❝ ဟီးရိုး ❞
( ကေအမ်တီ - အတွေးအိမ် )
“ ဟီးရိုး အသက် ၅ မိုး ”
မရောက်ဖြစ်သည်မှာ ၁ဝ နှစ်လောက်ရှိပြီဖြစ်သော မိဘအိမ်ကို ပြန်ရောက်ရောက်ချင်း ပထမဆုံး လုပ်မိသည်က ငယ်စဉ်က နေခဲ့သည့် မွေးရပ်အိမ် နေရာကို သွားကြည့်မိခြင်းဖြစ်သည် ။ မွေးရပ်မြေ ရွာက မူးမြစ်ရေ တိုက်စား၍ တစ်ရွာလုံး ရွှေ့ပြောင်းနေကြသည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါး ရှိတော့မည် ။ မရောက်ဖြစ်တာလည်း ကြာပြီ ဆိုတော့ ငယ်စဉ်က သွားခဲ့သည့် လမ်းများ ၊ အိမ်နေရာ များကို မမှတ်မိချင်တော့ပေ ။ အစ်ကိုကြီး၏ သားငယ်က လိုက်ပို့ပေးသောကြောင့်သာ နေရာမှန် ရောက်တော့သည် ။ အိမ်ကြီးအိမ်ကောင်းနှင့် နေခဲ့သော အိမ်ဝင်းရယ်လို့ မရှိတော့ ။ ချုံနွယ်ပိတ်ပေါင်း ထလျက် ။ စိုက်ခဲ့သော အုန်းပင်များ မရှိကြတော့ပေ ။ မာလကာပင်များလည်း မတွေ့ရတော့ပါ ။ အလွမ်းပြေစရာ ဆို၍ မန်ကျည်းပင်ထီးထီးသာ တွေ့ရတော့သည် ။ မန်ကျည်းပင် ကတော့ အကိုင်းအခက်များ ဝေဆာပြီး မြေပြင်ကို ထိနေသည် ။ ငယ်ငယ် ကလို မန်ကျည်းပင် အောက် ဝင်ဆော့၍ မရ ။ ချုံနွယ်များ ထူနေသည် ။ ထိုချုံနွယ်များကို ပါလာသည့် ဓားဖြင့် ရှင်းခိုင်းလိုက်သောအခါ ..
“ ဟီးရိုး အသက် ၅ မိုး ” ဆိုသည့် ကမ္ပည်းမှတ်တိုင် တစ်တိုင်ပေါ်လာသည် ။ နှစ်ပေါင်းများစွာကြာအောင် တည်မြဲ နေခြင်းက ချုံများ ကာရံနေခြင်းနှင့် မန်ကျည်းပင်က အုပ်မိုးထားခြင်းကြောင့် ဖြစ်ပေလိမ့်မည် ။
“ ဦးလေး ၊ ဟီးရိုး ဆိုတာ ဘယ်သူလဲဟင် ”
တူတော်မောင်၏ မေးသံကို ကြားတော့ ရုတ်တရက် မဖြေနိုင် ။
“ မင်းအဖေ ပြောမပြဘူးလားကွ ”
“ ပြောပြဘူးဗျ ”
စိတ်က ဟိုးလွန်ခဲ့သော နှစ် ၂ဝ ခန့် ပြန်ရောက် သွားပါတော့သည် ။
••••• ••••• •••••
“ ကံဆိုးလိုက်တာ ဟီးရိုးရာ တောက် ဖြောင်း ”
တက်ခေါက်သံနှင့် အတူ အဖေ၏ လက်သီးက မီးဖိုအိမ်ကြမ်းပြင်စွန်းက ဝါးလုံးကို ထိုးခွဲလိုက်သည် ။
“ ဖြောင်း ဖြောင်း ဖြောင်း ”
ဆက်တိုက် ထွက်ပေါ်လာသည့် အဖေ၏ လက်သီး ထိုးသံကြောင့် တစ်အိမ်သားလုံး နိုးလာကြသည် ။
“ မလုပ်ပါနဲ့တော့ ကိုညိုရယ် အီး ဟီး ဟီး ”
အမေက အဖေ့ကို ပြောပေမဲ့ သူလည်း မထနိုင် ။ ဟီးရိုး ဘေးမှာ မျက်ရည်ရွှဲလျက် ငိုနေသည် ။
“ ဘာ ဘာဖြစ်တာလဲ အဖေ ”
အစ်ကိုကြီး ပြေးလာရင်းမေးသည် ။ ထော့နဲ့ နေသော ခြေထောက်ကြောင့် ကောင်းကောင်း မလှုပ်ရှားနိုင်ပေ ။ ပူအိုက်သော တပေါင်းလ၏ ဆန်းစလက ပတ်ဝန်းကျင်ကို မလင်းနိုင်တော့ ။ နံနက် ၃ နာရီ အုန်းမောင်းခေါက်သံ ကိုလည်း ဘယ်သူမှ သတိမထားမိလိုက်ကြပါ ။
“ ဟီးရိုး ကြိုးငြိပြီး ခြေထောက် ထိသွားလို့ ”
“ ဗျာ ”
အစ်ကိုကြီးက ဟီးရိုး၏ ခြေထောက်ကို ငုံ့ကြည့်သည် ။
“ မဖြစ်နိုင်ဘူး ။ ဒါ တမင်သက်သက် ခုတ်သွားတာ ၊ ဓခေါက် လျှော့သွားတာဗျ ”
အစ်ကိုကြီး၏ အသံက ဒေါသကြောင့် တုန်နေသည် ။
“ ဘယ်သူ လုပ်တာလဲ အဖေ ၊ ဘယ်သူ လုပ်တာလဲ ကျုပ် သ,တ်မယ် ”
အစ်ကိုကြီးက ငှက်ကြီးတောင်ဓားကို ဆွဲကာ အော်လေသည် ။ ဘယ်သူမှ အစ်ကိုကြီးကို ဝင်မဆွဲနိုင်ကြ ။ ဖြစ်နိုင်လျှင် အားလုံးက မည်သူမှန်း မသိသော တရားခံကို သ,တ်ဖြတ်ချင်စိတ်တွေ ဝင်နေကြသည် ။
“ ဟေ့ .... ဘယ်ကောင်လဲကွ ။ သတ္တိရှိရင် လူချင်း ယှဉ်ခုတ်မယ် ။ ဘာမှ မသိတဲ့ တိရစ္ဆာန်ကိုတော့ မလုပ်နဲ့ဟေ့ ၊ ငဦးတဲ့ တစ်ဦးတည်းရှိတယ် ”
ပူအိုက်သော ည အမှောင်မှာ အစ်ကိုကြီး ကိုဦး၏ ဒေါသသံက ဟိန်းထွက် နေသည် ။ ဆူညံပွက်လောရိုက်နေ၍ တစ်ရွာလုံးလိုလို နိုးကုန်ကြသည် ။ နွားကြိုးငြိသည့်ကိစ္စ မည်သူ့ကို ဒေါသ ထွက်နေသနည်း ။ ကျွန်တော် ဝေခွဲမရပါ ။ သို့သော် အစ်ကိုကြီး၏ ဒေါသသည် ပြင်းထန်လွန်းလှပေသည် ။ ဒေါသ ဖြစ်ပေမပေါ့ ။ ဟီးရိုး ဆိုတာ ကိုဦး၏ အချစ်တော်ကိုး ။
••••• ••••• •••••
“ ကိုဦး နုပြာမကြီး ကျတော့မယ် ထင်တယ်နော် ”
ကျောင်းက အပြန် လွယ်အိတ်ကို အိမ်တိုင်မှာ ချိတ်ရင်း ကျွန်တော် မေးကြည့်တော့ ကိုဦးက နွားစာစဉ်း နေရာက နွားပြာမကြီးကို တစ်ချက် လှမ်းကြည့်သည် ။ အိမ်မှာက တောင်သူကြီး ဆိုတော့ ခိုင်းနွား ၊ နွားသိုးပေါက် ၊ နွားမ အမျိုးမျိုးမွေးထားရာ ၂၃ ကောင်တိတိ ရှိလေပြီ ။ အခု နွားပြာမကြီး မွေးလာလျှင်တော့ ၂၄ ကောင် ဖြစ်တော့မည် ။ နွားပြာမကြီးကို မွေးဖွားခါနီးမို့ တောမှာ လွှတ် မကျောင်းတော့ဘဲ အိမ်မှာပင် ကျွေးထားသည် ။ ဖွဲနု ၊ နှမ်းဖတ်ရေစိမ်ကို ကောက်ရိုးစဉ်းပြီးသားမှာ ရောမွှေရင်း မြက်နု တချို့တစ်ဝက်ပါ ထည့်ကျွေးတော့ နွားပြာမကြီး တနင့်တပိုး စားသည် ။
“ ဟို ကောင်လေး ကျောင်းပြန်လာပြီး အဝတ်မလဲဘဲ ဘာလုပ်နေလဲ ”
အမေက လှမ်းအော် ပြောတာကို ပြန်မဖြေနိုင် ။
“ ဟင် ... ကိုဦး ၊ နပြာမကြီး မွေးတော့မလားလို့ ”
ကိုဦးက နွားစာစဉ်းလျက် သောက်လက်စ ဆေးလိပ်ကို ဖွာလိုက်သည် ။
“ အေးကွ ကျတော့မှာ ။ နက်ဖြန် ၊ သန်ဘက် တစ်ရက်ရက်ပဲ ”
“ ဘာလေး မွေးမယ် ထင်လဲ ၊ အထီးလေးဆို ပိုကောင်းမယ်ဗျ ”
“ အထီးလေးမွေးမှာပါကွ ”
ဆေးလိပ်မီးခိုးကို မှုတ်ထုတ်ရင်း ကောက်ရိုးပုံမှ ကောက်ရိုးများကို နွားစာစဉ်းခုံပေါ် ကောက်တင်သည် ။ ကိုဦး မှန်းလျှင် လွဲခဲပါသည် ။ အထီးမွေးမည် ဆိုလျှင် နွားမကြီးက ကိုယ်ဝန် ၅ လ ကျော်လျှင် သွားလာလှုပ်ရှားနှေး ကွေးလာသည် ။ ဗိုက်က အောက်ကို ပိုကျလာတတ်သည် ဟု ကိုဦး ပြောဖူးတာ အမှတ်ရသည် ။
“ ကိုဦး ၊ အဖေက ကောက်ရိုးတွေ စဉ်းနေတုန်း ဆေးလိပ် မသောက်ရဘူးလို့ မှာထားတယ် မဟုတ်လားဟင် ”
ကိုဦးကို ဆေးလိပ် ဖြတ်ခိုင်းချင်သော်လည်း အမေက ဆေးလိပ်သောက်တော့ ရဲရဲတင်းတင်း မဖြတ် ခိုင်းရဲပေ ။ ဖြတ်ခိုင်းလျှင် အမေတောင် သောက်သေးတာပဲ အဖေရယ်လို့ ပြောချင် ပြောတတ်သည် ။ အမေကတော့ ဆေးလိပ်ကို အဖေ့ထက် ပိုချစ်ပါသည် ။ အဖေ ကတော့ “ မင်းအမေရဲ့ ငယ်ချစ်က ငါ မဟုတ်ဘူးကွ ၊ ဆေးလိပ် ဆေးလိပ် ” ဟု ပြောတတ်လေသည် ။ ကိုဦးလည်း လိပ်သောက်ရာတွင် အမေ့ခြေရာ နင်းလေသည် ။ ရည်းစားက ဆေးလိပ်ဖြတ်မလား ၊ ကျုပ်တို့ အချစ်ခန်း ရပ်မလား ဆိုတော့ သူ့ရည်းစားကို ဖြတ်ခဲ့လေသည် ။ အဲသလောက် ဆေးလိပ်ကို မက်မက်စက်စက် သောက်လေသည် ။ ကိုဦး ဆေးလိပ် မသောက်ချိန်ကား ထမင်းစားချိန် ၊ ရေချိုးချိန် နှင့် အိပ်ချိန်ပဲ ဖြစ်မည်ထင်သည် ။ တစ်နေ့ မင်း ဒီဆေးလိပ်ကြောင့် ဒုက္ခရောက်မယ်ဟု အဖေ ပြောသော်လည်း ထူးမလာ ။ ပိုလို့တောင် သောက်သေးသည် ။
“ ခင်ဗျား တစ်နေ့နေ့ ဒုက္ခရောက်မယ်နော် ”
“ မင်း တော်တော် လျှာရှည်တဲ့ကောင်ကွာ ။ သွားတော့ ၊ အမေ ထမင်းစားဖို့ ခေါ်နေပြီ ”
ထမင်းသံ ကြားတော့ ကျောင်းမှာ အပြေး ဆော့ခဲ့သမျှ ခုမှ ပင်ပန်းပြီး ဗိုက်ဆာမှန်း သိတော့သည် ။ ဒီအချိန် ထမင်းတော့ မကျက်နိုင်သေး ။ အိုးထဲ ထည့်ထားသော ထန်းလျက်ခဲကို စားပြီး ရေသောက်လိုက်တော့မှ အဆာပြေသွားသည် ။
“ နွားတွေ လာပြီဟေ့ ”
တောထဲကို လွှတ်ကျောင်းလေသော နွားတွေ အိမ်ထဲ ဝင်လာသည် ။ တချို့က သူ့ချည်တိုင် သူ သွားသော်လည်း တချို့ နွားတွေက တွေ့ကရာ ဝင်စားတော့သည် ။ သူ့ချည်တိုင် သူ သွားသည့် နွားတွေကို ဖမ်းချည်ထားရသည်မှာ လွယ်ကူသော်ငြား မလိမ္မာသည့် နွားဆိုလျှင် ချောင်တစ်ခုခုမှာ ပိတ်ပြီး ဖမ်းမှရတတ်သည် ။ နဖားကြိုး မထိုးရသေးသော နွားပေါက်ကလေးများဆို ပိုလို့တောင် ဖမ်းရခက်သေးသည် ။ မဖမ်းထားလို့လည်း မဖြစ်သေး ။ မဖမ်းထားလျှင် အိမ်ဝင်းအတွင်း စိုက်ထားသည့် သီးပင် စားပင်တွေကို ဆွဲစားတော့သည် ။ လူကြီးတွေကို အနား အကပ် မခံသော နွားကလေးများကို ကျွန်တော်က ဖမ်း ပေးရသည် ။
ထို့ကြောင့် ညနေ နွားသွင်းချိန်တိုင်း ကျွန်တော်၏ အလုပ် တစ်ခုမှာ နွားပေါက်ကလေးများကို ဖမ်းပေးရခြင်း ဖြစ်သည် ။ ပါးစပ်က စုတ်တသပ်သပ် လုပ်ရင်း လက်က မြက်တစ်ဆုပ်ကို နွားပေါက်ကလေး နှုတ်သီးရှေ့ ထိုးပေး လိုက်လျှင် နွားကလေးက မြက်ကို စားချိန် ကျွန်တော်က နွားကလေး၏ လည်ပတ်ကို ဆွဲဖမ်းကာ ကြိုးနှင့် ချည်ရသည် ။ အိမ်မှာ မွေးသော နွားကလေး တော်တော်များများက ကျွန်တော်နှင့် ကစားဖော် ဆိုတော့ ကျွန်တော့် ဆိုလျှင် အကပ်ခံတာ များပါသည် ။ နွားပြာမကြီး မွေးသမျှ စံပယ် ၊ ကတုံး ၊ ဂျိုကုပ် ၊ ဘို့ပြားထောင် အားလုံးကိုပဲ ကျွန်တော် ဖမ်းပေးခဲ့ဖူးသည် ။ အခု နွားပြာမကြီး မွေးလာမည့် နွားကလေး ကိုလည်း ကျွန်တော် ဖမ်းပေးရပါ လိမ့်မည် ။
••••• ••••• •••••
“ ညီလေး ညီလေး ထထ ”
အိပ်မက်လိုလို ၊ တကယ်လိုလို ဝိုးတဝါး ဖြစ်နေသည် ။ ကျောင်းပိတ်ရက် နေ့လယ်ခင်းမှာ တစ်ရေးတစ်မော အိပ်လိုက်သည် ။
“ ဟင့် ဟင့် မထချင်ဘူးဗျာ ”
“ ဟေ့ကောင် ညီလေး ထဟ ”
“ မထချင်ဘူးဆိုဗျာ ”
ပက်လက်လှန် အိပ်နေရာက ဝမ်းလျားထိုး မှောက်ကာ ခေါင်းအုံးကို ဖက်လိုက်သည် ။
“ နပြာမကြီး မွေးတော့မှာကွ ”
“ ဗျာ တကယ်လား ”
“ အေး ”
ခုတင်ပေါ်ကနေ ဆင်းကာ အိမ်ဘေးက မန်ကျည်းပင်အောက် ပြေးထွက်လာတော့ နွားပြာမကြီး ရေမြွှာတောင် ထွက်နေပြီ ။ ကြိုးချည် မထားသော်လည်း နွားပြာမကြီး လှည့်ပတ် မသွားဘဲ ဝပ်နေလေသည် ။
တစ်ခဏတော့ ထပြန်သည် ။ နှစ်ပတ်သုံးပတ် လှည့်ပတ်သည် ။ နောက်ထပ် ဝပ်ပြန်သည် ။ ကိုဦးက ခေါင်းကို ဝင်ပွတ်ပေးသည် ။ နွားပြာမကြီး ခေါင်းက မြေပြင်ကို မှီချရင်း ညှစ်နေသည် ။ နောက်က ရေမြွှာအိတ် ပိုထွက်လာပြီး ရေမြွှာအိတ် အတွင်းမှာ ခြေထောက်ဖြူဖြူလေး ပြူထွက်လာသည် ။
“ ထွက်လာပြီ ထွက်လာပြီ ”
ကျွန်တော့် ပါးစပ်က လွှတ်ခနဲ ထွက်သွားတော့ နွားပြာမကြီးက ခေါင်းထောင် ကြည့်ကာ ထရပ်သည် ။ ခြေထောက်လေး နှစ်ချောင်း ပြန် ဝင်သွားသည် ။ ကိုဦးက အသံမထွက်နဲ့ ဆိုသည့် အကြည့်ဖြင့် ကြည့်သည် ။ ကျွန်တော် ငြိမ်နေလိုက်သည် ။
နွားပြာမကြီး လှည့်ပတ် နေပြီး ဝပ်ချကာ ထပ်ညှစ် နေပြန်သည် ။ ရှေ့ခြေနှစ်ချောင်းနှင့် နှုတ်သီးဖျားလေး ထွက် လာသည် ။ နွားပြာမကြီး ထရပ်လိုက်ရာ ရေမြွာအိတ်က ဗွမ်းခနဲ ပေါက်ကျနေသည် ။ ကိုဦးက နွားမကြီး၏ နောက်ပိုင်းကို ရပ်ကာ နွားကလေး ပြုတ်ကျလာလျှင် ဆီးဖမ်းဖို့ လက်ကို အသင့် အနေအထားမှာ ထားသည် ။ နွားပြာမကြီး ညှစ်လိုက်ရာ နွားကလေး လျှောခနဲ အထွက် ကိုဦးက လက်ဖြင့် ထိန်းပြီး မြေပြင်ပေါ် ချပေးသည် ။
“ အထီးလေးဗျို့ ”
ကိုဦးက တစ်အိမ်လုံး ကြားအောင် အော်ပြောရင်း နွားလေး၏ နှာခေါင်းထိပ်က အညစ်အကြေးများကို ဖယ်ရှားပေးသည် ။ ကျွန်တော်က ဆန်ခါတစ်ခုကို ကိုင်ကာ စောင့်ကြည့်နေသည် ။ နွားပြာမကြီးက နွားကလေးကို လျှာနှင့် လျက်ပေးနေသည် ။ နွားကလေးက သူ့ခေါင်းလေးကို မနိုင်တနိုင် ထောင်လိုက်ရာ ဘို့ကလေးက ကောက်ချိတ်နေလေသည် ။
“ ညီလေးရေ ၊ မကြာခင် အချင်းဆက်ကျမယ် ထင်တယ် ။ နွားမကြီး မစားစေနဲ့ ။ ဪ ... မင်းက ဆန်ခါ တောင် ယူထားပြီးပြီကိုး ”
ကျွန်တော် ဘာမှ ပြန်မပြောဘဲ ခေါင်းညိတ် ပြလိုက် သည် ။ ကျလာသော အချင်းကို မိခင်နွားမကြီး ပြန်စားတတ်သည် ။ ထိုသို့ ပြန်စားလျှင် နွားမကြီး ပိန်တတ်သည်ဟု ကိုဦးက ပြောသည် ။ နောက်တစ်နာရီခန့် အကြာတွင် နွားကလေး ထရပ်ကာ နို့စို့သည် ။ ကျွန်တော်က နွားချင်းကို ရေဖြင့် စင်အောင် ဆေးလိုက်သည် ။ ညနေစာ က နွားချင်းသုပ် ၊ ပဲရေပွ ၊ ချဉ်ရည်ဟင်းနှင့် ထမင်းမြိန်လှသည် ။ နွားချင်းသုပ်ကြောင့်ကား မဟုတ် ။ တောင်ယာ အတွက် ခိုင်းစရာ နွားထီးလေး မွေးသောကြောင့်ပင် ။
••••• ••••• •••••
“ ဟီးနိုးလို့ ပေးရမယ် ဟုတ်လား ၊ ဘာအဓိပ္ပာယ်လဲ ကိုလေးရ ”
မြို့ကျောင်းမှာ ကျောင်းတက်ရာက ပြန်လာသော ကိုလေးက လသားအရွယ်ရှိသော နွားကလေးကို ကြည့်ကာ ဟီးနိုးလို့ အမည်ပေးရမည်ဟု ပြောသည် ။
“ ဟီးနိုး မဟုတ်ဘူး ညီလေးရ ၊ ဟီးရိုး ဟီးရိုး အိတ်ချ်အီးအာအို ( Hero ) ဆိုတာ သူရဲကောင်းလို့ အဓိပ္ပာယ် ရတယ် ”
အိမ်ကလူတွေလည်း ကြိုက်ကြသည် ။ ကျွန်တော်လည်း သဘောကျသည် ။ ကျောင်းက အပြန်ဆိုလျှင် ဟီးရိုးက ကျွန်တော့်ကို အိမ်ပေါက်ဝမှာ လာကြိုသည် ။ ကျွန်တော်က ဟီးရိုးကျောပေါ် လွယ်အိတ် တင်ပေးလျှင် ငြိမ်ငြိမ်သက်သက်နှင့် တဖြည်းဖြည်း လျှောက်ကာ အိမ်အထိ သယ်သွားသည် ။ ပြီးတော့မှ မီးဖိုကြမ်းပြင်ကို ခေါင်းနှင့် တိုက်ကာ အမူအရာ ပြသည် ။ ကျွန်တော်က ထန်းလျက်အိုးကို နှိုက်ကာ တစ်လုံးစားပြီး တစ်လုံးကို ဟီးရိုးအား ကျွေးလိုက်သည် ။ အိမ်က မည်သည့် နွားမှ မစားသော ထန်းလျက်ကို စားလေသည်မှာ ဟီးရိုး၏ ထူးခြားချက်ပင် ဖြစ်ပေသည် ။
အမေကတော့ နင်တို့ ညီအစ်ကို လုပ်တာနဲ့ ငါ့ ထန်း လျက်အိုး ပြောင်တော့မယ်ဟု ဆိုလျှင် ဟီးရိုးက ခေါင်းတဆတ်ဆတ် ညိတ်လေတော့သည် ။ သူ့ဘာသာ ညိတ်တာလည်း ဖြစ်ချင်ဖြစ်ပေမည် ။ သို့သော် အမေကတော့ သဘောကျလေသည် ။ ဟီးရိုး၏ ထူးခြားချက် နောက်တစ်ခုက အိမ်ဝင်းအတွင်း မည်သည့် သစ်ပင်မှ မစားခြင်းပါ ။ ကျန်သော နွားများ မကြာခဏ ဆွဲစား၍ ပင်မြင့်စံ ဘဝ မရောက်ရလေသော အိမ်ဝင်ဝက ကုက္ကိုပင်ကိုပင် မစားပါ ။ တခြားနွားများ စားလျှင်တောင် ဟီးရိုးက ပြေး ပြေးဝှေ့ကာ မစားစေချင်ကြောင်း ပြလေသည် ။
ထို့ကြောင့် ဟီးရိုးကို လည်ကွင်းစွပ်ထားသော်လည်း ကြိုးမချည်ထားပါ ။ အရွယ်ရောက်၍ နဖားဖောက် နဖားကြိုး တပ်ထားသော်လည်း ကြိုးမချည်ထားပေ ။ တောသို့ ယာထွန်လယ်ထွန် သွားချိန် ကြိုးချည်ကာ မောင်းနှင်သော်လည်း အိမ်ရောက်လျှင် ကြိုးချည် မထားတော့ ။ နွားစားကျင်းမှာ သူ့အစာ သူ စားပြီး ဝလျှင် သူမွေးဖွားရာ မန်ကျည်းပင်အောက် ဝင်ရောက် အနားယူကာ စားမြုံ့ ပြန်နေတော့သည် ။ နံနက်လေးနာရီ အုန်းမောင်းခေါက်လျှင် အိမ်ရှေ့ကြမ်းပြင်ကို ဦးချိုနှင့် ဝှေ့ကာ အိမ်သားများကို နှိုးတတ်သည်မှာလည်း ဟီးရိုး၏ ပြုနေကျ အကျင့်တစ်ခုပင် ဖြစ်ပါသည် ။
••••• ••••• •••••
ဟီးရိုးကား လည်ပင်းတောင့်တောင့် ၊ ဘို့ကောင်းကာ ဗလတောင့်သော်လည်း အပြေးမသန် ဖြည်းဖြည်းမှန်မှန်သာ သွားလာလှုပ်ရှားသည် ။ ထမ်းပိုး မကောင်းပါ ၊ သူနှင့်တွဲဖက် ဖိုးဂျက် ကတော့ ထမ်းပိုး ကောင်းလှသည် ။ ဖိုးဂျက်ကား အတိုင်အလှည့် မည်သည့်ဘက်က တပ်ပြီး မောင်းမောင်း အဆင်ပြေသော်လည်း ဟီးရိုးက အတိုင် ကပဲရသည် ။ အလှည့်က တပ်မောင်းလျှင် အဆင်မပြေတော့ပေ ။ ကလန်ကဆန် လုပ်ချင်သည် ။ ထိုသည်ကပင် ဟီးရိုး၏ အားနည်းချက်ဟု ဆိုရမည်ထင်သည် ။ ဖိုးဂျက် က တခြား နွားများနှင့် ယှဉ်တွဲ ကလျှင် မြန်မြန်ဆန်ဆန် သွားသော်လည်း ဟီးရိုးနှင့် တွဲမောင်းလျှင်တော့ ဟီးရိုးကို မလွန်ဆန်ပါ ။ မှန်မှန်သာ သွားလေတော့သည် ။ ယာတောထဲ ဖြစ်စေ ၊ လွှတ်ကျောင်းသည် ဖြစ်စေ ဟီးရိုးက ဖိုးဂျက် အနားကပ်နေသော်လည်း အိမ်ရောက်လျှင်တော့ သူ့ မွေးဖွားရာမှာသာ နေသည် ။ ဖိုးဂျက်နှင့် တခြားအိမ်က နွားများ နဖူးတိုက်ဝှေ့ကြလျှင် ဟီးရိုးက ဖိုးဂျက် ဘက်နေ ဝိုင်းကူကာ ဝှေ့လေတော့သည် ။ အတူ ယှဉ်တွဲ နေထိုင်ကြသော တိရစ္ဆာန်နှစ်ကောင်၏ ချစ်ခြင်း မေတ္တာပင် ဖြစ်မည်ထင်သည် ။ ဤသို့ဖြင့် ဟီးရိုး သွားနှစ်ချောင်းထိုးရာမှ လေးနှစ်လေးမိုး လွန်မြောက်ပြီး သကာလ ။
“ ကိုဦးကို ဟီးရိုး ဝှေ့ချလို့တဲ့ ”
ညနေ နေဝင်ချိန်လေး မရောက်ခင် အမင်္ဂလာသတင်း က တစ်ရွာလုံး ပျံ့နှံ့သွားလိုက်တာ ခွေးသေပုပ်ကို လေဝှေ့ တိုက်သလို အလွန် ဆိုးဝါးသွားသည် ။ ဟီးရိုး ဆိုသော လိမ္မာသည့် နွားက သူ့သခင်ကို ဝှေ့သည် ဆိုတော့ စဉ်းစား စရာ မရဖြစ်တော့သည် ။ နေ့စဉ်နေ့တိုင်း နွားများကို တောသို့ လွှတ်ကျောင်းသလို ယနေ့ နေ့ခင်းကတည်းက နွားများနှင့်အတူ ကိုဦး ထွက်သွားခဲ့သည် ။
“ မောင်ဦးကို ဘယ်သူမှ သွားမကြိုကြဘူးလား ”
“ ဘယ်လိုများ ဝှေ့လိုက်တာလဲ ”
“ အဝှေ့ ခံရရင်တော့ အနည်းဆုံး အကျိုးအပဲ့တော့ ရှိမှာပဲလေ ”
“ ငါ့သားကြီး ဘာမှ မဖြစ်ပါစေနဲ့ ”
“ ဒီနွား သ,တ်ပစ်ဖို့ကောင်းတယ် ”
“ သားသ,တ်ရုံ ရောင်းမလား ၊ ငါးသောင်းပေးမယ် ”
တစ်ယောက်တစ်ပေါက် ပြောနေကြသော စကားသံများနှင့်အတူ အိမ်မှာ လူတွေ တဖြည်းဖြည်းများလာသည် ။ ဒုက္ခ ရောက်နေရသည့် အထဲ သားသ,တ်ရုံပိုင်ရှင် က တစ်သိန်းလောက် တန်သည့် အရာကို ဈေးနှိမ်ကာ ဝယ်ချင်နေသေးသည် ။ ကျွန်တော့် စိတ်ထဲကနေ သားသ,တ်ရုံပိုင်ရှင်ကို ကျိန်ဆဲပစ်လိုက်သည် ။
“ ဟော ဟိုမှာ ဟိုမှာ နွားတွေ လာနေပြီ ”
အိမ်ထဲကို နွားများ အလျှိုလျှို ဝင်လာကြရာ ရောက်နေသူများက ဝိုင်းဝန်း ဖမ်းပေးကြသည် ။ နွားများ ကုန်သော်လည်း ဟီးရိုးနှင့် ကိုဦး၏ အရိပ်အယောင်ကား ပေါ်မလာ ။ မကြာခင် နေဝင်တော့မည် ။ မမှောင်ခင် ရောက်လာမှ ဖြစ်မည် ။
ထွက်ရှာကြသူများလည်း ပြန်မလာသေးပေ ။ ဘယ်တောသို့ သွား၍ ဘယ်ယာမှာ ကျောင်းမှန်းမသိ ။
“ မောင်ဦးက သူများ မရောက်တဲ့ စားကျက်ကိုပဲ သွားကျောင်းတာ ဆိုတော့ အင်း တွေ့ကောင်းပါရဲ့ ”
အဘကျော်၏ စကားသံအဆုံး အားလုံး ငြိမ်သက်နေကြသည် ။
“ သေများသေနေပြီလား ၊ ဟီးရိုးရော ဘာလို့ ပြန်မလာသလဲ ” ဟူသော အတွေးများက ကျွန်တော့် ခေါင်းထဲ ချာချာလည်နေသည် ။ သွေးသံရဲရဲနှင့် ကိုဦး မြင်လိုက် ၊ ကဆုန်ပေါက် ပြေးလာကာ ကျုံးဝှေ့ လိုက်သော ဟီးရိုး ကို မြင်ယောင်လိုက်နှင့် ချာချာလည် နေတော့သည် ။
“ လာပြီ လာပြီ ”
အားလုံး၏ အကြည့်ကား အိမ်ဝသို့ပင် ။ အိမ်ဝင်း တံခါးအဝင်ပေါက်မှာက တစ်လှမ်းချင်း ဖြည်းဖြည်းမှန်မှန် ဝင်လာသော ဟီးရိုး ။ ဟီးရိုး နောက်မှာက လူတချို့ ။ ဟီးရိုး ပေါ်မှာ မှောက်လျက်ပါလာသော ကိုဦး ။ တစ်ခါဖူးမှ နွားကျောပေါ် မလိုက်ဖူးသော ကိုဦး ၊ အဘယ်ကြောင့် ဟီးရိုး ကျောပေါ် ပါလာသနည်း ။ စဉ်းစားမရပါ ။ ကျွန်တော် ဟီးရိုးဆို အပြေးသွားလိုက်သည် ။ ဟီးရိုးက ခဏ ရပ်ကာ နှာမှုတ်ရင်း ခွာရှပ်လိုက်သည် ။
“ အနားမကပ်နဲ့ သား ”
အဖေက လှမ်းအော်ကာ သတိပေးတော့ ဟီးရိုး က ပေရပ်နေသည် ။
“ ဟီးရိုး ငါပါကွ ၊ ကျွတ် ကျွတ် ”
စုတ်သပ်ကာ အသံပေး လိုက်တော့ ဟီးရိုး က ရှေ့ဆက်လျှောက်ကာ တဖြည်းဖြည်းချင်း ဝပ်ချလိုက်သည် ။
ကိုဦး အောက်ဆင်းကာ ထရပ်ဖို့ ကြိုးစားရာ အဖေက ဝင်တွဲလိုက်သည် ။ ကိုဦး ခြေထောက်တစ်ဖက် ကောင်းကောင်း မထောက်နိုင်တော့ ။ ထိုအခါမှ ဟီးရိုးက ထရပ် ကာ သူ့နေရာ သူသွားသည် ။ ကိုဦးက လိုက်သွားကာ ကြိုးချည် ထားလိုက်သည် ။ ဟီးရိုး၏ ဘဝတွင် ချည်တိုင်မှာ ပထမဆုံး ကြိုးချည်ခံရခြင်းပင် ။
“ မောင်ဦး နွားကို ငါ့ရောင်းပါကွ ”
သားသ,တ်ရုံပိုင်ရှင်က အရင်ဦးဆုံး ဝင်ပြောသည် ။
“ ဘာဗျ ”
ကိုဦး၏ အော်သံကြောင့် အားလုံး လန့်ဖျပ် ကုန်သည် ။
“ မင့်နွား ငါ့ကို ရောင်းကွာ ”
“ ဘာဗျ ၊ ဘာကိစ္စ ရောင်းမှာလဲ ”
“ မင်းကို ထိခိုက်တယ်လေကွာ ။ ခိုက်တဲ့နွား ဆက်မမွေးကောင်းဘူး ”
“ မရောင်းဘူးဗျ ၊ မရောင်းဘူး ။ အား ကျွတ် ကျွတ် ၊ ခင်ဗျား ကျုပ်အိမ်ထဲက ထွက်သွားဗျာ ”
ခြေထောက်က နာဟန် တူသည် ။ အဖေက ကိုဦး ခြေထောက်ကို ရေဆေး ပေးနေသည် ။
“ သား မောင်ဦး ၊ စကားပြော ဆင်ခြင်လေ ”
အမေက ဝင်ဟန့်လေသည် ။
“ မမသန်းပဲ စဉ်းစားကြည့်လေ ခိုက်တဲ့ နွား ... ”
စကားတောင် မဆုံးလိုက်ပါ ။
“ ခင်ဗျားကြီး ထွက်သွားရင် ကောင်းမယ်နော် ”
ကိုဦးက အနီးရှိ ရေခွက်နှင့် ချိန်ရွယ်ကာ ပြောတော့ သားသ,တ်ရုံပိုင်ရှင် ထပြန်သွားလေသည် ။
“ ငါ့သားရယ် မင်းနှယ် ဒေါသထိန်းမှပေါ့ ”
“ အမေ မသိပါဘူးဗျာ ”
ကိုဦးက ခံတွင်း ချဉ်ဟန်တူသည် ။ ဆေးလိပ်နှင့် မီးခြစ်ကို ယူကာ မီးညှိဟန်ပြင်ပြီး ဆေးလိပ်နှင့် မီးခြစ်ကို လွှင့်ပစ်လိုက်ကာ..
“ အဖေ ၊ ကျုပ် မှားသွားတယ် အဖေ ။ အဖေ ပြောသလို ဆေးလိပ် ဖြတ်လိုက်ရင် အခုလို ဖြစ်မှာ မဟုတ်ဘူး ။ ကျုပ် ဆေးလိပ်ဖြတ်ပြီ ၊ ဒီနေ့က စပြီး ဆေးလိပ်ဖြတ်ပြီ အီး ဟီး ဟီး ”
ယောက်ျားရင့်မာကြီးက ဆေးလိပ်နှင့် မီးခြစ်ကို လွှင့်ပစ်ပြီး ထငိုလေတော့ တောဓလေ့ အရ အပမှီတယ် ထင်ကြဟန် တူသည် ။ မိန်းမများ အကုန် ထပြေးကြလေသည် ။ တချို့က ခေါင်းထိလာပြီ ထင်ကြဟန်တူသည် ။
“ အေးပါကွာ ၊ မင်း ဘာဖြစ်တာလဲ ပြောပြ ”
“ ဟီးရိုးအပြစ် မဟုတ်ဘူး ”
ကိုဦးက လက်ကို နှုတ်ခမ်းတေ့မိမလို ဖြစ်ပြီး ဆေးလိပ် မပါမှန်းသိတော့ လက်ကို ပြန်ချကာ ရေခွက်ထဲက ရေကို သောက်လိုက်သည် ။
“ နေ့ခင်းက ကျုပ် နေပူလို့ ကိုသံချောင်းရဲ့ တဲက ကောက်ရိုးပုံနား ဆေးလိပ်သောက်ရင်း ခဏနားနေတာ ။ ဘယ်လိုကဘယ်လို အိပ်ပျော်သွားမှန်း မသိဘူး ။ ခြေထောက်က ပူခနဲဖြစ်ပြီး တဲဘေးက မြောင်းထဲ ထိုးကျ သွားမှ နိုးလာတာ ။ အပေါ် မော့ကြည့်လိုက်တော့ ဟီးရိုး ကို မြင်ရပြီး ကောက်ရိုးပုံ မီးလောင်နေပြီ ၊ ဟီးရိုးသာ ရွေ့ မချရင် ကျုပ် မီးလောင်ပြီး သေပြီဗျ ”
“ ဟီးရိုး မမှားဘူး ၊ ကျုပ်မှားတာ ။ ကျုပ် ဆေးလိပ် မဖြတ်မိတာက မှားတာပဲ ။ ကိုသံချောင်း ကိုလည်း အကျိုးအကြောင်း ပြောပြရမယ် ”
“ ဟင် ဟာ ဟို ”
နားထောင်နေသည့် လူတချို့က အံ့သြကုန်ကြသည် ။ နွားက လူကို ကယ်ဖို့ ဝှေ့ချလိုက်သည် ဆိုသည်မှာ မယုံဘူး ကြုံဖူးမှ သိရသည့် ကိစ္စမျိုးကိုး ။
“ မင်း အဲလောက် အဝေးကြီး သွားမကျောင်းနဲ့လေကွာ ”
“ ရွာနားက စားကျက် ရှားနေပြီဗျ ”
ကိုဦးက အဖေ့စကားဆို အတွန့်တက်နေကျ ။
“ ကိုဦးကို ဟီးရိုး ကျောပေါ် ဘယ်သူ တင်ပေးလိုက်တာလဲ ”
အဖေ့ဘေး ဝင်ထိုင်ရင်း ကျွန်တော် မေးလိုက်သည် ။
“ အစကတော့ ငါ သွားလို့ ရသေးတယ်ကွ ။ နောက်မှ မလျှောက်နိုင်တော့ ဟီးရိုးက ဝပ်ပေးပြီး ငါ့ကို ကျောပေါ် တင်ခေါ်လာတာ ။ အဲ့ဒါ မင်း ကျေးဇူးလေကွာ ”
ကိုဦးက ကျွန်တော့် ခေါင်းကို ပွတ်ကာ ပြုံးပြသည် ။ ငယ်ငယ်က ဟီးရိုးကို ဝပ်တတ်အောင် သင်ပေးခဲ့ပုံများ ၊ လွယ်အိတ်ကို ကျောပေါ်တင်ကာ အိမ်ဝင်ခဲ့ပုံများ ၊ ဟီးရိုး ကျောပေါ် တက်ကာ ဝမ်းလျားမှောက် နေခဲ့ပုံများကို ပြန်လည် မြင်ယောင်မိသည် ။
“ လိမ္မာလိုက်တဲ့ နွားနော် ”
“ ဟုတ်ပ ”
အဲဒီည မှာတော့ ရွာသူရွာသားများ၏ ပါးစပ်ဖျားက ဟီးရိုး ဆိုသည့် နွားအကြောင်းပဲ ပြောကြတော့သည် ။ ကိုဦး ကို ဝိုင်းပြီး ပြုစုနေကြရာ ဟီးရိုးကို ကြိုးပြန်ဖြေပေးဖို့ သတိ မရကြတော့ဘူး ။ အခုလို သတိမေ့လျော့နေမှုသည် ပင် ဝမ်းနည်းစရာ ၊ ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ လေသလား ။ ကျွန်တော် မပြောတတ်ပါ ။ ဟီးရိုး၏ ကံကြမ္မာပဲလား ။ ကျေးဇူးကြွေးရှိလို့ ကျေးဇူးဆပ်ကာ ပြန်သွားလေရော့သလား ဘယ်သူမှ မသိနိုင် ။
လရောင်ဆန်းစ ညပေါ့ ။
ဟီးရိုး၏ နောက်ဆုံးည ။ သူရဲကောင်းဆန်ဆန် လုပ်သွားခဲ့လေသော နွားတစ်ကောင်၏ နောက်ဆုံးည ။
••••• ••••• •••••
“ ကံဆိုးလိုက်တာ ဟီးရိုးရာ ၊ တောက် ဖြောင်း ”
တက်ခေါက်သံနှင့် အတူ အဖေ၏ လက်သီးက မီးဖိုးအိမ် ကြမ်းပြင်စွန်းရှိ ပါးလုံးကို ဖြောင်းခနဲ ထိုးခွဲလိုက်သည် ။
“ ဖြောင်း ဖြောင်း ဖြောင်း ”
ဆက်တိုက် ထွက်ပေါ်လာသည့် အဖေ၏ လက်သီးထိုးသံကြောင့် တစ်အိမ်သားလုံး နိုးလာကြသည် ။
“ မလုပ်ပါနဲ့တော့ ကိုညိုရယ် ၊ အီး ဟီး ဟီး ”
အမေက အဖေ့ကို ပြောပေမဲ့ သူလည်း မထနိုင် ။ ဟီးရိုးဘေးမှာ မျက်ရည်ရွှဲလျက် ငိုနေသည် ။
“ ဘာ ဘာဖြစ်တာလဲ အဖေ ”
အစ်ကိုကြီး ပြေးလာရင်း မေးသည် ။ ထော့နဲ့နေသော ခြေထောက်ကြောင့် သူလည်း ကောင်းကောင်း မလှုပ်နိုင် ။ ပူအိုက်သော တပေါင်းလ၏ ဆန်းစလက ပတ်ဝန်းကျင်ကို မလင်းနိုင်တော့ ။ နံနက် ၃ နာရီ အုန်းမောင်းခေါက်သံကို ဘယ်သူမှ သတိမထားမိလိုက်ကြပါ ။
“ ဟီးရိုး ကြိုးငြိပြီး ခြေထောက် ထိသွားလို့ ”
“ ဗျာ ”
အစ်ကိုကြီးက ဟီးရိုးကို ငုံ့ကြည့်သည် ။
“ မဖြစ်နိုင်ဘူးအဖေ ။ မဖြစ်နိုင်ဘူး ။ ဒါ တမင်သက်သက် ခုတ်သွားတာ ။ ဓခေါက်လျှော့သွားတာဗျ ”
အစ်ကိုကြီး၏ အသံက ဒေါသကြောင့် တုန်နေသည် ။
“ ဘယ်သူ လုပ်တာလဲ အဖေ ၊ ဘယ်သူ လုပ်တာလဲ ။ ကျပ် သ,တ်မယ် ”
အစ်ကိုကြီး ငှက်ကြီးတောင်ဓားကို ဆွဲကာ အော်လေသည် ။ ဘယ်သူမှ အစ်ကိုကြီးကို ဝင်မဆွဲနိုင်ကြ ။ ဖြစ်နိုင်လျှင် အားလုံးက တရားခံကို သ,တ်ဖြတ်ချင်စိတ်တွေ ဝင်နေကြသည် ။
“ ဟေ့ ဘယ်ကောင်လဲကွ ၊ သတ္တိရှိရင် လူချင်း ယှဉ်ခုတ်မယ် ။ ဘာမှမသိတဲ့ တိရစ္ဆာန်ကိုတော့ မလုပ်နဲ့ဟေ့ ။ ငဦးတဲ့ တစ်ဦးတည်း ရှိတယ် ”
ပူအိုက်သော ညအမှောင်မှာ အစ်ကိုကြီးကိုဦး၏ ဒေါသသံက ဟိန်းထွက်နေသည် ။ ဆူညံပွက်လောရိုက်နေ၍ တစ်ရွာလုံးလိုလို နိုးကုန်ကြသည် ။ နွားကြိုးငြိသည့် ကိစ္စ မည်သူ့ကို ဒေါသ ထွက်နေသနည်း ။ ကျွန်တော် ဝေခွဲမရပါ ။ သို့သော် အစ်ကိုကြီး၏ ဒေါသသည် ပြင်းထန်လွန်းလှပေသည် ။ ဒေါသဖြစ်ပေမပေါ့ ။ ဟီးရိုး ဆိုတာ ကိုဦး၏ အချစ်တော်ကိုး ။
ဟီးရိုး၏ နောက်ခြေထောက် တစ်ချောင်းက တွဲလောင်းကျလျက် ။ ဟီးရိုး၏ ခေါင်းက မတ်မတ် မထူနိုင်ပေ ။ မျက်ဝန်းမှာ မျက်ရည်များ တွင်တွင် စီးကျလို့ ။ ခွဲခွာခါနီး နှုတ်ဆက်မျက်ရည်များလား ၊ ဝမ်းနည်းကြေကွဲစရာ မျက်ရည်များလား ။ အိမ်သား အားလုံးလည်း ဟီးရိုးနှင့် အပြိုင် မျက်ရည်ဖြိုင်ဖြိုင်ကျသည် ။ အဖေက တက်တခေါက်ခေါက် ။ အမေက ဟီးရိုးကို ဖက်ကာ ငိုကြွေး ။ ကိုဦးက နာနေသည့် ခြေထောက်ကို ဂရုမထားနိုင်လောက်အောင် ဒေါသထွက်နေလေသည် ။
ကျွန်တော် လား ၊ ကျွန်တော် ကား ငို၍ မရ ။ ဟီးရိုးကို ကြည့်ကာ ရင်မှာ ဆို့နစ်သည် ။ တိုင်မှာ ချည်ထားသော ကြိုးသည် နောက်ခြေကို အဘယ်ကြောင့် လူချည် ထားသလို ငြိနေသနည်း ။ နောက်ခြေမှာ ဘာကြောင့် ဓားနှင့် လှီးထားသလို တိတိရိရိ ပြတ်ရှနေသနည်း ။ ကျွန်တော် စဉ်းစားမရနိုင် ။
နံနက်လင်းသော် မန်ကျည်းပင်နှင့် အိမ်အကြားက သွေးကြောင်းကြီးကိုလည်းကောင်း ၊ ဟီးရိုးကို ချည်ထားသော နေရာတွင် မွစာကြဲနေသော လူနှစ်ယောက် ခြေရာများကိုလည်းကောင်း တွေ့ရလေသည် ။
အရှေ့ရပ်က နေဝန်းထွက်လာသော်လည်း ဟီးရိုး၏ အသက်ဝိညာဉ်ကား တဖြည်းဖြည်း နေဝင်ချိန် ရောက်လာလေပြီ ။ တစ်ယောက်စကား တစ်ယောက်နား ကြားပြီး တစ်ရွာလုံးလိုလို လာကြသည် ။ လူတစ်ယောက် သေခါနီး တိတ်ဆိတ် နေသလို တိတ်တဆိတ် လာပြီး တိတ်တဆိတ် ပြန်သွားကြသည် ။ ထူးထူးခြားခြား သားသ,တ်ရုံပိုင်ရှင် ကတော့ ရောက်မလာခဲ့ပေ ။
သားသ,တ်သမား ရောက်မလာသော်လည်း ရောက်လာဘိသကဲ့သို့ ဆွမ်းခံကြွချိန်တွင် ဟီးရိုး ခေါင်းသုံးချက် ထိုးကာ ဝိညာဉ်ချုပ်လေသည် ။
ထိုနေ့ မွန်းလွဲ ၁ နာရီတွင် ဟီးရိုးကို သားသ,တ်ရုံ မပို့ဘဲ မန်ကျည်းပင် ခြေရင်းမှာပင် မြေမြှုပ်လိုက်သည် ။ “ ဟီးရိုး အသက် ၅ မိုး ” ကောင်းရာသုဂတိလားစေသော် ။ ကမ္ပည်းတိုင်လေး စိုက်ပေးလိုက်သည် ။
••••• ••••• •••••
“ အဖေက ဒီအကြောင်းတွေ ပြောမပြဘူးဗျ ”
“ အေးကွာ ၊ မင်းအဖေ အဲ့နေ့က တစ်နေ့လုံး အစာတောင် မစားတော့ဘူး ။ သတ္တဝါတစ်ခု ကံတစ်ခု ဆိုပေမဲ့ သံယောဇဉ် ကြီးရှာတော့ စိတ်ထိခိုက်ပေမပေါ့ ။ မပြောဖြစ်တာက စကား မစပ်မိလို့နေမှာပါ ”
“ ခုတော့ နွားတွေ မရှိတော့ဘူးနော် ”
“ တောင်သူလည်း မလုပ်ကြတော့ဘူးလေကွာ ။ အရင်ကဆို အခုလို ဆိုင်ကယ်နဲ့ ဘယ်ဟုတ်မလဲ ၊ နွားလှည်းနဲ့ သွားကြလာကြရတာ ။ နွားဆိုတာ တောင်သူတွေရဲ့ ကျေးဇူးရှင်တွေပေါ့ကွာ ”
ကမ္ပည်းတိုင်နားက အမှိုက်များကို ရှင်းလိုက်ရင်း စကားပြောဖြစ်ကြသည် ။
“ ဟီးရိုးက ဘာလို့ ကြိုးငြိပြီး ခြေထောက် ပြတ်တာလဲ ”
တူတော်မောင်က သိချင်စိတ်ကြောင့် မေးလေသည် ။
“ ကြိုးငြိပြီး ပြတ်တယ်လို့ ငါ့ တူက ထင်တာလား ”
ကျွန်တော် ငယ်ငယ်တုန်းက လိုများ သူ စဉ်းစားလေမလား မပြောတတ်ပါ ။
“ မထင်ဘူးဦးလေး ”
“ ဘာလို့ မထင်တာလဲကွ ”
“ ဦးလေးပဲ ပြောတယ်လေ ၊ ခြေထောက်က ဓားနဲ့ ခုတ်သလိုပဲဆို ။ ကြိုးက လူချည်ထားသလိုပဲဆို ”
“ အေးလေ ”
အမှိုက်ကြားက ကင်းလိပ်ချော ထွက်လာ၍ ခြောက်ထုတ်လိုက်ရသေးသည် ။ နေက မန်ကျည်းပင်ရိပ်ကို ထိုးဖောက်ကာ ပူစပြုလာသည် ။ ရွာပျက်ထိပ်က ရွှေဘုံသာ စေတီက ဆည်းလည်းသံလေး ကြားရသည် ။ သတ္တဝါများ အေးချမ်းပါစေဟု စိတ်က ဆုတောင်းမိလိုက်သည် ။
“ အဲ့တော့ ဓားနဲ့ခုတ်ပြီး ကြိုးနဲ့ ချည်ထားခဲ့တာပဲ ဖြစ်မယ် ”
ခေတ်လူငယ်များ စဉ်းစားပုံ တော်ပါပေသည် ။ ကျွန်တော်တို့ ငယ်ငယ်က ဆိုလျှင် ထူးဆန်းဖွယ် ကိစ္စတစ်ခု အဖြစ်သာ ထင်မှတ်ထားမိသည် ။
“ ဟုတ်တယ်ကွ ၊ လူခုတ်ခံရတာ ”
“ ဓခေါက်လျှော့တယ် ဆိုတာ ကြိုးငြိတယ်လို့ ငယ်ငယ် ထင်ခဲ့တာကိုးကွ ။ တကယ်တော့ ခြေထောက်ကြောကို ဓားနဲ့ ခုတ်လိုက်တာပဲ ”
“ ဗျာ ၊ ဘယ်သူ လုပ်တာလဲ ”
“ မသိချင်ပါတော့နဲ့ ငါ့တူရာ ၊ သူလည်း ခြေထောက် ဝါးကြောရှပြီး မေးခိုင်ပိုး ဝင်လို့ သေသွားရှာပြီ ”
“ အဲဒါ ဝဋ်လည်တာ ထင်တယ်နော် ဦးလေး ”
“ မသိပါဘူးကွာ ၊ နေလည်းမြင့်ပြီ ပြန်ကြရအောင် ”
ဆိုင်ကယ် စီးနေ၍ လေတိုးသော်လည်း တပေါင်းလ နေက ပူလွန်းလှသည် ။ မှတ်မှတ်ရရ ဟီးရိုးကို မြေမြှုပ်ခဲ့သည်က အခုလို တပေါင်းလ နေ့ခင်းကြီးပါလား ။
ရွာပျက်က အထွက် ရွှေဘုံသာဘုရားမှာ ခဏရပ်ပြီး ဟီးရိုးရော ခုတ်သူပါ ကောင်းရာသုဂတိ လားဖို့ ဆုတောင်းမိသည် ။ ဟီးရိုး သေခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့သော်လည်း အဟောင်းက အသစ်ဖြစ် ဆိုသလို ကျွန်တော့ စိတ်ထဲတွင် မနေ့တစ်နေ့က လိုပင် အောက်မေ့မိတော့သည် ။
▢ ကေအမ်တီ ( အတွေးအိမ် )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မေ ၊ ၂၀၁၇
No comments:
Post a Comment