Sunday, August 24, 2025

မေတ္တာစစ်ဟူသည်

 

❝ မေတ္တာစစ်ဟူသည် ❞
          ( ပုံပြင် )

တရံရောအခါက သူဌေးကြီး လင်မယားတွင် မသီတာ ဟုခေါ်သော သမီးကလေး တစ်ယောက် ရှိလေ၏ ။ မသီတာသည် ယဉ်စစနှင့် အလွန် လှပချောမောသူလေးမို့ သူမ၏ သတင်းသည် ပျံ့မွှေးလျက် ရှိလေသည် ။ သူဌေးသား ၊ ကုန်သည်သား ၊ ဆင်းရဲသားပါမကျန် ၊ မသီတာအား လိုချင်ကြသော လူများက ပေါလွန်းလှသည် ။

မသီတာကို လိုချင်ကြသော လူများအထဲတွင် မောင်ရေချမ်း ဆိုသော လူငယ်တစ်ယောက်လည်း ပါဝင်၏ ။ မောင်ရေချမ်းသည် နာမည်နှင့် လိုက်အောင် အေးအေးဆေးဆေးနေတတ်ပြီး အလုပ်ကို ကြိုးစားလုပ်တတ်သူလေးဖြစ်၏ ။ သူ့၌ မိဘများ မရှိတော့သဖြင့် ဘကြီးတော် တစ်ယောက်နှင့် နေရသည် ။

တစ်နေ့တွင် မောင်ရေချမ်းသည် မသီတာ၏ မေတ္တာကို ရသွားသဖြင့် မိုးမမြင် လေမမြင် ပျော်ရွှင်ရသည် ။ သို့သော် မသီတာဘဝနှင့် သူ့ဘဝကို နှိုင်းယှဉ်ကြည့်သောအခါ ကွာခြားနေသဖြင့် ဝမ်းနည်းရ၏ ။ အတန်ကြာလျှင် ...

“ ငါဟာ မသီတာရဲ့ မေတ္တာကို ရပေမယ့် သူ့မိဘကတော့ ငါနဲ့ သဘောတူမှာ မဟုတ်ဘူး ၊ တကယ်လို့ ငါသာ ချမ်းသာရင်တော့ သဘောတူမှာပဲ ၊ ဒီတော့ ငါ ချမ်းသာအောင် ကြိုးစား မယ် ” ဟု ဆုံးဖြတ်လိုက်သည် ။

ထိုနေ့မှစ၍ ခါတိုင်းထက် အလုပ်ကို ကြိုးစား လုပ်ကိုင်လေတော့သည် ။ ရသမျှငွေစ လေးများကိုလည်း ဝါးကျည်တောက်ဘူးလေးနှင့် စုထား၏ ။ သူနှင့် မသီတာ မေတ္တာမျှပုံကို ဘကြီးတော် တစ်ယောက်မှ အပ မည်သူမျှ မသိကြချေ ။

မသီတာ၏ မေတ္တာကို ရယူလိုသူများသည် တစ်နေ့ထက် တစ်နေ့ များပြားလာရာ ၊ မသီတာ အတွက် စိုးရိမ်မိသော သူဌေးကြီး လင်မယားက မသီတာအား အိမ်တွင်း၌သာ အောင်းနေစေ၏ ။ ထိုအခါ မသီတာသည် ချစ်သူ မောင်ရေချမ်းနှင့် မတွေ့ရ၍ လွမ်းဖျားလွမ်းနာ ကျကာ အိပ်ရာထဲ၌ တုံးလုံးလဲတော့သည် ။

ထိုသတင်းကို မောင်ရေချမ်း ကြားသိသောအခါ မသီတာအတွက် များစွာ စိုးရိမ်ပူပန် မိကာ ဖြစ်လိုရာဖြစ်စေတော့ဟူသော စိတ်ဆန္ဒနှင့် မသီတာ၏ အိမ်သို့ ထွက်ခဲ့သည် ။ အိမ်ထဲသို့ ဝင်လာလျှင် သူဌေးသား ၊ ကုန်သည်သား အတော်များများနှင့်အတူ မသီတာ၏ ဖခင် သူဌေးကြီး ကိုပါ တွေ့ရသည် ။ သူဌေးကြီးသည် မောင်ရေချမ်း ကို မြင်လျှင် “ မင်း ဘယ်သူလဲ ၊ ဘာလာလုပ်တာလဲ ၊ ဘာကိစ္စ ရှိလို့လဲ ” စသည်ဖြင့် မေး၏ ။ မောင်ရေချမ်းက “ ကျွန်တော်ဟာ မောင်ရေချမ်းပါ ၊ မသီတာ ဖျားနာနေတယ် ကြားလို့ လာတွေ့တာပါ ” ဟု ယဉ်ကျေးသိမ်မွေ့စွာ ဖြေ၏ ။ သူဌေးသားနှင့် ကုန်သည်သားတို့က မောင်ရေချမ်းအား လှောင် ပြုံးပြုံးကြသည် ။

“ အခု ဦးအိမ်ကို လာကြတဲ့ သူဌေးသား ၊ ကုန်သည်သား ၊ ဆင်းရဲသားတွေဟာ မသီတာ ဖျားနေလို့ လာတွေ့ ကြတဲ့ လူတွေချည်းပဲ ဆိုတာ သိရတဲ့အတွက် ဝမ်းသာပါတယ် ၊ မောင်ရင်တို့ဟာ မသီတာကို တကယ် မေတ္တာရှိကြပါရဲ့လား ”

သူဌေးကြီးက ပွင့်ပွင့်လင်းလင်း မေးလိုက်လျှင် သူဌေးသား ၊ ကုန်သည်သားတို့က “ မေတ္တာရှိပါတယ် ” ဟု ခရားရေလွှတ် တတွတ်တွတ်ဖြင့် ပြောဆိုကြသော်လည်း မောင်ရေချမ်း ခမျာတော့ သူ့ဘဝကို တွေးမိပြီး ဖြေရကောင်းနိုး ၊ မဖြေရကောင်းနိုးနှင့် စဉ်းစားနေမိသည် ။ အတန်ကြာမှ “ ကျွန်တော်ဟာ ပစ္စည်းဥစ္စာ ဆင်းရဲနွမ်းပါးပေမယ့် မသီတာ ကိုတော့ ပေါများတဲ့ မေတ္တာနဲ့ ချစ်မိပါတယ် ” ဟု ပြောလိုက်သည် ။ သူဌေးသားနှင့် ကုန်သည်သားတို့က ဝိုင်းရယ်ကြပြန်သည် ။

ထိုအခါ သူဌေးကြီးက “ ဦးရဲ့သမီး မသီတာဟာ ဖျားနေခဲ့တာ ကြာပါပြီ ၊ တတ်ကျွမ်း တဲ့ သမားတော်တွေနဲ့ ကုသပေမယ့် ယနေ့နံနက် အရုဏ်တက်ချိန်မှာပဲ ကွယ်လွန်သွားပါပြီ ၊ ဦး လည်း မသီတာ အတွက် ငွေကို ရေလိုသုံးပြီး ကုသခဲ့ရတာ ခုတော့ မသီတာရဲ့အလောင်းကိုတောင် လှလှပပ ဖြစ်အောင် မလုပ်နိုင်တော့ဘူး ၊ ငွေရေးကြေးရေးက အတော်ကျပ်တည်းနေတာမို့ မောင်ရင်တို့က တတ်နိုင်ရင် ကူညီစေချင်တယ် ” ဟု ပြောလိုက်လျှင် မောင်ရေချမ်းမှာ မိုးကြိုးပစ်ခံရသူ ကဲ့သို့ ခံစားသွားရတော့သည် ။ ပူဆွေးကြေကွဲရတော့သည် ။

သူဌေးသားနှင့် ကုန်သည်သားတို့က မသီတာ သေဆုံးပြီမို့ မိမိတို့အတွက် မျှော်လင့် ချက် မရှိတော့သည်ကတစ်ကြောင်း ၊ ငွေအကြောင်း ပြောလာသော သူဌေးကြီး၏ စကားကြောင့် တစ်မျိုး ၊ ထို့ကြောင့် အလျှိုလျှို ပြန်သွားကြသည် ။ မောင်ရေချမ်း သည်လည်း ပြန်ခဲ့၏ ။ သို့သော် ငွေစုထားသော ဝါးကျည်တောက်ဘူးလေးကိုယူ၍ သူဌေးကြီးထံ လာပြီး “ ဒါ ... ကျွန်တော် မသီတာ အတွက် စုထားတဲ့ ငွေတွေ ဖြစ်ပါတယ် ၊ ဒီငွေတွေကို ကြိုက်သလို အသုံးပြုပါ ၊ ဒီငွေနဲ့မှ မလောက်ရင် တခြားမှာ ချေးငှားပြီး သုံးပါ ၊ ကျွန်တော် အလုပ်ကြိုးစားပြီး ပြန်ဆပ်ပေးပါ့မယ် ” ဟု ပြောရှာသည် ။ ဤအခါ သူဌေးကြီးက သူ မမျှော်လင့်သော စကားကို ပြောလိုက်လေသည် ။

“ မောင်ရေချမ်းသာ ဦးသမီးနဲ့ အထိုက်တန်ဆုံးလူ ဖြစ်တယ် ၊ ဦးရဲ့သမီး မသီတာဟာ ကျန်းမာလျက် ရှိနေပါတယ် ၊ ဒါပေမယ့် ဘယ်သူဟာ မသီတာကို တကယ့် မေတ္တာစစ်နဲ့ ချစ်တာလည်း ဆိုတာ သိချင်လို့ အခုလို ဉာဏ်ဆင်လိုက်တာပဲ ၊ ဒီတော့ မေတ္တာစစ်နဲ့ ချစ်တဲ့မောင်ရေချမ်း သာ ဦးသမီးကို ပိုင်စေတော့ ”

ထိုစဉ်မှာပင် မသီတာက အခန်းထဲမှ ပြေးထွက်လာပြီး မောင်ရေချမ်းကို ပြေးဖက်လိုက်၏ ။

အမှန်တော့ သူဌေးကြီးသည် မေတ္တာစစ် ၊ မေတ္တာမှန်ကို လိုလားသူဖြစ်ပြီး အမြော် အမြင်ကြီးသူ တစ်ယောက်ဖြစ်သည် ။ သူ့သမီး မသီတာကို အဘယ်သူသည် တကယ့် မေတ္တာစစ်နှင့် ချစ်သည်ကို သိလို၍ မသီတာကို အခန်းထဲ၌ ဝှက်ထားကာ သေပြီဟု ညာပြောလိုက်ခြင်း ဖြစ်သည် ။ သူဌေးသားနှင့် ကုန်သည်သားတို့က မသီတာ တကယ် သေပြီဟု ထင်ကြသည် ။ ထို့ကြောင့် သေဆုံးပြီ ဖြစ်သော မသီတာ အတွက် ငွေကြေး အကုန်အကျ မခံတော့ဘဲ ရှောင်ခွာသွားကြသော်လည်း တကယ် မေတ္တာစစ်နှင့် ချစ်ရှာသော မောင်ရေချမ်းကမူ သူစုထားသော ငွေများကို သူဌေးကြီး လက်သို့ အပ်လျက် မသီတာ အတွက် လိုရာသုံးစေခဲ့သည် မဟုတ်လား ။ ယင်းကြောင့်လည်း သူဌေးကြီးလင်မယားသည် မောင်ရေချမ်းနှင့် မသီတာကို ကျေနပ်စွာဖြင့် လက်ထပ်ထိမ်းမြားပေးလိုက်လေသတည်း ။

〇 မျိုးတင့်မော်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၈ ၊ နိုဝင်ဘာ

No comments:

Post a Comment