❝ ညီအစ်ကို နှစ်ယောက် ❞
( ပုံပြင် )
ရှေးသရောအခါ တိုင်းပြည် တစ်ပြည်တွင် မောင်ရောင့်ရဲ နှင့် မောင်ကြံဆ အမည်တွင် သော ညီအစ်ကိုနှစ်ဦး ရှိကြ၍ မောင်ရောင့်ရဲ သည် အစ်ကို ဖြစ်၍ မောင်ကြံဆ မှာ ညီ ဖြစ်လေသည် ။
အစ်ကိုဖြစ်သူ မောင်ရောင့်ရဲ မှာ အစစအရာရာတွင် နာမည်နှင့် လိုက်အောင် တင်းတိမ်ခြိုးခြံ ၊ ရောင့်ရဲတတ်သော အလေ့အကျင့်နှင့် ပြည့်စုံသည့်သူ ဖြစ်သကဲ့သို့ ညီဖြစ်သူ မောင်ကြံဆ မှာလည်း နာမည်နှင့် လိုက်အောင်ပင် အစစအရာရာတွင် မရမက ကြံဆ လုပ်ကိုင်သော အလေ့အကျင့်နှင့် ပြည့်စုံသူ ဖြစ်လေသည် ။
တစ်နေ့သ၌ မောင်ရောင့်ရဲ နှင့် မောင်ကြံဆ တို့သည် ခရီးတစ်ခုသို့ အတူတကွ ထွက်ခွာသွားကြ၏ ။ နေ့လယ်မွန်းတည့်ပိုင်းသို့ရောက်လျှင် တောအုပ်တစ်အုပ် အတွင်းသို့ ရောက် ရှိသွားကြ၍ ပင်ပန်းနွမ်းနယ်ကြရကား နားနေအိပ်စက်ခြင်း ပြုကြလေ၏ ။ အိပ်ရာမှ နိုးကြလတ် သော် ညီအစ်ကိုနှစ်ဦး၏ ဘေးတွင် ကျောက်တုံးကြီး တစ်တုံးကို တွေ့မြင်ရ၍ ထိုကျောက်တုံး ပေါ်တွင် စာအချို့ရေးသားထားသည်ကို တွေ့မြင်ကြရ သဖြင့် ကြိုးစားပြီး ဖတ်ကြလေ၏ ။
ကျောက်တုံးပေါ်ရှိ စာတို့ကား “ ဤကျောက်တုံးကို တွေ့သောသူသည် နံနက် နေထွက်လျှင်ထွက်ချင်း သစ်တော အတွင်းသို့ တန်းတန်းမတ်မတ်ကြီး ဝင်ရောက်ခြင်းပြုပါ ။ သစ်တော အတွင်းတွင် ဥဒဟို စီးဆင်းနေသော မြစ်တစ်မြစ်ကို တွေ့ရလိမ့်မည် ။ ထိုမြစ်ကို တွေ့လျှင် တစ်ဖက်ကမ်းသို့ ကြိုးစားပြီး ရောက်အောင်ကူးပါ ။ တစ်ဖက်ကမ်းသို့ ရောက်လျှင် ဝက်ဝံမကြီးနှင့် ဝက်ဝံမကြီး မွေးထားသော ဝက်ဝံကလေးများကို တွေ့ရလိမ့်မည် ။ ထိုဝက်ဝံကလေးများကို ဆောင်ကြဉ်း၍ နောက်ကို ပြန်မကြည့်ဘဲ တောင်ထိပ်သို့ ရောက်အောင် ပြေးတက်ပါ ။ တောင်ထိပ်ပေါ်တွင် အိမ်တစ်လုံးကို တွေ့ရမည် ဖြစ်၍ ထိုသူသည် ထိုအိမ်တွင်း၌ ထာဝစဉ် ပျော်ရွှင်ပြီး နေထိုင်ရလိမ့်မည် ” ဟု အထက်ပါအတိုင်း ရေးထားလေသည် ။
ထိုစာတို့ကို ဖတ်ပြီးကြသည်နှင့် တစ်ပြိုင်နက် မောင်ကြံဆ က အားရဝမ်းသာနှင့် “ အစ်ကို ကျွန်ုပ်တို့ အတူတကွ သွားရောက်ကြပါစို့ ၊ ကျွန်ုပ်တို့သည် မြစ်ကို ဖြတ်ကူးပြီး ဝက်ဝံကလေးများကို သယ်ဆောင်၍ အိမ်ထဲသို့ ရောက်သွားလျှင် ကျွန်ုပ်တို့ညီအစ်ကို ပျော်ရွှင်စွာ နေထိုင်ရန်သာ ရှိပါတော့သည် ” ဟုပြောကြား၍ မောင်ရောင့်ရဲ ကို ခေါ်ငင်ခြင်းပြုလေ၏ ။
ထိုအခါ မောင်ရောင့်ရဲက “ ညီမောင် အစ်ကိုသည် တောတွင်းသို့လည်း မလိုက်လိုပါ ။ ဝက်ဝံကလေးများ ကိုလည်း မဖမ်းဆီးလိုပါ ။ ညီမောင် ကိုလည်း မသွားရန် အကြံပေးလိုပါသည် ။ ဦးစွာပထမ ဤကျောက်တုံးပေါ်တွင် ရေးထားသည့် စာတို့သည် မှန်မည် မမှန်မည် ကိုလည်း အစ်ကို စဉ်းစားကြည့်ပါသည် ။ ပြောင်လှောင်ရေးသားထားသော စာတို့သည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည် ။ သို့ရာတွင် ဤစာတို့သည် အမှန် ရေးထားသည့် စာများပင် ဖြစ်စေဦး ၊ ဤသို့ တောတွင်းသို့ သွားရောက်ခြင်းပြုကြကာ ညဉ့်အချိန် မတော် မှပင် ရောက်ကြရန်ရှိ၍ မြစ်ကို တွေ့အောင် ရှာရန်မှာလည်း လွယ်ကူမည် မဟုတ်ပါ ။ အကယ်၍ မြစ်ကို ရှာဖွေတွေ့ရှိ သည့်တိုင်အောင် မြစ်ကို ဖြတ်ကူးစဉ် ကျွန်ုပ်တို့ အသက်ဆုံးရှုံးခြင်းဖြစ်လိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် မြစ်သည် အဘယ်မျှ ကျယ်ဝန်းကြောင်း မသိသဖြင့် ဖြတ်ကူးနိုင်မှ ဖြတ်ကူးနိုင် ကြလိမ့်မည် ။ မြစ်ကိုတွေ့ရှိ၍ ဖြတ်ကူးနိုင်သည် ထားဘိဦး ၊ အန္တရာယ် ကြီးလှသောဝက်ဝံမကြီး ထံမှ ဝက်ဝံကလေးများကို ယူဆောင်ရန် လွယ်ကူသည့် အလုပ် မဟုတ်ပါ ။ ဝက်ဝံမကြီး၏ လက်တွင်းသို့ ကျွန်ုပ်တို့ ရောက်ရှိသွားက အိမ်ကြီးသို့ ရောက်မှ တွေ့ရမည့်ပျော်ရွှင်ခြင်းကို မတွေ့ကြရမီ သေဆုံးကြရလိမ့်မည် ။ သို့ဖြစ်၍ ဤခရီးကို သွားသော်လည်း အချည်းနှီးတည်း ။ အကယ်၍ ဝက်ဝံမကြီး ထံမှ ဝက်ဝံကလေးများ ယူဆောင်၍ တောင်ပေါ်သို့ ပြေးတက်သွားသောအခါလည်း ကျွန်ုပ်တို့သည် တောင်၏ အမြင့် အဘယ်မျှ မြင့်သည်ကို မသိကြရသဖြင့် တောင်ထိပ်သို့ ရောက်ချင်မှ ရောက်ကြလိမ့်မည် ။ အကယ်၍ တောင်ထိပ်သို့ ရောက်၍ အိမ်ကြီးထဲသို့ ရောက်သွားကြသည့်တိုင်အောင် ထိုအိမ်ကြီးထဲမှ စောင့်စားနေသော ပျော်ရွှင်ခြင်း ဆိုသည်မှာ ကျွန်ုပ်တို့ နှစ်လိုသော ပျော်ရွှင်ခြင်းမျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မည် ” ဟု ညီငယ် မောင်ကြံဆ အား ရှည်လျားစွာ ရှင်းလင်းပြလေ၏ ။
ထိုအခါ မောင်ကြံဆက “ အစ်ကို ၊ ကျွန်ုပ် စိတ်ထင် ပြောရလျှင် အစ်ကို မှားပြီဟု ထင်ပါသည် ။ ဤကျောက်တုံးပေါ်တွင် ရေးထားသောစာတို့မှာ လုံလောက်သောအကြောင်းများကို ဖော်ပြထားသည်ကား အထင်အရှားဖြစ်၏ ။ ကျွန်ုပ်တို့သည် မလျော့သောလုံ့လဖြင့် မြစ်ကို ဖြတ်ကူးကြလျှင် မြစ်၏ တစ်ဖက်ကမ်းသို့ မရောက်မနေ ရောက်ကြမည်သာဖြစ်တော့သည် ။ မြစ် တစ်ဖက်ကမ်းသို့ ရောက်၍ ဝက်ဝံမကြီး ထံမှ ဝက်ဝံငယ်ကလေးများကိုယူဆောင်ပြေးခြင်း ပြုက အိမ်ကြီးထဲတွင် ပျော်ရွှင်ဖွယ်ရာ တွေ့ရမည်ကား မချွတ်တည်း ။ ကျွန်ုပ်တို့သည် ကျောက်တုံးပေါ် က စာကို ဖတ်ရ ကတည်းက ပျော်ရွှင်ခြင်း ရရမည်မှာ မလွဲဧကန် အမှန်ဖြစ်သည် ။ သို့ရာတွင် မသွားဘဲနေပါမူ ထိုပျော်ရွှင်ခြင်းကို ရမည် မဟုတ်ပါ ။ လောကတွင် ကြိုးစားအားထုတ်ခြင်းမပြုဘဲ မည်သူသည် အလိုအလျောက် အောင်မြင်ခြင်းကို တွေ့ဖူးသနည်း ။ ကျွန်ုပ်သည် ထိုအိမ်ကြီး သို့အရောက် အားထုတ်ကြိုးစား၍ သွားရမည်ကို နည်းနည်းကလေးမျှ ကြောက်ရွံ့စိုးရိမ်ခြင်း မရှိပါ ။ အစ်ကို မလိုက်လျှင် ကျွန်ုပ် တစ်ယောက်တည်း သွားရောက်ခြင်း ပြုပါမည် ” ဟု ရဲရင့်စွာ ပြောကြားခြင်းပြု၏ ။
ထိုအခါ မောင်ရောင့်ရဲ က “ ညီမောင် ၊ လောကတွင် အလိုကြီးလျှင် အရနည်း ဟူသော စကားပုံရှိသည် မဟုတ်ပါလော ။ ကြောက်တတ်လျှင် ဝန်ကင်းသည် ဟူသော စကားပုံလည်း ရှိသည် မဟုတ်ပါလော ။ ညီမောင် ထိုစကားပုံတို့ကို စဉ်းစားဆင်ခြင်၍ သွားသင့်မသွား သင့်ဆုံးဖြတ်လော့ ” ဟု မောင်ကြံဆ အား ပြောကြားလေ၏ ။
“ အစ်ကို လောကတွင် ကြောက်လျှင် လွဲ ရဲ မင်းဖြစ် ဆိုသည့် စကားပုံကိုမူ အစ်ကို မေ့ ထားပြီလော ။ ကျွန်ုပ်သည် ထိုစကားပုံကို ယုံကြည်၍ အထူးတွေးခေါ်ဆင်ခြင်ရန် မလိုတော့ပါ ။ ကျွန်ုပ် မသွားဘဲမနေ သွားပါတော့မည် ” ဟု မောင်ကြံဆ က ဇွတ်အတင်း ပြောလျက် တောတွင်း သို့ ဝင်ရောက်သွားသောကြောင့် မောင်ရောင့်ရဲ မှာ နေရာတွင်ပင်ကျန်ရစ်လေ၏ ။
ထို့နောက် မောင်ကြံဆ သည် တောတွင်းသို့ ရောက်၍ မြစ်တစ်မြစ်ကို တွေ့ရပြီး ထိုမြစ်ကို ဖြတ်ကူး၏ ။ ထိုမြစ်၏ တစ်ဖက်ကမ်းသို့ ရောက်လျှင် အိပ်ပျော်နေသော ဝက်ဝံမကြီး၏ ကလေးတို့ကို တိတ်တဆိတ် ခိုး၍ နောက်သို့ လှည့်မကြည့်ဘဲ တောင်ပေါ်သို့ အပြေးအလွှား တက်လေ၏ ။ တောင်ထိပ်သို့ မောင်ကြံဆ ရောက်သွားသောအခါ တောင်ပေါ်၌ နေထိုင်ကြ သော တောင်ပေါ်သားတို့သည် တစ်ခဲနက် ကြိုဆိုခြင်းပြုလျက် အသင့်ဆိုက်ထားသော ရထား ပေါ်တွင် မောင်ကြံဆ အား တင်ဆောင်လျက်မြို့တော်ထဲသို့ ခေါ်ဆောင် သွားကြလေ၏ ။
မြို့တော်သို့ ရောက်လျှင် မောင်ကြံဆအား ဘုရင် အဖြစ် တင်မြှောက်ခြင်းပြုလေ၏ ။ မောင်ကြံဆ တိုင်းပြည်ကို အုပ်စိုး၍ ငါးနှစ်ကြာခြောက်နှစ်အတွင်းသို့ ရောက်သောအခါ သူ့ ထက် အင်အား ကြီးမားသော ဘုရင်တစ်ပါး၏ စစ်ပြုခြင်းကို ခံရလျက် မောင်ကြံဆ မှာ စစ်ရှုံး၍ သူ့တိုင်းပြည်မှ ထွက်ပြေးခဲ့ရလေ၏ ။
ထို့နောက် မောင်ကြံဆ သည် ဟိုရောက် သည်ရောက်နှင့် လူလေလူလွင့် ကဲ့သို့ သွားလာခဲ့ရာမှ သူ့အစ်ကို မောင်ရောင့်ရဲ အိမ်သို့ ရောက်ရှိသွားလေသည် ။ မောင်ရောင့်ရဲသည် အလွန်လည်း မချမ်းသာ ၊ အလွန်လည်း မဆင်းရဲဘဲ သင့်တင့်လျောက်ပတ်စွာ နေထိုင်စား သောက်ရသည်ကို မောင်ကြံဆ တွေ့ရလေသည် ။
မောင်ရောင့်ရဲ နှင့် မောင်ကြံဆ တို့မှာ အတန်ကြာ ကွဲကွာပြီးမှ ပြန်လည်တွေ့ဆုံရ သဖြင့် အလွန့်အလွန် ဝမ်းမြောက်ခြင်း ဖြစ်လျက် နောက်ကြောင်းများကို ပြောမဆုံးနိုင်အောင် ရှိကြလေ၏ ။
ထို့နောက် မောင်ရောင့်ရဲ က “ ညီမောင် ၊ သင်သည် ကြီးကျယ်သော ဘုရင်ကြီး အဖြစ်ကို ရခဲ့၍ ကြီးကျယ်သော ဒုက္ခကြီးကို ရင်ဆိုင်ရခြင်းမှာ အလိုကြီး၍ အရနည်းသည်နှင့် မတူပါ လော ။ ကျွန်ုပ်မှာမူကား သင့်ကဲ့သို့ အလိုမကြီး၍ ဒုက္ခလည်း မတွေ့ ၊ အေးချမ်းစွာ နေထိုင်ရ သည် ။ သင်မြင်ရပြီ မဟုတ်လော ” ဟုပြောကြားလေ၏ ။
“ မှန်ပါသည် ၊ သို့ရာတွင် ကျွန်ုပ်လည်း နောက်က ဖြစ်ပျက်ခဲ့သည်ကို မေ့ပျောက်လိုက်၍ အစ်ကိုနှင့် အတူ အေးချမ်းစွာ နေထိုင်ပါတော့မည် ။ အစ်ကိုမှာ ဘာမျှ တွေးတောစရာ မရှိသော်လည်း ကျွန်ုပ်မှာကား ကြီးကျယ်သော ဘုရင် အဖြစ်ကို ရဖူးသော အကြောင်းများအား တွေးတောစရာ ရှိပါသည် ” ဟု မောင်ကြံဆက ပြန်ပြောလေသည် ။
〇 ကိုကြီးမြင့်သိန်း
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၇ ၊ စက်တင်ဘာ
No comments:
Post a Comment