Sunday, August 3, 2025

မေတ္တာမိုးတွေ ရွာလို့နေ


 

❝ မေတ္တာမိုးတွေ ရွာလို့နေ ❞

ဖြူးမြို့နယ် ၊ ကညွတ်ကွင်းမြို့ကို ကျွန်တော်ရောက်တော့ ညနေစောင်းနေပြီ ။ တည်းရမှာက အငြိမ်းစား ကျောင်းဆရာကြီး ဦးတင်စိန်ရဲ့အိမ် ။ တည်းခိုမယ့် အိမ်ရှိရာ လမ်းထဲကို ကားချိုးကွေ့ပြီး ဝင်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းထိပ် ရုံးခန်းဖွင့်ပွဲက ဖွင့်နေတဲ့သီချင်းသံတွေက ထက်ကြပ်မကွာ ပါလာဆဲ ။

သီချင်းက တက်ကြွတဲ့အားမာန်နဲ့ အခက်အခဲတွေထဲက ရုန်းထွက်ကြမယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ် ။

ဦးတင်စိန်ရဲ့ အိမ်က ပျဉ်ထောင်အိမ်ကြီးပါ ။ အိမ်အောက်ထပ်က စားပွဲမှာ ရေနွေးကြမ်းသောက်ရင်း ကျွန်တော်တို့ စကားစမြည် ပြောကြတယ် ။

အငြိမ်းစားကျောင်းဆရာဦးတင်စိန်က သူ ဆယ်တန်း အောင်ပြီးနောက် သဲကုန်း ဆရာအတတ်သင်ကျောင်း ၊ မော်လမြိုင် ဆရာအတတ်သင်ကျောင်းတွေ တက်ပုံ ၊ ပဲနွယ်ကုန်း ၊ တောကျွဲအင်း ၊ ကညွတ်ကွင်းတို့မှာ ၁၈ နှစ်လောက် ကျောင်းဆရာလုပ်ခဲ့ပြီး အငြိမ်းစားယူဖို့ ဆုံးဖြတ်ခဲ့ပုံကို ပြောပြတယ် ။

“ သားသမီးတွေက အရွယ် ရောက်လာပြီ ။ ရတဲ့ လခနဲ့က မလောက်ငဘူး ။ ကျွန်တော်တို့ အထက်က ဆရာကြီးတွေ ဆိုရင် သူတို့ သားသမီးတွေ အရေး နေ့တိုင်း နေ့တိုင်း သက်ပြင်းချ နေကြရတာ ။ သူတို့ ဖြစ်သလို ကိုယ်လည်း တစ်နေ့ ဒီလို ဖြစ်တော့မှာပဲလို့ ကြိုတွက်တယ် ။ တွက်လိုက်ပြီးတော့ အငြိမ်းစားယူမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ် ”

ကျွန်တော်က သူ့မိသားစုအကြောင်း မေးပါတယ် ။

“ ဇနီးကလည်း ကျောင်းဆရာမပါပဲ ၊ ဒေါ်ယဉ်မေ ”

“ ဆရာပင်စင်ယူတော့ သူက in service ( ကျောင်းဆရာမ အဖြစ် တာဝန်ထမ်းဆောင် ) နေခဲ့တာပဲလား ”

“ ၁၉၈၇ မှာ ပင်စင်ယူတော့ ဇနီးက ဝန်ထမ်းအဖြစ်နေခဲ့တာ ”

“ သားသမီး ဘယ်နှယောက် ရပြီလဲ ”

“ လေးယောက် ”

“ ပင်စင်ယူပြီးတော့ ဘာစီးပွားရေးလုပ်ငန်း လုပ်သလဲ ဆရာ ”

“ ဒီ ( ကညွတ်ကွင်းမြို့ ) မှာ စာအုပ်နဲ့ စာရေးကိရိယာဆိုင် မရှိသေးဘူး ။ ကိုယ်က ကျောင်းဆရာ ဖြစ်တော့ ဒီလိုင်းကို လုပ်ရင်ဖြစ်မယ် ။ ကျွန်တော့်ရဲ့ အလယ်တန်းပြဆရာ လခက လေးရာ့ငါးဆယ် ( ကျပ် ၄၅ဝ ) ရတယ် ။ ပင်စင် မယူခင် နွေကျောင်းနှစ်လ ပိတ်တုန်း ကျွန်တော် ဈေးထွက် ရောင်းကြည့်လိုက်တယ် ။ ဆိုင်တစ်ဆိုင် ငှားပြီး ဈေးရောင်း ကြည့်တော့ နံနက်ခင်းတင်ပဲ အမြတ် ခုနစ်ကျပ် ရတယ် ။ နေ့ခင်းလောက်ရောက်တော့ ဆယ့်ငါးကျပ် ကျော်သွားပြီ ။ တစ်နေကုန်ဆို နှစ်ဆယ် ( ကျပ် ၂၀ ) ကျော် ရတယ် ။ ဒါဆို ငါ ထွက်ပျော်ပြီလို့ ဆုံးဖြတ်လိုက်တယ် ”

ဆရာဦးတင်စိန်က ပြောရင်း ရယ်တယ် ။

“ ကျောင်းအုပ် ဆရာမကြီးဆီ ခွင့်တောင်းပြီး ၁၉၈၇ မှာ ကျွန်တော် ပင်စင်ယူလိုက်တယ် ။ နာမကျန်းပင်စင်ပေါ့ ”

“ အရင်းအနှီးက ဘယ်ကရလဲ ”

“ သိပ်များများ မရှိဘူး ၊ လစာထဲက စုဆောင်းထားတဲ့ ပိုက်ဆံလေးပဲ ရှိတာ ။ တစ်နည်းအားဖြင့် ပြောရရင် ခေါင်းရွက်ဗျပ်ထိုးသာသာနဲ့ စခဲ့ရတာပါ ။ နောက်ပိုင်း ပင်စင်ကရတဲ့ လုပ်သက်ဆုတွေ ဘာတွေနဲ့ ရင်းနှီးပြီး ဆက်လုပ်တာ ”

“ ဆိုင်နာမည် ကျတော့ကော ”

“ သင်္ဂဟစတိုး ၊ အဲဒီလို ဖွင့်ပြီး သားသမီးတွေကို ကျောင်းထားတယ် ။ အဲဒီမှာ ကျွန်တော် ဘာတွက်သလဲ ဆိုတော့ သားသမီးတွေကို ပြုစုပျိုးထောင်မှ ဖြစ်မယ် ။ ထူးချွန်မှ မျိုးဆက်ကောင်းရမယ်လို့ ကျွန်တော်တွေးပြီး မူလတန်းကနေ စပြီး ကျွန်တော်နဲ့ ကျွန်တော့်မိန်းမပါ သူတို့ကို အိမ်မှာ စာပြပေးကြတယ် ။ လိမ္မာအောင် သွန်သင်တယ် ။ ကျွန်တော့် သားကြီးဆိုရင် နှစ်တိုင်း ကိုးတန်းထိ ပထမချည်း ရတယ် ”

ညနေခင်း နေခြည်နုက အနောက်ဘက် ပြတင်းဝက အိမ်ထဲကို ဝင်လာတယ် ။ ဦးတင်စိန်ရဲ့မျက်နှာပေါ်မှာ နေရောင်ကျနေတယ် ။ သူ့မျက်နှာက နေရောင်မှာ ပီတိနဲ့ ကျေနပ်ပုံက သိသိသာသာ ပေါ်လွင်နေပါတယ် ။

“ သားကြီး ၊ သမီးကြီး ၊ သားငယ် ၊ သမီးငယ် ၊ သားနှစ်ယောက် သမီးနှစ်ယောက် ၊ သူတို့ကို ပျိုးထောင်တယ် ၊ သားကြီး ဆယ်တန်းရောက်တော့ ကျွန်တော်လေ့လာတယ် ၊ ပဲခူး အထက ၃ က စည်းကမ်းစနစ်ကောင်းတယ် ၊ သူ့ကို အမှတ် ၃ ကျောင်း ရွှေ့ထားတယ် ”

“ ကလေး နေတာထိုင်တာကော ”

“ ဘုန်းကြီးကျောင်း မှာပဲနေတာ ။ သူ ဆယ်တန်း အောင်တော့ အမှတ်ကောင်းတယ် ။ စက်မှု တက်ခိုင်းတယ် ။ ကလေးတွေက တစ်ယောက် ဆယ်တန်း အောင်တာနဲ့ နောက်တစ်ယောက်က ကိုးတန်း တက်လာရော ။ တစ်ယောက်ပြီး တစ်ယောက် ဆယ်တန်းကို ရောက်လာကြတော့ ကျွန်တော်စဉ်းစားရပြီ ”

ဦးတင်စိန်က ပြောလက်စ စကားကို ခဏရပ်တယ် ။ ကျွန်တော်က သူဝတ်စားဆင်ယင်ပုံကို အသေးစိတ် လေ့လာကြည့်မိတယ် ။ ဆင်စွယ်ရောင် ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ထားတယ် ။ ရွှေဆွဲကြိုး ဆွဲထားတာ တစ်ပိုင်းတစ်စ မြင်ရတယ် ။ လက်နှစ်ဖက်လုံးက လက်သူကြွယ်မှာ လက်စွပ်တွေ ဝတ်ထားပါတယ် ။ ဦးတင်စိန်က စကားဆက်ပြောပါတယ် ။

“ အပင်တစ်ပင် ရှင်သန်ဖို့ မြေသြဇာ လိုတယ် ။ မြေသြဇာ ကောင်းကောင်း ကျွေးနိုင်ရင် အသီးကောင်း ၊ အပွင့်ကောင်း ရတာပဲ ။ ဒါကြောင့် အောင်မြင်လာတဲ့ စာရေးကိရိယာ အရောင်းဆိုင်ကြီးကို ရောင်းပစ်လိုက်ပြီး ကလေးတွေကို ရန်ကုန်ပို့ ၊ ကျောင်းထားတယ် ”

“ ဆရာ့ စီးပွားရေး ကျတော့ကော ”

“ ဆိုင်သေးသေး ထပ်လုပ်တယ် ၊ ဖောက်သည်တွေက ရှိနေပြီ ၊ ဆိုင်အကြီးကြီး မလိုတော့ဘူး ၊ သစ်သားထရံကာဆိုင်နဲ့လည်း လာမှာပဲ ၊ ဒါကြောင့် ဆိုင်ကြီး ရောင်းပြီး ကလေးတွေ ကျောင်းထားတာ ၊ ရန်ကုန်မှာ သူတို့ကို နေတတ်ထိုင်တတ်အောင် ရှစ်တန်းနှစ် ကတည်းက စပို့တာ ”

“ သူတို့နေတော့ .. ”

“ ဆွေမျိုးတွေဆီမှာ ထားတာ ၊ အဲဒီလို တစ်ယောက်ပြီး တစ်ယောက် ပို့ပေးတာ ၊ နောက်ဆုံးတော့ ကျွန်တော်တို့ လင်မယား နှစ်ယောက်ပဲ ကျန်ခဲ့တာပေါ့ ”

ဦးတင်စိန် ပြောရင်း ရယ်တယ် ။

“ ပြောရလို့ရှိရင် အားလုံး ဘွဲ့ရသွားပြီ ”

ဦးတင်စိန်က သူ့ သားသမီးတွေ ဘယ်သူက ဘယ်မှာ ဘာတွေလုပ်ကိုင်နေကြတယ် ဆိုတာ ပြောပြပါတယ် ။ ပြီးတော့ သူ ရန်ကုန်မှာ အိမ်ဝယ်ဖြစ်ပုံ ၊ ကလေးတွေကို ရန်ကုန်မှာ ထားပုံတွေ ဆက်ပြောတယ် ။

“ ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ အတွက် ပညာတတ်တွေများဖို့ လိုတယ်လို့ ကျွန်တော်တို့ မြင်လာတယ် ။ ဒါကြောင့် ကညွတ်ကွင်းမှာ ပထမဆုံး အနေနဲ့ အင်္ဂလိပ်စာသင်တန်း ဖွင့်တယ် ။ ရောင်နီဦးကုမ္ပဏီက ဦးအောင်ဝင်းရဲ့သူငယ်ချင်းက အိုင်အယ်လ်ဘီစီ ကျောင်းက ဦးတင်မောင်ဝင်း ၊ သူတို့ အကူအညီနဲ့ ၂၀၀၅ ခုနှစ်မှာ အင်္ဂလိပ်စာ သင်တန်းတွေ စဖွင့်ကြတယ် ”

ဦးတင်စိန်ရဲ့ ပုံစံက တက်တက်ကြွကြွ ရှိလှတယ် ။

“ ကျွန်တော်တို့ ဒေသက ကွန်ပျူတာတောင် ကောင်းကောင်း မြင်ဖူးကြတာ မဟုတ်ဘူး ။ ဒါနဲ့ ကိုအောင်ဝင်းက ကွန်ပျူတာ ဆယ်လုံးလောက် ရန်ကုန် ကနေ လှမ်းပို့ပေးတယ် ။ တတ်တဲ့ ဆရာတွေလည်း ပို့ပေးတယ် ။ ကျွန်တော်တို့ ဒေသမှာ ကျောင်းသားအားလုံး ၃ဝဝ လောက် အခြေခံကွန်ပျူတာ သင်ပေးနိုင်ခဲ့တယ် ။ ညပိုင်းဆိုရင် ကျောင်းဆရာ ဆရာမတွေကို အခမဲ့ သင်ပေးတယ် ။ ဘယ်သူမဆို အခမဲ့လာတက် ”

ဒေသတစ်ခုမှာ စိတ်ကောင်း ၊ စေတနာကောင်း ရှိသူတွေ လိုအပ်တာပဲလို့ သူပြောတာ နားထောင်ရင်း ကျွန်တော်က တွေးနေမိပါတယ် ။

“ ဘုန်းကြီးတွေလည်း ညပိုင်းမှာ တက်နိုင်တယ် ၊ ပညာရည်မြှင့်တင်မှု ကော်မတီကို ဖွဲ့ပြီး တက္ကသိုလ် မတက်နိုင်တဲ့ ကလေးတွေ ကျောင်းထား ပေးတာပါ ဆက်လုပ်ကြတယ် ”

“ ရန်ပုံငွေ ဘယ်ကရသလဲ ”

“ လှူကြတယ် ၊ ၂၀၀၅ ကစတာ တဖြည်းဖြည်း တိုးတိုးပြီး ရလာတယ် ၊ အဲဒီမှာ ဘာထပ် တွေ့သလဲဆိုတော့ တက္ကသိုလ် တက်တဲ့ ကလေးတွေထဲမှာ ဆရာဝန် ဆရာမ နည်းနေတယ် ၊ ကလေးတွေ အရည်အချင်းမြှင့်ပေးမှ ဖြစ်တော့မယ်ဆိုပြီး အောင်ချက်မြင့်မားအောင် သင်တန်းထပ်ဖွင့်တယ် ”

“ ဘယ်သူတွေက သင်သလဲ ”

“ အိုင်အယ်လ်ဘီစီ ဦးတင်မောင်ဝင်းရဲ့အကူအညီနဲ့ တက္ကသိုလ်က ပါမောက္ခ ဆရာကြီးတွေ ၊ ဆရာမကြီးတွေက စနေ ၊ တနင်္ဂနွေ လာသင်တာ ၊ ပထမနှစ်မှာပဲ ကျွန်တော်တို့ဆီက လေးဘာသာဂုဏ်ထူး ၊ ငါးဘာသာဂုဏ်ထူးတွေ ထွက်လာတာ ”

“ အားရစရာပဲ ”

“ အဲဒီမှာ ဆေးတက္ကသိုလ် တက်နိုင်တဲ့ ကျောင်းသား နှစ်ယောက် ပေါ် လာတယ် ၊ နောက်နှစ်မှာ ကိုးတန်းက စပြီး အဲဒီသင်တန်း ပေးတယ် ၊ အခြေခံရအောင်လို့ ။ နောက်နှစ်ကျ တစ်နှစ်တည်းနဲ့ ဆေးကျောင်း တက်နိုင်တဲ့သူ ငါးယောက်လောက် ထွက်လာရော ၊ သင်တန်းတွေ ဆက်ဆက် ပေးကြတယ် ၊ ဖြူး ၊ ဇေယျဝတီ လည်း သွားဖွင့်ပေးတော့ အောင်ချက်တွေ တိုးတက်လာတယ် ”

ဆရာဦးတင်စိန်က သူတို့အဖွဲ့ လုပ်ခဲ့ပုံ ဓာတ်ပုံမှတ်တမ်း စာအုပ်ပြတယ် ။ ကျေးလက်တောရွာတွေအထိ သူတို့ သွားပြီး လုပ်ကိုင်ပေးနေတဲ့ ပုံတွေ လည်း တွေ့တယ် ။ တစ်နေရာမှာတော့ မအူပင်မြို့နယ် ထနီးရွာမှာ စာသင်ကျောင်း ဆောက်ပေးနေတဲ့ပုံတွေ့လို့ ကျွန်တော် မေးမြန်းကြည့်တယ် ။

“ နာဂစ်ဖြစ်တော့ ဧရာဝတီတိုင်းဒေသကြီးကို ကျွန်တော် ဆင်းသွားတယ် ။ အဖွဲ့ကို ကိုယ်စားပြုပြီး သွားတာ မဟုတ်ဘူး ။ ကျွန်တော့်ဟာ ကျွန်တော်သွားတာ ။ အခြားသူတွေ အရောက်အပေါက် နည်းတဲ့ ရွာတွေဘက်ကို ကျွန်တော် သွားတယ် ။ ထနီးရွာ ဥက္ကဋ္ဌ ဆိုပါတော့ ။ သူက သူတို့ အခြေအနေ ပြောပြတယ် ။ မြစ်ကမ်းနားမှာ ကလေးတွေ ၂ဝဝ လောက်ရှိတယ် ။ အိမ်တွေပျက်ပြီး ကျောင်းမနေရဘူး ။ စာသင်ကျောင်းလည်း အမိုးတွေ လန်လို့ ”

နာဂစ်မုန်တိုင်း တိုက်ပြီးခါစက ကျွန်တော်ကိုယ်တိုင်လည်း ဧရာဝတီတိုင်း ဒေသကြီးကို ရောက်ခဲ့တာမို့ သူ ပြောပြတဲ့ မြင်ကွင်းမျိုးကို မျက်စိထဲမှာ ပြန်မြင်ပါတယ် ။ လူနေအိမ်တွေကလည်း ပြိုလဲပျက်စီးပြီး မြေပြင်မှာ ပြားပြားဝပ် ၊ စာသင်ကျောင်းတွေကလည်း လေမွှေလို့ အမိုးမရှိ ၊ အကာမရှိ ။

“ ဥက္ကဋ္ဌက ကျွန်တော့်ကို ကူညီနိုင်ရင် ကူညီပါလို့ ပြောတယ် ။ ကျွန်တော် ကလည်း ကူညီချင်လို့ လာတာပဲ ။ ဒါပေမဲ့ ဘယ်လို ကူညီရမလဲတော့ မသိသေးဘူး ။ ကျွန်တော် တစ်ညအိပ် လိုက်ပြီး စာရင်းတွေ ကောက်တယ် ။ စာရင်းဇယား အချက်အလက်တွေ ရန်ကုန်ယူသွားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ဒီလူတွေဖြင့် ဒီလို ဒုက္ခရောက်နေပြီ ဆိုပြီး အစီရင်ခံစာ တင်ပေးလိုက်တယ် ”

အကူအညီ ရပါ့မလား ။ ကျွန်တော့် စိတ်မှာ ထိတ်နေမိတယ် ။

“ ကံကောင်းချင်တော့ အင်န်ဂျီအိုအဖွဲ့တွေ ဆင်းလာတာနဲ့ ချိတ်မိသွားတယ် ။ စင်ကာပူအဖွဲ့က ရွာက ကလေးတွေ အားလုံးကို ကျောင်းထားပေးတယ် ”

“ ဝန်ကြီးဌာနက တစ်ဆင့်လား ”

“ ဟုတ်တယ် ၊ ဒုတိယ အသုတ်ကလည်း လာပြန်ရော ၊ ကျောင်းဆောက်ဖို့ ကူတယ် ၊ အဲဒီသတင်းက တွံတေးဘက် ရောက်သွားပြီး ကျွန်တော့်ကို ဖိတ်ပြန်ရော ၊ ဒါနဲ့ ကျွန်တော်နဲ့ ကျွန်တော့် အမျိုးသမီးတို့ သွားကြပြန်ရော ၊ စာရင်းတွေ ကောက်ပြီး သူတို့ကို ကိုယ်တိုင်တက် ၊ ကိုယ်တိုင်ပြောလို့ လမ်းညွှန်ပေးလိုက်တယ် ”

“ အဆင်ပြေလား ”

“ ကံကောင်းပြန်ရော ၊ ဆွစ်ဇာလန်နိုင်ငံက အင်န်ဂျီအိုတစ်ဖွဲ့ ရောက်လာပြီး ကူညီကြပြန်ရော ၊ သူတို့က ကျွန်တော့်ကို စွမ်းတယ် ထင်နေတယ် ”

ဆရာဦးတင်စိန်က ရယ်တယ် ။

“ ဘာရွာလဲ ဆရာ ”

“ တွံတေးမြို့နယ် ၊ သဲကုန်း ၊ အဲဒီက စပြီးတော့ ကော့မှူးမြို့နယ် ထဲက နောင်လုံ ၊ ရေကျော် ၊ ကျုံဖာရွာတွေ အတွက်ကို ဆက်သွယ်ပေးလိုက်တယ် ”

“ ဆရာတို့ဒေသမှာ ပညာရည်မြှင့်တင်မှုကော်မတီ ဖွဲ့ပြီးလုပ်တာ ဘယ်လောက် အကျိုးများသလဲ ”

“ ၂၀၀၅ ခုနှစ်က ၂၀၀၉ ခုနှစ်အထိ ပညာရေး မြှင့်တင်မှုကော်မတီ ၊ ၂၀၀၉ ခုမှာ ကညွတ်ကွင်းဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဆိုပြီး ပြောင်းလဲဖွဲ့တယ် ၊ ယခုအထိ တက္ကသိုလ်ကျောင်း ထားပေးခဲ့တာ ကျောင်းသား ၅၀ ကျော်သွားပြီ ၊ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းနေနိုင်ဖို့ ကျောင်းပေါင်း ၆ဝ ကျော်ကနေ ဆင်းရဲတဲ့ ကလေး ၅ဝဝ ကျော် ကျောင်းထား ပေးနိုင်ခဲ့ကြပြီ ”

“ ဆရာတို့ ရန်ကုန်ကို ဘယ်အချိန်မှာ ရွှေ့သလဲ ”

“ ၂၀၁၁ ခုထဲမှာ ကျွန်တော်တို့ ရန်ကုန်ကို ရွှေ့လိုက်တယ် ၊ ဒီကတာဝန်တွေ အားလုံး ကော်မတီကို လွှဲခဲ့တယ် ”

“ ရန်ကုန်မှာ စီးပွားရေးက ဘာလုပ်လဲ ဆရာ ”

“ ဆေးနဲ့ ဆေးပစ္စည်း ဆိုင်ရယ် ၊ ဖုန်းဆိုင်လေးရယ် ဖွင့်ထားတယ် ။ ပီစီအိုလို ဖုန်းဆိုင်ပေါ့ ၊ အဲဒါလေးနဲ့ ရပ်တည်နေတယ် ။ ဆေးဆိုင်လေးကို ဘာနာမည် ပေးလိုက် သလဲဆိုတော့ မေတ္တာမိုး ။ ရန်ကုန် မှာလည်း မေတ္တာမိုးမိသားစုဆိုပြီး လူမှုရေးလုပ်ငန်းတွေလုပ်တယ် ။ ဘာစလုပ်ပြီလဲဆိုတော့ ကညွတ်ကွင်း အနောက်ဘက်မှာ သာယာကုန်းရွာ ဆိုတာရှိတယ် ။ ရေကြီးလို့ ကုန်းပေါ် ရွှေ့သွားပြီး ရွာတည်နေတာ ။ ရွာမှာ ရှိရမယ့် ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း ၊ နတ်စင်က အစ လိုအပ်တာတွေ ကျွန်တော်တို့ လုပ်ပေးနေပါတယ် ”

ဦးတင်စိန်ဟာ လူမှုရေးတွေ လုပ်နေရတာကို ကျေနပ်ဂုဏ်ယူတဲ့အသွင် သိသိသာသာ တွေ့မြင်နေရတယ် ။

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

No comments:

Post a Comment