Saturday, August 30, 2025

အနုပဋိလောမ


 

❝ အနုပဋိလောမ ❞
⎕ သက်ထွန်း ( ဆေးသိပ္ပံ )

ကိစ္စတစ်ရပ်သည် “ အနုလောမ ” အားဖြင့် မှန်ချင် မှန်နေပါမည် ။ သို့သော် “ ပဋိလောမ ” အားဖြင့် အပြန်အလှန် တွေးလိုက်ပါက မှားချင်လည်း မှားနေပေမည် ။ 

••••• ••••• •••••

သည်ပြဿနာကို သယ်ဆောင်လာသူက နေမျိုးအောင် ဖြစ်သည် ။ သူက သူငယ်ချင်းတွေ စုံတုန်း တစ်ရက်လောက် စုပြီး ကျွန်တော့် အိမ်မှာ အရက်သောက်ကြရအောင်တဲ့ ။ သူရယ် ၊ ကျွန်တော်ရယ် နှင့် စောဝင်း ၊ ရွှေဇင်ထွန်း ၊ စိုးနောင် တို့ ငါးယောက် ဆိုပါတော့ ။ ငယ်ပေါင်းတွေမို့ သူတို့ပါးစပ် ဟလိုက်သည်နှင့် စအိုဝအထိ တန်းမြင်ပါသည် ။ အဲ့ဒါက ကျွန်တော့်ကို စိန်ခေါ် လိုက်ခြင်း ဖြစ်သည် ။

ကျွန်တော်တို့ ငါးယောက်က ဆေးတက္ကသိုလ် ( ၁ ) မှာ တစ်အုပ်စုတည်း တတွဲတွဲနှင့် အင်မတန် ခင်ကြသည် ။ အိမ်ထောင်ကျတော့လည်း ကျွန်တော်နှင့် စောဝင်း က လွဲ၍ ကျန်သုံးယောက်က အတန်းထဲက သူငယ်ချင်းမများကို ပြန်ကြံကြသည် ။ သည်တော့လည်း ဘာပြဿနာမှ မရှိ ။ သူတို့၏ ချစ်ခရီးလမ်းက ခြောက်လမ်းသွားကြီးတွေလို ဖြူးဖြောင့် ကျယ်ဝန်း ချောမွေ့လှသည် ။

ရွှေဇင်ထွန်း က ညိုညိုစိန် နှင့် ရသည် ။ နှစ်ယောက် စလုံးက စာတော်သည် ။ စကတည်းက စာပြိုင် ၊ အမှတ်ပြိုင်နေကြသူချင်းမို့ သမီးရည်းစား ဘဝမှာလည်း တစ်ဦးကိုတစ်ဦး အကျောမခံကြ ။ မိန်းကလေး ဘက်က တော်တော်ချမ်းသာပြီး ရွှေဇင်ကတော့ သံအမတ်ကြီးသား ဖြစ်သည် ။ ခုတော့ သည်ကောင် မိန်းမကို တော်တော် ကြောက်နေရသည်ဟု ကြား၏ ။

နေမျိုးအောင် နှင့် စန်းစန်းရီ တို့ လင်မယားက အလွန်အေးသည် ။ နေမျိုးအောင် က ကျွန်တော်တို့ထဲမှာ အတည်ကြည်ဆုံး ၊ လူကြီးအဆန်ဆုံး ဖြစ်၏ ။ စန်းစန်းရီ က မိန်းမပီသပြီး အိမ်ထောင်ထိန်းသိမ်းမှု တော်သည် ။

ကျွန်တော် ၊ စိုးနောင် နှင့် ရွှေဇင်ထွန်း တို့ သုံး ယောက်ကတော့ ဗရုတ်တွေဖြစ်သည် ။ အခု ကလေးအထူးကု ပါမောက္ခကြီး ဖြစ်နေသည့် စောဝင်း ကတော့ အင်မတန်ရိုး ၊ အင်မတန်အ သူမို့ ကျွန်တော်တို့က တောသားဟု ခေါ်ကြသည် ။ ( ဒါပေမဲ့ ကျောင်းစာ မှာတော့ သူ အတော်ဆုံးဖြစ်သည် ။ ) သူ အပုံ ၊ ရိုးပုံ ကာရိုက်တာ ပေါ်အောင် နည်းနည်းလောက် ဖော်ကောင် လုပ်ရလျှင်ဖြင့် ကျွန်တော်တို့ ..

နောက်ဆုံးနှစ်အပိုင်း ( က ) မြန်မာပြည်ကို တီဗွီတွေ ဝင်လာခါစမှာ တီဗွီအရောင်းဆိုင်မှ ကောင်မလေး တစ်ယောက်ကို သူ ကြိုက်မိသည် ။ ဟိုကလည်း စောဝင်း ကို ဆေးကျောင်းသား ဆရာဝန်လောင်းမှန်း သိသောကြောင့် ညွတ်ချင်ချင် ဖြစ်နေသည် ။

တစ်နေ့ ကျွန်တော်ရယ် ၊ စောဝင်း ရယ် ၊ စိုးနောင် ရယ် ၊ ရွှေဇင် ရယ် လေးယောက်သား ထိုတီဗွီဆိုင်မှ သူ့ ကောင်မလေးကို ရှိုးစမိုးတွေနှင့် သွား “ ရှိုး ” ကြသည် ။ စောဝင်း ကလည်း မဝတ်စဖူး ဘောင်းဘီရှည်တွေ ၊ ရှူးဖိနပ်တွေ နှင့်ဆိုတော့ ဖိနပ်ပေါက်ပြီး ကုလားအုတ် လမ်းလျှောက်သလို ထော့နဲ့ထော့နဲ့  ။ ဒါပေမဲ့ သူက ကောင်မလေးရှေ့ သွားရပ်ပြီး ခပ်တည်တည် မေးလိုက်သည် ။

“ ကာလာတီဗွီရှိလား ညီမလေး ”

“ ရှိတယ် အစ်ကို ၊ ဘယ်နှလက်မလဲ ”

အဲ့သည့်အချိန်မှာပဲ ရွှေဇင်ထွန်း က အလစ်ဝင်ပြီး ချောက်တွန်း လိုက်တော့ စောဝင်း ခံလိုက်ရသည် ။

“ ဟေ့ကောင် ရှိတယ်တဲ့ ၊ မင်း ဘာအရောင် ကြိုက်လဲ ပြောလိုက်လေ ”

“ ဟိုလေ ... ဟို ... ခရမ်း ... ခရမ်းရောင် ဘယ်လောက်လဲ ”

ကျွန်တော်နှင့် စိုးနောင် ပါးစပ်ပိတ်ပြီး ထွက်ပြေးရတော့သည် ။ ဆိုင်ထဲမှာ ဘာတွေ ဖြစ်ကျန်ခဲ့သည် မသိ ၊ စောဝင်းနှင့် အဲ့သည့် ကောင်မလေး မယူဖြစ်သည် ကတော့ အမှန်ပင် ။

ထိုမျှ ရိုးသော ကျွန်တော့် သူငယ်ချင်းသည် မိဘ ပေးစားမှပဲ မိန်းမရတော့သည် ။ သည်တော့ ရွှေဇင့် အကွက်ထဲ ဝင်သွားသည် ။ စောဝင်း မိန်းမယူတာ “ ဘေထုပ် ” ဝယ်သလိုပဲ ။ အထဲမှာ ဘာပါမှန်း မသိဟု ပြောသည် ။ ဒါပေမဲ့ စောဝင်း မင်္ဂလာဆောင်ကျတော့ သည်ကောင် တဗျစ်တောက်တောက်နှင့် ပြောမဆုံးတော့ ။

“ မတန်ဘူးကွာ ၊ တောသားနဲ့ လုံးဝကို မတန်ဘူး ” 

အဘယ့်ကြောင့်ဆိုသော် သတို့သမီး နန်းဖြူဖြူသည် အလွန်ချော ၊ အလွန်လိမ္မာသော ပင်လောင်းသူ ရှမ်းမလေး တစ်ယောက်မို့ အားလုံးထဲမှာ ဇနီးချော ၊ ဇနီးလှပြိုင်ပွဲ၌ တောသား ဗိုလ်စွဲသွားသည် ။

ကျွန်တော် ကကော ဘယ်လိုလဲ ။ ဟဲ ... ဟဲ .... ဤဝတ္ထုသည် ကျွန်တော်ရေးသော ဝတ္ထု ဖြစ်လေသောကြောင့် ကျွန်တော်သာလျှင် ဇာတ်လိုက် ၊ ကျွန်တော် သာလျှင် “ လီယိုနာဒို ” ဖြစ်ရပေမည် ။ သူ့ အခန်းရောက်တော့ မင်းသမီး ထွက်လာပါလိမ့်မည် ။

••••• ••••• •••••

အခုဆိုလျှင် မနက်ဘက် မျက်စိနှစ်လုံးပွင့် ကတည်းက ညဘက် မျက်စိပိတ်ချိန်အထိ “ ကယ်ပါ ၊ ယူပါ ၊ ပူလှချည်ရဲ့ ၊ နာလှချည်ရဲ့” ဆိုသော အနိဋ္ဌာရုံ အသံများကို နားဆင်ပြီး သူများ အပူကို ကိုယ့် အပူ လုပ်မှ ထမင်းဝသော ( ထမင်းဝသော ) အလုပ်ကိုပဲ စိတ်ပျက် ၊ စိတ်ကုန်စွာ လုပ်စားလာခဲ့သည်မှာ အနှစ် သုံးဆယ် နီးပါး ရှိနေပါပြီ ။ သူငယ်ချင်းတွေလည်း သေသူသေ ၊ နိုင်ငံခြား ရောက်သူရောက် ဖြစ်ကုန်ပေပြီ ။

ကျွန်တော်နှင့် သိပ်ရင်းနှီးသူတွေ ဆို၍လည်း စောဝင်း နှင့် ခိုင်မာလာ နှစ်ဦးသာ မြန်မာပြည်မှာ ကျန်တော့သည် ။ စောဝင်း ဆိုလျှင် နိုင်ငံခြား ဘယ်နှစ်ခေါက် ပြန်မှန်းပင် မသိရသည့် တိုင်းဆေးရုံကြီး တစ်ရုံ၏ ကလေးအထူးကု ဆရာဝန်ကြီး ဖြစ်နေပေပြီ ။

ကျွန်တော် ကတော့ ပါရမီ မပါလို့ပဲလား ၊ သည်ပညာကို ဝါသနာ သိပ်မပါလို့ပဲလား ၊ ဇီဝက၏ မျိုးဆက် မပီသလို့ပဲလား ၊ ဘာကြောင့်လဲတော့ မသိ ၊ ကျောင်းက သင်ပေးလိုက်သော ထမင်းစားဖြစ်ရုံ ပညာလေးကိုသာ ကျေနပ်နေပြီး ရှေ့ ဆက်တက်ဖို့ မကြိုး စားတော့ ။

ထို့ကြောင့် တောဆရာဝန်လေး အဖြစ် တောင်ပေါ် ဆရာဝန်လေး အဖြစ် လေနှင့်အတူ လေရူးသုန်သုန် တိုက်ခတ်သည့် အတိုင်း လေနှင်ရာ ၊ လွင့်ချသလို လွင့်ရာမှ ကံအားလျော်စွာ သမားတော်ကြီး စောဝင်း ရှိရာ တိုင်းမြို့ကြီး တစ်မြို့နားမှ မထင်မရှား ပစ္စန္တရာဇ်ရွာလေး တစ်ရွာဝယ် ဖိနပ်မပါသည့် ဘဲယားဖွတ် ဒေါက်တာလေး တစ်ပါး ဖြစ်ခဲ့ရ၏ ။ ကွဲကွာသွားတာ ကြာလှပြီ ဖြစ်သော သူငယ်ချင်းကို တွေ့ချင်လှပါသည် ။ သို့သော် သမားတော်ကြီး ရွှံ့ပေမည်စိုးပါသောကြောင့် ကျွန်တော် ကပဲ သူ့ထံကို အခစား ဝင်ရောက်ခဲ့ပါသည် ။

သူ့ လိပ်စာတော့ ကျွန်တော် မသိ ၊ သို့သော် ကိစ္စမရှိပါ ။ အခြေအနေအရသာ ကျွန်တော်သည် တော်ရာမှာ မဟော်သဓာအိုးလုပ် ရိုးရိုးကုပ်ကုပ်လေး နေရပါသည် ။ တကယ်တော့ ကျွန်တော်သည် ရွှေမြို့တော်ကြီးမှာ ချက်မြှုပ်သည့် ရွှေမြို့တော်သားစစ်စစ် ဖြစ်သည် ။ ထို့ကြောင့် ကျွန်တော့်အဖို့ သူတို့ တိုင်းမြို့ကြီး ဆိုသည်မှာ လက်ဝါးပေါ်တင်ကြည့် ဂေါ်လီလုံး လောက်သာ ရှိပါသည် ။ ဘာခက်ပါသနည်း ။ “ ဟေ့ ဆိုက်ကားတစ်စီး လာစမ်း ၊ မင်းတို့ မြို့က ဆရာဝန်ကြီး စောဝင်းဆီ လိုက်ပို့ ” ဒါပဲပေါ့ ။

ဆိုက်ကားဆရာက သူ့ လောက်မှ မသားနားသော နွားပွဲစားလိုလို ၊ ကားစပယ်ယာလိုလို ကျွန်တော့်အား ဘုကြည့်ကြည့်ပါသည် ။ ဟုတ်တာပေါ့ ၊ ကျွန်တော်က သူတို့မြို့၏ ကျက်သရေဆောင် ပုဂ္ဂိုလ်ကြီးတစ် ယောက်ကို “ ဦး ” မထည့် ၊ ဒေါက်တာ မထည့် ဂုဏ်ပုဒ်တွေ မထည့်ဘဲ တုံးတိတိကြီး စောဝင်း ဟု ခေါ်လိုက်တာ ကိုး ။ ဆိုက်ကားဆရာအား ချစ်သူငယ်ချင်း၏ အကျိုးအကြောင်း ၊ အဆိုးအကောင်းကို မေးကြည့်မိသည် ။

ဆရာကြီးက သိပ်သဘောကောင်းတာ ၊ သိပ် ဆေးလိုက်တာတဲ့ ။ ( “ ဆရာကြီးက ” ဟု ဆိုပါလား ။ ဟီ ... ဟိ ။ ) စာတော်တာ ၊ ဆေးကုတော်တာ ၊ သဘောကောင်းတာတော့ ယုံပါသည် ။ ဒါပေမဲ့ နောက်ဆက်တွဲ ပါလာတွေ ကိုတော့ ဟုတ်ပါ့မလား မောင်ကာဠုရဲ့  ။

“ ဆရာကြီးက သီချင်း ဆိုတာလည်း သိပ်ကောင်းတာ ။ သင်္ကြန်တွေ ၊ ဘာတွေဆို စင်ပေါ်တက်ပြီးတော့ကို အပြတ်ဟဲတာ ”

နည်းနည်းတော့ လျှော့ပါဦးလား မောင်ရယ် ၊ ကျောင်းမှာ တုန်းက ကျေးရွာဝါဒ သီချင်းတစ်ပုဒ်တည်းကို ခွေးနာ လောက်ကိုက်သလို တအင်းအင်း ညည်း နေသောကြောင့် အားလုံးက တောင်းပန်ထားရသည် ။ အခု စင်ပေါ်မှာ “ ဟဲဗီး ” တွေချည်း ဆိုတယ် ဆိုတော့ ဘာတွေ များပါလိမ့် ။

“ သီချင်းရှင်ကို ကြင်နာပါ  ” တို့ ၊ “ ကော်ဖီခါးခါး ” တို့ ၊ “ နီနီ ညိုညို ကိုကို ” တို့တဲ့ ။ ဘုရား ... ဘုရား .... ကိုကိုင်ဇာ ၊ ကိုချစ်ကောင်း ၊ ကိုလွှမ်းမိုး တို့ရေ သိပ်သိပ်ကို အားနာတယ်ဗျာ ။ ဘယ်လိုမှ စိတ်ကူး ခံစားကြည့်လို့ မရပါ ။

ကျွန်တော် မအောင့်နိုင်ဘဲ ရယ်မိတော့ ဆိုက်ကားဆရာက ဘုကြည့် ကြည့်ပြန်သည် ။ ဒါပေမဲ့ စောဝင်း ရဲ့ ဆေးခန်းကို ရောက်တဲ့အခါမှာ တကယ် ခံလိုက်ရတာက ကျွန်တော် ဖြစ်သည် ။ သင်းက ဆေးခန်းထဲမှာ ရုပ်ရှင်တွေထဲက အတိုင်း ဘောင်းဘီခြေရှည်နှင့် နက်ကတိုင် နှင့် ။ အိမ်ရှေ့မှာ စူပါရုပ်ကား အဖြူတစ်စီး ။ အခန်းထဲမှာ ဂေါက်ရိုက်တံတစ်စုံ ၊ တီဗွီ ၊ ကွန်ပျူတာ ၊ ဒီဗွီဒီနှင့် ကာရာအိုကေစက်ကြီးမှ ဟီးလို့ ။

ကျွန်တော့် ပါးစပ်ထဲ မှာက ကွမ်းတွေ အပြည့် ပလုတ်ပလောင်းနှင့် ။ နှုတ်ခမ်းနှင့်ပါးစပ်တွေ ရဲပလောင်း ခတ်နေသော ကျွန်တော့်ကို သူ ရုတ်တရက် မမှတ်မိ ၊ ဘယ်က တောသားကြီး လဲပေါ့ ။ ထို့ကြောင့် သူ့ ဆေးခန်းက အကူ ကောင်မလေးကို လှမ်းပြောလိုက်သည် ။

“ မူယာရေ ... အဲ့ဒီ ဘကြီးကို ကွမ်းတံတွေး ထွေးဖို့ ကြွပ်ကြွပ်အိတ် တစ်လုံး ပေးလိုက်ပါ ” တဲ့ ။ ဒီတော့ ကျွန်တော်မျိုးကြီး သေသင့်ပါသည် ။

••••• ••••• •••••

တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံခြားမှာ ရောက်နေသော စိုးနောင် ၊ ရွှေဇင်ထွန်း နှင့် နေမျိုးအောင်တို့ သုံးယောက် စလုံး တိုင်ပင်မထားကြဘဲနှင့် အတူတူ ပြန်ရောက်လာကြသည် ။ တွေ့ကြပြီဆိုတော့လည်း ပြောကြ ၊ ဆိုကြ ၊ ငိုကြ ၊ ရယ်ကြ ၊ ပျော်ကြ ၊ ပါးကြ ၊ ငယ်စဉ်က ရှိခဲ့ကြသော ဖြူစင်သည့် ခင်မင်မှုများကလွဲ၍ ရုပ်တွေ ၊ အကျင့် တွေက အတော်ချည်းကို ပြောင်းလဲ ကုန်ကြပြီ ဖြစ်၏ ။

သိပ်လှသူတွေလည်း သိပ်ဝကုန်ကြသည် ။ ကျောင်းတုန်းက အရက်သောက် ၊ ဖဲရိုက် ၊ ကျောင်းပြေး ၊ အတန်းလစ်နှင့် မိဆုံးမ၍ မရ ၊ ဖဆုံးမ၍ မရ ( မြန်မာနိုင်ငံက ) ဘယ်ဘုန်းကြီး တရားပြ၍မှ မရသူတွေ ကလည်း နိုင်ငံခြား ရောက်မှ အင်္ဂလိပ်လို ရေးထားသည့် ပဋိစသမုပ္ပါဒ်နှင့် ဓမ္မပဒတွေကို ဖတ်ပြီး တရားရကာ ဥပသကာ ၊ ဥပသကီတွေ ဖြစ်ကုန်ကြပြီ ဆိုတော့ အင်း ... အံ့တော့ အံ့စရာပင် ။

အားလုံးသည် ပီဘိ အပူအပင် ကင်းသည့် အဖြူထည် လွန်ခဲ့သော အနှစ်သုံးဆယ်လောက်ဆိုလျှင် ကလေးတစ်ပိုင်း ၊ လူကြီးတစ်ပိုင်းတွေ ချည်း ဖြစ်၏ ။ ဘဝလမ်း ခရီးမှာ “ မန်းနီး ” ဆိုတာကို ခေါင်းရှုပ်ခံ မစဉ်းစားကြ ။ Money သည် Mather ထံမှ ဆင်းသက်လာပြီး အမေရှိ ငွေရှိ ၊ အမိုးရှိ အကျိုးရှိ၏ ။ ဖိနပ်ကအစ အဖေ့တာဝန် ဖြစ်သည် ။ ကိုယ်က တစ်နှစ် တစ်တန်းသာ မှန်မှန်လေး အောင်ပြလိုက် သုဝဏ္ဏသာမလေး ဖြစ်ပြီ နို့တစ်လုံးဖိုး ကျေပြီ ၊ မိဘကျေးဇူး ဆပ်ဖူးပြီ ။

ခုတော့လည်း ပြောင်းလဲသွားပုံက အလွန်လူကြီး ဆန်သော ထိန်းထိန်းသိမ်းသိမ်းရှိသော နေမျိုးအောင် က အရက်သောက်ဖို့ စချိန်းသည် ။ ယခင်က သိပ်ဆတ် ၊ သိပ်ထက် ၊ သိပ်တော်သော ရွှေဇင်ထွန်း သည် အခု သူ့မိန်းမ ညိုညိုစိန် “ ပြီး ” မှ ပြီးရတော့သည် ။ မိန်းမက “ ဟိတ် ” ဆိုတာနှင့် တိတ် ” လိုက်ရသည် ။ ဟိုက “ တော် ” ဆိုလျှင် သည်ကောင် မကျော်ရဲတော့ ။ “ ရပ် ” ဆိုသည်နှင့် မတ်မတ်ကလေး ။ “ တော်နစ်ဝါးတား ” Tonic Water ကို အရက်လားဟု ဆိုသူ တောသား အမည်ပေါက် သမားတော်ကြီး ကိုကိုစောဝင်း ကလည်း အခုချိန်မှာ ဝီစကီအရက် ဆိုလျှင် Chivas Regal ကို အနိမ့်ဆုံး ထားပြီး သောက်သည်တဲ့ ။ ချီးကျူးစရာ အကောင်းဆုံးက စိုးနောင် ဖြစ်သည် ။ အရင်ဆုံး ရည်းစားရ ( တတိယနှစ်မှာ ) ဦးဆုံး အိမ်ထောင်ကျ ဗရုတ်လည်း အကျဆုံး စိုးနောင် သည် သူ့မြေးက အရက်ဖြတ်ခိုင်း၍ လုံးဝဆို လုံးဝကြီးကို အရက် မသောက်တော့ ။

ရွှေဇင်ထွန်း အတို့အထောင် လုပ်သောကြောင့် သူတို့က ကျွန်တော့်ကို စမ်းကြသည် ။ သူငယ်ချင်းတွေ ၊ သူငယ်ချင်းမတွေ အားလုံးကို ကျွန်တော့် အိမ်မှာ တစ်ရက် ထမင်း ကျွေးရမည်ဟု တောင်းဆိုကြ၏ ။ စိုးနောင် မြေးဦးမွေးမှ အိမ်ထောင်ကျသော ကျွန်တော့်ထက် အသက်အတော်ငယ်သည့် ( ကျွန်တော် စိတ်ကြိုက်ရွေး ထားသည်မို့ အချောအလှ ကတော့ လက်ရွေးစင် ထိပ်တန်းဘရဏီငို ဖြစ်မည်ကို အထူး ပြောစရာ မလိုပါ ) ကျွန်တော့်မိန်းမ ကိုလည်း သူတို့ တွေ့ချင်ကြသည် ။ ပြီးလျှင် သူတို့ စကြမည် ၊ အတို့အထောင် လုပ်ကြမည် ၊ လင်မယားကြား တုတ်ရောင်း ၊ ဓားရောင်းမည် ။ သနားတယ် ။

ရန်ကုန်မြို့ ဆိတ်ငြိမ် ရပ်ကွက်တစ်ခု၌ ( သံလွင်လမ်း မဟုတ်ပါ ) ၊ ကျွန်တော် အမွေရထားသော ပျဉ်ထောင်အိမ်လေးတစ်လုံး ရှိသည် ။ မိန်းမနှင့် ကျောင်းနေခါစ သမီးက ထိုအိမ်မှာ ၊ ကျွန်တော်က နယ်မှာ လောလောဆယ် နေနေသည် ။ ဒါပေမဲ့ သူတို့ လာမည် ဆိုသောကြောင့် ကျွန်တော် ခွင့်တစ်လ ယူထားသည် ။ သူတို့ စားချင်လှချည်ရဲ့ ၊ လွမ်းလှချည်ရဲ့ ဆိုသော မြန်မာစားစရာမျိုးစုံကို ကျွန်တော့်မိန်းမက မျက်နှာတစ်ချက်မပျက်ဘဲ ချက်ကျွေးသည် ။ ကလေးတစ်ယောက် မွေးပြီးပေမင့် တင့်တင့်ထွန်း ကိုယ်လုံး ၊ လှအဉ္ဇလီတင့် မျက်ဝန်း ၊ မယ်လိုဒီ မျက်နှာနှင့် ကျွန်တော့် မိန်းမကို သူတို့ ဘယ်မှာအပြစ်ရှာလို့ တွေ့ပါမည်နည်း ။ အံ့သြရုံက လွဲလို့ ဘာထောက်ကွက်မှ မရှိ ။ ဒီတော့ ရွှေဇင် က ထောင်သည် ။

“ ဟေ့ကောင် ကျော်စွာ ၊ အခု မင်းမိန်းမနဲ့ ပထမနှစ် မှာ မင်း အရူးအမူး ဖြစ်ခဲ့တဲ့ ခင်ခင်လေး ဘယ်သူက ပိုချောလဲကွ ”

“ ဇနပဒကလျာဏီ နဲ့ မီးလောင်ငုတ်တိုပေါ်က မျောက်အိုမကြီး ကွာသလောက် ကွာတာပေါ့ကွာ ၊ ဇနပဒကလျာဏီ လောက်မှ မလှရင်လည်း ကျော်စွာ မိန်းမ ဘယ်ဖြစ်လေလိမ့်မလဲ မဟုတ်ဘူးလား ဟား ... ဟား ”

“ ဒါဆိုလည်း မိန်းမ တစ်ယောက် ရဖို့အရေး မင်း တော်တော် မုန့်ဖိုးတွေ ကုန်မှာပေါ့နော် ။ ကလေးကို မုန့်ပေးကြိုက် ဆိုတဲ့စကား ရှိသမို့လား ”

“ မကုန်ပါဘူး ရှင် ၊ ကျွန်မကသာ ကိုကို့ကို နေ့တိုင်း ပိုးကြေးပန်းကြေး ရမ်တစ်လုံး သွားပေးရတာ ၊ ဒါတောင် အဆိပ်သောက်သေမယ်ဆိုမှ ကိုကိုက ပြန်ကြိုက်တာ ”

မိန်းမက ထိုသို့ ဝင်ပြောသည် ။ မင်း ဘာတတ်နိုင်သေးလဲ ရွှေဇင် ။ ထို့ပြင် မိန်းမသည် ကျွန်တော့်နားတွင် အတင်း ပူးကပ်ထိုင်ကာ ကျွန်တော့် လက်ဖျား နှစ်ဖက်ကို ဆွဲယူဆုပ်ကိုင် ဖျစ်ညှစ်ထား၏ ။ တစ်ချက် တစ်ချက်တွင်လည်း ကျွန်တော့် မျက်နှာကို မဝနိုင် ၊ မတင်းတိမ်နိုင်သော မျက်လုံးရွဲကြီးများနှင့် ငေးစိုက်ကြည့်နေ ပါသေးသည် ။ ( ထိုအကယ်ဒမီ သရုပ်ဆောင်ချက်များ အတွက် သရုပ်ဆောင်ခ စိန်လက်စွပ်တစ်ကွင်းပါတဲ့ ) ။

••••• ••••• •••••

နောက်တစ်ညကျတော့ ကျွန်တော့် အိမ်မှာပါပဲ ။ ကျွန်တော့် အိမ်က လွတ်လပ်သည် ။ လူကြီးမိဘ မရှိ ၊ ဆိတ်ငြိမ်ရပ်ကွက် ထဲမှာမို့ အားနာစရာမလို ။ ယောက်ျားကြီးများ သက်သက် Stag Party မို့ မိန်းမက အလိုက်တသိ အမြည်းမျိုးစုံ လုပ်ပေးပြီး သူ့ မိဘများအိမ် သွားအိပ်သည် ။ ဟိုကောင်တွေ ကလည်း သူတို့မိန်းမတွေ ခေါ်မလာတော့ ။

“ စိုးနောင် မင်း ဘာဖြစ်လို့ အရက် မသောက်တော့တာလဲ ”

“ တော်ပြီလေကွာ ၊ ဘဝသက်တမ်းတစ်ဝက် ကျော်ကျော် သောက်ခဲ့ပြီးပြီ မဟုတ်လား ။ အသက်တွေလည်း မငယ်ကြတော့ဘူးလေ ။ အခုဆို ငါ့မှာက မြေးနှစ်ယောက် ၊ ခိုင်ထွေး ကိုလည်း သနားလို့ပါ ”

“ ဟိုကောင် တောသားကတော့ မင်းနဲ့ ပြောင်းပြန် ၊ ခုမှ သူက နက်ကတိုင်နဲ့ ဝီစကီနဲ့ ဂေါက်ရိုက်ရတာနဲ့ ၊ တစ်ခါတော့ သူနဲ့ ဂေါက်ကွင်းကို လိုက်သွားမိပါတယ် ။ ဘယ် ဂေါက်ရိုက်တာမှ မဟုတ်ဘဲ မြက်ခုတ်နေတာကွ ”

စောဝင်း က ကျွန်တော့်ကို ထဆဲသည် ။ ဤသို့ လျှင် သောက်လိုက်စားလိုက် အကွက် ဝင်လာလျှင် အချင်းချင်း နှိပ်ကွပ်လိုက်ကြနှင့် တဖြည်းဖြည်း မူးကုန်ကြသည် ။ အမှန်က ကျွန်တော်တို့ အရွယ်တွေသည် အရက် မသောက်သင့်တော့သော အရွယ်တွေ ဖြစ်၏ ။ ကိုယ် ကိုယ်တိုင်လည်း ဆရာဝန်တွေမို့ သိကြသည် ။ ဒါပေမဲ့ အသိခေါက်ခက် အဝင်နက် နေကြသည် ။ စိုးနောင် ပြောသလို အရက်ကို စိတ်ကြိုက် သောက်ပြီး ကြပြီပဲ တော်လောက်ပြီပေါ့ ။ နိုင်နေတုန်း အနိုင်မပိုင်း သင့်ပေဘူးလော ။

၅၅ ၊ ၅၆ ဆိုသော အရွယ်သည် သိပ်တော့ မငယ်တော့ပါ ။ ကျွန်တော် သိသမျှသော ငယ်သူငယ်ချင်းတိုင်း လိုလို၌ သွေးတိုး ၊ ဆီးချို ၊ နှလုံး စသည့် လူကြီးရောဂါ တစ်ခုခုတော့ ကိုယ်စီ ရှိနေကြသည် ။ ကျွန်တော် ငယ်စဉ်က အလွန် တေပေပါသည် ။ သို့သော် သူတို့လို ထိုရောဂါများ မရှိသေး ။ ခုချိန်ထိ ဘတ်စ်ကား တိုးစီးနိုင်တုန်း ၊ ရန်ကုန်မြို့လုံး အနှံ့ တစ်နေ့တည်း နှင့် တာမွေ ၊ ဗဟန်း ၊ သုဝဏ္ဏ ၊ ရေကျော် ၊ ဗိုလ်တထောင် နှင့် မြို့တွင်းမှ လမ်းတကာ လှည့်ကာ တစ်လမ်းဝင် တစ်လမ်းထွက် စာမူများ ပေးနေနိုင်တုန်း ဖြစ်၏ ။ စိုးနောင် လို နိုင်ငံခြားတွင် ကိုယ်ပိုင်ဆေးရုံ တစ်ရုံနှင့် သားကော ၊ သမီးကောပါ ဂုဏ်သိက္ခာရှိရှိ အလုပ် ကိုယ်စီနှင့် အပူအပင် မရှိသော အဘိုး တစ်ယောက်က ထိုသို့ ပြောလာပြီ ဆိုတော့ ဥမမယ် စာမမြောက် သမီး တစ်ယောက်နှင့် ကျွန်တော် စဉ်းစားရလေပြီ ။ ကျွန်တော် ဆက်မိုက်သင့်ပါသလော ။

“ ဟေ့ကောင် ကျော်စွာ ၊ မင်းမှာ သီချင်းရှင်ကို ကြင်နာပါ ဗွီစီဒီအခွေ ရှိလား ။ ငါ ကာရာအိုကေ တစ်ပုဒ်လောက် မင်းတို့ကို ဟဲပြမလို့ ”

“ ဟာ ... ဟာ ... စောဝင်းရာ ၊ မင်းကွာ ငါကျွေးတဲ့ ထမင်းတွေ စားပြီးမှတော့ ထမင်းရှင်ကို ညှာတာသင့်တယ် ။ ငါ့ကို ရပ်ကွက်နဲ့ ရန်တိုက် မပေးပါနဲ့လား ။ နောက်ပြီး ကိုင်ဇာ့ကို ဘယ်လောက် အားနာဖို့ကောင်းလဲ ”

ဒါတော့ သည်းခံ ယောက်ဖရဲ့ ။ တစ်ခါ ခံစား ပြီးကတည်းက ငါ မှတ်သွားလို့ မှတ်လည်း မှတ်ထား ပါတယ် ။ ထို့ကြောင့် သူ့ထက် ဦးအောင် ဗွီစီဒီစက်ထဲသို့ အခွေတစ်ခွေ ကောက်ထည့်လိုက်ရသည် ။ အခွေက Fantastic Voygage ဆိုသော သိပ္ပံဇာတ်ကား ဖြစ်သည် ။

ဦးနှောက်သွေးကြောထဲတွင် သွေးခဲ တစ်ခဲ ပိတ်ဆို့ နေသော လူနာတစ်ဦးအား ဆရာဝန်အဖွဲ့က သွားကယ်သည့် ဇာတ်လမ်းဖြစ်သည် ။ သူတို့ကို ရေငုပ်သင်္ဘောလို ယာဉ်တစ်စီးထဲ ဝင်ပြီး ရောင်ခြည်တစ်မျိုးနှင့် ထိုးလိုက် သောအခါ အားလုံးသည် ရောဂါပိုးမွှားများထက်ပင် ပိုမို သေးငယ် သွားကြ၏ ။ ထို့နောက် သွေးကြောထဲသို့ ထိုးသွင်းပြီး ဦးနှောက်ဆီသို့ အရောက်သွားစေသည် ။

အံ့ဖွယ်ခရီးပေါ့ ။ လမ်းတွင် သူတို့သည် လူနာ၏ နှလုံး ၊ ကျောက်ကပ် ၊ အသည်း စသော နေရာ မျိုးစုံကို ရောက်ခဲ့ကြသည် ။ လူနာ၏ သွေးဥနီ ၊ သွေးဥဖြူနှင့် ပဋိပစ္စည်းများ၏ တိုက်ခိုက်ခြင်း ကိုလည်း ခံကြရ၏ ။ ဘာမှ ဇာတ်လမ်း မည်မည်ရရ မရှိပါ ။ ကြည့်ကောင်းအောင် အထူးပြုလုပ်ချက်များနှင့် ရိုက်ထားခြင်း ဖြစ်၏ ။ တွေးစရာနှင့် သင်ခန်းစာ မပါသော ဇာတ်လမ်းဆုံးတော့ စိုးနောင်က ဒဿနဆန်ဆန် စကားတစ်ခွန်း ပြောလိုက်သည် ။

“ ငါတို့ ကိုယ်ထဲမှာ သွေးနီဥကလေးတွေ ရှိသလို ၊ ငါတို့ ကိုယ်တိုင်ကကော အင်မတန် ကြီးမားတဲ့ သတ္တဝါကြီး တစ်ကောင်ရဲ့ အမှုန်အမွှားလေးတွေ ဖြစ်ချင်ဖြစ်နေ မှာပေါ့ ။ သွေးနီဥတွေရဲ့ သက်တမ်းက ရက် ၁၂ဝ ၊ ငါတို့ သက်တမ်း ကတော့ နှစ် ၅၀ ၊ ၆၀ ၊ ၇၀ ဆိုရင် ပြီးပြီ ”

ထိုအခါ နေမျိုးအောင် ကလည်း “ မျောက်တို့ ၏ ဂြိုဟ်ကမ္ဘာ ”  Planet of the Apes ဆိုသော ရုပ်ရှင်ကားတစ်ကားနှင့်ပတ်သက်၍ ပြောပြန်သည် ။ ကျွန်တော်တို့၏ ကမ္ဘာကြီးတွင် သတ္တဝါတို့သည် တစ် လှည့်စီ အုပ်စိုးနေကြ၏ ။ လွန်ခဲ့သော နှစ်သန်းပေါင်း ၆ဝ ခန့်က ကမ္ဘာပေါ်တွင် ဒိုင်နိုဆော သတ္တဝါကြီးများ အုပ်စိုးခဲ့၏ ။ အခု အသိဉာဏ် မြင့်မားသော လူတွေ အုပ်စိုးနေသည် ။ နောင်တစ်ချိန်ချိန်တွင် ရုပ်ရှင်ထဲကလို မျောက်တွေ ၊ မျောက်ဝံတွေက မအုပ်စိုးနိုင်ပါပြီလော ။ စောဝင်းက မူးမူးနှင့် ...

“ ဒါလည်း ဖြစ်နိုင်တာပဲ ၊ အခုတောင် ရွှေဇင့် ကို ကြည့်ပါလား ၊ လက်တံရှည်ရှည်နဲ့ မျောက်ဝံလို ဖြစ်နေပြီ ၊ မင်းတို့ သည်ကောင် ရပ်နေတဲ့အခါ သေသေချာချာကြည့် ၊ လက်ဖျားက ဒူးဆစ်ကို ကျော်တယ် ”

“ အေး .. အဲ့ဒါ ဘာဖြစ်လဲ ၊ ငါ့အလှည့်ရောက် လာလို့ ကတော့ကွာ စောဝင်းလို အသားမည်းမည်း မျက်စိမှေးမှေးနဲ့ကောင်တွေ ၊ ကျော်စွာလို ပစ်တိုင်းထောင် အရပ်လောက်နဲ့ကောင်တွေ ၊ နေမျိုးအောင်လို ဆယ်ပြားစေ့မျက်နှာမှာ ယုန်သွားနှစ်ချောင်းနဲ့ကောင်တွေ အကုန် ဖမ်းပြီး “ သင်း ” ပစ်မယ် ”

သည်လိုနဲ့ပဲ တစ်ည ကုန်ဆုံးတော့မည် ။ အခု သူငယ်ချင်းတွေ ပြန်ဆုံကြတာက ဆရာဝန်ဘွဲ့ရပြီး နှစ်အစိတ် ကြာမှ ဖြစ်သည် ။ နောက် နှစ်အစိတ် ဆိုလျှင် ခုလို လူစုံနိုင်ပါဦးမည်လော ။ စိုးနောင်ပြောသလို ကျွန်တော်တို့၏ သက်တမ်း ၇၅ နှစ် မပြည့်မီ ပေါက်ကွဲ ပျက်စီးသွားခဲ့သော် ..

ပြန်ခါနီးတော့ စောဝင်းက ဘယ်လိုမှ တောင်းပန်၍ မရဘဲ သီချင်းတစ်ပုဒ်ကို ဟဲဖြစ်အောင် ဟဲသွားသေး၏ ။ သီချင်း နာမည်က “ ကိုယ်တိုင်ရေး ပုံတူ ” ။

••••• ••••• •••••

အရက်မူးနေသော်လည်း ကျွန်တော် အိပ်လို့ မရပါ ။ မျက်လုံး ကြောင်ပြီး အတွေးတွေ ပွားနေမိသည် ။ သူငယ်ချင်းများ၏ အသံကို နားထဲမှာ ကြားယောင်နေသည် ။ စောဝင်း ဆိုသွားသော ချစ်ကောင်း၏ “ ကိုယ် တိုင်ရေးပုံတူ ” ချစ်ဖူးတယ် ချစ်ဖူးတယ် အို မလွယ်ဘူး ရူးနိုင်တယ် တဲ့ ။ သီချင်းထဲ ကလို ...

ချစ်ဖူးတဲ့ သူတစ်ယောက် အတွက် နှလုံးသား ထုချေလွှာတွေ လိုလို့လားကွယ် ။ ဘဝရယ်လို့ ဖြစ်လာ ကတည်းက အချစ် ဆိုတာက ကပ်ပါလာတာလား ။ ဒါမှမဟုတ် အချစ်ကပဲ ဘဝကို ဖြစ်စေသတည်းလို့ အမိန့်ပေး ဖန်တီးလိုက်တာလား ကျွန်တော် မသိပါ ။ဒါပေမဲ့ ရူးသွပ်စွာ ရူးမူးစွာ “ ချစ်ဖူးတယ် ချစ်ဖူးတယ် " ဟု ဓာတ်ပြားတစ်ချပ် အပ်ကြောင်းထပ်နေသလို ( အပ်ကို နေရာရွှေ့ ပေးမည့်သူ မပေါ်လာ မချင်း ) ရင်ကွဲ လုမတတ် အော်နေခဲ့ဖူးပါသည် ။

ကိုယ့်ဘဝကို နင်းချေသွားသူ ၊ ရင်ကိုခွဲပြီး အသည်းကို နုတ်ယူသွားသူ တစ်ယောက် ပေးခဲ့သော အဆိပ်ရည်သည် ပျားရည်ထက် ပိုချိုသည်ဟု မှတ်ခဲ့၏ ။ ဘယ်ကလောက် မိုက်မဲရူးသွပ်သော ကျွန်တော် ပါနည်း ။ အခုတော့ ကြမ်းခန်း ၊ လွမ်းခန်းတွေ မပြတ် စုံလင်ခဲ့သော အချစ်နဲ့ ကျွန်တော့်ရဲ့ ဒီပြဇာတ်သည် ပွဲသိမ်းဖို့ အချိန် ရောက်လာပါပြီ ။ သို့သော် ဟိုစဉ် ရူးသွပ်နေချိန်ကလိုတော့ “ သေငယ်ဇောနဲ့ မြောနေသည့်တိုင် ချစ်နေ ဦးမယ့်သူပါကွယ် ” ဟုတော့ မပြောနိုင်တော့ပါ ။

ကျွန်တော်သည် လူ့ဘဝသက်တမ်း တစ်ဝက် ကျော်ကျော်ကို ရီဝေဝေ ယစ်တစ်တစ် မူးတူးတူး ပေတေတေ ဖြတ်ကျော်လာခဲ့၏ ။ အင်မတန် ကြီးမားသည့် ကံကြမ္မာကောင်ကြီး၏ သန်းပေါင်း ၆,ဝဝဝ ကျော် သွေးနီဥကလေးများနှင့် အတူရောနှောကာ သွေးလွှတ်ကြော ၊ သွေးပြန်ကြော ၊ သွေးကြောခက်မြွှာလေးများ တစ်လျှောက် ခြေရာချင်းထပ် နေရာစုံ ရောက်ခဲ့၏ ။ ဘဝစုံ ကြုံခဲ့၏ ။

ကျွန်တော့် သက်တမ်းစေ့ရန် နာရီလက်တံတွေသည် မညှာမတာ ရွေ့လျား ချီတက်နေကြ၏ ။ အရေအတွက် ကိန်းဂဏန်းတို့သည် မျက်စိ အောက်မှာပင် တဖြည်းဖြည်း သေးငယ် အငွေ့ပျံနေကြ၏ ။ နောင်ဘဝတွင် ကျွန်တော်သည် အုပ်စိုးသူနှင့် အုပ်စိုးခံ အဘယ် ဝေနေယျ သွားမည်နည်း ။ ကျွန်တော့် ကိုယ်တိုင်ရေး ပုံတူ မှာလည်း...

ကျွန်တော်သည် ချစ်ဖူးတယ် ရူးသွပ်ခဲ့ဖူးတယ် အပျက်အပျက်နှင့် အသည်းအက်အက်က သွေးစက်စက် ထွက်ခဲ့ဖူးတယ် ။

ရင်ခုန် ချစ်ခဲ့ဖူးတယ် ၊ တွက်ချက် ချစ်ခဲ့ဖူးတယ် ၊ ရမ္မက်ပြင်းနဲ့ ချစ်ခဲ့ဖူးတယ် ၊ ညစ်ပတ်ချစ်ခဲ့ဖူးတယ် ၊ ဖြူစင်စွာ ချစ်ခဲ့ဖူးတယ် ၊ ရိုးဂုဏ်နဲ့ ချစ်ခဲ့ဖူးတယ် ၊ ပေးဆပ် ချစ်ခဲ့ဖူးတယ် ၊ ဝယ်ယူ ချစ်ခဲ့ဖူးတယ် ၊ အရောင် မျိုးစုံနဲ့ ချစ်ခဲ့ဖူးတယ် ။

အလှဆုံး မိန်းမ ၊ အရက်စက်ဆုံး မိန်းမ ၊ ပညာအတတ်ဆုံး မိန်းမ ၊ အချမ်းသာဆုံး မိန်းမ ၊ အဆင်းရဲဆုံး မိန်းမ ၊ ရမ္မက်အပြင်းဆုံး မိန်းမ ၊ အရိုးသားဆုံး မိန်းမ ၊ မာယာအပလိန်းနဲ့ မိန်းမ ၊ အမျိုးစုံသော မိန်းမ ၊ အားလုံးသော မိန်းမ ။

ချစ်ဖူးတယ် ချစ်ဖူးတယ် အို …. မလွယ်ဘူး ရူးနိုင်တယ် ။

••••• ••••• •••••

နောက်ဆုံးတော့ ကျွန်တော် အိပ်ပျော် သွားသည် ။ ကျွန်တော် အိပ်နေစဉ် အိပ်မက် မက်သည် ။ ကျွန်တော်သည် ဆယ်နှစ်သားအရွယ် ကောင်လေး တစ်ယောက် ဖြစ်နေသောကြောင့် ဒါ အိပ်မက်ပဲဟု သိလိုက်ပါသည် ။

ကျွန်တော်သည် အိပ်မက် ထဲတွင် တစ်ခါသုံး ဆေးထိုးအပ်ကလေးတစ်ချောင်း ကိုင်ကာ ကျွန်တော့်ထက် ငယ်သော ကောင်မလေး တစ်ယောက်နှင့် ဆရာဝန် လုပ်တမ်း ကစားနေပါသည် ။ သူကလေး၏ မျက်နှာကို ကျွန်တော် ကောင်းစွာ ရင်းနှီးနေပါသည် ။ သူကလေး သည် ကျွန်တော့် အိပ်မက်ထဲက ထာဝရ မင်းသမီးလေး ဖြစ်ပါသည် ။

ကျွန်တော်တို့ ကစားနေစဉ် အိမ်ထဲက အမေ ထွက်လာပြီး ကျွန်တော့်ကို စိုက်ကြည့်နေသည် ။ အမေ့ကို မြင်တော့ ကျွန်တော် ပြေးသွားပြီး အမေ့ခါးကို ဖက်လိုက်သည် ။ အမေက ကျွန်တော့် ခေါင်းကို ပွတ်သပ်ပေးပြီး ကျွန်တော့် ဆံပင်များကို ဖွကစားနေပါသည် ။

အိပ်မက် ဆိုသည်မှာ အသံများ မကြားရပါ ။ သို့သော် အမေက သားလေး ထမင်း စားတော့မလားဟု မေးတာကို ကျွန်တော် သေသေချာချာ ကြားရပါသည် ။ ကျွန်တော်က အမေ့ခါးကို ဖက်ထားရင်းနှင့် အမေ့ကို မော့ကြည့်လိုက်သောအခါ အမေ မရှိတော့ပါ  ။ အမေ့ နေရာတွင် ကျွန်တော့် မိန်းမ ရောက်နေပါသည် ။

••••• ••••• •••••

ကျွန်တော် အိပ်မပျော်ခင်က ဘုန်းကြီးကျောင်းမှ ကုလားတက်ခေါက်သံများကို ကြားခဲ့သဖြင့် ကျွန်တော် အိပ်ပျော်သွားချိန်သည် မနက် ၄ နာရီ ထက်တော့ မစောပါ ။ သို့သော် အိမ်တံခါးကို တဒုန်းဒုန်း ထုနေသံများကြောင့် ကျွန်တော် နိုးလာရသည် ။ နာရီကို ကြည့်တော့ မနက် ၆ နာရီ ရှိနေပေပြီ ။

လူနာတစ်ယောက် အသည်းအသန် ဗိုက်နာနေသောကြောင့် လာနှိုးခြင်းဖြစ်၏ ။ ကျွန်တော့်ခေါင်း သည်လည်း အရက်နာကျပြီး အလွန်ပဲ ကိုက်ခဲနေပါသည် ။ ကျွန်တော် သူ့ကို လိုအပ်သည့် ဆေးများ ထိုးပေးပြီး မသက်သာပါက ဆေးရုံသွားဖို့ ပြောလိုက်ပါသည် ။ ထိုမျှပဲ ကျွန်တော် တတ်နိုင်ပါသည် ။

နှစ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် မပိုင်သော ၊ စိတ်ချလက်ချ မအိပ်နိုင်သော ၊ သူများ အပူကို ကိုယ့် အပူ လုပ်နေရသော “ ဒီ ကုသိုလ်လည်းရ ၊ ဝမ်းလည်း ဝ ” ဆိုသည့် အလုပ်ကြီးကို တော်တော်ပဲ ငြီးငွေ့ လှပါပြီ ။ ကျွန်တော်သာ ရုတ်တရက် ချမ်းသာလာလျှင် စာရေးသည့် အလုပ်က လွဲလို့ ဘာအလုပ်မှ မလုပ်တော့ဘဲ အေးအေးဆေးဆေး နေတော့မည်ဟု စိတ်ကူးမိသည် ။

အိပ်ရေး မဝ၍ ကျွန်တော် ခေါင်းတွေ မူးပြီး မတရား လည်း ခေါင်းကိုက်နေပါသည် ။ ထို့ကြောင့် အရက်နာကျသူတွေ လုပ်နေကျထုံးစံ လက်ကျန် အရက် သုံးပက်ခန့်ကို ရေမရောဘဲ တစ်ရှိန်ထိုး မော့ချလိုက်သည် ။

ကျွန်တော့်ကို နောက်ထပ် လာနှိုးမည့် လူနာလည်း မရှိနိုင်တော့ဟု မျှော်လင့်မိသည် ။ အရက်ရှိန် တက်လာ သောအခါ ရီဝေဝေနှင့် အဓိပ္ပာယ်မရှိသော အတွေး တစ်ခုကို ကျွန်တော် သွားတွေးမိသည် ။

အသက် ၅၅ နှစ်အရွယ် ဒေါက်တာကျော်စွာ ဆိုသော ကျွန်တော်သည် ဆရာဝန် သိပ်ဖြစ်ချင်နေသော ဆယ်နှစ်သား ကောင်လေး တစ်ယောက်အကြောင်းကို အိပ်မက် မက်နေသည်လော သို့မဟုတ် ထိုဆယ်နှစ်သား ကောင်လေးသည် သူ့ကိုယ်သူ ဆရာဝန်ဖြစ်ပြီး သူ့ အိပ်မက်မင်းသမီးနှင့် အိမ်ထောင်ကျသွားပြီဟု အိပ်မက် မက်နေသည်လော ။  ။

⎕ သက်ထွန်း ( ဆေးသိပ္ပံ )
📖နွယ်နီမဂ္ဂဇင်း
     ၂၀၀၉ ၊ နိုဝင်ဘာလ

No comments:

Post a Comment