❝ စောင့်သူ ❞
( ကြည်အေး )
( ၁ )
ဇင်မေ တစ်ယောက် သီချင်းဆိုခြင်းကို စွန့်လွှတ်လိုက်ပြီ တဲ့ ။
သည် စိတ်ညစ်စရာ သတင်းသည် မနက်မိုးလင်း သတင်းစာနှင့် အတူ လိုက်လာ၏ ။ သတင်းစာများတွင် ဇင်မေ၏ ဓာတ်ပုံ အမျိုးမျိုးသည် ခေါင်းစဉ် အမျိုးမျိုးနှင့် ပါလာ၏ ။
“ ဝေးဝေး လွင့်ပါရစေ ” ကို တစ်ပြည်လုံး လွမ်းအောင် ဆိုခဲ့သည့် ဇင်မေသည် ဂီတလောကမှ ဝေးဝေးသို့ လွင့်လေပြီ ။
“ သူ ပြန်မလာမချင်း သီချင်းဆို စောင့်မယ် ” ဆိုသည့် ဇင်မေ သူ ပြန်လာ သဖြင့် သီချင်းဆို ရပ်လေပြီလော ”
သည်လို ရေးကြသည် ။ ဝမ်းနည်းကြသည် ။ အဆိုကျော် ဇင်မေကို နှမြောကြသည် ။ နောက်ပြီး သူတို့ မေးသည်မှာ ဘာဖြစ်လို့ အထွတ်အထိပ်က ဇင်မေ ခုန်ဆင်းရပါလိမ့် ။ အချစ်ရေးကြောင့်လေလား ။
ကျွန်မကမူ သည်သတင်းကို ရလျှင် ရချင်း အမှန်ကို ချက်ခနဲ ပြေးမြင်လိုက်ပါသည် ။
••••• ••••• •••••
ဇင်မေ “ သီချင်းသည် ” မဖြစ်မီ ကတည်းက ကျွန်မ သိသည် ။ ထိုအခါ ဇင်မေသည် မိ မရှိ ၊ ဘ မရှိ ။ အစ်ကိုများဆီ လိုက်နေလိုက် ၊ အစ်မများဆီ လိုက်နေလိုက်ဖြင့် သူ့ စကားအတိုင်း “ မျော ချင်ရာ မျော ” နေသည့် အချိန်ဖြစ်၏ ။
တစ်ခါ ဇင်မေကို ရုံးစာရေး အဖြစ် တွေ့၏ ။ နောက်တစ်ခါ ဆိုင်ကြီး တစ်ဆိုင်မှာ အငှားရောင်းသူ အဖြစ် တွေ့၏ ။ နောက်တစ်ခါ လက်လွှဲပွဲစား အဖြစ် တွေ့၏ ။ နောက်တစ်ခါ ...
နောက်ဆုံးမှာ ဖရေဇာလမ်း ( အနော်ရထာလမ်း ) က ထီရုံ တစ်ရုံမှာ နှုတ်ခမ်းနီ ပါးနီ မဆိုးဘဲ ငိုင်တိုင်တိုင်ကလေး ထိုင်နေသည်ကို တွေ့ ရလေ၏ ။
“ ဘယ့်နှယ် ... ဇင်မေ ”
“ ဪ ... အချို ”
ဇင်မေမှာ အတော် ရှက်နေ၏ ။ သို့သော် သူ ဘယ်လို ဖြစ်နေသည့် အကြောင်းကို အကုန်ပြောပြ၏ ။ အစ်ကို ၊ အစ်မတွေနှင့် နေမဖြစ်သည့် အကြောင်း ၊ အလုပ်အကိုင် အတည် မကျသည့် အကြောင်း ၊ သူ ဖြစ်ကတတ်ဆန်းပင် မျောချင်ရာ မျောနေသည့်အကြောင်း ။
ထို့ကြောင့် အိမ်သို့ ခေါ်ခဲ့သည် ။ ခေါ် သာ ခေါ် ခဲ့သည် ။ သည်တုန်းက သူနှင့် ကျွန်မမှာ သိပ်ကြီး ခင်မင်ကြသည် မဟုတ်ချေ ။ သို့သော် ကျွန်မ စန္ဒရား တီး၍ ရသည့် ငွေမှာ ပိုမိုသည် ။ စကားပြောဖော် ရလျှင် မနည်းပေဘူး ။ ကျွန်မသည် ဇင်မေ ကဲ့သို့ အတည် မကျ ၊ မိန်းကလေး တစ်ယောက်တည်း မျောချင်ရာ မျောခဲ့ဖူးပေသည် ။
ဇင်မေသည် အံ့သြစရာ ။ သူ့မှာ အုပ်ထိန်းသူ မရှိ ၊ ငွေ မရှိ ၊ အလုပ်အကိုင် မရှိ ။ အို ဘာမှ မရှိသည့် တစ်ကောင်ကြွက် ဖြစ်လျက် နှင့် အမြဲ သီချင်း ဆိုကာ ရယ်ကာ မောကာ ရှိသည် ။ သီချင်းသံ မကြားရလျှင် ဇင်မေ မရှိလို့ ။
ဇင်မေသည် ကျွန်မတို့ တီးဝိုင်းမှာ ပထမဆုံး သီချင်း ဝင်ဆိုလေ၏ ။ ထိုသီချင်းမှာ သူ့ကို သည်တစ်ပုဒ်တည်းနှင့် ကျော်ကြား သွားစေသည် ။ “ ဝေးဝေး လွင့်ပါရစေ ” ဖြစ်သည် ။
“ ဝေးဝေး လွင့်ပါရစေ ” သည် ဂီတကို ပညာ အဖြစ်ထက် ဂုဏ်အဖြစ် မင်သူ လူကုံထံ တို့ ဧည့်ခံပွဲ တစ်ခုမှာ ဆိုရ၏ ။ တေးသွားကို ကျွန်မ ရှာ၍ သီချင်းသားကို ဇင်မေက စပ်သည် ။ ဇင်မေ သည် ရင်တွင်းမှ ပွင့်ထွက်လာသည့် စကားလုံးများကို ရင်တွင်းမှ ပွင့်ထွက်လာသည့် အသံနှင့် လွမ်း လောက်အောင်ပဲ ဆို ရှာသည် ။
“ အို မုန်းလိုက်တော့ ရေးလိုက်တော့ ။
ဇင်မေ အသည်းနှစ်တဲ့ ချစ်သက်ဝေ ...
အပြစ်မြင်ချင် မြင်လေလေ ။
အချစ် ထင်ချင် ထင်လေ ။
မုန်တိုင်းကြားမှာ လေလှိုင်းကြားမှာ ဇင်မေ ထွက်ပြေး ။
ဝေးဝေး လွင့်ပါရစေ ”
ဇင်မေသည် ပရိသတ်ကို စွဲရမည့် နေရာမှာ ပါးနပ်၏ ။ ဆိုပုံ ဆန်း၏ ။ အသံ လွင်၍ စည်၏ ။ ရုပ်လှ၏ ။ သည်လို သည်လိုပဲ ဇင်မေသည် အင်မတန် ခေါ်ကောင်းသည့် နာမည် တစ်လုံး ဖြစ်လာ၏ ။ ဇင်မေ့ သီချင်းတိုင်း ချွင်းချက်မရှိ ကောင်းလာ၏ ။ ဇင်မေ ၏ သီချင်းသည် လူတိုင်း လူတိုင်း၏ သီချင်း ဖြစ်လာ၏ ။
( ၂ )
“ ‘ ဇင်မေ ပြုံးမယ် ’ ဆိုတာလေး တစ်ပုဒ်လောက် လုပ်လိုက်ပါဦး ဇင်မေ”
ဇင်မေမှာ အိမ်ရောက်စ ကလို သီချင်း အမြဲဆိုကာ နေသော်လည်း အရယ်အမော မရှိတော့ ချေ ။ ဟန်ဆောင် ကောင်းသူ ဖြစ်ပေမည့် ကျွန်မ နှင့် ရင်းနှီး လာ လေလေ ဟန်မဆောင် လေလေသာ ဖြစ်၏ ။ ဇင်မေသည် သူ ငိုင်ချင် သလိုပဲ ငိုင်မည် ။ တွေ ချင်သလိုပဲ တွေမည် ။ အို ... ငိုချင်လျှင် တောင် ငိုဦးမည် ။
ဇင်မေ သီချင်းများမှာ တစ်ခုမှ အပြုံးအရွှင် မပါ ။ မျှော်လင့်ချက်ကလေး တောင် မပါ ။ သီချင်းရှင် ကိုယ်တိုင်ကလည်း သက်ပြင်းကလေးတွေ ၊ မဲ့ပြုံးကလေးတွေ ၊ မျက်ရည်စကလေး တွေနှင့် ဖြစ်လေ၏ ။
ယခုလည်း ဇင်မေသည် သီချင်းစပ်ရာက တစ်ဝက်တစ်ပျက်နှင့် မေ့လျော့စိတ် လွင့်နေသည် ဖြစ်၍
“ ဇင်မေ ပြုံးမယ် ဆိုတာလေး တစ်ပုဒ်လောက် လုပ်လိုက်ပါဦး ဇင်မေ ” ဟု အတည်လို အပျက်လို ပြောလိုက်ရလေ၏ ။
“ ခု လုပ်နေတာ ‘ ဇင်မေပြုံးမယ် ’ မဟုတ်ဘူး ၊ ‘ ဇင်မေ လွမ်းမယ် ’ ”
“ ဘာဖြစ်လို့ လွမ်းရမှာလဲ ဇင်မေ ”
ဇင်မေက ငိုချင်စွာ ပြုံးကာ ...
“ ကိုယ် အခု လုပ်နေသမျှတွေဟာ အဓိပ္ပာယ် ရှိရဲ့လား ” ဟု စကား အစပ်အဟပ် မရှိ ပြော၏ ။
“ ကိုယ် နားမလည်ပါဘူး ဇင်မေ ”
“ အေး ... ကိုယ် လည်း ကိုယ့် ကိုယ်ကိုယ် နားမလည်ဘူး ”
ဇင်မေက ခပ်ကြောင်ကြောင် အသံကွဲဖြင့် ရယ်ကာ ...
“ အချို သိလိုက်စမ်းကွယ် ၊ ကိုယ့်မှာ တွေးစရာ လူတစ်ယောက် ရှိတယ် ဆိုတာ ”
“ တွေးစရာ လူတစ်ယောက် ”
“ တွေးစရာ လူတစ်ယောက် ၊ ဒါပေမဲ့ ချစ်တဲ့သူ မဟုတ်ဘူး ၊ ဘယ်တော့မှ မမျှော်လင့်နဲ့ ၊ မချစ်ဘူးလို့ ကိုယ် ပြောပစ်ခဲ့တဲ့ လူ ၊ ဘာဖြစ်လို့လဲ ဆိုရင် လုံးလုံး မချစ်လို့ ၊ ကိုယ် ပြော ပစ်ခဲ့တဲ့ လူ ”
“ ကိုယ် ဒီလိုပဲ ပြောခဲ့တယ် ၊ ဒီလိုပြောလို့ သူ အသည်းကွဲ သလား ၊ ဘာဖြစ်သလဲ ၊ ညာဖြစ်သလဲတော့ မသိဘူး ၊ ကိုယ်တော့ အခု ငိုတာပဲ ”
“ သူ့ကို တွေးတယ် ၊ ခုမှ မဟုတ်ဘူး ၊ စတွေ့ကတည်း က ၊ အို တွေးတယ် ၊ သီချင်း ဆိုတုန်း ၊ စာဖတ်တုန်း ၊ တစ်ရေးနိုးတုန်း ကိုယ့် အတွေးတွေသာ စာလို ထင်ရင်လေ လူတွေဟာ ကိုယ့်ကို ရယ်ရင်လည်း ရယ်မယ် ၊ သနားရင်လည်း သနားမယ် ”
ကျွန်မသည် ငေးငေးသာ နားထောင်ရလေ၏ ။ ဟုတ်တယ် ၊ ဇင်မေဟာ သူ့ကိုယ်သူ နားမလည်ဘူး ၊ သူ့ အသည်းကို သူမသိဘူး ။
“ ဒါဟာ ချစ်တယ် ခေါ်မလား အချို ” ဟု မေးလိုက်ချေသေးသည် ။
“ ဒါ ရူးတာတော့ မဟုတ်တန် ကောင်းပါဘူးနော် အချို ၊ ဘာကြောင့်ဆိုတော့ သိပ် ကြာခဲ့ပြီပဲ ၊ ပျောက်မှ မပျောက်နိုင်ဘဲ ၊ ရူးတာ ဆိုရင်လည်း တော်တော်ကြီးတဲ့ ရောဂါ ”
တော်တော်ကြီးတဲ့ ရောဂါတော့ မှန်ပါသည် ။
“ ကိုယ် သူနဲ့ ဝေးဝေး လည်း မရှောင်နိုင်ဘူး ၊ ဒါပေမဲ့ အမြဲတွေ့ပြီး သူ့မာန ထိအောင် ဂရုမစိုက်ကြီး လုပ်ပစ်လိုက်တော့တယ် အချို ရယ် ၊ သူ ထင်တာတွေ ကိုယ်သိပါ တယ် ၊ ကိုယ် ဂုဏ်မက်တယ်လို့ ၊ သူ့ကို လှည့်နေတယ်လို့ ထင်ပါစေ ၊ ဒါပေမဲ့ ထင်ပါစေလို့ ကိုယ် ဇွတ်တိုးတာပဲ ၊ သူ ရှိရင် ကိုယ် ရယ်ပစ်မယ် ။ သူ ထွက်သွားရင် ကိုယ် ငိုမယ် ”
ကျွန်မသည် ရင်တွင်း တစ်မျိုးတစ်မည် ဖြစ်ကာ အံ့ဩစွာသာ စိုက်စိုက်ပြီး ကြည့် ရလေ၏ ။ သိပ် လိမ္မာပုံ ရတဲ့ ဇင်မေလေးရယ် ဘာတွေ လုပ်ခဲ့တာလဲ ၊ ဘာတွေ ရူးခဲ့တာလဲဆိုရင် ပိုမှန်မယ် ။
“ ဒါဟာ ချစ်တယ် မခေါ်ရင် ဘယ်ဟာ ကချစ်တာလဲ ဇင်မေ ၊ မင်းဟာ ချစ်ရုံ မဟုတ် ဘူး ၊ ရူးနေပြီ ၊ ပြီးတော့ ... သေဖို့ပဲ ရှိတော့တယ် ”
ကျွန်မ သည်လိုပဲ အယူ သည်းစွာ ပြောလိုက်မိသည် ။
“ ဒါဟာ ချစ်တာလားတော့ မသိဘူး အချို ရယ် ကြားမှာတော့ ဘာမှ မရှိတော့ဘူး ၊ သူ ပဲ ၊ သူ ဟာ ကိုယ့်အတွက် ဒုက္ခလား ၊ သုခလား ၊ ဖြစ်ချင်တာ ဖြစ်ပါစေ ၊ ကိုယ့် စိတ်ထဲမှာတော့ သူ ပဲ ”
ကျွန်မသည် သူ့ သီချင်းတွေကို ကြားလာသည် ။ ဇင်မေကတော့ ဘာတွေ တွေးနေ သလဲ မသိပါ ။
ကျွန်မက ဖြည်းညင်းစွာ ...
“ ဇင်မေ ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲကွယ် ”
“ ဒါ ကိုယ် သိချင်နေတာပဲ ”
ပြူးကြောင်သော အကြည့် နှင့် သည်အဖြေ ။
“ စင်စစ်တော့ ကိုယ်ဟာ ကြောက်တယ် ၊ ချစ်ရမှာ ကြောက်တယ် ၊ ချစ်တာ လောက် မသေချာတာ ၊ ချစ်တာလောက် စွန့်ရတာ ရှိဦးမလား ဟင် ၊ ကိုယ့် သူ့ကို မယုံနိုင်ပါဘူး ၊ ကိုယ့်အပေါ် မှာ ချို တစ်ယောက်ပဲ ကောင်းခဲ့ဖူးသေးတယ် ၊ ဒီလောကကြီးက တစ်ယောက် နဲ့ တစ်ယောက် မကောင်းကြံနေတဲ့ လောကကြီး အချင်းချင်း လှီးနေတဲ့ လောကကြီး ၊ ကိုယ် ခံခဲ့ရပါပြီ ၊ ခံခဲ့ရပေါင်း များလှပါပြီ ၊ ဒီတော့ ကြောက်တယ် ”
“ ကိုယ်ဟာ ဘာကြောင့်များ ဒီလောက် သတ္တိနည်းရပါလိမ့် အချိုရယ် ၊ ဘာဖြစ်လို့ မျက်စိမှိတ်ပြီး မယုံနိုင် ပါလိမ့် ၊ သူ့ကို မပြောနဲ့ ၊ ကိုယ့်ကိုယ်ကိုယ် တောင် ‘ ချစ်ပါပြီ ၊ ချစ်ပါပြီ ’ လို့ ဘာကြောင့် မပြောနိုင်ပါလိမ့် ။
“ လောကမှာ ဘာမှ မမြဲနိုင်တာကို သိ ပါတယ် ၊ ဒါပေမဲ့ အချစ် မမြဲမှာကိုတော့ ကြောက်တယ် ၊ မုန်းမှာကို ကြောက်တယ် ၊ ကိုယ် တရား မရဘူး ၊ အို အချို ၊ မီး မပွင့်ဘဲ အလင်းမလာနိုင်ပါဘူး ၊ ဟုတ်ပါတယ် ၊ ဒါပေမဲ့ မီးကို ကြောက်တယ် ၊ အလင်းသက်သက်ပဲ လိုချင်တယ် ၊ မဖြစ်နိုင်တာကို လိုချင်တယ် ၊ အို ကိုယ် ဘာဖြစ်နေတယ်ဆိုတာ အချို သိမှာ မဟုတ်ပါဘူး ၊ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး ”
ဇင်မေသည် သည်နေရာ တွင် လုံးလုံးလျားလျား ငို လေ၏ ။ ဘာအဓိပ္ပာယ် နှင့်လည်း မသိ ၊ ခေါင်း ကို ခါကာသာ နေ လေ၏ ။
ဇင်မေ တစ်ယောက်တည်း မျော ချင်ရာ မျောနေသည့် အချိန်များကို ကျွန်မ တွေးကာ ဇင်မေ ကြောက်ခြင်းမှာ အဓိပ္ပာယ် ရှိသည်ကို သိ မိသည် ။ သို့သော်
“ ဒါဖြင့်ရင် စောင့်ပါဦး လို့ ဘာကြောင့် မပြောခဲ့သလဲ ၊ ဘာဖြစ်လို့ မချစ်ဘူးလို့ ပြောပြီး နှင်ပစ်ရသလဲ ” ဟု အားမလို အားမရ မေးမိတော့လေသည် ။
“ ကိုယ် ဘယ်တော့မှ အေးအေး နေနိုင်မယ် မဟုတ်ပါဘူး အချိုရယ် ၊ သူ နဲ့ ကိုယ် တွေ့ကြ ခင်ကြတာလည်း ကြာခဲ့ပါပြီ ၊ ဒါပေမဲ့ ကိုယ် မယုံနိုင်ဘူး ၊ အရမ်းကို မယုံနိုင်ဘူး ၊ သူ တစ်သက်လုံး စောင့် ကိုယ် တစ်သက်လုံး ငြင်းပြီး သူ့ ကွယ်ရာမှာ ငို မှာပဲ ၊ သူလည်း ကိုယ် ရူးပုံကို နားလည်နိုင်မှာ မဟုတ်ဘူး ၊ ဒီတော့ သူ သွားပါစေ ”
ကျွန်မ ဘယ်တော့မှ မမေ့နိုင်သည့် ဇင်မေ ။
“ ကြောက်တယ် ကြောက်တယ် ” ပြော၍ လုံးလုံးလျားလျား ငိုသည့် ထိုနေ့မှာ “ သူ ပြန်မလာ မချင်း သီချင်း ဆို စောင့်မယ် ” ကို ဇင်မေ အပြီးရေးသည် ။ ထို သီချင်းအတွက် ရွှေဒင်္ဂါးများ ဆုရသည် ။
ကျွန်မလည်း တကယ့် သီချင်းများ ၊ ကဗျာများ ၊ ဝတ္ထုများကို စင်စစ် မည်သူ ရေးသည်ကို သိလိုက်လေ၏ ။
( ၃ )
ဇင်မေသည် အထွတ်အထိပ်သို့ လျင်မြန်စွာ ရောက်လာ၏ ။ လူတစ်ယောက် အစွမ်းကုန် ကျော်ကြားနိုင် သလောက် ကျော်ကြားလာ၏ ။ အဆို ဆိုလျှင် ဇင်မေပဲ ရှိတော့သလို လူတွေထင်ကြသည် ။
ဇင်မေမှာ ခေတ်ပညာ တတ် အမျိုးကောင်းသမီး ဖြစ်၍ ဖက်ခွက်စား သဘင်သည်ဟု မယူဆကြပေ ။ ဇင်မေသည် ဖိတ်စာတွေကို ကြည့်၍ ကြည့်၍ စိတ်ရှုပ်ရသည် ။
ပွဲလမ်းသဘင်များကို တက်ခြင်းဖြင့် ဇင်မေ အချိန် မကုန်ပေ ။ အလုပ်ကိုသာ ကြိုးစားလုပ်သည် ။ တစ်ခါ ... တစ်ခါ ... မျက်နှာ မသာမယာနှင့်
“ အချို ကိုယ် အခုလို ကျော် နေတာဟာ ဂုဏ်နောက် လိုက်နေတယ်များ ထင်စရာ ဖြစ်နေမလား ” ဟု မေးတတ်လေသည် ။
“ အိုး မင်း သီချင်းတွေ အသားပါလွန်းလို့ ကျော် မှန်း လူတိုင်း သိပါတယ် ”
ဇင်မေ က ရှက်သွေးလျှမ်းလျှမ်း နှင့် ပြုံး၏ ။
“ ကိုယ့် သီချင်းတွေ သိပ် ထင်ပေါ်လွန်းတယ်နော် ၊ မတင့်တယ်ဘူး ထင်တယ် ”
“ တင့်တယ်ပါတယ် ၊ တင့်တယ်ပါတယ် ”
••••• ••••• •••••
၁ဝ ရက်နေ့ ညမှာ ဆေးရုံအလှူပွဲ တွင် ဇင်မေ သီချင်းဆိုရန် အခန်း တစ်ခန်း ယူရ၏ ။ နာမည်ကျော် ပြဇာတ် တစ်ဖွဲ့ ၊ အငြိမ့် တစ်ဖွဲ့ လည်း ပါ၍ ညနေအစောင်း တိမ်တွေ နီရောင်သန်းစမှာပင် လူတွေ လှုပ်ရှားနေလေသည် ။
“ အားသွန်သာ ကြဲလိုက်ပေတော့ ဇင်မာ ရေ့ ၊ ရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲကွဲ ” ဟု ကျွန်မက ဇာတ်သံ ပစ်၏ ။
“ ‘ စောင့်သူ ’ နဲ့ ‘ အချစ်ပဲ ထင်တယ် ’ ဘယ်ဟာ ဆိုရ ကောင်းမလဲ အချို ”
“ ဟုတ်သားပဲ ၊ ခုထိလည်း မရွေးရသေးဘူး ”
“ ကိစ္စ မရှိပါဘူး ၊ တိုက်ပြီးသားချည်းပဲဟာ ၊ ဘယ်ဟာ ဆိုဆို အသင့် ရှိနေတာပဲ ၊ ကိုယ် ဆိုတာ အချိုတို့ တီးရမှာပဲ ”
ကျွန်မက ‘ စောင့်သူ ’ ကို ဆိုစေ့ချင်၏ ။
“ သူ ပြန်လာရင် ‘ စောင့်သူ ’ ကို ဆိုပေါ့ ဇင်မေ ၊ ‘ အချစ်ပဲ ထင်တယ် ” က ပြန်လာ လာချင်း ဆိုတော့ နည်းနည်း လိုက်လျော လွန်းတယ် ၊ သူ လာမှာပါ ပဲ ၊ ‘ စောင့်သူ ’ သာ ဆိုပါ ”
ဇင်မေက ကျွန်မ နောက်သည်ကို ရယ်ကာ လေကလေး တစ်ချက် ချွန်လိုက်လေ၏ ။
( ၄ )
ဇင်မေ ‘ စောင့်သူ ’ ကို ဆို၏ ။
အံ့ဩစရာ ... သူ ပြန်လာသည် ။
ကျွန်မမှာ ပွဲမစခင် ပရိသတ်ထဲ ရောက်နေ၏ ။ မိတ်ဆွေတွေနှင့် စကား ပြောနေ၏ ။ ပဏာမ ဖွင့်ခါနီးမှာပင် ကျွန်မ အား လာခေါ်ရလေ၏ ။
စိတ် လောကြီးကာ ကျပ်တည်းနေသော ပရိသတ် အကြားတွင် မင်းလမ်းကလေးမှ အမြန်လျှောက်လာရာ ခြေလှမ်း မှားကာ ကု,လားထိုင်ခြေထောက် တစ်ခုကို ခလုတ်တိုက်မိသည် ။ လဲမကျအောင် ရမ်းဆွဲလိုက်ရာ ယောက်ျား လက်မောင်း တစ်ခု ပါလာ၏ ။
ကျွန်မ တော်တော် ရှက်ရသည် ။ သို့သော် ထိုသူ့ ဘေးဝယ် သားကလေး နှင့် ဇနီးသည် ထိုင်လျက် ရှိနေသဖြင့် တော်ပေသေးကာ တောင်းပန်စကားကိုသာ အမြန်ပြောလိုက်ရသည် ။ ထိုသူက လည်း ...
“ ကိစ္စ မရှိပါဘူး ” ကို အမြန်ဆုံး ပြောကာ
“ ဟိုမှာ ရပ်နေတာ ဇင်မေ မဟုတ်လား ၊ ဇင်မေ မဟုတ်လား ” ဟု အရေးတကြီး မေးလျက် ရှိ၏ ။
ဇင်မေသည် ဇာတ်ခုံစွန်း ဝယ် ကန့်လန့်ကာကို ကွယ်၍ ရပ်၏ ။ ကျွန်မကို ရှာနေဟန် ရှိ၏ ။
“ ဇင်မေ မဟုတ်လား ၊ ပျဉ်းမနားက ဇင်မေ ”
ကျွန်မ အံ့အားသင့်ရ လေ၏ ။ ဇင်မေသည် ဘာကြောင့်မှန်း မသိ ၊ သူ့ ဇာတိကို ဖုံးလိုစိတ်ရှိ ရာ ဇင်မေ ပျဉ်းမနား ကမှန်း သိသူ အင်မတန် ရှားသည် ။
“ ဟုတ်တယ် ၊ ပျဉ်းမနား က ဇင်မေ ၊ ရှင် သိသလား ”
“ ဇင်မေ ဆိုလို့ တခြား ဇင်မေ မှတ်တယ် ” ဟု ဆိုကာ သူ့ ဇနီးဘက်သို့ လှည့်၍
“ ရွှင်ရေ ဇင်မေကို ကြည့်ပါဦး ၊ ဖြစ်မှ ဖြစ်ရလေ ၊ ဇင်မေ ဆိုလို့ တခြား ဇင်မေ မှတ်တယ် ” ဟု ထပ်တလဲလဲ ပြောသည် ။
ကျွန်မမှာ အခြောက်တိုက် စိတ် ထွက်လာသလို ဖြစ်ကာ ...
“ တခြား ဇင်မေ မဟုတ်ရင် ၊ ဒီ ဇင်မေ ပေါ့ ” ဟု ပြောကာ ထွက် လာခဲ့သည် ။
“ မေ့သူ ကတော့ ဝေးဝေး မှာ ပျော် ၊ စောင့်သူ မှာ ဖြင့် လှမ်း လှမ်း ကာ မျှော် ၊ ပစ်ခဲ့တာ တွေ နှစ်ခဲ့တာတွေ ခွင့်လွှတ်မယ် ပျိုဇင်မေ ၊ ပွင့်ဦးပန်လှည့် ပြန်ခဲ့ပါ သံသရာ ဆုံးတောင် မမုန်းအောင် ပြုံးယောင် နဲ့ စောင့်တဲ့ ဇင်မေ ”
လ ကို ဖမ်းလိုသူ၏ ဝေဒနာ မဆုံးနိုင်သည့် စောင့်သံသရာ ။ ကျွန်မသည် ဇင်မေနှင့် အတူ လိုက်၍ ပူပန်လျက်ရှိ၏ ။ ပရိသတ် သည်လည်း ဇင်မေ နှင့် လိုက်၍ ပူပန်လျက်ရှိ၏ ။
ဇင်မေ ၏ ‘ စောင့်သူ ’ ကြောင့် အားလုံး ချမ်းစိမ့်လျက် နေ၏ ။ မျက်ရည် လည်နေ၏ ။ ကြက်သီးထ စေ၏ ။ တိုက်နေသော လေ ရော ၊ မီးပွင့် ရော ၊ ပန်ကာ ရော ‘ စောင့်သူ ’ မှာ တုန်လှုပ် နေသလို ထင်ရတော့သည် ။
ဇင်မေ့ သီချင်းမှာ နက်၏ ။ အထဲမှာ တစ်ခုခု ရှိ၏ ။ ထို တစ်ခုခုကို မမီ မီအောင် ကျွန်မသည် အတင်းလိုက်၍ တုန်ယင်သော လက်များ နှင့် စန္ဒရားခလုတ်များကို နှိပ်နေပါ၏ ။ ကျွန်မ သည် ဇင်မေ ခံစားရ သလို ခံစားရလာ၏ ။ ကြောက်လာ၏ ။ ကျွန်မ ကိုယ်တိုင်ပင် စောင့်သူ ဖြစ်လာ၏ ။
ဇင်မေ ကို မြင်ရပါသည် ။ မျက်လွှာကလေးများ စင်းစင်း ကျနေသည့် မှေးနေသော မျက်လုံးများသည် ဘဝ ဘဝကို လှမ်း မျှော်နေသည် ။ ဇင်မေ သည် သီချင်းကို အပြီးအသတ်လိုက်မှာ အသက်ပါ , ပါသွား သလို ငြိမ်ကျန်ရစ်သော ပရိသတ်သည် ခဏ ကြာလျှင် သတိရကာ ဆူညံလာမှ ဇင်မေ သည် နွမ်းလည်း နွမ်းလျစွာ ၊ အောင်လည်း အောင်မြင်စွာ ပြုံးကာ အသက်ရှင် လာသည် ။
ဇင်မေသည် အကြာကြီး နေမှ ကျွန်မဆီ ရောက်၏ ။
“ သူ သူ လာတယ် အချိုရေ ၊ မအံ့သြဘူးလား ... ဟင် ... အို... သူ ”
စိတ် လှုပ်ရှားနေ၏ ။ တုန်လှုပ်နေ၏ ။ ပျော်နေ၏ ။ ဒါနှင့်ပင် မျက်ရည်တွေ ဝိုင်းနေ၏ ။
ဇင်မေ သည် သူ့ကိုယ် သူ ထိန်းရန် ခဏနေ၏ ။ ထိန်း၍ နိုင်မှ ...
“ ကိုယ် ပြန်နှင့်မယ် နော် ... သူ နဲ့ ပေါ့ ”
သည်လို ပြော၍ ကျွန်မ နားထင်ကို တစ်ချက် နမ်း ကာ ပြေးထွက်သွား၏ ။
ကျွန်မ ကြက်သေ , သေရာ မှ သတိရလျှင် ပြဇာတ် အတွက် တီးရဦးမည်ကို တွေးမိ၏ ။ ပြဇာတ်ပြီးလျှင် ကျွန်မ အလုပ်ပြီးမည် ဖြစ်၏ ။ သို့သော် စပင် မစသေးပါ ။ ကျွန်မသည် မည်သူ့ကိုမှန်း မသိ ၊ ကျိန်ဆဲနေမိကာ အိမ်ပြန်ရန်သာ စိတ်စော၏ ။ ကြာဦးမည် ။ နှစ်နာရီလောက် နေရဦးမည် ။
ကျွန်မသည် မနေနိုင် တော့ဘဲ လူစား ရှာ၍ ထားခဲ့ကာ အိမ်သို့ ပြန်လာ၏ ။
ဘာကြောင့်များ သည်ညက အလိုက်သိဖို့ရာကို လုံးလုံး မေ့ပြီး ဇင်မေ တို့ဆီ သွားချင်စိတ် သည်လောက် ပြင်းပြရပါသလဲ ။
ဇင်မေ ကမူ
“ ဒါဟာ ဘုရားမတာပဲ ” ဟု ကြွေလုလု အသည်းနှင့် ဆိုရှာသည် ။
ဒါဟာ ဘုရားမတာပဲ ။
••••• ••••• •••••
အိမ်ရောက်လျှင် ရောက်ချင်း ချက်ချင်း မဝင်သေးဘဲ တံခါးရွက်ကို ကွယ်ကာ ရပ်မိ၏ ။
သူတို့လည်း ခုပင် ရောက်ကြပုံ ရ၏ ။
“ ဘယ့်နှယ် ဇင်မေ ”
ယောက်ျား အသံ ။
ဇင်မေ့ အသံကို မကြားပေ ။
“ ဇာတ်တွေ ၊ အငြိမ့်တွေ နဲ့ ပါလား ဇင်မေ ၊ ဘာဖြစ် နေတာလဲ ”
ဘုရားရေ ... ဘာဖြစ်နေတာလဲတဲ့ ။ ဇင်မေ ဘာဖြစ်နေတယ်ဆိုတာ တကယ်ပဲ မသိဘူးလား ။
ဇင်မ က မဖြေပါ ။
“ ဇင်မေ က စကားတောင် မပြောတော့ဘူး ၊ နိုင်ငံကျော်ကြီး ဖြစ်နေတာကို ၊ နေပါဦး ဇင်မေ ၊ ကိုယ့်ကို မုန်းတုန်းပဲလား ”
ကု,လားထိုင် ရွှေ့သံ ၊ တစ်ခုခု တိုက်မိသံ ၊ နောက် ဇင်မေ့ အရိပ် ကျွန်မ ခြေရင်းသို့ ကျ လာသည် ။
ဇင်မေ သည် ကျွန်မဘက်သို့ လျှောက်လာ၏ ။ ကျွန်မသည် ချောင်းနားထောင်သူ အဖြစ်ဖြင့် အမိ မခံနိုင်ပေ ။ ထို့ကြောင့် အိမ်တွင်းသို့ ဦးအောင် ဝင်လိုက်ရသည် ။
“ အို .. အချို ”
အိမ်တွင်းသို့ ဝင်လိုက်လျှင် ဝင်လိုက်ချင်း ကျွန်မ အားလုံးကို မေ့ကာ တွေ မိ၏ ။ နောက် ကျွန်မ သတိရ ကာ ပထမဆုံး လုပ်ချင်သော အလုပ်မှာ တလောက ဇင်မေ ငို သလို လုံးလုံးလျားလျား ငို ပစ်လိုက်ခြင်း ဖြစ်သည် ။ မငိုချင်ဘဲ ရှိချည့်မလား ။ သည်လူ မှာ စောစောက ...
“ ပျဉ်းမနား က ဇင်မေ မဟုတ်လား ” ဟု မေးခဲ့သည့် သား တစ်ယောက် ဖခင်ပါကလား ။
ကျွန်မသည် သတိရကာ ...
“ အချို ပဲ ဇင်မေ ” ဟု သံပြတ်နှင့် ဖြေကာ ...
“ မီးကလည်း မှိန်လှချည်လား ” ဟု သက်သက်မဲ့ ကြိမ်း လိုက်၏ ။
ဇင်မေ ကို ကြိမ်းလိုက်သည် မှာ သည် ဇာတ်လမ်းသည် စောင့်သူ နှင့် ပြန်လာသူ တွေ့ကြသော ဇာတ်လမ်း ရှင်းရှင်းကလေး မဟုတ်မှန်း ရိပ်မိလာဖို့ ဖြစ်၏ ။
ဇင်မေ မှာ ယောင်ယမ်း စိတ်ရှုပ်နေ၏ ။ ကျွန်မလည်း သူတို့နှင့် အတူ ထိုင်ကာ ဘုစကားများကို အယဉ်ကျေးဆုံး သုံးနှုန်း၍ ပြောခြင်းဖြင့် သူ့ကို မြန်မြန် ပြန်စေလိုက်ပါသည် ။
ကျွန်မက ခပ်အေးအေးပင် ကျွန်မအား နားမလည်သလို ကြည့် နေသည့် ဇင်မေကို ...
“ ဘယ့်နှယ် စောင့်တော့ စောင့်ပြီး တွေ့တော့လည်း တယ် မလွမ်းလိုက်ပါကလား ” ဟု ပြောလိုက်၏ ။
“ သူက အေးစက်စက်နဲ့ အချို ”
“ အိုး အေးဆက်ရမယ့် အကြောင်းတွေ အများကြီး ရှိသပေါ့ ” ဟု စကာ ကျွန်မနှင့် က ပွဲ မစခင် တွေ့သည့် အကြောင်းအရာ အားလုံးကို ပြောရလေသည် ။
သည်လို ပြောရမှာ ၊ လုပ်ရမှာကို မှန်ပေမည့် ပြောရ လုပ်ရ ခက်သည် ။ ရက် မဟုတ် ၊ လ မဟုတ် ၊ နှစ်နှင့် ချီ၍ ကွဲ ခဲ့ကြသည့် မချစ်ရသေး သည့် ချစ်သူ နှစ်ဦးကို ကျွန်မ ထပ်ပြီး ခွဲရပြန်သည် ။
ကျွန်မ၏ စေတနာကို ဇင်မေ သိကောင်းရဲ့ ဟူသော အယုံနှင့် ကျွန်မသည် သူတို့ နှစ်ယောက် အဖို့ ဘာလမ်းမျှ မကျန်တော့ကြောင်းကို ရှင်းလိုက်၏ ။ ကျွန်မသည် “ ဇင်မေ ကိုယ့်ကို မုန်းတုန်းပဲလား ” ဟူသော စကားကို ပြန်လာသူက စောင့်သူကို ပြောသည့် အဖြစ် မကြားယောင်နိုင်ပါ ။ သားနှင့် မယားနှင့် အိမ်ထောင်သည် ယောက်ျားကြီး တစ်ဦးက မိန်းမပျိုကလေး တစ်ယောက်ကို ပြော သလိုသာ ကြားယောင်နိုင်ရသည် ။
ထို ညသည် ဇင်မေ အဖို့ ဘယ်လိုည ဖြစ်မည်ကို ကျွန်မ မပြောနိုင်ပါ ။ သို့သော် မနက် မိုးလင်းလျှင် လင်းချင်း ဇင်မေသည် အလုပ်ပန်းသည့်အကြောင်းပြကာ ပင်လယ် ကမ်းခြေသို့ ထွက်သွား၏ ။
ကျွန်မကို သူ မလိုက်စေချင် ။ အင်မတန်ကြီးကို ရှက် နေသည် ။ ဇင်မေ၏ လူ့မာနတွေကို အဆိုးဝါးဆုံး ထိခိုက် ကုန်ပြီ ။
“ စောင့်သူ ” ကို စွဲကြသူ များသည့် အတိုင်း သတင်းထောက်များသည် ဇင်မေ နောက်သို့ တတမ်းတမ်း လိုက်ကြပြန်၏ ။ သို့သော် သူတို့ ဖြည်းလေးစွာ ပြန်လာသည့်အခါ မည်သူမျှ အိပ်မက် မမက်သော “ ဇင်မေ သီချင်း ဆိုခြင်းကို စွန့်လွှတ်လိုက်ပြီ ” ဟူသော သတင်းသာ ပါလာသည် ။
ကျွန်မကား သည်သတင်းကို ရလျှင် ရချင်း အမှန်ကို ချက်ခနဲ ပြေးမြင်လိုက်ပါသည် ။
ထို့နောက် အကယ်၍များ ခုနေ ဇင်မေ သီချင်းစပ်မည် ဆိုလျှင် “ မျောချင်ရာ မျော ဦးတော့မယ် ” ဟူသော နာမည်မျိုးနှင့် မလာပါစေနှင့်ဟု စိတ် မချမ်းသာစွာ ဆုတောင်း နေမိပါ၏ ။
◾ ကြည်အေး
📖 တာရာ မဂ္ဂဇင်း
အတွဲ ၂ ၊ အမှတ် ၁၁
မေ ၊ ၁၉၄၈
No comments:
Post a Comment