Tuesday, August 19, 2025

ကျော်


 

❝ ကျော် ❞

မော်လမြိုင်မြို့ကို ရောက်တုန်းရောက်ခိုက် မြို့သူမြို့သားတွေ စုပေါင်း တည်ဆောက်ထားတဲ့ သုသာန်အအေးတိုက်ကို သွားကြည့်မိပါတယ် ။ ပုဂ္ဂလိကတွေ စေတနာနဲ့ စုပေါင်းတည်ဆောက်ထားတဲ့ အအေးတိုက်မျိုး မော်လမြိုင် မှာပဲ ရှိသေးတယ် ။ မော်လမြိုင် မြန်မာသုသာန်အအေးတိုက်မှာ ရုပ်အလောင်း ဆယ်ခု တစ်ပြိုင် တည်း ထားနိုင်တယ် ။

အအေးတိုက်က အပြန်မှာ မော်လမြိုင် - ကျိုက်မရော ကားလမ်းမ ဘေးမှာ ရှိတဲ့  ဦးချိုချို ရဲ့ မော်လမြိုင် ကွန်ကရစ်ကျောက်တိုင်လုပ်ငန်းမှာ ခဏ နားတယ် ။ ကျွန်တော့်ကို အအေးတိုက်လိုက် ပြတာက ဦးချိုချို နဲ့ ဦးမင်းသိန်းမြင့် ပါ ။ သူတို့နှစ်ယောက်က ကျော်အော့ဖ်ဆက်လုပ်ငန်းပိုင်ရှင် ဦးမောင်ငယ် ရဲ့ ကြိုးစားခဲ့ပုံတွေ ပြန်ပြောပြကြတယ် ။ ကျွန်တော်က တွေ့ချင်တယ် ပြောတော့ ဦးမင်းသိန်းမြင့် က ဖုန်းဆက်ပြီး ချိန်းဆိုပေးတယ် ။

ကျွန်တော်တို့ သုံးယောက် ဗဟိုလမ်း နဲ့ ဝတ်ကြည်ဘုရားလမ်းထောင့်မှာ ရှိတဲ့ ကျော်အော့ဖ်ဆက်ပုံနှိပ်တိုက်ကို သွားကြတယ် ။ နှစ်ထပ်တိုက် အောက်ထပ်မှာ ပုံနှိပ်လုပ်ငန်း နဲ့ ဗီနိုင်းစက် ရှိတယ် ။ ကျွန်တော်တို့ အိမ် အပေါ်ထပ်ကို တက်ခဲ့ကြပြီး ဆိုဖာမှာ ထိုင်ကြပါတယ် ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက် ၊ သူ့ ဘဝအကြောင်း ရေးချင်တဲ့ ရည်ရွယ်ချက် ကို ပြောပြီး ဦးမောင်ငယ် ရဲ့ ငယ်ဘဝကို ကျွန်တော်က စ မေးတယ် ။

“ မွေးတာကတော့ ချောင်းဆုံမြို့နယ် ၊ မူးရစ်ကလေးကျေးရွာပေါ့ ။ ပြောရရင် တော့ အမေ့ဘက်က အဘိုးတွေက လယ်ပိုင်ရှင် ၊ ရော်ဘာခြံတွေ ရှိတယ် ။ အမေ က အဲဒီ ရွာသူ ။ အဖေ က မော်လမြိုင် ၊ ဒေါင်းမင်းရပ်ကွက် က ။ အမေ့ရွာ သွား မွေးတာ ၊ အဖေက မြို့မှာပဲ စီးပွားရေးလုပ်မယ် ဆိုပြီး မော်လမြိုင် မှာ အခြေချ နေကြတာ ”

“ မိဘတွေက ဘာအလုပ် လုပ်တာလဲ ”

“ ဆေးရွက်ကြီးပွဲရုံ ၊ ကျွန်တော့်မှာ ကျောင်းပညာ အရည်အသွေးကတော့ နည်းတယ် ။ ရှစ်တန်းလောက် အထိပဲ ကျောင်းနေခဲ့ရတယ် ။ ကျွန်တော် ၁၃ နှစ် ၊ ၁၄ နှစ် လောက်မှာ အမေဆုံးသွားတယ် ။ အမေ ဆုံးသွားပြီးတော့ အိမ်ကိစ္စ လုပ်တာတို့ ဘာတို့ ကူလုပ်ပေးရတယ် ။ အဖေ နဲ့ ညီအစ်ကို အရင်း ဦးလေး နဲ့ အဖေက ရှယ်ယာ ထည့်ပြီး ပုံနှိပ်စက် ထောင်ထားတယ် ။ ရွှေဝါပုံနှိပ်တိုက်မှာ အလုပ်သင် အဖြစ် ၁၄ နှစ်သားမှာ အစပျိုး လုပ်ရတယ် ”

“ ဘာတွေ လုပ်ရတာလဲ ”

“ လက်ဖက်ရည် ဝယ်ခိုင်း ၊ တံမြက်စည်း လှည်းခိုင်း ၊ အမှိုက် ပစ်ခိုင်း ဒါလောက် ပါပဲ ။ အဲဒါ တစ်နှစ်ကျော် ကြာတယ် ။ ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ် နိုင်တော့ အလုပ်သမားတွေ ထမင်းစား ပြန်ရင် စက်ဝင်ရိုက် ၊ စာစီသမား ပြန်စားရင် စာစီ ဝင်လုပ်ပေါ့ ။ တိတ်တိတ်ကလေး ဝင်ဝင်လုပ်တာ ”

ပြောနေရင်း သူက ရယ်ပါတယ် ။

“ ကိုယ်က ကလေးပဲရှိသေးတာ ။ စက်တွေ ဝင်ရိုက်တော့ အမှားအယွင်း မဖြစ်ဘူးလား ”

“ စက်သမားတွေက ကျွန်တော့်ကို ကာလာတော့ ပေးမရိုက်ဘူး ။ ဆောလစ်တွေ ၊ အကြမ်းတွေ ရိုက်ကြည့် ၊ လက်သားတွေ မာဂျင်တွေကိုက်ပြီးမှ ၊ မှန်လာမှ ပင်ချိန်တာတို့ ၊ အရောင်နှစ်ရောင်သုံးရောင် ရိုက်တာတို့ သင်ပေးတယ် ။ တစ်ခါတလေ ကာလာရိုက်တာ လွဲသွားရော ။ လွဲသွားတဲ့အခါ အလုပ်သမားတွေက မင်း ရိုက်တာနော် ၊ မင်း ရိုက်တာနော်နဲ့ ”

သူ က ပြောရင်း ပြုံးတယ် ။

“ အရွက် လေးငါးဆယ် လွဲသွားတာ ဖယ်ရတာပေါ့ ။ လုပ်ရင်းလုပ်ရင်း တဖြည်းဖြည်းနဲ့ တော်တော် လုပ်တတ်လာတယ် ။ အလုပ်တွေ အလျင် လိုလာရင် ၊ အလုပ်သမား တစ်ယောက် ဖျားနာလို့ မလာနိုင်ရင် ဝင်လုပ်တယ် ”

“ ဦးလေး က လုပ်ခ မပေးဘူးလား ”

“ မုန့်ဖိုး တစ်လ ငါးဆယ် ( ကျပ် ၅၀ ) ပေးတယ် ။ လခ ကို သုံးလ တစ်ကြိမ် ရှင်းပေးတယ် ။ ရတဲ့ ငွေတစ်ရာ့ငါးဆယ် ဘယ်လိုလုပ်သလဲ ဆိုတော့ စက္ကူဝယ်တယ် ။ လျှောက်လွှာဆိုက်တွေ ရသလောက် ဝယ်ထားတာ ၊ စုထားလိုက်တာ သုံးလေးနှစ် ကြာတော့ စက္ကူတွေ ပြန်ရောင်းတာ ငွေတစ်သောင်းတစ်ထောင်လားပဲ ရတယ် ”

ဦးမောင်ငယ် က စိတ်ပါလက်ပါ ပြောပြနေချိန်မှာ ကျွန်တော်က သူ့ရဲ့ အသက်ဝင်တဲ့ ဓာတ်ပုံကို ရဖို့ ကင်မရာ ထုတ်လိုက်တိုင်း သူက ကိုယ်ရှိန် သ,တ်ပြီး ခပ်တောင့်တောင့် ပြန် ထိုင်ကာ ဓာတ်ပုံ အရိုက်ခံတယ် ။

“ ဘယ် အရွယ်အထိ ပုံနှိပ်လုပ်ငန်း လုပ်သလဲ ”

“ ၁၉ နှစ်သားမှာ ကျွန်တော် မိန်းမ ခိုးပြေးသွားတယ် ။ ကျွန်တော့် အမျိုးသမီးနဲ့ ကျွန်တော်က ငယ်ငယ်က ကျောင်းနေဖက် သူငယ်ချင်း ၊ ကျောင်း သွားလည်း အတူတူပဲ ။ ကျောင်းသွားတာချင်း တူပေမယ့် ကြိုက်တယ် ပြုတယ်တော့ မရှိပါဘူး ။ ကိုယ် က ရှစ်တန်းက ကျောင်း ထွက်ခဲ့ရတာ ။ သူ ဆယ်တန်း ရောက်တော့ ကျွန်တော့်စိတ်မှာ အရမ်း ခံစားရတယ် ။ ကျွန်တော်က ပညာကို ဘွဲ့ရတဲ့ အထိ သင်ချင်တယ် ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းဆက် မနေရဘူး ။ သူငယ်ချင်းတွေ ကျောင်းသွားတာ တွေ့ရင် ရှက် လို့ အလုပ်ခန်းထဲ ဝင်ပြီး ကျွန်တော် ပုန်းနေတယ် ။ ကျွန်တော့် အမျိုးသမီးနာမည် က ဒေါ်မြလွင် ၊ ကျွန်တော် အိမ်ထောင်ပြုရင် ကိုယ်နဲ့ လူမျိုးတူတဲ့ မွန်ပဲ ယူမယ် ဆုံးဖြတ်ထားတာ ။ နောက်ဆုံးတော့ သူ့ကို ခိုးပြေးတာပဲ ”

“ မိဘတွေက သဘော မတူလို့လား ”

“ ကျွန်တော့် အဖေက ရည်ရွယ်ထားတာ ရှိတယ် ။ ကျွန်တော်က ကိုယ်ကြိုက် တာ ကိုယ်ယူတော့ ကိုယ့်ဘဝကိုယ် ထူထောင်ပေါ့ ။ မွန်ထုံးစံအတိုင်း မင်္ဂလာဧည့်ခံပွဲတွေလုပ် ၊ အဖေ့အိမ် မှာ ၁၅ ရက်လောက် နေပြီး အမျိုးသမီးရဲ့ မိဘအိမ်ကို ရွှေ့ခဲ့တယ် ။ သူ့ အိမ်မှာက သူ့အဖေ တစ်ယောက်တည်း ရှိတာ ။ အဲဒီ အချိန်မှာ ပိုက်ဆံက ငါးရာ့ခြောက်ဆယ် ( ကျပ် ၅၆၀ ) ပဲ ပါတယ် ။ ကျွန်တော် ဘာလုပ်သလဲ ဆိုတော့ ရှိတဲ့ ငွေလေးနဲ့ ကာကီစက္ကူညိုတွေ ဝယ်တယ် ။ စာအိတ်လေးတွေ ချိုးပြီး သွားသွင်းတယ် ။ ကျွန်တော် စလုပ်တဲ့ အချိန်မှာ တစ်ရက် ဝင်ငွေ က ငါးကျပ် ကနေ တစ်ဆယ် ကြား ရတယ် ။ အိမ်စရိတ်က တစ်ရက် ပျမ်းမျှ ငါးကျပ် လောက်ပဲ ကုန်တယ် ။ အိမ် တိုင်မှာ ကျွန်တော် စာရေးလိုက်တယ် ။ တစ်လ ပြည့်ရင် ငွေတစ်ထောင် ရအောင်စုမယ် ”

တစ်ရက်မှ ငါးကျပ်လောက်ပဲ ဝင်ငွေက ပိုနိုင်တဲ့ သူက တစ်လကို ငွေကျပ် ၁၀၀၀ စုဖို့ဆိုတာ အလှမ်းကွာလွန်းတယ် လို့ ကျွန်တော် တွေးနေမိပါတယ် ။

“ တစ်ရက်မှ ငါးကျပ် ၊ တစ်လမှ တစ်ရာ့ငါးဆယ် ဆိုတော့ ဘယ်လို လုပ်ရင် ကောင်းမလဲပေါ့ ။ အဲဒီ အချိန်က ဆီးပြားတို့ ၊ ရှာမီတော်ဖီတို့ ရှိတယ် ။ ရုံးသုံးစက္ကူ ဟောင်းတွေကို ပုံနှိပ်ပြီး မုန့်ထုပ်တာ ။ တစ်ရက် ကျတော့ မွှေး ဆိုတဲ့ ဆီးပြားတိုက် ကျွန်တော် ရောက်တယ် ။ စက္ကူဟောင်းတွေကို ဘယ်လို ဝယ်သလဲ မေးတော့ တစ်ပိဿာ သုံးကျပ်ခွဲ ၊ လေးကျပ် ဝယ်ရတယ်တဲ့ ။ အဲဒီလို ဝယ်တော့ စက္ကူက အထူ အပါး အစုံပါတယ် ။ ရွက်ရေ ၅ဝဝ လောက်ဆို ဝယ်ရင် အဆင်ပြေမှာလား မေးတော့ သူက သဘောကျတယ် ။ ကျွန်တော်က ရွက်ရေ ၅၀၀ ပါတဲ့ အစည်းတွေ စည်းပြီး အရွက် ၄၀၀၀ တစ်ထုပ်ကို အစိတ် ( ၂၅ ကျပ် ) နဲ့ ရောင်းပေးတယ် ”

ကျွန်တော်တို့ အတွက် လီမွန်တီး နဲ့ ကိတ်မုန့်တွေ လာချတယ် ။ ကျွန်တော်က သူ့ရဲ့ တစ်လ တစ်ထောင် စုမယ့် စီမံကိန်းကို ပိုပြီး စိတ်ဝင်စား နေတယ် ။

“ စက္ကူ ဘယ်က ရမှာလဲ ကျွန်တော် စဉ်းစားတော့ ရုံးတွေက ရမယ် ။ ရုံးတွေမှာ စက္ကူလေလံ သာ သွားဆွဲရမယ် ငွေက မရှိဘူး ။ ကျွန်တော့် အမျိုးသမီးရဲ့ အဖေ ကို ပြောပြတော့ သူက တစ်ဆယ်တန် အသစ် ရာစည်း တစ်စည်း ထုတ်ပေးတယ် ။ ပိုက်ဆံ တစ်ထောင် ( ကျပ် ၁၀၀၀ ) ပေါ့ ။ အဲဒီတော့ အရမ်း ပျော်သွားတယ် ။ ရုံးတွေက စက္ကူတွေ လေလံဆွဲ ၊ ပြန်ရောင်း နဲ့ သုံးလ အတွင်းမှာ ကျွန်တော့် အရင်းအနှီးက တစ်သောင်း ( ကျပ် ၁ဝဝဝဝ ) လောက် ဖြစ်သွားတယ် ”

“ နောက်တော့ကော ” လို့ ကျွန်တော်က စကားထောက် ပေးပါတယ် ။

“ အရင်းအနှီး ရှိလာတော့ ရန်ကုန် တက်ပြီး စက္ကူ အဟောင်း ဝယ်တယ် ။ ကုန် ကား နဲ့ မော်လမြိုင် တိုက်ပြီး အလုပ်သမားတွေ နဲ့ ရွေးခိုင်းတယ် ။ အလုပ်သမား တစ် ယောက် ကနေ နှစ်ယောက် ၊ နှစ်ယောက် ကနေ တဖြည်းဖြည်းနဲ့ ဆယ်ယောက် လောက် ဖြစ်လာတယ် ။ စက္ကူတွေကို အကြမ်း က တစ်မျိုး ၊ အဖြူ  က တစ်မျိုး ၊ အညို က တစ်မျိုး ၊ ဘယ်ညာ က တစ်မျိုးရွေးပြီး ပြန်ရောင်းတယ် ။ အဲဒါ လေး ၊ ငါးခြောက်လ ကြာတော့ ကျွန်တော့် အရင်းက ခုနစ်သောင်း ( ကျပ် ၇၀၀၀၀ ) ကျော်ကျော် ဖြစ်သွား တယ် ”

အဲဒီ ကာလက ဆိုရှယ်လစ် စီးပွားရေးခေတ်မှာ သမဝါယမ စီမံကိန်း အပါအဝင် စီးပွားရေး စီမံကိန်းကြီးတွေ အများကြီး ရေးဆွဲ နေကြချိန် ဖြစ်လို့ ရုံးတွေက ပြန်ရောင်းတဲ့ စက္ကူတွေဟာ ဦးမောင်ငယ် အတွက်တော့ ရတနာပုံ ဆိုက် နေမှာပဲ လို့ ကျွန်တော် တွေးနေမိတယ် ။

“ အဲဒီလောက် ဖြစ်သွားတဲ့ အချိန်မှာ ဆေးလိပ်ခုံတွေက ဆေးလိပ် နောက်ပတ် စက္ကူဖြတ်စလေးတွေ လိုတာ ကျွန်တော် သွင်းပေးတယ် ။ လုပ်ငန်း အသစ်ပေါ့ ။ အဲဒါ တစ်နှစ်လောက် ရှိတော့ အရင်း က တစ်သိန်း ( ကျပ် ၁ဝဝဝဝဝ ) လောက် ဖြစ်သွားတယ် ”

“ အဲဒါ ၁၉၈၁ ခုနှစ် ဝန်းကျင်လား ”

“ အဲဒီ အချိန်လောက်ပဲ ။ ကျွန်တော် စက္ကူ အချောလိုင်းပါ ရောင်းမယ်လို့ စဉ်းစားတယ် ။ ရန်ကုန် တက်သွားပြီး ၃၂ လမ်းက စစ်တောင်းစက္ကူ ၊ နော်ဝေစက္ကူ ၊ ကာကီစက္ကူတွေ ဝယ်ပြီး မော်လမြိုင် မှာ ဆိုက်ကား နှစ်စီး ပေါ် တင်တယ် ။ ပုံနှိပ်တိုက် တွေကို ဆိုက်ကား နှစ်စီးနဲ့ ပတ်သွားတယ် ။ မော်လမြိုင် မှာ ပုံနှိပ်တိုက် ၃၃ တိုက် ရှိတယ် ၊ ဒါတွေကို စက္ကူ လည် ရောင်းတယ် ။ ရောင်းတော့ ကျွန်တော်က တော်တော်ရောင်းရတယ်ဗျ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဈေးနှုန်းလည်း မှန်တယ် ၊ အိမ်တိုင်ရာရောက်လည်း ပို့ပေးတယ် ။ အဲဒီအချိန်တုန်းက ပုံနှိပ်တိုက်တွေ အစိုးရ ဆီက ခွဲတမ်းရတယ် ။ တချို့ ပုံနှိပ်တိုက်က မဝယ်နိုင်ဘူး ။ ကျွန်တော်က ပုံနှိပ်တိုက်တွေ ကို စက္ကူလိုက် ရောင်းရင်း သူတို့ဆီက ခွဲတမ်း ပြန်ဝယ်တယ် ။ အဲဒီမှာ ပုံနှိပ်ဆေးဘူးတွေ ပါတယ် ။ စက္ကူအမျိုးစုံ ပါတယ် ။ အဲဒီ အချိန်က အစိုးရ ထုတ်ပေးလိုက်တဲ့ ပစ္စည်း ကို သုံးလေးလလောက် ထားလိုက်ရင် ဈေးက တက်သွားရော ”

အဲဒီကာလက ခေတ်စားခဲ့တဲ့ ဆိုရှယ်လစ် အသီးအပွင့်တွေ ကို ခံစားရမယ် ဆိုတဲ့ စကား ကို သတိရမိ သွားတယ် ။

“ အရောင်းအဝယ်တွေ လုပ်ရင်း လုပ်ရင်းနဲ့ ၁၉၈၆ ခုနှစ် ရောက်တော့ အဆင်ပြေသွားပြီ ၊ နေတဲ့ အိမ်ကို ပျဉ်ထောင်အိမ် ကနေ တိုက်ကလေး ဆောက်လိုက်ပြီ ၊ အဲဒီ အချိန်မှာပဲ ဒူးယား စီးကရက် စက်ရုံမှူးက ဆေးလိပ်ဘူး ရိုက်ဖို့ ဆေးဘူးသင်္ဘော အချိန်မီဝင် မလာလို့တဲ့ မော်လမြိုင် ဆင်းလာတယ် ။ ဆေးဘူးမှာ ခိုင်းတယ် ။ ဆေးဘူး နမူနာ ပေး လိုက်ပြီး ယိုးဒယား မှာ စုံစမ်း ခိုင်းတော့ ရှိတယ်တဲ့ ။ ကျွန်တော်က ကြားခံပြီး ငါးကျပ်စား နဲ့ ဝယ်ပေးလိုက်တယ် ”

ရုံးသုံးစက္ကူဟောင်းကို စာအိတ်ချိုး ရောင်းတဲ့ ဘဝ ကနေ နိုင်ငံရပ်ခြားက ပစ္စည်း မှာ ရောင်းပေးတဲ့ အဆင့် ကို တက်လှမ်းလာတဲ့ ဦးမောင်ငယ် ကို လေးစားစိတ် နဲ့ ကျွန်တော် ကြည့်မိတယ် ။ အသား ညိုညို ဆံပင် ခပ်တိုတို ၊ မျက်နှာထား ချိုချို ။

“ အဲဒီ နှစ်မှာပဲ ဘယ်လို ဖြစ်သလဲ ဆိုတော့ Calendar ( ပြက္ခဒိန် ) ရိုက်တဲ့ အတ်ပေပါက ရန်ကုန်မှာ အရမ်းရှားသွားတယ် ။ သူငယ်ချင်း တစ်ယောက်က ယိုးဒယား က အတ်ပေပါ လာပြတယ် ။ ရန်ကုန် မှာ စုံစမ်းလိုက်တော့ တစ်ထုပ် တစ်ထောင့်ငါးရာ ( ကျပ် ၁၅ဝဝ ) ။ ဖြစ်ပုံက အဲဒီ လူကလည်း ပိုစတာ မှာတာပါ ၊ ပိုစတာ အစား ဗြောင်တွေပါလာတာ ။ ရန်ကုန် က ငြိမ်းချမ်းရေးပိုစတာ နဲ့ အဲဒီလူ ကို ကျွန်တော်က ဂျွိုင်းပေးတယ် ၊ ယိုးဒယားစက္ကူလိုင်း ကျွန်တော့် အတွက် ပွင့်သွားတယ် ။ ရန်ကုန်က စက္ကူဆိုင်ကြီးတွေနဲ့ ပုံနှိပ်တိုက်ကြီးတွေ ကို တောင်ပေါ်လိုင်း က စက္ကူချပြီး တောက်လျှောက် ပို့ပေးရတာ ။ အဲဒီမှာ ကျွန်တော်တက် သွားတာ ။ ၁၉၈၆ ခုနှစ်မှာ ကျွန်တော့် ပိုင်ဆိုင်မှုက သိန်း ရာ နဲ့ ဖြစ်သွားပြီ ”

စကား ပြောတာ ခဏ နားပြီး ကျွန်တော်တို့ လက်ဖက်ရည် သောက်ကြတယ် ။

“ အရေးအခင်း ဖြစ် ပြီးတော့ ယိုးဒယားစက္ကူ သွင်းတာ သိပ် ခွင်မဝင်တော့ဘူး ။ အဲဒါနဲ့ ပီနန်လိုင်း ၊ ကျွန်တော်တို့ က လှေလိုင်း ခေါ်တယ် ။ လှေလိုင်း သွားလုပ်တာ ကျွန်တော် အရင်းပြုတ်သွားတယ် ”

“ ဘာဖြစ်တာလဲ ”

“ စက္ကူ လုပ်တာပဲ ။ စက်လှေ အဖမ်းခံရလို့ ပြုတ်တာ ။ ကျွန်တော့်မှာ ဘာတွေ ကျန်သလဲဆိုတော့ အိမ်ကျန်တယ် ၊ ရွှေ ကျန်တယ် ၊ ကား ကျန်တယ် ။ ကျွန်တော့်မှာ ကျန်သမျှ ငွေအားလုံး ပြန် စုလိုက်တော့ ငွေ ၁၅ သိန်း လောက် ရှိတယ် ။ အဲဒီ ငွေ ၁၅ သိန်းလုံးကို လှူပစ်လိုက်မယ်ပေါ့ ။ ရှိတဲ့ပိုက်ဆံ နဲ့ လှူမယ်ဆိုပြီး လှူတာ ၄ဝဝဝဝ လောက် အကြွေးတင်သွားတယ် ။ အဲဒီတုန်းက ရွှေဈေးက တစ်သောင်းနှစ်ထောင် ( ကျပ် ၁၂ဝဝဝ ) လား ၊ တစ်သောင်းသုံးထောင် ( ကျပ် ၁၃၀၀၀ ) လား ရှိတယ် ။ မိန်းမ ရဲ့ရွှေတွေ ရောင်းပြီး လှူတဲ့ အထဲ ထည့်လိုက်တယ် ”

“ ကိုယ့်မှာ စက်လှေ အဖမ်းခံရလို့ အရင်းပြုတ်နေတဲ့ အချိန်မှာ ရှိတဲ့ငွေကို ကုတ်ကတ်ထားပြီး အရင်းလုပ်ဖို့ စိတ်မကူးဘူးလား ”

“ ကျွန်တော် ကောင်းတဲ့ အလုပ် မလုပ်ရသေးဘူး ။ ငွေတွေ ဒါလောက် အများ ကြီးတောင်မှ ဆုံးရှုံးသေးတာ ။ ၁၅ သိန်းလောက် ဘာကြောင့် မလှူနိုင်ရမှာလဲ ဆိုပြီး လှူပစ်တာ ။ အဲဒီလိုမျိုး လှူလိုက်တဲ့ အခါ မမြင်ရတဲ့ အားတွေ ယုံကြည်မှုတွေ ပိုပြီး တက်လာတယ် ။ ကိုယ် ရတဲ့ ငွေကို တန်ဖိုးရှိတဲ့ နေရာမှာပဲ သုံးတော့မယ် ။ အဲဒါ ၁၉၉၃ ၊ ကျွန်တော့်အသက် ကလည်း ၃၃ နှစ်လောက်ပဲ ရှိသေးတယ် ။ နောက်ထပ် စမယ့် အချိန်ဟာ ဘဝအတွက် အကောင်းဆုံး လို့ပဲ သဘောထားတယ် ။ ၁၉၉၃ မှာ ကျွန်တော် အော့ဖ်ဆက် စ လုပ်တယ် ”

“ အော့ဖ်ဆက် လုပ်တော့ ရှိတဲ့ ငွေကို ထုခွဲရတာလား ”

“ မဟုတ်ဘူး ။ ရန်ကုန်က ဌေးအောင် ဆိုတဲ့ သူငယ်ချင်း က ဆဲဗင်း ဆိုတဲ့ စက်ကလေး တစ်လုံးကို ငါးသိန်းနဲ့ အကြွေး ဝယ်ပေးလိုက်တာ ။ သုံးလပဲ ကြာတယ် ။ စက်ကလေး အရင်းကျေသွားတယ် ။ အော့ဖ်ဆက် လုပ်ရင်း ရတာ လှူသွား လိုက်တာ ခုဆို ၁၈ နှစ် ။ ပြောရင် ယုံမှာတောင် မဟုတ်ဘူး ။ ၁၉၉၉ ခုနှစ်မှာ သိန်း ၂ဝဝ ကျော် လှူပြီး သွားတယ် ။ ခုလည်း အများကြီး လှူနေတုန်းပဲ ”

ကျွန်တော်တို့ စကား ထိုင် ပြောနေတာ နည်းနည်း ကြာသွားပြီ ။ အပြင်မှာ မှောင်နေပြီ ။ ဦးမောင်ငယ် က ခပ်ငေးငေး ခပ်တွေးတွေး လုပ်နေရာ က စကားဆက် ပြောတယ် ။

“ ကျွန်တော် စဉ်းစားတာက ကျွန်တော် သေသွားရင် ကျွန်တော် နဲ့ ဘာမှ ပါသွားမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ကျွန်တော် ကောင်းတာ ၊ မကောင်းတာတွေက ကျွန်တော့် သားမြေးတွေ အပေါ်မှာ ခံစားမှုတွေ ရှိနေမှာ ။ ဒါကြောင့် ကျွန်တော့် ကိုယ်ကျင့်တရားနဲ့ စိတ်ကောင်းစေတနာကို အပျက် မခံဘူး ”

မိုးလည်း ချုပ်လာပြီမို့ သူ့ကို နှုတ်ဆက်ပြီး ကျွန်တော် တည်းခိုရာကို ပြန်လာခဲ့တယ် ။ နောက်နေ့ မနက်ခင်းမှာ ဦးချိုချို ၊ ဦးမင်းသိန်းမြင့် တို့နဲ့ အတူ ကျိုက္ခမီလမ်း မှာ ရှိတဲ့ ဦးတင်လှိုင် ရဲ့ ကျော်ကြားဆောက်လုပ်ရေးပစ္စည်းဆိုင် ကို သွားလည်တယ် ။ ဦးမောင်ငယ် လည်း ရောက်လာတယ် ။ ဆိုင်ရှေ့မှာ ဦးတင်လှိုင် က စိတ်ကူး ကောင်းကောင်း နဲ့ လုပ်ထားတဲ့ နားခိုစရာ နေရာလေးမှာ ကျွန်တော်တို့ ထိုင်မိ ကြတော့ ဦးမောင်ငယ်  ကြုံခဲ့ဖူးတဲ့ အခက်အခဲတွေ အကြောင်း စကား စပ်မိသွားတယ် ။

“ ယိုးဒယား ကနေ ပစ္စည်းတွေ ဝယ်ချလာတဲ့ အခေါက်ပေါ့ ။ ချောင်းနှစ်ခွမှာ ကျွန်တော့်ပစ္စည်းတွေ ဓားပြတိုက် ခံရတယ် ။ ညနေ ၅းဝဝ နာရီ လောက်မှာ ကျွန်တော့် ပစ္စည်းတွေက ဈေးထဲကို ကယ်ရီတွေ နဲ့ တန်းစီ ဝင်လာတယ် ၊ ကျွန်တော်က ဈေးထဲမှာ ဘယ်လို မှာထားသလဲ ဆိုတော့ ဟောဒီလိုမျိုး ဆေးပုံးတွေ တစ်ပုံး တွေ့ရင် တစ်ပုံး ငါးရာ ( ကျပ် ၅၀၀ ) နှုန်းနဲ့ ဈေးရောက်လာသမျှ ဆေးပုံး အားလုံးအတွက် ပေးမယ်လို့ ပြောထားတယ် ။ ဖြစ်ချင်တော့ အလုပ်သမား တစ်ယောက်က ဆရာ တွေ့ပြီလို့ လာပြောတယ် ။ ဆေးပုံးတွေ လာချတဲ့ဆိုင်ကို ကျွန်တော် ဝယ်လာတဲ့ စာရင်းနဲ့ ပြလိုက်တယ် ။ အဲဒီအချိန် မှာပဲ ရဲအရာရှိ ကိုမောင်မောင် ကလည်း ဈေးထဲ ရောက်နေတယ် ။ ဓားပြတိုက်ထားတဲ့လူတွေက ပစ္စည်းချပြီး ပြေးပါလေရော ”

ဦးမောင်ငယ် က ပြောရင်း ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။

▢ ကျော်ရင်မြင့်
📖 ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment