❝ မသန်ပေမယ့် စွမ်းတဲ့သူ ❞
ဘဝမှာ အဆင်မပြေမှုတွေကို လူတိုင်း ကြုံတွေ့ရလေ့ရှိတယ် ။ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ အချို့က လက်မြှောက် အရှုံးပေးချင်တယ် ။ ကိုယ် ကြုံတွေ့ရတဲ့ ဒုက္ခကို အင်မတန် ကြီးမားတယ်လို့ ထင်မှတ်လေ့ ရှိပါတယ် ။
လူအချို့ ကြုံတွေ့ရတယ် ဆိုတဲ့ ဒုက္ခက မသန်းနွယ်အောင် ရင်ဆိုင်ရတဲ့ အခက်အခဲလောက် ကြီးမယ် မထင်ပါဘူး ။ မသန်းနွယ်အောင်က ဆရာဝန်ကြီး တစ်ယောက်ရဲ့ သမီးပါ ။ လူမှန်း သိတတ်စ အရွယ်မှာ ပိုလီယိုရောဂါကြောင့် သူ့ ခြေနှစ်ဖက်စလုံး မသန်မစွမ်း ဖြစ်သွားတယ် ။ ဒါပေမဲ့ သူက လက်မလျှော့ဘဲ ပညာဆက်သင်တယ် ။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နေထိုင်တဲ့ မသန်းနွယ်အောင် က ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို နေ့တက် ကျောင်းသူအဖြစ် သွားတက်တယ် ။
တက္ကသိုလ် တက်နေဆဲ လှေပြေးတုန်း တက်ကျိုး ဆိုသလိုပဲ သူတို့ အိမ်ဦးနတ် ဖခင်ဆရာဝန်ကြီးက ဦးနှောက်အမြှေးပါးရောင်ရောဂါနဲ့ အိပ်ရာပေါ် ဗုန်းဗုန်းလဲသွားတယ် ။ မိခင်ရယ် ၊ လူမမည် မောင်လေးရယ် ၊ မသန်းနွယ်အောင်ရယ် ၊ မိသားစုတာဝန်က မသန်းနွယ်အောင် ခေါင်းပေါ် ကျလာတယ် ။
မသန်ပေမယ့် စွမ်းတဲ့ မသန်းနွယ်အောင်က ဘဝကို ရင်ဆိုင် ရုန်းကန်တယ် ။ ဒီနေ့ အချိန်အခါမှာ ဒေါ်သန်းနွယ်အောင် B.Com. , D.A (LCCI , UK ) ရဲ့ အယ်လ်စီစီအိုင် သင်တန်း ၊ အမ်ဝိုင်အိုဘီ သင်တန်းတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှာ အအောင်မြင်ဆုံး ဖြစ်နေပါပြီ ။
အယ်လ်စီစီအိုင် စာမေးပွဲတွေကို ကြီးကြပ်စီမံခန့်ခွဲသူ အရာရှိ ဦးကျော်ထင် က မိတ်ဆက်ပေးလို့ မသန်းနွယ်အောင် နဲ့ ကျွန်တော် သိကျွမ်းရတယ် ။ သူ့ကို တွေ့ဖို့ ကျွန်တော် တောင်ကြီးမြို့ကို တကူးတက သွားရောက်တယ် ။ ကန်ရှေ့ရပ်က သူတို့ အိမ်ကို သွားတော့ အိမ်အဝင်ဝမှာ သိသာတာက စတိုးဆိုင်နဲ့ စာအုပ်ဆိုင်လေးပါ ။ မသန်းနွယ်အောင် က စာသင်နေဆဲ ။
စာသင်ခန်းက သင်္ဘောဆေး အပြာနု သုတ်ထားတယ် ။ ဇာခန်းဆီးစဝါဝါတွေက တောင်ကြီးမြို့ရဲ့ အေးမြတဲ့ လေပြည်တွေ ထဲမှာ လူးလွန့်နေတယ် ။ မသန်းနွယ်အောင်က စာသင်ခန်း ရှေ့ဖျားက စတိတ်ခုံပေါ်မှာ ။
သူ့မျက်နှာက မဟာဆန်ပြီး ကျက်သရေ ရှိတယ် ။ စတိတ်ခုံကို လက်တန်း တပ်ထားတယ် ။ ခြေမသန်စွမ်းတဲ့ မသန်းနွယ်အောင် က လက်ကို အားပြုကာ စတိတ်ခုံ ပေါ်မှာ လျှောက်လှမ်းရင်း စာသင်နေတယ် ။
စာသင်ခန်းထဲမှာ သင်တန်းသားက အပြည့် ၊ အားလုံးဟာ လူငယ်တွေ ။ လူငယ်တွေရဲ့မျက်နှာမှာ အနာဂတ်မျှော်လင့်ချက်နဲ့ တက်ကြွနေဟန် မြင်ရတယ် ။ သူတို့ မျက်လုံးတွေက တဖျပ်ဖျပ် လက်နေတယ် ။ သူတို့ဆရာမကို အထင်ကြီး လေးစားတဲ့ အသွင် ဆောင်နေတယ် ။
ကျွန်တော်က စာသင်ခန်းကို တစ်ခဏတာသာ လေ့လာအကဲခတ်ပြီး သူ စာသင်လို့ ပြီးတဲ့အထိ ဧည့်ခန်းထဲက ထိုင်စောင့်တယ် ။ မသန်းနွယ်အောင် စာသင်လို့ ပြီးမှ စာသင်ခန်းထဲက စာသင်ခုံမှာ ထိုင်ရင်း သူရင်ဆိုင် အနိုင်ယူခဲ့တဲ့ ဘဝအကြောင်း ကျွန်တော် မေးပါတယ် ။ သူ့ဘဝမှာ အမှတ်ထင်ထင် ရှိနေခဲ့တဲ့ အကြောင်းအရာကို ပထမ မေးတယ် ။
“ ငယ်ငယ်တုန်းက ကျောင်းစနေတော့ ကိုယ်က သူများလို မဆော့နိုင် မပြေးနိုင်ဘူးပေါ့ ၊ ကိုယ်လုပ်နိုင်တဲ့ တစ်ဖက် အပိုင်းမှာ ထူးချွန်အောင် ကြိုးစားမယ်ပေါ့ ၊ လှုပ်ရှားတဲ့ ဘက်မှာ ကိုယ်က သေနေတော့ ဉာဏ်ကို အားကိုးပြီး တစ်ဖက်တစ်လမ်းက ကြိုးစားမယ်ပေါ့ ”
“ ဆရာမ ကျောင်းစနေတဲ့ အချိန်က အကြောင်း ပြောပါဦး ”
“ ပင်းဒယမှာ ကျောင်းစနေတယ် ။ သူငယ်တန်းပေါ့ ။ အိမ်က အကူတစ်ယောက် လိုက်စောင့်ပေးတယ် ။ တစ်ပတ် ၊ နှစ်ပတ်လောက် နေပြီး နေသားကျ သွားတော့ အိမ်က မလိုက်တော့ဘူး ။ သုံးနှစ်သမီးလောက် ကတည်းက ကျွန်မက ဘရေ့စ် ( brace - ပိုလီယို ဖြစ်သူများ ခြေထောက်မတ်မတ် လျှောက်နိုင်အောင် ကျပ်စည်းတဲ့အရာ ) ကို စည်းတာကိုး ။ အိမ်က စည်းပေးလိုက်တယ် ။ ကျောင်းရောက်ရင် ကျွန်မက ချွတ်ထားလိုက်တယ် ”
သူက ပြောရင်း ရယ်တယ် ။ ရယ်မောတော့ သူ့ရဲ့ ချောမောလှပမှုက ပိုပြီး ပေါ်လွင်တယ် ။
“ စည်းထားရင် စိတ်ထဲမှာ တင်းကျပ်တာကိုး ၊ ခုံတွေကြား ကျော်သွားလို့ ရတာကိုး ။ နောက်ပိုင်းကျတော့ စည်းထားမှ ကိုယ်က လျှောက်လို့ရတယ် ဆိုတာကို သိလာပြီး အမြဲတမ်း စည်းထားတယ် ”
“ ပင်းဒယမှာ ဘယ်လောက် ကြာသလဲ ”
“ ပင်းဒယမှာ သူငယ်တန်း တစ်နှစ်ပဲ ၊ ပြီးတော့ တောင်ကြီးကို ပြောင်းတယ် ။ အထက ( ၄ ) မှာ ဆရာကြီး ဦးညိုထွန်းက ကျွန်မကို အများကြီး ကူညီပေးခဲ့တယ် ။ ကျွန်မ ပထမတန်းမှာ စပြောင်းတယ် ။ စပြောင်းကတည်းက ကျွန်မကို အောက်ထပ်မှာပဲ ထားပေးတယ် ။ ဒုတိယတန်း ရောက်လို့ စာသင်ခန်းက အပေါ်ထပ် ကိုရောက်ရင် ဆရာကြီးက ကျွန်မ အတွက် အစစအရာရာ အဆင်ပြေအောင် ဒုတိယတန်းကို အောက်ထပ် ပြန်ရွှေ့ပေးတယ် ”
“ ဆရာမ အိမ်က ကူညီရသေးလား ”
“ ကျောင်းလိုက်ပို့တယ် ။ ပြီးရင် ကျောင်းခန်းထဲ မှာပဲ နေတယ် ။ အပြင်ထွက် ဆော့တယ် မရှိဘူး ။ အခန်းထဲ မှာတော့ သူငယ်ချင်းတွေက ကူညီတယ် ၊ ဆရာမဆီ စာသွားပြပေးတာတို့ ၊ သူငယ်ချင်းတွေက လုပ်ပေးတယ် ”
“ ဆရာမ စိတ်ထဲမှာ သူများက ကိုယ့်ကို ကူညီနေရတာပဲ ဆိုပြီး အားနာတဲ့ စိတ်မျိုး ဖြစ်သလား ”
“ ဖြစ်တယ်ဆရာ ။ သူများကို အမြဲတမ်း အကူအညီ မတောင်းရအောင် ကိုယ့်ဟာကိုယ် ပိုပြီး ကြိုးစားမိတာပေါ့ ။ သူများ ငြိုငြင်မှာလည်း စိုးတယ်လေ ”
“ ဆရာမက သူများကိုလည်း တစ်ပြန်တစ်လှည့် ပြန်ပြီး ကူညီချင်မှာပဲ ”
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ သူများကို စာအနေနဲ့ မရတာကို ကူပြပေးတယ် ။ စာရှင်းပြတာ လုပ်ပေးတယ် ”
“ ဒီလိုနဲ့ ဆရာမ ဆယ်တန်း အောင်သွားတယ် ၊ ဆရာမက အမှတ် ကောင်းတယ်လို့လည်း သိထားတယ် ”
“ ခြောက်ဘာသာကို ၄၃၅ မှတ်ရတယ် ။ အဲဒီခေတ်မှာ အမ်စီ ( ဆေးတက္ကသိုလ် ) ဖြတ်တာက ၄၆ဝ ”
“ ဆရာမ ဘာကြောင့် စီးပွားရေးတက္ကသိုလ်ကို တက်တာလဲ ။ စီးပွားရေးပညာရပ်ကို စိတ်ဝင်စားလို့လား ”
“ စတက်လိုက်မိမှ ပိုပြီး စိတ်ဝင်စားလာတာ ”
“ တောင်ကြီးက ကိုယ့်မြို့ ။ ကိုယ့်အတွက် အခက်အခဲ မရှိပေမယ့် စီးပွားရေးတက္ကသိုလ်ကျ ရန်ကုန်သွားတက်ရမယ် ။ ကိုယ့်မြို့ ကိုယ့်ပတ်ဝန်းကျင် မဟုတ်တော့ အဆင်မှ ပြေပါ့မလားလို့ တွေးမိသလား ”
“ အဖေတို့ ၊ အမေတို့က မတက်စေချင်ဘူး ။ ကျွန်မကတော့ ဆယ်တန်း အောင် ကတည်းက သွားတက်မယ် ဆုံးဖြတ်ထားတာ ။ ရှေ့က တက်နှင့်တဲ့ အစ်မတွေကို မေးထားတာ ။ ကျွန်မ တက်မယ် ဆိုတော့ အဖေနဲ့ အမေက လိုက်ပို့တယ် ”
“ ဘယ်နှခုနှစ်လဲ ”
“ 85 ( ၁၉၈၅ ခု ) ဒီဇင်ဘာမှာပေါ့ ”
“ အဆောင်နေသလား ”
“ အဆောင်နေတာ ၊ စီးပွားရေးတက္ကသိုလ် ၊ လှိုင်မြို့နယ်က သရဖီ ဟောလ်မှာပေါ့ ၊ အဖေနဲ့ အမေက လိုက်ပို့ပြီး တစ်ပတ် နေတော့ ပြန်တယ် ၊ ကိုယ်က အိမ်နဲ့လည်း မခွဲဖူးဘူး ၊ အစစအရာရာ ကိုယ့်ဟာကိုယ် အားလုံးလည်း မလုပ်ဖူးဘူး ၊ ဒါပေမဲ့ အစစအရာရာ ကိုယ့်ဟာကိုယ် လုပ်မယ်တော့ ဆုံးဖြတ်ထားတာ ၊ အဆောင် ပထမဦးဆုံး ဝင်တဲ့ နေ့မှာပဲ တောင်ကြီးက တစ်ယောက်နဲ့ ကျွန်မနဲ့က room mate ( အခန်းဖော် ) ပေါ့ ၊ အဲဒီညက ... အဆောင် ဆိုတော့ နယ်ပေါင်းစုံပဲ ၊ ကျွန်မကို လာပြီး မိတ်ဆက်ကြတယ် ”
မသန်းနွယ်အောင်ရဲ့စိတ်က အဆောင်ကို ပြန်ရောက်သွားသလို ပိုမို တက်ကြွတဲ့ အသွင်ကို မြင်ရတယ် ။
“ နောက်တစ်ရက် ကျောင်းသွားတော့ စာသင်ခန်းက အဆောင်နဲ့ နည်းနည်းဝေးတာ လမ်းလျှောက်ရတယ် ၊ ကျွန်မက အစက ချိုင်းထောက် ယူသွားတာ ၊ ချိုင်းထောက်နဲ့ လမ်းလျှောက်ပြီး ထွက်လာတာ ၊ အဲဒီ မိတ်ဆက်တဲ့ သူငယ်ချင်းတွေက ဆယ်ယောက်လောက် ရှိတယ် ၊ ချိုင်းထောက်နဲ့ လျှောက်နေရင် မောလည်း မောတယ် ၊ အကြာကြီးလည်း သွားနေရမယ် ၊ ချိုင်းထောက် မသုံးနဲ့ ၊ သူတို့ပဲ တွဲခေါ်သွားမယ်တဲ့ ၊ ပထမနေ့ ကတည်းက ကျွန်မ ချိုင်းထောက် မသုံးရတော့ဘူး ”
လူငယ်တွေရဲ့ ချစ်ခင်မှုကို ကြားရတော့ ကြက်သီးထမိပါတယ် ။
“ တက္ကသိုလ် နောက်ဆုံးနှစ်အထိ ကျွန်မကို သူတို့ တွဲခေါ်သွားကြတယ် ။ အဲဒီတုန်းက အပေါ်ထပ်တွေလည်း တက်ရတယ် ။ တစ်ခါတလေကျ တတိယထပ် အထိ တက်ရတယ် ။ ကျွန်မက သူငယ်ချင်းနှစ်ယောက် ကြားမှာ လက်က အားပြုပြီး သူတို့ကို ခိုလိုက်တာပေါ့ ”
တကယ့်ကို လေးစားစရာ မိတ်ဆွေကောင်းတွေပါပဲ ။
“ Second year ( ဒုတိယနှစ် ) လောက်က ကျောင်းသွားလို့ ရှိရင် ကျွန်မတို့က နှေးတော့ အမြဲတမ်း နောက်မှာပဲ ။ room ( စာသင်ခန်း ) ကလည်း အကျယ်ကြီး ။ ဆရာတွေ စာသင်တာကို မကြားရဘူး ။ ဒါနဲ့ သူငယ်ချင်းဆယ်ယောက်အဖွဲ့ထဲက တစ်ယောက်က ကြိုတင် သွားပြီး ရှေ့ဆုံးမှာ ထိုင်တယ် ။ ဆရာသင်တာ နားထောင် လာပြီး အဆောင် ပြန်ရောက်ရင် သူက အားလုံးကို ပြန်ရှင်းပြတယ် ”
အချင်းချင်းလည်း ငဲ့ညှာ ၊ ပညာလည်း လိုလားတဲ့ လူငယ်တွေကို ချီးကျူးဖို့ ကောင်းလိုက်တာလို့ ကျွန်တော် တွေးမိပါတယ် ။
“ Second year မှာ ဘာသာတွေ ခွဲတော့မယ် ။ ကျွန်မ မကြိုးစားလို့ မရတော့ဘူး ။ ကိုယ်က အမှတ်များအောင် ကြိုးစားထားရမယ် ။ ဒါမှ သူငယ်ချင်းတွေ ယူတဲ့ ဘာသာတွဲကို ကိုယ်က ပြောင်းလို့ရမှာ ။ ကိုယ်က အမှတ်နည်းရင် ကိုယ် တစ်ယောက်တည်း ဖြစ်နေတော့မှာ ဆရာ ”
မသန်းနွယ်အောင်က ပြုံးပါတယ် ။
“ Second yearမှာ ကျွန်မ စာကို ပိုကြိုးစားရတယ် ။ ကျူရှင်လည်း တခြား သွားမတက်နိုင်ဘူး ။ လှည်းတန်းမှာတော့ ဆရာဦးဝင့်ကျော်တို့ ကျူရှင်တွေ ရှိတယ် ။ အဲဒီတော့ ကျောင်းပိတ်လို့ တောင်ကြီး ပြန်လာပြီဆိုရင် ဒီမှာ ဆရာ ဦးခင်မောင်သန်း နဲ့ ဆရာဦးစိုးမြင့် ရှိတယ် ။ စီးပွားရေးတက္ကသိုလ်က ပြီးတာ ၊ အီကို ( Economic စီးပွားရေး ) က အဝေးသင် ရှိနေပြီမို့ ဒီမှာ သူတို့ စာပြတယ် ။ ကျွန်မက နောက်နှစ် သင်မယ့်စာကို အပြီး ကြိုသင်ပေးဖို့ ပြောရတယ် ”
သူ့စိတ်ဓာတ်က လေးစားစရာပါ ။
“ မိုးတွင်းဆိုရင် ကျွန်မ ကျောင်းသွား မတက်နိုင်ဘူး ။ ဆရာတွေက အိမ်လာ စာပြပေးတယ် ။ Accounting ရော ၊ statistics ရော ၊ Maths ရော ၊ ကျောင်းရောက်တော့ ကိုယ်က ကြိုသိထားတယ် ။ အဲဒီ ဆရာတွေရဲ့ကျေးဇူးလည်း အများကြီး ပါတာပေါ့ ”
“ မိုးတွင်းမှာ အဆောင်နဲ့ စာသင်ခန်း သွားရတာ အခက်အခဲ ရှိမှာပေါ့ ”
“ ကျွန်မ ကားငှား လိုက်တယ် ။ ဘီခြောက်ရာ ( B - 600 ) လေးဘီးကားလေး ။ ကျောင်းပျက်မှာစိုးလို့ တစ်လကို တစ်ထောင့်ငါးရာ ( ကျပ် ၁၅ဝဝ ) ပေးရတယ် ။ သူငယ်ချင်းတွေကလည်း လိုက်ပေးတယ် ။ ကျောင်းပြန်တဲ့ အချိန် ကားက လာကြိုပေးတယ် ”
“ စရိတ်တော့ ကုန်တာပေါ့ ”
“ အဆောင်ခက တစ်ရာ့နှစ်ဆယ် ( ကျပ် ၁၂၀ ) ပဲ ။ အပိုကုန်တာက နှစ်ထောင် ( ကျပ် ၂၀ဝ၀ ) လောက်ရှိတယ် ”
“ အဝေးသင် ဘာကြောင့် မတက်တာလဲ ”
“ အဝေးသင်တက်ရင် ဘယ်မှာ အပြင်ထွက်ရမှာလဲ ။ ဒီလိုမျိုးနဲ့ပဲ ပြီးသွားမှာပေါ့ ”
မသန်းနွယ်အောင် ဟက်ဟက်ပက်ပက် ရယ်မောတယ် ။
သူ စီးပွားရေးတက္ကသိုလ် တက်စဉ်က ကျိုက်ထီးရိုးဘုရားဖူး သွားခဲ့တဲ့ အကြောင်း သူ့မိခင် ပြောပြလို့ ကျွန်တော် သိထားတယ် ။ ဒါကို မေးပါတယ် ။
“ စီးပွားရေးတက္ကသိုလ် ဖိုင်နယ်နှစ်ပါ ။ ကျောင်းက သူငယ်ချင်းတွေနဲ့ သွားကြတာ ။ သူတို့ ကျိုက်ထီးရိုးသွားမယ် ၊ ကျွန်မကိုလည်း လိုက်ခဲ့ဖို့ ခေါ်တယ် ။ ကျွန်မက ကျိုက်ထီးရိုး ဆိုတော့ ဖြစ်ပါ့မလားပေါ့ ။ သူတို့က ဖြစ်တယ်တဲ့ ။ ကျွန်မကလည်း သူတို့ကို ယုံကြည်တယ် ။ သူတို့ပါရင် ဘယ်နေရာဖြစ်ဖြစ် သွားလို့ ဖြစ်တယ်ဆိုပြီး လိုက်လိုက်တာ ”
“ ဘယ်နှယောက်လဲ ”
“ အယောက် ၂ဝ သွားကြတာ ၊ တောင်ခြေ ကင်ပွန်းစခန်းရောက်တော့ အထမ်းငှားတယ် ။ အထမ်းတွေက ပက်လက်ကုလားထိုင်နဲ့ရယ် ၊ စောင်တွေနဲ့ရယ် ၊ သူငယ်ချင်းတွေက ပက်လက်ကုလားထိုင်နဲ့ဆိုရင် ရှုခင်းလည်း ကြည့်ရတယ်ဆိုပြီး စီစဉ်တာ ”
“ ပက်လက်ကုလားထိုင် ကို ဝေါလိုထမ်းတာ တွေ့ဖူးတယ် ”
“ ကျန်တဲ့ သူတွေက တက်သွားနှင့်တယ် ။ ကျွန်မနားမှာ မိန်းကလေး နှစ်ယောက် ၊ ယောက်ျားလေး နှစ်ယောက် ဘေးကနေ အတူလိုက်ပေးတယ် ။ အထမ်းသမားဦးလေးတွေ လာထမ်းတော့ သူတို့က ကိုယ့်ထက် အသက်လည်း ကြီးတော့ အားနာတယ် ။ သူတို့က ချွေးတွေနဲ့ ဆိုတော့ သနားလည်း သနား တယ် ”
မသန်းနွယ်အောင်ရဲ့ စာနာစိတ်ကို ဖျတ်ခနဲ တွေ့လိုက်ရတယ် ။
“ သူတို့က လုပ်နေကျပါတဲ့ ၊ တက်တာက နေ့လယ်ခင်း ၊ ကျွန်မ ခြေထောက်တွေကို ပက်လက်ကုလားထိုင်ရှေ့ကနေ စောင်နဲ့ ဖုံးထားတယ် ၊ အဲဒီ အချိန်က ကျောင်းသားတွေ တက်တဲ့အချိန် ၊ တောက်လျှောက် ကျောင်းသူ ၊ ကျောင်းသားတွေက အပြည့်ပဲ ။ မြင်တဲ့အခါကျ သူတို့က စကြတယ် ။ ငယ်ငယ်လေးနဲ့ ဘာလို့ အထမ်းနဲ့ တက်တာလဲပေါ့ ”
သူက ရယ်တယ် ။
“ ခြေထောက် မကောင်းဘူးလား စကြတယ် ။ ကျွန်မ ဘေးက လိုက်တဲ့ သူငယ်ချင်းက အဲဒီလို စရမှာလား စိတ်တိုတယ် ၊ ထမ်းပေးတဲ့ ဦးလေးတွေက သမီး ၊ သူတို့စတာ ရှက်လို့ရှိရင် သမီးမျက်နှာကိုမမြင်အောင် မျက်နှာကို အုပ်ထားလိုက်တဲ့ ။ မျက်နှာအုပ်ထားရင် ရှုခင်းတွေကို ဘယ်မှာ ကျွန်မ ကြည့်လို့ ရတော့မှာ လဲပေါ့ ။ ဘေးက သူငယ်ချင်းတွေ ထဲက ယောက်ျားလေး တစ်ယောက်က စိတ်တိုလာပြီး မိအောင် တဲ့ ၊ သူတို့ မြင်အောင် ခြေထောက်ကို အပြင်ထုတ်ထားလိုက်တဲ့ ”
မသန်းနွယ်အောင်က ပြောရင်း ပေါ့ပေါ့ပါးပါး ရယ်မောတယ် ။ နားထောင်နေတဲ့ ကျွန်တော်က ရင်ထဲမှာ ကျဉ်ခနဲ ဖြစ်သွားပါတယ် ။
“ တစ်ညအိပ်ပြီး ပြန်ဆင်းခဲ့ကြတယ် ။ သူတို့ဟာ တကယ့် သူငယ်ချင်း ကောင်းတွေပဲ ”
••••• ••••• •••••
မသန်စွမ်းသူလို့ သတ်မှတ်ခံထားရတဲ့ သူတစ်ယောက်က အများ မှီခိုစရာ လူတစ်ယောက် ဖြစ်နေတာ သူ့ အတွက်တော့ ကျေနပ်စရာပါ ။
ဒေါ်သန်းနွယ်အောင်က တောင်ကြီးမြို့မှာ အယ်လ်စီစီအိုင် နဲ့ အမ်ဝိုင်အိုဘီသင်တန်းတွေကို ဖွင့်လှစ် သင်ပြပေးနေတယ် ။ သူ့သင်တန်းကျောင်းက ရှမ်းပြည်နယ်တောင်ပိုင်းက လူငယ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် အားထားစရာဖြစ်တယ် ။ ဗြိတိန်နိုင်ငံက ဦးစီးကျင်းပတဲ့ အယ်လ်စီစီအိုင်စာမေးပွဲမှာ သူ့သင်တန်းသား ဦးရေ ၄၅ဝ လောက် နှစ်စဉ် ဝင်ဖြေကြတယ် ။
ဒေါ်သန်းနွယ်အောင်ရဲ့ဖခင် ဒေါက်တာ ဦးထွန်းအောင်လုံဟာ တစ်ချိန်က မြို့နယ် ဆရာဝန်ကြီးပါ ။ သူ တာချီလိတ်မြို့မှာ တာဝန် ထမ်းဆောင်ခိုက်မှာ ဒေါ်သန်းနွယ်အောင်ကို ရန်ကုန်မှာ သွားရောက် မွေးဖွားတယ် ။ ဒေါ်သန်းနွယ်အောင် ရှစ်လသမီးမှာ ပိုလီယိုရောဂါ ဖြစ်တယ် ။ သူ့ဖခင် ဆရာဝန်ကြီးက ချက်ချင်းပဲ ရန်ကုန်ကို ခေါ်သွားပြီး ကြပ်ကြပ်မတ်မတ် ဆေးကုသပေးပေမယ့် ခြေနှစ်ဖက် မသန်စွမ်းတော့ဘူး ။
ဒေါ်သန်းနွယ်အောင်ရဲ့မိဘနှစ်ပါးခမျာ ယူကျုံးမရ ဖြစ်ရှာကြတယ် ။ သူတို့ လုပ်ဆောင်နိုင်သမျှ ကုသမှုတွေ အားလုံးကို လုပ်ပေးပြီး ရန်ကုန်မြို့က မသန်စွမ်း ပြန်လည်ထူထောင်ရေးဆေးရုံမှာ ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်ပေးတယ် ။ Brace - ( ပိုလီယိုဖြစ်သူတွေ ခြေထောက်မတ်မတ် လျှောက်နိုင်ဖို့ ကျပ်စည်းပေးတဲ့ပစ္စည်း ) တစ်စုံ ဝယ်ပေးပြီး လမ်းလျှောက် လေ့ကျင့်ခန်းတွေ လုပ်စေတယ် ။ စိတ်ဓာတ်ခွန်အား မြင့်မားအောင် အားပေးတယ် ။
ဒေါ်သန်းနွယ်အောင် ၁၁ နှစ်သမီးမှာ ခြေထောက်တွေကို ခွဲစိတ်ကုသပေးပါတယ် ။ ဒါပေမဲ့ သူ့ခြေထောက်တွေက မသန်စွမ်းတော့ပါဘူး ။ မသန်စွမ်းတဲ့ ဘဝမှာ လောကကို အရှုံးမပေးဘဲ ဒေါ်သန်းနွယ်အောင် ပညာသင်ယူတယ် ။ တက္ကသိုလ်ပညာကို အဝေးသင် တက်ပြီး ဘွဲ့ယူနိုင်ပေမယ့် စီးပွားရေးတက္ကသိုလ်တက်တယ် ။ တက္ကသိုလ်တက်ဖက် သူငယ်ချင်းတွေက သူ့ကို အစစအရာရာ ကူညီ ကြတယ် ။ အဆောင်ကနေ စာသင်ခန်းကို သွားတဲ့ အချိန်မှာ တွဲခေါ်တယ် ။ သူတို့ သွားလေရာ အပါ ခေါ်တယ် ။ ကျိုက်ထီးရိုးတောင် မှ အတူတက်ခဲ့ကြတယ် ။
သူ ပညာ သင်ယူစဉ် ကာလ ဆုံခဲ့ရသမျှ ဆရာ ၊ ဆရာမတွေ ကလည်း သူ အဆင်ပြေအောင် ကူညီ စီစဉ်ပေးကြတယ် ။ ဒေါ်သန်းနွယ်အောင် ရဲ့ ကြိုးစားအားထုတ်မှုက လေးစားစရာ ကောင်းလို့ သူ နေထိုင်ရာ တောင်ကြီးမြို့ကို ကျွန်တော် သီးသန့် သွားရောက်ပြီး တွေ့ဆုံတယ် ။
သူ့ ဂုဏ်သိက္ခာအရ ဒေါ် တပ်ပြီး ခေါ်ရပေမယ့် သူ့အသက်က လေးဆယ် စွန်းစပဲ ရှိသေးတယ် ။ သူ့မျက်နှာပေါ်မှာ ရင့်ကျက်တည်ငြိမ်ပြီး မဟာဆန်တဲ့ အလှ ရှိတယ် ။ တောင်ကြီးမြို့ရဲ့ ရာသီဥတုက အေးမြတာကြောင့် လည်စည်း ပဝါကို ဆင်မြန်းထားပါတယ် ။ ကျွန်တော်တို့ စကားထိုင်မပြောခင်မှာ သူ့ဖခင် ဒေါက်တာထွန်းအောင်လုံကို နှုတ်ဆက်တယ် ။ ဆရာဝန်ကြီးက ဦးနှောက် အမြှေးပါးရောင်ရောဂါ ဖိစီးခံရပြီး အိပ်ရာပေါ်မှာပဲ နေရတာ နှစ်ပေါင်း ၂၀ ကျော်ပြီ ။ ဆရာကြီးကို ဒေါ်သန်းနွယ်အောင်က ပြုစုလုပ်ကျွေးထားတာ ။
အိပ်ရာခုတင် ဘေးမှာ တီဗွီစက်ရှိတယ် ။ ဆရာဝန်ကြီး အကြိုက် နိုင်ငံတကာဘောလုံးပွဲလိုင်းပေါင်းစုံကို စိတ်တိုင်းကျ ကြည့်နိုင်တယ် ။ ဆရာကြီးမှာ ဝေဒနာ တစ်ခု ဖိစီးခံထားရတဲ့ပုံ မရှိဘဲ သူ့မျက်နှာက ကြည်လင်သန့်စင်နေတယ် ။ သူ့မှာ ဘာသောကမှ မရှိဘဲ အေးချမ်းတယ်လို့ ဆရာဝန်ကြီးက ကျွန်တော့်ကို ပြုံးရွှင်စွာ ပြောပြတယ် ။ ဆရာကြီးကို နှုတ်ဆက်ပြီးနောက် ဒေါ်သန်းနွယ်အောင်ရဲ့ စာသင်ခန်းထဲက သင်တန်းသားတွေ ထိုင်တဲ့ ခုံတန်းလျားရှည်မှာ ကျွန်တော်တို့ ထိုင်ပြီး စကားပြောတယ် ။
“ ၁၉၉ဝ ပြည့်နှစ် ၊ ကျွန်မ စီးပွားရေးတက္ကသိုလ် ဒုတိယနှစ် ရောက်ချိန်မှာ ကံမကောင်းစွာနဲ့ အဖေ့ကျန်းမာရေးမကောင်းဘူး ဖြစ်လာတယ် ။ ပထမတစ်ကြိမ် ဖြစ်ပြီး ပြန်ကောင်းလာသေးတယ် ။ နောက်တစ်ကြိမ်မှာ ပင်စင် ယူလိုက်ရတယ် ”
ဒေါ်သန်းနွယ်အောင်ရဲ့ မျက်နှာပေါ်မှာ ဆွေးရိပ်သန်းသွားတယ် ။
“ အဖေက အစိုးရဝန်ထမ်း ၊ အခြား စီးပွားရေးလည်း မရှိသေးဘူး ။ ကျွန်မတို့မှာ မောင်နှမ နှစ်ယောက်တည်းရှိတာ ။ မောင်လေး ကလည်း ကိုယ့်ထက် အငယ် ၊ အဖေ နေမကောင်းပြီ ဆိုတော့ တစ်ခုခု လုပ်ရတော့မယ် ။ အမေကလည်း အဖေ့ကို ပြုစုနေရတာ ။ ကိုယ်က သမီးကြီး ဆိုတော့ ကိုယ့်တာဝန် ဖြစ်လာပြီ ”
အဲဒီအချိန်မှာ ဒေါ်သန်းနွယ်အောင် ရင်ဆိုင်ရတဲ့ အခြေအနေကို စာနာ စဉ်းစားမိတယ် ။ ခြေထောက်နှစ်ဖက်လုံး မသန်စွမ်းတဲ့ အသက် ၂ဝ ကျော်စ မိန်းကလေး ၊ တက္ကသိုလ် ပညာရေးကလည်း တစ်ပိုင်းတစ်စ ။ တက္ကသိုလ်ကျောင်း တွေကလည်း ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ပြီးစမို့ ပိတ်ထားတဲ့ ကာလ ။ ဘွဲ့ရဖို့ ကလည်း ကမ်းမမြင်လမ်းမမြင် ။
“ ကျွန်မ ဆွယ်တာ လက်ထိုးထိုးတယ် ။ အခြားပြင်ပ ထွက်ပြီး အလုပ်က မလုပ်နိုင်တော့ စာအုပ်အငှားဆိုင်လေး ဖွင့်တယ် ”
“ စာအုပ်ဆိုင်နာမည်က ”
“ SURE ”
ဆိုင်အမည် ထဲမှာ သူ့အားမာန်ကို တွေ့လိုက်ရတယ် ။
“ ကိုယ်ကလည်းက ကျန်းမာရေး ချို့တဲ့တယ် ။ အဓိက အားထားနေရတဲ့ အဖေ နေမကောင်းဖြစ်တော့ အားမငယ်ဘူးလား ”
“ အားငယ်နေဖို့ အချိန် မရတော့ဘူး ။ ဘယ်လို တွန်းအားပေးသွားလဲ မသိတော့ပါဘူး ။ အားငယ်စိတ် လုံးဝ မဖြစ်ဘူး ။ အဲဒီအချိန်မှာ ကိုယ် အားငယ် သွားရင် အဖေ ၊ အမေက ပိုပြီး အားငယ်သွားမှာပေါ့ ။ အဲဒီအချိန်က စလို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုလည်း ပိုလာတယ် ”
ဒေါ်သန်းနွယ်အောင်ရဲ့ မျက်နှာပေါ်မှာ သူ့ကိုယ်သူ ယုံကြည်မှုနဲ့ ခိုင်မာတဲ့ မျက်နှာပေးကို တွေ့မြင်လိုက်ရတယ် ။ ကျွန်တော်တို့ စကားထိုင် ပြောနေတဲ့ သူ့စာသင်ခန်းက သပ်ရပ် သန့်ရှင်းပြီး တိတ်ဆိတ်တယ် ။ စာသင်ခုံတွေကို အဖြူရောင်ဆေးသုတ်ထားပြီး ပြောင်လက်နေတယ် ။
စာသင်ခန်းနံရံမှာ အောက်ခြေက မီးခိုးရောင်ရင့်ရင့် ဆေးသုတ်ပြီး အထက်ပိုင်းက အပြာနု ၊ မြင်ရတာ အေးချမ်းတယ် ။ မှန်ပြတင်းမှာ ဇာခန်းဆီးဝါဝါတွေ တပ်ထားတယ် ။ လေပြည်နု ဝင်လာချိန်မှာ ခန်းဆီးဝါတွေက နူးညံ့ညင်သာ ယိမ်းက နေတယ် ။ အခက်အခဲ အမျိုးစုံ ကြုံတွေ့ရပေမယ့် ဒေါ်သန်းနွယ်အောင်က တက်လက်စ ရန်ကုန် စီးပွားရေးတက္ကသိုလ်ကို ပြန်တက်ပြီး ၁၉၉၃ ခုနှစ်မှာ ဘွဲ့ယူနိုင်ခဲ့ကြောင်းကို ဆက်ပြောပြတယ် ။
သူ ဘွဲ့နှင်းသဘင် တက်မယ် ။ သူ့ဖခင် ကျန်းမာရေးကြောင့် သူ့အဖေ နဲ့ အမေက ရန်ကုန်မှာ လုပ်တဲ့ ဘွဲ့နှင်းသဘင်ကို မလိုက်နိုင်ဘူး ။ ကြုံတွေ့ရတဲ့ ပြဿနာ တစ်ခုက ခြေနှစ်ဖက် မသန်လို့ ခြေထောက်မှာ brace နဲ့ကျပ်စည်းပြီး လက်နှစ်ဖက်က ကြမ်းပြင်ကို လက်ထောက်တုတ်နဲ့ ထောက်ပြီး သွားနေရတဲ့ မိန်းကလေး တစ်ယောက် ၊ ဘွဲ့ပေးတဲ့ စင်မြင့်ကြီးပေါ်ကို ဘယ်လို တက်မှာလဲဆိုတာပဲ ။ အဲဒီအချိန်က စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ဒေါက်တာသန်းညွန့် ။ ဘယ်လိုပဲ တက်ယူ တက်ယူ ၊ အဆင်ပြေသလို တက်ယူပါလို့ ခွင့်ပြုတယ် ။
“ ကျွန်မက ကျတော့ သူငယ်ချင်း တစ်ဖက် တစ်ယောက် တွဲပြီး တက်ရင် စတိတ်ခုံပေါ်မှာ ဘွဲ့ဝတ်စုံကြီးနဲ့ ရှုပ်နေမှာ စိုးလို့ ၊ ကျွန်မ စင်ပေါ် ရောက်ပြီး ပါမောက္ခချုပ် ရှိရာ လက်ထောက်နဲ့ လျှောက်သွားနေတာကို သူငယ်ချင်းတွေက စိတ်မချနိုင်ဘဲ ဖြစ်နေကြတယ် ၊ ပါမောက္ခချုပ်က ကျွန်မကို သေချာ လက်ဆွဲ နှုတ်ဆက်တယ် ”
“ အဲဒီအချိန်မှာ ပရိသတ်ရဲ့ လက်ခုပ်သံက ညံနေမှာပဲ ”
“ ဟုတ်တယ် ၊ ဟုတ်တယ် ဆရာ ၊ သတင်းစာကလည်း ကျွန်မ ဘွဲ့ယူတဲ့ပုံ သတင်းစာထဲ ထည့်ချင်တယ်လို့ လာခွင့်တောင်းပြီး ထည့်တယ် ”
၁၉၉၃ ခု ၊ နိုဝင်ဘာလ ၉ ရက်နေ့ သတင်းစဉ်က ထုတ်ပြန်တဲ့ သတင်းမှာ ဒေါ်သန်းနွယ်အောင် ဘွဲ့ယူနေတဲ့ ဓာတ်ပုံနဲ့ ပုံစာ အဖြစ် “ နိုဝင်ဘာ ၇ ရက်က စီးပွားရေး တက္ကသိုလ် ( ၂၆ ) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဝါဏိဇ္ဇ ဘွဲ့ရ မသန်းနွယ်အောင် ကို ပါမောက္ခချုပ်ဒေါက်တာသန်းညွန့် က ဘွဲ့မအပ်နှင်းမီ ဂုဏ်ပြု နှုတ်ဆက်စဉ် ” လို့ ဖော်ပြထားတာ တွေ့ရပါတယ် ။
ဒေါ်သန်းနွယ်အောင်က ယခုလို ပြောပါတယ် ။
“ ကျွန်မရဲ့ ဘွဲ့နှင်းသဘင်ကို မိဘနှစ်ပါး ကိုယ်စား ရန်ကုန်က အစ်မဝမ်းကွဲ ဒေါ်သန်းရင်က တက်ပေးပါတယ် ၊ ကျွန်မ ဘွဲ့ယူနေစဉ် သူလည်း ဝမ်းနည်းဝမ်းသာ ဖြစ်ပြီး မျက်ရည်ကျခဲ့တယ် ၊ ရန်ကုန်မှာ ကျောင်းတက်စဉ် ရန်ကုန်က ဆွေမျိုးအားလုံးနဲ့ ဆရာ ၊ ဆရာမအားလုံး ကူညီခဲ့ကြတယ် ”
ဘွဲ့ရပြီးနောက် သူ့ဘဝခရီးကို ဒေါ်သန်းနွယ်အောင်က ဆက်ပြောပြတယ် ။
“ ကျောင်းပြီးလို့ အိမ်ပြန်လာတော့ အိမ်နားနီးချင်းက ကလေးတွေကို စာစပြပေးတယ် ။ သူငယ်တန်းက စသင်တာ ၊ သူတို့ အတန်းတက်ရင် ကိုယ်လည်း လိုက်တက်ပြီးသင်တာ ။ ကျောင်းသား ဆယ်ယောက်လောက် ရှိလာတယ် ”
“ အယ်လ်စီစီအိုင် သင်ဖြစ်သွားတာကကော ”
“ စီးပွားရေး တက္ကသိုလ်က ကျောင်းပြီးတဲ့ အချိန်မှာ accounting ဘာသာရပ်ကို ကျွန်မ စိတ်ဝင်စားနေပြီ ။ ဆက်လုပ်ဖို့ကျတော့လည်း အိမ်ကို ပြန်ကြည့်ရဦးမယ် ။ ရန်ကုန်မှာ ကျွန်မနဲ့ စီးပွားရေးတက်ဖက်တွေက second year ( ဒုတိယနှစ် ) လောက် ဆိုရင် အယ်လ်စီစီအိုင် အကုန် ပြီးနေလောက်ပြီ ။ ကျွန်မတို့က ကျောင်းပိတ်ရင် အိမ်ပြန် လာကြတာ ။ အဲဒီတော့ တက်ဖို့ အချိန်မရှိဘူး ။ ကျောင်းပြီးရင်တော့ ဆက်လုပ်မယ် စိတ်ကူးထားတာပေါ့ ။ ကျောင်းပြီးရင် ဆက်လေ့လာဖို့ accounting စာအုပ်တွေ ကျွန်မ သိမ်းထားတယ် ။ ဒီ ( တောင်ကြီး ) မှာ အယ်လ်စီစီအိုင်လည်း မရှိဘူး ။ ရန်ကုန် သွားတက်ဖို့ကလည်း မဖြစ်ဘူး ။ အဖေနဲ့ အမေကို ထားပစ်ခဲ့ရမှာလေ ”
“ စာတွေ ဆက်သင်ချင် နေတဲ့အပေါ်မှာ မိဘတွေက ဘယ်လို အမြင်ရှိလဲ ”
“ ဆယ်တန်း အောင်တုန်းက တော်လောက်ပြီလို့ အဖေက ထင်တာတဲ့ ၊ ဒါပေမဲ့ တက္ကသိုလ် တက်ပြန်ရောတဲ့ ၊ ( သူ ရယ်ပါတယ် ) ဘွဲ့ရပြီ ဆိုတော့ အယ်လ်စီစီအိုင် တက်ချင်ပြန်တယ်တဲ့ ”
ဒေါ်သန်းနွယ်အောင်က ရယ်ပြန်တယ် ။
“ မိဘတွေက ဒါလုပ်ပါ လို့လည်း မတိုက်တွန်းဘူး ၊ မလုပ်ပါနဲ့ လို့လည်း မဟန့်တားဘူး ၊ ပြီးသွားမှပဲ သူတို့ ဟင်းချနိုင်တယ် ”
“ လုပ်မှ လုပ်နိုင်ပါ့မလားလို့ စိတ်မအေးကြတာဖြစ်မှာပေါ့ ”
သူက စကားပြောတာ ခဏရပ်ပြီး ကျွန်တော့်ကို တိုဟူးကြော်စားဖို့ပြောတယ် ။
တည်ခင်းထားတဲ့ တိုဟူးကြော်ကြီးတွေက လက်လေးလုံးလောက် ၊ အကြီးကြီးတွေ ။ ကုလားပဲသားကလည်း ကောင်းပြီး အရောအနှော ကင်းလို့ ဆိမ့်တယ် ။ ရေနွေးကြမ်း ကလည်း လက်ဖက်ခြောက်ကောင်းလို့ သိပ်ကောင်းတယ် ။ တည်ခင်းတဲ့ထဲမှာ ကော်ဖီလည်း ပါသေးတယ် ။
၁၉၉၉ ခုနှစ်မှာ ဆရာဦးကျော်စွာဝင်း ရဲ့ တပည့် ဦးညီညီသန်း က တောင်ကြီးမြို့မှာ အယ်လ်စီစီအိုင်သင်တန်း လာဖွင့်တယ် ။ ဒေါ်သန်းနွယ်အောင် အယ်လ်စီစီအိုင် တက်ဖြစ်သွားတဲ့အကြောင်း ဆက်ပြောပါတယ် ။
“ ဆရာဦးညီညီသန်း လာဖွင့်တော့ ကျွန်မ ပျော်သွားတယ် ၊ အဖေ့ကို ကျွန်မ ပြောကြည့်တော့ အဖေက ကျွန်မ အားထုတ်ရင်း အားလျော့ပြီး တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်တယ် ၊ ဦးညီညီသန်း က ကျွန်မ ဆိုင်မှာ စာအုပ် လာငှားတယ် ၊ ကျွန်မလည်း သင်တန်းတက်ဖို့ စာရင်းသွားသွင်းတယ် ”
“ ဘယ်နှခုနှစ်လဲ ”
“ 2000 ( ၂ဝဝဝ ပြည့်နှစ် ) ၊ နောက်တော့ လယ်ဗယ်သရီး ပြီးသွားတယ် ”
“ လယ်ဗယ် ဝမ်း ၊ တူး ဖြေသေးလား ”
“ မဖြေဘူး ဆရာ ၊ ဖြေရင် မန္တလေး သွားဖြေရမှာ ။ သွားဖို့ ကျွန်မအတွက် အခက်အခဲရှိတယ် ။ ဒါပေမဲ့ စာမေးပွဲ ဖြေမယ့်သူတွေ လေ့ကျင့်သလို ကျွန်မ လေ့ကျင့်တယ် ။ သရီးရောက်မှ မန္တလေးမှာ ကျွန်မ သွားဖြေတယ် ၊ အောင်စာရင်း ထွက်တော့ accounting ရယ် ၊ Business Statistics ရယ် ၊ နှစ်ဘာသာ distinction ( ဂုဏ်ထူး ) ထွက်တယ် ။ Cost Accounting နဲ့ Management Accounting နှစ်ဘာသာ credit ( အထူးအောင် ) ရတယ် ။ ဆရာက သူနဲ့တွဲပြီး guide ( သင်တန်းနည်းပြ ) လုပ်ပေးဖို့ ပြောတယ် ။ ဆရာ့ဆီ တက်တဲ့သူတွေ လိုအပ်ရင် ကျွန်မက အိမ်မှာ guide လုပ်ပေးတာပေါ့ ”
ထူးချွန်သူ တစ်ယောက် အတွက် နေရာတစ်ခုက အဆင်သင့် ရှိနေတယ်လို့ ကျွန်တော် တွေးမိပါတယ် ။
“ အဲဒါပထမ ခြောက်လ series တစ်ခုပေါ့ ။ နောက်ခြောက်လကျတော့ ဆရာက သူ စင်ကာပူကို သွားတော့မယ်တဲ့ ။ အတန်းပိတ် ပစ်ခဲ့ရမှာလည်း နှမြောတယ်တဲ့ ။ သူ ခက်ခက်ခဲခဲ စခဲ့ရတာတဲ့ ။ ကျွန်မကို သင်တန်း ဆက်ဖွင့်ပါတဲ့ ။ ကျွန်မကလည်း သင်တန်းဖွင့်ပြီး သင်ရမှာ မဖြစ်ဘူးထင်တယ်ပေါ့ ။ ဆရာက သူ မပြောင်းခင်မှာ နှစ်သုတ်ခွဲပြီး ကျွန်မ ဆီမှာ တစ်သုတ် ၊ သူ့ဆီမှာ တစ်သုတ် နှစ်ချိန်ခွဲ သင်တယ် ”
ဦးညီညီသန်းရဲ့ ဒေသခံတွေ အပေါ် ထားတဲ့ စေတနာကိုလည်း မြင်ယောင်လိုက်မိတယ် ။
“ ဆရာ သွားလိုက်တော့ ၂ဝဝ၃ ဇွန် မှာ ကျွန်မ တစ်ယောက်တည်း သင်လိုက်တော့တယ် ”
“ ကျောင်းနာမည် ဘယ်လိုပေးသလဲ ”
“ ကျွန်မနာမည် သန်းနွယ်အောင်နဲ့ပဲ ”
အယ်လ်စီစီအိုင် သင်တန်းဖွင့်တဲ့ ဆရာတွေက ဦးအောင်ဝင်း ၊ ဦးကျော်စွာဝင်း ၊ ဦးညီညီသန်း စသည်ဖြင့် ကိုယ့်နာမည်နဲ့ပဲ သင်တန်းကျောင်း ဖွင့်ကြတဲ့ အလေ့အထကို ကျွန်တော် သတိထားမိတယ် ။
“ စာသင်ရတာ ပင်ပန်းမှာပေါ့ ”
“ ပင်ပန်းတယ် ဆရာ ၊ ဒါပေမဲ့ သူတို့ ရသွားတာ မြင်ရတော့ ဝမ်းသာတယ် ။ အလုပ်ထဲမှာ အသုံးချနိုင်ကြလို့ ကျွန်မ ကျေနပ်တယ် ။ ကျွန်မ ရည်ရွယ်ချက်က သူတို့ စာမေးပွဲအောင်ရုံ မဟုတ်ဘူး ။ သူတို့ ဘဝမှာ နေ့စဉ်ကြုံတွေ့ နေရတာတွေကို ဖြေရှင်းတတ်ဖို့ပါ ။ ကျွန်မ လေ့ကျင့်ပေးတယ် ”
စာသာသင်ရုံမက လူကိုပါ ပြင်ပေးတဲ့ ဆရာဟာ ပိုပြီး လေးစားဖို့ ကောင်းပါတယ် ။
“ လုပ်ငန်းရှင်အချို့က ကျွန်မကျောင်းကို လာပြီး အလုပ်နဲ့ သင့်လျော်မယ့်သူ လာရှာတယ် ။ ကျောင်းသားအချို့က ကျွန်မဆီ ရောက်လာပြီး သူတို့ အတွေ့အကြုံတွေ ၊ အခက်အခဲတွေ ၊ ပြဿနာတွေကို တိုင်ပင်ကြတယ် ။ ကျွန်မရဲ့ အကြံဉာဏ်ကို ရယူကြတယ် ။ ကျွန်မနဲ့ တွေ့ပြီးနောက် သူတို့ကိုယ် သူတို့ ယုံကြည်ချက် အပြည့်အဝနဲ့ ပြန်သွားကြတော့ ကျွန်မ ဝမ်းသာတယ် ”
ဒေါ်သန်းနွယ်အောင်က လူတွေအတွက် အကျိုးဆောင်နိုင်လို့ ကျေနပ်တဲ့ သွင်ပြင်ရှိတယ် ။
“ ကျွန်မ ကျောင်းသားတွေ အလုပ်အကိုင် ကောင်းကောင်း ရကြတယ် ။ အလုပ်ရှင်တွေက သူတို့ကို နှစ်သက် ကျေနပ်ကြတယ်ကြားရတော့ ကျွန်မ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် ။ ဒါဟာ ကျွန်မရဲ့ ဆရာဘဝက ရတဲ့ ဆုလာဘ်ပါပဲ ။ အထူးသဖြင့်တော့ ကျွန်မလို မသန်စွမ်းသူ တစ်ဦး အတွက်ပေါ့ ”
⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
No comments:
Post a Comment