Friday, August 22, 2025

နောက်ဆုံးမျက်ရည်


 

❝ နောက်ဆုံးမျက်ရည် ❞
       ( မနှင်းဖွေး )

သုဝဏ္ဏ အားကစား လေ့ကျင့်ရေးစခန်းရှိ အမျိုးသမီး ဘောလုံးအသင်း၏ ဧည့်ခန်းမဆောင်သည် အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်နေသည် ။

ခန်းမတွင် တန်းစီ၍ ငြိမ်သက်စွာရပ်နေသော အမျိုးသမီးအားကစားသမားအယောက် ( ၃၀ ) သည် လူကသာ ငြိမ်သက် နေသော်လည်း သူတို့၏ ရင်ထဲမှာတော့ စိတ်လှုပ်ရှားမှုဖြင့် ဘလောင်ဆူနေသည် ။

ထက်ထက်ထွန်းသည် သူတို့ ရှေ့တည့်တည့်တွင် ထိုင်နေကြသော အသင်းမန်နေဂျာ ၊ နည်းပြချုပ် ၊ လက်ထောက်နည်းပြချုပ် ၊ နည်းပြ နှင့် အဆောင်မှူး စသူတို့၏ မျက်နှာကို ရဲရဲမကြည့်ဝံ့သဖြင့် မသိမသာမျက်လွှာချထားရသည်  ။

လူစုံတော့ လက်ထောက်နည်းပြချုပ်၏ အသံက ထွက်လာသည် ။

“ ဆရာတို့ ဒီနေ့မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအတွက် အပြီးသတ် ရွေးချယ်ထားတဲ့ စာရင်းကို ကြေညာပါမယ် ။ အားလုံးသိပြီးတဲ့ အတိုင်း အခု တန်းစီရပ်နေတဲ့ လူတွေထဲက ( ၂၃ ) ဦး ကိုပဲ ရွေးချယ်မှာ ဖြစ် ပြီး ( ၇ ) ဦးကိုတော့ ချန်ထားရမှာပါ ။ အရွေးချယ်ခံရမယ့် ( ၂၃ ) ဦးထဲမှာလည်း လက်ရွေးစင်လူဟောင်းတွေ ပါမှာ ဖြစ်သလို လူသစ်တွေလည်း ဆရာတို့ အားဖြည့်ထားပါတယ် ။ ချန်ထားရမယ့် ( ၇ ) ဦးကို ပြောလိုတာကတော့ လုံးဝလုံးဝ စိတ်ဓာတ်မကျပါနဲ့  ။ နောက်ထပ် .. နောက်ထပ် ... ”

“ ဘုရား ... ဘုရား ... ချန်ထားမယ့်စာရင်းထဲ ငါများ ပါနေမလား ”

လူသစ်ဖြစ်သော ထက်ထက်ထွန်းက ထိုကဲ့သို့တွေးရင်း ခြေဖျားလက်ဖျား အေးလာသည် ။ ဆရာများက စကားအနည်းငယ်စီ ပြောပြီးနောက် ရွေးချယ်ခံစာရင်းကို နည်းပြမမမာ က ဖတ်ပြကြေညာသည် ။ လက်ရွေးစင်ဟောင်းထဲ မှ ( ၁၅ ) ဦး စာရင်းကို ဦးစွာ ကြေညာပြီး လူသစ် ( ၈ ) ဦးစာရင်းကို ကြေညာသည် ။

“ သဉ္ဇာဦး ” ၊ “ ထူးထူးအောင် ” ၊ “ အေးအေးကျော့ ” ၊ “ နှင်းနု ” ၊ “ ထက်ထက်ထွန်း ” 

ထက်ထက်ထွန်းရင်ထဲ ဒိန်းကခနဲဖြစ်သွားသည်  ။ “ အောင်မယ်လေး ... တော်ပါသေးရဲ့ ” ဟု လည်း သူ့နှုတ်ကလွှတ်ခနဲ ထွက်သွားသည် ။ သူအနှစ်နှစ် အလလက မက်ခဲ့သော အိပ်မက်တို့ အကောင်အထည် ပေါ်လေပြီ ။ အများတကာထက် ပို၍ အပင်ပန်းခံရကျိုး နပ်ပေပြီ ။ သူ့ ရင်ထဲမှ ပီတိလှိုင်းက ပြင်း ထန်စွာ ရိုက်ခတ်နေသည် ။

“ နော်စတယ်လာ ” ၊ “ မြမာလာမိုး ” ၊ “ ဥမ္မာဆွေ ”

ရွေးချယ်ခံရသူစာရင်းကို ကြေညာ၍ ပြီးဆုံးလေပြီ ။ အရွေးခံရသူများမှာ ကိုယ်အရွေးခံရသည့် အတွက် ဝမ်းသာပေမယ့်

အရွေးမခံရသူများ အတွက် အားလုံးက စိတ်မကောင်းကြ ။ သုံးလ ဆိုသော ကာလအတွင်း သွားအတူ ၊ စားအတူ ၊ လေ့ကျင့်အတူ ၊ အတူတူအပင်ပန်းခံခဲ့ကြသည့် သူငယ်ချင်းတွေ မဟုတ်လား ။

ဘဝဆိုတာ အောင်မြင်မှုတွေ ၊ ကျဆုံးမှုတွေ ၊ ဝမ်းနည်းစရာတွေ ၊ ဝမ်းသာစရာတွေ ရောပြွမ်းနေတဲ့ ဖြစ်တည်မှုပါလားဟု ထက်ထက်ထွန်း တွေးလိုက်မိလေသည်  ။

စင်စစ် ထက်ထက်ထွန်း လျှောက်လှမ်းခဲ့ရသော ဘဝလမ်းကလည်း ပန်းခင်းလမ်းတော့ မဟုတ်ခဲ့ပါ ။ ခလုတ်ကန်သင်းတွေနှင့် ပြည့်နေသောလမ်း ဖြစ်ပါသည် ။

သူငယ်စဉ် ဆယ်ကျော်သက်ဘဝကတည်းက ဖခင်၏ ပြစ်တင်မာန်မဲမှု အောက်တွင် ကြီးပြင်းခဲ့ရသည် ။ မိန်းကလေးတစ်ယောက်လို မနုနွဲ့သော ၊ မိန်းကလေးတစ်ယောက်လို မသိမ်မွေ့သော သူ့ကို အဖေက လုံးဝကြည့်မရ ။

“ ယောက်ျားမဟုတ် ၊ မိန်းမမဟုတ်နဲ့  ၊ ဘာပုံလဲဟ ”

သူ့ကို မြင်တိုင်း မျက်စောင်းတခဲခဲနှင့် ပြောလေ့ရှိသော အဖေ့စကား ဖြစ်သည် ။ အမေက တော့ သူ့ဘက်မှ အမြဲရပ်တည်ပေးသည် ။

“ ဘာပုံရမလဲတော့ ၊ ကျန်းမာသန်စွမ်းတဲ့ အားကစားသမားတစ်ယောက်ရဲ့ ပုံလေ ” ဟု ပြောပေးတတ်သည်  ။

“ မိန်းကလေး ဖြစ်ပြီး မိန်းကလေးလိုမနေဘူး ။ မိန်းကလေးတန်မဲ့ ဘောလုံးကန် ဝါသနာ ပါသတဲ့ ”

“ ဒီမယ် ကိုအောင်ထွန်း ၊ ကျွန်မတို့ မွေးထားတာ သားသမီး သုံးယောက် ။ မိန်းကလေးက သူတစ်ယောက်တည်း ။ ဒီအစ်ကို ၊ ဒီမောင်နဲ့ပဲ သူ အဖော်လုပ်နေရတယ် ။ သူ့အစ်ကို ၊ သူ့မောင် နဲ့ ဘောလုံးကစားရင်း ဝါသနာ ပါတာဆန်းသလား ”

“ တော် ... တော် ထပ်မပြောနဲ့  ။ မင်းသမီး နောက်တစ်ခါ ဘောလုံးကွင်းထဲ မြင်ရလို့ တော့ အသေပဲ ”

ယင်းကဲ့သို့ အဖေ၏ အဆူ ၊ အဆဲ ၊ အကြိမ်းအမောင်း ၊ အရိုက်အပုတ်ကို ခံပြီး မလျှော့သော ဇွဲလုံ့လနှင့် ရှေ့ဆက်လျှောက်လှမ်းခဲ့ခြင်းဖြစ်သည် ။ သူက အိမ်ရောက်လျှင် အရိုက်ခံရမည်ကို သိလျက်နှင့် တစ်ညနေလုံး ဘောလုံးကို စိတ်တိုင်းကျ ကစားပြီး အရိုက်ခံခဲ့သည့် ထက်ထက်ထွန်းဖြစ်သည် ။ ကိုးတန်းတွင် ကျောင်းလက်ရွေးစင်ဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင် အိမ်လာ၍ အဖေ့ကို ခွင့်ပေးဖို့ တောင်းပန်မှ အဖေ့အရိုက်က လွတ်တော့သည် ။

“ ငါက ဒီကောင်မလေးကို ယောက်ျားလျာဖြစ်မှာ စိုးလို့ပါ ”

“ ယောက်ျားလျာဖြစ်တော့ကော ဘာဖြစ်လဲ ။ ဖြစ်ပါစေ ... ရှင့်သားတွေ မိန်းမလျာ မဖြစ်ဖို့ ဘဲလိုတာ ”

စင်စစ် အဖေတို့ စိုးရိမ်သလို ထက်ထက်ထွန်း က ယောက်ျားလျာတစ်ယောက် မဟုတ်ပါ ။ ခန္ဓာကိုယ်ထွားကျိုင်းပြီး နွဲ့နွဲ့နှောင်းနှောင်း မနေတတ်သည်ကလွဲ၍ သူ့စိတ်က မိန်းမ ပကတိဖြစ်ပါသည် ။ လူကကြမ်းပေမယ့် နှလုံးသားက နုပါသည်  ။

ထို့ကြောင့်လည်း စာတော်၍ ရုပ်ဖြောင့် သော ကိုလင်းကို သူမ စိတ် ဝင်စားခဲ့မိသည်ပေါ့ ။

••••• ••••• •••••

ကိုလင်းက ထက်ထက်ထွန်းတို့ နှင့် တစ်ရပ်ကွက်သား ၊ အင်းစိန်သား ဖြစ်သည် ။ ထက်ထက် အစ်ကိုကိုမိုးဇော်၏ အတန်းဖော်သူငယ်ချင်းဖြစ်သည် ။ ကိုမိုးဇော် ထံ အလည်လာရင်း ထက်ထက်တို့ တစ်အိမ်သားလုံးနှင့်လည်း ရင်းနှီးနေသည် ။ ကိုလင်း က စာတော်ပေမယ့် အားကစားတော့ ဝါသနာ မပါ ။ ကိုမိုးဇော်က ဘောလုံးလည်း ကစားသလို ဂီတာတီးလည်း ကျွမ်းကျင်သဖြင့် ဂီတဝါသနာ ပါသော ကိုလင်း နှင့် တွဲဖြစ်ခြင်းဖြစ်သည် ။

“ ငါက ဦးနှောက်သမားကွ ၊ ဦးနှောက်နဲ့ပဲ ထူးချွန်အောင်လုပ်မှာ ။ ငါ့ခန္ဓာကိုယ်ကို မလိုအပ်ဘဲ အပွန်းပဲ့မခံနိုင်ဘူး ” တဲ့ ။ ကိုလင်း ပြောလေ့ရှိသည့် စကားဖြစ်သည် ။

သူပြောသည့် အတိုင်းပင် ( ၁၀ ) တန်း ကို ဂုဏ်ထူး ( ၅ ) ဘာသာဖြင့် အောင်မြင်သူဖြစ်သည် ။ ဆေးတက္ကသိုလ်ဝင်ခွင့်ရသော်လည်း စီးပွားရေးတက္ကသိုလ် တက်သည် ။ သူ့ရည်ရွယ်ချက်က အောင်မြင်သော စီးပွားရေးသမား ဖြစ်ဖို့ တဲ့ ။ နှစ်ဘာသာဂုဏ်ထူးရသော ကိုမိုးဇော် ကတော့ သူ့ရည်ရွယ်ချက်အတိုင်း စစ် တက္ကသိုလ်ကို တက်ခွင့်ရသွားသည် ။ ကိုမိုးဇော် ပြင်ဦးလွင်ကို ထွက်သွားပေမယ့် ကိုလင်းက ထက်ထက်ထွန်းတို့ အိမ်ကိုတော့ အသွားအလာ မပျက်ခဲ့ပေ ။

“ ငါ့ညီမ ၊ စာကြိုးစားနော် ၊ အားကစားမှာချ ည်းပဲ သိပ်အချိန်ကုန်မခံနဲ့ ။ လူဆိုတာ ပညာတတ်မှ လူရာဝင်တာသိလား ”

ကိုလင်းက ကြုံလျှင်ကြုံသလို သူဘောလုံးကန်ခြင်းနှင့် ပတ်သက်၍ ခပ်ပါးပါး ထိုးနှက်ဝေဖန်တတ်သည် ။

နှစ်လိုဖွယ်ကောင်းသော သူ့အသံ ၊ စွဲမက်ဖွယ်ကောင်းသော သူ့အပြုံးတို့ကြောင့် “ အားကစားထူးချွန်ရင်လည်း လူရာဝင်တာပါပဲ ကိုလင်းရယ် ” ဟူသည့် စကားဖြင့် ခွန်းတုံ့မပြန်ဖြစ်တော့ပေ ။ ကိုလင်းက အားကစားဝါသနာ မပါပေမယ့် ဒီဇင်ဘာလ မြို့လုံးကျွတ် လူထုလမ်းလျှောက်ပွဲမှာ ပါဝင်ဖို့ ထက်ထက်က တိုက်တိုက်တွန်းတွန်း ခေါ်လျှင်တော့ ထက်ထက်ကို အလိုလိုက်သည့်အနေနှင့် သူ လိုက်လာတတ်ပါသည် ။

သို့သော် လမ်းလျှောက်ရင်း ငြင်းရခုံရတာလေးတွေတော့ ရှိသည်ပေါ့ ။

“ နင် ခေါ်လွန်းလို့သာ လိုက်ရတာ ၊ အိပ်ရေး ပျက်လိုက်တာကွာ ”

“ အိပ်ရေးမဝရင် နေ့ခင်းမှ တစ်ခါလောက်ပြန်အိပ်ပေါ့ ကိုလင်းရဲ့ ။ မနက် စောစော လေက လတ်ဆတ်တယ်လေ ။ လတ်ဆတ်တဲ့ လေကိုရှူတော့ ကျန်းမာတာပေါ့ ။ မယုံရှူကြည့် ၊ ခေါင်းပါ ကြည်သွားလိမ့်မယ် ”

“ အင်း ... ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး လျှောက်ရင်တော့ မပြောတတ်ဘူး ၊ လူအုပ်ကြီးနဲ့ ဆိုတော့ နင်ပြောသလောက်လည်း ခေါင်းမကြည်ပါဘူးဟာ ”

“ ကိုလင်းက ဘယ်ကိစ္စမဆို တစ်ကိုယ်တော်ပဲ ကြဲချင်တာကိုး ။ အများနဲ့ ပူးပေါင်းပြီး အောင်မြင်တာကို တန်ဖိုးမထားတတ်ဘူးပဲ ”

“ အံမယ် နင်ကများ ကြီးကြီးကျယ်ကျယ် ”

“ ထက်ကတော့ အခုလို လူအများကြီးနဲ့ လမ်းလျှောက်ရတာ ပိုပျော်တယ် ။ စိတ်ထဲမှာ ပိုလုံခြုံတယ် ။ ပိုလည်း အားရှိတယ် ။ အဲဒါကြောင့် ထက် .. ရပ်ကွက်ထဲက လူတွေအများကြီးကို လမ်းလျှောက်ဖြစ်အောင် လိုက်စည်းရုံး ခဲ့တာပေါ့ ။ ကိုယ်တစ်ယောက်တည်း လျှောက်တော့ ကိုယ်ပဲ ကျန်းမာမယ် ။ ကိုယ့်ရပ်ကွက်ထဲက လူတွေပါ လမ်းလျှောက်ဖြစ်တော့ တစ်ရပ်ကွက်လုံး ကျန်းမာတယ်လေ ။ လူတွေကျန်းမာဖို့ လိုတယ် ကိုလင်းရဲ့ ။ စာသံ ၊ ပေသံနဲ့ ထပ်ပြောရရင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှ ထက်တို့ ရဲ့ မြန်မာနိုင်ငံကြီးလည်း ဘက်စုံတိုးတက်ပြီး ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်မှာ ပေါ့ဗျ ... ဟဲ ... ဟဲ ” 

ကိုလင်းက ထက်ထက်ထွန်း ကို “ ကြီးကျယ်ရန်ကော ” ဟူသည့် သဘောဖြင့် နှုတ်ခမ်းရွဲ့ပြသည် ။ ထက်ထက်ကတော့ မနက်ခင်းလေကို အားရပါးရ ရှူရှိုက်ရင်း မမြင်ဟန်ဆောင်နေလိုက်သည် ။

••••• ••••• •••••

ထက်ထက်ထွန်း ( ၁၀ ) တန်းရောက်သည့် နှစ်မှာ မြို့နယ်အမျိုးသမီး ဘောလုံးလက်ရွေးစင် ဖြစ်ခဲ့သည် ။ သို့သော် ထိုနှစ်မှာ သူ ( ၁၀ ) တန်း စာမေးပွဲကျသည် ။

“ ကျမှာပေါ့ အရေးမပါတာတွေ လျှောက်လု ပ်နေတာကိုး ”

အဖေ့အတွက် သူ့ကို အပြစ်တင်စရာ အကွက်ရသွားသည် ။ ( ၁၀ ) တန်း ဒုတိယနှစ် ပြန်တက်တော့ ထက်ထက်ထွန်းမှာ စိတ်လက်မချမ်းသာစွာဖြင့် ကျောင်းစာလည်း မလစ်ဟင်းရအောင် ၊ အားကစားလေ့ကျင့်ခြင်းလည်း မပျက်ရအောင် ကြိုးစားရလွန်းသဖြင့် လူက တော်တော်ပိန်ကျသွားသည် ။ သို့သော် ( ၁၀ ) တန်း ဒုတိယအကြိမ် ပြန်ဖြေတော့ သင်္ချာဂုဏ်ထူးဖြင့် သူအောင် မြင်ခဲ့ပါသည် ။

သူ ( ၁၀ ) တန်း အောင်တော့ ကိုလင်းက သူ့ကို ချစ်ခွင့်ပန်သည် ။ သူ့ကို တက္ကသိုလ်ကျောင်းသူ လှလှလေးတစ်ယောက်လို မြင်ချင်ပါသတဲ့ ။ ကိုလင်း၏ အချစ်ကို သူ လက်ခံခဲ့ပေမယ့် “ အားကစားသိပ္ပံကိုပဲ တက်မယ် ။ ဘွဲ့ကိုတော့ အဝေးသင်နဲ့ပဲ ယူမယ် ” ဟု ကြွေးကြော်သည် ။ ထိုအခါ ကိုလင်း က အင်းမလုပ် ၊ အဲမလုပ် ၊ ဆိတ်ဆိတ်ပဲ နေလေသည် ။ ရန်ကုန်အားကစားနှင့် ကာယပညာသိပ္ပံ တက်နေစဉ် အတွင်း ထက်ထက် အရမ်းကြိုးစားခဲ့သည် ။ သူများတွေထက် ပို၍ အပင်ပန်းခံခဲ့သည် ။ လေ့ကျင့်သည့် အခါမှာ လုံးဝ မခိုကတ်သည့် အပြင် ဆရာများ၏ စကားကိုလည်း တစ်သဝေမတိမ်း လိုက်နာသည် ။ ဒီတော့ ထက်ထက်ထွန်းကို ဆရာများက သဘောကျ အသိအမှတ်ပြုပြီး ပဏာမ မြန်မာ့လက်ရွေးစင် အသင်းမှာ ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည် ။

ကဲ ... အခုတော့ ပဏမအဆင့်သာမက မြန်မာ့လက်ရွေးစင်အဆင့်ကို သူ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည် ။ အဖေကလည်း ငြူစူ ၊ ချစ်သူကလည်း အားမပေးသည့် ကြားမှ သူ ဖြစ်အောင် လုပ်နိုင်ခဲ့ပြီမို့ ၊ မြန်မာ့လက်ရွေးစင် ဆိုသည့် အောင်ပန်းကို အချိန်ကြာကြာ သူ ထွေးပိုက်ထားရမည်ဟု စိတ်ထဲက ကျိတ်၍ ဆုံးဖြတ်ထားလေသည် ။

••••• ••••• •••••

ကိုလင်းနှင့် ထက်ထက်ထွန်းက သမီးရည်းစား ဆိုသော်လည်း နှစ်ယောက်သား ချိန်းဆိုတွေ့ဆုံခြင်း ၊ စကားပြောရခြင်းမျိုးက သိပ်မရှိလှပါ ။ ကိုလင်းက ကျောင်းတစ်ဖက်နှင့် ပြင်ပသင်တန်းများ ၊ သံရုံးများက ဖွင့်လှစ်သော ဘာသာရပ်သင်တန်းများ တစ်ခုမဟုတ် တစ်ခုတက်၍ သူ့ကိုယ်သူ ပျိုးထောင်သည် ။ ထက်ထက်ထွန်း ကစားနေသည့် ပွဲတိုင်းလည်း သူ လာမကြည့်အား ။ အလားတူပင် ထက်ထက်ထွန်းမှာလည်း လေ့ကျင့်ချိန်များသည့် ကြားမှ အဝေးသင်ဘွဲ့ အတွက် ကျောင်းစာကိုလည်း အလေးထား ကျက်မှတ်ရသေးသဖြင့် သူလည်း အချိန်ပို မရှိ ။

တစ်ရက်မှာတော့ ကိုလင်းက ထက်ထက်ထွန်းကို လာတွေ့ရင်းပြောသည် ။

“ ထက် ၊ ဒီဆန်းဒေး အပြင်ထွက်ခွင့်ရတယ် မဟုတ်လား ။ ညီညီနိုင်က သူ့အိမ်မှာ မွေးနေ့ပါတီပွဲ လုပ်မယ်တဲ့  ။ အဲဒါ သူက မင်းကောင်မလေးလည်း ခေါ်ခဲ့ပါတဲ့  ။ တွေ့ချင်လို့ တဲ့  ။ လိုက်ခဲ့နော် ထက် ။ ညနေ ( ၅ ) နာရီလောက် ကိုယ်လာခေါ်မယ် ”

ညီညီနိုင်က ကိုလင်းနှင့် ပထမနှစ်ကတည်းက တွဲလာသော သူငယ်ချင်း ဟုတော့ ထက်ထက်ထွန်း သိထားသည် ။ အမှန်အတိုင်းဝန်ခံရလျှင် ထိုပွဲမျိုးကို ထက်ထက်ထွန်း သိပ်မသွားချင် ။ ဝါသနာမပါ ။ သို့သော် ခေါ်တောင့်ခေါ်ခဲ ခေါ်သည့် ပွဲမို့ ချစ်သူ၏ စကားကိုလည်း မငြင်းပယ်ချင် ။ နှင်းနု ကို တိုင်ပင်တော့ “ လိုက်သွားပေါ့ဟ ” ဟု တိုက်တွန်းသဖြင့် သွားဖို့ သူဆုံးဖြတ်လိုက်သည်  ။

ယင်းနောက် ပါတီပွဲ သွားရန်အတွက် နှင်းနု ဦးဆောင်မှုဖြင့် သုဝဏ္ဏထဲမှ စတိုးဆိုင်တစ်ဆိုင်ကို သွားကြပြီး အဝတ်အစား ရှာဝယ်သည် တစ်ထည်မျှ စိတ်တိုင်းမကျ ။ နောက်ဆုံး ရေခဲသား ရှပ်အင်္ကျီနှင့် ကိုရီးယားဖြစ် အနက်ရောင် ဆွဲသား ဘောင်းဘီရှည် တစ်ထည်ကိုသာ ဝယ်ဖြစ်ခဲ့သည် ။ မွေးနေ့လက်ဆောင်က စားပွဲတင်နာရီလေး တစ်လုံး ။

သွားမည့် ညနေက ရယ်ရသေးသည် ။ ယခုတလော လေ့ကျင့်မှု ( Training ) က ပြင်းထန်တော့ သူ့အသားတွေက ကြမ်း၍ ညိုပြောင်နေသည် ။ အသားဖြူအောင် ဘာလိမ်းရမှန်းလည်း မသိ ။ နောက်ဆုံးတော့ အမေ ထည့်ပေးလိုက်သော တောင်ကြီးမောက်မယ် သနပ်ခါးဘူးမှ သနပ်ခါးကို နည်းနည်းကော်၍ ရေဖြင့်ဖျော်ကာ မျက်နှာကို ပွတ်လိမ်းလိုက်သည် ။ မျက်ခုံးမွှေးပေါ်တင်နေသော သနပ်ခါးအချို့ကို နှင်းနုက သွားပွတ်တံဖြင့် ခြစ်ပေးရင်း အားပေး စကားပြောရှာသည် ။

“ နင်က နဂိုလှပြီးသားပဲဟာ ၊ မိတ်ကပ်တွေ ဘာတွေ မလိုပါဘူး ” တဲ့  ။

ညနေ ( ၅ ) နာရီလောက်တွင် ကိုလင်း သူ့ကို ကားဖြင့် လာကြိုသည် ။ ခါတိုင်းနှင့် စာလျှင် အနည်းငယ် သပ်ရပ်လာသော ထက်ထက်ထွန်း ကို ကိုလင်းက ခြေဆုံးခေါင်းဆုံးကြည့်ကာ -

“ ရပါတယ် ။ ဒါလောက်ဆိုလည်း ရပါတယ် ” ဟု ပြောသည် ။ သူ့ချစ်သူကို ယခုထက် ပို၍ လှလှပပ ပြင်ပြင်ဆင်ဆင်လေး ဝတ်စားဆင်ယင်စေချင်ပုံ တော့ရသည် ။

ညီညီနိုင်တို့ တိုက်ကြီးက ခေတ်မီပြီး ကြီးမားလှသည်  ။ ညီညီနိုင်က သူတို့ နှစ်ယောက်လုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည် ။ “ လိုက်လာပေးလို့ ကျေးဇူးတင်လိုက်တာ ” ဟု လည်း ဆိုသည် ။ ကိုလင်းက သူ့သူငယ်ချင်းများ အားလုံးနှင့် မိတ်ဆက်ပေးပါသည် ။ အားလုံးထဲတွင် ထူးထူးခြားခြား လှနေသော မိန်းကလေးတစ်ဦးလည်း ပါဝင်သည် ။

“ ထက်ထက် သူက အိကေခိုင်တဲ့ ။ တို့ကျောင်းက ( Queen ) ပေါ့ ။ မိအိ ဒါ ထက်ထက်ထွန်းလေ ”  

ကိုလင်းက မိတ်ဆက်ပေးအပြီး “ တွေ့ရတာ ဝမ်းသာပါတယ် ” ဟူသော စကားက နှစ်ယောက်စလုံးနှုတ်ဖျားမှ ပြိုင်တူထွက်သွားသည် ။ အိကေခိုင်၏ အသံက ကြည်သာချိုမြသလောက် ထက်ထက်ထွန်း၏ အသံက အရေးထဲလည်ချောင်းမှာ ကပ်တပ်တပ်ဖြစ်နေသည် ။

“ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟုတ်တယ်နော် ”

အိကေခိုင်က အပြုံးလှလှလေးနှင့် မေးသည် ။ ထက်ထက်ထွန်းက ခေါင်းညိတ်ပြတော့ -

“ ဘောလုံးကန်တာ ခြေထောက် မနာဘူးလားဟင် ” တဲ့ ။

ထက်ထက်ထွန်း ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားသည် ။ တံတွေးမြို၍ တစ်ခုခု ပြန်ပြောဖို့ စဉ်းစားနေစဉ် -

“ မနာဘဲနေမလားဟ မိအိရ ၊ ခေါင်းကနေ ခြေဖျားအထိ တစ်ကိုယ်လုံး နာတယ်လို့ ပြောလိုက် မထက်ထက် ”

အနားရောက်လာသော ညီညီနိုင် ဝင်ကယ်မှ ထက်ထက်ထွန်း အသက်ရှူ ချောင်သွားသည် ။ 

“ အင်းပေါ့နော် ” ဟု ပြောရင်း အိကေခိုင် တခစ်ခစ် ရယ်နေသည် ။

ကိုလင်း၏ သူငယ်ချင်းတွေက သူ့အပေါ် ဖော်ဖော်ရွေရွေတော့ ရှိပါသည် ။ သို့သော် ဘာသာစကားချင်း မတူသလိုတော့ ခံစားမိသည် ။

တစ်ညနေလုံး ထက်ထက် စိတ်ကျဉ်းကျပ်နေသည်  ။ ဧည့်ခံကျွေးမွေးသော တရုတ် အစားအစာကလည်း ခံတွင်းမတွေ့ ။ တကူးတက ပြုံးနေရသည့် အတွက်လည်း ပါးက တော်တော် ညောင်းနေပြီ ။

ပါတီပွဲမှ အပြန် ကားပေါ်တွင် ကိုလင်းရော ၊ ထက်ထက်ပါ မတိုင်ပင်ဘဲ နှုတ်ဆိတ်လာကြသည် ။ အဆောင်နား ရောက်ခါနီး ကိုလင်းထံမှ အသံထွက်လာသည် ။

“ ထက် မပျော်ဘူးမဟုတ်လား ။ ဆောရီးနော် ကိုယ် ထက်ကို စိတ်ညစ်အောင်လုပ်မိသလို ဖြစ်သွားတယ် ”

“ ရပါတယ် ”   ဟု ပြောရင်း ထက်ထက်က ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည် ။ နောက်ပိုင်းတော့ ကိုလင်းက ထက်ထက်ကို သူ့အပေါင်းအသင်း သူငယ်ချင်းတွေနှင့် ဆုံမပေးတော့သလို အပြင်ထွက်ဖို့ လည်း မခေါ်တော့ပေ ။

••••• ••••• •••••

ထက်ထက်ထွန်းတို့ အမျိုးသမီးဘောလုံးအသင်းက သမိုင်းကြောင်း ကောင်းခဲ့သည် ။ ထက်ထက် လက်ရွေးစင် မဖြစ်ခင်ကတည်းက အရှေ့တောင်အာရှမှာ အောင်ပွဲအလီလီ ရခဲ့ပြီးဖြစ်သည် ။ ရွှေတံဆိပ် ၊ ငွေတံဆိပ် ၊ ကြေးတံဆိပ်တွေလည်း ဆွတ်ခူးနိုင်ခဲ့ပြီ ။ ထက်ထက်လည်း ခြေစမ်းပွဲ ၊ ခြေစစ်ပွဲတွေ တစ်ပွဲ ၊ နှစ်ပွဲဝင်နွှဲခဲ့ဖူးပြီ ။ မကြာခင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် အရှေ့တောင်အာရှ ချန်ပီယံပွဲကြီးကလည်း နီးကပ်လာပြီဖြစ်သည် ။ ထို့ကြောင့် ထက်ထက်ထွန်းတို့ အသေအကြေ လေ့ကျင့်နေရသည် ။

“ အားကစားဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ် ပဲ ။ အားကစားကဏ္ဍ အောင်မြင်တိုးတက်ရင် တို့နိုင်ငံရဲ့ ပုံရိပ်ကောင်းမွန်မြင့်မားမှာပဲ ။ အားကစား ကဏ္ဍနိမ့်ပါးရင် တို့ နိုင်ငံရဲ့ ပုံရိပ်လည်း ညံ့ဖျင်းကျဆင်းမှာပဲ ။ အဲဒါကို ပလေယာတိုင်း ခေါင်းထဲမြဲမြဲစွဲထားရမယ် ”

“ တို့ ဘောလုံးသမားတွေဟာ တို့ တိုင်းပြည်က ပြည်သူအားလုံးကို မျိုးချစ်စိတ်ဓာတ် ထက်သန်ဖို့  ၊ စည်းလုံးညီညွတ်ဖို့ တစ်ဖက်တစ်လမ်း ကနေ လုပ်ဆောင်ပေးနေတာပဲကွ ။ မင်းတို့ မြင်တဲ့ အတိုင်းပဲလေ ။ တို့တွေ သူများ နိုင်ငံနဲ့ ကစားပြီ ဆိုရင် တို့တွေကို တစ်တိုင်းပြည်လုံး အားပေးတာ ကြောက်ခမန်း လိလိပဲမဟုတ်လား ။ တစ်စိတ်တည်း ၊ တစ်ဝမ်းတည်း ၊ တစ်ညီတစ်ညွတ်တည်းပဲ ။ အဲဒါ အမျိုးသားရေးစိတ် ဓာတ်လို့ ခေါ်တယ် ”

“ နိုင်ရမယ်နော် ၊ နိုင်ကိုနိုင်ရမယ် ။ တို့နိုင်ငံ့ ဂုဏ် မြင့်မားအောင် ၊ တို့လူမျိုး သိက္ခာတက်အောင် ၊ ကမ္ဘာမှာ မြန်မာဟေ့လို့ ခေါင်းမော့နိုင်အောင် မင်းတို့ ကြိုးစားကြစမ်း ”

ဆရာများ၏ အားပေးစကားများ ၊ လမ်းညွှန်ချက်များက ထက်ထက်တို့ အားလုံးကို စိတ်ဓာတ်များ ပို၍ တက်ကြွလှုပ်ရှားစေသည် ။ ထိုအခါ ပင်ပန်းမှုကို အလေးမထားနိုင်တော့ ။ “ ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲပါစေနိုင်အောင်ကန်မ ည် ” ဟူသည့် စိတ်က ခေါင်းထဲ ၊ ဦးနှောက်ထဲသို့ အခိုင်အမာ ရောက်ရှိလာသည် ။

လေ့ကျင့်ချိန်များသည့် အတွက် ကိုလင်းနှင့် တွေ့ချိန် ၊ စကားပြောချိန်က ပိုနည်းလာခဲ့သည် ။ စီးပွားရေးဘွဲ့အပြင် အခြားဒီပလိုမာတစ်ခုပင် ရထားပြီ ဖြစ်သော ကိုလင်း အတွက် ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်နေပြီ ဆိုသည် ကိုပင် ကိုလင်း အလုပ်ဝင်ပြီး တစ်ပတ်လောက်ကြာမှ ထက်ထက်ထွန်း သိရသည် ။

“ ရှေ့လျှောက် ကိုယ်လည်း အလုပ်တွေ များတော့မယ် ။ အလုပ်ကိစ္စနဲ့ နိုင်ငံခြား သွားဖို့ တွေလည်း ရှိတယ် ”

“ အချိန်ရရင်တော့ ဖုန်းဆက်ပါ ကိုလင်းရယ် ၊ ထက်လည်း ဆက်ပါ့မယ် ”

••••• ••••• ••••• 

“ ထက်ထက် ငါနင့်ကို ပြောစရာရှိတယ် ”

တစ်ညနေ ရေချိုးခန်းတွင် ခြေစွပ်နှင့် အတွင်းခံများ လျှော်နေသော ထက်ထက်အနားကို နှင်းနု ရောက်လာပြီး မျက်နှာတည်ဖြင့် ပြောနေသဖြင့် ထက်ထက် အံ့ဩသွားသည် ။

“ ပြောစရာရှိ ပြောလေ ၊ ဘာပြောမှာ တုံး ”  

နှင်းနုက ခေတ္တနှုတ်ဆိတ်နေပြီး -

“ ဟိုကောင်တွေလေ ရွှေထူးတို့ ၊ သဉ္ဇာဦးတို့ ၊ အေးကျော့တို့ မနေ့က ဗိုလ်ချုပ်ဈေးသွားကြတယ် ။ အဲဒါ ဈေးထဲမှာ နင့်ကိုလင်း ကို ကောင်မလေး တစ်ယောက်နဲ့ တွေ့ခဲ့တယ်တဲ့ ”

“ ဟင် ”

ထက်ထက်ထွန်းရင်ထဲ ဒိန်းခနဲဖြစ်သွားသည် ။

“ ဟိုကောင်တွေက နင့်ကိုလင်း ကို ဒေါကန် နေတယ် ။ နင့်ကို ပြောလည်း ပြောချင် ၊ မပြောလည်း မပြောရက် ”

“ အဲဒီ ကောင်မလေးက ဘယ်လိုပုံလဲဟင် ”

“ ချောတယ် ပြောတာပဲ ၊ ရွှေထူး ဖုန်းထဲမှာ ရှိတယ် ။ ရွှေထူး ခိုးရိုက်ခဲ့တာ ”

ထက်ထက်ထွန်း လျှော်လက်စအဝတ်များကို ပစ်ချထားခဲ့ပြီး အဆောင်ထဲ ပြေးဝင်ကာ ထူးထူးအောင် ဖုန်းကို တောင်းကြည့်သည် ။ ထူးထူးအောင်က ပထမ မပေးဘဲ အင်တင်တင် လုပ်နေရာမှ နောက်တော့ ထုတ်ပေးသည် ။ ထက်ထက်ထွန်း - Gallery မှ တစ်ဆင့်ရှာတော့ -

“ ဟင် အိကေခိုင် ”

တွေ့ပါပြီ ။ ပြုံးရယ်ရွှင်ပျနေသော ကိုလင်း နှင့် အိကေခိုင် ။ ထက်ထက်ထွန်းလက်တွေ တဆတ်ဆတ်တုန်သွားသည် ။

ထိုညက ထက်ထက်ထွန်း နှင့် ကိုလင်း ဖုန်းဖြင့် စကားတွေ အကြာကြီး ပြောဖြစ်သည် ။

“ အိကေခိုင်က အဖော်လိုက်ပေးပါ ဆိုလို့ လိုက်သွားတာပါ ထက်ရယ် ၊ အထင်မလွဲပါနဲ့ ခု ကိုယ်က သူ့အဖေ ကုမ္ပဏီမှာ အလုပ်လုပ်နေတော့ အချို့ ကိစ္စတွေမှာ ငြင်းလို့ မကောင်းလို့ပါ ”

“ ဟင် ကိုလင်း အလုပ်လုပ်နေတာ သူ့အဖေကုမ္ပဏီ ”

“ အင်း ”

ထက်ထက် နှလုံးသားဝယ် ဆူးတစ်ချောင်း စူးဝင်သွားလေသည် ။

••••• ••••• •••••

ထက်ထက် ရင်ထဲဝယ် နာကျင်နေသည် ။

ဘာမှ မလုပ်ဘဲ တစ်နေရာရာမှာ ငေးငေးငိုင်ငိုင် ထိုင်နေချင်သည် ။ သို့သော် ထိုင်လို့ မရ ။ ငိုင်လို့ မရ ။ ဆရာတွေ မောင်းသမျှ ပြေးလွှားနေရသည် ။ ထိုအတောအတွင်း Facebook မှ ကိုလင်း နှင့် အိကေခိုင်တို့၏ ပုံတွေ တက်တက်လာသည် ။ ဧည့်ခံပွဲတွေမှာ ၊ စားသောက်ဆိုင်တွေမှာ ပြုံး ပျော်နေသော ပုံများ ။ ထက်ထက် မှာ Facebook ကို ဖွင့်မကြည့်ရဲအောင် ဖြစ်နေသည် ။

နောက်ဆုံးတော့ ထင်သည့်အတိုင်း ကိုလင်း နှင့် အိကေခိုင်တို့ တရားရုံးတွင် လက်ထပ်ပြီးစီးကြောင်း သတင်းစာတွင် ပါလာသည် ။

ထက်ထက်၏ Message Box မှလည်း စာတိုလေးတက်လာသည် ။

“ ကိုယ့်ကို မုန်းလိုက်ပါထက် ၊ လုံးဝခွင့်မလွှတ်ပါနဲ့ ။ ယောက်ျားပီပီ ကိုယ်တာဝန် ယူလိုက်ရလို့ပါ ”

ထိုနေ့က ထက်ထက် တစ်နေ့လုံး ငိုသည် ။ တစ်ညလုံး ငိုသည် ။ ထမင်းမစားဘဲ ငိုသည် ။ သူငယ်ချင်းတွေက လွှတ်ပေးထားသည် ။ “ ငို သူငယ်ချင်း ၊ အားရအောင် ငိုပစ်လိုက် ” တဲ့ ။ နောက်တစ်နေ့မှာတော့ သူ့မှာ ငိုစရာမျက် ရည် မကျန်တော့ပေ ။

ဒီတော့မှ နည်းပြဆရာက သူ့ကို ကွင်းထဲ ဆင်းခိုင်းပြီး အပြတ်မောင်း လေသည် ။ မမောင်းလို့က မရ ။ ပွဲစဖို့က တစ်ပတ်သာ လိုတော့သည် မဟုတ်လား ။

••••• ••••• •••••

အရှေ့တောင်အာရှ အမျိုးသမီးဘောလုံးပြိုင်ပွဲကြီး စတင်ပြီဖြစ်သည် ။

မြန်မာအသင်းအနေနှင့် အိမ်ကွင်းမှာ ကစားရသဖြင့် တစ်ပန်းသာသည်ဟု ဆိုရမည်ဖြစ်သည်  ။ ထို့ကြောင့်လည်း ပွဲတိုင်းပွဲတိုင်း ပြိုင်ဘက်ကို အနိုင်ရ၍ ဆီမီးဖိုင်နယ်ကို တက်ရောက်လာနိုင်သည် ။

ဆီမီးဖိုင်နယ်မှာလည်း ဗီယက်နမ်အသင်း ကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရသဖြင့် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ဖိုင်နယ်တွင် ထိုင်းနှင့် တွေ့ဆုံ ဗိုလ်လုရမည်ဖြစ်သည် ။

ဗိုလ်လုပွဲနေ့ ရောက်လေပြီ ။

သုဝဏ္ဏဘောလုံးကွင်းကြီးတစ်ခုလုံး လူတွေပြည့်ရုံမက လျှံထွက်နေသည် ။ ပွဲကြည့်စင် လေးဘက်လေးတန်စလုံး လူတွေညို့နေသည် ။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာပဲ ကိုလင်းနှင့် အိကေခိုင်တို့က မင်္ဂလာပွဲ ဆင်နွှဲမည်တဲ့ ။ ဆီ ဒိုးနားဟိုတယ်မှာ တဲ့ ။ “ ဪ ... ဒီနေ့မှတဲ့လား ကိုလင်း ရယ် ” ဟု ထက်ထက်ထွန်း ကြေကွဲစွာ တွေးသည် ။ မတွေးဘူးဟု ဆုံးဖြတ်ထား သည့် ကြားမှ သူ့အကြောင်းက ခေါင်းထဲရောက်ရောက်လာသည် ။ ရောက်လာသည် နှင့် သွေးပူလေ့ကျင့်ခန်း များများ လုပ်ပြီး ချက်ချင်း ဖယ်ထုတ်ပစ်ရပြန်သည် ။

ပွဲစချိန် နီးပြီဖြစ်သဖြင့် နှစ်ဖက်အသင်းများ ကွင်းထဲ ဝင်လာသည် ။ ထက်ထက်ထွန်းတို့ ဝင်လာတော့ “ မြန်မာ ... မြန်မာ ” ဟူသည့် အားပေးသံများ ၊ လက်ခုပ်သံများ လေးဘက်လေးတန်မှ ဟိန်းထွက်လာသည် ။

နှစ်သင်းလုံးတန်းစီ ၊ ဒိုင်များကို လက်ဆွဲနှတ်ဆက် ၊ ဂါရဝပြုအပြီး ခေါင်းပန်းလှန်၍ နေရာယူသည် ။ မြန်မာအသင်းက မြောက်ဘက်ဂိုးစည်းရသည် ။ ပွဲစပြီ ။

ပရိသတ်အားပေးမှုကြောင့် မြန်မာကစားသမားများ ခါတိုင်းထက် ပို၍ သွက်လက်တက်ကြွနေသည် ။ သို့သော် နာမည်ကြီး ထိုင်းအသင်းကလည်း ခြေစွမ်းခြေစ မခေ ။ ဗိုလ်လုပွဲ ဖြစ်သဖြင့်လည်း နှစ်ဘက်လုံးက အကျိတ်အနယ် ကစားကြသည် ။

ပွဲစပြီး မိနစ် ( ၃၀ ) ခန့်အထိ တစ်ဘက် ဂိုးမသွင်းနိုင်သေး ။ မြန်မာဘက်က ရရှိမည့် ကျိန်းသေဂိုး တိုင်ထိ၍ ချော်သွားသဖြင့် ထိုင်းဘက် အပိုင်ကန် သွင်းသော ဂိုး ( ၂ ) ဂိုး ကို လည်း နော်စတယ်လာက မိမိရရ ကာကွယ်နိုင်ခဲ့သည် ။

( ၃၈ ) မိနစ် ကျမှ အေးအေးကျော့ က ထိုင်းကို လိမ်၍ ဆွဲပြေးသော ဘောလုံးကို ဂိုးစည်းနား အရောက်တွင် ဖြတ်ပြေးလာသော ခိုင်မြဇင် ထံ လှမ်းအပေး ၊ ခိုင်မြဇင် က ဂိုးပေါက်ထဲကို ထိထိမိမိ ကန်သွင်းလိုက်သည် ။

“ ဂိုး .. ”

ဂိုး .. ဟူသော အသံက ကြောက်ခမန်းလိလိ ဟိန်းထွက်သွားသည် ။ “ မြန်မာ ... မြန်မာ ... မြ န်မာ ” ဟူသည့် အားပေးသံကလည်း ဘဝဂ်ညံနေသည် ။ မကြာခင် ပထမပိုင်း ပြီးသွားလေသည် ။

( ၁၅ ) မိနစ် အနားယူချိန်က ဘာမျှ မကြာလိုက် ။ ဆရာများ ၏ စကားကို နာယူမှတ်သားပြီး ဒုတိယပိုင်း ပြန်စသည် ။ တစ်ဂိုးရှုံးထားသော ထိုင်းအသင်းက ဖိကစားသည်  ။ ပွဲစပြီး ( ၁၀ ) မိနစ် တွင် ထိုင်းဘက်က ပြန်လည်ချေပဂိုး တစ်ဂိုး သွင်းနိုင်ခဲ့သည် ။ နောက် ( ၅ ) မိနစ်တွင် မမျှော်လင့်ဘဲ နောက်တစ်လုံး ထပ်သွင်းသည် ။ နော်စတယ်လာ အငိုက်မိသွားခြင်းဖြစ်သည် ။ ဒုတိယပိုင်း အစမှာပင် ထိုင်းက ( ၂ ) ဂိုး ( ၁ ) ဂိုးဖြင့် ဦးဆောင်ကစားနေတော့သည် ။ ထိုင်းနောက်တန်းက မာသည် ။ ချေပဂိုးရဖို့ ထိုင်းနောက်တန်းကို လွယ်လွယ်နှင့် မထိုးဖောက်နိုင် ။ ထိုးဖောက်နိုင်သည့် အခါမှာလည်း ဂိုး နှင့် လွဲချော်ပြန်သည် ။

မိနစ် ( ၂၀ ) ၊ မိနစ် ( ၃၀ ) ၊ မိနစ် ( ၄၀ ) ... မြန်မာပရိသတ် တိတ်ဆိတ်နေသည် ။ ကစားသမားတွေလည်း ခေါင်းပူနေပြီ ။ အချိန်သိပ်မကျန်တော့ ။ လွတ်လွတ်ကျွတ်ကျွတ် ကျိန်းသေဂိုး တစ်လုံးကို ထက်ထက် ရလိုက်ပေမယ့် ကန်ချက်လျော့သွားသဖြင့် ဂိုးသမား မိသွားသည် ။ သူ့ ကန်ချက်သာ နည်းနည်း ပိုပြင်းလိုက်လျှင် ကျိန်းသေ ဝင်သွားမည့် ဂိုးဖြစ်သည် ။

ပရိသတ်၏ “ ဟာ ... ”  ခနဲ အသံက ထက်ထက် ကို ပို၍ အားတုံ့အားနာဖြစ်စေသည် ။

“ ဂိုးသွင်းကောင်းတဲ့ ထက်ထက်ထွန်းရေ ၊ ဘယ်လို ဖြစ်နေတာလဲ ” ဟူ သောအသံတစ်သံက ပရိသတ် ကြားမှ ပေါ်ထွက်လာသည် ။ ထိုအသံက ထက်ထက် ၏ အသည်းညှာကို ကိုင်လှုပ် လိုက်သလို ဖြစ်သွားသည် ။

နောက်တစ်ကျော့ သူ့အနားသို့ ဘောလုံးရောက်လာသည် ။ ထက်ထက် ဘောလုံးကို ဖမ်းထိန်းပြီး ဆွဲပြေးသည် ။ ထိုင်း လိုက်ဖျက်နေသည့် ကြားမှ အားကုန်ဆွဲပြေးသည် ။ ဂိုးစည်းနားရောက်တော့ သူနှင့် ဂိုးသမား နှစ်ယောက်တည်း ။ အာရုံကို စုစည်း၍ ညာခြေဖြင့် အားကုန် ကန်သွင်းလိုက်သည် ။ ဘောလုံးက ဂိုးတိုင်ခြေအနားကပ်၍ လှလှပပ ဝင်သွားသည် ။

“ ဂိုး ... ”

“ ထက်ထက်ထွန်း .. ၊ ထက်ထက်ထွန်း .. ၊ ထက်ထက်ထွန်း ... ”

တစ်ကွင်းလုံး ထက်ထက်ထွန်း အမည်က လွှမ်းခြုံသွားသည် ။

တစ်ဖက် ( ၂ ) ဂိုးစီနှင့် သရေ ဖြစ်နေသည် ။ အချိန်က ( ၂ ) မိနစ်သာ ကျန်တော့သည် ။ အချိန်ပို ( ၃ ) မိနစ်ရသည် ။ ရေကုန်ရေခန်း ကစားကြသဖြင့် နှစ်ဖက်စလုံးလည်း မောနေပြီ ။ ခြေပန်းကျနေပြီ ။

ဂိုးစည်းအတွင်း မြမာလာမိုး နှင့် ထိုင်းတိုက်စစ်မှူးတို့ ဘောလုံးလုရင်း ထိုင်းက မြမာလာမိုး ၏ ဗိုက်ကို တံတောင်ဖြင့် တွက်မိသည် ။ ထိုင်းကို ပြစ်ဒဏ်ဘော သတ်မှတ်သည် ။ ထိုင်းဘက်ကတော့ မကျေနပ် ။

ပြစ်ဒဏ်ဘော ကန်ရတော့မည် ။ အရေးအကြီးဆုံး ဘောလုံးဖြစ်သည် ။ အနိုင် အရှုံး အဆုံးအဖြတ်ပေးနိုင်မည့် ဘောလုံးဖြစ်သည် ။ ထက်ထက်ထွန်း ကန်ရမည်ဖြစ်သည် ။

ထက်ထက်ထွန်းသည် မကန်ခင် ပရိသတ်ဘက် တစ်ချက်ကြည့်လိုက်သည် ။ မျှော်လင့်ချက် အပြည့်နှင့် စောင့်စားနေသော ပရိသတ်ကြီး ။ ရင်တုန်ပန်းတုန်ဖြစ်နေမှာ သေချာသော ပရိသတ်ကြီး ။ ပြီးတော့ ပရိသတ်များ ဖြန့်ကိုင် ထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ ။

အသက်ပြင်းပြင်းရှူပြီး ထက်ထက် အာရုံကို စုစည်းလိုက်သည်  ။

ဝီစီသံထွက် လာပြီးသည်နှင့် ခုန်ဆွခုန်ဆွဖြစ်နေသော ထိုင်းဂိုးသမား ထင်မှတ်မထားသော ဘယ်အပေါ်ထောင့်ဆီကို မှန်း၍ အားဖြင့် ကျုံးကန်သွင်းလိုက်ပြီး မျက်လုံးကို စုံမှိတ်ထားလိုက်သည် ။

“ ဂိုး ... ”

ဟိန်းထွက်လာသောအသံကို ကြားလိုက်မှ ထက်ထက် မျက်လုံးဖွင့် ကြည့်လိုက်သည် ။

အို .. ဝင်သွားပြီလား ။ ဂိုးပြီလား ။

သိပ်မကြာလိုက်သည့် အချိန်မှာ ပွဲပြီးအချိန်စေ့ ဝီစီသံထွက်လာသည် ။

နိုင်ပြီ ။ မြန်မာနိုင်သွားပြီ ။

••••• ••••• •••••

အရှေ့တောင်အာရှ အမျိုးသမီးဘောလုံးပွဲ ပိတ်ပွဲကား ကြက်သီးချမ်းမြ ထရသည် အထိ ၊ ကြည်နူးဖွယ်အတိ ဖြစ်သည် ။

မဆုံးနိုင်သော အားပေးသံများ ၊ မပြီးနိုင်သော ချီးကျူးစကားများ ၊ ဂုဏ်ပြုမှုများ အပြုံးများ ၊ တေးသံသာများ  ၊ လက်ခုပ်သံများ ၊ ဝမ်းသာအားရ အော်ဟစ်သံများ ...

“ မြန်မာနိုင်ပြီ ။ ဒို့မြန်မာနိုင်ပြီ ။ တိုင်းပြည်က ပေး .. ပေးအပ်လိုက်တဲ့ တာဝန်များကျေပွန်ပါသည် ”

တစ်ညနေလုံး ၊ တစ်ညလုံး အောင်ပွဲရ သီချင်းသံက လွင့်ပျံနေခဲ့သည် ။

သုဝဏ္ဏအားကစားကွင်းကြီးသည် ညသန်းခေါင်ကျော်မှ အသံဗလံများ တဖြည်းဖြည်း တိုးတိတ် ငြိမ်သက်သွားသည် ။

ည ( ၁ ) နာရီ ရှိပြီ ။ တစ်ဆောင်လုံး ငြိမ်သက်နေပြီ ။ ကစားသမားအားလုံးလည်း အိပ်မောကျနေပြီ ။ ထက်ထက်ထွန်း တစ်ယောက်သာ ဘယ်လူးညာလှိမ့်နှင့် အိပ်မပျော်နိုင်ဘဲဖြစ်နေသည် ။

လုံးဝအိပ်မရတော့ သူ ခုတင်ပေါ်မှ အသာအယာ ဆင်း၍ အဆောင်အပြင်သို့ ထွက်ခဲ့သည် ။ အဆောင်လှေကား အုတ်ခုံတွင် ထိုင်ချပြီး ကောင်းကင်ကို သူမော့ကြည့်မိသည် ။ ကောင်းကင်တွင် လမင်းက မှိန်ပျပျလေး လင်းနေသ ည် ။ တိမ်တစ်စက လမင်းကို ဖြတ်ပြေးသည် ။

ထက်ထက်ထွန်း ရင်ထဲဝယ် ဆို့နစ်နာကျင်လာသည် ။ ချစ်သူ၏ သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံရသော မိန်းကလေးတစ်ယောက်၏ ခံစားချက်ကို လမင်းကြီးသိမည်မထင် ။ သူသည် ခံစားချက်တို့ကို အောင့်အည်းမထားတော့ ။ မျိုသိပ်မထားတော့ ။ စိတ်ကို လျှော့ချလိုက်သည် ။ ထိုအခါ သူမျက်လုံးအိမ်မှ မျက်ရည်များ တတွေတွေ တလိမ့်လိမ့် ကျဆင်းလာသည် ။

အချိန်မည်မျှကြာသွားသည် မသိ ။ တစ်စုံတစ်ယောက်က သူ့ဘေး လာထိုင်ပြီး သူ့ပခုံးကို အသာအယာ လာဖက်မှ သူသတိပြန်ဝင်လာသည် ။ ကြည့်လိုက်တော့ အဆောင်မှူး မမခင် ။ မမခင်၏ မျက်နှာကို မြင်မှ ထက်ထက် ပို ဝမ်းနည်းလာပြီး မမခင် ရင်ခွင်ထဲ ခေါင်းထိုး၍ ငိုချလိုက်သည် ။ အားရပါးရ ငိုသည် ။ ရင်ပွင့်မတတ် ရှိုက်၍ ငိုသည် ။

“ ဒီနေ့ သူမင်္ဂလာဆောင်တယ် မမ ၊ မင်္ဂလာ ပွဲကျင်းပတယ် မမ ”  

ထက်ထက်က ငိုရင်းနှင့် ဗလုံးဗထွေးပြောမိသည် ။

မမခင်က ဘာမျှ မပြောဘဲ သူ့ကို တိုး၍ ဖက်ထားလိုက်သည် ။ တော်တော်ကြာမှ လက်ကို ဖြေလျော့ပြီး ..

“ သိပါတယ် ထက်ထက် ။ မမခင် သိပါတယ် ။ ဒီကိစ္စအတွက် မမတို့ လူကြီးတွေ အားလုံး စိတ်မကောင်းဘူး ။ ဒါပေမဲ့ အားလုံးက မင်းကို ချီးကျူးကြတယ် ။ မင်းစိတ်ဓာတ် ကြံ့ခိုင်တဲ့အတွက် ၊ မင်းအလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားတတ်တဲ့အတွက် ၊ မင်းအားကစားစိတ်ဓာတ် အပြည့် ရှိတဲ့အတွက် တို့ အားလုံးက မင်းကို ချီးကျူးတယ် ။ အရမ်းလည်း ဂုဏ်ယူတယ် ။ မင်းဟာ တို့မြန်မာ အမျိုးသမီးအသင်းမှာတော့ အကောင်းဆုံးအားကစားသမားပဲ ထက်ထက် ”  

ထက်ထက် အငိုတိတ်လိုက်သည် ။ မမခင်၏ မျက်နှာကို အားကိုးတကြီးကြည့်မိသည် ။

“ တကယ်ပြောတာပါ ၊ ထက်ထက် ၊ မင်းကို လူတစ်ယောက်က မချစ်တော့ပေမယ့် တစ်တိုင်းပြည်လုံးက မင်းကို ချစ်ကြတယ်လေ ။ အဲဒါ မင်းသိရဲ့လား ။ မင်းဟာ တစ်တိုင်းပြည်လုံးရဲ့ မေတ္တာကို ရထားတဲ့ မိန်းကလေးတစ်ယောက်ပါ ထက်ထက်ရယ် ”

ထက်ထက် ရင်ထဲ နွေးခနဲ ဖြစ်သွားသည် ။

“ တစ်တိုင်းပြည်လုံးက ထက်ကို ချစ်ကြတယ် ၊ ဟုတ်လား မမ ”

“ ဟုတ်တယ်လေ ။ မင်းက နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးတဲ့ ဘောလုံးသမား တစ်ယောက်ပဲ ၊ ချစ်တာပေါ့ ”

“ တကယ်လား မမခင် ”

မမခင်က ခေါင်းညိတ်ပြတော့ ထက်ထက် က ရှိုက်နေရင်းက မျက်ရည်များကို လက်ဖမိုးဖြင့် ကပျာကယာ သုတ်ပစ်လိုက်သည် ။

“ ထက် မငိုတော့ဘူး မမ ၊ တော်ပြီ ၊ ငိုလို့ ဝပြီ ပြီးပြီ ။ နောင်ကိုလည်း ယောက်ျားတစ်ယောက် အတွက်နဲ့ ထက် ဘယ်တော့မှ မငိုတော့ဘူး ၊ ရှေ့လျှောက် တစ်တိုင်းပြည်လုံး ချစ်တဲ့သူ ဖြစ်နေအောင်ပဲ အမြဲကြိုးစားပြီး နေတော့မယ် ”  

မျက်ရည်လည်း သုတ်ရင်း ၊ ရှိုက်လည်း ရှိုက်ရင်း ၊ ကလေးလေး တစ်ယောက်လို တတွတ်တွတ် ပြောနေသော ထက်ထက်ထွန်းကို အဆောင်မှူးမမခင် က နားလည်စွာ ၊ ကရုဏာသက်စွာ ၊ ကြင်နာစွာ ပြုံး၍ ကြည့်နေလေသည် ။

▢ မနှင်းဖွေး
📖ခေတ်သစ်အလင်္ကာ ဝတ္ထုတိုပေါင်းချုပ်

No comments:

Post a Comment