❝ စိတ္တဇနာမ် ❞
⎕ မှူးဆက်ပိုင် ( ရွှေတောင် )
“ ဒီနှစ် ငှက်တွေ မြေပြင်မှာ အသိုက် ဆောက်လုပ်ကြသည်တဲ့ ။ အစဉ်အလာ အရတော့ လေပြင်း ကျရောက်တတ်သည့် သဘော ဆောင်ပါသတဲ့ ။ သဘာဝ ဘေးအန္တရာယ်ကို လူတွေထက် တိရစ္ဆာန်တွေက ကြိုတင် သိနိုင်ကြသည်လို့ ဆိုပါသည် ။ မြေငလျင် လှုပ်မှာကို ဆင်တွေက သူတို့၏ ကြီးမားပြန့်ကား နေသော နားရွက်ကြီးတွေ ၊ မြေကြီးပေါ် နင်းထားသော ကြီးမားသည့် ခြေဖဝါးကြီးတွေကြောင့် ရှေ့ပြေးငလျင်တွေကို ကြိုတင်သိ နိုင်ကြပါသည်တဲ့ ။ သဘာဝ ဘေးအန္တရာယ်တွေရဲ့ တရားခံစစ်စစ်က သစ်ပင် ၊သစ်တောတွေ ပြုန်းတီးလာခြင်းကြောင့်ပါတဲ့ ။ သစ်ပင် ၊ သစ်တောတွေ ပြုန်းတီး လာခြင်းကြောင့် မိုးခေါင် ၊ ရေရှား ၊ မြေဆီလွှာ ခန်းခြောက်ပြီး သဘာဝဘေးအန္တရာယ် အမျိုးမျိုး ရှေ့လျှောက်များ များခံရဖို့သာ ရှိပါသတဲ့ ” ။
ဆက်မဖတ်ချင်တော့သည့် ဆောင်းပါးတစ်ပုဒ်မို့ စာအုပ်ကို ပိတ်ပြီး စားပွဲပေါ် ပစ်တင်လိုက်မိ၏ ။ သက်ပြင်းမော တစ်ခုက အလိုလို မှုတ်ထုတ်မိလျက်သား ။ စိတ်အာရုံထဲ အမှတ်မထင် ပေါ်လာသည်က မစိမ်းလန်းခြင်း တောအုပ်လေး တစ်ခု ။
ကျွန်တော် မစိမ်းလန်းခြင်း တောအုပ်လေး တစ်ခု ဘယ်မှာ တွေ့ဖူး ၊ မြင်ဖူးမိပါလိမ့် ။
••••• ••••• •••••
“ ပင်လယ်ကြီးက ဘာ အရောင်ပါလိမ့် ”
“ အပြာရောင်ပါ ”
“ ကောင်းကင်ကြီး ကရောကွာ ”
“ အပြာရောင်ပါ ”
“ ဟုတ်ပါပြီ ၊ ဒါဆို တိမ်တွေကရော ”
“ အဖြူရောင်ပါ ”
“ ဟော့ဒီ သစ်ပင်ကြီး တွေ ၊ တောင်တန်းကြီးတွေက ရောကွာ ဘာအရောင်ပါလိမ့် ”
“ အစိမ်းရောင်ပါ ”
“ ကဲ .. ဒါဆို ဦးဦးတို့ အရောင်တွေ သိပြီဆိုတော့ တောတွေ ၊ တောင်တွေနဲ့ ပင်လယ်ကြီး ၊ ကောင်းကင်ကြီး ပါတဲ့ ပန်းချီကားတစ်ချပ်လောက် ဆွဲကြည့်ကြရအောင် ၊ ဆွဲမယ် မဟုတ်လားဟေ့ ”
“ ဆွဲပါမယ် ”
ပုံဆွဲစာအုပ် စက္ကူဖြူဖြူလေးတွေပေါ်မှာ ကလေးတို့ ခဲခြစ်ရာပေးကြပြီ ။ တောင်တန်းပုံမျဉ်းကွေးလေးတွေ ဆွဲကြ၏ ။ တိမ်ထုပုံ မျဉ်းတွန့် ၊ မျဉ်းကွေးလေးတွေ ဆွဲကြ၏ ။ စိမ်းလန်းသော ပန်းချီကား လေးတွေ တဖြည်းဖြည်း ရုပ် လုံးပေါ်လာတော့မည် ။
ကျွန်တော် ကလေးတစ် ယောက်ချင်းစီ၏ ပုံများကို လိုက်လံ ကြည့်နေမိသည် ။ ရှေ့မှာ သင်နေသော ပန်းချီဆရာ လေးမျိုးကြီးက သူဆွဲ ပြသည့်ပုံကို သူကိုယ်တိုင် ဆေးခြယ်ပြနေ၏ ။ အချို့ ကလေးများက ဆရာထက် စိတ်ကူးကောင်းသည် ။ ကောင်းကင်ပြာပြာမှာ ကကြီး သေးသေးတွေ ရေးပြီး ငှက်ပျံ နေသည့်ပုံပါ ထည့်ရေးကြ၏ ။
“ သမီးက ငှက်ကလေး တွေပါ ထည့်ဆွဲတာလား ”
“ ဟုတ်ကဲ့ လေးလေး ၊ လှလားဟင် ”
“ လှတာပေါ့ ၊ လှတာပေါ့ ။ တော်လိုက်တာ ဆက်ဆွဲ သမီး ၊ ဆေးရောင်တွေပါခြယ် ”
ခေါင်းကလေးတွေ ငုံ့ပြီး ခဲတံကို လက်ချောင်းသေးသေးလေးတွေနှင့် အတင်း ဖိဆုပ်ကာ အားကြိုးမာန်တက် ဆွဲနေကြသည့် ကလေးများကို ခဲတံကို ဖွဖွကိုင်ပြီး မျဉ်းမှိန်မှိန်လေးတွေ အရင် ဆွဲကာ ကောက်ကြောင်းပေးဖို့ ကျွန်တော်က သတိပေးရ သေးသည် ။
နွေရာသီ ပန်းချီသင်တန်းကို တက်ရောက်ကြသည့် ကလေးများက အရွယ်စုံ ၊ အတန်းစုံ ။ မူကြို မှ စကာ နဝမတန်း ဖြေပြီးသည့် ကျောင်းသားများအထိ ပါကြ၏ ။ ထို့ကြောင့် အကြီးတန်း ၊ အငယ်တန်း နှစ်တန်းခွဲကာ ပန်းချီဆရာ နှစ်ဦးက သင်ကြားပြသရသည် ။ ကျွန်တော်ကတော့ ဆရာများကို ကူညီပြီး အတန်း ထိန်းပေးရုံသာ ။
လယ်တီ စာကြည့် ပိဋကတ်တိုက်မှ ကြီးမှူးပြီး ဖွင့်လှစ်သည့် နွေရာသီ ပန်းချီ သင်တန်းသည် ဒီနှစ်မှာဆို တတိယအကြိမ် တိုင်ခဲ့ပါပြီ ။ သင်တန်းကို စာကြည့်တိုက်မှူးဖြစ်သည့် ကျွန်တော်က အစစအရာရာ အဆင်ပြေအောင် တာဝန်ယူရသည် ။
ကျွန်တော်တို့ ကလေးဘဝက ပန်းချီအနုပညာကို စိတ်ဝင်တစား ရှိခဲ့ပေမဲ့ သင်ကြားပြသပေးမည့် ဆရာ မရှိခဲ့ ။ တက်ရောက်ရမည့် သင်တန်း မပေါ်ဖူးခဲ့ ။ ဒီခေတ် ကလေးများ ကိုတော့ ကျွန်တော်တို့လို မဖြစ်စေချင်ပါ ။ နောက်ပြီး အနုပညာပိုး တစ်ခုကို သူတို့ အသွေးထဲ ၊ အသားထဲထိ ကိန်းအောင်းစေချင်မိ၏ ။ သူတို့ ပန်းချီကား တစ်ချပ်ကို နှလုံးသားနှင့် ကြည့်မြင်ခံစား တတ်လာပြီ ဆိုသည်နှင့်ပင် ကြည်နူးပီတိ ဖြစ်စရာ ကောင်းလှပါပြီ ။ သစ်ပင် ၊ သစ်တော တွေကို ချစ်တတ်လာမည် ။ တိရစ္ဆာန်အကောင်လေးတွေကို သနားကြင်နာတတ်လာမည် ။ အရောင်တွေကို နှစ်သက်ခံစားတတ်လာမည် ။ နုနယ်သေးသည့် နှလုံးသားသေးသေးတွေမှာ လောက အလှတရားတွေနှင့် ပိုမို နူးညံ့လာစေချင်မိသော စိတ်စေတနာများဖြင့် ပူးပေါင်းတိုင်ပင်ကာ ဖွင့်လှစ်ကြခြင်းပင် ။
“ ဟောဒီ ဝလုံးလေး သုံးလုံးကနေ ဦးဦးက လူတစ်ယောက်ပုံ ဖြစ်လာအောင် ဆွဲပြဦးမယ် ။ သားတို့ ၊ သမီးတို့ သေချာ ဒီကို ကြည့်ကြဦး ”
ဆရာ လေးမျိုးကြီးက နောက်ထပ် သင်ခန်းစာ တစ်ခု ထပ်ပေးနေပါပြီ ။ ကလေး များ အားလုံးကလည်း ဆရာ ဆွဲပြမည့်ပုံကို စိတ်ဝင်တစား ။
လေးမျိုးကြီးက အရွယ်တူ ဝလုံး ၃ လုံးကို တစ်လုံး နှင့်တစ်လုံး အပေါ်အောက် ဆ စပ်ပြီး ဆွဲပြသည် ။ ပြီးတော့ မှ ကလေးများဘက် လှည့်ကြည့်ပြီး -
“ ကဲ .. သားတို့သမီး တို့ ကိုယ့်ရှေ့မှာ ရှိတဲ့ သားတို့ သမီးတို့ရဲ့ သူငယ်ချင်းတွေ မျက်နှာကို တစ်ယောက် တစ်ပြန် သေချာ ကြည့်စမ်း ၊ ခေါင်းနဲ့ မျက်နှာကို ၀လုံး တစ်လုံးလို သဘောထားပြီး ကြည့် ကြ ၊ ဝလုံးရဲ့ ဟောဒီလို အလယ်တည့်တည့်မှာ မျက်လုံးရှိ တယ် မဟုတ်လားဟေ့ ”
လေးမျိုးကြီးက အပေါ် ဆုံး ဝလုံးတစ်လုံး၏ အလယ် တည့်တည့်မှာ မျဉ်းတစ်ကြောင်း ဆွဲပြ၏ ။ ကလေးများက တစ်ယောက် မျက်နှာ တစ်ယောက် အပြန်ပြန် အလှန်လှန် ကြည့်ပြီး သဘောကျ ရယ်မောနေကြသည် ။
“ ကဲ .. ဒီလိုလေး မျဉ်းလေး ဆွဲပြီးရင် မျဉ်းရဲ့ ဟိုဘက် ၊ ဒီဘက်မှာ ဦးဦးက မျက်လုံးလေး နှစ်လုံး တပ်လိုက်မယ် ဟုတ်ပြီလား ”
“ ဟုတ်ကဲ့ပါ ”
ကလေးများက အသံ ကုန်အော်ပြီး သူတို့ ဆရာကို ထောက်ခံကြသည် ။
“ ဒီမျက်လုံး ဆွဲတဲ့ မျဉ်းနဲ့ မေးစေ့ ၊ ကလေးတို့ သေချာကြည့် ၊ ဒီမှာ ဦးဦး ဆွဲပြတာကို သေချာကြည့် ။ ဒီမျက်လုံးနဲ့ မေးစေ့ရဲ့ အလယ်တည့်တည့် တစ်ဝက် တိတိလောက်မှာ နှာခေါင်းလေး ဆွဲလိုက်ပေါ့ ။ ဟော ... ပြီးတော့ နှာခေါင်း နဲ့ မေးစေ့ကြားမှာ ပါးစပ်ကလေး ဆွဲလိုက် ၊ ဒါဆို ဦးဦးတို့ လူမျက်နှာ ဆွဲပြီးသွားပြီ ဟုတ်လားဟေ့ ”
“ ဟုတ်ပါတယ် ”
“ ဦးဦးဆွဲပြတဲ့ လူမျက်နှာနဲ့ သားတို့ ရှေ့မှာ မြင်နေရတဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာနဲ့ တူလား ။ ဦးဦး ပြောတာက မျက်လုံးနေရာ ၊ နှာခေါင်းနေရာ ၊ ပါးစပ်နေရာတွေ မှန်ရဲ့လား ။ သေချာ ကြည့်ကြပါဦး ၊ တစ်ယောက်နဲ့ တစ်ယောက် ”
ကလေးများက တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး သဘောကျ နေပြန် သည် ။ အချို့ကလေးများက ကြည့်ရုံတင်မဟုတ် တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကိုင် နေကြ၍ ကျွန်တော် နောက်ကနေ အော်ပြီး ထိန်းရ သေးသည် ။
“ သူများ မျက်နှာကို သွားမကိုင်ကြနဲ့လေ ။ သားတို့ကို ကြည့်ခိုင်းတာ ၊ ကိုင်ခိုင်းတာမဟုတ်ဘူး ။ မတော် သူများမျက်လုံး လက်နဲ့ သွားထိုး မိမှ ကန်းကုန်ကြဦးမယ် ”
ကျွန်တော် တစ်ချက် အော်လိုက်တော့ နည်းနည်း လှုပ်လှုပ်ရွရွ ဖြစ်နေသည့် ကလေးများ ပြန်ငြိမ်သွားကြ ၏ ။ လေးမျိုးကြီးက ဒုတိယ ဝလုံး ၊ တတိယ ဝလုံးတွေ ကနေ လူ့ခန္ဓာကိုယ်တွေ ၊ ခြေ တွေ ၊ လက်တွေကို ဆက်ဆွဲ ပြနေသည် ။
အငယ်တန်းက သူ့ဆရာ နှင့်သူ အဆင်ပြေနေတုန်း စာကြည့် တိုက် အပေါ်ထပ်က အကြီးတန်း ရှိရာဆီသို့ ကျွန်တော် ပြေးတက်ခဲ့ရပြန်သည် ။
အကြီးတန်းတွင်တော့ ပန်းချီဆရာဦးအောင်ခန့်က သက်ငြိမ်ပန်းချီ အကြောင်း ၊ အရောင်တွေ အကြောင်း ၊ အလင်းအမှောင်တွေအကြောင်း ကလေးများကို ရှင်းပြနေလေ၏ ။ အကြီးတန်းက စတုတ္ထတန်း ဖြေပြီး ကျောင်းသားများကနေ နဝမတန်းဖြေပြီး ကျောင်းသားများထိ ပါဝင်ကြပါသည် ။ ဒီအကြီးတန်း ကိုတော့ ကျွန်တော် သိပ်ပြီး ထိန်းစရာမလို ၊ ရှေ့က ဆရာ တစ်ခွန်း အော်လိုက်လျှင် ဒီကလေးတွေ ငြိမ်သည် ။ သိပ်ပြီး မသောင်းကျန်းကြ ။ ပန်းချီပညာကို တကယ်လည်း စိတ်ဝင်တစား ရှိကြ၏ ။
ထို့ကြောင့် ခပ်ကဲကဲ ခပ်ရဲရဲ ကလေး နှစ်ယောက် ၊ သုံးယောက် လောက်က လွဲလျှင် ကျန်ကလေးများက ဆရာသင်ပြသည်ကို သေသေ ချာချာ လိုက်မှတ် ၊ လိုက်ရေး ကြသည် ။ အတန်းမဆူ ။ အကြီးတန်းလည်း ဆရာနိုင် သည် ဆိုတော့ အငယ်တန်း ရှိရာ အောက်ထပ်သို့ ကျွန်တော် ပြန်ဆင်းခဲ့လိုက်သည် ။
••••• ••••• •••••
သင်တန်းရက် တစ်ပတ်မျှ ကြာလာသောအခါ ကလေးများ ကိုယ့်စိတ်ကူး နှင့် ကိုယ် ပန်းချီကားတစ်ချပ် ဖြစ်လာအောင် ဖန်တီးနိုင်လာကြသည် ။
သူတို့ ပန်းချီကားလေးတွေက စိတ်ဝင်စားဖို့ ကောင်းလှ၏ ။ ချစ်စရာလည်း ကောင်း၏ ။ သူတို့လေးတွေ၏ စိတ်ပြတင်း ကိုလည်း ဖွင့်ပေးရာရောက် ပါသည် ။ ပန်းချီကားတိုင်းက အရောင် အသွေးစုံစုံလင်လင် ။ တိရစ္ဆာန်မျိုးစုံလည်းပါသည် ။ တော ၊ တောင် ၊ ရေ ၊ မြေတွေ လည်းပါသည် ။ သစ်ပင် ၊ ပန်းမန်များကိုလည်း တွေ့ရသည် ။
ပန်းချီကားလေးထဲ သစ်ကုလားအုပ်ထည့် ဆွဲလိုပြီး မဆွဲတတ်သည့် ကလေးက လာဆွဲခိုင်းသည် ။ ခြင်္သေ့ မဆွဲ တတ်၍ လာဆွဲခိုင်းသည့် ကလေးလည်း ရှိ၏ ။ အလှ မွေးငါးကန် ထည့်ဆွဲလာသူ လည်းရှိသည် ။ ကလေးတစ်ယောက် ဆွဲလာသည့်ပုံတစ်ပုံကို ကြည့်ပြီး ကျွန်တော် ဘာကောင်မှန်း ဝေခွဲမရ၍ ပြန် မေးယူရသေးသည် ။ ကလေး က သူ ဆွဲလာသည့် အကောင် မှာ ပိုကီမွန် အကောင်ပါတဲ့ ။
“ ဟား ဟား ဟား ... ဟုတ်ပါရဲ့ ၊ ဟုတ်ပါရဲ့ ။ လေးလေးက ပိုကီမွန်ဂိမ်း မဆော့ဖူးတော့ သားလို မသိဘူးပေါ့ကွာ ။ တော်လိုက်တာကွာ ၊ ဆက်ဆွဲ .. ဆက်ဆွဲ ”
သူတို့စိတ်ကူးနှင့် ရေးခြယ်ထားသော ပန်းချီကား အား ဆရာများက အသိအမှတ်ပြု ချီးကျူးသည်ကို ကလေးတိုင်း ခံယူလိုကြ၏ ။ ဆွဲပြီးပြီ ဆိုသည်နှင့် အလုအယက် လာလာ ပြကြသည် ။ လေးမျိုးကြီးရော ၊ ကျွန်တော်ရော က စိတ်ဝင်တစား ပန်းချီကားတိုင်းကို သေချာ ကြည့်ရှုပြီး နှုတ်မှလည်း ထုတ်ဖော် ချီးကျူးကာ ဆော့ပင် တစ်ယောက် တစ်ချောင်းဖြင့် Good ရေးပေးမှ သူတို့လေးတွေ သဘောကျကြသည် ။
ပုံတစ်ပုံတွင်တော့ ကျွန်တော် “ ဟာ ” ခနဲအော်မိသည် အထိ အံ့သြသွားရသည် ။ သူများနှင့် မတူ တစ်မူထူးပြီး ဆွဲထားသည့် ပန်းချီကား ။
“ သားပုံက ဘယ်ဟာ အတည့် ၊ ဘယ်ဟာ ပြောင်းပြန်လဲ ၊ လေးလေးက ဘယ်လို ကြည့်ရမလဲကွ ။ လူပုံတွေက တစ်ယောက်က အတည့် ၊ တစ်ယောက်က ပြောင်းပြန်ကြီး ”
“ အား လေးလေး ကလည်း လူနှစ်ယောက်စလုံးက အတည့်ပါဗျ ”
“ ဟေ ... ဘယ်လို သဘောနဲ့ တည့်တာလဲ သားရဲ့ ။ လေးလေးကို ရှင်းပြပါဦး ”
“ ဟောဒီ လူနှစ်ယောက် ကြားကဟာက လမ်းလေ ။ လမ်းရဲ့ ဒီဘက်မှာ လူတစ်ယောက် လမ်းလျှောက်နေပြီး လမ်းရဲ့ ဟိုဘက် အခြမ်းမှာ လူတစ်ယောက်က လမ်းလျှောက်နေတာ ။ ဒီမှာက အိမ်ခြံစည်းရိုးတွေ ။ ဒီဘက်က လူက ဒီလိုလျှောက် ၊ ဟို ဘက်က လူက ဒီလို လျှောက်ကြတာ ”
ကလေးက စာရွက်ကို အတည့်ပြလိုက် ၊ ပြောင်းပြန် ပြလိုက်ဖြင့် ကျွန်တော့်ကို သေချာ ရှင်းပြလာသည် ။
“ ဪ ... ဟား ဟား ဟား ၊ လေးလေးက အဲ လောက်မှ ပန်းချီကားကို မကြည့်တတ်တာကွ ။ သား ဆွဲထားတာ အရမ်းမြင့်နေတာကိုး ။ ဟုတ်သားပဲ ၊ သား ရှင်းပြမှ လေးလေး မြင်တော့တယ် ။ လူနှစ်ယောက်စလုံးက အတည့်ပဲဟ , ဟုတ်ပါ့ ၊ ဟုတ်ပါ့ ”
ပန်းချီကား၏ အလယ်တည့်တည့်မှာ မျဉ်းပြိုင်နှစ် ကြောင်းဆွဲပြီး လမ်းလုပ်ထားသည် ။ လမ်း၏ တစ်ဖက် တစ်ချက်မှာ လူနှစ်ယောက် လမ်းလျှောက်နေကြသည် ပေါ့ ။ သူ့စိတ်ကူးအရ လမ်း ဟိုဘက်က လူက လမ်းမျဉ်းကြောင်းပေါ် ခြေထောက် တင်ပြီး လမ်းလျှောက်သလို ၊ လမ်း၏ ဒီဘက်က လူက လည်း လမ်းမျဉ်းကြောင်း ပေါ် ခြေထောက်တင်ပြီး လမ်းလျှောက်စေချင်တော့ ပုံကို ပြောင်းပြန် ပြန်ဆွဲပစ် လိုက်သည် ။ လူနှစ်ယောက် က ခြေစုံကန်ပြီး ဇောက်ထိုးလျှောက်နေကြသည့်ပုံ ။ သူ့ စိတ်ကူးနှင့် သူကတော့ ဟုတ်နေသည် ။
ပန်းချီဆရာတွေနှင့် လက်ဖက်ရည်ဆိုင် ရောက်တော့ ဒီကလေး၏ စိတ်ကူးနှင့် ဆွဲလာသည့်ပုံအကြောင်း ပြန်ပြောဖြစ်သည် ။ သူ့စိတ်ကူးကို ဆရာများ ကလည်း သဘောကျ အသိအမှတ်ပြု၏ ။
“ ကလေး တစ်ယောက်ဆို ကျားတွေ ၊ ခြင်္သေ့တွေလည်း ထည့်ဆွဲတယ် ။ သစ်ပင်တွေ ၊ ရေကန်တွေလည်း ပါတယ် ။ ထူးခြားတာက ငါလည်း သင်မထားပါဘဲ အဲဒီ တောတွင်း ပန်းချီကားရဲ့ ဘယ်ဘက်ထောင့်လေးက သစ်ပင် အကွယ်မှာ လေး ၊ မြား ကိုင်ပြီး သားကောင် ချောင်းနေတဲ့ မုဆိုးပုံပါ ထည့်ရေးလာတာဟ ။ တော်တော်ဆိုးတဲ့ ကလေးဟေ့ ဟား ဟား ဟား ”
လေးမျိုးကြီး အပြောမှာ ကျွန်တော်တို့လည်း သဘော ကျ ရယ်မိကြပြန်၏ ။
“ လေးလေး ပြောတာ ရှေ့ဆုံး ညာဘက် အစွန်မှာ ထိုင်တဲ့ ခပ်ဝဝ ကလေးကို ပြောတာ မဟုတ်လား ၊ နာမည်တော့ မမှတ်မိဘူး ”
“ အေး ... ဟုတ်တယ် ၊ ဟုတ်တယ် ။ ဒီကလေး ငပွေး ကွ ။ နာမည်က အောင်ကျော်စိုး တဲ့ ။ ဒုတိယတန်း ဖြေထားတဲ့ ကလေး ။ အတန်းထဲ အခြားကလေးတွေကို အချိန်ပြည့် လိုက် ရှုပ်နေတဲ့ကောင် ။ တော်ကြာ လာတိုင်ပြန်ပြီ ။ သမီးကိုလိုက်စ,နေလို့ ၊ သားကို လိုက်လုပ်နေလို့နဲ့ ။ ကြည့်လိုက်ရင် ဒီကလေးပဲ ။ အဲဒါနဲ့ ငါလည်း ရှေ့ဆုံး ခေါ်ထားတာ ”
ကလေးသဘာဝ ဆော့တာ ၊ စကားများတာ လောက်တော့ လွှတ်ပေးထား၍ ရသည် ။ ခက်တာက ဆော့ရင်း ကစားရင်း ထိမိ ၊ ခိုက်မိ မှာကို ကြောက်ရ၏ ။ မိဘများက ပို့ပြီး ပြန်သွားကြသည် ။ သင်တန်းချိန်မှာ တစ်စုံတစ်ခု ပြဿနာ ဖြစ်လျှင် ကိုယ်တွေ အဖို့က မကောင်း ။ ဒါကြောင့် ဒီလိုကလေးမျိုး ကျတော့လည်း ဆူရ ၊ မာန်ရ သည်ပေါ့ ။
လေးမျိုးကြီး ပြောသည့် ကလေးကို ကျွန်တော် လည်း သတိထားမိသည် ။ အောင်ကျော်စိုး ဆိုသည့် ကလေးက သင်တန်းချိန်အတွင်း ရေထ,သောက်လိုက် ၊ သေး သွားပေါက်လိုက်နှင့် သွား တော့လည်း လမ်း တွေ့သမျှ ကလေးတိုင်းကို မထိခလုတ် ထိခလုတ် ရန်စ,စသွားတတ် သေးသည် ။ သူ့ကိုပဲ အရိပ်အခြည် ကြည့်ပြီး ဆူပူ ၊ မာန်ခဲ နေရ၏ ။
“ နောက် ကလေး တစ်ယောက်ကျတော့ သူဆွဲတဲ့ပုံက သူ့ဗီဇပြတာပဲကွ ။ ဟို တရုတ်ကလေးကွာ ။ ဒီနေ့ သူ ဆွဲလာတာ ဘာတွေ ဆွဲလာမှန်း မသိလို့ ဦးဦးကို ရှင်းပြပါဦးကွာ ဆိုတော့ ဘာပုံတွေ ဆွဲလာတယ် မှတ်လဲ ”
“ လုပ်စမ်းပါဦး လေးလေးရဲ့ ၊ ဘာပုံတွေလဲ ”
“ ဒါက တောင် ၇ လုံးတဲ့ ။ ဒါက အိမ် ၇ အိမ်တဲ့ ။ တောင်တွေရဲ့ ရှေ့ကဟာက စားသောက်ဆိုင်နဲ့ ဟိုတယ် တဲ့ ၊ ကဲ .. ”
“ ဟား ဟား ဟား ငယ်ငယ် ကတည်းက စီးပွားရေး လာဘ်မြင်တဲ့ ကလေးဗျ ။ တရုတ်သွေး အပြည့်ပါတယ် နော် ၊ ဟား ဟား ဟား ”
သင်တန်းချိန် ပြီးလို့ ဆရာများနှင့် လက်ဖက်ရည်ဆိုင် ထိုင်ပြီဆိုသည်နှင့် ခုလို ပါပဲ ။ သင်တန်းအကြောင်း ၊ ကလေးတွေအကြောင်း ပြောရင်း ဆရာတွေရော ၊ ကျွန်တော်ပါ ရယ်မော ဖြစ်ကြသည် ။ နောက်ပြီး ကလေးတွေ၏ စိတ်ပြတင်းကို ခုလို လွတ်လွတ်လပ်လပ် ဖွင့်ကြည့် ရတာ ကျွန်တော်တို့ ပျော်၏ သူတို့ စိတ်ကူးယဉ် တတ်ကြပါသည် ။
သူတို့ စိတ်အရောင်တွေက သူတို့ ပန်းချီကားလေးတွေ ပေါ်မှာရှိသည် ။ အရောင်တွေ ၊ အရုပ်တွေကို ကြည့်ပြီး သူတို့ စိတ်ဝိညာဉ်ကို ခန့်မှန်းတွက် ချက်ရတာ ကျွန်တော် သဘောအကျဆုံး ဖြစ်၏ ။
••••• ••••• •••••
သင်တန်းရက် ၁ဝ ရက် မြောက် နေ့တွင်တော့ အပေါ် ထပ် အကြီးတန်း သင်သည့် ဆရာဦးအောင်ခန့် နေမကောင်း၍ သင်တန်း မလာနိုင်ကြောင်း အကြောင်း ကြားလာသည် ။ မတတ်နိုင် ဖြစ်သလိုပဲ ဒီတစ်ရက် ကိုတော့ စခန်းသွားမှ ဖြစ်မည် ။ ဆရာလေးမျိုးကြီးကို အပေါ်ထပ် အကြီးတန်း သင်ခိုင်းပြီး ကျွန်တော်က အောက်ထပ် အငယ်တန်းကို အတန်း ထိန်းသည်ဆိုရုံ ထိန်းထားပြီး လေးမျိုးကြီး သင်ခဲ့သည့် သင်ခန်းစာများကို လေ့ကျင့် ပေးနေလျှင် အဆင်ပြေနိုင်သည် ။
“ ကဲ ကဲ ကလေးတို့ မင်းတို့ဆရာ လေးမျိုးကြီး သင်ထားတဲ့ အတိုင်း လေးလေးကို ဒီနေ့ ပန်းချီကား တစ်ကား ဆွဲပေးကြပါ ။ မနေ့က ရှုမျှော်ခင်းပုံတွေ ဆွဲခဲ့ကြတာဆိုတော့ ဒီနေ့တော့ လူပုံလေးတွေ ဆွဲပေး ၊ လေးလေးကို ဆွဲပေးမယ် မဟုတ်လား ”
“ ဆွဲပေးပါမယ် ”
“ ကဲ ... ဒါဆို လေးလေးကို မင်းတို့ရဲ့ မိသားစုပုံ ဆွဲပြပါ ။ သားတို့သမီးတို့ အိမ်မှာ မိသားစု ဘယ်နှယောက် ရှိလဲ ။ ရှိတဲ့ မိသားစုပုံကို ဆွဲပြ ။ ဒီမှာ လေးလေးက လေးလေး မိသားစုပုံ အရင်ဆုံး ဆွဲပြမယ် ၊ ဒီမှာ ကြည့်ကြဦးဟေ့ ”
“ ဟောဒါက လေးလေးရဲ့ ဖေဖေပုံ ၊ ဟောဒါက လေး လေးရဲ့ မေမေပုံ ၊ ဟောဒါက တော့ လေးလေးရဲ့ပုံ ၊ မင်းတို့ မှာ ညီလေး ၊ ညီမလေးတွေ အစ်ကို ၊ အစ်မတွေ ရှိရင်လည်း ပုံထဲ ထည့်ဆွဲနော် ။ ပြီးတော့ ပုံလေးကို နာမည်ပေးလိုက်ပေါ့ ။ ကျွန်တော်တို့ မိသားစု ဒါမှမဟုတ် ကျွန်မတို့ မိသားစု ဆိုပြီး ။ ရမလားဟေ့ ၊ ဆွဲတတ်မလားဟေ့ ”
“ ဆွဲတတ်ပါတယ် ”
“ အိုကေ … ဒါဆို အားလုံး စဆွဲကြရအောင် ”
သင်တန်းချိန် ၂ နာရီ အတွင်း ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ပုံဆွဲ လေ့ကျင့်ရန် အတွေးဖြင့် ကျွန်တော် စိတ်ကူးထဲ ပေါ်လာသည့် အတိုင်း ကလေးများကို သင်ခန်းစာ ပေးလိုက်သည် ။ ပြီး ကလေးများ ဆွဲနေသည်ကို လိုက်ကြည့်နေလိုက်၏ ။
အသားဖြူဖြူ ၊ မျက်နှာ ဝိုင်းဝိုင်းလေးနှင့် ပါးဖောင်းဖောင်းလေးတွေပေါ်မှာ ပါးကွက်ကလေးတွေ ကွက်ထားသည့် ချစ်စရာ ကလေးမလေး တစ်ယောက်ကို ကျွန်တော့် မျက်ဝန်းထောင့်တွင် မြင် လိုက်ရသည့် ခဏ ကျွန်တော် ပေးလိုက်မိသည့် သင်ခန်းစာသည် မှားများ မှားသွားပြီလား ဟူသော အတွေးတို့ဖြင့် ရုတ်တရက် ထူပူသွားကာ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်သွားမိသည် ။ ခုချိန်မှတော့ သင်ခန်းစာကို ပြန်ပြင်ပြောလို့ မဖြစ်တော့ ၊ အချို့ ကလေးများက ဆေးရောင်တောင်ခြယ်နေကြပြီ ။ ဆွဲခိုင်းသည့် ပုံက မိသားစုပုံ ၊ ကလေးမလေး၏ အဖေဖြစ်သူက အက်စီးဒန့် တစ်ခုကြောင့် ရုတ်တရက် ဆုံးပါးသွားတာ များမကြာသေး ။ ကျွန်တော့်အထင် တစ်လကျော်ကျော် လေးပဲ ရှိဦးမည်ထင် ။ မဆုံးမီ က က ဒီကလေးမလေးနှင့် သား အဖ နှစ်ယောက် စာကြည့်တိုက်ကို စာအုပ်လာဖတ်ကြ ၊ စာအုပ်လာငှားကြနှင့် သမီးကလေးကို စာဖတ်ဝါသနာ ပါစေချင်သည့် သူပါ ။ သူ့ သတင်း ကြားကြားချင်း ကျွန်တော်တို့မှာ စုတ်တသပ်သပ်ဖြင့် စိတ်မကောင်း ဖြစ်ခဲ့ကြရသေးသည် ။ “ စာအုပ် လာငှားတဲ့ သားအဖနှစ် ယောက်လေကွာ ၊ ကလေးမလေးရဲ့ အဖေလေ ဟူသော သတင်းကို မဟုတ်ပါစေနှင့် ၊ မဟုတ်ပါစေနှင့် ဟုတောင် ဆုတောင်းမိခဲ့သေး၏ ။
ရက်လည်ပြီး တစ်ပတ် လောက်ကြာမှ သားအဖနှစ်ယောက် ငှားသွားသည့် စာအုပ်ကို ကျန်ရစ်သည့် သားအမိ နှစ်ယောက်က လာအပ်ကြ သည် ။ “ သမီးအဖေ ဆုံးသွားလို့ ” ဟူသော စာအုပ် အပ်ဖို့ နှောင့်နှေးရခြင်း အကြောင်းကို ဒီကလေးမလေး စကားဆို လာတော့ ကျွန်တော်တို့ ဘယ်လို ပြန် နှစ်သိမ့်စကားပြောရမှန်း မသိလောက်အောင် စိတ်မကောင်း ဖြစ်ကြရသည် ။ “ အေးအေး သမီး ၊ လေးလေးတို့ သိတယ် ” ဟုသာ ပြန်ပြောနိုင်သည် ။
ခု ပန်းချီသင်တန်း လာတက်သည့် ဒီသမီးကလေး ကျွန်တော် ဆွဲခိုင်းသည့် မိသားစု ပန်းချီကားမှာ သူ့အဖေပုံမှ ထည့်ဆွဲလာပါ့မလား ။ အိမ်မှာရှိတဲ့ မိသားစုတွေ အကုန် ထည့်ဆွဲကြလို့ ကျွန်တော် ပြောလိုက်မိသေးသည် ။ ကျွန်တော့်ကြောင့် ကလေးမလေး စိတ်ထိခိုက်သွားပြီလား ။
မြန်မြန်ဆွဲ၍ ပြီးသွား ကြသည့် ကလေးများက ကျွန် တော့်ကို လာပြကြသည် ။ ပုံတိုင်းကို သေချာ ကြည့်ပြီး ကောင်းတယ် ၊ တော်တယ်ဟု ဆိုကာ Good ရေးပေးနေရပေမဲ့ ကျွန်တော့် အကြည့်က ကလေးမလေးကို မသိမသာ အကဲခတ် နေမိသည် ။ သူ လာမပြသေးဘူး ၊ သူ လာမပြသေးဘူး ။ ငါ့ကို သူ ဆွဲထားတဲ့ပုံ လာမှ ပြပါ့မလားဟုလည်း စိတ်ထဲ ထင့် နေမိသေးသည် ။ ဟော သူ ကျွန်တော့်ဆီ လှမ်းလာနေပါပြီ ။ ကျွန်တော် ရင်ခုန် မြန်လာမိသည် ။ သူ့ မိသားစုပုံမှာ သူ့အဖေပုံ ထည့်ဆွဲလာပါစေ ဟုလည်း မျှော်လင့်တောင့်တ,မိ၏ ။
အခြား ကလေးတွေ ဝိုင်းအုံ ပြနေသည်ကို ခဏထားကာ ကလေးမလေး၏ ပုံဆွဲစာအုပ်ကို ကျွန်တော် လက်လှမ်း လိုက်မိ၏ ။
ဟူး ... တော်ပါသေး ရဲ့ ။ သူ သူ့အဖေပုံကို ထည့်ဆွဲလာသည် ။ ဒါပေမဲ့ မိသားစု သုံးယောက်က ပူးကပ် မနေဘဲ တစ်ယောက်နှင့် တစ်ယောက်ကို ခွာဆွဲထား၏ ။
“ သမီး ပုံတွေကို ကပ်ဆွဲလေ သမီးရဲ့ ၊ ပြီးတော့ သမီးက ဘေးမှာ မနေဘဲ ဖေဖေနဲ့ မေမေရဲ့ အလယ်မှာ ရှိနေရင် ပုံလေးက ပိုလှပြီး ပိုကြည့်လို့ ကောင်းမှာပေါ့နော် ၊ ဟုတ်ပြီ ၊ ဟုတ်ပြီ ။ တော်တယ် ၊ သမီးက ပုံကောင်းကောင်းဆွဲတတ် တယ် ။ ရော့ဗျာ ၊ Good အကြီးကြီး ”
ကလေးမလေး မျက်နှာက အပြုံး တစ်ပွင့်ကို ကျွန်တော် မြင်လိုက်ရသည် ။ တော်ပါသေးရဲ့ဟု သက်ပြင်းမော ချကာ ကလေး နောက်တစ် ယောက်၏ ပုံဆွဲစာအုပ်ကို လက်ကမ်း လိုက်မိသည် ။ ဟောဒီ တစ်ယောက်ကျမှ ကျွန်တော် မမြင်ချင်တဲ့ ပုံကို မြင်ရပါပြီကော ။ ထင်မထားတဲ့ ကလေး ဆီက မစုံလင်တဲ့ မိသားစုပုံ ပန်းချီကားကို ကျွန်တော် တွေ့နေရပြီ ။
“ သား အောင်ကျော်စိုး ၊ သားပုံက အမေလည်း မပါဘူး ။ သားနဲ့ သားအဖေနဲ့ နှစ် ယောက်တည်းပဲလား ၊ သား အမေပုံ ဘာလို့ ထည့်မဆွဲလဲ ဟင် ”
“ အမေက အိမ်မှာ မရှိဘူး ”
“ ဘယ်သွားလို့လဲ သားအမေက ”
“ အမေနဲ့ အဖေနဲ့က ကွဲသွားတာ ကြာပြီ ”
ကျွန်တော် ဘာဆက် ပြောမည်မှန်းမသိ ။ အတန်းထဲ ပြောမရ ၊ ဆိုမရ ဆိုးလွန်းသည့် ကလေးက အမိအဖ စုံစုံလင်လင်နှင့် မနေရသည့် ကလေး တစ်ယောက်ပါလား ။
“ ကွဲနေလည်း ထည့်ဆွဲပေါ့ သားရဲ့ ၊ အမေရော ၊ အဖေ ရောပါမှ ပုံလေးက မိသားစုပုံ ဖြစ်မှာပေါ့ ”
ကလေးကို ပါးစပ်ထဲ ရှိ ရာ နှစ်သိမ့်ပြောဆိုပြီး သူ့ ပုံဆွဲ စာအုပ်ကို ကျွန်တော် အမှတ် မထင် လှန်လှောကြည့်နေမိ၏ ။ ဆရာ ဆွဲခိုင်းသည့် ပုံတိုင်းကို လိုက်ဆွဲမထား ။ သူ ဆွဲချင်သည့် ပုံမှသာ လိုက်ဆွဲထားသည် ။ ဟော တွေ့ပါပြီ ၊ လေးမျိုးကြီး ပြောသည့် ပုံ ။ တိရစ္ဆာန်လေးတွေ ပါသည့် ရှုခင်းပုံထဲ လေး ၊ မြား ကိုင်ထားသည့် မုဆိုးကိုပါ ထည့်ဆွဲထားသည့်ပုံ ။ လက်ရာကတော့ ကောင်းသည် ။ စိတ်မရှည်၍ ဆေးကို အပြည့် ခြယ်မထားသည့်ပုံက များ၏ ။ တောတောင် ရှုခင်းပုံ တစ်ပုံတွင်လည်း ကောင်းကင်၌ သက်တံ တစ်စင်းကိုပါ ထည့်ဆွဲထားသည် ။ သက်တံက ကောင်းကင် အထက်တွင် မရှိဘဲ တောင်တွေ ကြားထဲ ရောက်နေပြီး ထင်ထင်ရှားရှား မဖြစ် ။
ဟော ... တောင်တွေ ဆိုကာမှ ဒီကလေး ဆွဲထားသည့် တောင်တွေ ၊ သစ်ပင်တွေကို ကျွန်တော် ခုမှ သေချာကြည့်မိသည် ။
“ သား တောင်တွေ ၊ သစ်ပင်တွေက ဘာအရောင်ရှိလဲ သိလား ”
“ အစိမ်းရောင် ”
“ ဟော ... သားသိသားပဲ ။ ဒါဆို ဘာလို့ တောင်တွေကို အညိုရောင် ခြယ်ထားတာလဲ ။ သားပန်းချီကား တစ်ခုလုံးက ညိုမည်းမည်းကြီး ဖြစ်နေပြီ ”
ကျွန်တော့် အမေးကို ပြန်မဖြေဘဲ ကလေးက ဖင်ကုတ် ခေါင်းကုတ် လုပ်နေသည် ။
ကျွန်တော့် လက်ထဲက သူ့စာအုပ်ကို ပြန်ယူကာ လှုပ်လီ လှုပ်လဲ့ဖြင့် သူ့နေရာ သူ ပြန်သွားသည့် ကလေး၏ ကျောပြင်ကို ကျွန်တော် သိစိတ်မဲ့ လိုက်ကြည့်နေမိ၏ ။
••••• ••••• •••••
ရုတ်တရက် ဘာလုပ်ရမှန်း မသိအောင် ကျွန်တော့် မျက်လုံးတွေ ပြာဝေသွားခဲ့သည် ။ ရှိုက်ရှိုက်ပြီး ငိုနေသည့် ကလေးမလေး၏ လက်မှာက သွေးစက်လက်နှင့် ။ ခွဲချွန်ဓားနှင့် အခြစ် ခံရတာဟု သိရသည် ။ ဒဏ်ရာက သိပ်မနက်၍သာ တော်သေးသည် ။ ကလေးကို ဆေးခန်း လိုက်ပို့ရင်း လမ်းမှာ တတွတ်တွတ် ချော့နေရ၏ ။ သူ့မိဘ လာမှ အကျိုးအကြောင်း ပြောပြပြီး တောင်းပန် ရတော့မည် ။ အတန်းချိန်မှာ ဖြစ်သည် ဆိုတော့ ကိုယ့်တာဝန်ပေါ့ ။
ဆော့ရင်း ပြုရင်း ဒီလို အနာတရဖြစ်မှာ စိုး၍ ထိန်းနေသည့်ကြားမှ ကျွန်တော် သတိလွတ်သွားသည့် တစ်ခဏအတွင်း ဖြစ်သွားရပြီ ။
လေးမျိုးကြီး ကတော့ အဆော့သန်သည့် ကလေးကို ဆူနေလေပြီ ။ ကလေးက ခေါင်းကြီး ငုံ့ပြီး ဆွဲလက်စ ပုံကို ရောင်စုံဖယောင်းတောင့် ဖြင့် ဖိကာဖိကာ ဆေးခြယ်သည် ။ စူပါကောင်အောင်ကျော်စိုး ပါပဲ ။
ဒီကလေးကို အတန်းက ထုတ်ပြီး မိဘကို ပြန်အပ်သင့် ၊ မအပ်သင့် ကျွန်တော်တို့ စဉ်းစားရတော့မည် ။ နောက်ဆုံးအကြိမ် အဖြစ် ကလေးကို ဆူပူခြောက်လှန့် ကြည့်ရန် စိတ်ကူးဖြင့် ကျွန် တော် ကလေးအနား တိုးကပ်လာမိသည် ။
“ အလို ”
ညိုညစ်ညစ် တောင်တန်းလေးပေါ် ပေါက်ခနဲ ကျသွားသည့် ကလေး၏ မျက်ရည် တစ်စက် ။ ပြောမည်ဟု ကြံရွယ်ထားသည့် စကားများက ပါးစပ်ဝမှာပင် ထစ်အ , သွား၏ ။ ကလေး၏ ပန်းချီကား တစ်ခုလုံးက ညိုညစ်ညစ် ။ သူ့လက်ထဲမှာ ကိုင်ထားသည့် ကာလာဖယောင်းတောင့်က အညိုရင့်ရင့် ။ ရင့်ရော်သွားသည့် ကျွန်တော့် စိတ်အာရုံများ ။
ကျွန်တော် အသာလေးပဲ ကလေး အနားက လှည့်ထွက်လာခဲ့လိုက်မိသည် ။ စိတ်အာရုံထဲ ကပ်ငြိ လိုက်ပါသည်က မစိမ်းလန်းသော ပန်းချီကား တစ်ချပ် ။ ကျွန်တော် ဖွင့်ကြည့်မိလိုက်တဲ့ စိတ္တဇနာမ်တစ်ခု ။
⎕ မှူးဆက်ပိုင် ( ရွှေတောင် )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၊ ၂၀၁၇
No comments:
Post a Comment