Tuesday, August 26, 2025

စွယ်စုံမုန်သောက်တဲ့ ဆင်တော် အသိဏ္ဏရာဇ်


 

❝ စွယ်စုံမုန်သောက်တဲ့ ဆင်တော် အသိဏ္ဏရာဇ် ❞
         ( ကျော်မိုးမြင့် )

ရှေးခေတ် စစ်ဘုရင်တွေဟာ ဆင်ကောင်း ၊ မြင်းကောင်းကို တန်ဖိုးထားကြတယ် ။ စုံရေမက်ရေလည်း ရှိကြတယ် ။ ဆင်အလုံး မြင်းအရင်း ကြီးတဲ့ ဘုရင်က စစ် အောင်နိုင်ကြတာကိုး ။ ပင်းယခေတ်မှာ တစီးရှင် သီဟသူရဲ့ သားတော်ကြီး ဥစနာမင်းဟာ ညီတော် ပင်လယ်စားကျော်စွာ ဆင်ဖြူ ငါးစီးရတယ် ဆိုတဲ့ သတင်းကို စုံစမ်းသိရှိလို့ “ ငါ့ညီ ဆင်ဖြူငါးစီး ရလေသော် ငါ့စည်းစိမ်ကို ယူပါတော့ ၊ ငါမူကား ငါ့ကောင်းမှု စံကားခုနှစ်ကျောင်းကို လှူလိုသမျှ လှူ၍ နေတော့မည် ” ဆိုပြီး ထီးနန်းစွန့် သွားခဲ့ဖူးတဲ့ သာဓက တစ်ခု ရာဇဝင်မှာ အထင်ရှား ရှိခဲ့ဖူးပေရဲ့ ။

••••• ••••• •••••

ဟံသာဝတီဘုရင် ရာဇာဓိရာဇ် နန်းသက် ရှည်တာဟာ  သူရဲကောင်းတို့ကို ချစ်မြတ်နိုး ချီးမြှောက်တော်မူလို့ရယ်လို့ ပညာရှင်တို့ ဆိုကြပေတယ် ။ မှန်ရဲ့ ။ ကျွန်တော် ကတော့ “ ရာဇာဓိရာဇ် စစ်ပွဲ အောင်နိုင်တာဟာ ဆင်ကောင်းတွေ ရှိလို့ ” ရယ်လို့ ဖြည့်စွက် ပြောချင်ပါတယ် ။

အမြောက်တွေ ၊ မော်တော်ကားတွေ မပေါ်မီက တိုက်ဆင်ကြီးတွေဟာ အမြောက်တင့်ကားကြီးတွေလို စစ်မြေပြင်မှာ အရေးပါ အရာရောက်တဲ့ လက်နက်ကြီးတွေပါ ။ ဆင်အလုံး ၊ မြင်းအရင်း စစ်အင်အား ကွာဟရင် စစ်အင်္ဂါ သေးတဲ့ စစ်သူကြီးက နောက်ဆုတ်ရမြဲ ၊ ရှောင်ရမြဲပါ ။ ဆင်ချင်း ဝှေ့ကြည့်ရင်လည်း ဆင်ချင်း မတန်ရင် အားပျော့တဲ့ ဆင် ၊ အစွယ်တိုတဲ့ ဆင်က မျက်နှာ သုန်ပြီး ထွက်ပြေးမြဲပါ ။ မပြေးရင်လည်း အလဲအကွဲ အသေထိုးတာ ခံရမြဲပါ ။

မဟာရာဇဝင်ကြီးကို ပြန်ဖတ်တိုင်း ၊ သုသောဓိတ ရာဇဝင်ကို အကိုးအထောက် ပြုတိုင်း ၊ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ပြန်လှန် သုံးသပ်တိုင်း တိုက်ဆင်တွေ အရေးပါပုံက မျက်စိ ထဲမှာ အကွင်းအကွင်း ထင်းထင်းကြီး ပေါ် လာတတ်ပါတယ် ။

••••• ••••• •••••

ဟံသာဝတီဘုရင် ဗညားဦး အနာတော် သည်းလို့ အိပ်ရာထဲ လဲနေစဉ်ခိုက်မှာ သမက်တော် သမိန်မရူး ဟာ ဘုရင့်အစ်မ အရီးတော်ကြီး မဟာဒေဝီ နဲ့ ဖောက်ပြားပြီး သမက်တော် ကို ထီးနန်းပေးမယ့် အရေး မြင်လို့ ၊ ယောက်ဖတော် မရူးရဲ့ ရန်ကို ကြောက်လို့ မင်းသား ဗညားနွဲ့ ဒဂုန်ကို ထွက်ပြေး ၊ လူသူစု ဆောင်းရပါတယ် ။

မင်းသား ဗညားနွဲ့ ပဲခူးမှာ မထင်မရှား သားတော်တစ်ပါး အနေနဲ့ နေရစဉ်မှာ မျက်စိကျ နေတဲ့ ဆင်က ယောက်ဖတော် စီးတဲ့ “ အသဂွန်းဒရောင်ဆင် ” ကိုပါ ။ ပဲခူးကနေ ဒဂုန်ကို ခွာသောအခါမူကား “ အဓရောင်ဆင် ” ကို စီးပြီး ပြေးပါတယ် ။ ဒဂုန်မှာ ဆင် ၊ မြင်း ၊ လက်နက် ၊ လူသူ စုဆောင်းခိုက်မှာလည်း ဗညားနွဲ့ ဟာ ဆင်တွေကို အမြဲ ဂရုပြုနေသူပါ ။ “ ငါ့ဆင်တွေ ဝှေ့မည်လော ” လို့ မေးလေ့ ရှိပါတယ် ။ ဆင်ကဲက “ ခြောက်တောင် ဆင် မုန်နှင့် ဆိုသော်လည်း အရှင့် ဆင်တွေ ဝှေ့နိုင်ပါသည် ” လို့ ဖြေတော့ ဝမ်းမြောက်အားရတော်မူပါသတဲ့ ။

အခါတော်ရလို့ ပဲခူးကို ချီဖို့ ယောက်ဖတော် မရူးနဲ့ တိုက်ဖို့ စထွက်တဲ့ အခါမှာတော့ “ အဇဝါဆင် ” ကို စီးပါတယ် ။ မင်းသားဗညားနွဲ့ က ဘုရင် ရာဇာဓိရာဇ် ဖြစ်သည့် တိုင်အောင် ဗေဒင် ၊ ယာယီ ၊ အတိတ် ၊ နိမိတ် ၊ တဘောင် ၊ စနည်းတွေကို လက်ခံ ယုံကြည်တော်မူပါတယ် ။ ဗေဒင်ကိန်းခန်း တွက်ချက်ပြီး ဆင်အမည်ကို ရွေးချယ်ပြီး မင်းဆရာတို့ စီစဉ်ပေးတဲ့ ဆင် ကိုသာ စီးလေ့ရှိပါတယ် ။

စစ်ထွက်ရမယ့် အချိန်မှာ မင်းသား ရဲ့ ဆင်ဦးထိပ်မှာ ကြက်တစ်ကောင် လာနားလို့ မင်းသား တပ်မထွက် ၊ ရပ်တန့်ပြီး နေပါတယ် ။ “ အရှင့် နိမိတ်ကား ကောင်းလှသည် ။ ဘုရားစေတီကို ထီးတော် တင်သည့်အခါ ကျီးခြေ မရှိလျှင် ထီးမတင်ရ ။ ယခု ဘုန်းကြီးသည့် အရှင် မင်းသားသည် ထီးနန်းကို လို၍ တိုက်တော်မူသည် ။ ဆင်ထိပ်၌ ကြက်နင်း၍ ကြက်ခြေ မြင်ရပြီ ။ ကြက်ခြေနှင့် ကျီးခြေ အတူတူ ။ ထီးဖြူ ဆောင်းရမည် မချွတ် ” လို့ လျှောက်တင်မှ တပ်ထွက်ပါတယ် ။

အင်းဗစား မှာ တပ်ချပြီး ခေါင်းဆေးမင်္ဂလာ ပြုကြပါတယ် ။ ဆင်မြင်းများကိုပါ ခေါင်းဆေးပြီး ပရိတ်ရေတို့ ပက်ဖျန်း ဆေးကြောရတယ်လို့ ဆိုပါတယ် ။ ပဲခူးကို ဝင်တဲ့ အခါမှာတော့ ဗညားနွဲ့ “ အဇမ္ဗူဆင် ” ကို ပြောင်းပြီး စီးပြန်ပါတယ် ။ ဗညားနွဲ့ ဟံသာဝတီ ထီးနန်းကို ရာဇာဓိရာဇ် ဘွဲ့အမည်နဲ့ တက်ပါတယ် ။ ဒီပွဲကို မြောင်းမြမြို့စား လောက်ဖျား မတက်ပါဘူး ။ မရိုမသေ မခန့်တရန့် ပြုလို့ ရာဇာဓိရာဇ် မြောင်းမြ ကို ချီရပါတယ် ။ မြောင်းမြမြို့စား လောက်ဖျားရဲ့ သားတစ်ဦးဖြစ်တဲ့ ကျွန်ယုံ ဗျည်းနွဲ့ နဲ့ ဆင်စီးချင်း တွေ့ရာမှာတော့ သုရှင် “ ဆင်တော် ငရက်နွဲ့ ” ကို စီးပြီး တိုက်ပါတယ် ။ ဆင်ချင်းမတန်လို့ မင်းသားရဲ့ ဆင်တော် ငရက်နွဲ့ တွန်းဝှေ့ ဝှေ့လို့ ဗျည်းနွဲ့ရဲ့ ဆင် ငရက်နွဲ့ လဲပြီး သေပါတယ် ။ ပဲခူးက ဆင် နဲ့ မြောင်းမြ က ဆင် နာမည် တူနေပြန်ပါတယ် ။

••••• ••••• •••••

ဟံသာဝတီဘုရင် ရာဇာဓိရာဇ် မှာ အထင်ရှား အကျော်ကြားဆုံး ဆင်တော်က “ ဗကမတ် ” ပါ ။ ဆင်ဖြူတော် လို့လည်း ရေးသုံးထားပါတယ် ။ ဆင်ဗကမတ်ကို ယှဉ်ပြီး ဝှေ့ဝံ့တဲ့ ဆင် ဟံသာဝတီ မှာ မရှိလို့ ရာဇာဓိရာဇ် အတိအလင်း ဆိုပါ တယ် ။ အင်းဝဘက်က ယှဉ်ပြီး ဝှေ့ဝံ့တဲ့ ဆင်က “ ဆင်တော် ငချစ်ခိုင် ” ပါ ။ ဒီဆင်ကြီးက တစ်ရက်ကို အရက် နှစ်အင် သောက်တယ်လို့ ဆိုပါတယ် ။ မင်းသား မင်းရဲကျော်စွာရဲ့ စီးတော်ဆင်ပါ ။ ဗကမတ်က သုရှင်ရဲ့ စီးတော်ဆင်ပါ ။ သို့ပေမဲ့ သုရှင်ရဲ့ သမက်တော် သမိန်ဗရမ်း အမြဲ စီးလေ့ရှိပါတယ် ။ သူရဲကောင်း သမိန်ဗရမ်း ဗကမတ်ဆင် စီးပြီး တိုက်ရင် အင်းဝဘက် မခံနိုင်ဘူးလို့ မဟာရာဇဝင်ကြီးက ဆိုပါတယ် ။

ရာဇာဓိရာဇ်က အကောက်ကြံပြီး အင်းဝစစ်ကို အနိုင်ယူဖို့ သောင်လွဲ သဲပြင်ပေါ် သစ္စာ ဆိုကြပြီး စစ်ပြေငြိမ်းယောင် ပြုကာ အပြီးတိုင် သ,တ်ဖြတ်ဖို့ ဓားတွေ ဝှက်ထားတာ လဂွန်းအိန် ရဲ့ စကားကြောင့် အင်းဝတပ်မှူးတွေ ပြန် ဆုတ်သွားလို့ အရေး ပျက်ပါတော့တယ် ။ ရာဇာဓိရာဇ် ဒေါသ ဖြစ်လွန်းလို့ အဲမွန်ဒယာ လက်အပ်ပြီး လဂွန်းအိန်ကို အသ,တ်ခိုင်းပါတယ် ။ ဗိုလ်မင်းဗြတ်ဇ နဲ့ အမတ်ဒိန်တို့ ဖျောင်းဖျပြီး အသက်က လွတ်အောင် ကြံဆကြရပြန်ပါတယ် ။ လဂွန်းအိမ် က အင်းဝဘုရင် မင်းခေါင် အပေါ့အလျော့ တပ်လှည့်နေစဉ် ဆင်ချင်း ဝှေ့ပြီး တိုက်မယ် ။ မင်းခေါင်ကို ခုတ်မယ်လို့ ဆိုပါတယ် ။ “ ဗကမတ်ဆင် ကို ကျွန်ုပ် စီး၍ တိုက်လျှင် မုချနိုင်ရမည် ” လို့ လျှောက်လို့ ရာဇာဓိရာဇ် ကလည်း “ သည်စွယ်စုံ မုန်သောက်သည့် ဆင်တော် အသိဏ္ဏရာဇ် ကို မင်း စီးချေတော့ ” လို့ ခွင့်ပြုပါပေတယ် ။ လဂွန်းအိန် နားရွက်ကို ဆွဲ လည်ကုပ်ထက် ကို လျင်မြန်စွာ ခုန်တက်တယ် ။ ဗကမတ် မုန်ပြင်းလို့ ခါချတယ် ။ လဂွန်းအိန် လက်ပြင်းလွန်း ၊ လက်ကြမ်းလွန်းတာ ဗကမတ် သိလို့ ငြိမ်ရတယ်လို့ ဆိုပါတယ် ။

ဒီပွဲမှာ လဂွန်းအိန်ရဲ့ လက်ရည်ကို မမြည်းစမ်းလိုက်ရပါဘူး ။ ကုန်းလယ်မှာ ပါလာတဲ့ မင်းသိဒ္ဓတ်က သူ့ နောင်တော်ရင်း မင်းခေါင်ကို အော်ဟစ်ပြီး အသိပေး လိုက်လို့ မင်းခေါင် ခွာသွားလို့ပါ ။ မင်းသိဒ္ဓတ် ကိုတော့ ရာဇာဓိရာဇ် ကွပ်တော်မူပါတယ် ။

••••• ••••• •••••

“ သတိကို တမံ ၊ ဉာဏ်ကို မြေ ကတုတ် ၊ ပညာစွန်း ချွန်းကဲ့သို့အုပ် ” ဆိုစကား ရှိပေသား ။ လဂွန်းအိန်ကို မင်းရဲကျော်စွာ အကောက်ကြံလို့ လှေထက် မှာ ဝိုင်းအုံထိုးခုတ် သ,တ်ပစ်ကြတဲ့အခါ သူရဲကောင်း သမိန်ဗရမ်း ဒေါသကို မချုပ်တည်းနိုင်အောင် ပေါက်ကွဲလေတော့တယ် ။ ဆင်တော် ဗကမတ်ကို စီးကာ အင်းဝတပ် အနီးသို့ လာရောက် ဆဲဆို မာန်မဲရိုင်းပျစွာ ပုတ်ခတ်ပြောဆိုလေ တယ် ။

“ ဟယ် ... အင်းဝသားတွေ မင်းတို့ ကောက်ကျစ်စဉ်းလဲသည် ။ ပလီသည် ။ မင်းတို့ နည်းနည်းမျှ သစ္စာမရှိ ။ မင်းတို့ အစွမ်းသတ္တိ ကောင်းလျှင် ထွက်ခဲ့ကြ ။ တစ်ဦးချင်း ငါနှင့် ဆင်စီးချင်းတိုက်မည် ။ သည်တော့မှ တစ်ဦးအစွမ်းကို တစ်ဦး သိမြင်ရမည် ။ မင်းတို့ အရှက်တရား မရှိကြ ။ ဗိုလ်ပါအများနှင့်မှ အစွမ်းကောင်းကြသည် ။ တစ်ဦးချင်း မတိုက်ဝံ့ကြ ”

ယင်းသို့ သမိန်ဗရမ်း ဆဲသည်တွင် မင်းရဲကျော်စွာ က “ မင်းတို့ ထွက်ပြီး သမိန်ဗရမ်းကို အရဖမ်းကြ ” ဟု မိန့်၍ အင်းဝဘက်မှ ဆင်စီးသူရဲများ ထွက် တိုက်ကြတယ်လို့ ဆိုပါတယ် ။ သမိန်ဗရမ်း လည်း ဆင်ဖြူတော် ဆဒ္ဒန္တ ကို စီးလျက် ခံတိုက်တာ အင်းဝဘက်က ဆင်တွေ များစွာ လဲကုန်တယ်လို့ ဆိုပါတယ် ။ အင်းဝဘက်က ဆင်တွေ အထပ်ထပ် ထွက်လာလို့ ကြာလျှင် ခံနိုင်မည်မဟုတ် ဆိုပြီး သမိန်ဗရမ်း ချွန်းငင် ထွက်ပြေးရပါတယ် ။

ဗိုလ်မင်းဗြတ်ဇ နဲ့ လဂွန်းအိန် မရှိတဲ့နောက် အင်းဝသားတို့ အတင့်ရဲကုန်ပြီး သူ့အသားစားမည် ကဲ့သို့ မကြောက်မရွံ့ ထိုးခုတ်ကုန်ပါတယ် ။ မိုးအောက်မြေပြင်မှာ သူ့ကို ဘက်ပြိုင်ဝံ့သူ မရှိလို့ ကြုံးဝါးသံပ ထားတဲ့ သမိန်ဗရမ်း ကလည်း လဂွန်းအိန် ကို အကောက်ကြံထားတဲ့ အင်းဝသားတို့ အပေါ် မပြေနိုင်တဲ့ ဒေါသနဲ့ ဆင်တော် ဗကမတ်ကို ချွန်းဖွင့်ပြီး မဆင်မချင် တိုက်ပါတော့တယ် ။ အင်းဝဘက်က ဆုတ်ပြေးတဲ့ ဆင်တွေကို လိုက်အတိုက်မှာ သမိန်ဗရမ်း ဟာ ဆင်တော် ဗကမတ် နဲ့တကွ ဆင်တွင်းမြင်းတွင်း ကျပါတော့တယ် ။

သမိန်ဗရမ်းကို အင်းဝအကျဉ်းထောင် ပို့ပြီး ဆင်ဗကမတ် ကိုတော့ ရှေ့တန်း စစ်မြေပြင် အင်းဝစစ်စခန်းမှာ ဖမ်းဆီးထားပါတယ် ။

••••• ••••• •••••

ရာဇာဓိရာဇ်ရဲ့ ဟူးရားတွေ ၊ မင်းဆရာတွေက အခါကောင်းကို ရပြီ ။ မနက်ဖြန် မင်းသား မင်းရဲကျော်စွာကို ရမည်လို့ တညီတညွတ်တည်း တွက်ချက် ထွက်ဆိုကြပါတယ် ။ ဒီပွဲမှာ ရာဇာဓိရာဇ် စီးရမယ့် ဆင် က “ ရံ ” လို့ အမည်ရတဲ့ ဆင်တော် “ သီဟနာရာယန ” ပါ ။ စစ်ထိုးတဲ့ နေရာမှာ လွန်စွာ လျင်မြန် ပေါ့ပါးတယ် ။ စိတ်တိုင်းကျအောင် စစ်ထိုးတတ်တယ် ။ စစ်ဗျူဟာကို ကောင်းစွာ နားလည်တယ်လို့ ဆိုပါတယ် ။ အင်းဝသားတို့ ဘက်က ဗကမတ် စီးပြီးတိုက်ရင် ဟံသာဝတီဘက်မှာ ဗကမတ်ဆင် ကို ယှဉ်ပြီး ဝှေ့ဝံ့တဲ့ ဆင် မရှိလို့ ဗကမတ် စီးတဲ့ ဆင်ဦးစီး ငပျံကို ဆင်ဗကမတ်ရဲ့ ဖိနပ်အား မယ်န နှက်စေတယ်လို့ ဆိုပါတယ် ။ ဒီနေရာမှာ တွေးစဉ်းစား ချင့်ချိန်စရာ ရှိလာပါပြီ ။

ဆင်ဦးစီး ငပျံနဲ့ နောက်လိုက် သုံးဦး ညဉ့်အချိန်မှာ အင်းဝ စစ်စခန်းကို တိတ်တဆိတ် ဖောက်ပြီး ဝင်ပါတယ် ။ ညမှောင်မှောင်မည်းမည်းကြီးထဲမှာ ရန်သူ့စစ်စခန်းက များစွာသော တိုက်ဆင်တွေ ထဲမှာ ဆင်ဗကမတ်ကို ရွေးချယ်နိုင်တာ ၊ ချဉ်းကပ်ဝံ့တာ ကိုက အံ့ဩစရာကြီးပါ ။ ငပျံ က ဆင်ဗကမတ်ရဲ့ နှာမောင်းကို ဖက်ပြီး မယ်န ( သံချွန် ) နဲ့ ထိုးပြီး စကားဆိုပါသတဲ့ ။

“ ငါတို့ အရှင်သခင်က မနက်ဖြန် မင်း စစ်မထွက်နိုင်အောင် ဖိနပ်ကို ဒီ မယ်နတွေ အနှက် ခိုင်းတယ် ။ မင်းဖိနပ် ကိုသာ မယ်န နှက်မိရင် မနက်ဖြန် ဟံသာဝတီဆင်တွေ ထိုးလို့ မင်း သေရတော့မယ် ။ ငါ သည်သို့ မလုပ်ရက်ပြီ ။ မနက်ဖြန် စစ်ထွက်လျှင် မင်းကျောပေါ် အတက် မခံပါနှင့် ၊ ဝှေ့ပြီး ငါတို့ သခင် ရှိရာဘက်သို့ ပြေးဝင်ခဲ့ပါ ။ မင်း သည်သို့ မလုပ်လျှင် ငါတို့သခင် ငါ့ကို သ,တ်မည် မချွတ် ”

ငပျံက နှာမောင်းကို ဖက်ပြီး ပြောတော့ ဗကမတ် ခေါင်းညိတ်တယ် ။ ငိုလည်း ငိုတယ်လို့ ဆိုပါတယ် ။ ဆင် ခေါင်းညိတ်တာဖြင့် သိနိုင်ပေရဲ့ ။ ညမှောင်မှောင်ကြီးထဲ ဆင်ငိုတာ ပသို့ သိနိုင်မလဲ ။ ဆင်က အသံထွက်ပြီး ငိုတန်ရာ မထင်ပါ ။ ဗကမတ်ဆင် လူ စကား နားလည်တယ်လို့ ဆိုရမှာပါ ။ ဆင်လိမ္မာ ဗကမတ် လို့ ရေးသုံးကြပေရဲ့ ။ ဒီဆင်လိမ္မာ ဗကမတ် ကြောင့် ရာဇာဓိရာဇ် စစ်အောင်နိုင်ပြီး မင်းသား မင်းရဲကျော်စွာ ဆင်ထက်က ကျပြီး အင်းဝသားတို့ စစ်ရှုံးရတယ်လို့ ရာဇဝင်ဆရာတို့ ဆိုကြပေတယ် ။

••••• ••••• •••••

နောက်တစ်နေ့ စစ်ထွက်တော့ ဗကမတ်ကို မြေဒူးမင်း( မင်းနန္ဒသူ ) တက်တယ် ။ မြေဒူးမင်း လက်ပြင်းလွန်းလို့ ဗကမတ် ထွက်ရတယ် ။ အနည်းငယ်ထွက်ပြီးမှ ကုန်းထက်မှ ခါချပြီး ဆင်ဗကမတ် အင်းဝဆင်တွေကို လိုက်ဝှေ့လို့ ဆင်တပ် ၊ မြင်းတပ် ဖျပ်ဖျပ်လန့် ကုန်ပါတယ် ။ အင်းဝ ဆင်စီးသူရဲတို့ စုရုံးပြီး ဆင် ဗကမတ်ကို ဝိုင်းဖမ်းကြ ၊ ထိုးခုတ် ၊ ပစ်ခတ်ကြလို့ ဆင် နာကျင်ထိရှဖန်များလို့ သျှိသျှားတောထဲ ဝင်ပြေးရတယ်လို့ ဆိုပါတယ် ။

ဒီဆင် နှောင့်ယှက်နေလို့ အင်းဝ စစ်တပ်က ရှေ့ကို ကျွံထွက်သွားတဲ့ မင်းသား မင်းရဲကျော်စွာရဲ့ တပ်ကို အမီ မလိုက်နိုင်လို့ မင်းသား ဆင်ထက်က ကျ ပြီး ပျက်စီးခဲ့ရတာပါ ။

ဆင်တော် ဗကမတ် လွတ်ထွက် ပြေးဝင်လာတာ မြင်လို့ ချုပ်နှောင်ထားတဲ့ ဆင်ဦးစီး ငပျံကို အနှောင်အဖွဲ့က လွှတ် ပြီး ပြေးကြိုစေရပါတယ် ။ ဗကမတ်က သူ့သခင် ငပျံကို နှာမောင်းနဲ့ ပွေ့ချီယူကာ ရာဇာဓိရာဇ်ရှေ့ ဒူးထောက် ခစားပြီး ရာဇာဓိရာဇ်ရဲ့ ခြေကို နှာမောင်းနဲ့ ဖက်ကာ ငိုပါသတဲ့ ။ ရာဇာဓိရာဇ်လည်း ဗကမတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို လက်နဲ့ ပွတ်သပ်ပြီး ငိုတော်မူပါသတဲ့ ။

ရာဇာဓိရာဇ်လည်း အားရတော်မူလွန်းလို့ ကြံ ၊ ငှက်ပျောကျွေးပြီး ဗကမတ် ကို စစ်တောင်းကျေး တကောရွာ ( မှန်နန်း နဲ့ တွင်းသင်း ကတော့ တကောင်းရွာ လို့ ဆိုပေရဲ့ ) ကို ပေးတော်မူတယ် ။ ဦးစီး ငပျံ ကိုလည်း နာဂပတ္တိ အမည်နဲ့ ဇလမန် ဆိုတဲ့ ရွာကို ပေးတော်မူပါတယ် ။

သတိပြုဖွယ် အချက်က ဆင်တွေဟာ သခင်ရဲ့ စကားကို နားလည်ကြတယ် ဆိုတဲ့ အချက်ပါ ။ သင်ခန်းစာယူဖွယ် အချက်က နှုတ်လက်ချိုသာစွာ ပြောဆိုခြင်းကို လူတို့ သာမက တိရစ္ဆာန်တို့ လည်း လိုလား နှစ်သက်ကြတယ် ဆိုတာကိုပါ ။ နှုတ်ကောင်းလျှင် ပြည်စိုး ၊ နှုတ်ချိုလျှင် သျှိုတစ်ပါးရယ်လို့ စကားပုံ အရှိသား ။

⎕ ကျော်မိုးမြင့်

( “ တွေး စဉ်းစား ချင့်ချိန်စရာ ” အဖြစ် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ၊ ဦးကုလား မဟာရာဇဝင်ကြီး ၊ သုသောဓိတ မဟာရာဇဝင် တို့ကို ဖတ်ရှုပြီး ရေးရပါတယ် ။ )

📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၇ ၊ ဇွန်

No comments:

Post a Comment