❝ မိန်းမကြီး ❞
( ပီမိုးနင်း )
“ ဟေ့လူ နေပါဦးဗျာ ၊ ပြန်တော့မလို့လား တရွရွနဲ့ ”
ဟု ပြောကာ မောင်ပွကြီးသည် မိမိ၏ သူငယ်ချင်းဟောင်း မောင်ဘေ၏ ပခုံးပါးပါးလျောလျောကလေးကို မိမိ၏ ကြီးမားထူထဲသော လက်ကြီးများနှင့် ဖဲ့၍ စားတော့မလို ကိုင်ဖျစ်ကာ ကြည့်ရင်း ပြောလေ၏ ။
ဘေ ။ ။ “ ပြန်ဦးမယ် သူငယ်ချင်းရယ် ၊ ညဉ့်နက်ပြီ ”
ပွကြီး ။ ။ “ ဘယ်က ပြန်ရမလဲ မဟုတ်တာ သီချင်း ကလေးတစ်ပုဒ် ပြီးအောင် စောင့်ပြီး ခေါက်ဆွဲဆိုင် သွားရအောင် ခေါက်ဆွဲဆိုင်မှာ ဟိုသင်းရနိုင်ရဲ့လား ”
“ ဘာလဲ .. ဘီယာလား ၊ ငါ မသောက်တော့ဘူးကွယ့် ၊ နက်ဖြန်မှ တွေ့သေးတာပေါ့ ”
“ ငါ လင်းအားကြီး ရထားနဲ့ ပြန်ရမှာကွယ့် ၊ တစ်ရက်တောင် လွန်နေပြီ ”
“ ဘာပြောတယ် ... မင်း တကယ် မသောက်တော့ဘူးလား ”
“ အဟုတ်တကယ် ပြောတာပါ ”
ပွကြီးသည် မကြားဝံ့ မနာသာ စကားကို ကြားရသကဲ့သို့ နောက်သို့ ဆုတ်ကာ ရပ်လျက် မိမိ၏ သူငယ်ချင်း မျက်နှာကို စိုက်ကာကြည့်၍ နေပြီးမှ မယုံသော အမူအရာနှင့် ပြုံးလေ၏ ။
“ ကွဲနေတာ ခြောက်နှစ်နီးနီး ရှိပြီ ။ တွေ့လို့မှ အေးအေးဆေးဆေး ပျော်ပျော်ပါးပါး စကား မပြောနိုင်ဘူးလား သူငယ်ချင်းရ ။ သောက်ရင် ဘာဖြစ်သလဲ ။ ဘုရားရှိခိုးထားလို့လား ”
“ ဘုရားရှိခိုး ထားတာတော့ မဟုတ်ပါဘူး ။ နို့ပေမယ့် အခု မိန်းမနဲ့ သူငယ်ချင်းရဲ့ ”
“ အလို ... မိန်းမတွေ ဘာတွေနဲ့လား ၊ ဟန်ဟန်ပန်ပန်ပဲလား ”
“ ဟန်တယ်လို့ မဟုတ်ပါဘူး သူငယ်ချင်းရယ် ၊ ဖြစ်မိတော့လည်း ဒီလိုပဲ နေတာပေါ့ ”
“ ပြောစမ်းပါဦး ... ဘယ်လို ဖြစ်တာလဲ ။ ကိုယ့်လူက မိန်းမ ကြောက်ရတယ်ထင်တယ် ” ဟု ပြောပြီး အငြိမ့်စင်ဘက် ကို လှည့်၍ ကြည့်လေ၏ ။
“ ဒီလိုလည်း မဟုတ်ပါဘူး ။ ဒေါ်နှင်းရင် လေ ၊ မင်း အသိသား မဟုတ်လား ”
“ အလို... ဘယ့်နှယ် ဖြစ်တာလဲ ။ မင်းအမေနဲ့ ကျောင်းနေဘက်ပါကလား ”
“ ဖူးစာကိုး သူငယ်ချင်းရဲ့ ။ ရန်ကုန်က နာနတ်ချရင်း စပ်တူ လုပ်မိတာနဲ့ အမြဲ ပါတနာ ဖြစ်သွားတာပဲ ”
“ အေးလေ ... ကြီးလဲ မှီရ ဆိုတာလို ။ ဒါလဲ ကောင်းတာပါပဲ ။ လာ သွားမယ် ခေါက်ဆွဲဆိုင်ကို ”
“ သည်းညည်းခံပါ မိတ်ဆွေ ။ ဒါတော့ မလုပ်ပါရစေနဲ့ ။ တစ်ခါစမိ အနောင်နောင် ။ မင်း ... ငါ့ အကြောင်းလဲ အသိသား ”
“ ဒီလောက်တောင် ကြောက်ရသလား သူငယ်ချင်းရဲ့ ”
“ ကြောက်လို့တော့ မဟုတ်ပါဘူ ။ ဒါတော့ ရှောင်ပါမယ်လို့ အစထဲက ကတိ ထားမိလို့ပါ ”
“ ဒီလို ကတိမျိုးက အရေးမကြီးပါဘူး ။ အလုပ်အကိုင်မှာ ကတိပျက်မှ ဆိုးတာပါ ။ လာလေ တစ်ခွက်သောက် ကိုယ့်လူ ”
“ မကောင်းလို့ပါ ။ အချိန်မတော် ဆူဆူညံညံ ဖြစ်ရင် လူကြားမှာ စိုးလို့ပါ ။ ကြောက်လို့တော့ မဟုတ်ပါဘူး ”
“ ဆူရင် ပါးစပိတ် ဇိအစ် ပါလား သူငယ်ချင်းရဲ့ ။ မင်းမိန်းမ အရိုးခြောက်ကြီး မနိုင်ဘူလား ။ ကြောက်ရက်နဲ့ ပေါင်းရတာဖြစ်ရင် မင်း ငါနဲ့ ရန်ကုန်ကို လိုက်ခဲ့ ။ တစ်လ လေးဆယ်တော့ ရမှာပဲ ။ ငါ့သူဌေးကို ပြောပေးမယ် ။ မင်း လက်သမားကလေး ဘာလေး မတတ်ဘူးလား ”
“ တတ်တော့ တတ်ပါတယ် ၊ သွားလို့လည်း မဖြစ်သေး ဘူး ၊ ရန်ကုန်မှာ အလုပ်လုပ်ဖို့အကြောင်း ငါ အပြောဖူးသားပဲ ၊ ပြောပေမယ့် မရဘူး ။ သူက ဒီဈေးထဲမှာပဲ ရောင်းချနေစေချင်တယ် ၊ တိုတိုပြောမယ် သူငယ်ချင်း ၊ ငါ့ကို မျက်စိအောက်က အပျောက် မခံဘူး ။ သွားစရာရှိရင် သူသာ သွားမယ် ။ ရန်ကုန် ကိုလည်း နာနတ်သီး ၊ ဒူးရင်း တညင်း ချဖို့ ခဏခဏ သွားတာပဲ ။ သူ ကိုယ်တိုင်ကွယ့် ၊ ငါက ဆိုင်ထိုင်နေရတာ ”
“ ဟင် ... တယ်ညံ့တာကိုး ၊ ငါတို့တော့ ဒါမျိုးနဲ့ မကိုက်ဘူး ” စသည်ဖြင့် ပြောရင်း ခေါက်ဆွဲဆိုင် ရှေ့သို့ ရောက်ကြလေ၏ ။ ပွကြီးက အတင်း မရမက ခေါ်၏ ။ မောင်ဘေက ရုန်းလေ၏ ။
ပွကြီးက အင်္ကျီလက်ကို ဆွဲ၍ထားပြီး “ မင်း အိမ်က ဘယ်မှာလဲ ” ဟု မေးလေရာ မောင်ဘေက “ ဘူတာရုံလမ်း အကွေ့ ပထမထောင့်အိမ် ၊ အိမ်ရှေ့က အုတ်ခုံနဲ့ ” ဟု ပြောပြီး ရုန်းထွက်၍ သွားလေ၏ ။
“ ကိုင်း ... သွား သွား ၊ မင်း အလကားအကောင် ၊ မင်း ဒီလို ညံ့မယ်လို့ ငါ မအောက်မေ့ခဲ့ဘူး ။ တန်ပါကွယ် ... မင်းတော့ သေခန်းပြတ် ” ဟု လှမ်း၍ ပြောပြီး ခေါက်ဆွဲဆိုင်ကို ဝင်၍ သွားလေ၏ ။
ခေါက်ဆွဲဆိုင်၌ တစ်ခွက် သောက်မိသောအခါ မောင်ဘေ အပေါ်၌ စိတ်ပြေရုံမက သနားကြင်နာစိတ်က ပေါ်၍လာလေ ၏ ။ ထိုစဉ်က ကိုခွေးဖြူ၏ ကျောင်းမှာ နေစဉ်က အတူတူ နေခဲ့ ကြပုံ ။ ကြီးမှ ကွဲပြီး မိမိမှာတော့ ရန်ကုန်မြို့ စက်ရုံတစ်ခု၌ ဂန်နာ ဖြစ်ပြီး လခ တစ်ရာ ရနေပုံ ၊ မောင်ဘေမှာ အရိုးခြောက်မကြီး ဒေါ်နှင်းရင် နှင့် တန်းလန်းကြီး ဖြစ်နေပုံတွေကို ဆင်ခြင်သော အခါ တိုး၍ သနားပြီး ငါ့သူငယ်ချင်းကို ငါ ဘယ်လို ကယ်ရပါမလဲ ဟု တွေးစပြုလေ၏ ။
နောက်တစ်ပုလင်း ကုန်သောအခါ စားပွဲကို ဒုန်းခနဲ လက်သီးနှင့် ထုသဖြင့် နံဘေး ခေါက်ဆွဲစားနေသူ သုံးယောက် က အံ့အားသင့်သော အမူအရာနှင့် ၄င်းကို ကြည့်ကြလေ၏ ။ ပွကြီးသည်ကား လက်သီးနှင့် ထုပြီး ငါကယ်မယ် ၊ ယနေ့ည အရ ကယ်မယ်ဟု အကြံပြုလိုက်လေ၏ ။
မကြာမီ မီးရထားရုံ သွားလမ်း အကွေ့ထောင့် အိမ်အနီးသို့ ရောက်လေ၏ ။ ဒီအိမ်က အုတ်ခုံနဲ့ ။ အင်း သားသားနားနား ပေပဲ ။ ဒေါ်နှင်းရင်ကြီး က ကလေးကို သူရဲမ ခါးစောင်းတင်သလို တစ်ဈေးလုံးကို ခါးစောင်းတင်တဲ့ မိန်းမကြီး ။ ငါ အခုအနေ သွားနှိုးလို့ ငါ့သူငယ်ချင်း မထွက်လာဘဲ ဒီကောင်မကြီး ထွက်လာရင် မင်းနဲ့ ငါနဲ့ အပေါက်အလမ်း တည့်မှာ မဟုတ်ဘူး ။ ငါ့ကို မင်း မှတ်မိမှာပဲ ။ မဟုတ်ဘူး ။ ဘာဘာညာညာ မေးလားစမ်း လားနဲ့ ။ ငါ့ပါးစပ် ကလဲ နံနံမို့ ဟန်မကျဘူး ။ တံခါးခေါက် နှိုးတဲ့ အလေ့လဲ ဒီတောမြို့ ဒေသမှာ မရှိဘူး ၊ လမ်းပေါ်ကနေ ငါအသံ ပေးရရင် ငါ့သူငယ်ချင်း ငါ့အသံကို ကျက်မိပြီး ထွက်လာမှာပဲဟု အတွေးရသဖြင့် အိမ်ဘက်သို့ ဆင်းရာမှ လမ်းပေါ်သို့ ပြန်၍ တက်ပြီး အချိုးမကျသော အသံနှင့် “ ရီရီရေ ... သစ်ပင်အောက်ကနေ ချာလီရွှေရိုး ပုလွေမှုတ်လို့ နားစိုက်ပါတော့လေ ။ လက်မှတ်နှစ်စောင် အပေါင်ဆိုင် တူနယ်တယ်နဲ့ တယ် ... ” စသည်ဖြင့် ပါးစပ်တီးများနှင့် အိပ်သူတွေကို အားမနာပါးမနာ အသားမပါသော တေးတွေကို အထပ်ထပ် ဆို၍ နေလေ၏ ။
အတန်ကြာလျှင် မောင်ဘေ၏ အိမ်တံခါး ပွင့်၍လာရာ လမ်းပေါ်မှ ပြေးဆင်း၍ သွားလေလျှင် ပိန်ချွန်ရှည်လျား အရိုးများသော ဒေါ်နှင်းရင်ကြီးနှင့် မျက်နှာချင်းဆိုင်မိလေ၏ ။
“ ဒါ မောင်ဘေ အိမ် မဟုတ်လား ”
“ မောင်ဘေအိမ် ။ ကျုပ် မောင်ဘေ မိန်းမ ။ ဘာကိစ္စလဲ ဘယ်ကလဲ ”
“ အင်း... ဒေါ်နှင်းရင် ပါလား ”
“ ဟုတ်တယ် ... ဘာဖြစ်သလဲ ”
“ ကျုပ် မောင်ဘေကို တွေ့ဖို့လာတယ် ။ ခင်ဗျားနဲ့ ကိစ္စရှိလို့ လာတာ မဟုတ်ဘူး ”
ပွကြီးသည် ဒေါ်နှင်းရင် အကြောင်းကို ကြားရ ကတည်းက စ၍ မျက်မုန်းကျိုးပြီး ဖြစ်လေရာ မြိန်ရေရှက်ရေ မခံချင်အောင် ပြောပြီး ခါးထောက်လျက် မထီမဲ့မြင် အမူအရာ လုပ်၍ နေလေ၏ ။
“ မောင်ဘေ အိပ်ပြီ ၊ နက်ဖြန်မှ တွေ့ချင်ရင် တွေ့ ။ အခု မင်း မတွေ့နိုင်ဘူး ၊ တကတဲ ဆူညံလို့ ”
“ ကြီးကြီးကျယ်ကျယ် မောင်ဘေ ကျုပ်သူငယ်ချင်း ကျုပ်တွေ့မယ် ၊ ခင်ဗျားနဲ့ ကြာကြာ စကားပြောဖို့ လာတာ မဟုတ်ဘူး ၊ မောင်ဘေကို အခု ထုတ်လိုက်ပါ ”
“ မင်း တယ် စော်ကားပါကလား ၊ မင်း သူများအိမ် အချိန်မဟုတ် လာပြီး စော်ကားရမ်းကားတာ ၊ မင်း ဒုက္ခ ဖြစ်သွားချင်သလား ၊ ဟောဟိုမှာ ပတ်တရောင် ၊ မင်းသွား ”
“ ဟာ ဟာ ကျုပ်သူခိုးမို့ ကြောက်ရမှာလား ၊ ပတ်တရောင် ဘာဖြစ်သလဲ ၊ သူ့ဖာသာသူ လျှောက်နေတယ် ၊ ကိုင်း ... ”
“ ပတ်တရောင် ဒီမှာ လာစမ်းပါဦး ” ဟု ဒေါ်နှင်းရင်က ခေါ်လေ၏ ။
ပတ်တရောင် မြန်မာ ပုလိပ်နှစ်ယောက်က ”ဘာလဲ ညာလဲ ” စသည်ဖြင့် ပြောရင်း အစာခဲကို တွေ့ပြီ အနေနှင့် ပြေးဆင်း၍ လာကြလေ၏ ။
“ ဟောဒီမှာ မူးယစ်ပြီး ဘယ်ကမှန်း မသိဘူး ၊ အိမ်ကို လာပြီး ရမ်းရမ်းကားကား လုပ်နေတယ် ၊ ခံနေရတော့မှာလား ”
ပုလိပ် ။ ။ “ ဟင် ... ပွကြီးပါလား ၊ ဘာလုပ်နေတာလဲ ၊ မင်း ဘယ်တုန်းက ရောက်သလဲ ”
“ ဒီလို သူငယ်ချင်းရဲ့ ... ကျုပ် မောင်ဘေကို တွေ့ချင်လို့လာတာ ၊ မောင်ဘေနဲ့ မတွေ့ရဘူးတဲ့ ၊ သူနဲ့ပဲ ပြီးရတော့မတဲ့ ၊ ကောင်းသလားဟင် ... အိုင်ဆေး မောင်ဘေ ” ဟု ပွကြီးက ခေါ်လေ၏ ။
အတွင်းမှ အသံ မကြားရချေ ။ ဒေါ်နှင်းရင်က “ အသောက်သမားကို ကျုပ်ယောက်ျား အပေါင်း မလုပ်ရဘူး ” ဟု ပြောလေ၏ ။
ထိုအခိုက်တွင် ပွကြီးသည် အိမ်ထဲကို ဝင်မည်ပြုလေရာ ၊ ပုလိပ်က “ အိုင်ဆေးပွဲကြီး ... ဒီလို မလုပ်နဲ့လေ ။ ပြန်ပါ ။ ဝတ္တရားအတိုင်း လုပ်နေရရင် မကောင်းလို့ ပြောတာပါ ” ဟု ပုလိပ်က ပြောလေ၏ ။
ပွကြီး ။ ။ “ ကျုပ်သူငယ်ချင်းကို အခုည မတွေ့ရတော့ဘူးလား ၊ ခင်ဗျား မျက်နှာ မြင်ရုံ မြင်ရပါစေတော့ ” စသည်ဖြင့် မူးမူးနှင့် ဝမ်းနည်းပက်လက် ပြောလေရာ ဒေါ်နှင်းရင် က “ ကျုပ်ယောက်ျား သောက်တဲ့စားတဲ့လူ မဟုတ်ဘူး ။ သောက်စားတဲ့ လူနဲ့ ဘယ်တော့မှ အတွေ့မခံဘူး ၊ မင်းကို အခု နာမည် ကြားရလို့ ငါသိတယ် ။ မင်း တေလေ ဖြစ်ပြီး အရပ်က လွင့်သွား တဲ့အကောင် မဟုတ်လား ၊ သွား ... ” ဟု ပြောပြီး တံခါးကို ပိတ်လေ၏ ။ ပွကြီးလည်း တေးဆိုလျက် ခေါက်ဆွဲဆိုင်သို့ ပြန်၍ ရောက်သွားလေ၏ ။ ဘီယာတစ်ပုလင်း ထပ်၍ မှာသောက် ပြန်လေ၏ ။ ထိုအခါ “ သင်းလောက်လား ... ငါမခံချင်ဘူး ၊ ငါ့ သူငယ်ချင်းကို ဒီကောင်မကြီးနဲ့ ယနေ့ည ကွဲအောင် ခွဲမယ် ၊ ငပွ တဲ့ ” စသည်ဖြင့် ကြိမ်းပြီး တစ်ဖန် မောင်ဘေ၏ အိမ်ရှေ့ သို့ ရောက်၍ သွားပြန်လေ၏ ။
တအောင့်မျှ သစ်ပင်ရိပ်မှာ ရပ်၍ နေခိုက်တွင် “ အုဝဲ အုဝဲ ” ဟုအော်သော ကလေးငိုသံကို အိမ်တစ်အိမ်မှ ကြားရလေ၏ ။ မောင်ဘေတို့ အိမ်တံခါး ပွင့်၍လာပြီး ဒေါ်နှင်းရင်ကြီး လျင်မြန်စွာ ထွက်၍ လမ်းပေါ်ကို တက်လာပြီးလျှင် မိမိ အနီး၌ ပွတ်ကာ လမ်းတစ်ဘက် အနိမ့်ထဲရှိ ကလေးမျက်နှာမြင်သော အိမ်သို့ သွားသည်ကို ပွကြီး မြင်လိုက်ရလေ၏ ။ နောက်မကြာမီ သူငယ်ချင်း နှစ်ယောက် တွေ့ကြလေ၏ ။
“ ဘယ့်နှယ်လဲ ... ခုတင်က တမင် အိပ်ချင်ဟန်ဆောင်နေရတာလား ”
“ ဘယ့်နှယ်လုပ်မလဲ သူငယ်ချင်းရဲ့ ၊ ဆူဆူညံညံ ဖြစ်ကုန်မှာစိုးလို့ အောင့်နေရတာပေါ့ ၊ မင်း ဘာလုပ်ပြန်လာပြန်တာလဲ ”
“ မင်းကို ခေါ်မလို့ပဲ ၊ လာ ဒီတစ်ခါ လိုက်ခဲ့ရမယ် ၊ မိန်းမကို ဒီလောက် ကြောက်ရသလားကွယ့် ၊ ရာဇဝင်ရိုင်းလှတယ် သူငယ်ချင်းရယ် ၊ လာ ... လာ ” ဟု ပြောရင်း ဆွဲ၍ ခေါ်လေ၏ ။
“ မဖြစ်ဘူး သူငယ်ချင်းရဲ့ ၊ ခုပဲ ပြန်လာမှာ ၊ မတွေ့ရင် ခွကျနေလိမ့်မယ် ”
“ ခဏကလေးပါ ၊ မဝေးပါဘူး ၊ ငါ ပြန်ပို့ပါ့မယ် ၊ မိန်းမ ဆိုတာ အခုလိုချည်း မင်းခံနေရင် နောင် သည်ထက် ကဲမှာ ။ အမေ လောက်ဟာကြီးလဲ ယူထားရသေးရဲ့ ၊ ကြောက်လဲ ကြောက်ရသေးရဲ့ ။ မင်း ငကြောက်ပဲ ။ ငါနဲ့ ရန်ကုန်လိုက်ခဲ့ ။ ကြည့်စမ်း သားမရှိ မယားမရှိ တစ်ယောက်ထဲ ဖြစ်လို့ သုံးသုံးစားစား အိုရေး နာရေးအတွက် နည်းနည်းပါးပါးစု ။ ငါ့လို မနေချင်ဘူးလား ။ လာ မင်းလိုက်ရမယ် ”
မောင်ဘေသည် မလိုက်ချင် လိုက်ချင် နောက်ဆန် တငင်ငင်နှင့် ပါ၍သွားလေ၏ ။ ပွကြီးက မခံချင်အောင် ပြောသဖြင့် သောက်ရသေး၏ ။ ခေါက်ဆွဲဆိုင်၌ တစ်ပုလင်း သောက်မိသော အခါ မောင်ဘေ ရဲ၍ လာလေ၏ ။ အသံလည်း မာ ၍လာလေ၏ ။
“ ငါက ကြောက်လို့ မဟုတ်ပါဘူး သူငယ်ချင်းရဲ့ ။ ငါက လက်လွန်တတ်လို့ ပြောတာ ။ သင်းက ဆူရော ၊ ငါက တွေ့ကရာနဲ့ ကောက်လုပ် ၊ သွေးထွက်သံယိုဖြစ် ၊ ဂါတ်ရောက် ၊ မတော်တဆ လက်လွန်ရင် တစ်ကျွန်းရောက်မှာ ။ ဒီအရေးတွေကို ငါက မြင်လို့ သောက်ချင်ရက်နဲ့ ချုပ်ထားတာ ။ အခု လက် ဖျားနဲ့မှ မတို့ပဲ နေတာ ။ အခါလည်နဲ့ သုံးလရှိပြီ ။ အင်မတန်ချစ်တဲ့ သူငယ်ချင်းနဲ့မို့ သောက်တာပါ ”
“ ဒီလိုဖြင့် မင်း ရန်ကုန် လိုက်မလား ။ ပေါက်ဖော် ဒိုးစရားဘောတဲ ( လ ) ဒမ်းဘို့ဂျပ်စတီး ပါကလား ။ ဟင် တစ်ကျပ်ခွဲတောင် ”
“ တစ်ကျပ်ခွဲစာရေးကြီး ၊ ယစ်မျိုးက အားကီး နှိပ်စက်လဲ ။ ဒီအချိန် ဘယ်မှာရမလဲ စရေးကီး ”
“ အဲလေ ပေးပါဦး ”
“ ကုန်ပီ စရေးကီး ၊ ညည်းနဲ့ ဘီလေးစွားလေး ယစ်မျိုး စိလဲ ၊ ကိစ္စအာပုံများလဲ အားကီးဒုက္ခပေးလဲ ”
နှစ်ယောက်သား လမ်းပေါ်သို့ ရောက်ကြလေ၏ ။ မောင်ဘေကို ရန်ကုန်သို့ လိုက်ဖို့ရန် ခေါ်ရာ မရသဖြင့် ပွကြီးမှာ စိတ်ဆိုးပြီး လမ်းခွဲတော့မည် ပြုရာ မောင်ဘေမှာ ဘီယာပြေစ ပြုသဖြင့် အကြောက်ပြန်၍ ဝင်လျက် “ ဘယ့်နှယ်လဲ သူငယ်ချင်း ၊ အိမ် ပြန်ရင် ဆူတော့မှာပဲ ”
“ သင်းကြောင့် ရန်ကုန်ကို လိုက်ဖို့ ပြောတာပေါ့ ။ လာသွားမယ် ”
“ နေပါဦးသူငယ်ချင်း ၊ နောက် ဖြည်းဖြည်းမှ လာပါရစေ ”
“ ကိုင်း ... ဒီလိုဖြင့် မင်းပြန် ”
“ အဲဒါလည်း ခက်တာပဲ ။ အခုလောက်ရှိရင် ဒေါ်နှင်းရင် အိမ်ကို ပြန်ရောက်ကရော့မယ် ၊ ဆီးဆူတော့မှာပဲ ”
“ တယ်ကြပ်တဲ့ အကောင်နဲ့ တွေ့နေပါပြီ ။ အလကား ခေါ်မိတာ မှားတာပဲ ”
“ သင်းကြောင့် ငါ မလိုက်ပါရစေနဲ့လို့ ပြောတာ ။ မင်း က အတင်း ခေါ်တာကိုး ၊ ငါ ကြောက်လို့ မဟုတ်ပါဘူး ။ ငါ လက်လွန်မှာ သူငယ်ချင်းရဲ့ ။ တစ်ကျွန်းရောက်မှာ ။ သင်းကတော့ ဆူမယ် ဆဲမယ်ပဲ ”
“ ဒီလိုလုပ် ။ ငါ တွေးမိတယ် ။ မင်း ဘယ်လိုဖြစ်ပြီး ဘယ်ပုံထွက်လာလို့ ဘယ်ရောက်မှန်း မသိတဲ့ အနေနဲ့နေ ”
“ ဘယ်လို နေရမလဲ ”
“ ဘာမှ မမှတ်မိနဲ့ကွယ် ၊ အိမ်ကို ရောက်တော့လည်း တောင်ကြည့်မြောက်ကြည့်နဲ့ ငါ ဘယ်ရောက် နေသလဲလို့မေး ၊ မင်း ကောင်မကြီးကို သေသေချာချာ ကြည့်ပြီး “ နင် ဘယ်သူလဲ ” လို့ မေး ။ မျက်လုံးဝိုင်းဝိုင်းကြီး လုပ်ထား ၊ ဟောဒီလို ဒီလို ” ဟု ပြောပြီး ပွကြီးသည် မောင်ဘေ လန့်လောက်အောင် ဓာတ်မီးရောင်အောက်တွင် မျက်လုံးကိုဝိုင်းလျက် ပါးစပ်က ဟ၍ ကြောင်တောင်တောင်ကြီး လုပ်ပြလေ၏ ။
“ တော်ပါတော့ကွယ် ၊ မင်း လုပ်ပုံက ငါတောင် ကြက်သီးထတာပဲ ၊ ကိုင်း ပြီးတော့ကော ဖြစ်ပါ့မလား ”
“ ဘာလုပ် မဖြစ်ရလဲကွယ့် ၊ ငါလဲ လိုက်မယ် ၊ ငါက စကင်းစကောက် စက်ကင်းစတင်းဒန်း လုပ်ပြီး ထောက်ခံမယ် ၊ လမ်းမှာ တွေ့လို့ မေးကြည့်တော့ ကိုမင်းကျော် လို့ ပြောပြီး သောက်တော်ရေ ဆက်ပါဆိုလို့ ဘီယာတစ်လုံး တိုက်ရတယ်လို့ ပြောမယ် ဟုတ်လား ။ သည်တော့ မဆူဝံ့တဲ့ အပြင် ဆီးတောင် ရှိခိုးမှာ ” ဟု ပြောလေ၏ ။ မကြာမီ အိမ်ရှေ့သို့ ရောက်၍သွားရာ “ သယ် ” ဟု ကြိမ်းသော ဒေါ်နှင်းရင်၏ အသံကို ကြားရလေ၏ ။ မောင်ဘေသည် မျက်လုံးပြူးလျက် ကြောင်တောင်တောင် လုပ်ကာ ဒေါ်နှင်းရင် ရှေ့၌ ဖုတ်ဝင်သော အလောင်းကောင်လို ရပ်လျက် ဒေါ်နှင်းရင် ၏ မျက်နှာကို ကပ်ခါ ဣန္ဒြေကြီးနဲ့ ကြည့် ပြီး “ နင် ဘသူလဲ ၊ ဒါ ဘယ်က အိမ်လဲ ”
နှင်းရင် ။ ။ “ သယ် ဘာဖြစ်လာတာလဲ ၊ မင်း ခေါ်သွားပြီး မူးပြန်လာတာပေါ့လေ ”
“ မူးတာ မဟုတ်ဘူး ခင်ဗျာ့ ၊ ကျုပ်နဲ့ လမ်းပေါ်မှာ တွေ့တယ် ။ သူ့နာမည်ကို ခေါ်တော့လည်း မထူးဘူး ။ ကျွန်တော့်ကို ကြိမ်းမောင်းကြီး ငါ မင်းကျော် တဲ့ ၊ သောက်တော်ရေ ဆက်ရမယ်တဲ့ ၊ မဆက်ရင် ကျွန်တော့်ကို ပြုစားမယ် ဆိုလို့ ခေါက်ဆွဲဆိုင် ပင့်သွားပြီး ဗျစ်သုံးပုလင်း ဆက်ရတယ်ခင်ဗျား ။ မယုံရင် သေသေချာချာ ပါးစပ်ကို နမ်းကြည့်ပါ ။ သုံးပုလင်းတိတိ လေး ကျပ်ခွဲဘိုး ” ဟု ပြောလေ၏ ။
မောင်ဘေမှာ မျက်လုံးပြူးလျက် ဒေါ်နှင်းရင် ကို စိမ်းစိမ်း ကြည့်ကာ ယိမ်းယိုင်လှုပ်ရှား ကျားနတ်ဝင်၍ ကစားသလို ၊ ကိုယ်လက်များ တွန့်လိမ်စပြုလျက် မျက်လုံးကို ချာချာလည် လေ၏ ။
ဒေါ်နှင်းရင်က “ အောင်မယ် ... ရေး ၊ မြိတ် ၊ ထားဝယ် ၊ ရခိုင် ပြဲပြဲစင်လာတဲ့ကောင်မ ၊ ဒါမျိုးတွေ ဒီက ဖြစ်ထာ ။ မင်းကျော် ကော ဘာသော နားမလည်ဘူး ၊ တံမြက်စည်း ခေါင်းနဲ့ ရိုက်မယ် ” ဟုပြောကာ အင်္ကျီလက်များကို ပင့်လျက် အိမ်အတွင်းသို့ လှည့်၍ ဝင်သွားလေ၏ ။
ပွကြီးက မောင်ဘေ၏ တင်ပါးကို ကုတ်ခါ “ ကြိမ်းစမ်း နာနာကြိမ်း ၊ မကြောက်နဲ့ နတ်လို ကြိမ်းတတ်တယ် မဟုတ် လား ” ဟု တိုးတိုး ပြောလေ၏ ။
“ ငါဟဲ့ ယောက်ျား ၊ မင်းမဟော် ... ဟီး ဟီး ။ တောက် လူလုပ်လို့ ” ဟု ကြိမ်းလိုက်လေ၏ ။
ပွကြီး ။ ။ “ မင့်အမေ ဘယ်က မင်းမဟော်လဲ မင်းကျော် ကွယ့် ၊ တုန် တုန် ၊ ဆတ်ဆတ်တုန် ခုန်လိုက် ”
မောင်ဘေသည် အံကြိတ်ကာ တုန်လျက် ၊ မီးယပ်ချမ်း ထသလို ဖြစ်ပြီး မင်းသားကြီး လေးကင်းပြသလို ခုန်လျက် ၊ ဒူးများကို ကွေးပြီး ယိုးဒယားဟန်နှင့် မိုးကို လက်ညှိုးထိုးလေ၏ ။
နှင်း ။ ။ သယ် ဒါက ဘာပူးတာလဲ ၊ သရဲလား ၊ ကျားလား ၊ ခွေးလား ၊ အခု ထွက်ရင်ထွက် မထွက်ဘူလား ” ဟု ပြောကာ တံမြက်စည်းကို ပြောင်းပြန်ကိုင်၍ လာလေရာ ၊ မောင်ဘေ သည် ငြိမ်၍ သွားပြီး ဝါးခနဲ သမ်းလိုက်လေ၏ ။ ထို့နောက် “ ဟင် .. ဘာဖြစ်ပါလိမ့် ၊ အလို ပွကြီးပါလား ၊ ဘယ်တုန်းက ရောက်သလဲ ၊ ခင်ဗျားက တံမြက်စည်းကြီးနဲ့ ဘာလုပ်တာလဲ ”
“ ဘာ ပလီပလာ ဉာဏ်ဆင်သလဲ ၊ မင်းဉာဏ်တွေ ငါ သိတယ် ” ဟု ဒေါ်နှင်းရင်က ပွကြီးကို ပြောလေ၏ ။
ဘေ ။ ။ “ မဟုတ်ပါဘူး ၊ ကျုပ် သိကို မသိဘူး ၊ ဘယ်လိုဖြစ်လို့ ဘယ်ရောက်တယ် ဆိုတာ မှတ်ကို မမှတ်မိဘူး ”
နှင်း ။ ။ “ တကယ်လား ”
ဘေ ။ ။ “ တကယ်ပါ အဒေါ် ၊ ကျွန်တော် မသိပါဘူး ”
“ ဟုတ်ကဲ့လားဟဲ့ ၊ ငါ ထွက်သွားပြီး တစ်ဆယ်တန်စက္ကူ တစ်ချပ် စားပွဲပေါ်က ယူပြီး မင်းကို ပေးသွားပါသေးသလား ၊ မင်း က အိတ်ထဲထ ည့်လိုက်တာပဲ ”
“ ဟာ .. ဟင် ဘယ်တုန်းကလဲ ကျွန်တော် မသိဘူး ”
“ မပလီပါနဲ့ မောင်ဘေရယ် ၊ ဟောဟို စားပွဲပေါ်က ငွေစက္ကူကို ကောက်ပြီး ၊ ရော့ ယူထားလို့ ပေးပြီး ထွက်သွားတော့ မင်းအိတ်ထဲကို ထည့်လိုက်တယ် မဟုတ်လား ၊ ဘယ်မလဲ ဒီ ငွေစက္ကူ ... ပေး ”
“ ဟင် မရှိပါဘူး ၊ ကျုပ် သတိမရဘူး ” ဟု ပြောကာ ရှပ်အင်္ကျီအိတ်ကို စမ်းကြည့်လေ၏ ။
နှင်း ။ ။ “ တကယ် မရှိဘူးလား ”
ဘေ ။ ။ “ တကယ်ကို မရှိဘူး ”
နှင်း ။ ။ “ တန်တော့ မင်းပဲ ” ဟု ပွကြီး ဘက်သို့ လှည့်ခါ ပြောလေ၏ ။
ပွ ။ ။ “ ကျုပ် ဘာလုပ်လို့လဲ ”
နှင်း ။ ။ “ မောင်ဘေမှာ ဦးမင်းကျော် ပူးနေခိုက် မင်း ခေါက်ဆွဲဆိုင်ကို ခေါ်သွားပြီး ငွေစက္ကူကို နှိုက်ယူတာ မဟုတ်လား ။ ပူးနေတဲ့ လူက ၊ ဘာသိမလဲ ၊ ပေးပါ တစ်ဆယ်တန် ငွေစက္ကူတစ်ချပ် ၊ အခု မပေးဘူးလား ”
“ မဟုတ်တာ အဒေါ် ကျွန်တော် ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး ”
“ အောင်မယ် ဒီလို လိမ်လို့ ဘာရမလဲ ၊ ဒီက လက်နဲ့ ပေးလိုက်တာ ။ သူက ရှပ်အင်္ကျီအိတ် ထဲကို ထည့်လိုက်တယ် ။ အခု မင်းနဲ့ အတူတူ လာတော့ မပါဘူး ။ မင်းမယူရင် ဘယ်သူ ယူမှာလဲ ။ ပေးမလား မပေးဘူးလား ။ ဟောလာကြပြီ ပုလိပ်တွေ ခေါ်အပ်ရမလား ”
“ အောင်မယ် ... လာလာချေသေး ။ ကျွန်တော် အခု လာမယ့် ရထားနဲ့ ရန်ကုန်ကို လိုက်ရမှာ ၊ ဂါတ်တဲကို အားအားယားယား လိုက်နေရဦးမှာလား ၊ ကြဲလိုက်တာ ဒေါ်နှင်းရင်ရယ် ၊ ရန်ကုန်သားပါ အဒေါ်ရဲ့ ။ ဒီအလုံးမျိုးနဲ့ ဘာရမလဲ ”
ဒေါ်နှင်းရင်သည် ပုလိပ်များကို လှမ်း၍ ခေါ်လေ၏ ။ အခြား ပုလိပ်နှစ်ယောက် ရောက်၍ လာလေ၏ ။ ပုလိပ်အကြီးစား တစ်ယောက်က နှုတ်ခမ်မွေးကားကားနှင့် ပွကြီးကို ကျွဲခတ်သလို ခတ်ချင်သည့် အမူအရာနှင့် လက်ပိုက်ကာ စောင်လျက်ကြည့်ပြီး “ ဘာလဲ ” ဟု မေးလေ၏ ။
နှင်း ။ ။ ဒီလို အင်စပက်တော်မင်းရဲ့ ။ ဟောဒီ လူဟာ ... ”
ထိုအခိုက် ပွကြီးသည် ပုလိပ်၏ မျက်နှာကို မြင်လျက် ၊ ကျောရိုးမှာ စိမ့်၍ လာသောကြောင့် ၊ မဖြစ်ဘူး ၊ ငွေတစ်ဆယ်တော့ ဒီကောင်မကြီးကို ပေးမှပဲ ၊ မပေးရင် ဧကန်ကိစ္စ များတော့မှာပဲ ဟု တွေးကာ ၊ ငွေစက္ကူ တစ်ဆယ်တန် တစ်ချပ်ကို ဒေါ်နှင်းရင် ၏ လက်ထဲသို့ အမှတ်တမဲ့ ထည့်လိုက်လေ၏ ။ ဒေါ်နှင်းရင် သည် ငွေစက္ကူကို လက်ထဲ၌ ငုံ့ကြည့်ပြီး ပုလိပ်အရာရှိ ဘက်သို့ လှည့်ခါ ၊ စကားဆက်၍ ပြောသည်မှာ ...
“ ဒီမောင်ရင်က ကျုပ်ယောက်ျား လမ်းမှာ မူးနေတာကို မြင်လို့ တွဲပြီး အိမ်အရောက် လိုက်ပို့တာပါ ၊ မူးတာက အရက် မဟုတ်ပါဘူး ၊ ကျုပ်ယောက်ျားက သွားရင်းလာရင်း လမ်းမှာ မူးတတ်လို့ပါ ”
ပုလိပ် ။ ။ “ ဒါဖြင့် ဘာကိစ္စ ကျုပ်တို့ကို ခေါ်ရတာလဲ ၊ အနုကြမ်းများ စီးသလားလို့ ”
နှင်း ။ ။ “ အောင်မယ် .. အနုကြမ်းစီးရင် မောင်တို့လား ဒီလို သွက်သွက်ကလေးလာမှာ ၊ စကားဖြင့် သေသေချာချာ နားမထောင်ဘူး ၊ အခု ဒီမောင်ရင်က အဒေါ်ယောက်ျား လမ်းမှာ မူးနေတာကို အိမ်အရောက် ကောင်းကောင်းမွန်မွန် လိုက်ပို့ရှာလို့ ကျုပ်ယောက်ျား ချမ်းသာရသည့် အတွက် ကျေးဇူးတင်ပြီး မင်းတို့ကို သတိပေးဖို့ ခေါ်တာ ”
“ ဘာကို သတိပေးဖို့လဲ ”
“ ဪ ... ခက်လိုက်ပါဘိတော့တယ် ။ ဒီမောင်ရင်က ရန်ကုန်သား ၊ ဟိုက်ကုတ်စာရေးကြီး ၊ နယ်လှည့်လာတာ ၊ အခု ရထားနဲ့ ပြန်မှာမို့ ၊ မင်းတို့နဲ့ တွေ့ရင် မတူတယူ ထင်ပြီး လမ်းမှာ ဖမ်းမှာဆီးမှာ စိုးလို့ အဒေါ်က မင်းတို့ကို ခေါ်ပြီးပြတာ ၊ သိပလား ”
ဟု ပြောလေရာ စကားမဆုံးမီ ပုလိမ်များ စိတ်ကောက်၍ ထွက်သွားကြလေ၏ ။ ဒေါ်နှင်းရင်ကလည်း မောင်ဘေ ဘက်သို့လှည့်ကာ “ ကိုင်း... မောင်ဘေ ညဉ့်နက်ပြီ မိုးပဲ လင်းတော့မယ် ၊ အိပ်ပါတော့လား ” ဟု ပြောပြီး ပွကြီးဘက်သို့ တစ်ဖန်လှည့်ကာ
“ ကိုင်း ...... မင်းကော ပြန်ပါတော့လား ”
“ အဒေါ့်ယောက်ျားကို လိုက်ပို့တာ အင်မတန် ကျေးဇူး တင်ပါတယ် ၊ နောင် ရောက်ရင် ပေါက်ရင် ဝင်တာပေါ့နော် ၊ ကိုင်း ဟင်း ဟင်း အဒေါ်လဲ အိပ်တော့မယ် ၊ ဟိုဘက်အိမ်က ယောက်ျားကလေး မွေးလို့ ပြုစုပြီး ပြန်လာခဲ့ရတယ် မောင်ရင်ရဲ့ ၊ သွားပေ ဦးတော့နော် ” ဟု ပြောကာ ခေါက်တံခါးကို ပိတ်ရန် ဆွဲသဖြင့် ၊ ပွကြီးသည် စကားပြန် မပြောဘဲ မျက်စောင်းထိုး၍ ကြည့်ကာ ၊ ထွီခနဲ မြည်အောင် တံတွေးထွေးရင်း အိမ်ပေါ်မှ ဆင်း၍ သွားလေသတည်း ။
▢ ပီမိုးနင်း
📖သူရိယရုပ်စုံသတင်း
အတွဲ ၄ ၊ အမှတ် ၁၉
၁၃ ၊ ဩဂုတ် ၊ ၁၉၃၃
No comments:
Post a Comment