Saturday, August 30, 2025

မီးခြစ်သည်မကလေး

 

❝ မီးခြစ်သည်မကလေး ❞
             ( ပုံပြင် )

ကြောက်ခမန်းလိလိ အေးလှသည် ။ နှင်းများ အထပ်ထပ် ကျလျက်ရှိသည် ။ မကြာမီ မှောင်တော့မည် ။ ထိုနေ့သည် နှစ်၏ နောက်ဆုံးနေ့ ဖြစ်သည် ။ လဆန်းတစ်ရက်နေ့ မတိုင်မီနေ့ ဖြစ်၏ ။ ယင်းသို့ မှောင်လျက် အေးလျက်ရှိစဉ် လမ်းတစ်လျှောက်တွင် ဆင်းရဲသူမကလေးသည် ဖိနပ် မပါဘဲ လျှောက်လာလေသည် ။ သူ့အိမ်က ထွက်လာစဉ် သူ့၌ ဖိနပ်ပါသည်မှာ မှန်ပါ၏ ။ သို့သော် သူစီးလာသော ဖိနပ်မှာ သူ့မိခင်၏ ဖိနပ်ဟောင်း ဖြစ်သည် ။ သူ့အဖို့ အဆမတန် ကြီးနေလေသည် ။ ဖိနပ်မှာ ချောင်လွန်းလှ၍ အမြန်မောင်းလာသော လှည်းနှစ်စီးကို ရှောင်လိုက်ရာတွင် ခြေမှ ကျွတ်ထွက်လွင့်စင်သွားသဖြင့် ရှာမတွေ့ရတော့ချေ ။ ကျန်တစ်ဖက်ကိုမူ သူငယ်တစ်ယောက်က ယူပြေးသည် ။ ကောက်ယူစဉ် ထိုသူငယ်က ကြီးပြင်းလာ၍ သားသမီး ရလျှင် ထိုဖိနပ်တစ်ဖက်ကို ကလေးပုခက် လုပ်မည်ဟု ပြောသွားချေသေးသည် ။ ထိုကြောင့် သူငယ်မကလေးသည် ဖိနပ်မပါဘဲ လျှောက်နေရရှာသည် ။ သူ့‌ခြေထောက်များမှာ အေးလွန်း၍ ပြာနေသည် ။ သူသည် လုံချည်ဟောင်း တစ်ထည်နှင့် ထုပ်ထားသော မီးခြစ်ထုပ်ကို ပွေ့လျက် ရှိသည် ။ သူ့ လက်တစ်ဖက်တွင် မီးခြစ်ကလည်း ရှိသေးသည် ။ သူ့ခမျာ တစ်နေကုန် လျှောက် ရောင်းသော်လည်း မီးခြစ်တစ်ပြားဖိုးမျှ မရောင်းရချေ ။ သူသည် ဈေးမရောင်းရ၍ စိတ်ညစ်နေရှာသည် ။ တစ်နေကုန် လမ်းလျှောက်ရ၍ အလွန် ဆာလောင်လျက်ရှိ၏ ။ အေးလွန်း၍ တုန်နေလေသည် ။ နှင်းခဲကလေးများသည် သူ၏ နီကြန့်ကြန့် ဆံပင်ရှည်ပေါ်တွင် တင်နေသည် ။ သူ့ဆံပင်များသည် ချစ်စဖွယ် တွန့်လျက် သူ့ပခုံးပေါ်တွင် ဝဲကျနေလေသည် ။ သူ့ရုပ်ရည်မှာ သနားစဖွယ် နှစ်လိုဖွယ် ကောင်းလှပေ၏ ။ သို့သော် ထိုအချိန်တွင် သူငယ်မကလေးသည် သူ့ရုပ်ရည် အကြောင်းကို တွေးတောနေသည် မဟုတ် ချေ ။ အိမ်ပြတင်းပေါက်တိုင်းတွင် မီးရောင်များ တလက်လက်ရှိသည် ။ ငန်းပေါင်းဟင်း အနံ့မွှေးမွှေးသည် လမ်းထဲသို့ ပျံ့နှံ့လာလေသည် ။ နှစ်သစ်ကူးတော့မည် ။ သူငယ်မကလေးသည် နှစ်သစ်ကူးပွဲအကြောင်းကို စဉ်းစားနေလေသည် ။

လမ်းထောင့်တွင် အိမ်နှစ်ဆောင် ရှိသည် ။ တစ်ဆောင် က အခြား တစ်ဆောင်ထက် ကဲ၍ လမ်းဘက်သို့ ထိုးထွက်နေသည် ။ သူငယ်မကလေးသည် ထိုအိမ်နှစ်ဆောင် ကြား၌ သူ့ ခြေထောက်ကလေးများကို သူ့ပေါင်အောက်တွင် ထားလျက် ကုတ်ကုတ်ကလေး ထိုင်နေလေ သည် ။ ယင်းသို့ ထိုင်သော်လည်း အနွေးဓာတ်မရဘဲ ပို၍သာ အေးလာလေတော့သည် ။ သူ့ခမျာမှာ အိမ်သို့ မပြန်ဝံ့ရှာချေ ။ တစ်နေကုန် မီးခြစ် တစ်ပြားဖိုးမျှ မရောင်းရသဖြင့် သူ့ဖခင်က ရိုက်လိမ့်မည် ။ ထို့ပြင်လည်း အိမ်တွင် အလွန် အေးလှသည် ။ အကာမရှိ ၊ အမိုးမှာလည်း ဆိုရရုံမျှ ရှိသည် ။ အမိုးတွင် ရှိသော အပေါက်ကြီးများမှာ အဝတ်စုတ်နှင့် ကောက်ရိုးတို့ဖြင့် ဖာထားသဖြင့် မလုံသောကြောင့် လေတဝီဝီ တိုက်လျက်ရှိသည် ။ သူ့လက်ကလေးများသည် အေးလွန်း၍ ထုံနေကြလေပြီ ။ မီးခြစ်ဆံ တစ်ဆံနှင့် မီးထွန်းလိုက်လျှင် အအေးသက်သာရာ ရနိုင်ဖွယ်ရှိသည်ဟု သူ ထင်မိ၏ ။ သူသည် မီးခြစ်ဆံများ လျော့သွားမည်ကို စိုးရိမ်မိလေသေးသည် ။ အကယ်၍ မီးခြစ်ဆံ တစ်ဆံယူ၍ မီးထွန်းညှိလိုက်ပါမူ အိမ်နံရံမှာ လင်းသွား ပြီးလျှင် သူ့လက်ချောင်းကလေးများ နွေးလာမည် မုချတည်း ။ သူသည် မီးခြစ်ဆံကလေး တစ်ဆံကို ထုတ်၍ ခြစ်လိုက်ရာ မီးတောက်ကလေး ထွက်လာလေသည် ။ မီးရောင်ကလေးမှာ ဖယောင်း တိုင်မီးနှင့် တူလှ၏ ။ ကြည်လင်သော အရောင်ရှိ၏ ။နွေးလှပေသည် ။ ထူးဆန်ပေသည်တကား ။ သူငယ်မကလေးသည် သူ့ကိုယ်သူ ပူနွေးသော မီးဖိုကြီး ရှေ့တွင် ရောက်နေသည်ဟု ထင်မိလေသည် ။ မီးဖိုကြီးမှာ ကြေးနီတိုင်များနှင့် လက်ကိုင်ဖုများဖြင့် လက်လျက်ရှိသည် ။ မီးဖိုထဲတွင် မီးတောက်လျက်ရှိသည် ။ ပူနွေး၍ ခင်မင်ဖွယ် မီးတောက်ပင် ဖြစ်တော့သည် ။ သူငယ်မကလေးသည် မီးဖိုကြီးဘက်သို့ သူ့ခြေထောက်ကလေးများ ဆန့်လိုက်သည် ။ ဤတွင် မီးရောင် ပျောက်၍ မီးဖိုကြီးလည်း ကွယ်လေတော့ပြီ ။ သူ့လက်ထဲတွင် မီးခြစ်ဆံတိုကလေးသာ ကျန်တော့သည် ။

သူသည် နောက် မီးခြစ်ဆံတစ်ဆံကို ထွန်းညှိပြန်သည် ။ မီးရောင်ကျသော နံရံမှာ မှန်ပြင်ကြီး ကဲ့သို့ ဖြစ်သွားသည် ။ သူသည် အတွင်း၌ ရှိသော အခန်းကို မြင်ရလေသည် ။ အခန်းထဲ၌ ဖြူဖွေးသော စားပွဲခင်း ပေါ်တွင် လှပနုနယ်သော ကြွေပန်းကန်များ တင်လျက် အလယ်တွင် အငွေ့တထောင်းထောင်းထလျက်ရှိသော ငန်းပေါင်းကို မြင်ရလေသည် ။ ငန်းပေါင်းမှာ အနံ့သင်းလှသည် ။ ဆီးသီး ၊ သစ်တော်သီးတို့ ဌာပနာ၍ ထားသည် ။ ထို့ထက် ထူးခြားသည်ကား ငန်းပေါင်းသည် ပန်းကန်ထဲမှ ခုန်ထွက်လာပြီးလျှင် ငန်းရှင်ပမာ သူငယ်မကလေး ထံသို့ ယက်ကန်ယက်ကန်နှင့် လာနေခြင်းပင်ဖြစ်သည် ။ ငန်းပေါင်း၏ ကျောတွင်ကား ခက်ရင်းနှင့် ဓားစိုက်လျက် ။ ယင်းသို့ သူ့ထံသို့ လာနေခိုက်တွင် မီးခြစ်ဆံမီးကလေး ငြိမ်းသွားသည် ။ မှောင်အတိ ပြီးသွားပြန်လေသည် ။

သူငယ်မကလေးသည် နောက် မီးခြစ်ဆံကလေး ထွန်းညှိပြန်သည် ။ မီးခြစ်ဆံမှ ထွက်လာသော မီးရောင်တွင် သူ့ကိုယ်သူ အလှဆုံး ခရစ်စမတ်ပဒေသာပင်အောက်တွင် ထိုင် နေသည်ကို မြင်ရသည် ။ ထိုပဒေသာပင်မှာ ချမ်းသာသော ကုန်သည်ကြီး အိမ်ထဲတွင် ရှိသော ဖန်ပြတင်းမှ လှမ်းမြင်ခဲ့ရသည် ပဒေသာပင် ထက်ပင် ကြီး၍ လှပေသေးသည် ။ ထိုပဒေသာပင်ကြီး၏ ကိုင်းများပေါ်တွင် ရာပေါင်းများစွာသော ဖယောင်းတိုင်မီးများထွန်းတောက်လျက်ရှိလေ သည် ။ ဆိုင်များ ရှေ့ရှိ မှန်တံခါးတွင် တွဲလွဲချ ထားသော ရွှေချည်လိပ်များ ကဲ့သို့ တောက်ပြောင်သော ရွှေချည် ၊ ပိတ်များသည် ပဒေသာပင်ကိုင်းများမှ တွဲလွဲကျလျက်ရှိကြသည် ။ သူငယ်မလေးသည် ထိုရွှေချည်များကို လက်နှစ်ဖက်နှင့် လှမ်းအဆွဲလိုက်တွင် မီးခြစ်ဆံမီး ငြိမ်းသွားလေသည် ။ ခရစ်စမတ် ပဒေသာ ဖယောင်းတိုင်များသည် ရှည်၍ ရှည်၍ တက်သွားပြီးလျှင် နောက်ဆုံး၌ မိုးပေါ်တွင် ကြယ်ပွင့်များဖြစ်နေကြကုန်၏ ။ ထိုအခိုက်တွင် ကြယ်တစ်လုံးသည် အမြီးတန်း၍ မြေဘက်သို့ ကျပြီးလျှင် ပျောက်ကွယ်သွားလေသည် ။

“ ဒါဟာ လူ တစ်ယောက်ယောက် သေတဲ့ နိမိတ်ပဲ ” ဟု သူငယ်မကလေးက ပြောလေ သည် ။ သွားလေသူ ဘွားအေကြီးက လူ၏ ဝိညာဉ်တစ်ခု ဘုရားသခင် ထံသို့ တက်သွားတိုင်း ကြယ်တစ်ပွင့် ကြွေသည်ဟု ပြောခဲ့ဖူး၏ ။ သွားလေသူ ဘွားအေကြီး တစ်ဦးသာလျှင် သူ့အား သနားကြင်နာစွာ ယုယပြုစုခဲ့ဖူးလေသည် ။

သူငယ်မကလေးသည် နောက်တစ်ဖန် မီးခြစ်ဆံ တစ်ဆံကို ထွန်းညှိပြန်သည် ။ မီးရောင်ထဲတွင် သွားလေသူ ဘွားအေးကြီး ပေါ်လာလေသည် ။

ဘွားအေကြီးမှာ အလွန် တောက်ပြောင်လျက် ရှိသည် ။ သိမ်မွေ့ယုယသော အမူအရာကို ပြလေသည် ။

“အို ... ဘွားဘွား ကျွန်မကို ဘွားဘွားနှင့် အတူ ခေါ်သွားပါ ။ မီးခြစ်ဆံ မီးငြိမ်းသွားရင် ဘွားဘွား ပျောက်သွားမယ် ဆိုတာ ကျွန်မ သိပါတယ် ။ ပူနွေးတဲ့ မီးဖိုကြီး ၊ စားချင်စရာ ကောင်းတဲ့ ငန်းပေါင်းနှင့် အံ့ဩစရာ ကောင်းတဲ့ ခရစ်စမတ် ပဒေသာပင်ကြီးတို့လို ဘွားဘွား လည်း ပျောက်ကွယ် သွားမှာပါ ” ဟု ဆိုကာ သူငယ်မကလေးသည် သူ့ဘွားအေ ပျောက်ကွယ် မသွားရလေအောင် ကျန်သောမီးခြစ်ဆံများကို တစ်ဆံပြီးလျှင် တစ်ဆံ ဆက်၍ ထွန်းညှိလေသည် ။ မီးခြစ်ဆံမီးရောင်များသည် တဖြည်းဖြည်း ထွန်းတောက်လာလေရာ နေ့လယ်နှင့်ပင် တူနေတော့သည် ။ သူငယ်မကလေး၏ ဘွားအေသည်လည်း အရပ်မြင့်မား၍ လှပလာလေတော့သည် ။ သူသည် သူငယ်မကလေးအား ပွေ့ချီ၍ ခံ့ညားရွှင်လန်းစွာ တဖြည်းဖြည်း တက်သွားလေသည် ။ သူတို့သည် အမေ မရှိ ၊ ဆာလောင်ခြင်း ကင်း၍ ကြောက်စရာအကြောင်း လမ်းမမြင်ရသော ဒေသသို့ ရောက်သွားကြလေသည် ။ သူတို့သည် ဘုရားသခင် ထံပါးသို့ ရောက်သွားကြလေတော့သည် ။

နောက်နေ့ နံနက်စောစောတွင် အိမ်နှစ်လုံးကြား၌ ကုတ်ကုတ်ကလေး ထိုင်ရင်း ၊ နှင်းဆီသွေးပါးကလေးများနှင့် ပြုံးယောင်ယောင် နှုတ်ခမ်းနှင့် သူငယ်မကလေးသည် နှစ်ဟောင်း၏ နောက်ဆုံး ညတွင် အအေးလွန်၍ သွေးခဲသွားကာ သေဆုံး နေရှာလေသည် ။ နှစ်သစ်၏ ပထမ နံနက်ရောင်သည် သွားလေသူကလေး၏ ကိုယ်ကလေး ပေါ်တွင် ကျရောက်လျက်ရှိသည် ။ သူငယ်မကလေး အနီးတွင် ထွန်းညှိပြီးသော မီးခြစ်ဆံတိုများနှင့် မထွန်းညှိရသေးသော မီးခြစ်ဆံ အနည်းငယ်ကို တွေ့ကြရသည် ။

“ ဪ ... သူငယ်မကလေး ခမျာမှာ ချမ်းရှာလွန်းလို့ မီးခြစ်ဆံ ခြစ်ပြီး နွေးအောင် လုပ်ရရှာပေတယ် ” ဟု လူတို့က ဆိုကြသည် ။ သူငယ်မကလေး မည်မျှ လှပကြီးကျယ်သော အမြင်တို့ကို မြင်၍ နှစ်သစ်၏ ရွှင်လန်းမှု ရှိရာ ဒေသသို့ သူ့ ဘွားအေကြီးနှင့်အတူ ကူးပြောင်းသွားကြောင်းကိုမူကား မည်သူမျှ မသိကြပေ ။

( ဘာသာပြန် )

〇 တတ်တိုး
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၆ ၊ မေ

No comments:

Post a Comment