Saturday, August 16, 2025

မောင်တောက်တဲ့

 

❝ မောင်တောက်တဲ့ ❞
          ( ပုံပြင် )

ဟိုရှေးရှေးတုန်းက ရွာတစ်ရွာတွင် မောင်တောက်တဲ့ ဆိုသော လူတစ်ယောက် ရှိ၏ ။ သူသည် အလွန်ပျင်း၏ ။ ကိုယ့်ဝမ်းစာကိုပင် ကိုယ်လုပ်ကိုင်စားချင်သူမဟုတ် ။ အိမ်တကာ လှည့်၍ တောင်းရမ်းစား၏ ။ ရွာသူရွာသားများကလည်း မိုးလေဝသ ကောင်းသဖြင့် ဆန်ရေစပါး ပေါရကား သူ့ကို ထမင်းကျန် ဟင်းကျန် ကျွေးကြ၏ ။

မောင်တောက်တဲ့သည် လူပျင်း ဖြစ်သောကြောင့် အိမ်ပိုင်ယာပိုင် မရှိ ။ ရွာအနောက် က ဇရပ်ပျက်သည် သူ့အိမ် ဖြစ်၏ ။ ဇရပ်ပျက်သည် ဟောင်းနွမ်းဆွေးမြေ့လှပြီ ။ ကြမ်းလည်း ကျိုးနေ၏ ။ အမိုးလည်း မလုံတော့ ။ အကာအရံကား လုံးဝ မရှိချေ ။ ထို့ကြောင့် မောင်တောက်တဲ့ နေရသည်မှာ ဇိမ်မတွေ့ ၊ မိုးရွာလျှင် မိုးရွှဲ၏ ။ လေတိုက်လျှင် ချမ်း၏ ။ အိပ်ရသည်မှာလည်း အရသာ မရှိ ။ ထိုင်ရသည်မှာလည်း အရသာ မရှိ ။ ခက်ချေပြီဟု မောင်တောက်တဲ့ ညည်းမိ၏ ။

မောင်တောက်တဲ့ ညည်းတွားနေစဉ် လှည်းသမားကြီးက အမှတ်မထင် ကြားသည်နှင့် “ အမိုး မလုံရင် အမိုး မိုးရမယ် ၊ အကာ မလုံရင် အကာ ကာရမယ် ” ဟု မောင်တောက်တဲ့အား အကြံပေး၏ ။ မောင်တောက်တဲ့က ထိုအကြံကို လက်မခံချေ ။ အကာ ကာရမှာ ပျင်းစရာကောင်းသည် ။ အမိုးမိုးရမှာ ပျင်းစရာ ကောင်းသည်ဟု ယူဆထား၏ ။ သို့သော် မိမိချမ်းသာရာ ချမ်းသာကြောင်း မည်သို့ ကြံရပါမည်နည်းဟု စဉ်းစား၏ ။ နောက်ဆုံးတွင် မောင်တောက်တဲ့ အကြံရပြီး မိုးနတ်သား နှင့် လေနတ်သား အား မိုးမရွာရန်နှင့် လေမတိုက်ပါရန် တောင်းပန်မည်ဟု ဆုံးဖြတ်လိုက်၏ ။

ထို့ကြောင့် မောင်တောက်တဲ့ မိုးနတ်သား ထံသို့ သွား၏ ။ ရောက်လျှင် “ မိုးနတ်သား ရယ် ၊ မိုးမရွာပါနဲ့တော့ ၊ မိုးရွာနေရတာဟာ ခင်ဗျားလည်း ပျင်းစရာ ကောင်းပါတယ် ၊ ပင်လည်း ပင်ပန်းပါတယ် ” ဟု ပြော၏ ။ ဤတွင် မိုးနတ်သားက “ ဤလူမိုက်ကို နောင်တရအောင် လုပ်မှပဲ ” ဟု တွေးမိပြီး “ ကောင်းပြီ ၊ အသင် ပြောသည့်အတိုင်း မိုးမရွာတော့ပါ ” ဟု ဆိုလိုက်လေ၏ ။ တဖန် မောင်တောက်တဲ့သည် လေနတ်သား ထံသို့ သွားပြန်၏ ။ ရောက်လျှင် “ အသင် လေနတ်သားရယ် ၊ လေမတိုက်ပါနဲ့တော့ ၊ ခင်ဗျားမလဲ ပင်ပန်းပါသေးတယ် ၊ အစဉ်လေတိုက် နေရတဲ့အတွက် ပျင်းစရာလည်း ကောင်းပါသေးတယ် ” ဟု ပြောလေ၏ ။ ဤတွင် လေနတ်သား လည်း မိုးနတ်သား နည်းတူ “ ဒီလူပျင်း ၊ နောင်တရအောင် လုပ်လေမှပဲ ” ဟုတွေးပြီး “ သင် ပြောသည့်အတိုင်း လေမတိုက်တော့ပါ ” ဟု ကတိပြုလိုက်လေသည် ။

ထိုနေ့မှစ၍ မိုးနတ်သားနှင့် လေနတ်သားသည် ခုနစ်ရက်တိတိ မိုးမရွာ လေမတိုက် ဘဲ ထားလိုက်လေသည် ။ ဤတွင် တောင်သူလယ်သမားတို့မှာ မိုးလေဝသ မကောင်းဟု ဆိုကာ အစားအစာများကို ခြိုးခြံ စားသောက်ကြလေသည် ။ ဤတွင် လူပျင်းမောင်တောက်တဲ့မှာ မည်သည့် အိမ်ကမှ ထမင်းတောင်းရမ်း၍ မရတော့သဖြင့် နောင်တကြီးစွာ ရရင်း အစာငတ် သေသွားရှာလေသည် ။

မောင်တောက်တဲ့မှာ အများ၏ အကျိုးစီးပွား ပျက်မှုကို မမြင်ဘဲ မိမိ သက်သာချောင်ချိမှုကိုသာ ကြည့်တတ်သောကြောင့် နောင်ဘဝတွင် သတ္တဝါတစ်ကောင် ဖြစ်သောအခါ၌ပင် ဒဏ်ခံရလေ၏ ။ သူသည် အလွန် ပူအိုက်သော သစ်ခေါင်း ထဲတွင် နေရပြီး မိုးသံလေသံ ကြားလျှင် “ တောက်တဲ့ ၊ တောက်တဲ့ ” ဟု မြည်တတ်လေ၏ ။ သူ့အသံကို နားထောင်ပြီး မိုးရွာမည် ၊ လေတိုက်မည် တို့ကို တောင်သူလယ်သမားကြီးများက ခန့်မှန်းနိုင်ကြလေသတည်း ။

〇 ကိုကြီးဆောင်း
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၈ ၊ မတ်

No comments:

Post a Comment