❝ ကြွေရုပ်ကလေး ❞
( မင်းတင်ထွဏ်း )
၁ ။
တောက်ထွန်း တော်တော် အ,တဲ့ကောင် ။ တန်ဖိုးရှိတဲ့ ကြွေရုပ်ကလေးလို လှတဲ့ ငွေမိ ကိုတော့ မကြိုက်ဘဲ အဖိုးမတန်တဲ့ ကော်ပတ်ရုပ် နှင်းမေကိုမှ မေတ္တာ ရှိရတယ်လို့ ဘယ်လို သတ္တဝါပါလိမ့် ။ ကျုပ် စဉ်းစားလို့ကို မရဘူး ။
၂ ။
ကျုပ်ကတော့ အလှ မကြိုက်တဲ့ ငမိုက်သား မဟုတ်ဘူး ။ ငွေမိကို အသေရရ အရှင်ရရ မေတ္တာရှိခဲ့တာ ။ ငွေမိက ကြွေရုပ်လေးလို မထိရက် ၊ မကိုင်ရက်အောင်ကို လှတယ် ။ ခန္ဓာကိုယ်က ငါးရံ့ကိုယ်လုံးလေး ။ အသားအရေက ဝါဂွမ်းလေးလို ဖွေးနုနေတာ ။ မျက်နှာလေး ကလည်း အမြဲတမ်း မိတ်ကပ် ၊ နှုတ်ခမ်းနီ ၊ ကာချယ် ခြယ်သထားတော့ ဖူးဥနေတာ ။ ကျုပ် အနှစ်သက်ဆုံးကတော့ သူမဘယ်ဘက် မေးစေ့ပေါ်က စံပယ်တင် မှဲ့လေးပဲ ။ ငွေမိဆိုတာက ကျုပ်တို့ ဆင်ခြေဖုံး ရပ်ကွက်လေးကို ရွာကနေ ပြောင်းလာတဲ့ မြေတူးခေါင်း ဦးဘမောင် ရဲ့ သမီးပါ ။ မြေတူးလုပ်ငန်းနဲ့ ကြီးပွားနေတယ် ။ ရွာက ခေါ် လာတဲ့ မြေတူးသမားတွေ ဆိုရင် သူ့ဝင်းထဲမှာ တန်းလျားနဲ့ ထားတယ် ။
ငွေမိက တစ်ဦးတည်းသော သမီး ။ အလိုလိုက်ထားပုံ ရတယ် ။ ကျောင်းသွားတာ လည်း မတွေ့ဘူး ။ ဘာအလုပ်မှ လုပ်ခိုင်းတာလည်း မမြင်ဘူး ။ အပြင်ဈေးဝယ်တာတောင် သူ့အမေနဲ့ အိမ်အကူ ကောင်မလေးပဲ ထွက်ဝယ်တာ တွေ့တယ် ။
သူ့အမေ နာမည်က ဒေါ်စိန်ခင်တဲ့ ။ ကိုယ်လုံးက ဝဝဖိုင့်ဖိုင့်ကြီး ။ လက်မောင်းအိုးတွေက ကျုပ် ပေါင်လုံး ထက် ကြီးမယ် ။ တစ်ခါတစ်ရံ သူ့အမေနဲ့ အပြင် ထွက်တတ်တယ် ။ ဝတ္ထုစာအုပ်ငှားတယ် ။ ဗီဒီယိုခွေငှားတယ် ။ နောက်ပြီးတော့ မုန့်ဟင်းခါး စားကြတယ် ။
ကျုပ်က ညနေတိုင်း ဆိုရင် သူ လာတတ်တဲ့ နေရာ နားက ဆံပင်ညှပ်ဆိုင်မှာ ထိုင်ပြီး စောင့်ကြည့် နေတတ်တယ် ။ သူ့အမေ ပါရင်တော့ အနား မကပ်ပါဘူး ။ သူ့အမေ မပါရင်တော့ အနားထိ ကပ်သွားတယ် ။ ကိုယ်ယောင်ပြတယ် ။
ငွေမိနဲ့ အတူ သူ့အမေ မပါရင် ကောင်လေး တစ်ယောက် ပါလာတတ်တယ် ။ ကောင်လေး ဆိုပေမဲ့ ကျုပ်ထက် ငယ်ရင် တစ်နှစ် ၊ နှစ်နှစ်ပါ ။ အရပ်က ကျုပ်ထက် မြင့်တယ် ။ ဗလက ကျုပ်ထက် တောင့်တယ် ။ အစက ဒီကောင်ကို သူ့မောင်လေးလို့ ကျုပ်က ထင်တာ ။ ကောင်လေးက ငွေမိ နောက်ကပဲ လိုက်တယ် ။ ငွေမိ စာအုပ်ငှားရင် ၊ ဗီဒီယိုခွေငှားရင် ဆိုင်ဝ ကပဲ ရပ်စောင့်နေတာ ။ ငွေမိ မုန့်ဟင်းခါး စားရင်လည်း အတူမစားဘူး ။ ဆိုင်နားမှာပဲ ရပ်စောင့်နေတာ ။
“ ဟဲ့ တောက်ထွန်း လာလေ ၊ နင့်အတွက်ပါ မှာထားတာ ”
ငွေမိက လှမ်းခေါ် တယ် ။ အသံလေးက ကြည်ပြီး လွင်လို့ ။ ချစ်စရာလေး ။
“ မငွေမိသာ စားပါ ၊ ကျုပ် မုန့်ဟင်းခါး မကြိုက်ဘူး ”
တောက်ထွန်းက ငြင်းတယ် ။
“ နင့် ပိုက်ဆံ မထုတ်ရပါဘူးဟဲ့ ၊ ကပ်စေးနှဲ ကိုကော်တရာရဲ့ ။ နင်မစားရင် ငါပဲ စားလိုက်တော့မယ် ”
ငွေမိက မုန့်ဟင်းခါး တော်တော် ကြိုက်ပုံရတယ် ။ မှာထားတဲ့ ၂ ပန်းကန်ကို ခဏလေးနဲ့ စားလိုက်တယ် ။ မုန့်ဟင်းခါး စားနေပုံကလည်း လှတာပဲ ။
သူတို့ မောင်နှမ မဟုတ်ဘူး ဆိုတာ ကျုပ် ရိပ်မိလိုက်ပြီ ။ ဒီတော့ ကျုပ် ခွင်ဖန်တော့တာပေါ့ ။
“ ညီလေးက မုန့်ဟင်းခါး မကြိုက်ဘူးဆိုရင် လက်ဖက်ရည် သွားသောက်ပါ လား ၊ ရော့ ... ”
ကျုပ်က တောက်ထွန်း ကို ငွေတစ်ထောင် ပေးလိုက်တယ် ။ တောက်ထွန်းက မယူသေးဘူး ။ ငွေမိကို လှမ်းကြည့်တယ် ။ ငွေမိက ကျုပ်အသံ ကြားလို့ လှည့်ကြည့်တယ် ။ ငွေမိက အကင်းပါးတယ် ။ သူအပြင်ထွက်တိုင်း သူ့နားမှာ ကျုပ် တရစ်ဝဲလည်လည် လုပ်နေတာကို သိပုံရတယ် ။
“ တောက်ထွန်း ယူလိုက်လေ ၊ လက်ဖက်ရည် သွားပြီး သောက်ပါလား ။ အ, လိုက်တာ ၊ ဒါနဲ့များတောင် အမေက သူ့ကို ချီးမွမ်း နေသေးတယ် ”
ငွေမိ ပြောလိုက်မှ တောက်ထွန်းက ကျုပ်ဆီက တစ်ထောင်တန် ယူပြီး ထွက် သွားတယ် ။ ကျုပ်လည်း ငွေမိနား ကပ်ထိုင်ပြီး မုန့်မှာ စားတယ် ။ ငွေမိကို မိတ်ဖွဲ့တယ် ။ စကားပြောတယ် ။ သူစားတဲ့ မုန့်ဖိုးလည်း ရှင်းပေးတယ် ။
နောက်တော့ ငွေမိ အပြင် ထွက်ရင် တောက်ထွန်းကို ငွေတစ်ထောင်တန် ပေးပြီး ပ,ထုတ်တယ် ။ ဝတ္ထုစာအုပ် အတူရွေးတယ် ။ ဗီဒီယိုခွေ အတူငှားတယ် ။ မုန့်ဟင်းခါး အတူစားတယ် ။
တောက်ထွန်းက ကျုပ် ပေးတဲ့ငွေနဲ့ လက်ဖက်ရည်ဆိုင် မသွားပါဘူး ။ လမ်းဘေးမှာပဲ ရပ်နေတာပါ ။
တစ်ရက်တော့ ကျုပ်က တောက်ထွန်းကို ငါးရာတန် ပေးလိုက်တယ် ။ မယူဘူး ။
“ ခါတိုင်းလို တစ်ထောင်တန်ပဲ ပေးလေဗျာ ” လို့ ပြောတယ် ။ ကျုပ်က ...
“ ဪ ငါမေ့သွားလို့ ” လို့ ပြောပြီး အရင် ငါးရာတစ်ရွက် အပြင် နောက်ထပ် ငါးရာတန် တစ်ရွက် ထပ်ပေးတယ် ။ တစ်ထောင်ပေါ့ ။ တောက်ထွန်းက မယူဘူး ။
“ တစ်ထောင်တန် ပေးပါ ”
လို့ပြောတော့ ကျုပ် အံ့သြသွားတယ် ။ မုန့်စားနေတဲ့ ငွေမိက လှည့်ကြည့်ပြီး ...
“ ဟဲ့ တောက်ထွန် ငါးရာတန်နဲ့ ငါးရာတန် ပေါင်းရင် တစ်ထောင်ပေါ့ဟဲ့ ” လို့ပြောမှ ယူလိုက်တယ် ။
တောက်ထွန်း ထွက်သွားတော့ ကျုပ်က ငွေမိ နား ဝင်ထိုင်လိုက်တယ် ။
“ တောက်ထွန်း က ဂေါက်တောက်တောက်လား ”
ငွေမိနဲ့ ခင်နေပြီမို့ မေးလိုက်မိတယ် ။
“ ဂေါက်တာ မဟုတ်ဘူး ။ အ ... တာ ... ။ ခုရွယ်ထိ ပိုက်ဆံ မရေတတ်ဘူး ”
“ စာမတတ်လို့လား ”
“ စာမတတ်ပေမဲ့ ပိုက်ဆံတော့ လူတိုင်း ရေတတ်ပါတယ် ။ တောက်ထွန်းက အ , ကို အ , တာ ”
“ အမျိုးလား ”
“ မဟုတ်ဘူး ။ ရွာက မြေလာ တူးနေတာ ။ အဖေ က အားကိုးရတယ် ဆိုပြီး အိမ်မှာ ထားတာ ”
တောက်ထွန်းက ငွေမိတို့ ရွာက ဖြစ်တယ် ။ မိဘတွေက မရှိတော့ဘူး ။ တောက်ထွန်း ငယ်ငယ်က ရှေ့ဆင့် နောက်ဆင့် ဆုံးသွားကြတာ ။ တောက်ထွန်းက ဟိုအိမ်ကပ်နေ ၊ ဒီအိမ်ကပ်နေနဲ့ ကြီးပြင်းခဲ့တာ ။ လူပျိုပေါက် အရွယ်မှာ ဦးဘမောင်က ရွာကနေ မန္တလေးကို ခေါ်လာတာ ။ မြေတူးတယ် ။ တောက်ထွန်း က မခိုမကပ်ဘူး ။ သူများထက် ၂ ဆ လုပ်တယ် ။ ဝီရိယ ကောင်းတယ် ။ မနက်ဆို အစောကြီး ထတယ် ။ ဦးဘမောင်တို့ အိမ်မှုကိစ္စတွေကို အောက်ခြေသိမ်းကစ လုပ် ပေးတယ် ။ ဒါကြောင့် ဦးဘ မောင်က တောက်ထွန်းကို သူ့ အိမ်မှာပဲ ထားတာ ။ အလုပ် မှာလည်း လက်ထောက် အဖြစ် ခိုင်းထားတာ ။
“ ဒီကောင် တစ်နေ့ ကြီးပွါးမှာ ငွေမိနဲ့ ပေးစားရမယ် ” ဆိုပြီး နားချတယ် ။
“ ဘာ ဒီလိုကောင်နဲ့ ငွေမိကို နားချတယ် ဟုတ်လား ။ ငွေမိက ငြင်းလိုက်တယ် မဟုတ်လား ”
အလန့်တကြားနဲ့ ကိုယ် ကြားချင်တဲ့ စကားကို မေးလိုက်တယ် ။
“ အဖေနဲ့ အမေက ကျုပ်ကို နားချတာ မဟုတ်ဘူး ။ တောက်ထွန်းကို နားချတာ ”
“ ဘာပြုလို့လဲ ”
“ တောက်ထွန်းက ကျုပ်ကို ငြင်းနေလို့ပေါ့ ”
“ ဘာ .. ”
ကျုပ်ပါးစပ် ဟ , သွား တယ် ။ မျက်လုံး ပြူးသွားတယ် ။ အဖိုးတန်တဲ့ ကြွေရုပ်ကလေးလိုလှတဲ့ သူကိုမှ သင်းလို ရုပ်ကြမ်းကြီးက ငြင်းတယ် ဆိုတော့ ရူးရင်ရူး မရူးရင် တော်တော် အ,တဲ့ကောင်ပဲ ။
၃ ။
ငွေမိကလည်း ဒီလို အ , တတကောင်ကို ကြိုက်မှာ မဟုတ်ပါဘူး ။ ကျုပ်လို လည်တဲ့ ကောင်မှ ကြိုက်မှာပါ ။ နောက်ပြီး ကျုပ် စုံစမ်းပြီးပြီ ။ ငွေမိက အပျိုစစ်စစ် ။ ၈ တန်းအထိ ပညာသင်ဖူးတယ် ။ ကောင်လေးတွေက လိုက် စကားပြောလို့ ကျောင်းဆက် မထားတော့တာ ။ ဘာအလုပ်မှ မခိုင်းဘဲ ထားတာ ။ အပြင် ပေးမထွက်တာ ။ ငွေမိက လှတာကိုး ။
ကျုပ်က ငွေမိကို ကြိုက်နေပေမဲ့ အမေက နှင်းမေနဲ့ ပေးစားချင်တာ ။ ကျုပ်ကို နားချနေတာ ။ ကျုပ်က နှင်းမေကို မယူချင်ဘူးလို့ ငြင်းထားတာ ။
နှင်းမေ ဆိုတာက ပဉ္စပါပီက အစ်မ ခေါ်လောက်တဲ့ သူ ။ အသားကမည်းမည်း ၊ အရပ်က ကလန်ကလား ၊ ရုပ်ကဆိုးဆိုးရယ် ။
“ အမေ ကလည်းဗျာ ၊ ကျုပ် ဒီလောက် အလှမက်တာ ၊ အရုပ်ဆိုးတဲ့ သူမှ ပေးစားရတယ်လို့ ရက်စက်တယ်ဗျာ ”
ကျုပ်က အမေကို အပြစ်တင်တယ် ။
“ ဟဲ့ ၊ ရှေးလူကြီးသူကြီး ဆိုရိုးစကား မကြားဖူးဘူးလား ၊ လှတာမက်ရင် ညစာ ခက်တယ်တဲ့ ။ နှင်းမေက ဒီ လောက် ရုပ်မဆိုးပါဘူး ။ ညို ချောလေးပါ ။ နောက်ပြီး ဘွဲ့ရပေမဲ့ ကြုံရာ အလုပ်ကို လုပ်ရဲတဲ့သတ္တိ ရှိတယ် ဟဲ့ ”
အမေကတော့ နှင်းမေ ကို ဟိမန္တာ ချီးမွမ်းခန်း ဖွင့်တယ် ။
ပညာတတ် ဘွဲ့ရတော့ ဘာလုပ်ရမှာလဲ ။ ဒီလောက် အရုပ်ဆိုးတော့ ဘယ်ကုမ္ပဏီ မှ မခန့်လို့ ကြုံရာ အလုပ် လုပ် နေရတာကို ချီးမွမ်းနေတယ် ။ အခု မြေတူးလိုက်နေတယ် ။
နောက်ပြီး နှင်းမေအဖေ က ဝန်ထမ်းပင်စင်စား ။ အမေက ဂိလာန ။ ကျောင်းထားပေးနေရတဲ့ ညီမ ၂ ယောက်က ရှိသေးတယ် ။ နှင်းမေပဲ လုပ်ကျွေး နေရတာ ။ နှင်းမေနဲ့သာရရင် ကျုပ်ပါ သူတို့ မိသားစုကို လုပ်ကျွေးနေရမှာ ။
ကျုပ်က မုဆိုးမသား ပေမဲ့ ရပ်ကွက်ထဲမှာ မျက်နှာ မငယ်ရဘူး ။ အမေက အိမ်မှာ ကုန်စုံဆိုင် ဖွင့်ထားတယ် ။ တစ်ဦးတည်း သားမို့ ဘာမှ ပူစရာ မလိုဘူး ။
ကျုပ်က ၁၀ တန်းကို ၅ နှစ်ကျတယ် ။ စိတ်မညစ်ပါဘူး ။ ၁၀ တန်းကျတာကိုက ကျုပ်အတွက် အခွင့်အရေး ဖြစ်နေတယ် ။ အမေက ကျုပ်ကို ၁ဝ တန်း အောင်စေချင်တယ် ။ ဘွဲ့ရစေချင်တယ် ။ ဒါကြောင့် ဘာမှ မခိုင်းဘဲ ကျူရှင်ပဲ တက်ခိုင်းတယ် ။ ဒီတော့ ကျုပ်က ကျူရှင်သွားတယ်ဆိုပြီး အိမ်မကပ်ဘူး ။
ကျုပ် ငွေမိကို ပိုးတာ အမေ သိပုံရတယ် ၊ နှင်းမေနဲ့ ပေးစားမယ်လို့ ဇွတ်ပြောပြန်ရော ။ နှင်းမေအမေက ဆိုင်မှာ လာပြီး အမေ တောက်တိုမည်ရ ခိုင်းနေတာ ။ ဆိုင်က အကြွေးယူနေတာ ။ ကျုပ်ကိုလည်း သမက် ဖမ်းချင်နေတာ ။ ကျုပ်သာ ခေါင်းညိတ်ရင် နှင်းမေနဲ့ ပေးစားကြမှာ သေချာတယ် ။
ဒါကြောင့် ကျုပ်က ငွေမိကို အမြန် ချစ်ရေးဆိုရတာ ။ ငွေမိက ပါးစပ်က မဖြေဘူး ။ စာရေးပြီး ဖြေတယ် ။ အောင်မယ် ၊ ငွေမိက ရုပ်သာလှတာ မဟုတ်ဘူး ။ ရည်းစားစာလည်း အရေးကောင်းတယ် ။ သူ့စာ ဖတ်ရတာ ဝတ္ထုတစ်ပုဒ် ဖတ်နေရ သလိုပဲ ။ ရုပ်ကလေး လှသလောက် စိတ်ကူးလည်း ယဉ်နိုင်ပါပေ့ မောင့်ကြွေရုပ်လေးရယ် ၊ စံပယ်တင် မှဲ့လေးရယ် ။
၄ ။
“ ဟဲ့ ငအ ၊ နင်ကသာ အလှရှာပုံတော် ဖွင့်နေ ။ နှင်းမေက ယောက်ျား ယူတော့မှာ ”
“ ကောင်းတာပေါ့ ”
အမေ ပြောတော့ ကျုပ် ဝမ်းသာသွားတယ် ။
“ ဘယ်သူလဲ ” မေးတော့ -
“ သူနဲ့ အလုပ်အတူတူ လုပ်တဲ့ မြေတူးတဲ့ကောင် လေး ” လို့ အမေက ပြောတယ် ။
ဟုတ်တာပေါ့ ။ သူနဲ့ တူရာတန်ရာ ရမှာပေါ့ ။ မကြာပါဘူး ။ သတင်း ကြားတော့ အံ့သြသွားတယ် ။ နှင်းမေနဲ့ ယူမှာ တောက်ထွန်း တဲ့ ။
မကြာပါဘူး ။ တောက်ထွန်း နဲ့ နှင်းမေ လက်ထပ်လိုက်ကြတယ် ။ နှင်းမေ အိမ်မှာပဲ ဘုန်းကြီး ၃ ပါး ဆွမ်းကပ်တယ် ။ အိမ်နီးချင်းတွေလောက် ဖိတ်ပြီး လက်ဖက် ရည်နဲ့မုန့် ဧည့်ခံတယ် ။
“ တောက်ထွန်း မင်းက သွက်လှချည့်လားကွ ” လို့ မေးတော့ ...
“ မသွက်လို့ မရဘူးဗျ ။ အရီးစိန်က ကျုပ်နဲ့ ငွေမိကို အတင်း ပေးစားဖို့ စီစဉ်နေလို့ ဗျလို့ ” ဖြေတယ် ။
တောက်ထွန်းကို ဦးဘမောင်နဲ့ ဒေါ်စိန်ခင် က တော်တော် စိတ်ဆိုးကြတယ် ။ အိမ်က နှင်ထုတ်လိုက်သလို ၊ အိမ်ကိုလည်း အလာ မခံဘူး ။ အလုပ်လည်း မပေးတော့ဘူး ။
နောက်ပြီး ဦးဘမောင် က အရှိန်ရှိတော့ ဘယ်မြေတူး ခေါင်းကမှ တောက်ထွန်းတို့ လင်မယားကို အလုပ် မခေါ် ကြဘူး ။ ဒီတော့ တောက်ထွန်း တို့လင်မယား သဲကား ၊ ကျောက်ကား လိုက်ရတော့တယ် ။ အိမ်သာကျင်း လောက်ပဲ တူးမယ့်သူ ခေါ် တယ် ။
မကြာပါဘူး ။ တောက်ထွန်းတို့ ထော်လာဂျီကား တစ်စီး ဝယ်တယ် ။ ကျောက်တို့ ၊ မြေတို့ ၊ သဲတို့ သယ်တယ် ။ တောက်ထွန်းက မောင်းတယ် ။ နှင်းမေက နောက်က လိုက်တယ် ။ အလုပ်သမား မငှားဘူး ။ သူတို့ လင်မယားကို ကြည့်ပြီး “ ငါ နှင်းမေကို မယူမိတာ ကံကောင်းတယ် ။ ငွေမိ တောက်ထွန်းနဲ့ မရတာလည်း ကံကောင်းတယ် ” လို့ တွေးလိုက်မိတယ် ။
၅ ။
ကျုပ် ၁၀ တန်းစာမေးပွဲ ထပ်ကျတယ် ။ ဒီတော့ ငွေမိကို ခိုးပြေးတယ် ။ မိဘတွေက ကျုပ်တို့ကို ရှာခေါ် ပြီး ပေးစားရတယ် ။ ဆီဒိုးနား ဟိုတယ်မှာ မင်္ဂလာ အကြီးအကျယ် ဆောင်ပေးတယ် ။
မင်္ဂလာဆောင်ပြီး မကြာပါဘူး ၊ ဦးဘမောင်က ဦးနှောက်သွေးကြောပေါက်ပြီးရုတ်တရက် ဆုံးသွားတယ် ။ ဒေါ်ခင်စိန်က အိမ်နဲ့ ဝင်းကို ရောင်းပြီး ရွာပြန်သွားတယ် ။ ငွေမိကို အမွေတစ်ဝက် ပေးခဲ့ တယ် ။ ဒီငွေနဲ့ ငွေမိက ဆွဲ ကြိုးနဲ့ လက်ကောက် ၊ လက်စွပ်တွေ ထပ်လုပ်တယ် ။ ကျုပ်က ဘင်ကားတစ်စီး ဝယ်လိုက်တယ် ။ လင်မယားနှစ် ယောက် ငွေဆောင်တို့ ၊ ချောင်းသာတို့ ၊ ငပလီတို့ ထိ ကားနဲ့ ပျားရည်ဆမ်းခရီး ထွက်ကြတယ် ။
အမေကလည်း စစ်ကိုင်းကျောင်းမှာ သီလရှင် ဝတ်သွားတယ် ။ ငွေမိက ဈေးမရောင်းတတ်ဘူး ။ ဒါကြောင့် ဆိုင်ပဲ ထိုင်ခိုင်းပြီး အရောင်းစာရေးမ တစ်ယောက် ငှားရတယ် ။ ဈေးကို ပစ္စည်း သွားဝယ်ရင် ကျုပ် တစ်လှည့် အရောင်းစာရေးမ တစ်လှည့် ဝယ်တယ် ။
ငွေမိက ဆိုင်ထိုင်ရတာ ပင်ပန်းတယ် ဆိုတာနဲ့ ထမင်းဟင်း ချက်ဖို့နဲ့ အဝတ်လျှော်ဖို့ အိမ်အကူ တစ်ယောက် ငှားထားရတယ် ။ ငွေမိ က ကလေးကို တစ်ယောက်ပြီး တစ်ယောက် မွေးတော့ ဆိုင် မထိုင်နိုင်တော့ဘူး ။ ကျုပ်ကလည်း ဆိုင်ထိုင်ရတာ ဝါသနာ မပါဘူး ။ ဒီတော့ ဆိုင်က ပရုတ်လုံးလို တဖြည်းဖြည်း ပါးလာတယ် ။ အရောင်းစာရေးမကလည်း ငွေစာရင်း မရှင်းနိုင်ဘူး ။ ဆိုင် မလာတော့ဘူး ။ ဆိုင်ကို ပိတ်ထားရတယ် ။
အရေးထဲ ကားက လူ ဝင်တိုက်လို့ ဝင်းနဲ့အိမ် ပေါင်ပြီး လျော်လိုက်ရတယ် ။ ကားကို ပြန်ရောင်းတော့ ကားဈေး ကျတာရယ် ၊ လူတိုက်ထားတဲ့ ကားမှန်း သိတော့ ဈေးက သိပ်မရဘူး ။ သူခိုးဈေးပဲ ရတယ် ။ ရတဲ့ငွေက အကြွေးတောင် မကျေဘူး ။
အိမ်နဲ့ဝင်း ပေါင်ထားတာတွေ ရွေးဖို့ ရက်နီးနေပြီ ၊ မရွေးနိုင်ရင် ရောင်းပြီး တခြား ပြောင်းရတော့မယ် ။ ခေါင်းက တစစ်စစ် ကိုက်နေတယ် ။
ခါတိုင်း စိတ်ညစ်ရင် အရက်ဆိုင်သွားတယ် ။ စိတ်ကလည်း အမြဲတမ်း ညစ်နေတာ ။ ဒီတစ်ခါ စိတ်က ညစ်ရုံတင် မကဘူး ၊ ဇောက်ထိုး မိုးမျှော်ကျနေတာ ။ အရက် မသောက်ချင်တာနဲ့ လမ်း ၃ဝ ဘက် လမ်းလျှောက် ထွက်ခဲ့တယ် ။ ဒီနေရာက အရင်က လယ်ကွက်တွေ ၊ မြို့ကွက် သစ်ဖော်တော့ ၄ ဧကကျယ် တဲ့ ဝင်းတွေ ဖြစ်ကုန်တာ ။ တချို့က အုတ်တံတိုင်းကာပြီး မြေဖို့ထားတယ် ။ တချို့က အုတ်တံတိုင်းလည်း မကာ သေးဘူး ၊ မြေလည်း မဖို့သေးဘူး ။
လမ်းလျှောက်တယ် ဆိုပေမဲ့ လူက ပိန်ပိန်ချည့်ချည့် ၊ နဲ့တဲ့တဲ့မို့ ဝေးဝေး မလျှောက်နိုင်ဘူး ။ မောလို့ သစ်ပင်အောက်မှာ ထိုင်ပြီး နားတယ် ။
ကျုပ်နဲ့ မလှမ်းမကမ်းမှာ ဇိမ်ခံမှန်လုံကားတစ်စီး ထိုးရပ်တယ် ။ ကားထဲက လူ ၃ ယောက် ဆင်းလာတယ် ။ အသားဖြူစပ်စပ် ၊ ပုကွကွ ၊ ဘောင်းဘီ သရီးစကွဲယားတွေ ဝတ်လို့ ။ ဝင်းလွတ် တစ်ခုကို လက်ညှိုးထိုးပြီး စကား ပြောနေကြတယ် ။ သူတို့က စကားမပီဘူး ။ ဝဲတာလည်း မဟုတ်ဘူး ။ ဒါပေမဲ့ မန္တလေး မှာ ဒီလေသံတွေ ကြားနေကျ မို့ နားလည်တယ် ။ ဝင်းလွတ်ကို မြေဖို့ဖို့ ပြောနေကြတာ ။ ကုမ္ပဏီ တစ်ခုက သူတို့ ပြီးချင်တဲ့ ရက် မရတဲ့ အကြောင်း ပြောနေကြတာ ။
မြေဆိုတော့ ကျုပ်စိတ်ထဲ တောက်ထွန်းကို သွားသတိရတယ် ။ တောက်ထွန်း တို့က ကျုပ်တို့ ဆင်ခြေဖုံး ကနေ ၅၈ လမ်းပေါ် ပြောင်းသွားကြတာ ။ နှင်းမေက အုတ် ၊ ထုံး ၊ သဲ ၊ ကျောက်နဲ့ ကုန်မာဆိုင် ဖွင့်ထားတယ် ။ တောက်ထွန်းက ဆိုင်နဲ့ ကပ်ရက်မှာ “ တောက်ထွန်း ကုမ္ပဏီ ” ထောင်ထားတယ် ၊ ထော်လာဂျီက စပြီး ၁၂ ကားကြီးတွေထိ ကားတွေ ထောင်ထားတယ် ။ မြေ ၊ သဲ ၊ အုတ် ၊ ကျောက်သယ်တယ် ။
ကျုပ် သူတို့နား ရောက်သွားတယ် ။
“ ခင်ဗျားတို့ မြေဖို့ချင်လိုလား ၊ ကျုပ်သူငယ်ချင်းဆီ လိုက်ပို့မယ် ” လို့ ပြောလိုက်တယ် ။
သူတို့ကလည်း မြေလိုချင်တော့ ၊ ကျုပ်ကို သူတို့ ကားနဲ့ ခေါ်ပြီး လိုက်ခဲ့တယ် ။
ကုန်စုံဆိုင်ထဲမှာပဲ အခန့်သင့် တောက်ထွန်းနဲ့ နှင်းမေ ကို တွေ့ရတယ် ။ အလဲ့ ဝတ်စားနေထိုင်ပုံက နှစ်ယောက်စလုံး သူဌေး အတိုင်းပဲ ။ ကျုပ် ကိုတွေ့တော့ တောက်ထွန်း က -
“ ဟာ အစ်ကိုလာ မတွေ့တာ ကြာပြီ ” ဆိုပြီး ဖက်လဲတကင်း ကြိုတယ် ။
“ ကျွန်တော် ဘာကူညီပေးရမလဲ ” မေးတယ် ။
“ ငါက အကူအညီ မလိုပါဘူးကွာ ၊ သူတို့ဝင်း မြေဖို့ချင်တယ် ဆိုလို့ မင်းဆီ ခေါ်လာတာပါ ”
“ ဒါဆို ရုံးခန်းထဲ သွားရအောင် ”
ကျုပ်တို့ ရုံးခန်းထဲ ရောက်သွားတယ် ။ ဆိုဖာဆက်တီမှာ ထိုင်ကြတယ် ။ နှင်းမေက အအေးဘူးတွေ လာချပေးတယ် ။
တောက်ထွန်းနဲ့ ဧည့်သည် ၃ ယောက် လုပ်ငန်း ကြောင်း ပြောကြတယ် ။ သူတို့ ပြီးချင်တဲ့ ရက်ကို တောက်ထွန်းက အာမခံတော့ အဆင်ပြေသွားတယ် ။
မြေကားအတွက် ဈေးစကားကိုတော့ နှင်းမေက ဝင်ပြောတယ် ။
“ မလျှော့တော့ဘူးလား ၊ ကားအများကြီး ယူမှာ လေ ” လို့ ပြောတော့ နှင်းမေက ပြုံးချိုစွာနဲ့ ...
“ စိတ်ချပါရှင် ၊ ပုံမှန်ဈေးပါ ။ ကျွန်မတို့ ကုမ္ပဏီက နာမည်ပျက် မခံပါဘူး ။ ၅၃ လမ်း ၊ ၅၄ လမ်းနဲ့ လမ်း ၃ဝ ဘက်က ဝင်း ဆယ်ဝင်းလောက်ကို ကျွန်မတို့ကုမ္ပဏီကပဲ မြေဖို့ပေးတာပါ ။ မြေက လေးကျင်းအပြည့် ပါပါတယ် ။ မပြည့်ဘူး ထင်တဲ့ကား လက်မခံပါနဲ့ ”
နှင်းမေ အပြောကြောင့် သဘောတူ သွားကြတယ် ။ စရန်ငွေပေးတော့ စာချုပ်ကြ တယ် ။ စာချုပ် ၂ စောင်ကို နှင်းမေကပဲ ရေးတယ် ။
“ ဦးစိန် လက်မှတ်ထိုးပါ ”
နှင်းမေက စာချုပ်နှစ်ခုကို ယူပြီး လက်မှတ် ထိုးခိုင်းတယ် ။ ဧည့်သည်နှစ်ယောက် ကိုလည်း သက်သေ နေရာမှာ လက်မှတ် ထိုးခိုင်တယ် ။ တောက်ထွန်း အလှည့် ကျ တော့ ..
“ ကျွန်တော်က လက်မှတ် မထိုးတတ်ဘူး ။ လက်ဗွေပဲ နှိပ်ပေးမယ် ”
ဆိုပြီး လက်ဗွေ နှိပ်ပေးလိုက်တယ် ။ ဟိုဘက်က ဘာမှ မပြောဘူး ။ နှင်းမေ ပေးတဲ့ စာချုပ် တစ်စောင်ကို ယူပြီး ကားနဲ့ ပြန်သွားကြတယ် ။
ကျုပ်လည်း နေရာက ထလိုက်တယ် ။ ဒီတော့ နှင်းမေက အနား ရောက်လာတယ် ။
“ ကိုကျောက်ဒိုး ပွဲခရယ် လို့ မဟုတ်ပါဘူး ။ ကျေးဇူးရှိလို့ ပေးတာပါ ” ဆိုပြီး ကျုပ် လက်ထဲ ငွေထုပ် ထည့်ပေးတယ် ။
ငွေကိုင်ထားတဲ့ လက်တွေ တုန်နေတယ် ။
“ ကျေး ... ဇူး ... ပါ .. ပဲ .... ”
လို့ ပြောပြီး ကျုပ် အိမ်ထဲက အပြေးတစ်ပိုင်း ထွက်ခဲ့တယ် ။
၆ ။
လမ်းသွားရင်းနဲ့ ငွေထုပ်ကို ကြည့်မိတယ် ။ တစ်ထောင်အုပ် ၅ အုပ် ။ ကျုပ် ဝမ်းသာသွားတယ် ။ အိမ်ရွေးနိုင်ပြီ ။ အကြွေးလည်း ဖဲ့ဆပ်နိုင်ပြီ ။ ကျန်တဲ့ ငွေနဲ့ အိမ်ဆိုင် ပြန်ဖွင့်ရမယ် ။ အရောင်းစာရေးမ မငှားတော့ဘူး ။ လင်မယား နှစ်ယောက် တက်ညီလက်ညီနဲ့ စီးပွားရေးကို ဖိဖိစီးစီး လုပ်တော့မယ် ။ တောက်ထွန်းတို့လို ကြီးပွားအောင် လုပ်မယ် ။ စိတ်ကူးနဲ့ အိမ်ကို ပြန်ခဲ့တယ် ။
အိမ်ရောက်တော့ အကြီး ၂ ကောင်က လမ်းမပေါ်မှာ လုံးထွေး သ,တ်ပုတ်နေကြ တယ် ။
“ ဟေ့ကောင်တွေ တော် ကြ ၊ ငွေမိ … ငွေမိ ... ”
ကလေး တစ်ယောက်စီ ကို နားပန်တစ်ချက်စီ တီးလိုက်မှ ထွက်ပြေး သွားကြတယ် ။ ကလေးတွေ ဒီလောက် ရန်ဖြစ်နေတာကို သူ့အမေ မကြားဘူးလား မသိ ။ ဘယ်ရောက် နေတာလဲ ။
“ အီး အီး ဟီး ဟီး ”
အိမ်ထဲက သစ်ပင်ပေါ် မှာ နို့ညှာကလေးက တက်ပြီး မဆင်းနိုင်လို့ အော်ငိုနေတယ် ။ ကျုပ် ပြေးပြီး ကလေးကို သစ်ပင်ပေါ်က ချရတယ် ။
“ ငွေမိ ... ငွေမိ ... ”
ကျုပ် ငွေမိကို အော်ခေါ် ပြန်တယ် ။ ဒီမိန်းမ ဘယ်သွားနေပါလိမ့် ။
“ အူဝဲ .. အူဝဲ .. ”
အိမ်ရှေ့အဖီထဲရှိ ပုခက်ထဲက နို့စို့ကလေး အော်ငိုနေလို့ ၊ ကျုပ် ပြေးပြီး ပွေ့ချီရ ပြန်တယ် ။
“ ငွေမိ ... ငွေမိ ... ”
ကျုပ် အသံကုန် အော်ခေါ်တယ် ။ ပြန်ထူးသံ မကြားရဘူး ။ အော်မကြား ၊ ခေါ်မကြားနဲ့ ဒီမိန်းမ ဘယ်သွားနေတယ် မသိဘူး ။ အပြင်ကို ထွက်ရှာမယ် အလုပ် ကျုပ်မျက်လုံးက ပြတင်းပေါက် ကနေ အိပ်ခန်းထဲက ခုတင်ဆီ ရောက်သွားတယ် ။
အလို ကျုပ်တို့ ခုတင်ပေါ်မှာ ဝဝဖိုင့်ဖိုင့် မိန်းမကြီး တစ်ယောက် ပက်လက်လန် နေတယ် ။ ယောက္ခမကြီး ဒေါ်စိန်ခင် ရောက်နေပုံရတယ် ။ သူ့အမေ ရောက်လို့ ငွေမိက အပြင်ကို တစ်ခုခု သွားဝယ်နေပုံ ရတယ် ။
ယောက္ခမကြီးကို နှုတ်ဆက်ဖို့ အိပ်ခန်းထဲ ဝင်ခဲ့တယ် ။ ကျုပ် ဝင်လာတာ မသိဘူး ။ အိပ်နေတာလည်း မဟုတ်ဘူး ။ ပက်လက်လန်ပြီး အချစ်ဝတ္ထု တစ်အုပ်ကို ဖတ်နေတာ ။
ကျုပ် အသံပြုမယ် လုပ်ပြီးမှ စိတ်ထဲ ဇဝေဇဝါ ဖြစ်လာလို့ မပြုတော့ဘူး ။
အချစ်ဝတ္ထုကို သဲသဲမဲမဲ ဖတ်နေတဲ့ မျက်နှာကို သေချာ ကြည့်လိုက်တယ် ။
ဟင် ... ။ ဘယ်ဘက် မေးစေ့ပေါ်မှာ စံပယ်တင်မှဲ့ကြီးနဲ့ ။ ကျုပ် ရင်ဘတ်ကို ဖိလိုက်မိတယ် ။ အလို ကျုပ်ရဲ့ မပဲ့မကျိုးသေးတဲ့ ကြွေရုပ်ကြီးပါလား ။
ကျုပ် ခေါ်လိုက်ရင် စကား များရတော့မယ် ။ ရန်ဖြစ်ရတော့မယ် ။ စိတ်ညစ်ရတော့မယ် ။ ဒါကြောင့် ကျုပ် ဘာသံမှ မပေးဘဲ အိမ်ခန်းထဲက ထွက်ခဲ့တယ် ။
လမ်းပေါ်ရောက်တော့ ...
“ တောက်ထွန်းရေ ၊ မင်းက လူအ,မဟုတ်ဘူးကွ ” လို့ စိတ်ထဲက အော်လိုက်မိတယ် ။
မေတ္တာရည်၍
⎕ မင်းတင်ထွဏ်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၁၁၄ အောက်တိုဘာ
No comments:
Post a Comment