Saturday, August 30, 2025

တိုင်းမေ


 

❝ တိုင်းမေ ❞
( ရန်ကုန်ဘဆွေ )

အတော်ဝေးသော နေရာမှ ခြေဖျားထောက်၍ ကြည့်ရရှာသည် ။ ခြေဖျားထောက် ပေမယ့် ကောင်းကောင်း မမြင်ရ ။ ဒီအတွင်း ကိုယ်လို မမြင်ရသူတွေကလည်း အတင်း တိုးဝှေ့နေကြသေးသည် ။

အမှန်တော့ ... အတော် စိတ်ပျက်စရာကောင်းသောနေရာဖြစ်သည် ။

တဖြည်းဖြည်းနှင့် နောက်မှ ထပ်ဆင့်၍ တိုးတိုးလာကြ၏ ။ တိုးကြရုံသာ မဟုတ်သေး ၊ ပါးစပ်တွေ ကလည်း ထဘီတွင်း ချွေးခံအင်္ကျီ အတွင်းမှ စကားလုံးများ ကိုသာ ထပ်တလဲလဲ ပြောနေကြလေသည် ။

သတင်းစာဆရာနှင့် ဓာတ်ပုံဆရာတို့၏ ဓာတ်ပုံရိုက်ကြသော ဓာတ်မီးများကလည်း လျှပ်စီးတွေ လက်နေသလို တဝင်းဝင်းနှင့် မျက်စိပျက်မတတ် ဖြစ်နေကြ၏ ။ ချွေးစော် ... ပုပ်စော် နှင့် အစော် အမျိုးမျိုးတို့ ကလည်း အသက်ရှူလိုက်တိုင်း နှာခေါင်းထဲသို့ မခံမရပ်နိုင်အောင် ဝင်လာကြသေး၏ ။

မျက်စိ မချမ်းသာ ၊ နား မချမ်းသာ ၊ နှာခေါင်း မချမ်းသာ ၊ လူ မချမ်းသာသော နေရာဖြစ်လေသည် ။ လာမိတာ မှားပြီဟု နောင်တရနေ၏ ။

ထိုသို့ နောင်တရသော အချိန်၌ လူအုပ်ကြီး ကြားထဲသို့ ညှပ်လျက် ပါသွားနေရပါလေပြီ ။ မိမိ သွားလိုသောဘက်ကို သွား၍ မရ ၊ လူအုပ်ကြီး သွားရာ ရွေ့ရာကိုသာ ရွေ့နေရ၏ ။ တစ်ကိုယ်လုံး ချွေးတွေဖြင့် ရွှဲရွှဲစိုလျက် ရှိ၏ ။ သို့နှင့် တစ်နေရာတွင် မရွေ့သာသဖြင့် အားလုံး ရပ်သွား၏ ။ လူတွေ တစ်ယောက်မှ ဘာမှ မမြင်ကြရ ။ စိတ်ကျဉ်းကျပ်စွာ အသက်ရှူကျပ်စွာနှင့် တစ်ယောက် နောက်စေ့ကို တစ်ယောက် ကြည့်နေကြရ၏ ။ မြင်ရလို မြင်ရငြား ခေါင်းကလေးတွေ မော့ကာ ဟိုဟိုဒီဒီသို့ လှည့်ပတ်၍ ကြည့်နေကြ၏ ။ လူခေါင်းတွေနှင့် မိုးသားတိမ်တိုက်များကိုသာ တွေ့ရလေသည် ။

ထိုအတွင်း ရှေ့ဆီမှ လျှပ်စစ်လက်သလို တဝင်းဝင်းနှင့် ဓာတ်ပုံရိုက်ကြဟန် ရှိပြီးနောက် လက်ခေါက်မှုတ်သံ ၊ လက်ခုပ်တီးသံ ဝူး … ဝါး .. ဟေး ဟားနှင့် အော်ကြ ဟစ်ကြသံတွေ ပွက်လောရိုက်လာ၏ ။

ထိုအချိန်တွင် ဘာမှ မမြင်ရဘဲ ခေါင်းတမော့မော့နှင့် ညပ်သိပ်နေခြင်း ခံနေရသော လူသိုက်ထဲမှလည်း အော်လိုက်သေး၏ ။

“ ဟာ … နည်းတာကြီး မဟုတ်ဘူးဟ ”

“ ပါပယ်ပလိန်းတွေဟေ့ ... ပါပယ်ပလိန်းတွေ ”

“ အဲဒါကြီး … ကပ္ပိလိုက်ရရင်တော့ သွားဖုံးကို မြုပ်သွားမှာပဲ ... ဟ  ”

စကားလုံး ပြောင်လွန်းသဖြင့် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်၏ ။

ရွှေမျက်မှန်နှင့် ခေါင်းတုံးနှင့် လူတစ်ယောက် ဖြစ်လေသည် ။

ထိုလူ၏ ခေါင်းပတ်လည်တွင် ထိုလူ ပြောစကားကို ထောက်ခံ ရယ်မောနေကြကုန်သော အခြား အလားတူ ခေါင်းတုံးတစ်သိုက်ကိုလည်း တွေ့လိုက်ရသေးသည် ။

သို့နှင့် ဘာမျှမသိ ဘာမှ မမြင်ရဘဲနှင့် ရှေ့ဆီမှ ဆူသံကြားတိုင်း အကြောင်းမဲ့ နင်းကန် အော်ဟစ်လျက် ရှိကြ၏ ။ မကြာမီ ထိုသို့ အော်ဟစ်ရုံမျှမက ခေတ္တမျှ ငြိမ်သက်နေသော လူအုပ်ကြီးသည် တောင်ဘက် ယိမ်းလိုက် ၊ မြောက်ဘက် ယိမ်းလိုက် ဟီးတိုက်၍ ယိမ်းနေကြပြန်သည် ။

ရှေ့ဆီမှလည်း တဝင်းဝင်းနှင့် ဓာတ်ပုံရိုက်နေကြဟန် ရှိ၏ ။ အချက်ကျကျ .. အကွက် အလက်တွေ မြင်ကြရသဖြင့် ဆူကြသူများနှင့် ၊ ဘာမှ မမြင်ကြရသောကြောင့် ဆူကြသူများသည် ဆူသံချင်း ရောကာ ပဲ့တင်ထပ်၍ ထပ်၍ သွား၏ ။

“ အမျိုးသားတို့၏ အကျင့်စာရိတ္တကို စောင့်ထိန်းသောအားဖြင့် မဖွယ်မရာ အော်ဟစ်ခြင်းမှ ရှောင်ကြဉ်တော်မူကြပါ ခင်ဗျား ”

ဟူသော အသံချဲ့စက်မှ အက်သံကြီးနှင့် သံကုန် အော်သံတို့သည် ဆူသံညံသံတွေကို မတိုးနိုင်အောင် ရှိနေကြ၏ ။

ထိုအတွင်း၌ပင် ဖားခုံညင်းကြီးဟေ့ ။ ဂွီ .. ဖားခုံညင်းကြီးဟေ့ ၊ ဂွီ ဟူသော အသံများသည် တဖြည်းဖြည်း ကျယ်သည်ထက် ကျယ်လာကာ ယိမ်းထိုး လှုပ်ရှား၍ နေကြသော လူအုပ်ကြီးဆီမှ ပဲ့တင်ထပ်၍ တက်လာခဲ့၏ ။

လူအုပ်ကြီး တစ်အုပ်လုံးကို လွှမ်းမိုးလျက်ရှိသော အသံကြီးအတွင်းမှ စူးစူးဝါးဝါး ဖောက်ထွက်လာသော အသံတစ်ခု ပေါ်လာပြန်လေသည် ။ ထိုအသံမှာ မိန်းမသံ ဖြစ်၏ ။

“ ဖယ်ကြပါဦး ... ဒီမှာ အသက်ရှူကျပ်ပြီး သေရပါတော့မယ် ၊ သေရပါတော့မယ် ”

နားထဲတွင် စူးခနဲ ဝင်လာရင်း စကားမဆုံးမီ အသံပြတ်၍ သွားလေသည် ။

လူအုပ်ကြီးသည် ကြင်နာစွာနှင့် ပို၍ အော်မြည်လိုက်၏ ။

ဖားခုံညင်းကြီး - ဂွီ

အသက်ရှူကျပ်လှပြီတော့ - ဂွီ

ဖားခုံညင်းကြီး - ဂွီ ။

ထိုအသံများ ကြားထဲတွင် တစ်ခါတစ်ခါ ရှေ့ဆီမှ လက်ခုပ်သံ ၊ လက်ခေါက်မှုတ်သံများသည် လျှပ်စစ်လက်ရောင်မျိုးတွေနှင့်အတူ နောက်ဘက်ဆီမှ အသံများကို တစ်ရှိန်ထိုး လွှမ်းမိုးသွားတတ်လေသေး၏ ။

••••• ••••• •••••

ဘမင်း၏ တစ်ကိုယ်လုံးတွင် ချွေးများဖြင့် ရွှဲရွှဲစိုနေရုံမျှ မကဘဲ အင်္ကျီနောက်ကျောတွင်လည်း စုတ်ပြဲ၍နေလေသေးသည် ။

ဘမင်းသည် စိတ်ပင်ပန်း လူပင်ပန်းမှုဖြင့် မစွမ်းမသန်သူ တစ်ယောက်ပီပီ ဖြည်းညင်းစွာပဲ လာခဲ့လေသည် ။

အရှိန်မပြေသေးကြသော လူအုပ်ကြီးသည် ဘမင်းကို ကျော်ဖြတ်၍ သွားကြရင်း ပါးစပ် မှလည်း မကြားဝံ့မနာသာ တွေ့ကရာတွေကို ပြောဆိုသွားကြကုန်၏ ။

စက်ဘီးသံ ၊ ဆိုက်ကားသံ ၊ မော်တော်ကားသံများသည် ဆူဆူညံကြလျက် မီးတဝင်းဝင်း နှင့် လ,ရောင်အောက်တွင် လမ်းမကြီး တစ်ခုလုံး ဖွေးဖွေးလှုပ်၍ သွားလေသည် ။

သူ့လူအုပ်နှင့်သူ တသောသော တဝေါဝေါ သွားကြရာ တဖြည်းဖြည်းနှင့် လမ်းပေါ်တွင် ဘမင်း တစ်ယောက်သာလျှင် ကျန်ခဲ့ရလေသည် ။

လမ်းတစ်ဖက်တစ်ချက်တွင် စိန်ပန်းပင်များ ပေါက်ရောက်လျက် ရှိကြသည် ။ စိန်ပန်းပင် များ၌ အရွက်မရှိ ။ အပင်တိုင်း အပင်တိုင်းတွင် အရိုးကျဲကျဲတွင် အပွင့်တွေသာချည်း ရှိကြလေသည် ။ လရောင်သည် စိန်ပန်းပွင့်များကို အရောင်ပေါ်အောင် ဖော်မပေးနိုင်စေခဲ့ကာမူ အပွင့်တွေမှန်း သိအောင် ဖော်ပြပေးနေရှာပါသည် ။

စိန်ပန်းပင်များ၏ အောက်စပ်၌ လမ်းဖို့ခဲ့ရသဖြင့် ချိုင့် ဖြစ်နေသော မြောင်းတစ်လျှောက်တွင် ငြိမ်သက်သော ရေပြင်ကလေးသည် လရောင်ကြောင့် ပြောင်လက် နေခဲ့လေသည် ။

ရေပြင်ကလေး ရှိသော မြောင်းတစ်ဖက်၏ အစပ်တွင်ကား ကျယ်ပြန့်သော ကွင်းပြင်ကြီး သည် နက်ရှိုင်းသော အမှောင်ထုထဲတွင် ဆိတ်ငြိမ်စွာ ငုပ်လျှိုး၍ နေလေသည် ။

ကွင်းပြင်ကျယ်ကြီး၏ အတွင်း၌ ရေနူးနေသော မီးလောင်မြေနဲ့ နွေးနွေးကလေးကို ခပ်ဖျော့ဖျော့ သယ်ယူလာခဲ့သော လေပြည်ကလေးသည် ဘမင်းအား ဝင်ရောက်ကာ တိုးဝှေ့၍ သွားလေသည် ။

စောစောက အသက်ရှူ ကျပ်ခဲ့ရသော ဘမင်းသည် ထော့နင်း ထော့နင်းနှင့် ခပ်ဖြည်းဖြည်း လျှောက်လာရင်း ယခုမှ ရပ်တန့်ကာ အသက်ကို တစ်ဝချည်း ရှူပစ်လိုက်လေသည် ။

စူးဝါးသော မီးရောင် နှစ်ရောင်သည် ဘမင်းကို ထိုးပြရင်း နီးလာကာ ခပ်ပြင်းပြင်းကလေး မောင်းသွားခဲ့လေသည် ။ ဂျစ်ကားတစ်စင်း ဖြစ်၏ ။ ကားထဲမှ ရယ်မောသံကလေးတို့သည် ဘမင်း ရှိနေရာ လမ်းပေါ်သို့ ဖိတ်လွင့်၍ ကျကျန်ရစ်ခဲ့ကြလေသည် ။

မယ်နှစ်ယောက်၏ အသံ ဖြစ်၏ ။ တစ်ယောက်မှာ ခုနကလေးတွင် တိုင်းမယ်ဘွဲ့ကို ဆွတ်ခူးသွားသော ဘမင်း မမြင်ခဲ့ကြရသည့် … “ မခင်စိန် ... ” ။

ဘမင်းသည် ရုတ်တရက် ရပ်တန့်လျက် မော်တော်ကား နောက်မီးကလေးကို ငေး၍ ကြည့်နေမိ၏ ။

မီးလုံးကလေးသည် တဖြည်းဖြည်း ဝေးသည်ထက် ဝေးကာ ပျောက်ကွယ်၍ သွားခဲ့၏ ။

စောစောက စိတ်အိုက် လူအိုက်နှင့် ဖြစ်လာခဲ့သော ဘမင်းသည် ယခု ရှင်းရှင်းလင်းလင်းနှင့် တစ်ယောက်တည်း ဖြစ်နေကာမှ ကြံကြံဖန်ဖန် နှလုံးထဲက အိုက်၍ လာရပြန်လေသည် ။

ဘမင်းသည် စိန်ပန်းပင်ကြီး၏ ခြေရင်း တစ်ခုတွင် ရပ်နားရင်း ဖြည်းညင်းစွာ ထိုင်ချလိုက် လေသည် ။

ကြယ်ကလေးများသည် တိတ်ဆိတ်သည့် အမှောင်တွင်း၌ တစ်ယောက်တည်း ထိုင်လျက်ရှိသော ဘမင်းအား ပြူတစ်ပြူတစ်နှင့် ကြည့်နေကြသည် ။

ဘမင်း၏ စိတ်များသည် ဝေ့ကာ ဝိုက်ကာ မကြာမကြာ တိုက်လာသော လေပြည်ကလေးနှင့် အတူ မိမိ ရှေ့တွင်ရှိ ကျယ်ပြန့်သော ကွင်းပြင်ကြီးထဲသို့ ပါသွားလေသည် ။

ထိုနောက် အလွန်ဝေးသော အရပ်တွင် မှိတ်တုတ်မှိတ်တုတ်နှင့်ရှိသော မီးရောင်ကလေးဆီသို့ ရောက်သွားလေသည် ။

ထိုနောက် ပို၍ ဝေးသော မှိတ်တုတ်မှိတ်တုတ် ကြယ်ပြောင်ကလေးဆီသို့ ရောက်သွား လေသည် ။ ထိုနောက် ကြယ်ပြောင်ကလေးများ တည်ရှိးသာ ကောင်းကင်ပြင်ကြီးဆီသို့ ရောက်သွားလေသည် ။

ထိုနောက် ကောင်းကင်ပြင်ကြီးထက် ကျယ်ပြန့်သော ( ဘ၀ ) အယဉ်ဆီသို့ ရောက်သွား လေသည် ။

••••• ••••• •••••

ခင်စိန်ကြည် .. ။

သာမန် လက်သမားဆရာ တစ်ယောက်၏ သမီး ဖြစ်သည် ။

နံနက်စောစောတွင် အိမ်ရှေ့သို့ ထွက်လျက် ခေါင်းစုတ်ဖွားကို စုံကုတ်၍ နေတတ်သည် ။

သူ၏ အမေသည် မိုးမလင်းမီက ပဲပြုတ်ရောင်းရန် ထွက်၍ သွားရလေသည် ။ 

သူမ၏ အဖေသည် ရွေပေါ်ခုံ တန်းလျားရှည်ကြီးတွင် ထိုင်လျက် သူမအမေ ပဲပြုတ်ထုပ်ရန် အချိန်နှင့် ဝယ်ယူလာသော သတင်းစာများကို ဖတ်နေလေ့ရှိသည် ။ လက်သမား ဆိုသော်လည်း တစ်ခါတစ်ရံ တစ်လလုံးလုံးတွင် တစ်ကြိမ်မျှသာ လက်သမား အလုပ်ကို သွားရောက် လုပ်ကိုင်သည်ဟု မမြင်ရ ။ သို့ရာတွင် ညနေကလေး စောင်းသော အချိန်၌မူ အချိန်မှန်မှန် အပြင်သို့ ထွက်သွားတတ်ပြီးလျှင် အချိန်မှန်မှန်ပင် မူး၍ ပြန်လာတတ်လေသည် ။

ပဲပြုတ်သည် အဒေါ်ကြီးသည် တစ်အိမ်လုံးတွင် အဆူဆုံးနှင့် အလုပ် အလုပ်ဆုံး ဖြစ်၏ ။

အိမ်နီးချင်း ဖြစ်သော ဘမင်းတို့သည် ဤပဲပြုတ်သည် မိသားတစ်စုကို မမြင်လို မကြားလိုသော်လည်း မြင်တွေ့နေရ၏ ။

အရက်မူးသော အဘိုးကြီးကို မကြာမကြာလိုလို အိမ်ထဲ တွဲပို့ရ ၊ တောင်းပန်နေရသော ကြောင့်လည်း မရင်းနှီးလိုပါပဲ ရင်းနှီး လာခဲ့ရလေသည် ။

ပဲပြုတ်သည် အဒေါ်ကြီး ကလည်း အိမ်တွင်း၌ တစ်ခုခု ဖြစ်လျှင် ဘမင်းတို့အား မကြာမကြာ ခေါ်ခေါ် တိုင်တန်းတတ်သေး၏ ။

သို့နှင့် အဒေါ်ကြီး၏ သမီးဖြစ်သော ခင်စိန်ကြည်အား ဟဲ့ ... ကောင်မကလေး ၊ နင် အလကား အားနေမယ့် တူတူ လာ ကျန်းမာရေး လေ့ကျင့်လှည့်ဟု ခေါ်ဝံ့ ပြောဝံ့သော အခြေသို့ ရောက်လာ၏ ။

ဘမင်းကား ကျန်းမာရေး လိုက်စားရန် ဝါသနာပါသူ တစ်ယောက် ဖြစ်လေသည် ။ သို့ရာတွင် ဆယ်နှစ်သားက ကလေး လွတ်ကျသဖြင့် ခြေထောက် သွင်သွင်ကျိုးခဲ့၏ ။

သို့ရာတွင် …

သူ့ဝါသနာကို သူ မစွန့်နိုင်ရှာသေးပေ ။ အလေး မ,မနိုင်ခဲ့သော်လည်း ခြေထောက်ကို မထိခိုက်နိုင်သော ကစားများကို ကစားတုန်း ဖြစ်သေး၏ ။ အသက် သုံးဆယ်ခန့် ရှိသော လူပျို ကြီး ဖြစ်လေသည် ။ တစ်ခါတစ်ရံ သူ့ထံ၌ နည်းနာနိဿယ ခံရန်အတွက် လူငယ်ကလေး လူငယ်မ ကလေးများ လာရောက်လေ့ ရှိ၏ ။ ဝါသနာအိုးကြီးသည် စားစရာများကို ကျွေးမွေးကာ အသေအချာ သင်ပြပေး၏ ။ စာအုပ်တွေကို ရှာဖွေ ပေးလိုက်သေး၏ ။ ဤမျှ ဝါသနာ ပါခဲ့လေသည် ။

••••• ••••• •••••

အဖေ အရက်သမားက ဘာမျှ မပြောသော်လည်း အမေ ပဲပြုတ်သည်ကြီးကား ခင်စိန်ကြည် ဖြဲလိုက် ကားလိုက် လုပ်နေသည်ကို သိပ်သဘော မကျလှ ။ သို့ရာတွင် ပြောမရ သောကြောင့် အသာနေလိုက်ရ၏ ။

သူမအမေ၏ စိတ်ထဲတွင် တစ်နေ့တခြား အပျိုကြီးဖားဖား ဖြစ်လာခဲ့သော သမီးပျို ထွတ်ထွတ်ကလေးကို ယခုလို ရဟန္တာ မဖြစ်သေးသည့် ပုထုဇဉ် လူပျိုကြီး တစ်ယောက်နှင့် နေ့ဖြဲ ညဖြဲ လုပ်နေကြသည်ကို မကျေနပ်နိုင် ဖြစ်နေ၏ ။ ဖြစ်လည်း ဖြစ်သင့် လှလေသည် ။ ခင်စိန်ကြည် သည် ဘမင်း၏ လက်မောင်း ကြွက်သားကြီးများကို ကိုင်၍ ကြည့်ကာ …

“ ဦးလေး လက်မောင်းကြီးကနော် သိပ်အားရစရာ ကောင်းတာပဲ ၊ ဦးလေး ခြေထောက်သာ မကျိုးဘဲ မောင်ဗမာ ဖြစ်နေမယ်ဆိုရင် ကြိုက်တဲ့ မိန်းမတွေ သိပ်ပေါပြီး အခုလို လူပျိုကြီးတောင် ဖြစ်နေမှာ မဟုတ်ဘူး ” ဟု ကနွဲ့ကလျ ပြောတတ်လေသည် ။

ဘမင်းသည် လူကြီးပီပီ ခင်စိန်ကြည်ကို ငေါက်လိုက်ရ၏ ။

“ ဟဲ့ ဘာတွေ လျှောက်ပြော နေတာလဲ ၊ လုပ်မှာလုပ် … တော်တော်ကြာ ချွေးတွေနဲ့ အအေးပတ် သွားမယ် ”

“ ဟုတ်တယ် ဦးလေးရဲ့ ၊ ကျွန်မဖြင့် ဦးလေး ခုလို လူပျိုကြီး အဖြစ်နဲ့ တစ်ယောက်တည်း နေရတာ သနားတောင် လာတယ် ”

ဤလိုဖြင့် ဆတ်ကော့လတ်ကော့ အပျိုပေါက်ကလေး ခင်စိန်ကြည်နှင့် လူပျိုကြီး ဘမင်း ကား ဘာကလိုတိုတို ဖြစ်ခဲ့ကြရ၏ ။ သို့ရာတွင် ကျန်းမာရေးသမားတို့၏ မျိုသိပ်မှုသည် ခင်စိန်ကြည်၏ အလှပန်းကလေးကို မညှိုးနွမ်းစေခဲ့သေး ။

နည်းပြဆရာကြီး ဘမင်းသည် သူ၏ မထိရသေးသော တပည့်မကလေးကို ( .... ) မြို့ အလှပြိုင်ပွဲတွင် စာရင်းသွင်း ပေး၏ ။ အဝတ်အစားများကို ဝယ်ပေး ဆင်ယင်ကာ ပွဲထုတ်လိုက်၏ ။

အဖေ လက်သမားကြီးသည် ပထမက မကန့်ကွက်ခဲ့ သော်လည်း ယခုလို လူလယ်ကောင်တွင် ကိုယ်ကပ် စွပ်ကျယ်အင်္ကျီကလေးနှင့် လှည့်ပတ် ပြရတော့မည်ကို သိသောအခါ သမီးအဖေ ပီပီ မျက်နှာ ပူသဖြင့် ကဇော်ဆိုင် ကိုသာ သွားခဲ့၏ ။

သဘော မတူခဲ့သော ပဲပြုတ်သည် အဒေါ်ကြီးကား သမီးပျိုကလေး တစ်ယောက်တည်း လူပေါင်းစုံ တောထဲ၌ စိတ်မချနိုင် ။ သို့ကြောင့် ... အတင်း တွယ်ကပ်၍ လိုက်ရပေဦးမည် ။

သို့လိုက်နိုင်ရန် အတွက်လည်း တတ်အားသမျှ အဝတ်အစားများ ချုပ်လုပ်ရန် လိုသေး၏ ။ မလောက်ငသောအခါ ဘမင်း ဆီကပင် ငွေကလေး အနည်းအကျဉ်း ဆွဲလိုက်ရသေး၏ ။

ခင်စိန်ကြည် ကမူ အမေ ပဲပြုတ်သည် ဖြစ်ကြောင်း လူသိမည် စိုးသဖြင့် ကန့်ကွက်သေး၏ ။ မရရှာလေ ။

••••• ••••• •••••

ခင်စိန်ကြည် ပင်လျှင် မယ်ရွေးပွဲ၌ ပထမ ရခဲ့၏ ။ ခင်စိန်ကြည် အမေမှာလည်း မျက်နှာ ပွင့်လှ၏ ။ ထိုနေ့မှစ၍ ခင်စိန်ကြည်တို့ အိမ်၌ ဧည့်သည်တွေ ဒလဟော ဝင်လာကြ၏ ။ အဖ လက်သမားဆရာ ၊ အမိ ဈေးသည်တို့၏ ရိုးသားသော သမီးကလေး ခင်စိန်ကြည်ကား လူတကာတို့၏ ပါးစပ်ဖျားတွင် သနားစရာ ချစ်စရာ နှစ်လိုစရာကလေး ဖြစ်နေ၏ ။

မြို့နယ် ကိုယ်လက် ကျန်းမာရေးအသင်းကြီးမှ လူကြီးများက ပင်လျှင် ခင်စိန်ကြည်တို့ မိသားတစ်စု အတွက် ကျန်းမာရေးနှင့် ညီညွတ်သော အိမ်မြေနေရာ တစ်နေရာ ပေး၏ ။ မြို့တော်ဝန်က မြို့၏ ဂုဏ်ကျက်သရေကို တက်စေသော ခင်စိန်ကြည်အား ထိုမြေနေရာ၌ အိမ်ဆောက်ပေး၏ ။

အိမ်ပြောင်းခါနီးတွင် ပဲပြုတ်သည် အဒေါ်ကြီးက မောင်ဘမင်းအား နှုတ်ဆက်သွားပါ သေးသည် ။

“ မောင်ဘမင်းရေ ။ ဒီနေရာက သမီးကလေး ကျန်းမာရေး လေ့ကျင့်ဖို့ မသင့်တော်ဘူးကွယ့် ၊ အဒေါ်တို့ အိမ်ပြောင်းတော့မယ်နော် ၊ မင်းလဲ မကြာမကြာ လာလည်ပေါ့ကွယ့် ၊ ဟိုရောက်ရင် မြို့တော်ဝန်ကြီး ကိုယ်တိုင်က ရန်ကုန်က ဆရာတွေနဲ့ သမီးကို လေ့ကျင့်ပေးမယ်တဲ့ ”

ဘမင်းကား ဘာမျှမပြော ။ ‌အဒေါ်ကြီး ကိုသာ မျက်တောင်မခတ် ကြည့်နေလိုက်လေသည် ။

လယ်သမားဆရာကြီး ကလည်း ခပ်ထွေထွေနှင့် ပြုံးပြ၏ ။ ဘမင်းက ပြန်ပြုံးလိုက်ပါသည် ။

ခင်စိန်ကြည်သည် ဘမင်း အနီးသို့ ပြေးလာ၏ ။ ဘမင်းကို ညှို့မျက်လုံးကြီးနှင့် ကြည့်၏ ။ 

“ ဦးလေး … ဘာပြုလို့လဲ စိတ်မကောင်းဘူးလား ၊ ခင်စိန်ကြည်လဲ ဒီအိမ်လေးက မပြောင်းချင်ပါဘူး ဦးလေးရယ် ၊ စိတ်များညစ်ပါရဲ့ … ကျွန်မ ဒီကျန်းမာရေးတွေလဲ မလုပ်ချင်ဘူး ” ဟု ပြော၏ ။

ဘမင်းကမှ ပြန် မပြောရသေးမီ သူမအမေ ပဲပြုတ်သည်ကြီးက ဝန်စည်စလယ်များ တင်သော ကားပေါ်မှ နေ၍ ပဲပြုတ် ဟူသော အသံမျိုးနှင့် အော် ခေါ်လိုက်လေသည် ။

••••• ••••• •••••

ယခုလည်း တိုင်းမယ်ရွေးပွဲ ပြီးသွားလေပြီ ။ ခင်စိန်ကြည် ပင်လျှင် တိုင်းမယ် အဖြစ်နှင့် အရွေးခံရ၏ ။ ထိုနောက် အဖော်များနှင့် ပျော်ပါးစွာ ဂျစ်ကားပေါ်တွင် ပါသွား၏ ။

ခပ်အေးအေး နေတတ်သော လူရိုးကြီး ဘမင်းသည် စိန်ပန်းပင် အမြစ်ကြီးပေါ်မှာ ထိုင်ရင်း ပင့်သက်ကြီးကို မှုတ်ထုတ်လိုက်ကာ မြေစိုင်ခဲ တစ်ခဲနှင့် ရှေ့တွင် ရှိသော ရေအိုင်ထဲမှ လ,ရိပ်ကို တအား ပေါက်လိုက်လေသတည်း ။

( စံနက်ကျော် အမည်ဖြင့် )

⎕ ရန်ကုန်ဘဆွေ
📖ဂျာနယ်ပြာ
     မေ ၊ ၁၉၅၅

No comments:

Post a Comment