Tuesday, August 26, 2025

ချစ်အင်တာဗျူး


 

❝ ချစ်အင်တာဗျူး ❞
     ( ကြပ်ကလေး )

ဝင်းမောင်နှင့် အောင်ဘုတို့ နှစ်ယောက် မန္တလေးရောက်သည် မှာ ၅ ရက်မျှရှိပြီဖြစ်သည် ။ အနည်းငယ် စိတ်ကျေနပ်အောင် လည်ပတ်ပြီးကြလေပြီ ။ သို့ရာတွင် ဝင်းမောင်၏ ဦးလေး ဦးထွန်းကျော် ခိုင်းလိုက်သည့် ကိစ္စမှာ မပြီးသေးသဖြင့် မိမိတို့ တည်းခိုသည့်အိမ်ရှင် သူငယ်ချင်း အောင်ဖေ ကို ဦးဘတို့ အိမ်ရှိရာ လမ်းကို မေးမြန်းရလေသည် ။

အောင်ဖေက ကျကျနနညွှန်ပြလိုက်သဖြင့် ဝင်းမောင်နှင့် အောင်ဘု တို့ ဦးဘအိမ်သို့ သွားရန် ထွက်လာကြ၏ ။ ဝင်းမောင် လွယ်ထားသော လွယ်အိတ်ကို ကြည့်၍ အောင်ဘုက “ နေပါဦး ဝင်းမောင်ရ ၊ ဦးလေးက ဘာလုပ်ဖို့ ဒီလွယ်အိတ်ကြီး ပေးခိုင်းရတာလဲကွ ။ မင်းသိလား ... ”   ဟု မေးသဖြင့် ဝင်းမောင်က ..

“ မပြောတတ်ဘူးကွာ ... အထဲမှာ ပေစာတွေပါတယ်တဲ့ ။ ဒီ ဦးဘကြီးက ဗမာစာ သိပ်လိုက်စားပြီး အခု ကျမ်းပြုမလို့တဲ့ ။ စာရူးကြီးတဲ့ ကွ ။ ငါတော့ ဦးလေး ခိုင်းလို့သာ သွားရတယ် ... တယ်တော့ မသွားချင်ဘူးကွာ“

“ ဒါဖြင့် ဒီလွယ်အိတ်ကြီး မြစ်ထဲမျှောလိုက်ကွာ ... နောက်တော့ ပေးပြီးပြီလို့ ဦးလေးကို ပြောလိုက်တာပေါ့ ” 

“ ဟ .. မလုပ်နဲ့  ၊ ဦးလေးသိသွားရင် မိုးမီးလောင်မယ် ”

“ ဦးလေး မိုးပေါ်မတက်နိုင်ပါဘူး“

“ ဪ ... အောင်ဘု မင်းလည်း တော်တော် ခက်ဦးမှာပဲ ”

ဦးဘအိမ် ရောက်လာသဖြင့် သူတို့ စကားပြတ်သွားကြသည် ။ ဧည့်ခန်းထဲသို့ ရောက်ကြသောအခါ ကုလားထိုင်ပေါ်တွင် ထိုင်၍ သတင်းစာ ဖတ်နေသော အသက် ၁၉ နှစ် ၊ ၂၀ ခန့်ရှိ မိန်းမပျိုလေး တစ်ယောက်ကို တွေ့ကြရလေသည်  ။

“ ဦးဘရှိပါသလား ”

“ ဪ ... ဘဘလား ရှိပါတယ် ။ ဟောဒီအခန်းထဲမှာ စာကြည့်နေတယ် ။ သူတော့ ထွက်လာမှာ မဟုတ်ဘူး ။ ရှင်ပဲ ဝင်သွားပါ ။ အိမ်အတွင်းဘက်ကလှည့်ဝင် ”

ဝင်းမောင်လည်း အိမ်ထဲ ဝင်သွားရာ ဧည့်ခန်းတွင် ရပ်နေသော အောင်ဘု လည်း လိုက်ဝင်မည် ပြုရာ မိန်းမပျိုက လက်ကာလျက် ...

“ ရှင် မလိုက်သွားနဲ့ ” ဟု လျင်မြန်စွာ တားလိုက်ရာ အောင်ဘုမှာ ခြေစုံရပ်လိုက်မိလေ၏ ။

“ ဘာပြုလို့လဲဗျ ”

“ ဘောင်းဘီနဲ့ မို့ပါ ”

“ ဘောင်းဘီချွတ်ထားခဲ့လို့တော့ မဖြစ်နိုင်ဘူးထင်တယ် ”

မိန်းမပျိုသည် ပြုံးလိုက်ကာ “ မလိုရင်လည်း ရှင်အပြင်မှာ ထိုင်နေပါလား ။ ဘဘက မြန်မာစာကို သိပ်စိတ်ဝင်စားတော့ ဘောင်းဘီနဲ့ လူကို မုန်းတယ် ” ဟု ပြောပြ၏ ။

“ ဘာဆိုင်သလဲဗျ ” 

“ ဒါတော့ မြကို မမေးနဲ့ ၊ ဘဘကို မေးကြည့် ။ နောက်ပြီး သူ့အခန်းထဲကို စာပေနဲ့ ပတ်သက်တဲ့ ကိစ္စရှိမှ ဝင်ရတယ် ။ တခြားကိစ္စဆို သူက စကားလက်ခံမပြောဘူး ”

စင်စစ်ဆိုလျှင် အောင်ဘုမှာ အပြင်၌ နေခဲ့ရသည်ကိုပင် သဘောကျ လေသည် ။ သူ့ဝါသနာ အရ ဂေါ်ချင်သည် ဖြစ်ရကား အထဲဝင်လျှင် အဘိုးကြီးဂေါ်ရမည် ။ ယခုမူ မြကလေးကို ဂေါ်ရပေပြီ ။

စကားအတန်ကြာ ပြတ်နေပြီး အောင်ဘုသည် ထရံ၌ ချိတ်ထားသော ဓာတ်ပုံများကို ကြည့်ကာ အသက်ငါးဆယ်အရွယ် မိန်းမကြီးတစ်ယောက်ပုံကို လက်ညှိုးထိုးပြရင်း “ သူက ဘယ်သူလဲ ”   ဟု မေးလိုက်၏ ။

“ မြ မေမေလေ ”

“ ဟုတ်လား ... ငယ်ငယ်တုန်းကဆို တော်တော်လှမှာပဲနော် ။ ဒါကြောင့် မြ လှတာကိုး ”

အောင်ဘု စကားတစ်လုံး ပစ်သွင်းလိုက်သည် ။ မြက စိတ်ဆိုးဟန်မပြ ။ ရှက်စနိုးဟန်နှင့် ပြုံးကာ “ မမြှောက်ပါနဲ့ ရှင် ၊ ဩော် - ဒါထက် လက်ဖက်ရည်သွားဖျော်လိုက်မယ်နော် .. ” ဟု ဆိုကာ ထသွား လေသည် ။

ဧည့်ခန်းနှင့် အဘိုးကြီးရှိသည် ဆိုသော အခန်း ထရံတစ်ခုသာ ခြားသော်လည်း အပေါ်နှင့် အောက် တောက်လျှောက်ပိတ်ထားသဖြင့် ဧည့်ခန်းမှ စကားများမှာ စာကြည့်ခန်းသို့ မရောက်နိုင်ပေ ။

အောင်ဘုသည် တစ်ယောက်တည်း ကျန်ရစ်ခဲ့သောအခါ တွေဝေနေလေသည် ။ မိန်းကလေးပေါင်းတွေ့ခဲ့သည်မှာ များလှပြီဖြစ်သော်လည်း တစ်ယောက်မှ မစွံခဲ့သေးပေ ။ မြကလေး ကိုမူ စွံအောင် ဂေါ်တော့မည်ဟု တွက်လိုက်၏ ။ “ မိန်းကလေးများသည် ယောက်ျားကလေးများကို မြင်မြင်ချင်း ကြိုက်သည် ” ဟူသောစကားကို သူ ယုံကြည်သဖြင့် မြသည် သူ့ကို ကြိုက်နေပြီဟု ယူဆလိုက်၏ ။ အဘယ့်ကြောင့် ဆိုသော် မကြိုက်လျှင် အခုနက ရိသဲ့သဲ့အပြောတွင် ဖိနပ်နှင့် ရိုက်ချလိုက်ပေမည် ။ အောင်ဘုကား သူ့အတွေးနဲ့ သူ လူပျိုစကားပြောမည်ဟု ဆုံးဖြတ်ချက်ချ လိုက်လေသည် ။

မြသည် လက်ဖက်ရည်ပန်းကန်နှင့် ပြန်ထွက်လာ၏ ။

“ ဟိုကောင့်ဖို့ကော ”

“ အထဲသွားပေးလိုက်ပါပြီ .... သူက ဘာတော်လဲ ”  

“ ကျောင်းတုန်းကလား - အင်္ဂလိပ်စာတော်တယ် ”

“  မဟုတ်ဘူးလေ ”

“ ဟုတ်ပါတယ်ဗျာ ”

“ ရှင်နဲ့ ဘာတော်လဲမေးတာ ”

“ ဒါလား .... ဘာမှ မတော်ဘူး ၊ သူငယ်ချင်းပါ ၊ အစ်ကိုတစ်ဝမ်းကွဲလေ ”

ပထမက သူငယ်ချင်းဟု ပြောသော်လည်း ဦးဘသည် ဦးထွန်းကျော် နှင့် ခင်မင်ရကား ဆွေမျိုး ဟု ပြောမှ နီးစပ်မည်ကို သတိရ၍ ချက်ချင်း ညီအစ်ကိုဟု ပြောလိုက်ခြင်း ဖြစ်၏ ။ သို့သော် မြ မှာ အောင်ဘုစကားကြောင့် ကြောင်ကြောင် ဖြစ်သွားကာ ...

“ ရှင့်စကားက ဘယ်လိုလဲရှင့် ။ ဘာမှ မတော်ဘူး ၊ သူငယ်ချင်း ညီအစ်ကိုတစ်ဝမ်းကွဲ ။ မြ နားမလည်ပါဘူး ”

“ ကျွန်တော်က မိန်းကလေးတွေနဲ့ တစ်ယောက်ချင်း စကားမပြောဖူး လို့ ကြောက်ပြီး မှားကုန်တာပါ ” 

“ ဘာက မှားတာလဲ ၊ သူငယ်ချင်းဆိုတာ မှားတာလား ၊ ညီအစ်ကိုဆိုတာ မှားတာလား ”

“ ညီအစ်ကို အမှန်ပါ ”

မြမှာ တော်တော် အူကြောင်ကြောင် နိုင်တဲ့လူဟု ထင်၍ ကြည့်နေ၏ ။ အောင်ဘုမှာ ဤတွင် မိမိ လူပျိုစကားပြောရန် အချိန်ကျပြီဟု ယူဆကာ “ ဒီမှာ ကျွန်တော် တစ်ခု ပြောပါရစေ ၊ ကျွန်တော်လေ မြကို မြင်မြင်ချင်း ကြိုက်ပါတယ် ” ဟု ပြောလိုက်လေတော့၏ ။

သို့ရာတွင် မြမှာ စိတ်ဆိုးမသွားဘဲ ပြုံးလိုက်ကာ “ ဒါလား မိန်းကလေးနဲ့ စကားမပြောဘူးတာ ” ဟု ဆို၍ မျက်နှာကို တစ်ဖက်လှည့်လိုက်၍ ကိုယ်ကိုလည်း တစောင်းထိုင် လိုက်လေသည် ။

“ မြကကော - ဘယ်လိုစိတ်ရလဲ ”

အမှန်မှာ ဘယ်လိုသဘောရလဲဟု ဆိုလိုခြင်းဖြစ်သော်လည်း သူ့အကျင့်အတိုင်း စကားမှားသွားခြင်းဖြစ်လေသည် ။

“ မဖြစ်နိုင်ပါဘူးရှင် ”

မြက ဤသို့ ပြောလိုက်သော်လည်း အောင်ဘုမှာ စိတ်အားငယ်မသွားပေ ။ ဤနေရာတွင် မျက်ရည်ခံနှင့် ချွဲလျှင် ကျလိမ့်မည်ဟု တွက်လိုက်ကာ ယောက်ျားမာယာနှင့် မျက်ရည်ကို ညှစ်ထုတ်၏ ။ ညှစ်ပါများ၍ ဝမ်းသာနာလာသည် ။ မျက်ရည်ကား မထွက် ။ တစ်ဖန် မျက်တောင်မခတ်ဘဲ စိုက်ကြည့်ပြန်သည်  ။ မျက်စိများ စပ်လာ၍ မျက်ရည်များ ဝိုင်းရုံဝိုင်းလာသည် ။ နောက်ဆုံးတွင် ကြံရာ မရသဖြင့် နှာဖျားကို လက်နှင့် တောက်လိုက်၏ ။ တောက်စဉ်က ဖြည်းဖြည်းတောက်သော် လည်း အရှိန်အနည်းငယ် ပြင်းသွားရကား “ အာ ” ဟု ယောင်အော်မိလေ၏ ။

အောင်ဘု အော်သံကြောင့် မြ လှည့်ကြည့်ရာ မျက်ရည်များ စီးကျနေသော အောင်ဘုကို တွေ့ရ လေသည် ။ အောင်ဘုလည်း ချက်ကောင်းဖမ်းကာ ချွဲတော့၏ ။

“ မြရယ် .... မြကသာ အခုလို မကျက်ဘူးဆိုရင် အဲ ... စိမ်းမယ်ဆိုရင် ကိုကိုတော့ သေရတော့မှာပဲ ”

“ သေတာမသေတာ ဘေးချိတ်ထားစမ်းပါဦး ။ ရှင်က ဇာတ်လိုက်မင်းသားလား ”

“ ဘာဖြစ်လို့ လဲ .. ”

“ ဪ ... မမဲ့ဘဲနဲ့ ငိုတတ်လို့ ”

ဤတွင် မှ အောင်ဘု မဲ့ရန်ကို သတိရလာကာ မျက်နှာကို အာဠာဝကနှင့်တူအောင် မဲ့လိုက်ရာ မြမှာ မအောင့်နိုင်တော့ဘဲ အသံကလေးထွက်အောင်ပင် ရယ်လိုက်၍ “ ငိုတဲ့ လူကလည်း ရှင် - ပြောမှပဲ မဲ့လာတော့တယ် ။ မပြောခင်ကတော့ အကောင်းသား ” ဟု ခနဲ့ လိုက်လေ၏ ။

“ မြရယ် .. မြ ပြောချင်ရာပဲ ပြောတော့ ။ ကိုကို တော့ မြက ချစ်ပါတယ်ဆိုတဲ့ စကားလေးကို မကြားရရင် မပြန်တော့ဘူး ”

“ မပြန်တော့ဘူး ” ဟု ပြောသံကို ကြားရသောအခါ မြမှာ မျက်လုံးပြူးသွား၍ “ မပြန်ဘဲ တော့ မနေပါနဲ့ ရှင် ... မြကို ကြိုက်ရင် ဘဘကို ပြောပါ ” ဟု ပြောရာ အောင်ဘုသည် စာကြည့်ခန်းသို့ ဝင်ရန် ခြေလှမ်းလိုက်သဖြင့် မြမှာ ဆွဲထိုင်လိုက်ရင်း “ အခု မပြောနဲ့  ၊ နက်ဖြန်ခါ လာခဲ့ ၊ ရှင်တို့ ယောက်ျားတွေဟာ သိပ်ခက်တာပဲ ။ အကြောင်းသိမယ်တောင် မကြံသေးဘူး ။ ကြိုက်ချင်တာက အရင်ပဲ ။ ဟိုဘက်အိမ်က ရန်ကုန်က လာလည်တယ် ဆိုတဲ့ ကောလိပ်ကျောင်းသား ကိုစောမောင် လည်း ဒီလိုပဲ ... မနေ့က မြကို လာစကားပြောတယ် ။ ဒါနဲ့ မြက မနက်ဖြန် ၁၂ နာရီ ကို ချိန်းလိုက်တယ် ။ ရှင်လည်း မနက်ဖြန် ဘဘဆီ အင်တာဗျူးလာခဲ့ရ မယ် .... သိလား ”

“ ဒီကျတော့ ... နှစ်ယောက်ဖြစ်နေမှာ ပေါ့ ”

“ ဖြစ်နေမှာပဲ ... ဒီတော့ .... ဘဘ သဘောကျတဲ့ လူကို မြ ယူရမှာပဲ ”

ထိုသို့ပြောနေစဉ် ဝင်းမောင် ပြန်ရောက်လာသဖြင့် အောင်ဘုမှာ လက်ဖက်ရည် ကပျာကယာ သောက်၍ ထပြန်သွားလေတော့၏ ။ ဝင်းဝ ရောက်သောအခါ သမင်လည်ပြန် လှည့်ကြည့်လိုက်ရာ မြသည် အပေါက်ဝမှ ကြည့်နေသည်ကို တွေ့ရ၍ ပြုံးမိလေသည် ။

“ ဟေ့ ... အောင်ဘု ၊ ဘာပြုံးတာလဲကွ ”

“ စွံလို့ လေ ... စွံလို့ ကွ ”

“ ဟင် ... စွံပြန်ပြီလား ၊ မင်းလည်း ခဏခဏစွံပြီး ခုထက်ထိ တစ်ယောက်မှ မရသေးပါလား ”

“ ဒီတစ်ခါတော့ တကယ်စွံပါပြီ ... နက်ဖြန်ကာ ဟိုဟာ လာရမယ်တဲ့ ”

“ ဘယ်ဟာလဲ ... ”

“ ဟိုဟာလေကွာ .. မင်းတို့ အလုပ်လျှောက်တော့ အလုပ်ရှင်နဲ့ သွားတွေ့ရတာလေ ”

“ ဪ ... အင်တာဗျူးလား ”

“ အေး .. အင်တာဗျူးလာရမယ်တဲ့ ” 

“ သူနဲ့ တွေ့ဖို့လား ”

“ မဟုတ်ဘူး ... အဘိုးကြီးနဲ့ တွေ့ရမယ် ၊ အဘိုးကြီးက သဘောတူမှ ရမယ်တဲ့  ”

“ ဒါဖြင့် မင်းငတ်ပြီ ... ”

“ ဘာဖြစ်လို့လဲ ”

“ အဘိုးကြီးက စာရူးကြီးကွ ၊ စာအကြောင်း မေးမှာပေါ့ ”

“ ဒါတော့ကွာ .. ကြည့်လုပ်သေးတာပေါ့ ။ ဟေ့ တိတ်တိတ်နေ - တိတ်တိတ်နေ ... ”

အောင်ဘုသည် စကားပြောနေရင်းက ဝင်းမောင်ရင်ဘတ်ကို လက်နှင့်တားလျက် ဘေးက ဝင်းထရံအုတ်တိုင်သို့ ကြည့်နေသည်ကို တွေ့ရသဖြင့် ဝင်းမောင်လည်း လိုက်ကြည့်လိုက်ရာ ငှက်ကလေးတစ်ကောင် နားနေသည်ကို တွေ့ရသဖြင့် “ ဘာလုပ်မလို့လဲ ” ဟု မေး လိုက်လေ၏ ။

“ တိတ်တိတ်နေစမ်းပါကွ - ပျံသွားဦးမယ် ၊ ငါပစ်ပြမယ် ”

ပြောရင်းဆိုရင်းပင် အောင်ဘုသည် ကျောက်ခဲကို ကောက်၍ ပစ်လိုက်ရာ ငှက်ကလေးမှာ ပျံသွားသဖြင့် ကျောက်ခဲသည် ဝင်းထရံအတွင်းသို့ ကျသွားသည်နှင့် တစ်ပြိုင်နက် စူးစူးဝါးဝါး အော်ငိုလိုက်သော ကလေးတစ်ယောက် အသံကို ကြားရလေသည် ။

ဝင်းမောင်တို့လည်း ခြံထဲဝင်သွားရာ သွေးများ ပေကျံ၍ ငိုနေသော ကလေးကို တွေ့ရလေ၏ ။ ထိုခဏ၌ အိမ်ပေါ်က လူတစ်ယောက် ဆင်းပြေးလာကာ “ ခင်ဗျားက ဘာလို့ ကလေးကို ကျောက်ခဲနဲ့ ပစ်ရတာလဲ ” ဟု အောင်ဘုကို ဒေါသအဟုန်နှင့်ကြည့်လျက် မေးလိုက်လေသည် ။

“ ကျုပ်မပစ်ဘူး ”

“ ဘာအခုမှ ညာပြောတာလဲ ၊ ကျုပ်အိမ်ပေါ်ကနေ ကြည့်နေတယ် ။ ခင်ဗျား ကျောက်ခဲ ကောက်ပြီး ပစ်တာ အမြင်သားပဲ ”

“ ငှက်ကို ပစ်တာဗျ ”

“ ဘယ်မလဲ ငှက်က ”

“ ခင်ဗျား ခွမေးတယ် ၊ ကျောက်ခဲနဲ့ ပစ်လို့ ပျံသွားပြီ ။ ကလေးက ဘာလို့ အုတ်တိုင်ကွယ်မှာ လာနေရသလဲ ”

“ ဟေ့လူရ ... ကိုယ့်ခြံထဲ ကိုယ် ဘယ်နေရာမှာ ကစားကစား ခင်ဗျားနဲ့ ဘာဆိုင်သလဲ ... ”

“ ဘာပြောပြော ခင်ဗျားကလေး အပြစ် ”

“ ကျုပ်ကလေး မဟုတ်ဘူး - ကျုပ်ဟာလူပျို ”

“ ခင်ဗျား လူပျိုဖြစ်တာနဲ့ ဘာဆိုင်လဲ ၊ ဒါ ရည်းစားစကား ပြောနေတာ မဟုတ်ဘူး ”

ထိုလူမှာ ဒေါပွလာသဖြင့် စကားပြန် မပြောတော့ဘဲ လက်သီးနှင့် ထိုးလိုက်ရာ အောင်ဘုက ရှောင်လိုက်သောကြောင့် အုတ်တိုင်ကို ပြင်းထန်စွာထိုးမိရကား “ အလယ်လယ် ” ဟု အော်မိလေတော့၏ ။

ဝင်းမောင်လည်း ရန်ပွဲ ပြီးငြိမ်းသွားစေရန် “ ဟေ့ - အောင်ဘု ၊ မင်းပြန်နှင့် ၊ ငါ နောက်တော့ လိုက်ခဲ့မယ် ” ဆို၍ နှင်လိုက်မှ အောင်ဘု ပြန်သွားလေ၏ ။ ဤတွင် မှ ထိုသူ့ဘက်သို့ လှည့်၍ “ စိတ်မရှိပါနဲ့ ခင်ဗျာ ၊ ဒီလူ ဒီလိုပဲ တစ်ခါတစ်ခါ ဝက်ရူးပြန်တယ် ။ စိတ်က နဂိုကတည်းက ကောင်းကောင်း မရှိဘူး ”  ဟု ပြောရာ “ ဒီလိုဆို စကတည်းက ပြောရောပေါ့ ။ အလကား ကျုပ်လက်သီး နာသွားတယ် ” ဟု ပြန်ပြော၍ အိမ်ထဲဝင်သွားမှ ဝင်းမောင် လည်း အိမ်ပြန်လာခဲ့ရ လေသည် ။

“ ဟေ့ .. ဝင်းမောင် ဘယ်လိုကောင်လဲကွ ”

အောင်ဘုမှာ ဒေါသမပြေသေး၍ ဝင်းမောင် ရောက်လာလာချင်း မေးလိုက်လေသည်  ။

“ အရူးဆိုပဲကွ ” ဟု ဝင်းမောင်လည်း အောင်ဘု စိတ်ပြေစေရန် ပြောလိုက်ရလေ၏ ။ အောင်ဘုလည်း စိတ်ပြေသွားကာ ‘ အင်တာဗျူး ’ သွားရန်ကို တွေးလေတော့သည် ။

နောက်တစ်နေ့တွင် အဘိုးကြီး ဘောင်းဘီဝတ်သည် မကြိုက်ဟု ဆို၍ အောင်ဘုမှာ ပိုးလုံချည် ၊ အပေါ်အင်္ကျီနက်နှင့် ထွက်လာခဲ့လေ၏ ။ ဦးဘအိမ်သို့ရောက်သောအခါ မြ ကို အခန့်သင့်ပင် တွေ့ရလေသည် ။

“ လာ - လာ .. ကိုစောမောင် တော့ မရောက်သေးဘူး ၊ စောင့်ပါဦး ” 

“ ကျွန်တော် အရင်တွေ့နှင့်မယ်လေ ”

“ ဘယ်ဖြစ်မလဲ .... သူလာမှ တွေ့ရမယ် ” ဟု ပြောကာ လက်ဖက်ရည်ဖျော်ရန် အခန်းတွင်းသို့ ဝင်သွားလေသည် ။ ထိုအတွင်း အပေါ်အင်္ကျီ ပိုးလုံချည်နှင့် လူတစ်ယောက် ဝင်လာ၍ ကုလားထိုင်တွင် ထိုင်လိုက်သဖြင့် အောင်ဘုသည် မော့ကြည့်လိုက်၏ ။ မနေ့က မိမိကို ထိုးသောသူ ဖြစ်နေကြောင်း သိရသော် “ ဪ ... ခင်ဗျားကိုး ” ဟု ပြောလိုက်ရာ ထိုသူကလည်း “ အင် ... ခင်ဗျားကိုး ” ဟု ပြောလိုက်လေ၏ ။

ထိုသို့ ပြောလိုက်ကြပြီးမှ ... “ အရူး ” ဟူသော အသိဝင်လာရာ တစ်ယောက်ကို တစ်ယောက် ပြူးတူးပြဲတဲ ကြည့်မိလိုက်ကြလေ၏ ။ အောင်ဘုသည် စောမောင် ပြူးတူးပြဲတဲ ဖြစ်သွားသည်ကို မြင်ရသောအခါ အရူးထလာတော့မည်လောဟု လန့်၍ မျက်လုံးမှာ ပိုပြူးသွား၏ ။ စောမောင်လည်း အောင်ဘု မျက်လုံးပြူးသွားသည် ကို မြင်သောအခါ လန့်၍ အော်လိုက်သည် ။ သူ့အော်သံကြောင့် အောင်ဘုမှာလည်း အလန့်တကြား အော်လိုက်ပြန်လေသည်  ။

မြလည်း လျင်မြန်စွာ ပြန်ထွက်လာကာ “ ဘယ့်နှယ် ဖြစ်ကြတာလဲ ” ဟု မေးရင်း စောမောင် ကို မြင်သော် “ ဪ ... ကိုစောမောင်လည်း ရောက်နေပြီလား ” ဟု ဆက်မေးလိုက်လေသည် ။

စောမောင်နှင့် အောင်ဘုလည်း တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးကာ ပြိုင်တူပင် အရူးဟု စွပ်စွဲလိုက်ကြလေရာ မြသည် နှစ်ယောက်စလုံးကို ကြည့်၍ “ ရှင်တို့ နှစ်ယောက်စလုံး ရူးတယ်ဆိုတာ မကြာခင် သိရတော့မယ် ။ ကိုင်း ... စကားကြောရှည်မနေနဲ့  ။ အင်တာဗျူးအတွက် စီစဉ်မယ် ။ ကို ... ကို ... ရှင့်နာမည်က ဘာခေါ်လဲ ”  ဟု အောင်ဘုကို မေးလိုက်၏ ။

အောင်ဘုသည် “ အောင် ... အောင် ” ဟု ဆိုပြီးမှ နောက်တစ်လုံးဖြစ် သော ' ဘု ’ မှာ နားထောင်ရန် မကောင်းသဖြင့် “ အောင် .. အောင် ... မောင်အောင် ” တဲ့  ဟု ဆိုလိုက်ရာ မြက “ ရှင် အူကြောင်ကြောင်နိုင်တယ် ။ မနေ့ကလည်း ဒီအပေါက်မျိုး ပြောတယ် ။ ကဲ ဒါတွေ ဘေးချိတ်ထားလိုက် ။ ကိုအောင် ” ဟု ပြောနေစဉ် အောင်ဘု က ယောင်သွားကာ ဝင်ထောက်လိုက်၏ ။

“ ဘု ... ”

“ ဘာဘုလဲ ”

“ ကိုအောင် - ကိုအောင် - အဲ - ကိုအောင်ပါပဲ ”

“ ရှင် ဘာကြောင်ပြန်သလဲ ၊ မြ စကားပြောနေရင် ဝင်မရှုပ်နဲ့ ကောင်းကောင်း နားထောင် ကိုအောင်က နောက်ကျတဲ့ လူမို့လို့ ”  

“ ကျွန်တော် နောက်မကျဘူး ။ နောက်ကျတာက ဟိုအရူး ”

စောမောင်သည် မြ နှင့် အောင်ဘုနှစ်ယောက် ဘုကျနေသည်ကို နှစ်သိမ့်စွာ ကြည့်နေရာမှ မိမိကို အရူးဟု ဆိုလိုက်သဖြင့် ဒေါပွသွားကာ “ ဘာပြောတယ် ခင်ဗျားအရူး ” ဟု ခပ်ကျယ်ကျယ် ပြောလိုက်လေသည် ။

“ အို - နေကြစမ်းပါဦး ၊ ကိုအောင် ကလည်း မြ က ဝင်မရှုပ်နဲ့ဆို ။ နားမထောင်ဘူး ။ ကိုစောမောင် ကလည်း မျက်လုံးပြူး မျက်ဆံပြူးနှင့် ဘာဖြစ်ရတာလဲ ။ မြ ပြောတာ နားထောင် ။ နို့မိုရင် တစ်ယောက်မှ အင်တာဗျူး မဝင်ရဘူး ” ဟု မြ က ကြိမ်းလိုက်မှ အောင်ဘုနှင့် စောမောင်တို့ နှစ်ယောက်မှာ ငြိမ်သက်သွားကြလေတော့၏ ။

“ ကိုအောင် ” 

“  ဘု ”

“ လာပြန်ပလား ” 

“ မေ့သွားလို့ပါ ”

“ တိတ် ”

“ ဟုတ်ကဲ့ ”

“ ကိုအောင် က မြကို လူပျိုလှည့်တာ နောက်ကျတယ် ။ ကိုစောမောင် က အရင်ပြောတဲ့ လူမို့ သူ့ကို အခွင့်အရေး ပထမပေးမယ် ”

စောမောင်လည်း ပြုံးရွှင်သွားကာ “ ကိုင်း ... ဘယ့်နှယ်ရှိစ ”  ဟူသော အကြည့်မျိုးဖြင့် အောင်ဘု ကို မျက်စပစ်၍ အခန်းတွင်းဝင်ရန် ခြေလှမ်း လိုက်စဉ် မြက “ နေဦး ” ဟု ဆိုလျက် ရှေ့က ဆီးလိုက်သဖြင့် မြ ၏ ညို့သကျည်းကို ကန်မိလေရာ “ အမယ်လေးတော် ” ဟု အော်၍ မြ မှာ ထိုင်ကျ သွားလေတော့၏ ။

အောင်ဘုလည်း မြ နား ပြေးကပ်လာ၍ မြ ကို ပွေ့ထူရန် ခေါင်းငုံ့လိုက်ရာ စောမောင်၏ ခေါင်းအငုံ့ နှင့် ကြုံကြိုက်သွားရကား နှစ်ယောက်သား တိုက်မိကြလေ၏ ။ အောင်ဘုမှာ မူးနောက်နောက် ဖြစ်သွား၍ နောက်ဆု တ်သွားကာ နောက်က ထရံကို မှီရင်း အမူးဖြေနေရလေသည် ။ စောမောင်မှာ မူ ချာခနဲ လည်သွား၍ လေထဲတွင် ဟိုစမ်းစမ်း ၊ သည် မ်းစမ်းဖြစ်ကာ ဖင်ထိုင်ရက် လဲကျသွားလေ၏ ။

ထို့နောက်မှ မြသည် မတ်တတ်ရပ်လိုက်ကာ “ လာကြဦး ၊ ရှင်တို့ တစ် ယောက်မှ မြ စကားကို နားမထောင်ကြဘူး ၊ ပြန်ကြတော့ ” ဟု ပြောလို က်ရာ နှစ်ယောက်စလုံးမှာ ကပျာကယာ မြ နား ကပ်လာ၍ အသနားခံသော မျက်နှာကလေးတွေနှင့် ကြည့်နေရာမှ “ ရှင်တို့ မျက်နှာကြည့်ရတာ မအေ ပျောက်တဲ့ နွားကလေးတွေလိုပဲ ။ ကဲ နားထောင် ၊ အင်တာဗျူးသွားဖို့ မျောက်ပန်းလှန်ရမယ် ။ ဟောဒီမှာ ငါးမူးစေ့ ၊ ကိုစောမောင်က ပထမအခွင့်အရေးရတဲ့ လူမို့ အရင်ပြော .. ခေါင်းလား  ၊ ပန်းလား ”  ဟု မေးလိုက်ရာ စောမောင် မှာ ခေတ္တမျှ ကြောင်နေပြီးမှ “ ကဲ .. ကံပါပဲဗျာ ... ခေါင်း ” ဟု ဆိုလိုက်၏ ။

“ ကိုစောမောင်က ခေါင်းဆိုတော့ ... ”  

“ ကျွန်တော်က ဖင် ”  

“ ဘာပြောတယ် .. ” 

“ ပန်းလေ .. ” 

“ ကိုင်း - ကြည့်ကြ ” ဟု ဆိုကာ မြသည် လက်ညှိုးနှင့် လက်မကို ထစ်ကာ ငါးမူးစေ့တင်၍ “ ချွင်” ခနဲ မြှောက်တင်လိုက်ရာ ပိုက်ဆံပြားကလေးသည် ချာချာလည်လျက် တက်သွားလေတော့ ၏ ။

တက်သွားသည် မှ အစ ကြမ်းပြင်ပေါ်ရောက်သည် အထိ သုံးစုံသော မျက်လုံးတို့ လိုက်ကြည့် နေကြသည် ။ ' ဒေါက် ' ခနဲကြမ်းပြင်ပေါ်သို့ကျ လာသောအခါ အနားသို့ ပြေးသွားကြည့်လိုက်ကြ၏ ။ အောင်ဘုသည် “ ပ န်း - ပန်း ”  ဟု အော်ကာ ထခုန်လေသည် ။ စောမောင်မှာ မူကား ဝန်တို သော မျက်လုံးတို့ဖြင့် ကြည့်နေလေသည် ။

“ ကိုင်း ... ကိုအောင် ရှင်ဝင်သွားတော့ ။ ကိုစောမောင် ကတော့ ဒီကပဲ စောင့်နေဦး ။ မြ လက်ဖက်ရည် သွားဖျော်ခဲ့မယ် ။ စောစောက ဖျော်မလို့ဟာ ။ ရှင်တို့ အော်ကြတာနဲ့ ”  ဟု ဆို၍ အိမ်နောက်ဖေးသို့ ထွက်သွားလေရာ အောင်ဘုမှာ ဘယ့်နှယ်ရှိစ ဟူသော အကြည့်မျိုးနှင့် စောမောင် ကို ကြည့်၍ မျက်စပစ်ပြ လိုက်လေသည် ။ စောမောင်ကလည်း လက်သီးထောင်ပြရာ အောင်ဘုက တစ်ဖန် လျှာထုတ်ပြ၍ အခန်းတွင်းသို့ ဝင်ခဲ့လေ၏ ။

စာကြည့်ခန်းမှာ ဧည့်ခန်း၏ ဘယ်ဘက်တွင် ရှိ၍ ရေးခဲ့ပြီးသည့်အတိုင်း အပေါက်မှာ အတွင်းဘက်၌ ထားသဖြင့် စောမောင်မှာ မျက်စိရှေ့တွင် ပျဉ်ပြားများ အစေ့အငှ ကာရံထားသော စာကြည့်ခန်းထရံကြီးကိုသာ မြင်ရလေသည် ။

အောင်ဘုမှာ အထဲ ဝင်သွားရာ အခန်းတွင်း၌ ရုံးခန်းကဲ့သို့ စားပွဲ ၊ ကုလားထိုင် ၊ ဗီရိုများ ရှိသော်လည်း လူတစ်ယောက်မျှ မရှိသဖြင့် စားပွဲရှေ့က ကုလားထိုင်တစ်လုံးတွင် “ အဘိုးကြီးကလည်း ဘယ်လစ် နေသလဲ မသိဘူး ...” ဟု ဆို၍ ဝင်ထိုင် လိုက်လေသည် ။

အမှန်ကား ဦးဘသည် စားပွဲအောက်ဆုံး အံဆွဲ ဖွင့်၍ စာအုပ်များ ထုတ်ယူနေရာ စားပွဲကွယ် နေသဖြင့် အောင်ဘု မမြင်ခြင်းဖြစ်လေ၏ ။ အဘိုးကြီးသည် စကားပြောသံ ကြားရသဖြင့် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ အပေါ်အင်္ကျီအနက်ကြီးကိုသာ မြင်မိ၍ ကျွဲတစ်ကောင် ဝင်လာသည် အထင်နှင့် “ အလိုလေး ..” ဟု အော်လိုက်လေ၏ ။

အောင်ဘုမှာ လည်း တစ်ယောက်တည်း အထင်နှင့် ပြောနေရာက အဘိုးကြီး အော်သံကြောင့် လန့်သွားကာ စားပွဲပေါ်ရှိ မျဉ်းလုံးနှင့် ကောက်ရိုက်လိုက်သဖြင့် အဘိုးကြီး၏ ခေါင်းပေါ်မှာ ခြင်းနှင့် တကွ ပြားချပ်၍ သွားလေတော့သည်  ။ ထိုအခါမှ လူမှန်းသိရာ “ ဟေ့ကောင် - မင်း ဘယ်က ကောင်လဲ ။ ငါ့ကို ဘာကြောင့် လှမ်းရိုက်ရတာလဲ ” ဟု မေးလိုက်၏ ။ အောင်ဘုလည်း အဘိုးကြီး မှန်း သိသည်တွင်မှ ကြောက်လန့်သွားကာ မျက်နှာချိုသွေးလျက် ဖြေဆိုရလေ၏ ။

“ ကျွန်တော် လန့်ပြီး ရိုက်မိတာပါ ။ ဦး ဆီကို ကိစ္စတစ်ခုရှိလို့ လာခဲ့တာပဲ ။ ဦးက စားပွဲအောက် ဝင်ဝပ်နေတော့ ကျွန်တော် မမြင်မိဘူး ” 

“ ဘာ ... ငါစားပွဲအောက် ဝင်ဝပ်တယ် ။ မင်းမအေဝပ်တာ ... အောက်ဆုံးအံဆွဲမှာ စာအုပ် ယူတယ် ”

“ သည်းခံပါ ခင်ဗျာ ၊ ကျွန်တော် မသိလို့ပါ ” 

“ ဘာကိစ္စ ရှိလို့လဲ ... မင်းက ဘယ်သူလဲ ”

“ ဝင်းမောင် သူငယ်ချင်း ... အဲ ညီအစ်ကိုပါ ” 

“ ညီလား ... အစ်ကိုလား ”

“ အစ်ကိုပါ ”

“ ဘယ်က ဝင်းမောင်လဲ ”

“ မနေ့က ဦးဆီကို လုံချည်နဲ့ လာတဲ့ ကောင်လေ ”

“ ငါ့ဆီ လာတာ လုံချည်နဲ့ ချည်းပဲ ။ တစ်ယောက်မှ ကိုယ်တုံးလုံး လာကြဘူး ” 

“ မဟုတ်ပါဘူး ... ကျွန်တော်က မနေ့က ဘောင်းဘီနဲ့ လာလို့ပါ ” 

“ မနေ့က မင်းကို ငါမမြင်ပါဘူး ”

“ ဘယ်မြင်မလဲ ဒီထရံကြီးနဲ့ ကွယ်နေတာကိုး ”  

“ မင်းက ထရံနောက်မှာ ဘာရပ် လုပ်နေတာလဲ ”

“ ဧည့်ခန်းမှာ ထိုင်နေတာပါ ”

“ ဪ ... ”

“ အောင်မယ်လေးဗျ ”

“ ဘယ့်နှယ်ဖြစ်ရတာလဲ ”

“ နို့ ... ဦးက အော်ဆို ”

“ မင်းအရူးပဲ ”

“ ကျွန်တော် မဟုတ်ဘူး  ၊ အရူးက ဧည့်ခန်းမှာ ထိုင်နေတဲ့ လူ ”

“ ဧည့်ခန်းမှာ ဘယ်သူ ထိုင်နေသလဲ ”

“ ကျွန်တော့်ကိစ္စ ပြောပါရစေ ။ ဝင်းမောင် ဆိုတာ မနေ့က ပြေစာတွေ ယူလာတဲ့ အကောင် ”

အမှန်မှာ အောင်ဘုသည် ပေစာ ကို ဆိုလိုပါသော်လည်း နမော်နမဲ့နိုင်မှုကြောင့် ပြေစာဟု ဖြစ်သွားလေသည် ။

“ ဘာပြေစာလဲ ”

အောင်ဘုလည်း မဖြေတတ်သဖြင့် ဟိုကြည့်သည်ကြည့် ကြည့်ရာ ဗီရိုထဲတွင် ပေစာများကို မြင်မှ “ ဟိုဟာတွေလေ ” ဟု ဆို၍ လက်ညှိုးထိုးပြ၏ ။

“ ဪ .. သိပြီ  ၊ မနေ့က ပေစာတွေ ယူလာတဲ့ ကောင်လား ”

“ ဟုတ်တယ် .. ဟုတ်တယ် ... နှုတ်ခမ်းမွေး ရေးရေးနဲ့ လွယ်အိတ်ကို လွယ်လာတဲ့ ကောင်လေ ”

“ ဟေ့ .... နေပါဦးကွ ၊ လွယ်အိတ်တောင်မှ နှုတ်ခမ်းမွေး ရေးရေးနဲ့ လွယ်အိတ်ရှိသေးလားကွ ”

“ မဟုတ်ပါဘူး - ဝင်းမောင်က နှုတ်ခမ်းမွေး ရေးရေးနဲ့ ”

“ ဒီလိုလား ”

“ ကျွန်တော်က ဝင်းမောင်အစ်ကို ”

“ သိပြီ ... ဒါပေမဲ့ မင်းကိစ္စကို မပြောခင် မင်းကို ငါမေးစမ်းမယ် ။ စာပေ ဗဟုသုတ မရှိရင် ငါလက်ခံ စကားမပြောနိုင်ဘူး ။ မြန်မာစကားမှာ ဘာသာခြားစကားတွေ ရောနေတယ်ဆိုတာ သိသလား ”

“ သိပါတယ် ”

“ ဥပမာ တစ်ခုပြစမ်း ”

“ မော်တော်ကား ”

“ ဟုတ်ပြီ ၊ ငါ အခု ကျမ်းပြုနေတယ် ”

“ အခုန ဝပ်နေတာလား ”

“ လာပြန်ပြီလား ဝပ်နေတာ ၊ ဒါက ဘာဆိုင်သလဲ ”

“ ကြမ်းခင်းနေတယ်ဆို ”

“ ကျမ်းပြုနေတာကွ ၊ ဝေါဟာရတွေရဲ့ အနက်ကို ဖော်နေတယ် ။ ဒီ တော့ မင်း ကိုယ်တိုင် စူးစမ်း ရှာဖွေထားတာတွေ ရှိသလား ။ ဥပမာကွာ လက် ဆိုပါတော့ ၊ အခက်အလက် လို ကိုယ်က ထွက်နေတာမို့ လက်လို့ ခေါ်တယ် ”

အောင်ဘု မှာ ချောက်ကျနေလေပြီ ။ သို့သော် - ဖြစ်လိုရာ ဖြစ်စေတော့ဟူသော သဘောထား နှင့် ဝါးလေတော့၏ ။

“ နှာခေါင်းဆိုတာ အခေါင်း နှစ်ခု ရှိလို့ နှစ်ခေါင်းလို့ ခေါ်တယ် ”  

“ ဟေ့ .. နှာ - ခေါင်းကွ ”

“ မဟုတ်ဘူး - အဲဒါ မှားတယ် ။ နှစ်ခေါင်းလို့ ပေါင်းရမယ် ။ နောက် နားရွက်လည်း စာလုံးပေါင်း မှားတယ် ။ နှစ်ရွက်လို့ ပေါင်းရမယ် ။ ဘာဖြစ်လို့ လဲဆိုတော့ နှစ်ရွက် ရှိတာကိုး ။ နှုတ်ခမ်းလည်း နှစ်ခမ်း ပေါင်းရမယ် ။ နှစ်ခမ်းတောင် ရှိလို့  ။ ဒါပေမဲ့ အပေါ်မှာ ပေါက်တဲ့ အမွေးကိုချည်း ခေါ်ချင်ရင် တစ်ခမ်းမွေး လို့ ခေါ်ရမယ် ။ မုတ်ဆိတ်ကိုပါ ရောခေါ်ချင်ရင် နှစ်ခမ်းမွေး လို့ ခေါ်ရမယ် ... ”

“ အေး ... ဟုတ်တယ်ဟေ့ ... ဆိုစမ်းပါဦး ... ”

“ နဖူး ဆိုတာ လုံးလုံး အမှား ၊ တစ်ဖူး ဖြစ်ရမယ် ။ နှစ်သယ် ကတော့ လုံးပေါင်း ပြင်ရုံပဲ ... ”

အဘိုးကြီးမှာ သဘောကျသွားဟန်ရှိသော်လည်း အောင်ဘုမှာ ဆက် မဖြီးတတ်တော့သဖြင့် “ ကျွန်တော့်ကိစ္စ ပြောရတော့မလား ” ဟု ဆိုလိုက်၏ ။

“ နေဦး .. ငါ မေးဦးမယ် .... ပျို့ ဆိုတာဘာလဲ ”

“ ပျို့ ဆိုတာ အန်ခြင်း မဖြစ်ခင် ဖြစ်ပေါ်လာတာ ”

“ မှန်တယ် - ပျို့ခေတ်ဟာ အန်ချင်းခေတ်ထက် စောတယ် - မင်းကိစ္စ ပြောတော့ ”

“ ကျွန်တော် မိန်းမလိုချင်တာ ကြာလှပြီ ”

“ ဒါ ငါနဲ့ ဘာဆိုင်သလဲ .. ”

“ အခု ကျွန်တော် တွေ့ထားပြီ ။ ဒါပေမဲ့ လက်တော့ မထပ်နိုင်သေးဘူး ။ စေ့စေ့စပ်စပ်ကြောင်းလမ်း ထားချင်တယ် ”

“ ဒါတွေ ငါနဲ့ ဘာမှ မဆိုင်ဘူး ”

“ ဆိုင်တယ် - ဦးသမီးပဲ ”

“ ဘယ်ဟာလဲ ငါ့သမီး ၊ မြဟာ ငါ့မယားကွ ”  

“ ဟင် - သူက ဘာလို့ ဘဘ လို့ ခေါ်လဲ ”

“ ငါ့နာမည်က မောင်ဘ - ဒီတော့ - သူက အဖျားဆွတ်ပြီး ဘဘလို့ ခေါ်တာ .. ”

အောင်ဘုတို့ အခန်းတွင်း၌ ဤသို့ ဖြစ်နေစဉ် ဧည့်ခန်း၌လည်း မငြိ မ်သက်လှပေ ။ စောမောင် သည် အင်တာဗျူး၌ ဘာတွေ မေးနေသည်ကို သိလိုသဖြင့် မြ အလစ်တွင် ထရံနားကို ပြေးကပ်ကာ နားထောင်လိုက် သော်လည်း ဘာစကားကိုမျှ သဲကွဲစွာ မကြားရပေ ။ သို့သော် အကြံတစ်ခု ရလာလေသည် ။ ထရံကြားမှ ကိုးရိုးကားရား စကားပြောလိုက်လျှင် အဘိုးကြီးက အောင်ဘု ပြောသည် မှတ်၍ ဒေါပွကာ မိမိ အနိုင်ရပေမည် ဟု စဉ်းစားမိလာသဖြင့် ထရံကြားကို ရှာလေ၏ ။ သို့ရာတွင် ထရံမှာ စေ့နေသဖြင့် ကြားမရှိပေ ။ ထို့ကြောင့် ပျဉ်တစ်ချပ်ကို လက်နှင့် ဖိလိုက်မှ ထို ပျဉ်ချပ်မှာ အထဲသို့ ညွတ်သွား၍ ကြားကလေး ဟ လာလေ၏ ။ ထိုကြားမှ နေ၍ စကားပြောမည်ဟု ပါးစပ် တေ့လိုက်စဉ် နောက်မှ ခြေသံကြားသဖြင့် ပျဉ်ဖိထားသော လက်ကို ယောင်လွှတ်လိုက်မိလေသည် ။ ထိုအခါ ပျဉ်ချပ် စေ့လာကာ အပေါ်နှုတ်ခမ်းညပ်သွားသဖြင့် “ အင်း - အင်း ” အော်ကာ လက်နှစ်ဖက် ယက်ကန် ယက်ကန် ဖြစ်နေပြီးမှ သတိရ၍ ပျဉ်ကို ပြန်တွန်းကာ နှုတ်ခမ်းထုတ်ယူလေတော့၏ ။

မြသည် ကိုင်ထားသော လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ် တင်လိုက်၍ “ ဘယ့်နှယ်ဖြစ်တာလဲ ကိုစောမောင် ” ဟု မေးလိုက်ရာ စောမောင် မှာ ဆင်ခြေပေးရန် ကပျာကယာ စဉ်းစား၍ “ ဪ ... ဓာတ်ပုံကြည့်နေတာ ။ ပုရွက်ပျံကိုက်သွားလို့ ”   ဟု ဖုနေသောနှုတ်ခမ်းကို လက်ညှိုးကလေးဖြင့် တို့ကာ ပြန်ဖြေ လိုက်လေ၏ ။

“ ဖြစ်မှ ဖြစ်ရလေရှင် ... ဒါဆို ခဏနေဦး ၊ မြ ဆေးသွားယူခဲ့မယ် ” ဟု ဆိုကာ အိမ်ထဲ ပြန်ဝင် သွားလေသည် ။ ဦးဘသည် ညဘက်၌ “ ကုတ်ကင်း ” ပွတ်တတ်သူ ဖြစ်၏ ။ မြ က မေးသောအခါ နှုတ်ခမ်းနာပျောက်သည့်ဆေး ဟု ညာပြောထားလေသည် ။ ဤဆေးကို သတိရ၍ မြ သွားယူခြင်းဖြစ်၏ ။

စောမောင်သည် ဒုတိယအကြိမ် သူ့အကြံအစည်ကို ဖြစ်မြောက်အောင် ကြိုးစားရန် ထရံနား ကပ်သွားစဉ် ပြန်လာသော မြ ခြေသံကို ကြား၍ ကုလားထိုင်ရှိရာသို့ ကမန်းကတန်း ပြေးထိုင်ရာ ဝင်လာသော အဘိုးကြီးတစ်ယောက်ကို အရှိန်ပြင်းစွာ ဝင်တိုက်မိလေ၏ ။

အဘိုးကြီးသည် အင့်ခနဲ တစ်ချက်သာ နောက်ဖေး ညှစ်သလို မြည်၍ ကြမ်းပြင်ပေါ်သို့ ဗုန်းခနဲ လဲကျသွားလေ၏ ။ မြ လည်း ဖယောင်းစက္ကူဖြင့် ထုပ်ထားသော ဖြူဖြူမှုန့်ကလေးများကို ယူလာကာ “ ရော့ ဒါနဲ့ နှုတ်ခမ်းပွတ် ”  ဟု ပေးရင်း လှည့်ကြည့်ရာ ကြမ်းပေါ်တွင် ခွေးဝဲစားကလေး ကားကြိတ်ထားသကဲ့သို့ ခွေနေသော အဘိုးကြီးကို မြင်၍ “ ဟင် ဘရဲ့ အစ်ကိုပါလား ” ဆိုလျက် ပြေး၍ ပွေ့ထူလေသည် ။

စောမောင်လည်း စကားတစ်ခွန်းမျှ မပြောဘဲ ထိုအမှုန့်ကလေးများ ဖြင့် နှုတ်ခမ်းကို ပွတ်ရာ နှုတ်ခမ်းကြီးများမှာ ထူလာသည်ဟု ထင်ရ၍ မျက်လုံးများမှာလည်း တဖြည်းဖြည်း လေးကန်လာလေ၏ ။ ထိုအတွင်း အဘိုးကြီး သတိရလာကာ “ မောင်ဘကော ... အခန်းထဲမှာလား ”  ဟု မေး၍ စောမောင်ကိုပင် သတိမပြုမိတော့ဘဲ စာကြည့်ခန်းသို့ လိုက်ဝင်သွားလေသည်  ။

အောင်ဘုမှာလည်း အင်တာဗျူး မဟန်သဖြင့် ပြန်ထွက်ရန် အခန်းဆီးကို မ,လိုက်၍ “ ဒီလောက် အဘိုးကြီးကများ မယားငယ်ကလေး ယူထားတယ် ” ဟု ဆိုလျက် နှလုံးနာဟန်နှင့် ‘ ထွီခနဲ ’ တံတွေး ထွေးလိုက်ရာ ဦးဘ၏ အစ်ကို မျက်နှာပေါ်သို့ တံတွေးပေါက်မှာ ကျသွားလေ၏ ။ ထို့နောက်မှ မိမိတံတွေး ဘယ်ရောက်သွားသည်ကို သိသည်တွင် ဧည့်ခန်းသို့ လစ်လေတော့သည် ။ ဦးဘ၏ အစ်ကို ဦးခသည် အခန်းတွင်းသို့ဝင်၍ “ ဟေ့ - မောင်ဘ ၊ မင့်အစေခံတွေက ဘယ့်နှယ်လဲကွ ။ တစ်ယောက်က ငါ့ကို ဝင်ဝှေ့တယ် ။ တစ်ယောက်က မျက်နှာကို တံတွေးနဲ့ ထွေးတယ် ” ဟု ဆိုရာ ဦးဘ က မျက်လုံးပြူးလျက် “ ဘယ်က အစေခံတွေကမှာ လဲ ။ ဧည့်သည်တွေလေ ။ မယားလာတောင်းတဲ့ ဧည့်သည် ”  ဟု ပြောလိုက်၏ ။

“ နှစ်ယောက်စလုံးလား ” 

“ တစ်ယောက်တည်းပါ ”

“ ဒါဖြင့် ဟိုအပြင်က ကောင်က ဘာလဲ ”   

“ အိမ်က မွေးထားတဲ့ ကြောင်ဖြစ်မှာပေါ့ ”   

“ လူပါကွ ၊ ငါ ဒီလောက် မျက်စိ မမှုန်သေးပါဘူး ” 

“ ဟင် .. ဟုတ်လား ၊ ဘယ်မလဲ ဒီကောင်တွေ ” 

အဘိုးကြီးနှစ်ယောက် ဒေါကြီးမောကြီးနှင့် ထွက်လာခဲ့ကြလေ၏ ။ အောင်ဘုလည်း ဖြည်းညင်းစွာ ထွက်လာရာမှ နောက်မှ လျင်မြန်သော ခြေသံကို ကြားရလေရာ သူ့ကို လိုက်ဖမ်းသည်ဟု ထင်၍ အပေါက်ဝသို့ ထွက်ပြေးလေ၏ ။ သို့ရာတွင် ဦးခသည် “ ငါ့ကို တံတွေးနဲ့ ထွေးတဲ့ အကောင် ဘယ်ပြေးမလဲ ” ဟု ဆိုလျက် နောက်မှ ပြေးလိုက်၍ ခါးကို ဖက်ထားရာ အောင်ဘုမှာ ရုန်းကန်နေသဖြင့် မကြာမီ ဗုန်းခနဲလဲကျကာ ကြမ်းပေါ်တွင် နှစ်ယောက်သား လိမ့်နေကြလေ၏ ။

စောမောင်သည် မိမိရှေ့တွင် ဦးဘ ရောက်နေကြောင်းသိရ၍ မတ်တတ်ရပ်၍ “ ကျွန်တော် ပြောမယ် .. ဟို .. အကောင် ... ကလေ .. အ ရူး ... အရူး ” ဟု လေးကန်စွာ ပြောလျက် ဦးဘ နားသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာလေ၏ ။ ထိုသို့ ချဉ်းကပ်လာရာ ရှေ့မှ ထွေးခံကို မြင်သော အခါ ကုတ်ကင်းပွတ်ထားသည် ဖြစ်ရကား သမုဒ္ဒရာကြီး ဟု ထင်မှတ်ကာ ခြေလှမ်းကြဲကြဲနှင့် လှမ်း လိုက်လေ၏ ။ သို့သော် ခြေတစ်ဖက်တည်းနှင့် မဟန်နိုင်ရကား ကြမ်းပေါ်သို့ ‘ ဝုန်း ’  ခနဲကျ သွားလေသည် ။ “ မဖြစ်ပါဘူး ... ကုလားထိုင်ပေါ် ပြန်ထိုင်မှ ပဲ ” ဟု ကြံကာ ကုလားထိုင်ကို ကြည့်လိုက်ရာ ကုလားထိုင်ကြီးသည် အကြီးကြီးဖြစ်နေသောကြောင့် ဖက်တွယ်တက်ရင်း “ ကယ်ကြပါဦးခင်ဗျာ ” ဟု ဆို၍ ချုံးပွဲချ ငိုလေတော့သည် ။

ဦးဘသည် နပန်းလုံးနေကြသော အောင်ဘုတို့ကိုလည်းကောင်း ၊ ထိုင်ငိုနေသော စောမောင် ကိုလည်းကောင်း တစ်လှည့်စီ အကြောင်သား ကြည့်နေမိပြီးမှ တစ်စုံတစ်ခုကို သတိရလျက် “ ဟဲ့ မြ နင်ဒီအကောင့်ကို ဆေးပွတ်ပေးသလား ” ဟု မေးလိုက်ရာ တွေနေသော မြ သည် အသက်ဝင်လာ သကဲ့သို့ ဆတ်ခနဲဖြစ်သွားရာမှ “ ဟုတ်ကဲ့ ” ဟု အဖြေပေး လိုက်လေ၏ ။

“ အင်း ... ခက်တော့နေမှပဲ ”

ဦးဘ ဤသို့ ညည်းညူနေစဉ် ဦးခမှာ လူငယ်နှင့် လူကြီး ဖြစ်ရကား နိုင်ပုံမပေါက်သဖြင့် အောင်ဘု၏ ငယ်ထိပ်သို့ ဒေါင်ခနဲ တအားခေါက် လိုက်ရာ အောင်ဘုမှာ မူးနောက်နောက် ဖြစ်သွားပြီး လုပ်မိလုပ်ရာ ဦးခ၏ ပေါင်ကို ကိုက်ဆွဲသဖြင့် “ အာ - ကိုက်တယ် ၊ ကိုက်တယ် ” ဟု အော်လေ၏ ။ ဦးဘမှာ အနား ပြေးကပ်သွား၍ “ ဘာပြောတယ် ... အိုက်တယ် ဟုတ်လား ။ အိုက်ရင် နပန်းလုံး မနေနဲ့ လေ ” ဟု နားကြားလွဲပြောမိလေ၏ ။

“ အိုက်တာ မဟုတ်ဘူး .. ကိုက်တာ - ကိုက်တာ ”

ဦးခ ပြန်အော်လိုက်စဉ် အခန်းတွင်းသို့ ဝင်းမောင် ရောက်လာလေ၏ ။

“ အလို ... ဒါတွေက ဘယ့်နှယ်ဖြစ်ကြတာတုန်း ”

ဦးခလည်း သူစိမ်း ဝင်လာသံကြား၍ အောင်ဘုကို လွှတ်လိုက်ပြီး မတ်တတ်ထ လိုက်လေသည်  ။ ဦးခ၏ ပုဆိုးမှာ အောင်ဘု လည်ပင်းတွင် ပတ်နေသဖြင့် ဦးခမှာ ဘောင်းဘီတိုကလေးနှင့် ကျန်ရစ်ကာ အောင်ဘု ၏ အပေါ်အင်္ကျီနက်မှာ တစ်ခြမ်းစုတ်၍ ဦးခတွင် ဝတ်ပြီးသားဖြစ်နေလေသည် ။ ဆံပင်ရှည်ကြီးများမှာလည်း ခေါင်းပေါင်း ကျွတ်သွားသဖြ င့် ကုပ်ပေါ် ဝဲကျနေရာ ဆက်ကပ်ထဲမှ လူပြက်ကြီးနှင့် တူနေလေတော့၏ ။

ထိုခဏ၌ စောမောင်သည် ဦးခကို လက်ညှိုးထိုးလျက် “ အမယ်လေး ... သရဲကြီး - သရဲကြီး လုပ်ကြပါဦးဗျ ။ မြရေ - ကိုကို့ကို ဖက်ထားပါ ။ သရဲကြောက်တယ် ” ဟု အော်ငိုလေ၏ ။ ဦးဘလည်း “ ဒီကောင်တော့ ခက်တော့တာပဲ ။ ကြမ်းပေါ် ထိုင်ငိုနေတယ် ” ဟု ဆို၍ အနားကပ်လိုက်ရာ စောမောင် ညှစ်၍ ပက်လိုက်သော နှပ်မှာ ဦးဘ၏ မျက်ခွက်တွင် အလျားလိုက် ကပ်နေတော့လေ၏ ။

အောင်ဘုလည်း ဝင်းမောင်ကို မြင်မှ “ ဟ - ဝင်းမောင် လာ ... လာ ပြန်စို့ ။ ဟိုမှာ အရူး ငိုနေတယ် ... ” ဟု စောမောင်ကို ညွှန်ပြရင်း လက်ဆွဲခေါ်လေ၏ ။ သို့သော် ဝင်းမောင်သည် ရုန်းရင်း “ နေစမ်းပါ ... ဒီလူ မရူးပါဘူး ” ဟု ပြန်ဖြေ လိုက်လေသည် ။

“ နို့ ... မင်းက အရူးဆို ” 

“ ငါ ... ညာပြောတာ .. ”

“ ဒါဖြင့် ... ဘာလို့ ဒီအကောင် ... တွေ့ကရာရှစ်သောင်းတွေ အော်နေတာလဲ ... ”

ထိုအတွင်း ဦးခသည် အောင်ဘု ပြန်ရန် ဟန်ပြင်နေသည်ကို တွေ့ရသဖြင့် “ ငါ့ပုဆိုး ပြန်ပေး ” ဟု အော်ကာ ပြေးကပ်လာရာ အောင်ဘုသည် သူ့အား ရန်ပြုတော့မည် ထင်သဖြင့် ထွေးခံကို ပြေးကောက်လျက် “ ဟင်း နော် ... အဘိုးကြီး အနားမကပ်နဲ့  ၊ ကပ်ရင် အဆော်ပဲ ” ဟု ဆို၍ ထွေးခံကို နှုတ်ခမ်းမှ ကိုင်မြှောက်လိုက်ရာ အထဲမှ ကွမ်းသွေးများသည် နောက်မှ ရပ်နေသော ဦးဘ၏ ကိုယ်ပေါ်သို့ ကျကုန်လေတော့၏ ။ ဦးဘ မှာ နှပ်နှင့်လည်း အပစ်ခံရ ၊ ကွမ်းသွေးများ နှင့်လည်း တစ်ကိုယ်လုံး အပက်ခံ ရ၍ ရင်ထဲတွင် ပျို့လာရာမှ ဝေါ့ခနဲ ထိုးအန်လိုက်လေသည် ။

အောင်ဘုလည်း ဝင်းမောင် ကို လက်ဆွဲ၍ ပြန်လစ်တော့မည်ဟု လှည့်လိုက်ရာ အပေါက်ဝတွင် ရပ်နေသော ပုလိပ် မြင်မှ လန့်ဖျပ်သွားကာ ခြေစုံရပ် လိုက်လေ၏ ။

“ ခင်ဗျားတို့ အိမ်က ဘာဖြစ်တာလဲ ။ သွေးတွေနဲ့ အန်တဲ့ လူကအန် ၊ မူးပြီး ငိုနေသူက ငို ၊ ဇာတ်ထဲက လူပြက်ကြီးကလည်း ကြောင်တောင်တောင်နဲ့ ကောင်မလည်း ရှိတယ် ... ဒါဘာလဲ ”

“ ကလပ်လေ ”

ဝင်းမောင်လည်း ဖြေမိဖြေရာ ဖြေလိုက်၏ ။

“ အမိန့်ရသလား - ဘယ်သူက ဖွင့်တာလဲ ” 

“ ဟို - အန်နေတဲ့ လူကြီး ”

အောင်ဘုသည် ဝင်ထောက်လိုက်ရာ ဝင်းမောင်ကို ဆွဲလျက် ပုလိပ် အလစ်တွင် ထွက်လာခဲ့ကြလေ၏ ။ အိမ်ပြန်ရောက်သောအခါတွင် ဝင်းမောင်မှာ အသက်ရှူ ချောင်သွားကာ “ မင့် ဘယ့်နှယ် ဖြစ်နေသလဲ ဆိုပြီး စိတ်ပူလို့ လိုက်လာတာ ။ ငါပါ ကံကောင်းလို့ ထောင်မကျတယ် ။ ဟိုအိမ်မှာတော့ ဘယ်လို ဖြစ်ကျန်ရစ်ခဲ့သလဲ မသိဘူး ”

“ ဘယ်လိုဖြစ်ဖြစ်ကွာ တို့ အလုပ်မဟုတ်ပါဘူး ”

“ မင့် ချစ်အင်တာဗျူး ကကော ”

“ ချစ်အင်တာဗျူး ” က “ ချစ်ချင်ပါဘူး ” ဖြစ်နေပြီ ။ မြက အဘိုးကြီး မယားတဲ့  ။ မြွေဟောက်လို ဖွေနှစ်ခွနဲ့ ... ”

“ ဟေ့ကောင် ... လျှာနှစ်ခွ ပြောပါကွ ”

“ အေးဟေ့ ... ရှာတာနဲ့ ဖွေတာ ရောသွားလို့ ကွ ... ”

▢ ကြပ်ကလေး
📖သွေးသောက် မဂ္ဂဇင်း
     ဇန်နဝါရီလ ၊ ၁၉၄၉ ခုနှစ်

No comments:

Post a Comment