Wednesday, August 20, 2025

ဉာဏ်သွားတစ်ချက် အကျိုးသက်

 

❝ ဉာဏ်သွားတစ်ချက် အကျိုးသက် ❞
        ( ပုံပြင် )

ရှေးလွန်လေပြီးသော အခါက ရွာတစ်ရွာမှာ ချမ်းသာသော သူကြီးလင်မယားနှင့် ဆယ်နှစ်ကျော်သားလေး မောင်ထွေးလေး တို့ ရှိကြလေသည် ။ သူကြီးလင်မယားနှစ်ယောက်သည် ချမ်းသာကြသော်လည်း လောဘ အလွန် ကြီး၍ မာနကြီးကြသူများဖြစ်လေသည် ။ တစ်ဦးတည်းသော သားလေး ဖြစ်သဖြင့် မောင်ထွေးလေးအား အလိုလိုက်ကာ ချစ်ကြသည် ။ မောင်ထွေးလေးသည် မိဘများနှင့် မတူဘဲ လိမ္မာရေးခြား ရှိပြီး ရွာသားများနှင့် ခင်မင်ကာ စိတ်ကောင်းစေတနာ အလွန်ရှိသော သူငယ်ကလေး ဖြစ်သဖြင့် လူအပေါင်းက ချစ်ခင်ကြလေသည် ။

သူကြီးသည် ရွာသားများ အပေါ် မတရား အကြံအစည်ဖြင့် ငွေများကို ချေးငှားလေ သည် ။ လယ်ယာများကိုလည်း ငှားရမ်းလေသည် ။ ဤသို့ဖြင့် ရွာသူရွာသား အပေါင်းတို့သည် သူကြီးနှင့် မကင်းကြတော့ဘဲ သူကြီးလည်း ဖြစ်သောကြောင့် ကြောက်ရွံ့ရိုသေကြလေသည် ။ လယ်ယာများမှ ထွက်သော သီးနှံများကိုလည်း ဦးဦးဖျားဖျား သူကြီးအိမ် အရောက် ဆက်သကြရ၏ ။ အတိုးများကိုလည်း အရစ်ကျ ပေးဆပ်ကြရသည် ။ မပေးမဆပ်နိုင်ကြသူများကို ကြိမ်းမောင်းပြောဆို လယ်ယာသိမ်း ၊ အိမ်သိမ်း ၊ နွားသိမ်းနှင့် သူကြီး၏ မတရားမှု အမျိုးမျိုးကို ရွာသူ ရွာသားအားလုံးမှာ လက်ဝယ်ပိုက် ခေါင်းငုံ့၍သာ ခံကြရသည် ။ သူကြီးလင်မယားတို့၏ ဩဇာအာဏာမှာ ကြီးမားလှသောကြောင့် ရွာသူရွာသားအပေါင်းပေါ်တွင် လက်ဝါးကြီးအုပ်နိုင်ပြီး မတရားခေါင်းပုံဖြတ် အမြတ်ကြီးစားကို ပြုလုပ်နေရာ ရွာသားအပေါင်းတို့၏ မျက်မုန်းကျိုးခြင်းကို ခံကြရလေသည် ။

ထိုကဲ့သို့ မိဘနှစ်ပါး၏ မတရားပြုလုပ်မှု အမျိုးမျိုးအဖုံဖုံကို မောင်ထွေးလေးသည် သိမြင်နေရသောကြောင့် ဤသို့ပြုလုပ်ရန် မသင့်ကြောင်းကိုလည်း မပြောဝံ့ဘဲ စိတ်မကောင်း ဖြစ်နေရှာသည် ။ တစ်နေ့တွင် မောင်ထွေးလေးသည် အကြံဉာဏ် တစ်ခုကို ရရှိလေသည် ။ ထိုအကြံဉာဏ်မှာ ...

သူတို့နေသော ခြံကြီး အတွင်းရှိ တစ်နေရာတွင် သရက်ပင်များ စိုက်ရန်အတွက် ဆိုကာ တွင်းများကို တူးထားလေသည် ။ သရက်ပင်များကိုလည်း ရှာထားလေသည် ။ သူကြီးလင်မယားသည် အလွန်နှမြော ၊ လောဘကြီးသည့်အလျောက် ငွေများကို သေသေသပ်သပ် အထုပ်များဖြင့် ထုပ်ကာ အခန်းတစ်ခု အတွင်းရှိ သေတ္တာကြီး တစ်ခုတွင် သိမ်းထားလေသည် ။ ငွေများ ထည့်ထားသော သေတ္တာကြီးသော့နှင့် အခန်းသော့ ကိုလည်း ၎င်းတို့ အိပ်သော ခေါင်းအုံးအောက်တွင် ထားလေသည် ။ တစ်နေ့တွင် မောင်ထွေးလေးသည် သော့ကို ယူကာ မိဘနှစ်ပါး မရှိခိုက် ငွေသေတ္တာအခန်းကို ဖွင့်လေသည် ။ တဖန် ငွေထည့်ထားသော သေတ္တာကြီးကိုလည်း သော့ဖြင့် ဖွင့်၍ ငွေထုပ်များကို သယ်ဆောင်ကာ သူ့သရက်ပင် စိုက်ရန် တူးထားသော တွင်းထဲသို့ ငွေထုပ်များကို ထည့်ပြီး အပေါ်ယံတွင် သရက်ပင်များ စိုက်ထားလေသည် ။ ငွေသေတ္တာနှင့် အခန်းကို သော့ခတ်ပြီးနောက် သော့ကို မူလနေရာတွင် ပြန်ထားလေသည် ။

ဤကဲ့သို့ မောင်ထွေးလေးသည် သူ၏ ပင်ကိုယ်ဉာဏ်သွားဖြင့် အစီအစဉ် ပြုလုပ်ပြီး တစ်ရက်နှစ်ရက် အကြာတွင် သူကြီးလင်မယားသည် ငွေများထားရာ အခန်းကို ဖွင့်၍ ငွေသေတ္တာကို ဖွင့်သောအခါ ငွေထုပ်များ မရှိတော့ကြောင်းကို မြင်ကြရတော့သည် ။

ထိုအခါ သူကြီးကတော်ကြီးသည် နှမြော၍ နောင်တွင် သူတို့ ဆင်းရဲမည်ကို စိုးရိမ်လွန်းသောကြောင့် ငိုကြွေးလေသည် ။ သူကြီးလည်း ခြစ်ခြုတ် မတရား အမြတ်ရှာထားသော သူ၏ ငွေများ မရှိတော့သဖြင့် စိတ်မကောင်းကာ မှိုင်နေသည် ။ ထို့နောက် သားငယ်ကို ခေါ်၍ ငွေထုပ်များ မရှိတော့ကြောင်း ပြောပြရာ မောင်ထွေးလေးသည် စိတ်မကောင်းဟန် ပြုနေလေသည် ။

အတန်ကြာသော် မောင်ထွေးလေးသည် စဉ်းစားဟန် ပြုပြီးမှ မိဘနှစ်ပါးအား ပြော လေသည် ။

“ ဒီလို ဖြစ်ရခြင်းဟာ ဖေဖေတို့သည် ရွာသူရွာသား အားလုံးအပေါ်မှာ မညှာမတာ လယ်ယာသိမ်း ၊ နွားသိမ်း ၊ ငွေဇွတ် အတင်းတောင်း ၊ မတရားမှုများကို ပြုလုပ်ပြီး လောဘကြီးကာ ချမ်းသာသည်ဟု ဆိုပြီး မာနကြီးလွန်းလို့ နတ်ကောင်းနတ်မြတ်တို့သည် ဒီလို ပြုလုပ်သည်ကို မနှစ်သက်သဖြင့် ငွေများကို ပျောက်အောင် ပြုလုပ်လိုက်တာ ဖြစ်ပါတယ် ”

သားငယ် ပြောစကားကို မိဘနှစ်ပါးသည် စိတ်ဝင်စားပြီး နားထောင်လေသည် ။ ဤတွင် မောင်ထွေးလေး က ဆက်၍ ပြောသည်မှာ ..

“ ဖေဖေတို့ အခုမှစ၍ သတိတရားများ ရသော် ပျောက်ဆုံးသွားသောငွေများ ပြန်ရရှိနိုင်တယ် ၊ ရွာသူရွာသားများ၏ လယ်ယာများ ၊ နွားများတို့ ကိုလည်း လောဘစိတ်များ မရှိဘဲ ပြန်ပေးရင် ကောင်းပါတယ် ”

မောင်ထွေးလေး ပြောစကားများကို သူကြီးလင်မယားသည် မှန်ပေသည်ဟု ယုံကြည်သွားလေသည် ။ သူတို့၏ အပြစ်များလည်း သိရှိ၍ သတိသံဝေဂများ ရရှိကာ ရွာသူရွာသားများ အပေါ်တွင် သနားကြင်နာ သွားသဖြင့် ၎င်းတို့၏ လယ်ယာများ ၊ နွားများတို့ကို ပြန်လည် ပေးလေသည် ။ သူတို့ထံ ပေးဆပ်စရာရှိသော ငွေများကိုလည်း မပေးဆပ်နှင့်တော့ဟု ပြောလေသည် ။

သူကြီးလင်မယားသည် လောဘစိတ် ၊ မာနစိတ်များ မရှိတော့ဘဲ အေးအေးချမ်းချမ်း နှင့် ဘုရားကျောင်းများကို သွားကာ ဥပုသ်သီတင်းများကိုလည်း စောင့်လေသည် ။ မောင်ထွေးလေးသည် သူစိုက်ထားသော သရက်ပင်များ ရေမလောင်းမိသောကြောင့် သေသွားသည်ဟု ဆိုကာ မိဘနှစ်ပါး မရှိခိုက် သော့ယူ၍ အခန်းနှင့် ငွေသေတ္တာ ဖွင့်ပြီး သရက်ပင်များ အောက်မှ ငွေထုပ်များကို ယူသည် ။ ငွေများကို သေတ္တာထဲသို့ ပြန်ထည့်ပြီး သော့ကို ပြန်ထား၏ ။ ထိုနေ့၌မှပင် သူကြီး လင်မယားသည် အိမ်သို့ ပြန်ရောက်ပြီး ငွေသေတ္တာကြီးအား အပြင်ခန်းတွင် ထားတော့မည် ဆိုကာ နှစ်ဦးသား မကြရာ လေးလံလှသောကြောင့် ဖွင့်ကြည့်ရာတွင် ယခင်က ငွေများ ပြန်ရောက်ရှိနေသဖြင့် ဝမ်းသာနေသည် ။

“ သားလေး ပြောတာဟာ သိပ်မှန်တာပဲ ၊ ငါတို့ အခု အမှန်တရားတွေရလို့ နတ်ကောင်းနတ်မြတ်တွေက တို့ငွေတွေ ပြန်ရအောင် လုပ်ပေးတာ ”

သူကြီးက ဤသို့ ပြောလေပြီးမှ မောင်ထွေးလေး အား ခေါ်ပြီး သားကို ချီးမွမ်း၍ နမ်းရှုပ်လေသည် ။

ရွာသားအပေါင်းတို့သည်လည်း သူကြီးနှင့် သူကြီးကတော် ယခင်ကနှင့် မတူဘဲ စိတ်ထားကောင်းမွန်လာသဖြင့် ဝမ်းသာကြလေသည် ။ ၎င်းတို့သည်လည်း လယ်ယာများကို ပျော်ပျော်ရွှင်ရွှင်နှင့် စိုက်ပျိုးနိုင်ကြလေသည် ။

ဤသို့ ရွာသူရွာသား အားလုံးတို့ ကောင်းစားရေးနှင့် မိဘနှစ်ပါး စိတ်ထားမွန်မြတ်လာအောင် မောင်ထွေးလေး အကြံဉာဏ်သုံး၍ ပြုလုပ်လိုက်ပုံကို ညီလေး ၊ ညီမလေးတို့ မှတ်သားစေပြီးအကြံဉာဏ်များ တိုးတက်ကြပါစေလို့ အစ်ကို ဆုတောင်းလိုက်ပါတယ် ။

〇မောင်ကျော်မောင်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၈ ၊ ဧပြီ

No comments:

Post a Comment