Thursday, August 7, 2025

စာမျက်နှာ သုံးမျက်နှာ ရှိတဲ့ ဝတ္ထုက ရှည်သတဲ့လား


 

❝ စာမျက်နှာ သုံးမျက်နှာ ရှိတဲ့ ဝတ္ထုက ရှည်သတဲ့လား ❞

ရွှေအသစ် ကဏ္ဍကို ရောက်ရှိလာတဲ့ ဝါသနာရှင်များရဲ့ စာမူများကို ဆရာမ မသီတာ ( စမ်းချောင်း ) က စိစစ်ပြီး နောက်ဆုံး အဆင့် ရွေးချယ်ဖို့ ကျွန်တော့်ဆီ တင်ပေးပါတယ် ။ တစ်လကို အပုဒ် ၆ဝ လောက် ဖတ်နေကြရာမှာ ကျွန်တော်တို့ ကြုံရတဲ့ ပြဿနာတစ်ခု က ရေးတာကတော့ ဝတ္ထုတိုပါပဲ ။ ဒါပေမဲ့ မလိုအပ်တဲ့ ချဲ့ထွင် ရေးသားမှုတွေ များနေတာကြောင့် ဖောင်းပွနေတာပါ ။

အဲဒီ အခြေအနေနဲ့ ကိုက်ညီစွာ Writer မဂ္ဂဇင်းမှာ ကျွန်တော် ဆောင်းပါးတစ်ပုဒ် တွေ့ရပါတယ် ။ ပါဝင်တဲ့ကဏ္ဍက စာရေးချင်တဲ့ ဝါသနာရှင်များက မေးတာကို စာရေးဆရာ ၊ သို့မဟုတ် ဆရာမ တစ်ဦးဦးက ပြန်ဖြေတဲ့ကဏ္ဍ ဖြစ်ပါတယ် ။

ဒီကဏ္ဍမှာ ဝါသနာရှင် တစ်ဦးက -

“ စာမျက်နှာ သုံးမျက်နှာ သာရှိတဲ့ ဝတ္ထုက ရှည်တယ်လို့ ဘာကြောင့် သုံးသပ်ခံရတာလဲ ”

လို့ မေးထားပါတယ် ။

ဒီအခါမှာ စာရေးဆရာမ Brandi Reissenweber က ပြန်ဖြေထားပါတယ် ။ ကျွန်တော်တို့ ပြောချင်တာနဲ့ တစ်ထပ်တည်းကျနေတဲ့ အတွက် ရွှေချစ်သူ ဝါသနာရှင်များ လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် ။

••••• ••••• •••••

ဝတ္ထု ဆိုတာက စာမျက်နှာ ကန့်သတ်ထားတာရယ်လို့ အတိအကျ မရှိပါဘူး ။ စာမျက်နှာ တစ်မျက်နှာ ၊ နှစ်မျက်နှာ ရှိတဲ့ ဝတ္ထုကနေ စာမျက်နှာ ရာချီပြီးရှိတဲ့ ဝတ္ထုများ အထိ ဖြစ်နိုင်ပါတယ် ။

ဒါကြောင့် စာမျက်နှာ နည်းတာ ၊ များတာ ဟာ ဝတ္ထုတို လား ၊ ဝတ္ထုရှည် လား ဆိုတဲ့ ကန့်သတ်ချက် မဟုတ်ပါဘူး ။ ဒါကြောင့် သုံးမျက်နှာသာ ရှိတဲ့ ဝတ္ထုတို တစ်ပုဒ်ဟာ ရှည်လွန်းတယ်လို့ သုံးသပ်နိုင်သလို စာမျက်နှာ ၂ဝ လောက် ရှိတဲ့ ဝတ္ထုကလည်း တိုလွန်းတယ်လို့ သုံးသပ်ခံရနိုင်ပါတယ် ။ စာရေးသူ တစ်ယောက် အနေနဲ့ စာမျက်နှာ ဘယ်လောက် ရေးရမယ် ဆိုတဲ့ ကန့်သတ်မှု ဘောင်ထက် ကိုယ့်ဝတ္ထုက ဘယ်နေရာမှာ အဆုံးသတ်ရမယ် ဆိုတာကို ကိုယ်တိုင် သိဖို့လိုပါတယ် ။

ဒီလိုသိဖို့ အတွက် ကိုယ့် ဝတ္ထုကို ပြန်ပြီး ဖတ်တဲ့ အခါမှာ အရေးအသား ၊ စကားလုံး ရွေးချယ်မှုက အစ ဇာတ်ကောင်များရဲ့ စရိုက်အဆုံး သေသေချာချာ ပြန်လည် သုံးသပ်ရမှာ ဖြစ်ပါတယ် ။

ပြန်ဖတ်တဲ့ အခါမှာ တချို့ နေရာများက ပီပီပြင်ပြင် မရေးဖြစ်ဘဲ ချုံ့ခဲ့တာဆိုရင် ဖြည့်ပြီး ရေးဖို့လိုပါမယ် ။ တစ်ခါတစ်ရံမှာ မလိုအပ်ဘဲ လိုတာထက် ပိုပြီး ချဲ့ကား ရေးမိတာတွေ ပါလာရင်လည်း ပြန်ချုံ့ပေးဖို့ လိုပါလိမ့်မယ် ။

မလိုအပ်ဘဲ ချဲ့ထားတာတွေ များသွားရင်တော့ အခု မေးသလိုပဲ စာမျက်နှာ သုံးမျက်နှာသာ ရှိပေမယ့် ရှည်လွန်းတယ်လို့ သုံးသပ်ခံရမှာ ဖြစ်ပါတယ် ။

ဇာတ်ကောင်များရဲ့ အားပြိုင်မှု ၊ ပဋိပက္ခများကို ဖန်တီးရာမှာ ကိုယ် ပေါ်လွင်စေချင်တာ ကို ပေါ်လွင်အောင် ရေးနိုင်ပြီး မလိုအပ်တဲ့ အချက်အလက်တွေ အများကြီး ရေးထားရင် လျှော့ဖို့ လိုပါလိမ့်မယ် ။

ဥပမာ တစ်ခု ပြောပြပါရစေ ။ အိမ်ထောင်သက် ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ ဇနီးမောင်နှံ တို့ ပဋိပက္ခ ဖြစ်ကြပြီး လမ်းခွဲတဲ့ ဇာတ်မျိုး ရေးမယ် ဆိုပါတော့ ။ အဓိက ရည်မှန်းချက် ကတော့ ဇာတ်သိမ်းမှာ သူတို့ နှစ်ယောက် လမ်းခွဲ သွားတာ ပါပဲ ။

ဒီဇာတ်သိမ်း မရောက်ခင်မှာ ကိုယ်က ဘာတွေ ပြောချင်တာလဲ ။ တိုးတိုးတိတ်တိတ် လမ်းခွဲကြမှာလား ။ ဒါမှမဟုတ် ရုံးတက် တရားတပေါင်တွေ ဖြစ်ပြီး တစ်ယောက် နဲ့ တစ်ယောက် အပြစ်တွေ ဖို့ကြရင်း လမ်းခွဲကြမှာလား ။

ဒီလိုမှ မဟုတ်ဘဲ ဇနီး ဖြစ်သူက ကုန်စုံဆိုင်တစ်ခုကို သွားရင်း ချစ်ကြင်နာ းနေတဲ့ ဆယ်ကျော်သက်အတွဲ တစ်တွဲကို မြင်တွေ့ခဲ့ရာက သူ့ ခင်ပွန်းသည် သူ့အပေါ် မှာ ကြင်နာနွေးထွေးမှု မရှိတာ ကာလ အတန် ကြာခဲ့ပြီ ဆိုတာကို သတိရသွားစေမှာလား ။

ဘယ်လို နည်းနဲ့ပဲ တင်ဆက်သည် ဖြစ်စေ ကိုယ် လိုချင်တာက နောက်ဆုံးမှာ ဒီ ဇနီးမောင်နှံတို့ လမ်းခွဲ သွားကြမှာပါပဲ ။

ဒါကြောင့် ဒီဇာတ်ကောင် နှစ်ယောက် ရဲ့ ပဋိပက္ခကို ဘယ်အတိုင်းအတာထိ ရေးမလဲဆိုတာက အရေးကြီးပါတယ် ။ လိုအပ်တာထက် ပို သွားရင် ရှည်သွားမှာ ဖြစ်သလို လိုအပ်တာထက် ပိုပြီး ချုံ့လိုက်ပြန်ရင်လည်း ဝတ္ထု က မပြည့်မစုံ ဖြစ်သွားပါလိမ့်မယ် ။

အိမ်ထောင်သက် ၁၈ နှစ် ရှိတဲ့ ဇနီးမောင်နှံတို့ လမ်းခွဲဖို့ဆိုတာ ခိုင်မာတဲ့ အကြောင်း ရှိရပါမယ် ။ သူတို့ ရဲ့ အတိတ်တွေ ရှိပါမယ် ။ အတိတ်ကို နောက်ခံ ထားပြီးတော့ ပဋိပက္ခကို ဖန်တီးခြင်းက ဝတ္ထု အတွက် ပိုပြီး ဇာတ်အိမ် ခိုင်မာစေမှာ ဖြစ်ပါတယ် ။

စာရေးဆရာ ရေမွန်ကာဗာ ရဲ့ ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ So Much Water So Close to Home ဝတ္ထုမှာ ဆိုရင် စတူးဝပ်နဲ့ သူ့ သူငယ်ချင်းများ အပျော် ငါးမျှားခရီးထွက်ကြရင်း အမျိုးသမီး အလောင်းတစ်လောင်းကို တွေ့ပါတယ် ။ ဒါပေမဲ့ သူတို့က နောက်ကြောင်း ပြန်လှည့်ပြီး သက်ဆိုင်ရာကို အကြောင်းကြား မနေတော့ဘဲ သူတို့သွားစရာ ရှိတဲ့ခရီးကို ဆက်သွားခဲ့ကြပါတယ် ။ ဒီ ဆုံးဖြတ်ချက်ကို စတူးဝပ်ရဲ့ဇနီး ဖြစ်တဲ့ ကလယ်ရာ သိသွားတော့ သူလက်ထပ်ထားတဲ့ ခင်ပွန်းသည်ဟာ ဘယ်လို စိတ်ဓာတ်ရှိတဲ့ ယောက်ျားတစ်ယောက်လဲ ဆိုတာ ပြန် စဉ်းစားစရာ ဖြစ်လာပါတယ် ။

ဒီ အကြောင်းချက်ကြောင့် ပဲ ယောက်ျားဟာ ကြင်နာစိတ်မရှိသူလို့ ဇနီးသည်ရဲ့ အတွေးမှာ ဝင်လာစေပြီး စိတ်မကြည်လင်မှု စတင်ခံစားစေနိုင်ပါတယ် ။ ခရီးသွားရင်း မိန်းမတစ်ယောက်ရဲ့ အလောင်းကိုတွေ့တယ် ဆိုတာက ဝတ္ထုမှာ အချက်အလက် တစ်ခုသာ ဖြစ်ပြီး ဒီအချက်အလက်က ဝတ္ထု ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ လင်မယား ကွာရှင်းပြတ်စဲမှုကို ရောက်အောင် ဆွဲဆောင်သွားမှာ ဖြစ်ပါတယ် ။

ဒါကြောင့် ဝတ္ထုရေးပြီးသူတိုင်းဟာ ကိုယ့်ဝတ္ထုကို သေသေချာချာ ပြန်ဖတ်ဖို့လိုပါတယ် ။ မလိုအပ်ဘဲ ဖောင်းပွနေတဲ့ စကားလုံးတွေ ၊ ဇာတ်ကွက်တွေကို ဖြုတ်ချရမှာ ဖြစ်သလို လိုတာထက် ပိုပြီး ချုံ့ထားတဲ့အတွက် မပေါ် မလွင်ဖြစ်နေတဲ့ ဇာတ်ကွက်များကို ပြန်ချဲ့ပေးဖို့ လိုပါလိမ့်မယ် ။

အဲဒီလို ချုံ့နိုင် ၊ ချဲ့နိုင်ပြီဆိုရင်တော့ ဝတ္ထုတိုကောင်း တစ်ပုဒ် ဖြစ်သွားမှာ ဖြစ်ပြီး အယ်ဒီတာက ရှည်လွန်းတယ် တို့ ၊ တိုလွန်းတယ်တို့ မှတ်ချက်ချတော့မှာ မဟုတ်ပါဘူး ။

▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂ဝ၁၁ ခုနှစ် ၊ ဇူလိုင်လ

No comments:

Post a Comment