❝ အကြံပိုင်သော လယ်သမားကြီး ❞
( ပုံပြင် )
တစ်ခါတုန်းက ရွာတစ်ရွာ၌ လယ်သမားကြီးတစ်ယောက် ရှိလေသည် ။ သူသည် လယ်သမားသာ ဆိုရသော်လည်း ကိုယ့်လယ်ကို ထွန်နေရသူ မဟုတ်ပါ ။ သူဌေးကြီးတစ်ယောက်၏ လယ်ကို ထွန်နေရသူ ဖြစ်သည် ။ တစ်ကြိမ်တုန်းက လယ်သမားကြီးမှာ လယ်များ ပိုင်ဆိုင်သော်လည်း ကြွေးမဆပ်နိုင်သဖြင့် ထိုသူဌေးကြီးက လယ်များကို မတရားသိမ်းယူသွားလေသည် ။ ယခုမူ လယ်သမားကြီးသည် ကိုယ့်လယ်ကို ပြန်ပြီး ငှားထွန်နေရလေ၏ ။
တစ်နေ့သ၌ လယ်သမားကြီးသည် လယ်ထွန် နေစဉ် “ ဂလုပ် ” ဟူသော အသံနှင့် ထွန်တုံးဝယ် တစ်စုံတစ်ခု ထိခိုက်မိသံ ကြားသဖြင့် ရပ်ပြီး မြေကြီးကို အနည်းငယ် တူးဆွကြည့်ရာ တစ်သက်နှင့် တစ်ကိုယ်တွင် ဤမျှလောက် ဝမ်းသာရွှင်မြူးခြင်း မဖြစ်ခဲ့ပါ ။ အဘယ်ကြောင့် ဆိုသော် မြေကြီးအောက်ဝယ် သူ တွေ့လိုက်ရသည်ကား မြှုပ်ထားသော ရွှေအိုး တစ်လုံးကို တွေ့မိသောကြောင့်ဖြစ်၏ ။
လယ်သမားသည် တောင်မြောက်လေးပါးကို ကြည့်လိုက်၏ ။ ဘယ်သူမှ မမြင်တော့မှ အနည်းငယ် စိတ်အေးသွားကာ ၎င်းအိုးကို မည်ကဲ့သို့ ထုတ်ယူရမည်ကို အကြံထုတ်နေလေ၏ ။ အကယ်၍သာ သူဌေးကို အကြောင်းကြားလျှင် တစ်ဦးတည်း အပိုင် သိမ်းယူသွား၍ မိမိ အကျိုးခံစားခွင့် ရှိမည်မဟုတ် ။ ဆင်းရဲသားများကို မတရား အတိုးချေးစားပြီး သွေးစုပ်နေသော ဓနရှင်အား ကလဲ့စား ချေသော အနေဖြင့် တစ်ယောက်တည်း မောင်ပိုင်စီးရန် သန္နိဋ္ဌာန်ချလိုက်၏ ။
သို့ရာတွင် ထိုရွှေအိုးကို ထုတ်ရမည်မှာ လွယ်ကူလှသည့်ကိစ္စ မဟုတ်ပေ ။ တစ်ယောက်ယောက် အကူအညီကို ယူရမည်သာ ဖြစ်၏ ။ အပြင်လူ အကူအညီကို ယူလျှင် ပေါက်ကြား၍ ဆုံးရှုံးသွားမည် ဖြစ်သဖြင့် ထိုအကြံကို လက်လျှော့လိုက်၏ ။ နောက်တဖန် ဇနီးသည်၏ အကူအညီကို ယူရန် စိတ်ကူးမိ၏ ။ ဇနီးသည် မှာလည်း ပါးစပ်မလုံပေ ။ လော်စပီကာ ထက် ကျယ်၍ တစ်ရွာလုံး ပြန့်နှံ့သွားမည်ကို စိုးရိမ်မိ၏ ။
လယ်သမားကြီးသည် လယ်ကို ထွန်ရင်း ရွှေအိုး ထုတ်ယူရေး အစီအစဉ်ကို စိတ်ထဲ၌ ကျိတ်၍ ရေးဆွဲ နေလေ၏ ။ နောက်တစ်နေ့နံနက် မိုးမလင်းမီ လယ်သမားကြီးသည် အိပ်ရာမှ နိုးပြီး ဈေးသို့ အစောကြီး ထွက်သွား၏ ။ ပြန်လာသောအခါ ကြက်တစ်ကောင်နှင့် ငါးများ ဝယ်လာလေ၏ ။ ငါးများကို အိမ်နောက်ဖေး နွားတင်းကုတ် ခေါင်မိုးပေါ်တွင် တစ်ကောင်စီ တစ်ကောင်စီ ပစ်တင်ပြီး ပိုက်နှင့် အုပ်ထားလိုက်၏ ။ ကြက်ကိုမူ ခြင်းကလေး တစ်ခုတွင် ထည့်ပြီး ရွာ၏ မြစ်ဆိပ်နား တစ်နေရာတွင် ဝှက်ထားလိုက်၏ ။ ပြီးနောက် ဣန္ဒြေ မပျက်ဘဲ လယ်ထွန်ရန် ထွက်သွားလေ၏ ။
ညနေစောင်း၌ လယ်သမားသည် အိမ်သို့ ပြန်ရောက်လာ၏ ။ ရောက်ရောက်ချင်း ဇနီးသည်အား ...
“ ရှင်မရေ ၊ ပြောဖို့ မေ့နေတယ် ၊ မနက်က နွားတင်းကုတ် ခေါင်မိုးပေါ်မှာ ပိုက်ထောင် ထားတယ် ၊ ငါးတွေဘာတွေ ပျံလာပြီး မိထားသလား မသိဘူး ၊ လာ ... သွားကြည့်ရအောင် ” ဟု ခေါ်လိုက်ရာ ဇနီးက ...
“ ရှင် ၊ ဒီနေ့ စိတ်များ နောက်နေသလား ၊ ငါးပျံတတ်တယ်လို့ ရှင့်ကို ဘယ်ဘုရားက ဟောသလဲ ” ဟု ပြန်၍ ငေါက်လိုက်၏ ။
“ မယုံရင် လာကြည့်ပါကွာ ” ဟု ပြော၍ နွားတင်းကုတ် ဆီသို့ ခေါ်သွားပြီး ပြလိုက်ရာ ငါးများ ပိုက်ကွန်ထဲ အဟုတ် မိနေသည်ကို မြင်မိသောအခါ ဇနီးသည်က အလွန့်အလွန် အံ့ အားသင့်မိလေ၏ ။
“ ရှင်မရေ ၊ ငါ လယ်ထွန် နေတုန်း မြေကြီး ထဲမှာ ရွှေအိုးတစ်လုံး တွေ့တယ် ၊ လာ .. ဘယ်သူမှ မသိအောင် သွားတူးကြစို့လား ” ဟု ပြော၍ လယ်ထဲသို့ ခေါ်သွားလေ၏ ။ ယင်းအချိန်၌ အတော်အတန် မှောင်နေပြီ ဖြစ်ရာ လင်မယား နှစ်ယောက်စလုံးသည် ဘယ်သူမှ မမြင်အောင် ရွှေအိုးကို အောင်မြင်စွာ တူးဖော် ယူနိုင်ခဲ့ကြလေသည် ။ မြစ်ဆိပ်နားသို့ ရောက်သောအခါ လယ်သမားသည် ဇနီးသည် မသိအောင် နံနက်က ဝှက်ထားသော ကြက်ခြင်း ကို ရေထဲသို့ မျှောချလိုက်၏ ။ ပြီးလျှင် အသင့် ယူဆောင်လာသော ပိုက်ကွန်ကို ရေထဲသို့ ပစ်လိုက်၏ ။
ပြန်၍ ဆွဲယူသောအခါ စောစောက မျှောလိုက်သော ကြက်ခြင်းကလေး ပြန်ပါလာ၏ ။ ခြင်းကို မိန်းမ မသိအောင် လွှင့်ပစ်လိုက်ပြီး ကြက်ကို ပိုက်ကွန်ထဲ ထည့်၍ ဇနီးအား ပြလိုက်ရာ ဇနီးက အံ့ဩပြန်လေ၏ ။
“ ထူးဆန်းလိုက်တာရှင် ၊ ရေထဲက ကြက်မိတယ် ဆိုတာ ဒီတစ်ခါပဲ ကြားဖူးတယ် ”
အိမ်နားသို့ မရောက်မီ ကြိုတင်၍ ပြင်ဆင်ထားသော ရေပုံးထဲက နီကြင်ကြင် ရေများ ကို သူမ မသိအောင် နောက်မှနေ၍ ပက်ဖျန်းလေ၏ ။ သူမသည် မိုးပေါ်သို့ မော့ကြည့်ပြီး ... “ အံ့ဩစရာပဲလေ ၊ အချိန်မဟုတ် အခါမဟုတ် မိုးရွာတယ် ၊ မိုးကလည်း နီကြင်ကြင်နဲ့ ၊ ဧကန် သွေးမိုးရွာတာပဲ ” ဟု တစ်ယောက်တည်း ရေရွတ်လိုက်၏ ။
အိမ်နား ရောက်သောအခါ လယ်သမားသည် ဇနီးသည်အား ရပ်ပြီး နားထောင်စေ၏ ။
“ ဟိုမှာ နားထောင်စမ်း ၊ သူဌေးကြီး အိမ်ဘက်မှာ တစ္ဆေတွေ အော်နေတယ် ၊ ကြားလား ” ဟုပြောရာ ကျွဲများနွားများ အော်နေသည်ကို တစ္ဆေအော်သည် အောက်မေ့၍ ခေါင်းညိတ် လိုက်၏ ။
အိမ်ထဲ ရောက်သောအခါ ရွှေအိုးကို အိမ်၏ ခြေရင်းဘက်၌ မြှုပ်ထားလိုက်ကြ၏ ။ ည သန်းခေါင်လောက် အချိန်တွင် ဇနီးသည် အိပ်မောကျနေစဉ် လယ်သမားက ထလာပြီး ခြေရင်း၌ မြှုပ်ထားသော ရွှေအိုးကို ဖော်ပြီး ခေါင်းရင်း၌ ပြောင်းရွှေ့ မြှုပ်ထားလိုက်၏ ။ နောက်တစ်နေ့သို့ ရောက်သောအခါ...
“ ကျွန်မတို့မှာ ဒါလောက် ချမ်းသာနေတာ ကျွန်မကို ရွှေတွေ ၊ အဝတ်အစားတွေ ဝယ် ပေးပါလား ” ဟု လင်ယောက်ျားအား ပူဆာလေ၏ ။ ယခုလောလောဆယ် ဝယ်လျှင် လူတွေ သိကုန်မှာ စိုး၍ နောက်မှ အေးအေးဆေးဆေးဝယ်ရန် ဖျောင်းဖျလေ၏ ။ သို့သော် ခေါင်းမာသော ဇနီးက ချက်ချင်း ဝယ်ပေးရန် အကြပ်ကိုင်ရင်းမှ တစ်ယောက်နှင့် တစ်ယောက် ခွန်းကြီးခွန်းငယ်ဖြင့် စကားများပြီး ရန်ဖြစ်ကြလေ၏ ။
သူဌေးကြီးနားသို့ ပေါက်ကြားသောအခါ သူဌေးကြီးသည် လယ်သမားအား လူလွတ်၍ ခေါ်ခိုင်းကာ လယ်သမားအား ခြောက်လှန့်ပြီး စစ်လေတော့၏ ။ လယ်သမားလည်း မရ ကြောင်း ၊ ဇနီးသည်က ပေါကြောင်ကြောင်နှင့် လူတကာ တွေ့ကရာ လျှောက်ပြောကြောင်း ၊ ဘူးကွယ်လေ၏ ။ သူဌေးကြီးလည်း ဇနီးအား ခေါ်ခိုင်း၍ ကိုယ်တိုင် စစ်မေးလေ၏ ။
ဇနီးသည်က “ ရွှေအိုး ရတာ မှန်ပါတယ် သူဌေးမင်းရယ် ၊ အဲဒီညတုန်းက ငါးတွေပျံ တက်လာပြီး ပိုက်ကွန်ထဲ လာမိတယ် ၊ ကြက်တစ်ကောင် ရေကူးလာပြီး ပိုက်ထဲ လာမိတယ် ၊ ပြီးတော့ သွေးမိုး ရွာခဲ့တယ် ၊ သူဌေးမင်းရဲ့ အိမ်နောက်ဖေးမှာတောင် တစ္ဆေအော်သံ ကြားခဲ့ရသေးတယ် ၊ အဲဒါတွေ အားလုံး ကျွန်မ မျက်မြင်ကိုယ်တွေ့ပါ ” ဟု ပြောရာ ဝါးခနဲ ပွဲကျသွားလေ၏ ။ သူဌေးမင်းလည်း မနေနိုင်ဘဲ ရယ်ချလိုက်၏ ။
အားလုံးက ဒီမိန်းမ စိတ်သိပ်မနှံ့သူအဖြစ် မှတ်ချက်ချပြီး ပြန်လွှတ်လိုက်ကြလေ၏ ။ သို့ရာတွင်...
လယ်သမားကြီး လင်မယားကား ထိုအချိန်မှစ၍ ချမ်းသာကြွယ်ဝ မတောင့်မတ နေနိုင်သည့် ဘဝသို့ ရောက်ရှိလာခဲ့ရပေတော့သတည်း ။
〇 ပုသိမ်မင်းလွင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၇ ၊ အောက်တိုဘာ
No comments:
Post a Comment