Sunday, August 10, 2025

ဓာတ်ပုံကူးစက် ဒေါက်တာ


 ❝ ဓာတ်ပုံကူးစက် ဒေါက်တာ ❞


ဘိုဓာတ်ပုံအဖွဲ့ က ကိုဇော်ဇော် ဓာတ်ပုံ ကူးတဲ့ ဆိုင်ကို တစ်ခါတစ်ရံ ကျွန်တော် လိုက်သွားတယ် ။


ဆိုင်က ဆိုင်သစ်ပါ ။ ဖွင့်တာ မကြာသေးပေမယ့် အချိန်တိုတို အတွင်း မှာပဲ လူစည်ကားပြီး အောင်မြင် လာတာ တွေ့ရတယ် ။ ဆိုင်ပိုင်ရှင် က ဓာတ်ပုံလောက သားလား ၊ ဓာတ်ပုံဆရာလား စုံစမ်း ကြည့်လိုက်တော့ ဆိုင်ပိုင်ရှင်လင်မယားက ဆရာဝန်တွေ ဖြစ်နေကြတာ တွေ့ရတယ် ။


ဆရာဝန်ဘွဲ့ရပြီး ဆေးပညာနဲ့ အသက်မွေးဝမ်းကျောင်းမှု မလုပ်တဲ့သူတွေ အများကြီး ကျွန်တော် တွေ့ဖူးတယ် ။ သူတို့ဟာ ပင်ကိုဉာဏ် ကောင်းသူ ၊ လုံ့လ ဝီရိယ နဲ့ ကြိုးစား အားထုတ်တတ်သူတွေ ဖြစ်ကြလို့ အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်မှာ အောင်မြင်မှုရကြတယ် ။


အကယ်ဒမီ လေဆာဒစ်ဂျစ်တယ် ဓာတ်ပုံကူးစက်လုပ်ငန်း လုပ်ကိုင် နေတဲ့ ဒေါက်တာ မျိုးခိုင်စော ကို သူ့ ဆိုင် ရှိရာ မန္တလေးမြို့ ၊ ၃၅ လမ်း ကို သွားရောက် တွေ့ဆုံပြီး သူ့ဘဝ အကြောင်းကို ယခုလို ပြောပြပါတယ် ။


••••• ••••• •••••


ဝါသနာက အောင်မြင်မှု တစ်ခုကို တွန်းပို့နိုင်တယ် ။ ကျွန်တော် ဆေးတက္ကသိုလ် တက်ခဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့ hobby ( ဝါသနာ ) မဟုတ်ဘူး ။ အခြေအနေ အရ တက်ခွင့် ရလာလို့ ရောက်သွားတဲ့ သဘောပဲ ။ ငယ်ငယ်လေး ကတည်း က အီလက်ထရွန်းနစ် ပစ္စည်းကို ကျွန်တော် စိတ်ဝင်စားတယ် ။ တက်ချင်တာက နည်းပညာတက္ကသိုလ် ။


ကိုယ့်အသိုင်းအဝိုင်းက လည်း ဆေးလောက ဆိုတော့ ဆေးတက္ကသိုလ် တက်ဖြစ်သွားတယ် ။ ဆယ်တန်းအောင်တော့ အမေက ဆေးကျောင်း ကို လျှောက်ခိုင်းတယ် ။


ကျွန်တော်က ဆယ်တန်း မအောင်ခင် ကတည်းက အီလက်ထရွန်းနစ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်တယ် ။ Electronic tester တွေကို ကိုယ်ပိုင် ဝယ်ထားတယ် ။ စာအုပ်တွေ ဖတ်လို့ နားမလည်ရင် အဘိဓာန် လှန်တယ် ။ သိတဲ့သူတွေ ကို သွားမေးတယ် ။


ဆေးတက္ကသိုလ်မှာ တော်တော်လေး ကြိုးစားအားထုတ် ကြည့်မိတဲ့အခါ ဆေးဘက်မှာ လုပ်တာ ထက် စက်ကိရိယာတွေ ကို ကိုင်ရတာ ကျွန်တော့် အတွက် ပိုပြီးလွယ်တယ် ။


ဆေးကျောင်းက ဘွဲ့ရ ဟောက်ဆာဂျင် ဆင်းပြီး ဆရာဝန်ဖြစ်ပြီ ဆိုတော့ ဘာလုပ်ငန်း လုပ်ရမလဲ ၊ လုပ်ငန်းတွေ ကျွန်တော် လိုက်ကြည့်တယ် ။ အမေ ကတော့ ဆရာဝန် လုပ်စေချင်တယ် ။ ကျွန်တော်က ဝန်ထမ်း မလုပ်ချင်ဘူး ။ ကုန်သည်ပဲ လုပ်ချင်တယ် ။ ဒါကို အမေ လက်ခံနိုင်အောင် ကျွန်တော် ရှင်းပြပါတယ် ။


စက် နဲ့ လုပ်ရမယ့် လုပ်ငန်းတွေကို စဉ်းစားရင် ဓာတ်ပုံကူးလုပ်ငန်းကို တွေ့တယ် ။ ဓာတ်ပုံကူးစက်က စက်တစ်ပိုင်း လူတစ်ပိုင်း လုပ်ရတာ ဖြစ်တယ် ။ ကျွန်တော်က စက်တွေ ကို စိတ်ဝင်စားတော့ စက်တွေ ပျက်ရင်လည်း ပြင်နိုင်မယ်လို့ ယုံကြည်တယ် ။ စက်တွေ နဲ့ ရင်းနှီးနေတော့ စက်ကို ရွေးချယ်လိုက်တာပါ ။


ကျွန်တော် ပြောတာ လွန်သွားမှာတော့ စိုးတယ် ။ customer ( အလုပ်အပ်နှံသူ ) တွေ အတွက် လိုအပ်တဲ့ service ( ဝန်ဆောင်မှု ) ကို အပြည့်အဝ ပေးနိုင်အောင် ကျွန်တော် လုပ်တယ် ။ ဓာတ်ပုံ ကူးတဲ့အခါ အရည်အသွေး ၊ အရောင်အသွေး ကောင်းရမယ် ။ စက် ကလည်း ဖောက်တတ်သလို စက် ကိုင်တဲ့ လူကလည်း ဂရုမစိုက်မိလို့ ညံ့သွားတာ ရှိတတ်တယ် ။ ထွက်လာတဲ့ ပုံတွေရဲ့ ငါးရာခိုင်နှုန်းလောက် အညံ့ ပါတတ်တယ် ။ အညံ့ ဆိုရာမှာ လက်မခံ နိုင်လောက်အောင် ညံ့တာလည်း ရှိသလို အပ်လို့ ရနိုင်တယ် ဆိုတာလည်း ရှိတယ် ။ ကျွန်တော်တို့ စက်ကတော့ လက်မခံ နိုင်လောက်အောင် ညံ့တာတော့ ထွက်ခဲတယ် ။


ဆေးတွေ စက္ကူတွေကို သတ်မှတ်တဲ့ အချိန် အတွင်း ကုန်အောင် မသုံးမိရင် အရောင် ပြောင်းသွားတယ် ။ ဆေးရဲ့ concentration ( ဒြပ်ပါဝင်မှု ) ပြောင်းလို့ အရောင် ပြောင်းတာ ။ အဲသည်လိုမျိုးဟာကို ချိန်ညှိ မပေးမိရင် အညံ့ ထွက်လာတယ် ။ ပုံညံ့ အပြင်ရောက် သွားတာတော့ မရှိဘူး ။ ဓာတ်ပုံကောက်တဲ့ နေရာမှာ သေသေချာချာ ဂရုစိုက်ပြီး ကောက်ဖို့ မှာထားတယ် ။ သူတို့ ကောက်ထားတဲ့ ပုံညံ့ ပုံပျက်တွေကို ကျွန်တော် အမြဲစစ်တယ် ။ ပုံညံ့ ပုံပျက် မထွက်ဘူးဆိုရင် သူတို့ သေသေချာချာ ကောက်တာဟုတ်ရဲ့လား စစ်ရတယ် ။


ပုံ မကောင်းဘူး ထင်ရင် ပြင်ကူးပေးခိုင်းတယ် ။ အဲသည်အတွက် ကျွန်တော်က မနှမြောဘူး ။ အရောင်ကောင်းမှ customer တွေက အပ်ကြမှာပေါ့ ။ စုတ်ချာ နေတဲ့ အရောင်တွေ ဆိုရင် ပုံတွေ ဘယ်လောက် မြန်မြန် မှန်မှန် ထုတ်ပေးနိုင် လာမှာ မဟုတ်ဘူး ။


ဓာတ်ပုံတစ်ပုံ ကူးရင် ဖြတ်ရမယ့် ဆေးသုံးမျိုး ရှိတယ် ။ ဆေးသုံးမျိုး မှန်မှန်ကန်ကန် မချဘူး ဆိုရင်လည်း ပုံထွက်တာ ညံ့သွားမှာပဲ ။ ဆေး supply လုပ်တဲ့ pump တွေ က ဖောက်တတ်ပါတယ် ။ ဖောက်ရင်လည်း ကိုယ့် idea နဲ့ ကိုယ် ပြင် ရတော့တာပဲ ။ ကုမ္ပဏီ ကို စောင့်နေလို့မရဘူး ။ မှာကြည့်ဖူးတယ် ။ သူတို့ က တစ်ပတ်အတွင်း လုပ်ပေးမယ် ပြောပေမယ့် လေးပတ်လောက် ကြာသွားတတ်တာပဲ ။ သည်တော့ ပစ္စည်းက ကုမ္ပဏီမှာ ရှိရင် လှမ်း မှာတယ် ။ မရှိရင် ပစ္စည်း ရနိုင်တဲ့ ဆီက လိုက် ရှာပြီးတော့ ကြံဖန်ပြီး လုပ်ထည့်ရတာပဲ ။ စက် ဘယ်လို ဖြစ်တာလို့ သူ ပြန်ပြောတာ ၊ ကိုယ် ကလည်း နားလည်တယ် ။ အဲသည်လိုပဲ မေးမြန်းပြီး ပြင်ရတာ ၊ သာမန် အပယိကနဲ့တော့ စက် ရပ်စရာ မလိုဘူး ။ စက်ကို ကိုယ်တိုင် ပြင်နိုင်တော့ စက်ပျက်လို့ နှောင့်နှေးရတာ မရှိဘူး ။ ကျွန်တော့်ဆိုင်မှာ စက်ပျက်နေလို့ customer တွေ ပုံ မကူးရတာ ၊ အချိန်မီ ပုံ မရတာမျိုးဆိုတာ မရှိသလောက်ပါပဲ ။ ဒါကြောင့်လည်း customer တွေရဲ့ အားပေးမှုကို ရလာတာပါ ။


စက်ပိုင်းဆိုင်ရာ maintenace ( ပြုပြင်ထိန်းသိမ်းမှု ) ကို ညပိုင်းမှာ ကျွန်တော် လုပ်ရတယ် ။ မအိပ်ရတဲ့ ညတွေ အများကြီး ရှိခဲ့တယ် ။ 


( စကားဝိုင်း မှာ အတူတူ ထိုင် နေတဲ့ ဓာတ်ပုံဆရာ ကိုဇော်ဇော် ( ဘိုအဖွဲ့ ) က စက်ဆိုတာကလည်း နှစ်လုံး သုံးလုံး ဝယ်ထား လောက်အောင် ဈေးပေါတာ မဟုတ်ဘူး ၊ ကူးနေကျ ဆိုင်က စက် ပျက်ပြီဆိုရင် လာ အပ်နေကျ ဓာတ်ပုံဆိုင် ကလဲ နောက်တစ်စက် ပြောင်း အပ်ပြီဆိုရင် ကူးဖို့ ခက်တယ် ၊ ဆိုင်သစ်မှာ အဆင်ပြေသွားတယ်ပဲ ထားပါတော့ ၊ ကူးနေကျ ဆိုင် စက်ပြင်ပြီး သွားရင် ပြန်သွားဖို့ ခက်ပြန်ရော ၊ ဆရာက သူ့ စက်တွေကို အမြဲ ဂရုစိုက်နေတယ် ၊ စက်ထောင်ထားပြီး ကိုယ်တိုင် ပြင်တတ်တာ မန္တလေးမှာ ဆရာ ပဲ ရှိတယ် လို့ ရှင်းပြတယ် ။ ) 


ဒါကြောင့် ဝါသနာ အဓိက ကျတယ်လို့ ကျွန်တော် ပြောတာပေါ့ ။ ကျွန်တော် ဖြစ်စေချင်တာလေး တစ်ခုက လူငယ်တွေ ကိုယ့် hobby နဲ့ ဆိုင်တဲ့ လုပ်ငန်းကို ရွေးချယ်ပြီး လုပ်စေချင်တယ် ။


ဘယ်လုပ်ငန်းကဖြင့် သူဌေး ဖြစ်လောက်တယ် ။ ဘယ်လုပ်ငန်းကဖြင့် ချမ်းသာလောက်တယ် ထင်ပြီး ဝင်လုပ်ရင် အောင်မြင်ဖို့ရာ တယ် မလွယ်လှဘူး ။ ကိုယ့် ဝါသနာကို အရင်းခံပြီး လုပ်မယ် ဆိုရင် တိုးတက်စရာ လမ်းစတွေ အများ ကြီးပါ ။ လုပ်ငန်းမှာ လည်း ပျော်မယ် ။ တိုးလည်း တိုးတက်မယ် ။ 


ဆရာဝန် ဖြစ်စေချင်လို့ ဝါသနာ မပါဘဲ အိမ်က ဆေးကျောင်း တက်ခိုင်းလို့ တက်ရတဲ့ ကလေးတွေကို အိမ်က သူ ဝါသနာပါတာ တစ်ခု ခုကို ထူထောင် ပေးကြမယ် ဆိုရင် သူတို့ အတွက် အောင်မြင်မယ့် လမ်းကြောင်း ရှိတယ် ။ 


ကျွန်တော် ဆိုရင် အီလက်ထရွန်းနစ်ကို မလုပ်တတ် မကိုင်တတ်လည်း မဟုတ်ဘူး ။ စဉ်းစားတွေးခေါ်တဲ့ idea လည်း ကိုယ့်မှာ ရှိတယ် ။ ဒါပေမဲ့ မိဘ စိတ်ချမ်းသာမှု အတွက် ဆေးကျောင်းတက် လိုက်တယ် ။ ဘဝ အသက်မွေးဝမ်း ကျောင်းမှုအတွက် အောင်မြင်မှု ရှာတဲ့အခါ ကျွန်တော်က ကိုယ် ဝါသနာပါတဲ့ အတတ်ပညာကို ရွေးချယ် လိုက်တယ် ။


လူငယ်တွေ အနေနဲ့ ဝါသနာ အရင်းခံတဲ့ လုပ်ငန်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်ပြီး ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာ ရှိနေပါတယ် ။


 ▢  ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment