❝ တစ်ခါတုန်းဆီက ❞
( စိန်ဥမယ် )
ကိုယ့်ကိုယ်ကိုယ်လည်း ရယ်ချင်သည် ။ မြင်ရသူ အဖို့တော့ ခွကျနေမည်လား မသိ ။ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် လေးဖက်ထောက် ကုန်းသွားနေရသည့် အဖြစ်က တော်တော် အကြည့်ရဆိုးမည်ထင်သည် ။ သို့သော် မတတ်နိုင် ။ ဆင့်သဖွယ် ကျိုးတိုးကျဲတဲ ခံထားသည့် ဝါးလုံးများကလည်း ခနော်ခနဲ့ ။ နှီးချက်မရှိ ။ သံချက်ဗလာ ။ ဝါးပိုးဝါးကို ပေါက်ပြီး ခင်းထားသည့် ကြမ်းခင်းကလည်း ဖရိုဖရဲ ။ တစ်ချက်လှမ်းလိုက်တိုင်း အောက်ခံဝါးတွေက လိမ့်နေသည် ။ အပေါ်ကြမ်းခင်းက ရွေ့ပါသွားသည် ။ ခြေနှင့်လက်ကို မနည်း ကုတ်တက်ရသည် ။ နောက်တစ်ချက် အလှမ်းတွင် ခင်းထားသည့် ကြမ်းမှ ဝါးစ တစ်ခုက လက်သည်းကြားထဲ နစ်ဝင်သွားသည် ။ ‘ အောင်မယ်လေး ’ ဟု ယောင်အော်မိသည် ။ လူလည်း ဖင်ထိုင်ချမိလျက်သား ဖြစ်သွားသည် ။ ဟယ်ဟု ဆိုကာ သူ ကပျာကယာ ပြေးလာသည် ။ မှန်း ... ပြစမ်း ၊ ဘာဖြစ် သွားလဲဟု ပြောပြီး လက်ကို အသာကိုင်ကြည့်သည် ။ လက်ထိပ်ခြေထိပ်က အလွန်နာသောနေရာ ။ နာလွန်း၍ ကျွန်မမျက်နှာ ရှုံ့မဲ့သွားသည် ။ “ ဖယ် .... ငါလုပ်ပေးမယ် ” ဟုဆိုကာ ပြူထွက်နေသည့် ဝါးစလေးကို သူ့လက်သည်းဖြင့် အမိကိုင်ပြီး ဆတ်ခနဲ ဆွဲထုတ်သည် ။ ‘ အောင်မယ်လေး ’ ဟု တစ်ချက် အော်မိပြန်သည်ထင်သည် ။ သွေးစို့နေသော လက်ထိပ်ကို ကြည့်ပြီး သူစိတ်မကောင်း စကားဆိုသည် ။
“ ငါ့အိမ်လာလို့ နင် ဒီလိုဖြစ်ရတာ ။ ငါစိတ် မကောင်းပါဘူးဟယ် ”
ကျွန်မ အားနာသွားသည် ။ အာရုံ လွှဲလိုက်ရသည် ။
“ အမှတ်တရပေါ့ဟယ် ”
နှစ်ယောက်သား ပေါ့ပါးစွာ ရယ်လိုက်ကြသည် ။ သူ ကျွန်မကို တွဲပြီး အပေါ်ဆင့်ကို တင်ပေးသည် ။ ဟောင်းနွမ်းပြီး အနားစုတ်နေသည့် ဖျာကလေးပေါ် အသာထိုင်ချလိုက်သည် ။ ‘ ခဏနေဦးနော် ’ ဟုဆိုကာ သူထသွားသည် ။ ကြမ်းနင်းသံ တချုန်းချုန်း မြည်နေသည် ။ သူတို့ဟာနဲ့ သူတို့တော့ အဟုတ်ကြီး ။ တအောင့်ကြာတော့ သူပြန်တက်လာသည် ။ လက်တစ်ဖက်က မည်းတူးနေသည့် မြေကရားအိုးကို ညစ်ထပ်နေသည့် လက်နှီးစုတ်ဖြင့် ခုကိုင်လာသည် ။ တစ်ဖက်က ကရွတ်ခွေနှင့် လက်ဖက်ရည် ပန်းကန်နှစ်လုံး ထပ်ဆင့်ကိုင်လာသည် ။
အပေါ်တစ်လုံးပေါ်တွင် ထန်းလျက်ခဲများ ပါလာသည် ။ နေသားတကျချပြီးတော့ သောက်ဟယ် .... အားမနာနဲ့နော်ဟု ပြောလျက် ရေနွေးငှဲ့ပေးသည် ။ နေလောင်ထားသဖြင့် မွဲခြောက်နေသည့် အသားအရောင် ၊ အပွင့်တွေ ပြယ်လွင့်နေသည့် လုံချည် ၊ ချုပ်ရာဖာရာတို့ဖြင့် ပြည့်နှက်နေသည့်အင်္ကျီ ။ ဆီနှင့်ဝေးသဖြင့် နီကြန့်နေသည့် သူ့ခေါင်းစုတ်ဖွား ။ တစ်ခုစီ လိုက်ကြည့်ပြီး အရင်နဲ့ ဘာမှ မဆိုင်တော့ပါလားဟု တွေးနေမိသည် ။ အထူးသဖြင့် အရင်က သိမ်းမျက်လုံးသဖွယ် ကျွန်မတို့ တင်စား အားကျခဲ့သည့် သူ့မျက်လုံး ။ ခုကြည့်ရတာ တစ်မျိုးဖြစ်နေသည် ။ မေးကြည့်မည် အပြု ၊ ‘ ရော့ သောက်ဦးဟယ် ’ ဟု ပြောပြီး သူ အတင်းထိုးပေးလာသော ရေနွေးကြမ်းပန်းကန်ကို ယောင်ယမ်းကိုင်ပြီး မမေးမိတော့ ။ ထောင်းထနေသည့် ရေနွေးငွေ့များကိုသာ ကျွန်မငေးကြည့်နေမိသည် ။
ကျွန်မတို့ ငယ်ငယ်က ရွာဦး ဘုရားမီးထွန်းပွဲဆီ စိတ်ရောက်သွားသည် ။ သီတင်းကျွတ် မရောက်ခင် တစ်လ နှစ်လ ကြိုပြီး ဖယောင်းတိုင် သေတ္တာတွေ စုဝယ် ထားကြသည် ။ တောက လူများသည် တစ်ယောက်မျှ မအား ။ သက်ကြီးရွယ်အိုနှင့် ကလေးများမှ တစ်ပါး လုပ်နိုင်ကိုင်နိုင်သည့် လူရွယ် လူလတ်အားလုံး မိမိတို့ ယာခင်းလယ်ခင်းထဲတွင် အချိန်ကုန်ကြရသည် ။ ညနေ မိုးချုပ်မှ ရွာပြန်ကြရသည် ။ အပြန်တွင် မိမိတို့ လယ်ထဲ ရိုးထဲရှိ ရွှံ့စေးများကို ခွာခဲ့ကြသည် ။ ရေမိုးချိုး စားသောက်ပြီးကြသည်နှင့် အမောမဖြေအား ။ ရွှံ့တုံးလေးများ ကိုယ်စီဖြင့် ဖယောင်းတိုင် သေတ္တာတွေထားရာ တင့်တင့်တို့ အိမ်သို့ သွားကြသည် ။ လက်ဖက်စားရင်း ၊ ပဲလှော်ဝါးရင်း ရေနွေးကြမ်းသောက်ရင်း ဖယောင်းတိုင် ခံကလေးများလုပ်ကြသည် ။ လောက်စာလုံးလောက် ရွှံ့ကလေးတွေလုံး ။ ဖယောင်းတို င်စိုက်ပြီး ပျဉ်ပြားနဲ့ အသာရိုက်ဖိ ။ ပြားသွားတော့ သူ့အလိုလို ထောင်လို့ ရသွားသည် ။ ဖယောင်းတိုင် ခံထွန်းသော မြေခွက်ကလေးများကိုဝယ်လျှင် ဘာမျှမကုန် အပန်းမကြီး ။ သို့သော် ရွာမှ လူငယ်များက မကြိုက်ကြ ။ အခုလို တစ်ရွာလုံးရှိ လူကြီးလူငယ် လူလတ်အားလုံး တစ်နေရာတည်းစုပြီး ဖယောင်းတိုင်ခံလုပ် ။ ဗန်းကလေးတွေထဲ စီထည့်ထား ။ လပြည့်နေ့ ရောက်လျှင် မိန်းကလေးတွေက ဖယောင်းတိုင် ဗန်းကလေးတွေ ရွက် ၊ ယောက်ျားလေးတွေ က အိုးစည် ၊ ဒိုးပတ်တို့ဖြင့် တီးမှုတ်ကခုန်ကာ တပျော်တပါးကြီး စုပေါင်းသွားကြရသည်မှာ ပျော်စရာ ။
ကျွန်မတို့ ရွာဦးဘုရားက အရစ်ခုနစ်ရစ် ရှိသော ဘုရားငုတ်တို ။ လုံးပတ်တော်က ရွှေတိဂုံဘုရားထက် မငယ် ။ ယောက်ျားလေးတွေက ဒုတိယအရစ်မှ စုပြီး သတ္တမရစ်အထိ ကိုယ့်မျက်နှာအလိုက် တာဝန်ယူပြီး ဖယောင်းတိုင်များ လိုက်ချရသည် ။ မျက်နှာတစ်ဖက် တစ်ရစ်လျှင် အနည်းဆုံး လူနှစ်ဆယ်တာဝန်ယူရသည် ။ အောက်ဆုံးအရစ် ကိုတော့ မိန်းကလေးတွေကပဲ တာဝန် ယူသည် ။ အားလုံး ညီတူချ ပြီး မပြီးကို လူကြီးတွေက လိုက်ကြည့်သည် ။ ချပြီးလျှင် နတ်သမီး ယမ်းမီးခြစ် ကလေးတွေ အသင့်ကိုင်ထားရသည် ။ အချက်ပေး မောင်းကြီးထုသည်နှင့် ပြိုင်တူ မီးထွန်းညှိကြရသည် ။ တစ်နာရီမျှ ညီးညီးတောက် ထွန်းလင်းနေသော ဆီမီးများကို ကြည့်ပြီး တစ်နှစ်တာ မိမိတို့၏ ကောင်းမှုအတွက် ကြည်နူးကြရသည် ။ ဤအလေ့လေးသည် စည်းလုံး ညီညွတ်မှုအပြည့် ရှိသော မြန်မာတို့၏ ချစ်စရာဓလေ့ တစ်ခုဖြစ်သည် ။ ထိုဓလေ့ကို ကျွန်မ နှစ်သက်သည် ။ မြတ်နိုးသည် ။ တွယ်တာသည် ။
ခုဖြင့် ဤသို့ မဟုတ်တော့ ။ လျှပ်စစ်မီးဖြင့် မီးပူဇော် သဖြင့် ကျွန်မတို့ ငယ်ငယ်က ချစ်ကြည်ရင်းနှီးမှု အလေ့လေး ပျောက်ကွယ်သွားလေပြီ ။ ဘုရားလူကြီးတွေက သူ့ အချိန်ကျ မီးထွန်း ။ ရွာမှ လူများကလည်း ကိုယ့် တာဝန် မရှိတော့သလို ။ သွားသူ သွား ၊ မသွားသူ မသွား ။ ပျော်စရာ မကောင်းတော့ ။ စည်းလုံးမှုလည်း လျော့ရဲနေသည် ။
ကျွန်မ စဉ်းစားကြည့်သည် ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများပြားလာခြင်းမှာ ဝမ်းသာစရာ ကောင်းသလောက် ၊ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှု ပိုလာခြင်းမှာလည်း ဝမ်းနည်းစရာ ကောင်းလှသည် ။ ထားတော့ ... ။
သည်တုန်းက ဖယောင်းတိုင်ဗန်းကို ရွက်ပြီး ရှေ့ဆုံးက ကြော့ကြော့လေးလျှောက်လာသူ တင့်တင့်ကို အားလုံးက ငေးကြည့်ကြရသည် ။ တင့်တင့်၏အလှသည် သမင်လည်ပြန် ကြည့်ရသည့်အလှ အသားအရေ ၊ နှာတံ ၊ မျက်ခုံး ၊ ဆံပင် အားလုံးလှသည် ။ အထူးသဖြင့် မျက်တောင်ကော့ကြီးတွေ အောက်က ဝိုင်းစက်ရွှန်းလဲ့နေသည့် သူ့မျက်လုံး ။ အစ်ကို ကာလသားတို့ မပြောနှင့် ကျွန်မတို့ မိန်းမချင်းပင် စွဲမက်ခဲ့ကြရသည် ။
ရွာမှာ အလှူပွဲရှိလျှင် တင့်တင့် မပါ၍ မဖြစ် ။ ကွမ်းတောင်ကိုင်လည်း တင့်တင့် ၊ ပန်းတောင်ကိုင်လည်း တင့်တင့် ၊ ပိုးသူပန်းသူတွေ အချင်းချင်း ကျိတ်ပြီး ရန်ပွဲ ခင်းရသည်အထိ သတင်းကြီးသည့် အလှဘုရင်မ ။
ခုပုံကို မြင်ရတော့ သင်္ခါရလို့ပဲ ပြောရတော့မလား မသိ ။ နှောင်းလူငယ်တွေကို ဒါ ငယ်ငယ်တုန်းက တို့ရွာက ကွမ်းတောင်ကိုင် အလှပဂေးလို့ ပြောလျှင် ဝိုင်းရယ်ကြလေမည်လားမသိ ။ ဘုရားစူး ကျိန်ပြောရမည့် အဖြစ် ။ ယုံတမ်းစကား မဟုတ် ။ တကယ်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်း သိပ်မဝေးလှသေး ။ သည်အချိန်အတွင်းမှာ ဒီလောက် ပြောင်းလဲသွားရသလားဟု တွေးပြီး ကျွန်မ အံ့ဩဝမ်းနည်း နေမိသည် ။
“ မခိုင် ... ဘာ စဉ်းစားနေတာလဲ ”
သူ့အသံကြောင့် ကျွန်မ အတွေးမျှင် ပြတ်သွားသည် ။
“ ဟို တို့ငယ်ငယ်တုန်းက အကြောင်းတွေကိုပါ ”
သူပြုံးလျက် “ ဘာလဲ ၊ ငါကွမ်းတောင်ပန်းတောင် ကိုင်ခဲ့တာတွေကိုလား ” ဟု မေးသည် ။
“ အစုံပါပဲဟယ် ၊ သိပ်ချစ်စရာ ကောင်းခဲ့တဲ့ ဆီမီးထွန်းပွဲတွေကို ရောပါ ”
သူ ကျွန်မကို ကြည့်ပြီး တမ်းမောစွာ ပြောသည် ။
“ ဟုတ်တယ်နော် ။ ဒါတွေဟာ အခုတော့ အိပ်မက်လိုပါပဲဟယ် ”
“ အိပ်မက်ဟုတ်တယ် ။ နိုးထချင်စိတ် မရှိလောက်အောင်ကို လွမ်းမောစရာ ကောင်းတဲ့အိပ်မက် ”
ကျွန်မကို သူဘယ်လို နားလည်သည်မသိ ။ ငေးကြည့်နေသည် ။
ရေနွေးကြမ်းပန်းကန်ကို အသာပြန်ချလျက် တွေ့ချင်သောအရာကို မေးလိုက်သည် ။
“ ဒါနဲ့ ၊ နင့်သမီးအကြီးက ခြေတွေလက်တွေ မသန်ဘူးဆို ။ ဘယ်မှာလဲ ”
“ ဟိုမှာလေ ” ဟု ဆိုကာ မီးဖိုဘက်ကို သူ လက်ညှိုးထိုးပြသည် ။ ငုတ်တုတ်ထိုင်နေသည့် အပျိုဖျန်းအရွယ် မိန်းကလေးတစ်ယောက် ကျွန်မကို အထူးအဆန်းသဖွယ် လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည် ။ တင့်တင့်၏ ငယ်ငယ်တုန်းက အလှကို ကလေးမလေး မျက်နှာတွင် တွေ့နေရသည် ။ ကျွန်မ ကလေးမလေးဆီ သွားမည်ဟု ဖြုန်းခနဲ ထလိုက်သည် ။ အောက်က ဝါးလုံးက ကျွီခနဲလိမ့်သွားသည် ။ ဘုရားတပြီး ပြန်ထိုင်လိုက်ရသည် ။ တင့်တင့်က ကျွန်မကို လက်ကမ်းပေးသည် ။ သူ့လက်ကို အားပြုပြီး ကလေးဆီ အရောက်သွားရသည် ။ သူ့ဘေးနား အသာဝင်ထိုင်သော ကျွန်မကို ပြုံးပြီး နှုတ်ဆက်သည် ။ သမီး နာမည် ဘယ်လိုခေါ်လဲ ။ ကျွန်မ မေးကြည့်သည် ။ တင့်တင့်က ကျွန်မကို ကြည့်ပြီး သမီးက စကားမပြောတတ်ဘူး မခိုင်ရဲ့ ဟု ဝမ်းနည်းစွာ ပြောလိုက်သည် ။ သိမ်နေသည့် ခြေကလေး ၊ လက်ကလေးတွေကို ကျွန်မ အသာ ကိုင်ကြည့်သည် ။ တင့်တင့် က သူ့သမီး အကြောင်းကို ပြောပြနေသည် ။
“ မွေးကတည်းက ပါလာတာလေ ၊ တောဆရာ မြို့ဆရာစုံနေတာပါပဲဟယ် ။ မွေးရာပါ ဆိုတော့ မရတော့ဘူးတဲ့လေ ။ စကား မပြောတတ်တာထက် လမ်းမလျှောက်နိုင်တာက ခက်တယ် ။ ထမင်းလည်း ခွံကျွေးရတယ် ။ လုံချည်အင်္ကျီကအစ ဝတ်ပေးရတယ် ။ ကုသိုလ် ဆိုးပါတယ်ဟယ် ”
ပြောရင်း မျက်ရည်ကျလာသည် ။ ကျွန်မတို့ ရုံးက အရာရှိကြီး သားလေးကို သွားသတိရသည် ။ မွေးတုန်းက အကောင်း ၊ ဆေးထိုးမှားပြီး အောက်ပိုင်းသေသွားသည် ။ ဒါပေမဲ့ သူတို့အဖို့ အရေးမကြီး ။ အထိန်းနှင့် အချီနှင့် အချော့နှင့် ။ မအေက အလုပ်မရှိ ။ မသန်မစွမ်း ကျောင်းတွင် တစ်နေကုန် ကျောင်းလိုက်တက်နေသည် ။
ကလေးမလေး၏ ရှေ့ရေးကို ကျွန်မ တွေးကြည့်သည် ။ အပျိုဖြစ်လျှင် အခက် ။ မအေ မရှိလျှင် မလွယ် ။
“ နင့်သား အလတ်ကလေးရော ”
“ ခု သူပဲ လုပ်ကျွေးနေတာပေါ့ဟယ် ၊ တစ်နေ့ သုံးကျပ်နဲ့ စက်လှေမှာ ဝါးထိုးလူခေါ် လုပ်နေရတယ် လေ ။ ငါကလည်း တစ်ဖက်က ဟင်းရွက်ကလေး ဘာလေး ရောင်းနဲ့ ပေါ့ဟယ် ”
“ ဝါးထိုးရအောင် အသက်ဘယ်လောက်ရှိလို့လဲ ”
“ ကိုးနှစ်လေ ”
“ ကျောင်းမထားဘူးလား ”
“ ထမင်းတောင် နပ်မှန်အောင် မနည်းစားနေရတာ ။ ဘယ်လိုလုပ် ကျောင်းထားမလဲ ။ ဒီကြားထဲ ငါက မျက်လုံး ကောင်းကောင်း မြင်ရတာ မဟုတ်ဘူး ”
ဟုတ်ပါရဲ့ ရောက်ကတည်းက ကျွန်မ သတိထား မိသည် ။ ဟိုပြော ၊ ဒီပြောနှင့် မမေးဖြစ် ။ ခုမှ မေးရသည် ။
“ ဟုတ်တယ် ၊ နင့်မျက်လုံး ကြည့်ရတာ တစ်မျိုးကြီးပဲ ၊ ဘယ်လို ဖြစ်တာလဲ ”
“ သလ္လာဖုံးတယ်ခေါ်မလားဟယ် ၊ မတွေ့ဘူးလား ။ အနက်ပေါ် အဖြူတွေ ဖုံးလိုက်လာတာ ”
သူ့မျက်လုံး အောက်မျက်ခမ်းကို ဆွဲဖိပြီး သူပြသည် ။ သူ့စကားပြောပုံမှာ ပေါ့ပေါ့လေး ။ သူ့မျက်လုံး ကွယ်သွားလျှင် အခက် ၊ ကျွန်မ ပြောကြည့်သည် ။
“ နင် ဒီလိုပေါ့ပေါ့နေလို့ ဘယ်ဖြစ်မလဲ ။ မျက်လုံးဟာ အရေးကြီးတယ် ။ ငါပြန်ရင် လိုက်ခဲ့ ။ ဟိုမှာ ပါရဂူတွေနဲ့ ပြကြည့်ရအောင် ”
“ ဒီဒုက္ခိတကို ထားခဲ့ပြီး ငါဘယ်လိုလုပ် လိုက်မလဲ ။ ငါမရှိရင် အကုန်ထမင်းငတ်ကုန်မှာ ”
သူ့သမီးဘက် လှည့်ကြည့်ပြောရင်း ငိုပြန်သည် ။ အငူသား ထိုင်နေသော ကလေးမကို ကျွန်မ ကြည့်သည် ။ ငိုနေသော သူ့အမေကို တစ်လှည့် ၊ ကျွန်မကို တစ်လှည့် သူ ကြည့်နေသည် ။ သူ့မျက်နှာသည် ခံစားမှုမဲ့မျက်နှာမျိုး ။ အသိဉာဏ်ရော ရှိရဲ့လား ။ ကျွန်မ ဆက်မမေးချင်တော့ ။
ထိုအချိန်တွင် အိမ်ပေါ်သို့ လူတက်လာသဖြင့် ကြမ်းမြည်သံ ကြားလိုက်ရသည် ။ ကျွန်မ လှည့်ကြည့်မိသည် ။ ဘောင်းဘီဗလာ ၊ အင်္ကျီကစုတ်ပြဲနှင့် ဖုန်အလူးလူး ကပ်ငြိနေသော ငါးနှစ်ခြောက်နှစ်အရွယ် ကလေးတစ်ဦးကို မြင်လိုက်ရသည် ။
“ ဒါ ငါ့သား အငယ်ဆုံးလေ ၊ သူ့အဖေ ပိုးထိပြီးဆုံးတော့ ကိုယ်ဝန်နဲ့ ကျန်ခဲ့တာ ”
မျက်ရည်ကိုသုတ်ရင်း သူပြောသည် ။
“ မေမေ ထမင်းစားမယ် ” ဟု ကလေးက လှမ်းအော် ပြောသည် ။
“ ဟဲ့နေဦး ဟင်းမရှိသေးဘူး ” ဟု တင့်တင့်က ပြန်ပြောသည် ။
လေးဖက်ထောက် တွားသွားပြီး စောစောက ကျွန်မ စားရန် ချထားသည့် ထန်းလျက်ပန်းကန်ကို လှမ်းဆွဲရင်း ဒါနဲ့ စားမယ်ဟု ပြောနေပြန်သည် ။
“ ဟဲ့ မလုပ်နဲ့ သား ၊ ဒါ ဒေါ်ဒေါ်ကြီး စားဖို့ ”
တင့်တင့်က အတင်းထမည် ပြုသည် ။ ကျွန်မ လှမ်း ဆွဲထားလိုက်ရသည် ။
“ နေပါစေ တင့်တင့် ၊ ကလေး စားချင်စားပါစေ ၊ ကျွေးလိုက်ပါ ”
ဒီတော့မှ တင့်တင့်က ဒီကို ယူလာခဲ့သား ဟု လှမ်းပြောသည် ။ ပန်းကန်တစ်ဖက်ကိုင်လျက် လေးဖက်ထောက် လာနေသော ကလေးကို ကြည့်ပြီး သူလည်း ငါ့လိုပါပဲလား ဟု တွေးပြီး ရယ်ချင်သွားသည် ။ ထမင်းကြမ်းခဲနှင့် ထန်းလျက်ကို မြိန်ရေရှက်ရေ စားနေသော ကလေးငယ်ကို ကျွန်မ ကရုဏာသက်စွာ ကြည့်နေမိသည် ။ မမကြီး ကိုလည်း နည်းနည်း ကျွေးလိုက်သား ဟု ဆိုသဖြင့် သူ့အစ်မကြီး ကိုလည်း ခွံ့ကျွေးလိုက်သေး သည် ။ ထမင်းလုတ်ဝါးနေသော ကလေးနှစ်ယောက်ကို ကြည့်ပြီး ကျွန်မ ရင်ထဲ ဆို့နင့်နင့်ကြီး ဖြစ်နေသည် ။
“ မခိုင်လည်း တစ်ခါတလေ တောပြန် လာလည်ပါတယ် ။ ငါ့အိမ် လာပြီး စိတ်ညစ်နေပြီ ထင်တယ် ”
စိတ်ညစ်တာ မဟုတ်ပါဘူးဟယ် ။ စိတ်မကောင်း ဖြစ်နေတာပါဟု ပြန်ပြောချင်သော်လည်း ငိုချင်လျက် လက်တို့ ဖြစ်နေမှာစိုး၍ မပြောလိုက်တော့ ။ သွားဦးမယ်နော်ဟု နှုတ်ဆက်တော့ အိမ်ဝအထိ သူ တွဲပို့သည် ။ မပြန်ခင်လာခဲ့ဦးဟယ်ဟု သူဖိတ်တာကို ခေါင်းညိတ် လက်ခံလိုက်သည် ။
“ ကုသိုလ် ဆိုတာ ဒါပဲဖြစ်မယ် မခိုင် ၊ တစ်ရွာတည်း နေ ၊ တစ်ရေတည်းသောက်ကြီးပြင်းခဲ့ကြတဲ့ နင်နဲ့ ငါ့ဘဝကိုပဲ ကြည့် ”
လူချင်း ခွဲခါနီး ပြောလိုက်သည့်စကားက ရင်ထဲပါလာသည် ။
ရွာလမ်းမပေါ် လျှောက်လာရင်း တစ်ချိန်က ချစ်စဖွယ် ဆီမီးထွန်းပွဲနှင့် တင့်တင့် ကို မြင်ယောင်နေမိသည် ။
▢ စိန်ဥမယ်
📖ပေဖူးလွှာ မဂ္ဂဇင်း
မေ ၊ ၁၉၈၇
No comments:
Post a Comment