❝ ပက်ပက်စက်စက် ❞
( မွန်းဇူး )
“ နှင်းရီ ” တို့ ချောချက်ကတော့ တောနဲ့ မတန်အောင်ပါပဲ ။ မျက်နှာလေးက မျက်ခုံး ၊ မျက်လုံး ၊ နှာတံအချိုးကျတဲ့အပြင် အထူးခြားဆုံးက ဖူးဖူးရွရွလေးနဲ့ အမြဲ ပြုံးနေတယ် ထင်ရတဲ့ နှုတ်ခမ်းလေးပေါ့ ။ အသားအရေကလည်း ဖြူစင်ဝင်းလဲ့ ပြစ်မျိုးမှဲ့မထင် ဆိုတာမျိုးပါ ။ ခန္ဓာကိုယ်ကလည်း အဖုအဖောင်း အကွေ့အဝိုက်တွေနဲ့ လှချင်တိုင်း လှနေတာဆိုတော့ မြို့နယ်မှာ “ လှယဉ်ကျေးမယ် ” ရခဲ့ပြီးပြီ ။ ကိုးတန်းကျောင်းသူပေမဲ့ တက္ကသိုလ် ကျောင်းသူကြီးလေလား ထင်မှတ်မှားအောင် အလှတွင် အယဉ်ဆင့်နေတာမို့ သူ့ ရွာမှာတော့ လှချက်ကတော့ ရက်စက်တယ်လို့ ထောမနာပြုကြတယ် ။ နှင်းရီမိဘတွေက တောင်သူကြီးတွေပါ ။ လယ်ဧက တော်တော်များများ ပိုင်တယ် ။ သူ့အဖေက စီးပွားရေးကို အကွက်ကျကျ ပိုင်ပိုင်နိုင်နိုင် လုပ်တတ်တယ် ။ တောင်သူပစ္စည်း ထော်လာဂျီ ၊ ထွန်စက် ၊ ရေတင်စက် ပါ မကျန် ပြည့်စုံတယ် ။ မြေသြဇာကိုလည်း ဖောဖောသုံးတယ် ။ ပိုးသတ်ဆေးကိုလည်း မခိုဘူး ။ ဒါတွေကြောင့် သူ လုပ်သမျှ သီးနှံဟာ အထွက်ကောင်းလေ့ရှိပြီး ဈေးကွက်မှာလည်း မျက်နှာကောင်းရကာ ဈေးကောင်းရလေ့ရှိတယ် ။ ဒီတော့ တစ်ဦးတည်းသော သမီးလေး နှင်းရီ ရဲ့ လူနေမှု အဆင့်အတန်းဟာ မြို့နေ လူချမ်းသာတွေရဲ့အဆင့်ထက် မနိမ့်ဘူး ။ ခေတ်မီအိမ်တွင်း ဖျော်ဖြေရေးပစ္စည်းတွေအပြင် ဆိုင်ကယ်ရော ကားပါ ရှိလေတော့ အနီးတစ်ဝိုက် ရွာတွေ ကြားမှာ တကယ့်ဖလားပါပဲ ။
နှင်းရီ ကိုးတန်းအောင် ခဲ့ပြီ ။ သူ့အသက်ကလည်း ဆယ့် ငါးဆယ့်ခြောက်ထဲ ရောက်ခဲ့ပြီမို့ အလှသွေးကြွယ်ကာ အစွမ်းကုန် ဖူးပွင့်ဝင့်ထည်နေပြီ ။ ဒါပေမဲ့ မိဘတွေကလည်း စည်းစနစ်ကောင်းကောင်း ဆုံးမတယ် ။ ဆွေမျိုးအသိုင်းအဝိုင်းတွေကလည်း မျက်စိဒေါက်ထောက် ကြည့်ပြီး စောင့်ရှောက်ကြတယ် ။ ကျောင်းကိုလည်း သူ့ အဒေါ် ရုံးဝန်ထမ်း တစ်ယောက်နဲ့ အတူသွား အတူလာ အနီးကပ် ဂရုစိုက်ကြတာမို့ နှင်းရီ တစ်ယောက် အခုချိန်ထိ ရည်းစား မထားဖူးသေးဘူး ။ သူကိုယ်တိုင်ကလည်း ဣန္ဒြေလေး နဲ့ နေတတ်တာမို့ အနှောင့်အယှက်ပေးတာ မခံရဘူး ။
အဓိကကတော့ နှင်းရီတို့ ရွာရဲ့အပျိုခေါင်း မစိုးစိုး ကလည်း အခရာကျပါတယ် ။ အပျိုခေါင်း ဆိုတာ ရွာထဲမှာ ရှိသမျှ အပျိုပေါက် ၊ အပျိုလတ် ၊ အပျိုကြီးမကျန် အပျို အားလုံးရဲ့ငယ်စာရင်းကို ကိုင်ထားရတာလေ ။ အပျိုစာရင်း ကိုင်ရသလို အပျိုအားလုံးရဲ့ အချစ်ရေးကိုလည်း အမြဲလေ့လာနေရတာပေါ့ ။ မစိုးစိုး ကတော့ သူ့အလုပ်နဲ့ သူ ကိုက်ပါတယ် ။ လူကလည်း ဆိုင်ကယ်တစ်စီးနဲ့ ပွဲစားတစ်ပိုင်း ၊ တောင်သူတစ်ပိုင်း လှုပ်ရှားနေတာ ဆိုတော့ တော်ရုံတန်ရုံ ကိစ္စ သူ မသိတာ မရှိ ။ ချက်ဆို နားခွက်က မီးတောက်ပြီး သားပါပဲ ။ လူကလည်း တော်ရုံတန်ရုံ ယောက်ျားတစ်ယောက်များ အသာလေးကိုင်ပေါက်နိုင်တဲ့ ဗလကြီးနဲ့မို့ ဗရုတ်ဗရက် လာလုပ်လို့ကတော့ ‘ အစ်မစိုးရေ ကယ်ပါဦး ’ လို့သာ အော်လိုက် အကုန်ရှဲသွားစေရမယ် ။
ဒါကြောင့် စိုးစိုးသာ တာဝန်ယူပါစေ သမီးရှင် အားလုံးဟာ ယုံကြည်စိတ်ချကြတယ် ။ ဘယ်အလှူ ၊ ဘယ်မင်္ဂလာဆောင်က ဖိတ်ဖိတ် ထည့်တယ် ။ ဘယ်အခမ်းအနား ၊ ဘယ်ဖွင့်ပွဲက ဖိတ် ဖိတ် ခွင့်ပြုကြတယ် ။ နောက်ဆုံး နှစ်စဉ်ကျင်းပမြဲ ရွာ ဘုရားပွဲတွေကိုလည်း စိုးစိုး အုပ်ထိန်းမှုနဲ့ အပျိုတစ်သိုက် တစုတဝေးကြီး သွားကြလေ့ရှိတယ် ။
စိုးစိုး ကြိုတင်ယူထား တဲ့ ပွဲခင်းထဲကနေရာမှာ အပျိုပေါက်တွေ ဝိုင်းထိုင်ကြတယ် ။ နှင်းရီက အလယ်ဆုံးပေါ့ ။ ဘေးမှာ အပျိုကြီးတွေ ၊ လက်ထောက် အပျိုခေါင်းတွေ ကာရံထားလိုက်တယ် ။ ကာလသားတွေကတော့ အဝေးက မျှော်ငေးရုံသာ ။ ကိုယ်ထိလက်ရောက် စော်ကားဖို့ဝေးလို့ ဟီးဟီးဟားဟား အသံကြောင်တောင် မဟစ်ရဲဘူး ။
“ မင်းတို့က စ နောက်ပြောင်ရင် တခြားရွာက ကောင်တွေ ပိုဆိုးတော့မပေါ့ ၊ မင်းတို့မှာလည်း ကိုယ့်ရွာသူကို စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်ကွ ” လို့ စိုးစိုးက ရွာခံ ကာလသားတွေကို စည်းရုံး ထားလိုက်တော့ သူတို့မှာ ကိုယ်ရံတော်တပ်မှူးကြီးတွေလို ဂုဏ်ဝင့်ကြွားကြတာပေါ့ ။
အဲဒီလို နှင်းရီ ဆိုတဲ့ အလှပန်းလေးကို ဘယ်လိုပဲ ဝန်းရံစောင့်ကြပ်ထားကြပေမဲ့ “ ရွှေဆပ်သွား ” ဘုရားပွဲကြီးရဲ့ နောက်ဆုံးညမှာ နှင်းရီတစ်ယောက် လင်နောက်ပါသွားတော့တယ် ။ စည်းကတော့ ပေါက်ပြီ ။ ဒါ သွေးရိုးသားရိုး ဘယ်လိုမှ မဖြစ်နိုင် ။ အတွင်းလူ ပါမှာ သေချာတယ် ။ အတွင်းလူ ဘယ်သူလဲ ပက် စက်လှချေလားလို့ ရွာခံတွေ တက်တခေါက်ခေါက်ဖြစ်ကြတယ် ။ လုပ်ရက်တယ် ၊ ရိုင်းလိုက်တာဆိုတဲ့ မကျေနပ်သံတွေ တစ်ရွာလုံးညံလို့ပေါ့ ။ စာရင်းစစ်ကြည့်လိုက်တော့ ရွာက ပျောက်နေတဲ့ ကာလ သားဟာ “ ဂျိုးဂျိုး ” ။
ဂျိုးဂျိုး ဆိုတာ နှင်းရီတို့ အိမ်က လယ်လုပ်သား “ စာရင်းငှား ” ။ ဂျိုးဂျိုးက စက်မှု အထက်တန်းအောင်ပြီး ရှေ့ လည်း ဆက်မတက်နိုင်ဘဲ နှင်းရီတို့ အိမ်မှာ စက်ကိရိယာပိုင်းဆိုင်ရာ တာဝန်ခံလုပ်ရင်း ပညာရေးလမ်းစ ပြတ်နေတဲ့ ကလေး ။ သူ့တာဝန်က အိမ်မှာ ရှိသမျှ ကား ၊ ဆိုင်ကယ် တွေရဲ့ အသေးစားပျက်စီးမှုလေးတွေက အစ ရေစုပ်စက် ၊ လေမှုတ်စက် အဆုံး အားလုံး အဆင်ပြေချောမွေ့ရေး လုပ်ပေးရတယ် ။ အဲဒါကို နှင်းရီ တစ်ယောက် သိချင်မှ သိမှာ ဖြစ်ပေမဲ့ ဂျိုးဂျိုး ကတော့ နေ့စဉ် မြင်တွေ့နေရတဲ့ အလှပန်းလေးရဲ့ ဝတ်မှုန်ဝတ်ဆံတွေ သူ့ရင်ထဲမှာ အပြည့်အသိပ် ရှိနေခဲ့ပြီ ။
အခုကိစ္စမှာ စိုးစိုး ပယောဂ မကင်းဘူးလို့ တွက်လို့ရတယ် ။ ဒါလည်း ထင်တဲ့လူ အပြစ်မဆိုသာဘူး ။ တကယ်တော့ ဂျိုးဂျိုးက စိုးစိုးရဲ့တစ်ဝမ်းကွဲမောင် တော်တယ် ။ မောင်အတွက် အစ်မက အောင်သွယ်လုပ်ပေးတယ် ဆိုတာ ဖြစ်နိုင်ခြေ အများဆုံး အခွင့်အရေးအကောင်းဆုံးပေါ့ ။ ဘာပဲဖြစ်ဖြစ် ရွာထဲမှာ တော့ အုပ်စုကြီးနှစ်ခု သိသိသာသာ ကွဲသွားခဲ့ပြီ ။ နှင်းရီ တို့ ဘက်ကလည်း အခုထိ မကျေနိုင် ၊ မချမ်းနိုင် အံကြိတ်ကြဆဲ ။ ဂျိုးဂျိုးတို့ ဘက်ကလည်း ဝမ်းထဲက ကျိတ်ဝမ်း သာနေပေမဲ့ “ ရတယ်လေ ၊ ကိုယ့်ထမင်းကိုယ်စားကြတာ ပဲ ” ဆိုပြီး ခပ်တန်းတန်းနေကြတယ် ။
နှင်းရီ လင်နောက်လိုက် သွားတာလည်း ရိုးရိုးလေးပါ ။ ဘုရားပွဲတော်ကြီးရဲ့ နောက်ဆုံးညမို့ လူတွေကလည်း မတရား စည်ကားနေတယ် ။ အရင်နှစ်ညစလုံးလည်း ပွဲခင်းထဲမှာ ရန်ဖြစ်သံ ၊ ရိုက်သံ မကြားရတာမို့ ပရိသတ်က ပိုစည်ကားပြီး ဘိုးဝှေ့နေကြတယ် ။ ရှေ့ပိုင်း ပြဇာတ် ပြီးတော့ စိုးစိုး ခေါင်းဆောင်တဲ့ အပျိုအုပ်စုတစ်ဖွဲ့လုံး အပြင်ထွက်လာကြတယ် ။ သူတို့တစ်တွေ ချုံစပ်စပ်မှာ အပေါ့အပါး သွားကြပြီး လူ ပြန်စစ်တော့မှ နှင်းရီ ပါမလာတော့တာ သိကြတယ် ။ ပြောရရင်တော့ ဒီကိစ္စတော့ အုပ်စု တစ်စုလုံးတောင် အလိုတူ အလိုပါ စွပ်စွဲရ မလိုပါပဲ ။ ဆိုင်ကယ်နောက်က ပါသွားတာလို့ ဝိုးတဝါး ပြောကြပေမဲ့ အရှေ့ရှမ်းပြည်ဘက် တက် သွားသလား ၊ အနောက် တံတားဦးဘက် ကိုလား ၊ ဒါမှ မဟုတ် တောင်ဘက် မိတ္ထီလာ လား ၊ မြောက်ဘက်မန္တလေး ဆိုလား ... ။ ဘာမှ တိတိကျကျ မသိရဘူး ။
ဘယ်ကိုပဲ ပြေးပြေး ပြေးချင်သလောက် ပြေး တွေ့အောင်ရှာမယ် ၊ မိအောင် ဖမ်းမယ် ၊ ရအောင် ခွဲမယ်ဆိုတဲ့ သစ္စာတွေ ဆိုပြီး နှင်းရီ မိဘတွေကတော့ ကမ္ဘာမကြေ စစ်ကြေညာထားလိုက်ပြီ ။
••••• ••••• •••••
မိုးသံကြားတော့ ဖားအော်သလို နောက်ငါးလလောက်ကြာတော့ သတင်း စာထဲက ကြော်ငြာဖတ်ရပြီး နှင်းရီက အမေ့ဆီ ပြန်ချင်တယ် ပြောလာတယ် ။ ပတ်လေးလည် လက်လှမ်းမီသလောက် ရှာပေမဲ့ ဘယ်လိုမှ သတင်းအစအနမရတော့ နှင်းရီတို့ ဘက်က သတင်းစာမှာ ကြော်ငြာထည့်လိုက်တယ် ။
“ သမီး နှင်းရီ အမေ အသည်းအသန် ဖြစ် အမြန်ပြန်လာပါ ၊ စိတ်တိုင်းကျ ဖြစ်စေရမယ် ” ဆိုတာ ဖတ်ပြီး နှင်းရီ မျက်နှာ မကောင်းဘဲ ဂျိုးဂျိုး ကို ခွင့်တောင်းတယ် ။ သူတို့ နှစ်ယောက် မန္တလေးမြို့သစ်ဘက်က ဂျိုးဂျိုးရဲ့သူငယ်ချင်း ဆိုင်ကယ်ပြင်ဆိုင်လေး မှာ အလုပ်လုပ်ရင်း သိုသိုသိပ်သိပ် နေလာခဲ့ကြတာ အနည်ထိုင်စ ပြုနေပါပြီ ။ အမေ နေမကောင်းဘူး ဆိုတော့လည်း ရင်သွေးလွယ်ထားရပြီ ဖြစ်တဲ့ နှင်းရီ တစ်ယောက် မိခင်စိတ်တွေနဲ့ လွမ်းမောပူဆွေးစိတ်တွေ ဗလောင်ဆူ လာတယ် ။
ဂျိုးဂျိုး ကတော့ မယုံချင်ဘူး ။ ဓနအား ၊ အလှအားတွေ ကြွယ်လှတဲ့ သူတို့သမီးကို ဘယ်သူနဲ့မှ တူတယ်တန်တယ် မထင်တဲ့ အနေအထားမှာ အိမ်မှာ ခိုင်းထားတဲ့ သူက ခိုးပြေးမိတာကိုး ။ ဂျိုးဂျိုး ကြားထားသလို ဒီ နာကြည်းချက်ကြီးက တော်တော်နဲ့ ပြေနိုင်ပါ့မလား ။ တစ်ခုပဲ အားကိုးရတော့မယ် ။ နှင်းရီလွယ်ထားရတဲ့ ရင်သွေးငယ်ကလေးဟာ သူတို့အတွက် မြေးဦး လက်ဆောင်လေးမို့ ကျေနိုင်ကောင်းရဲ့ ဆိုတာပါပဲ ။
ရွာရောက်တဲ့ အထိ ရင်ခုန်တာ မပြေကြဘူး ။ ရွာကလည်း ကြောက်မက်ဖွယ် တိတ်ဆိတ်နေတယ် ။ တစ်ဦး နဲ့ တစ်ဦး ရင်းရင်းနှီးနှီး မရှိကြတော့ ရွာထဲက ကလေးတွေကလည်း ခြေချုပ်မိကုန်ကြပြီပေါ့ ။ နှင်းရီတို့ ပြန်လာကြတယ် ကြားလို့လည်း အရိပ်အခြည်ကြည့်ရင်း အသံတွေ တိတ်ကုန်ကြဟန်ပါပဲ ။
အိမ်ထဲ ဝင်တော့ နှင်းရီ အမေ တိုက်ထဲက ပြေးထွက်လာ ကြိုပြီး ငိုရှာတယ် ။ အိမ်ထဲထိုင်ပြီး အမောဖြေနေတုန်း နှင်းရီ အဖေ အခန်းထဲက ထွက်လာကာ ဂျိုးဂျိုးနဲ့ နှင်းရီ တို့ကို ခပ်စိန်းစိန်း ကြည့်တယ် ။ အားလုံးဟာ ကိုယ့် အသက်ရှူသံ ကိုယ် ကြားရလောက်အောင် ငြိမ်သက် သွားကြပြန်ပြီ ။
“ ဒါ ငါ့သမီးကို ပြန်အပ်တယ်လို့ သတ်မှတ်တယ် ၊ မင်း ငါ့သမီးကို တင်တောင်း ဖို့ မင်္ဂလာစရိတ် ပြန်ရှာချေဦး ၊ ဒါပဲ ဂျိုးဂျိုး မင်းပြန်တော့ ”
နှင်းရီ မျက်ရည်တွေ တွေကျရင်း ဂျိုးဂျိုး ကို လှမ်းကြည့်ရုံက လွဲလို့ ဝင်မပြောရဲ ရှာဘူး ။ နှင်းရီ အဖေရဲ့ စကားတွေက ပြတ်သားတယ် ။ ဒေါသတွေ ထိန်းထားဟန်ရှိသလို နည်းလမ်းလည်း ကျနေတာမို့ ဂျိုးဂျိုး အတွန့် မတက်ရဲဘူး ။ ဂျိုးဂျိုး အိမ်ထဲက ပြန်ထွက်လာတော့ အပေါက်ဝမှာ ခါးထောက်ရပ်ကာ စူးစူးဝါးဝါး ကြည့်ရင်း ကျန်ခဲ့တယ် ။
ဂျိုးဂျိုး ရဲ့ မိဘမောင်ဖား အမျိုးအဆွေတွေက ဒီ စကားကို ကြားတော့ မခံချင် ကြဘူး ။ “ ဘယ်လောက်နဲ့ တင်တောင်းရမှာလဲ ” ၊ “ ဘယ်လောက်တွေများ မှန်းထား သလဲ ငါတို့စုကြမယ်ကွာ ” လို့ ကရုဏာဒေါသော ပြောကြတယ် ။ မင်္ဂလာတစ်ဆောင်ကို အရပ်ကူပါ လူဝိုင်းပါနဲ့ ဆောင်ရရင် သိက္ခာကျမယ် ။ ရှက်စရာကောင်းမယ်လို့ ထင်တယ် ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှ ပြန်ခဲ့တော့မယ်လို့ ဂျိုးဂျိုး ဆုံးဖြတ်ပြီး မန္တလေးက သူငယ်ချင်းဆီ ကိုပဲ ပြန်ခဲ့တယ် ။ သွေးပူပူ ဆုံးဖြတ်လိုက်ပေမဲ့ အားငယ်သိမ်ငယ် စိတ်တွေနဲ့ အလွမ်းတွေကတော့ နင့်နေအောင် ခံစားခဲ့ရပြီ ။
••••• ••••• •••••
စိုးစိုးတို့ အပျိုတစ်သိုက်လည်း ခံစားကြရတာပါပဲ ။ နှင်းရီလေးကို သနားတယ် ။ ဂျိုးဂျိုး အတွက် မခံမရပ်နိုင် ဖြစ်ရတယ် ။ လေးငါးလ ပေါင်းပြီးတဲ့ နှင်းရီ တို့ကို လွယ်ထားရတဲ့ ရင်သွေးကိုမှ မငဲ့ဘဲ သက်သက် ပြဿနာ ရှာတာ ထင်ရှားတယ် ။
“ ဂျိုးဂျိုးကို ထပ် ခိုးခိုင်း ဟာ ၊ တို့လည်း ဝိုင်းကူမယ် ” လို့ ဒေါသဖြစ်တဲ့သူက ဖြစ်တယ် ။ ဒါကိုတော့ စိုးစိုး တားရတယ် ။ တစ်ကြိမ် မှားခဲ့ကြလို့ ရွာထဲမှာ စိတ်ဝမ်းတွေ ကွဲကြပြီး မခေါ်နိုင် ၊ မပြောနိုင် ဖြစ်ခဲ့ကြပြီ ။ နောက်တစ်ကြိမ် မှား ရင်တော့ တုတ်တစ်ပြက် ၊ ဓားတစ်ပြက်နဲ့ ရွာကြေတော့မှာ သေချာတယ် ။ ဒီပြဿနာ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲဆိုတာ ကာလသားခေါင်းနဲ့လည်း ဆွေးနွေးကြည့်ချင်တယ် ။ သူ့ပယောဂ မကင်းဘူးလို့ မျက်လုံးစိမ်းတွေနဲ့ အကြည့်ခံနေရတာကိုလည်း စိုးစိုး မခံချင်ဘူး ။ ကံအားလျော်စွာ နှင်းရီ တို့ အိမ်က သတင်းတစ်ခု ထွက်လာတယ် ။
“ ဂျိုးဂျိုး နဲ့ နှင်းရီ ခိုးပြေးကြတာ အဓိကတရားခံက သူ့အဒေါ် ရုံးစာရေးမတဲ့ ။ သင်း က အောင်သွယ် လုပ်ပေးတာတဲ့ ”
ဒါကြောင့် စိုးစိုးခံစားရတာ နည်းနည်းသက်သာသွား တယ် ။ အပျိုမတွေရဲ့ အမေတွေ ၊ အဒေါ်တွေ ရှေ့မှာလည်း ရင်ကော့ လျှောက်ရဲသွားတာပေါ့ ။ ဒါတွေထက် နှင်းရီရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သိချင်တယ် ။ အိမ်ထဲက အိမ်ပြင် မထွက်ရ ၊ ဘယ်သူနဲ့မှ အဆက်အသွယ်လုပ်ခွင့် မရတော့လည်း ဆုတောင်း နေရုံပါပဲ ။
“ နှင်းရီ မွေးပြီ ယောက်ျားလေးတဲ့ ” ဆိုတဲ့ သတင်းထွက်လာတော့ အပျိုမတွေ သူတို့ကိုယ်စား ကတုန်ကယင်ကြီးတောင် ဖြစ်မိကြတယ် ။ နှင်းရီလေး ဘယ်လိုခံ စားနေရမှာပါလိမ့် ၊ သူ့မိဘတွေရဲ့ မျက်နှာတွေကတော့ ဘယ်လိုတွေ ရှိမှာပါလိမ့်နဲ့ အမျိုးမျိုး တွေးပူနေမိကြတယ် ။ အခုလို နှင်းရီအဖေ လုပ်နေတာ ဘာမှ အဓိပ္ပာယ်မရှိဘူး ။ သင်းသမီးလည်း ပြန် ပျိုလာမှာ မဟုတ်ဘူး ။ ကလေးနှစ်ယောက် စိတ်သောက ရောက်အောင် သက်သက်ယုတ်တာ ၊ ပက်စက်တာလို့ပဲ တစ်ရွာလုံးက မြင်လာကြတယ် ။
ဂျိုးဂျိုး ကလည်း ရွာက ထွက်သွားတုန်းကတော့ ယောက်ျားမာနနဲ့ ထွက်သွားပေမဲ့ နှင်းရီ က သားယောက်ျားလေး မွေးပြီ ဆိုတော့ ရှိုက်သံ ငိုသံတွေနဲ့ စာရေးလာတယ် ။ သူ ပိုက်ဆံစုလာတာ ဘယ်လောက်ရနေပြီ ဆိုတာလည်းပါတယ် ။ နှင်းရီအဖေ့ စကားထဲမှာ ဘယ်လောက်ရအောင် ရှာခဲ့လို့ ကိန်းဂဏန်းမပါတဲ့ ရာဇသံမှာ ဘယ်လိုကျေနပ်အောင် အကောင်အထည်ဖော်လို့ရမှာလဲ ။ ဘာပဲဖြစ်ဖြစ် စာကိုတော့ နှင်းရီ လက်ထဲရောက်အောင် ပို့ပေးလိုက်ကြပါတယ် ။
ငိုပေဦး နှင်းရီရေ ။ မျက်ရည်က လွဲလို့ ဘာမှ အဖော်ပြုစရာ မရှိတဲ့ သူ့ဘဝမှာ မနက်ဖြန်အထိ ဆက်ကာ ငိုနေရဦးမှာပါပဲ ။ တကယ့်ကို အဖော်မဲ့ ကံဆိုးရှာသူလေးပါ ။ ကလေးကို နှင်းရီ နို့မတိုက်ရဘူးတဲ့ ။ သူ့အဖေက သူတို့ အခန်းထဲ ယူထားပြီး နွားနို့ ပဲတိုက်တယ် ။ အခုတော့ ထမင်းခွံ့လို့ ရပြီပေါ့ ။ သားလေးက တီတီတာတာ ပြောခါစမှာပဲ သူတို့ အဘိုး ၊ အဘွားနှစ်ယောက်ကို အဖေ ၊ အမေ ခေါ်ခိုင်းပြီး နှင်းရီ ကိုတော့ “ မမ ” လို့ အခေါ်သင်ပေးထားသတဲ့ ။ “ ဒီလောက် လင်လိုချင်တဲ့ ကောင်မ တရုတ်နိုင်ငံကိုရောင်းစားလိုက်ဦးမယ် ” လို့လည်း ကြိမ်းဝါးသတဲ့ ။ ကြားရချက်တိုင်းမှာ စိတ်သက်သာစရာ တစ်ကွက်မှ မရှိ ။ ဖအေတစ်ယောက် အနေနဲ့ ဒီအကြံဆိုး ၊ စိတ်ကူးဆိုးတွေဟာ ပက်စက်လွန်းလှတယ်လို့ ရွာက အောချကြတယ် ။ ဒီလိုသတင်းဆိုးတွေ တိုက်ထဲက ထွက်လာတိုင်း ဂျိုးဂျိုးရဲ့ သူငယ်ချင်းတွေက မခံမရပ်နိုင် လှမ်းပြီး အသိပေးတော့ ဂျိုးဂျိုးကလည်း ဒေါသတကြီး တုံ့ပြန်တယ် ။
“ ဟေ့ ပြောလိုက်ကြကွာ ၊ သင်းတို့သမီးကို ဒုတိယအကြိမ် မရရအောင် ပြန်ခိုးပြမယ် ” တဲ့ ။ ဒီကောင်လေးကလည်း တစ်ဇွတ်ထိုး ၊ တဇောက်ကန်းလေးဆိုတော့ ကာလသားခေါင်း ကိုသာအောင်နဲ့ အပျိုခေါင်း မစိုးစိုး တို့ အလုပ်တွေရှုပ် ခေါင်းကုတ်ကြရပြန်တယ် ။ ဂျိုးဂျိုး ဆီ ကိုလည်း အဲဒီလို ဒေါသနဲ့ အကြမ်းဖက်နည်း မသုံးဖို့ ဖျောင်းဖျခိုင်း ၊ နှင်းရီ ဆီကိုလည်း လုပ်ငန်းတစ်ခု ပြေလည်ခါနီးရင် အနှောင့်အယှက် ပေါ်စမြဲပဲ ၊ သည်းခံလက်စနဲ့ သည်းခံဖို့ နှစ်သိမ့်ရပြန်တယ် ။ အခုတော့ ဂျိုးဂျိုး နဲ့ နှင်းရီတို့ ပြဿနာဟာ တစ်ရွာလုံး နဲ့ တစ်တိုက် ဖြစ်နေပါပြီ ။
••••• ••••• •••••
စိုးစိုးတို့ သာအောင်တို့ ကာလသမီးခေါင်း ၊ ကာလသားခေါင်းတွေ မျှော်နေတဲ့ အချိန်ရောက်ပါပြီ ။ သူတို့ရွာရဲ့ အုပ်စုရွာကြီးဖြစ်တဲ့ “ မုန်တိုင် ” ရွာ ဆရာတော်ဘုရားကြီးရဲ့ အဂ္ဂိနသဘင် ဘုန်းကြီးပျံ ပွဲကြီးကျင်းပပါပြီ ။ အဲဒီပွဲကြီးမှာ ဂေါစရဂါမ်နယ်မြေအတွင်း ပါတဲ့ ရွာတွေက ဆရာတော်ကြီးကို နောက်ဆုံးပူဇော်ကန်တော့ခြင်း အားဖြင့် သံဝေဂ ရဖွယ် သရုပ်ပြမှုတို့ဖြင့် ဖျော်ဖြေကြမှာဖြစ်ပါတယ် ။
အဲဒီအတွက် ဂေါစရဂါမ် အုပ်စုတွင်းပါတဲ့ ကျေးရွာငါးရွာက ကိုယ့်အစီအစဉ်နဲ့ ကိုယ် ကျိတ်ပြီး တီထွင်စီစဉ် နေခဲ့ကြတာပါ ။ သာအောင်တို့ စိုးစိုးတို့ ကတော့ တခြားရွာတွေထက် ပိုပြီး သိုသိုသိပ်သိပ် လုပ်ခဲ့ရတာပေါ့ ။ ဒါပေမဲ့ တစ်ရွာနဲ့ တစ်ရွာ အစီအစဉ် မထပ်အောင်တော့ နားစွင့်တယ် ။ အဲဒီလိုနဲ့ မုန်တိုင်ရွာနဲ့ ဘုန်းကြီးကျောင်း ကြားက လယ်ကွင်းပြင်ကြီးမှာ ပြာသာဒ် ၊ လောင်တိုက် ၊ နတ်ပန်းရထား ၊ ဆင်ရုပ် ၊ ကျားရုပ်ကြီးတွေနဲ့ ဘုန်းကြီးပျံပွဲ အတွက် ပြင်ဆင်လို့ပြီးပါပြီ ။
အဂ္ဂိနသဘင် ဆင်ယင်ကျင်းပမယ့် ပွဲကြီးရက်မှာတော့ ဟိုရွာက ရာဟုလာ အမွေတောင်းခန်း ၊ ဒီရွာက ပဋာစာရီသား စွန်ချီခန်းစသည် စသည် လှည်းတွေပေါ်မှာ သရုပ်ပြကာ ထွက်လာကြတယ် ။ စိုးစိုးတို့ ရွာကတော့ ဝေဿန္တရာ သားသမီးလှူခန်းပါ ။ ဒီနေရာမှာ အရပ်ကူပါ ၊ ဦးပဉ္စင်းတွေဝိုင်းပါ ဆိုတာမျိုး လုပ်လိုက်ရတာ တစ်ခုရှိတယ် ။ အဲဒါကတော့ ဝေဿန္တရာမင်းကြီးက စိုးစိုး ရပြီ ၊ မိဖုရားကြီး မယ်မဒ္ဒီ နေရာမှာ နှင်းရီ ကို ခွင့်ပြုဖို့ စိုးစိုး သာ မကဘဲ ဦးပဉ္စင်း တွေပါ နှင်းရီ လင်နောက် ထပ်မလိုက်စေရပါဘူး ၊ တစ်စိုးတစ်စေ့မှ အမှားအယွင်း မဖြစ်စေရပါဘူး ၊ အာမခံချက်တွေ ပေးပြီး တောင်းတောင်းပန်ပန် ရအောင် ခေါ်ခဲ့ရတာပါ ။ ဘုန်းကြီးအမှု ဆိုတော့လည်း နှင်းရီရဲ့ အဖေရော အမေပါ မငြင်းသာဘဲ ခွင့်ပြုလိုက်ရတယ် ။
အခုတော့ လှည်းပေါ်မှာ ဝေဿန္တရာမင်းကြီး စိုးစိုးက ခံ့ခံ့ညားညား ၊ မိဖုရားကြီး နှင်းရီ ရဲ့ အလှက ဘယ်ရွာက မှ လိုက်မမီအောင် ဝင့်ဝင့်ကြွားကြွားမို့ တစ်ရွာလုံး တပြုံးပြုံးပေါ့ ။ သူတို့ရှေ့က လှည်းပေါ်မှာတော့ သားတော် နဲ့သမီးတော် ကဏှာ နဲ့ ဇာလီ ။ သူတို့လေးတွေကို ကြိုးတုပ်ပြီး နှိပ်စက်ကာ ဆွဲခေါ်နေတဲ့ အလှူခံပုဏ္ဏား ။ လှည်းသုံးစီးမှာ နောက်ဆုံးလှည်းကတော့ အသံချဲ့စက် ၊ လော်စပီကာ တင်ပြီး အသံမှာ ကဝေ အဖြစ် တင်စားရတဲ့ ဒေါ်မာမာအေး ရဲ့ မိဘမေတ္တာ သီချင်းကို ဖွင့်ပေးထားတယ် ။
××× သားတို့ရုပ်ရည် ××× သီတာငယ်မည် ××× ရေကြည်ချမ်းမြ xxx တစ်ပေါက်ကလေး ကျရုံမျှနှင့် ××× မိဘတို့ဝမ်း ××× ငြိမ်းစတမ်းတည့် ××× အသည်းနှလုံးသားနှင့်ပင် တူညီ ××× ကြီးမားသော ××× မေတ္တာဂုဏ်ရည် ×××
ပီသကြည်မြတဲ့ ညာသံကို သမ္ဘာရင့် အဆိုရှင်ကြီးပီပီ အဆွဲအငင်အရစ်များနဲ့ ဆိုထားရာ ကြက်သီးဖြန်းဖြန်းထမျှ ပီတိဖြစ်ရပြီး သီချင်းရဲ့ ရသမှာလည်း မိဘတိုင်း ၊ သားသမီးတိုင်းရဲ့ နှလုံးအိမ်မှာ ကြိမ်မီးအုံးမျှ သိမ်းကျုံးယူငင် ဆွဲဆောင်နိုင်လှတယ် ။ မုန်တိုင်ရွာကို သွားဖို့ အစီအစဉ်အရ နေရာယူတန်းစီကြတာကလည်း ရွာပေါက်အနီးက နှင်းရီတို့ တိုက်ရှေ့မှာပင် လှည်းများစီတန်းပြီးကြပြီ ။
( သံယောဇဉ် အတည် ××× ကြည်လင်တဲ့အရေး ××× ဪ ကိုယ့်ရင်သွေး ××× ထွေးပိုက်လို့ချီ ××× )၂ အရွယ်မတိုင်မီ ××× မိဘများ ပိုးမွေးသလို ××× မွေးကြရပြန်သည် ××× အနန္တဂုဏ်ရည် ×××
စီတန်းကာ ဣန္ဒြေရနေပြီဖြစ်တဲ့ မြင်ကွင်းတစ်လျှောက်ကို သားတို့ရုပ်ရည် မိဘမေတ္တာ သီချင်းက ငြိမ့်ငြိမ့်လေး စီးဆင်းဖုံးလွှမ်းလို့နေတယ် ။ လှည်းပေါ်မှာ နေရာယူထားတဲ့ နှင်းရီကလေးက မျက်ရည်တွေတွေ ကျနေရှာတယ် ။ စိုးစိုး ကလည်း ခေါင်းကြီးငုံ့ပြီး ကြေကွဲနေပြီ ။ ကျန်တဲ့လှည်းတွေပေါ်က အမျိုးသမီးတွေလည်း မျက်ရည်မထိန်းနိုင်ကြတော့ဘူး ။ ခဏနေတော့ တစ်မနက်လုံး ပိတ်ထားတဲ့ နှင်းရီတို့ တိုက်တံခါးကြီး မမျှော်လင့်ဘဲ ပွင့်သွားတယ် ။ တိုက်ထဲက နှင်းရီရဲ့ သားလေးကို ချီထားတဲ့ နှင်းရီရဲ့ အဖေ ထွက်လာတယ် ။ လမ်းပေါ်က မျက်လုံးတွေအားလုံး ဒီမြင်ကွင်းကို တအံ့တသြ ကြီး ကြည့်နေကြတယ် ။ နှင်းရီအဖေက ကလေးကို ချီရင်း အပေါက်မကြီးဆီကို တဖြည်းဖြည်း လျှောက်လာတယ် ။ အဲဒီ မြင်ကွင်းကြောင့် ရှေ့ဆုံးလှည်းက ဦးပဉ္စင်းတို့ ကလည်း ဝင်းတံခါးမကြီး ဆီကို ကြွသွားကြပြီ ။ တံခါးမကြီးထိပ်မှာ နှစ်ဖက်ဆုံလိုက်စဉ်မှာပဲ စက်ကလည်း သီချင်းကို ရပ်လိုက်တယ် ။
နှင်းရီ ရဲ့ အဖေ ဦးထွန်းကြည် ရယ် ၊ သူ့ နောက်မှာ ကပ်ပါလာတဲ့ နှင်းရီရဲ့ အမေတို့ရဲ့ မျက်နှာတွေမှာလည်း ငိုထားတဲ့ မျက်ရည်စတွေနဲ့ပါလား ။ ဦးထွန်းကြည်က စို့လာတဲ့ မျက်ရည်စကို သိမ်းရင်း တုန်ယင်တဲ့ အသံတွေနဲ့ ...
“ ဦးပဉ္ဇင်းဘုရား ဒီကလေးကို အလှူခံတော်မူ ပါ ” လို့ လျှောက်တယ် ။ ဦးပဉ္စင်းကလည်း လုံးဝမျှော်လင့်မထားတာမို့ ကြောင်အမ်းအမ်းနဲ့ ကလေးကို လှမ်းပွေ့ယူလိုက်တယ် ။ လှည်းပေါ်က နှင်းရီ နဲ့ စိုးစိုးတို့လည်း ပြေးဆင်းလာပြီး ဦးပဉ္စင်းတို့ နောက်မှာ လက်အုပ်ချီရင်း ထိုင်လိုက်ကြတယ် ။ ဦးပဉ္စင်းကလည်း ကာယကံရှင်အလိုကျ ကလေးကို နှင်းရီ ရင်ခွင်ထဲ ထည့်ပေးလိုက်တော့ သူ့ခမျာ အံ့သြဝမ်းသာတဲ့ မျက်နှာမှာ သောကမျက်ရည်တွေနဲ့ သားလေးမျက်နှာအနှံ့ နမ်းရှုပ်ရင်း မလွှတ်တမ်း ဖက်ထားရှာတယ် ။ အဲဒီတော့မှ တိုက်ထဲက ဦးထွန်းကြည့် ဆွေတွေ မျိုးတွေရော ၊ ငြိမ်သက်နေတဲ့ လူအုပ်ကြီးကပါ အသီးသီး ပြေးလာကြပြီး အားလုံးထိုင်ကာ လက်အုပ်ချီလိုက်ကြတယ် ။ ဦးပဉ္စင်းမှာလည်း ဝမ်းသာကြည်နူးလွန်းလို့ စကားကို တော်တော်နဲ့ မိန့်တော်မမူနိုင်ဘူး ။ ဝမ်းမသာဘဲ နေပါ့မလားလေ ၊ သာအောင်တို့ နဲ့ တိုင်ပင်ထားတဲ့ မူလအစီအစဉ်က ပွဲခင်းက ပြန်လာကြ မှ ဦးထွန်းကြည် ဆီ ဝင်ပြီး ကလေးကို အလှူခံဖို့ပါ ။ အခုတော့ ကိုယ်တိုင်က လိုလိုလားလား လှူလာတော့ ဦးပဉ္စင်းလည်း မျက်ရည် ကြည်စို့အောင် ပီတိဖြစ်ရပြီး လည်ချောင်းကို မကြာမကြာ ရှင်းရင်း အရှိန်ယူနေရတယ် ။
“ ကဲ .. ကဲ နာယူကြ ဒကာ ဒကာမတို့ ၊ လောကမှာ မှားတာကို မှားမှန်းမသိတာ လူမိုက်တဲ့ ၊ မှားတာကို မှားမှန်းသိတာ လူကောင်းတဲ့ ။ အခု ဦးထွန်းကြည် ကတော့ မှားတာကို မှားမှန်းသိတဲ့ အပြင် ပြင်လည်း ပြင်ရဲတာမို့ လူသူတော်ကောင်း ဖြစ်ပေတော့သတည်း ” လို့ တရားပိတ်သံ ပေးလိုက်တာမို့ သာဓု .... သာဓု ..... သာဓု ” ဆိုတဲ့ ကောင်းပေစွ အသံတွေ တစ်ရွာလုံး ဖုံးလွှမ်းသွားတော့တယ် ။
▢ မွန်းဇူး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၄ ၊ မေလ
No comments:
Post a Comment