❝ တစ်နေ့ကို ၅ မိနစ်ပဲ အချိန်ပေးပါ ❞
စာရေးချင်တဲ့ လူငယ်များနဲ့ တွေ့တိုင်း ကျွန်တော် ပြောဖြစ်တာကတော့ စာရေးတာကို ဝါသနာအနေနဲ့ပဲ လုပ်ပါ ။ အသက်မွေးဝမ်းကျောင်း အနေနဲ့ကတော့ ပုံမှန် ဝင်ငွေရှိမယ့် အလုပ်တစ်ခု ရှိပါစေ ဆိုတာပါပဲ ။
ကျွန်တော်တို့ အရင်ခေတ်က စာရေးဆရာကြီးများ လုံးချင်းဝတ္ထုတွေ ထုတ်ဝေရာမှာ စောင်ရေ သောင်းဂဏန်း ရိုက်ခဲ့ရတာပါ ။ အခုတော့ လုံးချင်း ဖြန့်ချိရာမှာ စောင်ရေ ၅၀၀ ဆိုတာ တော်တော် ဟုတ်နေပြီလို့ ဆိုကြပါတယ် ။
ကဗျာ ၊ ဆောင်းပါး ၊ ဝတ္ထုတို ရေးသူများ ဆိုရင်လည်း ရလာတဲ့ စာမူခနဲ့ မိသားစု စားဝတ်နေရေး ဖန်တီးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ ။ ဒီတော့ အသက်မွေးဝမ်းကျောင်း အလုပ်က တစ်ဖက် ၊ ဝါသနာပါတဲ့ စာရေးတာ က တစ်ဖက် လုပ်ကြရပါတယ် ။
ရုံးလုပ်ငန်းလို တနင်္လာနေ့ ကနေ စနေနေ့ အထိ အလုပ် လုပ်ကြရပြီး အားလပ်တဲ့ တနင်္ဂနွေနေ့ မှာ စာရေးမယ်လို့ အားခဲထားကြပေမယ့် တနင်္ဂနွေနေ့မှာ မိသားစု ကိစ္စ ၊ သာရေးနာရေး ကိစ္စ ၊ လူမှုရေး ကိစ္စ စတာတွေ ပေါ်ပေါက် လာပြန်တာမို့ စာမရေးဖြစ်ပြန်ပါဘူး ။ တစ်ပတ်လုံး အလုပ် လုပ်နေတုန်း ကာလ အတွင်းမှာလည်း အချိန်ရရင် ရသလို ကိုယ် ရေးလက်စ ဝတ္ထုကလေး အတွက် စိတ်ကူးဉာဏ်တွေ ပေါ်ပေါက်တတ်ကြပါတယ် ။ နောက် တနင်္ဂနွေမှာ လုံးဝ အားလပ်သွားလို့ စာရေးစားပွဲကိုလည်း ထိုင်လိုက်ရော ဘာ ရေးရမှန်း မသိ ဖြစ်သွားတဲ့ အကြိမ်တွေ အများကြီး ကြုံတတ်ပါတယ် ။ ရေးပြီးသားလေး ပြန် ဖတ်ကြည့်တော့လည်း ကောင်းနေသား ။ ဒါပေမဲ့ ရှေ့ကို ဘယ်လို ဆက်ရ မလဲဆိုတာ ပေါ်ပြီးသား စိတ်ကူးက အစ ရှာမရ ဖြစ်နေတာမို့ ဘာမှ မရေးနိုင်ဘဲ ငုတ်တုတ် မေ့ရတဲ့ အကြိမ်တွေ များစွာ ရှိနိုင်ပါတယ် ။
ဒါကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလထုတ် The Writer မဂ္ဂဇင်းမှာ ဝတ္ထုရေးဆရာ ဂျယ်ရီ ကလီဗား က ၅ မိနစ်လောက် အချိန်ပေးစမ်းပါ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာများအတွက် အကြံပြုထားတဲ့ ဆောင်းပါး ကို ဒီလ နှစ်ကြောင်းရေး တစ်ကြောင်းခြစ်ကဏ္ဍမှာ ဖော်ပြပေးချင်ပါတယ် ။
••••• ••••• •••••
◾အရေးပါတဲ့ ၅ မိနစ်
ခင်ဗျားတို့ ဘဝမှာ အချိန်လုံးဝ မရှိဘူး ဆိုတာကို ကျွန်တော် လက်မခံပါဘူး ။ အချိန် နည်းနည်းကလေးတော့ ရှိမှာပါ ။ တကယ်ကို နည်းနည်းလေးပါ ။ ဘယ်လောက် နည်းသလဲဆိုရင် ၅ မိနစ်တည်းပါ ။ တစ်နေ့ ကို မှ ၅ မိနစ်တည်းပါ ။ အဲဒီ ၅ မိနစ်က စာရေးဆရာ တစ်ယောက် အတွက် ဘယ်လောက် ထိ ရောက်သွားနိုင်တယ် ဆိုတာကို ကျွန်တော် ပြောပြပါ့မယ် ။
၅ မိနစ် ဆိုတဲ့ အချိန်ဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သုံးလို့ ရနိုင်ပါတယ် ။ ဥပမာ အိမ် ကို မြို့ပတ်ရထားနဲ့ ပြန် နေတုန်း အချိန်အတွင်းမှာ ထိုင်နေရတဲ့ အချိန်ထဲက ၅ မိနစ်က ရနိုင်တာပဲ ။ ကိုယ်ပိုင်ကားနဲ့ သွားနေသူများ အတွက် ကလည်း ကားပါကင် ထိုးပြီး ရုံးပေါ် မတက်ခင် ၅ မိနစ်လောက် အချိန် ပေးလို့ ရနိုင်တာပါပဲ ။ အဲဒီလို ပေးနိုင်တဲ့ အချိန် ၅ မိနစ်က စောစောက ပြောတဲ့ ဘာဆက် ရေးရမှန်း မသိ ဖြစ်ကုန်တယ် ဆိုတဲ့ သူတွေအတွက် အများကြီး အကျိုး သက်ရောက်မှု ရှိတာကို ကျွန်တော် ပြောပြချင်ပါတယ် ။
အချိန် ၅ မိနစ် မဟုတ်ပါဘူး ၊ အများကြီး ပေးနိုင်ပါတယ် ဆိုတဲ့ သူတွေ အတွက်လည်း ၅ မိနစ်ကနေ စ စေချင်ပါတယ် ။ တစ်နေ့ မှ ၅ မိနစ်တည်းလားဗျာ ၊ ဒီ ၅ မိနစ် နဲ့ ဘာလုပ်လို့ ရမှာလဲ ၊ ကျွန်တော့် အလုပ်တွေက အဲဒီ ၅ မိနစ်ကို အချိန် မပေးနိုင်တာလို့တော့ ဆင်ခြေ မတက်စေချင်ပါဘူး ။
တချို့ကလည်း ၅ မိနစ်ကလေးနဲ့ စာ ဘယ်လောက် ရေးနိုင်မှာမို့လို့လဲလို့ စဉ်းစားရင် စဉ်းစားပါလိမ့်မယ် ။
စာရေးဖို့ အတွက် အချိန် ဘယ်လောက် ယူမှာလဲ ။ ဒါက ပုံသေ သတ်မှတ်ထားလို့ မရတဲ့ ကိစ္စပါ ။ ၅ မိနစ်မှာ စာ တစ်ကြောင်း ရေးလို့ ရချင်မှ ရပါလိမ့်မယ် ။ ပထမဆုံး ပြောချင်တာကတော့ အဲဒီ ၅ မိနစ်မှာ စာမရေးပါနဲ့ဦး ။ ဘာရေးမလဲ ဆိုတာကို စဉ်းစားစေချင်တာပါ ။
စာလည်း မရေးနဲ့ဦးလို့ ကျွန်တော်က ပြောလိုက်တဲ့အတွက် ခင်ဗျား လိုချင်တဲ့ ၅ မိနစ်မှာ ဘာလုပ်ရမှာလဲလို့ မေးလာရင် ဘာမှ မလုပ်ပါနဲ့လို့ဘဲ ကျွန်တော် ဖြေမှာပါ ။ တကယ့်ကို ဘာမှ မလုပ်ရပါဘူး ။ ဘာမှ မလုပ်ရဘူး ဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းပြချက် နှစ်ခု ရှိပါတယ် ။ ပထမ အချက်ကတော့ ခင်ဗျား ကိုယ်တိုင် ပြောလာမယ့် “ ဘာမှ မဟုတ်တာ ” ဆိုတဲ့ ကိစ္စပါပဲ ။ ဒုတိယ အချက်ကတော့ အဲဒီ အချိန်ကလေး အတွင်းမှာ စိတ်ကို လွတ်လပ်မှု ပေးလိုက်ပါ ။ အဲဒီလို လုပ်လိုက်ရင် ဘယ်လို ခံစားရမယ် ဆိုတာ ကိုယ်တွေ့ ကြုံတဲ့ အခါမှာ သိလာပါလိမ့်မယ် ။ ပျောက်ဆုံးသွားပြီလို့ ထင်ထားတဲ့ စိတ်ကူးတွေက ကိုယ့်ခေါင်းထဲကို အလိုလို ပြန် ဝင်လာပါလိမ့်မယ် ။
ဒါကြောင့် ကျွန်တော် ပြောတာပါ ။ တစ်နေ့ကို ၅ မိနစ်လောက် ဘာမှ မလုပ်ဘဲ ထိုင်ကြည့်ပါ ။ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ် ။ Cool Hand Luke ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ထဲမှာ ပေါလ်နျူမင် ပါဝင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်က ပြောဖူးတဲ့ စကားတစ်ခု ရှိပါတယ် ။
“ တစ်ခါတလေမှာ ဘာမှ မလုပ်တာက အများကြီး အကျိုး သက်ရောက်မှု ရှိစေတယ် ” တဲ့ ။
ဒါကြောင့် ၅ မိနစ် အလဟဿ ထိုင်လိုက်ခြင်းက ကိုယ့် အာရုံတွေကို ပြန်လည် စုစည်းပေးပြီး ရပြီးသား စိတ်ကူးတွေကို ပြန်လည် ရရှိစေနိုင်တာ ဖြစ်ပါတယ် ။ အဲဒီ အချိန်မှာ စိတ်ပူတာတွေ ၊ သောက ရောက်တာတွေ ပျောက်ကွယ်နေပြီး ကိုယ့် ဝတ္ထုအတွက် ဆက်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေ ပေါ်လာပါလိမ့်မယ် ။
ဒါကြောင့် ခင်ဗျား လုပ်ရမယ့် အလုပ်က ဘာမှ မဟုတ်ပါဘူး ။ ၅ မိနစ် ငြိမ်ငြိမ်ကလေး ထိုင်ပြီး အနှောင့်အယှက် ကင်းမဲ့စွာနဲ့ စိတ်ကူးတွေကို ပြန်လည် တူးဆွဖို့သာ ဖြစ်ပါတယ် ။ ၅ မိနစ်လောက် နေ့လယ်အိပ်မက် မက်တယ် ဆိုရင်လည်း မမှားပါဘူး ။
ဒါပေမဲ့ ဒီလို ၅ မိနစ် စ ထိုင်တဲ့ ပထမနေ့ မှာတော့ စိတ်ကူးတွေက စုစည်းလို့ ရဦးမှာ မဟုတ်သေးပါဘူး ။ ဒါဆို ဘယ်လို ဆက်လုပ်ရမလဲ ။ စိတ်ကူး ဆိုတာ ခင်ဗျားရဲ့ စိတ်ကို ငြိမ်ငြိမ်ကလေး ထားမှ ပေါ်ပေါက်လာ မှာပါ ။ ပထမ ရက်တွေမှာ စိတ်က ဟိုရောက်ဒီရောက် ပျံ့နှံ့နေနိုင်ပါသေးတယ် ။ စိတ်ငြိမ်ငြိမ်ကလေး ထားတတ်သွားတဲ့ အချိန်မှာ စိတ်ကူးတွေ ပေါ်လာပါလိမ့်မယ် ။ ဦးနှောက်ရဲ့ လှုပ်ရှားမှုများကို အဓိကထား လေ့လာကြတဲ့ ဆေးပညာ သုတေသီများကလည်း ဒီစကားကို ထောက်ခံပါတယ် ။ ဒါကြောင့် ကျွန်တော် ပြောသလို ၅ မိနစ်ကလေးပဲ အချိန်ပေးပြီး လုပ်ကြည့်ပါ ။
ပထမတော့ ခင်ဗျား ထင်ပါလိမ့်မယ် ။ ဂျယ်ရီ ဆိုတဲ့ကောင်က အရူးပဲ ။ ၅ မိနစ် အတွင်းမှာ ဘာလုပ်လို့ ရမှာလဲ ။ အလကား အချိန်ကုန်တာပဲ အဖတ်တင်တယ်လို့ တွေးကောင်း တွေးပါလိမ့်မယ် ။ ငြိမ်ငြိမ်ကလေး ထိုင်နေ ပါဗျာ ။ အဲဒီအချိန်မှာ ခင်ဗျားက “ ငါ ဘာလုပ်နေတာလဲ ... ၊ လုပ်စရာ အလုပ်တွေက တစ်ပုံကြီး ရှိသေးတယ် ။ ကားက ရေဆေးရဦးမယ် ။ လက်အောက် ငယ်သားတွေ တင်ထားတဲ့ အစီရင်ခံစာတွေ ကလည်း ဖတ်ရဦးမယ် ” စသဖြင့် ပေါ့ ။ ဒါလည်း ဖြစ်ပါတယ် ။ အစ ပထမပိုင်းမှာတော့ စိတ်မငြိမ်နိုင်သေးတဲ့အတွက် ဒီလို စိတ်ကူးတွေ ပေါ်မှာပါ ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ပြောသလို ၅ မိနစ်သာ ငြိမ်ငြိမ်ကလေး ထိုင်နေစမ်းပါ ။ စိတ်ပူစရာတွေ ၊ စိတ်ရှုပ်စရာတွေ အတတ်နိုင်ဆုံး မတွေး ပါနဲ့ ။ နေ့စဉ်ရက်ဆက် အဲဒီလို ထိုင်ပေးလိုက်ရင် ခင်ဗျား စိတ်တွေ ငြိမ်လာလိမ့်မယ် ။ စိတ် ငြိမ်လာတာနဲ့ အမျှ စိတ်ကူးဉာဏ်တွေလည်း ရင့်သန်လာပါလိမ့်မယ် ။
တစ်ခု သတိထားဖို့ ကတော့ ခင်ဗျားဟာ စာရေးချင်သူ တစ်ယောက် ဖြစ်တယ် ၊ ရေးဖို့လည်း စိတ်အား ထက်သန်တယ် ။ ဒါကြောင့် ကိုယ့်စိတ်ကူး မရှိဘဲနဲ့တော့ ဘယ်နည်းနဲ့ မှ ခင်ဗျား ရေးချင်တဲ့ ဝတ္ထုကို ရေးလို့ ပြီးမှာ မဟုတ်ပါဘူး ။ ရေးပြီး တော့မှသာ ထုတ်ဝေလို့ ရနိုင်မယ် ။ ကိုယ်က သမ္ဘာရင့် စာရေးဆရာ လည်း မဟုတ်သေးဘူး ။ စာတစ်အုပ် ရေးလိုက်ရင် သိန်းသန်း ချီပြီး ရတဲ့သူ လည်း မဟုတ်သေးဘူး ။ ဒါကြောင့် ကိုယ် ရေးချင်တဲ့ ဝတ္ထုတိုလေး တစ်ပုဒ်အတွက်တော့ ၅ မိနစ်ဆိုတဲ့ အချိန်ဟာ ခင်ဗျားအတွက် ဘာမှ အကျိုးယုတ် သွားမှာ မဟုတ်ပါဘူး ။
◾စိတ်ကူးဉာဏ်က သူ့ အလိုလို ဖမ်းချုပ်ထားပြီးသား
စာရေးချင်တယ် ၊ ရေးဖို့ စိတ်ကူးတွေလည်း ရှိတယ် ။ ဒါပေမဲ့ ဘယ်က စရမှန်းမသိဘူးလို့ ဖြစ်နေသူတွေ အတွက်လည်း ဒီ နည်းနဲ့ပဲ ၅ မိနစ် ငြိမ်ငြိမ်ကလေး ထိုင်ပြီး နေခြင်း အားဖြင့် စိတ်ကူးတွေ ပေါ်လာပါလိမ့်မယ် ။ အချိန်အားဖြင့် ၅ မိနစ် ဆိုပေမယ့် အဲဒီ ၅ မိနစ်အတွင်းမှာ စိတ်ကူးတွေ အတောမသတ် ရနိုင်ပါတယ် ။ စိတ်ကူး ဆိုတာက လျှပ်စီးလက် သလို ဖျတ်ခနဲ ခေါင်းထဲကို ဝင်လာတာမျိုးပါ ။ သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း ရဲ့ တီထွင်မှု များစွာဟာ အဲဒီလို ဖျတ်ခနဲ ပေါ်လာတဲ့ စိတ်ကူးတွေ ကနေ ဖြစ်ပေါ်လာတာပါ ။ ဘယ်အချိန်မှာ စိတ်ကူး ဝင်လာသလဲလို့ မေးရင်တော့ အဖြေက ရှင်းပါတယ် ။ စိတ်ငြိမ်နေတဲ့ အခါမှာ စိတ်ကူးဉာဏ်ဟာ အလိုလို ဝင်လာတာပါ ။ ရေချိုး နေရင်း ဖြစ်နိုင်သလို မုတ်ဆိတ်ရိတ် နေရင်းလည်း ပေါ်ပေါက် လာနိုင်တာပါပဲ ။ ဒီတော့ ဝတ္ထုတစ်ပုဒ် အတွက် စိတ်ကူးဉာဏ် ဆိုတာ စာရေးစားပွဲမှာ ထိုင်ပြီး စိတ်ကူးမှသာ ရတာ မဟုတ်ပါဘူး ။ စိတ်ငြိမ်နေတဲ့ အချိန်မျိုးမှာ အလိုလို ဝင်လာတာပါ ။
တစ်ခါတလေမှာ ဇွတ် ဖျစ်ညှစ်ပြီး စဉ်းစားကြည့်ပါ ။ ဘယ်လိုမှ မပေါ်လာပါဘူး ။ ဒါပေမဲ့ မစဉ်းစားတဲ့ အချိန် ဖြုန်းဆို သူ့ဘာသာ သူ ပေါ်လာတာမျိုးကို ကြုံဖူးကြပါလိမ့်မယ် ။ ဒီလို ဘာကြောင့် ပေါ်လာသလဲဆိုတော့ သိစိတ်က မစဉ်းစားတော့ဘူးလို့ လက်လျှော့လိုက်ပေမယ့် မသိစိတ်က သူ့အလိုလို ဆက်ပြီး အလုပ် လုပ်နေတာမို့ ဖြုန်းဆို ပေါ်လာခြင်းဖြစ်ပါတယ် ။
ဒါကြောင့် ကျွန်တော်ပြောတဲ့ ၅ မိနစ်ဆိုတဲ့ အချိန်ဟာ စာရေးဖို့ ကြိုးစားနေသူများ အတွက် ၊ ရပြီးသား စိတ်ကူးကို ပြန်မဖော်နိုင် ဖြစ်နေသူများအတွက် အင်မတန် အကျိုးများစေမှာ ဖြစ်ပါတယ် ။ စာကို ဆက်တိုက် ရေးနေရင် စိတ်ကူးတွေက မြစ်ထဲမှာ စီးနေတဲ့ ရေများ လို တသွင်သွင် စီးဝင်လာ မှာ ဖြစ်ပေမယ့် ရေးလက်စကို ဖြတ်ထားပြီးတဲ့ နောက် ဆက် ရေးဖို့ ကြိုးစားတဲ့အခါ မှာတော့ စိတ်ကူး ရေစီးက ရပ်တန့်သွားပြီ ဖြစ်တာမို့ ပြန်လည် စီးဆင်း လာနိုင်ဖို့ ဒီ နည်းနဲ့ ကြိုးစားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ် ။
▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
၂ဝ၁၁ ခုနှစ် ၊ အောက်တိုဘာ
No comments:
Post a Comment