Wednesday, August 20, 2025

အသေမဖြောင့် နှစ်လုံးနှောင့်


 

❝ အသေမဖြောင့် နှစ်လုံးနှောင့် ❞
         ( ပိုက်ထွေး )

ရင်ညွန့်နေရာက စူးစူးပြီးထိုးအောင့်တာ အခံရ အခက်ဆုံးပဲ ။ အဲကွန်း တပ်ထားတဲ့ ရုံးခန်းထဲမှာတောင် ချွေးစေးတွေကလည်း ပြန်နေသေးတယ် ။ အသက်ရှူရတာလည်း နည်းနည်းလေးမှ မဝဘူး ။ စောစောကပဲ ကြည့် ၊ ရုံးခန်းနဲ့ ဆယ့်လေးငါးပေလောက်ပဲ ဝေးတဲ့ အိမ်သာကို လျှောက်သွားတာတောင် မောလိုက်တာ မပြောပါနဲ့တော့ ။

ဒီနေ့မှပဲ အလုပ်ကလည်း များလိုက်တာ လွန်ပါရော ။ ညွန်မှူး တောင်းထားတဲ့ စာရင်းဇယားတွေကလည်း နက်ဖြန် နောက်ဆုံးထား တင်ရမှာ ။ တကယ်ဆို သူ့အောက်မှာ ကျုပ် အပါအဝင် လက် ညွှန်မှူး ၃ ယောက်တောင် ရှိတဲ့ဥစ္စာ ။ ကျုပ်လောက် အလုပ်မများတဲ့ ဟို ၂ ယောက်ကို ခိုင်းလည်းရသားနဲ့ ။ အေးလေ ... ကျုပ် ကို ဦးဆုံး ရာထူး တိုးပေးချင်လို့ ပိုပြီးတာဝန်များများ ပေးတာပဲ ဖြစ်မှာပေါ့လေ ။

ဆိုးတာက ကျုပ်ရဲ့ ကျန်းမာရေးပဲ ။ ဒီနှစ်ထဲမှာ ပိုပြီး ဖောက်လာတယ် ။ တစ်ခုခုတော့ ရွေးမှ ဖြစ်တော့မယ် ။ ဆေးလိပ်နဲ့ ကျန်းမာရေး ကြိုက်တာရွေးဆိုတဲ့ ဟို ဆောင်ပုဒ်ထဲကလို ဖြစ်နေပြီ ။ ရာထူးနဲ့ အသက် .. ဘယ်ဟာ မက်ရမလဲ ။ အို ကိုယ့်အသက်ထက်တော့ ဘယ်ဟာမှ ပိုပြီး တန်ဖိုးမထားနိုင်ပါဘူး ။ ဟုတ်တယ် ခွင့်ယူပြီး ဆေးခန်း ပြေးမှပဲ ဖြစ်မယ် ။ ဟာ .. ဆေးခန်းဆိုမှ သတိရတယ် ။ ဆေးမှတ်တမ်းစာအုပ်က ဒီနေ့မှ ရုံးကို မယူလာခဲ့မိပြန်ဘူး ။ မနက်က အတက်ချီကေ့စ်ထဲက ထုတ်ကြည့်ပြီး အိမ်က စားပွဲပေါ်မှာ ထားခဲ့မိတယ် ထင်တယ် ။ တတ်နိုင်ဘူး ၊ မိန်းမဆီ ဖုန်းဆက်ပြီး ဆေးမှတ်တမ်းစာအုပ်နဲ့ ရွှေဘုံသာလမ်းကနေ စောင့်နေဖို့ ပြောမှပါပဲ ။ ဒါပေမဲ့ .. ကျုပ်မှ မဆက်ရသေးခင် ဖုန်းက အရင်မြည်လာတယ် ။ စကားပြောခွက် မပြီး ဟဲလို လို့ ဖြေလိုက်တော့ အပြင်ကို ခိုင်းလိုက်တဲ့ ကျုပ်တပည့် ဆက်တာ ။ သူပြောတာတွေ နားထောင်နေရင်းနဲ့ အို အို .. မူးလိုက်တာ... မူးလိုက်တာ ဘုရားဘုရား ...

••••• ••••• •••••

မနက်ထဲက ဆရာ့ကို ကြည့်ရတာ သိပ်ဟန်ပုံ မပေါ်ဘူး ။ မျက်နှာကြီးကလည်း နီလို့ ၊ အသားဖြူတဲ့လူဆိုတော့ ပိုသိသာတယ် ။ သွေးတိုး ထသလား ၊ နှလုံးဖောက်သလား ၊ တစ်ခုခုတော့ တစ်ခုခုပဲ ။ ခက်တာက ကိုယ့်ဆရာ ။ “ အစားအသောက် ” ကလည်း တစ်စက်ကလေးမှ မဆင်ခြင်ဘူး ။ မနေ့ညနေကလည်း ရုံးအဆင်းမှာ ကိုယ့်ကို အသာလေး လက်တို့ပြီး ခေါ်ပြောတယ် ။ ဒီညနေ မင်းနဲ့ငါနဲ့ နှစ်ယောက်ထဲ ဘီယာသွားသောက်ရအောင်တဲ့ ။

ဆရာသမားက ချစ်ဖို့ကောင်းတာ အဲဒါပဲ ။ ကိုယ့်ကို လွှတ်အားကိုးတယ် ။ အဆင့်အတန်းလည်း လုံးဝ မခွဲဘူး ။ တကယ်ဆို တော်ရုံ လက် ၊ ညွှန်မှူး တစ်ယောက်ယောက်က ကိုယ့်လို စာရေးလေးနဲ့ ဘီယာဆိုင်မှာ ဘယ် တွဲထိုင်ပါမလဲ ။ ခုတော့ ဒီနေ့ သူအဆင်ပြေတာ ကိုယ့်ကြောင့်မို့ ပြုစုချင်လို့ပါတဲ့ ။ တစ်ခုပဲပေါ့လေ ... ခါတိုင်း သူနဲ့အဆင့်တူ အတန်းတူ လူတွေနဲ့ သွားနေကျဆိုင်ကိုတော့ မသွားဘူး .. တဲ့ ။ ဒါလည်း စိတ်ကွက်စရာ မဟုတ်ပါဘူး ။ ဘယ်ဆိုင်မှာ သောက်ရ သောက်ရ ... ဘီယာ တဝ သောက်ရ ပြီးတာပဲ ။

ဒါနဲ့ ဆိုင်ရောက်လို့ သောက်ကြတော့ စကားတပြောပြောနဲ့ တွယ်လိုက်ကြတာ .. ဘာပြောကောင်းမလဲ ၊ စည်ဘီယာ ဖန်ခွက်တွေ စားပွဲနဲ့ ဖြစ်ပြီး နေရာကျပ်လာလို့ တစ်ဖြတ် အရင်ရှင်းလိုက်ရသေး ။ ဆရာ ဆိုတော့လည်း တော်ပါတော့လို့ မတားရဲတာရော ၊ ကိုယ်တိုင်ကလည်း တွယ်ချင်တာနဲ့ မတားမိဘူးပေါ့ ။

ဒီမနက်တော့ ကိုယ့်ဆရာ ပုံစံက သိပ်မဟန်ပေမဲ့ ဝါသနာတူချင်းမို့ ညက မက်တဲ့ ကိုယ့်အိပ်မက်အကြောင်း ဆရာ့ကို ပြောပြမိတယ် ။ တိုက်ဆိုင်လိုက်တာဗျာ .. သူလည်း ကိုယ့်အိပ်မက်နဲ့ အတော်ကြီးတူတဲ့ အိပ်မက်တစ်ခု မက်တယ်ဆိုပဲ ။ ဒါနဲ့ ကိုယ့်ကို သူ့ရုံးခန်း ထဲ ခေါ်ပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်ရင်း အိပ်မက်ကို အဖြေထုတ်ကြည့်ကြတယ် ။ နောက်ဆုံးတော့ နှစ်ယောက်စလုံး သဘောတူတဲ့ အဖြေနှစ်ခု ရပြီး အဲဒီနှစ်ခုကိုပဲ အပိုင်တွယ်ဖို့ ဆုံးဖြတ်မိကြတယ် ။ ဒီတစ်ခါ အချီကြီး တက်ကိုင်ဖို့လည်း ဆုံးဖြတ်မိကြတယ် ။

အပြင်သွားကာနီး ကိုယ်က ဘယ်က ငွေနဲ့ ကိုင်ရမလဲဆိုတဲ့ သဘောနဲ့ လက်ညှိုးနဲ့ လက်မကို ဝိုင်းပြလိုက်တော့ ဆရာသမားက ထုံးစံအတိုင်းပေါ့ကွာ ဆိုတဲ့ သဘောနဲ့ မျက်စိတစ်ဖက်မှိတ်ပြတယ် ။ ခေါင်းတော်ညိတ် စိတ်တော်သိတဲ့ တပည့်ပီပီ ကိုယ်ကလည်း ဆရာမှာတဲ့ အတိုင်း လုပ်ပေးဖို့ ထွက်လာခဲ့တယ် ။ အမယ် ... ဆရာက မှာသေးသဗျ ။ အဖြေကို စောင့်ရင်း ... ကြာချင် ကြာပါစေ တဲ့ ။ အိုကေရင် .... ငွေထုပ်ပိုက်ပြီးမှ ပြန်လာခဲ့တဲ့ ။

ဒါပေမဲ့ ... ဒါပေမဲ့ပေါ့ဗျာ ။ သူ့အိပ်မက်လည်း လွဲ ၊ ကိုယ့်အိပ်မက်လည်း ချော် ... ဖြစ်သွားပါလေရောလား ။ ဒါနဲ့ ခေါင်းနားပန်းကြီးပြီး ဆရာ့ဆီ ဖုန်းလှမ်းဆက်ရတယ် ။ ဒီအခါ ဆရာ့ဘက်က ဟဲလို ဆိုတဲ့ အသံပဲကြား ရပြီး နောက်ဆက်တွဲ ကိုယ်ဆက်ပြောပြနေတာတွေ သူကြားလား ... မကြားလားလည်း မသိရဘူး ။ မဟန်ဘူးဆိုပြီး ဖုန်းချပြီး ရုံးကို ပြန်ပြေးလာလို့ ရုံးလည်း ရောက်ရော -

••••• ••••• ••••• 

အိမ်ကဟာကြီး .. ခုတစ်လော ရုံးမှာ တော်တော် အဆင်ပြေနေပုံရတယ် ။ ရုံးကပြန်လာတိုင်း အိမ်သားတွေ ဖို့ စားစရာတွေ ဝယ်ဝယ်လာတာ နေ့တိုင်းနီးပါးပဲ ။ ဒံပေါက် ၊ ခေါက်ဆွဲကြော် ဆိုတာ ညတိုင်းလိုလို စားနေရတယ် ။ တစ်ခါတစ်ရံတော့လည်း ကျွန်မကို မျက်နှာလုပ်ချင်လို့ ထင်ပါရဲ့ ၊ ဘူးပါတိတ်တို့ ၊ လက်ကိုင်အိတ်တို့ တောင် ပါလိုက်သေး ။ ကိုယ့်ယောက်ျားက သိတတ်လို့ ဝယ်လာတော့လည်း ဝမ်းသာရတာပေါ့လေ ။ ပီတိလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ ခက်တာက ကျွန်မ လိုချင်တာ အဲဒါတွေချည်းပဲ မဟုတ်ဘူးလေ ငွေ ငွေ ငွေ ... လိုချင်တာ ။

အိမ်စားရိတ်ကတော့ ယောက်ျားက လုံလောက်အောင် ပေးပါတယ် ။ သာရေး ၊ နာရေး ၊ လူမှုရေး မင်္ဂလာဆောင်လက်ဖွဲ့ ... အဲဒါမျိုးတွေ အတွက်လည်း ကောင်းတဲ့ ငွေထုတ်ပေးတာချည်းပါပဲ ။ ဒါပေမဲ့ ကျွန်မ သုံးချင်တဲ့ ဟိုကိစ္စအတွက်ကျတော့ ... ဘယ်ခေါင်းစဉ်နဲ့ တောင်းရမှာလဲ ။

အဲဒီကိစ္စကို ကျွန်မကလည်း မတရား ဝါသနာပါတာ ။ မနက် မနက် ဈေးသွားရင် ဈေးထဲမှာ ဒီပြင် အိမ်ရှင်မတွေ ကံစမ်းနေကြတာ မြင်တော့ ... ကျွန်မလည်း စိတ်ပါမိတာပေါ့ ။ ပြောရရင် ဈေးသွားဖြစ်တဲ့ နေ့တိုင်း မစမ်းမိဘူး ဆိုတာ မရှိပါဘူး ။ ဒါပေမဲ့ တစ်ရာဖိုး ၊ နှစ်ရာဖိုးလောက်ပဲ ကံစမ်းနိုင်တာကို ကျွန်မ အားမရတာ ။ ဖြစ်နိုင်ရင် တစ်ထောင်ဖိုး ၊ နှစ်ထောင်ဖိုးလောက် စမ်း ကြည့်ချင်တာ ။ ခုဟာက ဈေးဖိုးထဲက ဖဲ့ဖဲ့လုပ်ရတာဆိုတော့ အားမရဘူး ။ အိမ်သားများတဲ့ အိမ်မို့ ဈေးဖိုးကလည်း မသေးဘူးလေ ။

ရောင်းတဲ့ မိန်းမဆီမှာ ရှိတဲ့ အနီရောင် အစိမ်းရောင် စာရွက်လေးတွေကိုတော့ ကျွန်မက ခေါင်းရှုပ်လို့ တစ်ခါမှ မဝယ်ဖြစ်ပါဘူး ။ ကိုယ့်ဘာသာ အိပ်မက်တို့ ၊ အတိတ် နိမိတ်တို့နဲ့ပဲ ကံစမ်းချင်တာ ။ ဥပမာ .... ကျီးသာရင် နှစ်ခြောက် .. အဲသလိုမျိုးပေါ့  ။

ကံ မထသေးလို့ ထင်ပါရဲ့ ။ တစ်ခါမှတော့ ပွပေါက် မတိုးဖူးသေးဘူး ။ တခြားမိန်းမတွေ ဈေးလာရင်း ငွေအရင် ထုတ်ပြီးမှ တစ်ပုံတစ်ခေါင်းကြီး ဟင်းစားတွေ ဝယ်ခြမ်းသွားတာ မြင်ရရင် ဘာအားကျသလဲ မမေးနဲ့ ၊ အခုလည်း ဈေးလာရင်း “ ခွေးချေး ” နင်းမိတယ်လေ ။ ဒါဆို နှစ်ပူးပေါ့ ။ ဈေးဖိုး ပိုတဲ့ ပိုက်ဆံလေး ၅ဝဝ နဲ့ပဲ စမ်းလိုက်နိုင်တော့တယ် ။ မျက်ခုံးတွေကလည်း တအား လှုပ်နေတော့ သေချာပါပြီလို့ ထင်ပါတယ် ။

ဒါပေမဲ့ နေ့လယ်လည်းရောက်ရော ဖုန်းလာတယ် ။ ကိုင်လိုက်တော့ ကျွန်မ ယောက်ျားရဲ့ ရုံးက ဆက်တာ ။ ကြားလိုက်ရတဲ့ သတင်းကတော့ ခေါင်းပေါ် မိုးကြိုး ပစ်ချသလိုကြီးပါလား ။ အမလေးလေး ...

••••• ••••• ••••• 

ကျုပ် သတိရလာတော့ အေးလိုက်တာ လွန်ပါရောဗျာ ။ ဒါနဲ့ ငါ ဘယ်ရောက်နေပါလိမ့်ဆိုပြီး ဘေးဘီကို လှည့်ကြည့်လိုက်တော့ ... အမေလေးဗျာ အလောင်းတွေ အလောင်းတွေ ကျား ၊ မ ၊ ကလေး ၊ လူကြီး အရွယ်စုံပါလား ။ ဘုရား ဘုရား ကြောက်လိုက်တာ ။

ကြောက်ကြောက်နဲ့ အဲဒီ သေမတတ် အေးတဲ့ အခန်းကြီးထဲကနေ လွတ်အောင် ပြေးထွက်လိုက်ပြန်တော့ ဘာဆိုဘာမှ မမြင်ရတဲ့ အမှောင်ထုကြီး တစ်ခုထဲကို ရောက်သွားပြန်တယ် ။ အဲဒီ အမှောင်ထုထဲမှာပဲ ဘယ်လောက်ကြာသွားလဲ မသိပါဘူး ။ တစ်ရက်လား နှစ်ရက်လား မသိဘူးဗျာ ။

ကျုပ်တကယ် သွားချင်တာက အိမ်ကိုပါ ။ မိသားစု ရှိတဲ့ အိမ်ကိုပါ ။ ဒါပေမဲ့ ဘယ်က ဘယ်လို သွားရမှန်း မသိဘူး ။ ကျုပ်ဘာဖြစ်နေတာလဲ ။ အဲဒီ အမှောင်ထုထဲမှာပဲ ကျုပ်လိုမျိုး လေထဲလွင့်နေတဲ့ ဟာကြီးတွေနဲ့လည်း တွေ့တယ် ။ အများကြီးပဲ ။ သူတို့ကို အိမ်ပြန်ဖို့ လမ်းလေး မေးမယ်ကြံတော့လည်း ကျုပ်ဆီက ဘာသံမှ ထွက်မလာဘူး ။

ပြီးတော့ အဲဒီဟာကြီးတွေထဲက တချို့ကလည်း ကျုပ်ကို ရန်လိုတဲ့ ပုံစံနဲ့ တွန်းလွှတ်ကြတယ် ။ တချို့ကတော့ ကြောက်စရာ မျက်နှာပေးကြီးတွေနဲ့ ကျုပ်ကို ဝိုင်း ဆွဲကြပြန်ရော ။ ကျုပ်လည်း ကြောက်လွန်းလို့ သူတို့နဲ့ ဝေးရာကို ပြေးထွက်လာခဲ့မိတယ် ။ အလင်းရောင် ပျပျ မြင်ရတဲ့ဘက်ကို စွတ်တရွတ်ပြေးထွက်လာရင်းနဲ့ ။ ဟောဗျာ ... ကံကောင်းလိုက်တာ .. ကျုပ်ရဲ့ အိမ်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပြန်ရောက်လာတယ်ဗျို့ ။

ဟော ဟိုမှာ ကျုပ်မိန်းမ ခုတင်ပေါ်မှာ အိပ်ပျော်နေတယ် ။ အိပ်ပါစေလေ မနှိုးတော့ပါဘူး ။ ဒါနဲ့ ဧည့်ခန်းထဲ ရောက်လာတယ် ။ အမယ် ... ကျုပ်ရဲ့ ညီနဲ့ ညီမ နှစ်ယောက် စုစုပေါင်း သုံးယောက်သား လက်ဖက်လေး စားလိုက် ၊ ရေနွေးကြမ်းလေး သောက်လိုက်နဲ့ လေပန်းနေကြတာကိုး ။ ဒါပေမဲ့ဗျာ သူတို့ဘေး ဝင်ထိုင်လိုက်တော့မှဘဲ ဒေါသချောင်းချောင်း ထွက်စရာ စကားတွေ ကြားလိုက်ရတော့တာပါပဲ ။

“ အစ်ကိုကြီးရဲ့ အသုဘက စည်တာတော့ တအားပဲနော် ”

“ ဟဲ့ မစည်ဘဲနေပါမလား ။ အစ်ကိုကြီးက အငြိမ်းစားကြီးမှ မဟုတ်တာ အင်ဆားဗစ်လေ လက်ထောက်ညွှန်ကြားရေးမှူးလေ ။ ရုံးမှာ သူ့အထက်မှာဆို ညွှန်မှူးတစ်ယောက်ပဲ ရှိတော့တဲ့ ဥစ္စာ ”

“ ပြီးတော့ တာဝန်ထမ်းဆောင်နေတုန်းကြီး ဆုံးတာ ဆိုတော့ ဌာနက လူတွေက ပိုဂရုစိုက်တာပေါ့ ”

“ ဒါပေမဲ့ဟယ် ရုံးစားပွဲပေါ်ခေါင်းစိုက်ပြီး ထိုင်လျက်သားကြီး အသက်ပျောက်သွားတာဆိုတော့ အရမ်း ထိခိုက်စရာ ကောင်းလိုက်တာ ။ မသကာ ဆေးရုံလေး ဘာလေး တင်ပြီး ကုလိုက်ရရင်တောင် ဖြေသာပါသေး တယ် ”

“ တို့တွေပေါ်မှာ ... ကျေးဇူးအရမ်း ကြီးပါတယ် ။ အစ်ကိုကြီး အဖအရာဆိုတဲ့စကားနဲ့ ညီအောင် နေသွား ခဲ့ရှာတာပါ ”

“ ကဲ .. စိတ်မကောင်းဖြစ်နေလည်း ဘာမှ တတ်နိုင်တော့တာမှ မဟုတ်တာ ။ ဒီတော့ ဟဲ ဟဲ တို့တွေ အစ်ကိုကြီးရဲ့ အသက်ကို ကံစမ်းကြည့်ရရင် မကောင်း ဘူးလား ။ အစ်ကိုကြီး အသက်က ငါးဆယ့်နှစ်နှစ်ဆို တော့ တည့်ယူရင် ၅၂ ပေါ့ ။ အဲဒါလေး ... အောလိုက်ကြ ရအောင် ”

“ နေဦး ၅၂ ပြည့်ပြီး ၅၃ ထဲ ဝင်နေတုန်း ဆုံးတာဆို တော့ ၅၃ လေးလည်း ရံလိုက်ရင်ကောင်းမယ် ”

“ ဟာ လုပ်မယ်လုပ် နှမြော မနေနဲ့ ၅၂ ရော ၊ ၂၅ ရော ၊ ၅၃ ရော ၊ ၃၅ ရော လေးကွက်လုံး ၊ ကိုင်လိုက် ဒါ ...စိတ်ချရမယ် ”

“ ကောင်းတယ် ကောင်းတယ် ။ ကဲ ... အစ်ကိုကြီးရေ ညီလေး ညီမလေးတွေကို နောက်ဆုံးအနေနဲ့ မလိုက် ပါဦးနော် ”

တောက် ၊ မိုက်ရိုင်းလိုက်ကြတာ .. ဒီကောင်နဲ့ ကောင်မတွေဟာ ကျုပ်ရဲ့ ညီ ... ညီမအရင်းတွေပါ ။ ကျုပ်တို့ ဒင်းတို့ ငယ်ငယ်လေးတွေထဲက ကွယ်လွန် သွားလို့ ကျုပ်ပဲ အစ်ကိုကြီး အဖအရာ ဆိုသလို ကျောင်းထားပေးခဲ့ ၊ ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ ။ ဒင်းတို့ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ ကျုပ်ကိုယ်တိုင်တောင် အလုပ်စောစော ဝင်ပြီး လုပ်သားကောလိပ်ပဲ တက်ခဲ့တာပါ ။ သူတို့ အပေါ် ညီ ၊ ညီမ အချစ်တင် မကဘဲ အသက်ကွာတော့ သားသမီးလေးတွေလို ချစ်ခဲ့ တာပါ ။ ခုတော့ဗျာ ...

ကျုပ်အတွက် ဘယ်လိုဘယ်ပုံ ကုသိုလ်ကောင်းမှုတွေ ၊ ဒါနတွေ လုပ်လိုက်မယ် ၊ အမျှဝေလိုက်မယ်လို့များ တိုင်ပင်နေကြသလား မှတ်ပါတယ် ။ လက်စသတ်တော့ ကျုပ်အသက်ကို လောင်းကစားလုပ်ဖို့ ကြံနေကြတာကိုး ။ စိတ်ပေါက်ပေါက်နဲ့ ဒင်းတို့ကို လည်ပင်းညှစ်သတ်ချင် စိတ်တောင်ပေါက်လာတယ် ။ ခက်တာက ကျုပ်မှာ လက်တွေလည်း မရှိတော့ပါလား ။ ကျုပ် .. ဘာဖြစ်နေပြီလဲ ။

အင်း ... ပြန်စဉ်းစားကြည့်လိုက်တော့ ကျုပ်မှတ်မိလာတာက ရုံးခန်းထဲမှာ ထိုင်နေတုန်း ကျုပ်တပည့် ဆီက ဖုန်းလာတယ် ။ ဆရာရေ .. ကျွန်တော်တို့တော့ ကွဲပြီတဲ့ ။ ငါးသောင်းတန် ၂ ကွက်စလုံး ပလုံပြီတဲ့ ။ ပြဿနာတက် ပြီပေါ့ဗျာ ။ အဖြစ်က ဒီလို ။ ကျုပ် ထိန်းသိမ်းထားပြီး ဒီကောင့်ကို ဘဏ်သွားသွင်းခိုင်းရမဲ့ ဌာနပိုင် ငွေတွေကို မကြာမကြာ လှည့်ယူပြီး ကျုပ်ကံစမ်းနေခဲ့တာလေ ။ ဒါကို ကျုပ်နဲ့ အဲဒီ တပည့်ပဲသိတယ် ။ ငွေတွေကို ဘဏ် မသွင်းသေးဘဲ ခဏဆိုင်းထားလို့ ရတာကလည်း ကျုပ် တာဝန်ယူရင် ရတယ်လေ ။

ဒီလိုနဲ့ပဲ ခဏ လှည့်သုံးလိုက် ခွင်တဲ့ သွားတဲ့အခါ ဆပ်တဲ့သဘောနဲ့ ဘဏ်ထဲ သွင်းလိုက် လုပ်လုပ်လာတာ ကြာပြီပဲ ။ ဒါပေမဲ့ တွက်ကြည့်ရင်တော့ ကျေအောင်မဆပ်နိုင်သေးဘူး ။ စာရင်းချုပ်ကြည့်ရင် ကျုပ် ဆွဲလှည့်ထားတာ ငါးသိန်းနဲ့ ဆယ်သိန်း ကြားမှာပဲ ။

ဒါကြောင့်လည်း ... ကွဲမယ့်နေ့ကတော့ တစ်ချီထဲ ကျေအောင်ဆပ်မယ်ဆိုပြီး ကိုင်နေကျထက် ပိုတက်ပြီး အပွကြံ ကံစမ်းလိုက်တာဗျ ။ ခုတော့ ...

ခုတော့ အကြွေးထုပ်ကြီး ဝန်ထုပ်ဝန်ပိုးကြီး ထပ်ပိပါပေါ့လားလို့ တွေးလိုက်မိတဲ့အချိန်မှာပဲ နှစ်လုံးကြောင့် နှလုံးကို လေတက်ဆောင့် အလုံးဆို့ပြီး ကျုပ်ဘဝ ပြောင်းခဲ့ရပါရောလားဗျာ ။  ။

▢  ပိုက်ထွေး
📖 ပင်းယ မဂ္ဂဇင်း
      ဧပြီလ ၊ ၂၀၁၃

No comments:

Post a Comment