြီး ဟောသွားတာ ကလည်း ကောင်းလိုက်သမှ ၊ လွှတ်အဖိုး တန်တာပဲ ။ ဘာတဲ့ ၊ ဆရာကြီး ပြောတာ အမိနို့ဖိုး ဆိုတာ အဖိုးအခ ပြောတာ မဟုတ်ဘူး ။ အမိမေတ္တာရဲ့ တန်ဖိုးကို ပြောတာဆိုတဲ့ စကားက ကျုပ် နားထဲကို စွဲသွားတာပဲခင်ဗျာ ”

“ အဲ နည်းနည်းကလေး ကွေးလိုက် ဆရာကြီး ၊ ဟုတ်ပြီ ဟုတ်ပြီ ။ ဒီလောက်ဆို ရပြီ ။ ဒီလိုမှ တံကောက်ကြောကို ထိထိမိမိ ကိုင်လို့ ရတာခင်ဗျ ။ ဟောဒီ ခြေသလုံးမယ် တရိုး ဘေးနား ကပ်မြှောင်နေတဲ့ အကြောက ဒူလာကြောဆရာရဲ့ ။ ယောက်ျားသားတွေ အတွက် အဓိက အကြောပေါ့ ။ တံကောက်ကြောတွေနဲ့ တစ်ပြိုင်တည်း ဖြေမှ စနစ်ကျတာလို့ ကျုပ်ဆရာက ပြောထားတယ် ။ အဲ ခုနစကား ဘယ်ရောက် သွားပါလိမ့် ။ ဩ ... နို့ဖိုးကိစ္စ  ”

“ ဆရာကြီးပြောမှ နို့ ရည်ဆိုတာ မိခင်သွေးက ဖြစ်တာ ။ မိခင်မေတ္တာကြောင့် နီတဲ့ ၊ ညှီတဲ့သွေးက ဖြူဖွေး မွှေးကြိုင်လာတာလို့ သိရတော့ အမေ့ကျေးဇူးက ပိုပြီး ပေါ်လာတယ်ခင်ဗျ ။ အဲဒီ နို့အကြောင်း ဆရာ ပြောတော့လေ ၊ ကျုပ် ကိုယ်တွေ့နဲ့ ဒက်ထိကြီးကို တိုက်ဆိုင်ပြီး ကျုပ် မျက်စိထဲမှာ ဆရာကတော်ရဲ့ အဖြစ်ကို ပြေးပြီး မြင်ယောင်လာတော့ တယ် ခင် ဗျ ။ တကယ်ပါပဲ ဆရာကြီးရယ် ။ အခု ရှေ့မှာတင် လတ်လတ်ဆတ်ဆတ်ကြီး ကွက်ကွက်ကွင်းကွင်းကြီးကို မြင်မိတာ ခင်ဗျ ”

“ .......... ”

“ ဟုတ်ပါတယ် ဆရာကြီး ၊ ကျုပ် ကိုယ်တွေ့နဲ့ တိုက်ဆိုင်တယ် ဆိုတာက ၊ အင်း တော်တော် ထူးဆန်းတော့ လက်ငင်းမျက်မြင် မဟုတ်တဲ့ သူတွေက ယုံကြမှာ မှုတ်ဘူး ခင်ဗျ ။ ဆရာကြီးကို ပြောရင် လည်း ယုံချင်မှ ယုံမယ် ”

“ .......... ”

“ သြ ဟုတ်ကဲ့ ၊ နားထောင်ချင်သပ ဆိုလည်း ပြောပါမယ် ဆရာကြီး ။ ကျုပ်ကို ဒီ အကြောကိုင် အနှိပ်ပညာ သင်ပေးတဲ့ ဆရာက ဦးစိန်ခို တဲ့ ။ မန္တလေးမှာ ရဟန်းသုံးဝါရအောင် စာလိုက်ခဲ့ပြီး အကြီးတန်းအောင်လို့ ဓမ္မာစရိယတန်း တက်မယ့် ဆဲဆဲသားမှ သူ့ခမည်းတော်ကြီး ဆုံးသွားတော့ မအေ မုဆိုးမနဲ့ လူလား မမြောက်သေးတဲ့ နှမငယ်လေးရယ် မိန်းမသား နှစ်ယောက်တည်း ဆိုတော့ ဗျာများ နေလိမ့်မယ် ဆိုပြီး လူထွက် လာခဲ့တာပါ ။ ဆေးဝါးလည်း ဝါသနာပါလို့ မန္တလေးမှာ လိုက်စားခဲ့သ , ဆိုပဲ ။ ပြန်လာတော့ ဆေး ကျမ်းစာအုပ်တွေလည်း ပါ လာသ , ခင်ဗျ ”

“ .......... ”

“ မဟုတ်ဘူးဗျ ၊ ဆေးကုစားတာ မှုတ်ပါဘူး ။ တောလုပ် တောကိုင်ပေါ့ ဆရာကြီးရယ် ။ ကျုပ်တို့ ရွာက ဖျာ ၊ နှီး သက်ငယ် ၊ တောင်း ၊ ပလုံး အစလုပ်ကြတဲ့ ရွာဆိုတော့ ဆရာလည်း အဲသဟာပဲပေါ့ ။ ကျုပ်ဆရာက တောင်းရက်ပညာ လွှတ်တော်တာ ။ တင်းတောင်း ၊ ခွဲတောင်း ၊ စိတ်တောင်း ၊ ပြည်တောင်း များဆို စံကိုက်ခင်ဗျ ။ သမာဓိ နဲ့ ချင့်ကြည့်ဦး ။ တစ်စွန်းတစ် လက်ခုပ် မကွာစေရဘူး ။ တတ်တဲ့ ဗိန္ဒောပညာနဲ့လည်း စောင့်ရှောက်ပါတယ် ။ ဆရာ က လူပြန်တော်လည်း ဖြစ် ကာလသားဓလေ့နဲ့လည်း ကင်းလေတော့ အလွန် ဆေး လိုက်တယ်ခင်ဗျ ။ တောင်ပေါ်က သစ်တောရွာကလေး တွေနဲ့ ကျုပ်တို့ ခပေါင်းကိုင်းကြီး ရွာနီး ချုပ်စပ်အားလုံး သူ့ကိုပဲ အားကိုးကြရတာ ”

“ .......... ”

“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။ အဲဒီဆရာကတော် အကြောင်း ပြောမှာပါ ။ ဆရာက အသက် လေးဆယ်ကျော်တဲ့ အထိ အဲ သူ့နှမလေး အိမ်ထောင်ခွဲ သွားပြီး မယ်တော်ကြီး ဆုံးသွားတဲ့ အထိ လူပျိုကြီးခင်ဗျ ”

“ ကန်တော့ ကန်တော့ ဆရာကြီး ၊ ဟိုဘက်ခြေ ထောက်ကို ကိုင်မှာ ဆိုတော့ ကျော်သွားလိုက်မယ်နော် ။ အခု ကိုင်ထားတဲ့ ခြေထောက် ကို ကွေးထားချင်လည်း ရပါ တယ် ။ အကြောဖြေ ထားတာ ဆိုတော့ တရှိန်းရှိန်းနဲ့ အပူ ထွက်နေပါလိမ့်မယ် ။ အဲ ခုနင်က စကား ဘယ်နေရာ ပြတ်သွားပါလိမ့် ။ ဩ ဩ ကျုပ်ဆရာ မိန်းမရတဲ့ နေရာ ”

“ ကျုပ်ဆရာက လေးဆယ်ကျော်မှ လူပျိုကြီးဝဋ် ကျွတ်သွားတာဆို ၊ အကြော့ ကလည်း အပျိုကြီး ခင်ဗျ ။ ဆရာ့ထက် လေးနှစ်လောက် ငယ်သ , ဆိုတော့ လေးဆယ် မဲ့မဲ့ပေါ့ ”

“ .......... ”

“ ဟုတ်ကဲ့ ၊ နာမည်ရင်း က မလှကြော့တဲ့ ။ ဒါပေမဲ့ တစ်ရွာလုံးက အကြော့ပဲ ခေါ်ကြတယ် ။ သဘောကောင်း ၊ မနောကောင်းမို့ တစ်ရွာလုံးက ချစ်ခင်ကြလို့ အကြော့ ဖြစ်နေတာပါ ။ အဲ ဘယ်ရောက်သွားပါလိမ့် ”

“ .......... ”

“ ဩဩ ဟုတ်ပြီ ။ အကြော့က လေးဆယ်နား ကပ်လာတော့ သွေးဆုံးကိုင် သလိုလို ၊ မိန်းမရောဂါပေါ့ ဆရာကြီးရယ် ။ မမာမချာ ဖြစ်ပါလေရော ။ ကျုပ်ဆရာက ဆေးကုပေး ၊ နောက် ရောဂါ ပျောက် ။ အဲဒီနောက် မကြာတင်မှာ ယူဖြစ်ကြတာ ခင်ဗျ ။ ဖူးစာပေါ့ ဆရာကြီးရယ် ။ ကျုပ်တို့ တစ်ရွာလုံး ကလည်း ဝမ်းသာကြတယ် ။ လူပျိုကြီးလည်း ကံကောင်း ၊ အပျိုကြီးလည်း ကံကောင်းတာလို့ ပြောစမှတ် ပြုကြတဲ့ အထိပါ ”

“ ဒီလို လင်ကံ ၊ မယားကံ ကောင်းကြပေမဲ့ ရင်သွေးကံ ကျတော့ရင် မကောင်းကြရှာဘူး ဆရာကြီးရဲ့ ။ ကံဆိုးကြရှာတာပါခင်ဗျာ ”

“ .......... ”

“ မဟုတ်ဘူး ဆရာကြီး ၊ အိမ်ထောင်သက် သုံးနှစ်လောက် ကျတော့ ကလေးရကြတယ် ။ နတ်ပေးလို့ ရတာ ဆိုပြီး “ နတ်ပေး ” ၊ “ နတ်ပေး ” နဲ့ ။ ချစ်လိုက်ကြတာ လွန်ရော ။ အကြော့က ကန်တော့ပါရဲ့ ၊ သွေးဆုံးခါနီးမှာ မွေးတာဆို တော့ “ လူအို နောက်ကျသား ” ဆိုရ လောက်ပေမဲ့ တစ်တုံး တစ်ခဲနဲ့ လွှတ် သန်မာတဲ့ကလေး ”

“ .......... ”

“ ဟုတ်ပါ့ ဆရာကြီး ၊ ယောက်ျားလေးပါ ။ အဲဒီ နတ် ပေးလေးခမျာ ခုနစ်လသား ကျော်ကျော် “ သွားငုတ်တုတ် လူငုတ်တုတ် ” ဖြစ်ကာမှ အဖြစ်ဆိုးနဲ့ ဆုံးသွားရရှာ တယ် ”

“ .......... ”

“ အဖြစ်ဆိုး ဆိုတာက ဒီ လိုပါဆရာကြီး ။ မှတ်မှတ်ရရ တန်ဆောင်မုန်းလ မှာပေါ့ခင်ဗျာ ၊ ကျုပ်တို့ နှီးဝါးသမားတွေ အဖို့ တန်ဆောင်မုန်းဝါးက ပိုးလွတ်ပြီး နှီးထိုးလို့ အကောင်းဆုံး ဆိုတော့ သီတင်းကျွတ် ပြီးတာနဲ့ စားအိုးစားခွက် အစုံ အိမ်ရှိလူကုန် ဆိုသလို “ တောတက် ” ကြတယ် ။ “ ဝါးလောင်း ” ပေါက်ရအောင်ပေါ့ ခင်ဗျာ ။ တချို့တွေ ဆိုရင် “ အိမ်ကို ဆူးဆို့ ခွေးအို့အို့ ” နဲ့ သွားကြတာပ ။ ရိုးပေါ် ရောက်တဲ့အခါ တောင်ကြီးမြိတ် ဝါးတောမြိုင်တဲ့ နေရာမှာ တဲစုကလေးတွေနဲ့ သင့်ရာသင့်ရာ စခန်းဖွဲ့ နေကြတာလေ ။ ခဲကြီး ( ဂဲကြီး ) စခန်းတဲ့ ၊ ဒဟပ်ခုံ စခန်းတဲ့ ၊ သနတ်စမ်းစခန်းတဲ့ စသည်ဖြင့်ပေါ့ ။ ဒီတော့ရင် အကြော့ ၊ အဲလေ ဆရာကတော်က တဲတိုက်တွေကို ရက်ချန် တစ်ပတ် ဆိုသလို လိုက် ပြီး အခြောက်အခြမ်းလေးစ ၊ ငါးပိ ၊ ဆားပြားနဲ့ မုန့်ပဲသရေ စာအစ ဈေးရောင်းတယ်လေ ။ “ ကလေး ခါးထစ်ခွင် ခံတောင်း ခေါင်းတင် ” ပေါ့ ဆရာကြီး ”

“ .......... ”

“ ဒါပေါ့ ဆရာကြီးရဲ့ ၊ ကိုယ်ခွဲလက်ခွဲကလည်း မရှိ ၊ နို့ကလည်း မပြတ်သေး ဆိုတော့ ကလေးလည်း ခေါ် သွားရတာပ ခင်ဗျာ ။ ဖြစ်ချင်တော့ တစ်နေ့သား ဒဟပ်ခုံ တဲစုက မိညှက်တို့ တဲမှာ နားရင်း ကလေး အိပ်သခိုက် မကြာလောက်ပါဘူး ဆိုပြီး လျှိုတစ်မြောင် ခြားတဲ့ တဲစုကို ရစရာလေးတွေ တောင်းဖို့သွားသတဲ့ ။ လျှိုကအတက် တစ်ဖက် တဲဆီ မရောက်သေးဘူး ဒဟပ်ခုံဘက်က မီးခိုးတွေ တက်လာတာ မြင်သနဲ့ ပြန်ပြီး ပြေးတာပေါ့ ။ အကြော့ ရောက်တော့ မိညှက်တို့ တဲကို ဆရာကြီးရယ် မိညှက်တို့ တဲကို တောမီးက ဝါးနေပြီ ။ အဲဒီမှာတင် “နတ်ပေးရေ ၊ လူလေးရေ ၊ သားလေးရေနဲ့ အော်ရင်း မီးထဲကို ဝင်တာ ။ အနီးအနားက လူတွေ ကလည်း ရောက်သခိုက်နဲ့မို့ အတင်း ဆွဲထားလို့ မသေတာပါဗျာ ။ ဒါတောင် လက် မောင်းတစ်ဖက် ကိုယ်တစ်ခြမ်း မီးဟပ် ခံရသေးတယ် ”

“ .......... ”

“ ဟုတ်ကဲ့ ဆရာကြီး ကလေးက မီးထဲ ပါသွားရှာတယ် ။ တဲရှင်မိညှက် ကလည်း “ တောထိုင် ” သွားနေ သခိုက် ဝုန်းခနဲ ဖြစ်တာဆိုတော့ မတတ်နိုင်ခဲ့ဘူးခင်ဗျ ။ အကြော့ရယ်လေ မေ့မြောနေ ရာက သတိလည်း လည်လာ ရော စိတ်ဖောက် သွားရှာတယ် ။ သိပ်သနားဖို့ ကောင်းပါတယ်ဗျာ ”

“ .......... ”

“ မဟုတ်ဘူး ဆရာကြီး ၊ သွက်သွက်ခါလောက်တော့ မဆိုနိုင်လောက်ဘူး ။ ကြမ်း ကြမ်းတန်းတန်းမှ မဟုတ်ဘဲခင်ဗျာ ။ မျက်လုံးအကြောင် သားနဲ့ ငေးမိငေးရာ ငေးနေတာ ။ ဘယ်သူ့ကိုမှ မသိသလို မမှတ်မိသလိုကြီးနဲ့ စကား လုံးဝ မပြောတော့တာ ၊ ကလေးစုစု ရှိတဲ့ နေရာမှာ ငူငူငိုင်ငိုင်ကြီးနဲ့ ကျောက်ချပြီး ထိုင်နေတာ ဆရာကြီးရဲ့ ။ ကျုပ်ဆရာက ဒါမှမဟုတ် တစ်ယောက်ယောက်က အိမ် ပြန်ရအောင်ဆိုပြီး လက်ဆွဲ ခေါ်တော့လည်း မငြင်းမဆန် လိုက်လာပြန်ရော ။ တစ်ခု တော့ရှိတယ် ။ ကလေးနဲ့ ပတ်သက်လို့ ကတော့ အကြော့လို့ မထင်ရအောင်ကို ကြမ်းတော့ တာပဲခင်ဗျ ”

“ .......... ”

“ ဟုတ်ကဲ့ ၊ ကျုပ်အပြော လောသွားလို့ ဆရာကြီး မရှင်းဘဲ ဖြစ်သွားတာကိုး ။ အဲ ကန်တော့နော် ၊ ဘယ်ဘက် စောင်းလိုက်ပါ ဆရာကြီး ။ ညာဘက် ခြေထောက်က ဟို ဘက် ၊ ဟုတ်တယ် ဆရာကြီး အဲသလိုနေ ။ ဒါမှ ခါးကြောကို ကိုင်လို့ ကောင်းတာ ။ ပျောက်သွားမှာပါ ။ ဆရာကြီး ခါးနာနေတာ ယူပစ်သလို ဖြစ် သွားစေပါ့မယ် ။ ဘယ်ရောက် သွားပါလိမ့် ၊ ခုနင်ကပြောတာ ... အဲ ကျုပ် ပြောချင်တာက ဥပမာ ကလေး တစ်ယောက်ယောက် ငိုသံမကြားလိုက်နဲ့ လှစ်ခနဲဆို အကြော့က ရောက်သွားတော့တာ ၊ လဲလို့ပြိုလို့ ။ ထိမိခိုက်မိလို့ ငိုတာဆိုရင် ထူ ပွေ့ပွတ်သပ် ၊ ကြပ်ပူထိုး လုပ်ပေးတယ် ။ နှုတ်ကတော့ ချော့ခြင်း ၊ ပြုခြင်း မလုပ်ဘူး ပေါ့ ။ စကားမှ မပြောတော့တာကိုး ခင်ဗျ ။ ကလေးများ ကလည်း အကြော့မို့ ပွတ်သပ်ပေးရင် ချက်ချင်း အငိုတိတ် သဟာပဲ ။ အဲ ကလေးက နာနာကြည်းကြည်း အရိုက်ခံရလို့ ငိုတာ ဆိုရင်တော့ ပွဲကြမ်းပေါ့ခင်ဗျာ ။ သာဓက ပြောရရင် ကျုပ်တို့ သူကြီးသမီး အေးစိမ့် ဆိုတာ အလွန်စွာ ၊ အလွန်ထက် ၊ အလွန် လက်သွက်တဲ့ ဟာမ ၊ “ သူကြီး မကြောက်ရဘူး ၊ အေးစိမ့် ကြောက်ရတယ် ” လို့တောင် ပြောစမှတ် ပြုရတဲ့ အထိ ခင်ဗျ ။ အဲ တစ်နေ့သားမှာ ဘာ့ကြောင့်လဲ မသိပါဘူး ၊ အေးစိမ့်ရယ် သူ့သားကို ဝါးခြမ်းပြားနဲ့ တဖြန်းဖြန်း ရိုက်နေတာ ကလေးကလည်း အော် အော်ငို ၊ အေးစိမ့်က တိတ်စမ်း ၊ တိတ်စမ်း ဆိုပြီး ထပ်ရိုက် ၊ အဲဒီ အချိန်မှာ အကြော့ရယ် ဘယ်ကနေ ဘယ်လို ရောက်လာတယ် မသိ အေးစိမ့်ကို နောက်ကနေ ဆံပင်ဆွဲပြီး ပါးတွေနားတွေ ရိုက်လိုက်တာလေ ၊ “ နင့်သား မဟုတ်ဘူးလား ၊ နင်မွေးထားတာမဟုတ်ဘူးလား ” ဆိုဆို ပြီးတော့ ဆရာကြီးရဲ့ ။ နတ်ပေးလေး ဆုံးသွားပြီး နှစ်နှစ် ကျော်ကျော်လောက် အတွင်းမှာ အဲဒီတစ်ခါ သူစကားပြော တာ ကြားရတာ ခင်ဗျ ။ အဦးဆုံးပါပဲ ”

“ .......... ”

“ ကုတာပေါ့ ဆရာကြီးရယ် ၊ တခြားဒေသက ဆေးဆရာတွေလည်း ပင့်ပြီးကုတာပေါ့ ၊ ဒါပေမဲ့ မရပါဘူး ခင်ဗျာ ။ ကျုပ်ဆရာ ပြောတာကတော့ အပူလုံးက ရင်ကို တက်ပြီးဆောင့်လို့ နှလုံးသွေး နောက်သွားတာတဲ့ ။ ပြီးတော့ သည်းခြေလည်း ပျက်သွားတာတဲ့ ခင်ဗျ ”

“ .......... ”

“ နို့ကိစ္စ ၊ ဟုတ်ကဲ့ ဆရာကြီး ၊ ကျုပ် ပြောလိုရင်းက အဲဒီ နို့ကိစ္စပါဆရာကြီး ။ ဇာတ်ကြောင်း လည်အောင်လို့ ခုန ပြောခဲ့တဲ့ ကိစ္စကို ဇာတ် ကြောင်းခံတာပါ ။ ရောက်ပါ တော့မယ် ဆရာကြီး ။ အဲ နေ ပါဦး ၊ ကျုပ်က အခု ၆ဝ ထဲ မှာ အကြော့က ကျုပ်ထက် ၁ နှစ်ငယ်တော့ ခု ရှိနေရင် ၅၉ နှစ် ။ ဆုံးတာ ၃ နှစ်ရှိပြီ ဆိုတော့ ဆုံးချိန်မှာ ၅၆ နှစ် ၊ မဆုံးခင် ၁ နှစ်လောက်က ဖြစ်တာဆိုတော့ ၅၅ နှစ် အရွယ်မှာပေါ့ ။ ဟုတ်ပြီ ဆရာကြီး အကြော့ ၅၅ နှစ် လောက်မှာဖြစ်တာ ”

“ .......... ”

“ ဟုတ်ကဲ့ ၊ ဆုံးရှာပါပြီ ။ ဒါကို နောက်မှ ပြောမယ် ။ နို့ အကြောင်း အရင် ပြောပါ့မယ် ။ ဒီလိုခင်ဗျ ။ အကြော့တို့ အိမ်မှာ မွေးထားတဲ့ ခွေးမလေးရယ် ပိုးထိတာလား ၊ ပြောင်းပိုးတောက်တာလား မသိဘူး ။ တစ်ညနေချမ်းမှာ သေပါလေရော ။ ခွေးမက သားကျပြီးတာ မကြာသေးတော့ ခွေးပေါက်စလေး ၃ ကောင် ကျန်ခဲ့ပါတယ် ။ အဲဒီ ည ခွေးလေးတွေက နို့ဆာလို့ နေမှာပေါ့ ဆရာကြီးရယ် ၊ ညဦးပိုင်းမှာ တအီအီ ၊ တအိုင်အိုင်နဲ့ ရှိနေကြရာက သက်ကြီးခေါင်းချချိန်လောက်ကျတော့ ငြိမ်ကုန်သတဲ့ ။ ကျုပ် ဆရာက ခွေးလေးတွေ သေများကုန်ပြီလားလို့ သွားကြည့်လိုက်တော့ လားလား အကြော့ ရင်ခွင်ထဲမှာ အိပ်ကြလို့တဲ့ ။ အဲဒီတုန်းကတော့ ကျုပ်ဆရာက အကြောင်းရင်း မသိသေးဘူးလေ ။ မိုးလင်းခါမှ အကြောင်း သိရပြီး ဆရာလည်း တအံ့တသြ ဖြစ်ရတာပေါ့ ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲခင်ဗျာ ၊ ကျုပ်က အဲဒီမနက်စောမှ ကောက်ညှင်းပေါင်းတာနဲ့ ဆရာတို့ စားရအောင် သွားပို့လေတော့ ကျုပ်လည်း ဆရာနဲ့အတူ အံ့သြရတော့သပေါ့ ။ ကျုပ် မျက်စိ ကျုပ်တောင် မယုံပါဘူး ဆရာကြီးရယ် ။ ပြောရစေတော့ ကန်တော့နော်  ။အသက် ၅၅ နှစ်အရွယ် ပိန်ပိန်ပါးပါး အကြော့ရဲ့ နို့ အုံကြီးတွေ အဲလေ ရင်သားးတွေက ဆရာကြီးရယ် ၂၀ ကျော်အစိတ် အရွယ်ကောင်းတဲ့ လုံးကြီးပေါက်လှ သားသည် မအေ အတိုင်းပဲ ခင်ဗျာ ။ ဖောင်းလို့ ၊ တင်းလို့ ၊ ကားလို့ ။ ခွေးပေါက်စ နှစ်ကောင်က နို့တစ်ဖက်စီကို တပြွတ်ပြွတ် စို့ကြလို့ ။ တစ်ကောင်က ပေါင်ခွင်ထဲမှာ အိပ်လို့ ဆရာကြီးရဲ့ ”

“ .......... ”

“ ကျမ်းအဆူဆူ စူးရစေရဲ့ ဆရာကြီးရယ် ။ ကျုပ် လည်း မျက်မြင်မို့လို့သာရယ် ၊ သို့မို့ဆို ယုံဖို့ဝေး ။ ကျုပ် ဆရာက ဘာပြောသလဲ သိလား ၊ “ မောင်ဖိုးဉာဏ် တဲ့ ။ အဲဒါ .. မိခင်စိတ်ကြောင့် ဖြစ်တာတဲ့ ။ မင်း ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ ” တဲ့ ။ ကျုပ်လည်း ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး ။ နို့မို့ဆို တစ်ရွာလုံး တဝုန်းဝုန်းနဲ့ လာကြည့်ကြမှာ ။ အခု ဆရာကြီးကို ပြောတာ ပထမဆုံးပါ ”

“ .......... ”

“ ဟုတ်ကဲ့ ဆရာကြီး ၊ ခွေးကလေးသုံးကောင် စား ခွက်နှိုက်တတ်သည် အထိ အကြော့က အိမ်ဝန်းထဲက အိမ်ပြင် မထွက်ဘူး ။ လေးငါး ခြောက်လလောက် လူလားမြောက် ၊ အဲလေ ခွေးလားမြောက်တဲ့ အထိ တိုက်တာ ခင်ဗျ ။ ကျုပ်က ဆရာ့အိမ်ကို နေ့တိုင်းရောက်တာ ဆိုတော့ ကိုယ်တွေ့ မျက်မြင်ပါ ”

“ .......... ”

“ မှန်သပေါ့ ဆရာကြီးရယ် ။ ခွေးကလေးတွေလည်း နို့ပြတ်သွားရော အကြော့ လည်း ပုန်းမကြည်ရှင်မ ပြန်ဖြစ်သွားတာပေါ့ဗျာ ”

“ .......... ”

“ သြ ၊ ဆရာကြီးက ဒါကို မသိဘူးလား ။ “ ပုန်းမကြည်ရှင်မ ၊ နို့ပျဉ်း ၉ တောင်ကျ ” ဆိုတာလေ ဟဲ ဟဲ ဟဲ ”

“ .......... ”

“ ဟုတ်ကဲ့ဆရာကြီး ၊ အကြော့ ဆုံးသွားရှာတာ ၃ နှစ်ကျော်ပဲ ရှိပါသေးတယ် ။ ငှက်ဖျားလို့ပဲ ပြောရမှာပေါ့  ။ ကျုပ်တို့က တောင်ကြီးမြိတ် တောရိပ်ကြီးတဲ့ အရပ်မှာ နေကြရတာဆိုတော့ ဘယ်သူမှ ငှက်နဲ့ မကင်းကြပါဘူး ။ ကိုယ်ခံအား ကောင်းသူတွေ အဖို့တော့ အာဂန္တုဖျား သဘောမျိုး ဖြစ်ပေမဲ့ အကြော့က စိတ်ဝေဒနာသည် မဟုတ်လား ဆရာကြီးရယ် ။ အအိပ်မမှန် ၊ အစား မမှန်ရတဲ့ အထဲ ခွေးလေးတွေကို နို့တိုက်ရလို့ သွေးအားနည်းပြီး ကျုံကျုံလာနေသူ ဆိုတော့ ငှက်ဒဏ် မခံနိုင်ရှာဘူးလေ ။ ကျုပ်ဆရာက အရိပ် တကြည့်ကြည့်နဲ့ စောင့်ရှောက်ပါတယ် ။ ဝဋ်ကျွတ် ကံကုန်ချိန် ရောက်နေတော့ မရဘူးပေါ့ ဆရာကြီး ”

“ .......... ”

“ ဟုတ်ကဲ့ ၊ ရှိပါသေးတယ် ။ တောင်ပေါ်မှာပဲ နေတယ် ။ အကြော့ကို ရက်လည်ဆွမ်းလည်း ချပြီးရော သူ့ဝိုင်းရော ၊ အိမ်ရော ရွာ ဘုံဇရပ်အဖြစ် သုံးပါလို့ ခု ဆရာတော်ကြီးကို လှူလိုက်ပြီး သင်္ကန်းဟောင်း နှစ်စုံ စွန့်ပါလို့ လျှောက်တယ် ။ ပြီးတော့ နဝင်္ဂ သီလခံပြီး ရသေ့ဝတ်နဲ့ နေတော့တာပါပဲ ဆရာကြီး ”

“ .......... ”

“ ဟုတ်ကဲ့ ၊ ဒါ့ကြောင့် ကျုပ်စကားခံခဲ့ပါ သကော ဆရာကြီးရယ် ။ ပြောရင် ယုံမှာ မှုတ်ဘူးလို့လေ ။ ဆရာကြီးက ပြောပါ ဆိုသမို့သာ ပြောရတာပါ ။ နို့ပြီး ... ဆရာကြီးဟောတဲ့ အထဲက မိခင်စိတ်ကြောင့် နီတဲ့ ၊ ညှီတဲ့ သွေးက နေပြီး ဖြူဖွေးချိုမွှေးတဲ့ နို့ရည်ဖြစ်လာတယ် ဆိုတာက ကျုပ် ဆရာ ပြောတာနဲ့ တစ်ထပ်တည်း ကျနေသဟာရယ် ။ အကြော့ရဲ့ မိခင်စိတ်ကြီးပုံကို ပြန်ပြီး မြင်ယောင် နေတာရယ်ကြောင့် အခုလို ပြောပြတာပါခင်ဗျာ ။ တစ်လက်စတည်းပေါ့ ဆရာကြီးရယ် ။ ဒီအဖြစ်ကို ဆရာကြီး ယုံသော်ရှိ ၊ မယုံသော်ရှိ နောင်များ တစ်မြို့တစ်ရွာမှာ အခုလို အမေနေ့ ဟောပြောပွဲမျိုး ကြုံရင် ကျုပ် ဆရာကတော် အကြော့ ကို ဂုဏ်တင်တဲ့ အနေနဲ့ ထည့် ပြောစေချင်ပါတယ် ။ ဆရာကြီး ပြောတာ မယုံပါဘူး ၊ မဖြစ်နိုင်ပါဘူးလို့ ပြောတဲ့သူ ရှိရင် “ ခပေါင်းကိုင်းကြီး က သာဉာဏ် ကို သွားပြီး ကျမ်းတိုက်မေး ” ဆိုပြီး လွှတ်လိုက်စမ်းပါခင်ဗျာ ။ အခု တရားရုံးတော်တွေမှာ ရှိတဲ့ ကျမ်းထုပ်သာ မဟုတ်ပါဘူး ၊ ပုဂံညှပ်ကြီးဘုရားက ကျမ်းပဲဖြစ်ဖြစ် ၊ ဝါရီရူကျမ်းတို့ ၊ ရွှေသိမ်တော်ကျမ်းတို့ ဆိုသဟာပဲ ဖြစ်ဖြစ် ယူလာခဲ့စမ်းပါစေ ၊ ကျုပ် ဖိုးသာဉာဏ်က ကျမ်း အဖုံဖုံကို စုံကိုင်ပြီး ပြောလိုက်ပါ့မယ် ”

“ .......... ”

“ ကဲ ကဲ ဆရာကြီး ၊ ကျောမြောင်ကြောနဲ့ ခါးကြော ကိုင်ရအောင် ၊ အားလျား မှောက်လိုက်ပါ ဆရာကြီး ။ ကန်တော့ ကန်တော့ လက်ပြင်နဲ့ ဇက်ကြောကိုပါ ကိုင်မယ်နော် ”

⎕ မင်းမြင့်ဇင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၄ ၊ မေ

No comments:

Post a Comment