Wednesday, August 13, 2025

စေတနာတူသော အကျိုး

 ❝ စေတနာတူသော အကျိုး ❞

          ( ပုံပြင် )


တရံရောအခါ ရွာတစ်ရွာ၌ အဘိုးအိုတစ်ဦး နှင့် အမယ်အိုတစ်ဦး ရှိချေ၏ ။ အဘိုးအို နှင့် အမယ်အိုသည် အိမ်ချင်း ကပ်လျက်ရှိကြပြီး တောင်ယာ အလုပ်ဖြင့်သာ လုပ်ကိုင် အသက်မွေးမြူကြရသည် ။


သို့သော် သူတို့နှစ်ဦး၏ စိတ်သဘောထားချင်းက ဆန့်ကျင်ဘက် ဖြစ်ကြသည် ။ အဘိုးအိုသည် ကျေးငှက်သတ္တဝါများအား သဒ္ဓါကြည်ဖြူစွာဖြင့် အလွန် စေတနာမေတ္တာထားချေသော်လည်း အမယ်အို ကမူ မိမိကိုယ်မှ လွဲ၍ မည်သို့သော သတ္တဝါကိုမှ သဒ္ဓါကြည်ဖြူခြင်း ၊ မေတ္တာထားခြင်း မရှိချေ ။ သတ္တဝါတိုင်းကို ရွံ့မုန်းလှသည် ။


အဘိုးအို နှင့် အမယ်အိုတို့သည် ဆင်းရဲနွမ်းပါးကြသူများပီပီ တစ်နေ့လုံး ယာခင်းထဲ ၌ တကုတ်ကုတ်ဖြင့် အလုပ် လုပ်ကြရပြီး တစ်နေဝင် တစ်မိုးချုပ်မှ မိမိတို့၏ တဲအိမ်လေးများ ဆီသို့ ပြန်ကြရသည် ။ ထိုအခါကျမှ မိမိတို့၏ ညစာကို မောမောပန်းပန်းနှင့် ချက်ပြုတ်စားသောက် ကြရ၏ ။ ပြီးနောက် မောမောနှင့်ပင် အိပ်ကြသည် ။


အဘိုးအိုသည် နေ့ဘက်၌ အလုပ်ပင်ပင်ပန်းပန်း လုပ်ရပြီး နံနက်၌မူ စောစောထရ၏ ။ အဘယ့်ကြောင့် ဆိုသော် နံနက်စောစောတွင် ဆူညံစွာဖြင့် အစာများ လာတောင်းလေ့ရှိသော စာကလေးများကို အစာထ ကျွေးရသောကြောင့်ဖြစ်၏ ။ အဘိုးအိုသည် ဤကဲ့သို့ နေ့စဉ်စောစီးစွာ ထ၍ စာကလေးများကို အစာကျွေးရသော်လည်း ငြိုငြင်သည်ဟု မရှိချေ ။ သတ္တဝါများအား မိမိ တတ်အားသမျှ ကျွေးမွေးရသည်ကိုပင် ဝမ်းသာမိသည် ။ သို့သော် အမယ်အို ကမူ များစွာငြိုငြင်၏ ။ နံနက်တိုင်း ဆူညံစွာဖြင့် အစာတောင်းခံ လေ့ရှိသော စာကလေးများ အသံက မိမိ၏ အိပ်ရေးကို ပျက်စေခြင်းကြောင့်ဖြစ်သည် ။ ထို့ကြောင့် တစ်နေ့၌ အဘိုးအိုအား “ ရှင့် စာကလေးတွေ မနက်စောစောမှာ လာပြီး မဆူပါစေနဲ့ ၊ မောင်းထုတ်ပစ်လိုက်ပါ ၊ ကျုပ် အိပ်ရေးပျက်တယ် ” ဟု ပြောချေသည် ။


အဘိုးအိုကမူ ဘာမျှ ပြန်မပြောဘဲ နံနက်တိုင်း စာကလေးများအား အစာကျွေးမြဲ ကျွေးချေသည် ။


ထိုအခါ အမယ်အိုသည် အဘိုးအိုနှင့် စာကလေးများအား မကြားတကြား ဆဲဆိုချေ တော့၏ ။ အဘိုးအိုထံ စာငှက်လေးများ အစာ လာမတောင်းရဲစေရန်လည်း အကြံ ထုတ်တော့သည် ။


တစ်နေ့နံနက်၌ အမယ်အိုသည် အဘိုးအို ထက် အိပ်ရာမှ စောစီးစွာ ထ၍ စာကလေးများ အလာကို စောင့်နေသည် ။ အချိန်တန်သောအခါ စာကလေးများသည်လည်း အဘိုးအို၏ တဲအိမ်ဆီသို့ လာကြကုန်၏ ။ ထိုအခါ အကြံပက်စက်သော အမယ်အိုသည် စာကလေးများကို ပိုက်ကွန်ဖြင့် ဖမ်းကာ လျှာကို ကပ်ကြေးဖြင့် ညှပ်ပြီး ပြန်လွှတ်လိုက်သည် ။ စာကလေးများလည်း နာကြည်းလွန်း ၊ ကြောက်ရွံ့ထိတ်လန့်လွန်းသဖြင့် အသံမပြုရဲဘဲ မိမိတို့၏ နေရာဌာနဆီ သို့ပြန်သွားကြရ၏ ။


မကြာမီ အဘိုးအို နိုးလာသောအခါ စာကလေးများကို ရှာဖွေကြည့်သည် ။ တစ် ကောင်မျှ မတွေ့ရချေ ။ နေမြင့်သည့်တိုင် ရှာဖွေ စောင့်စားခဲ့သော်လည်း စာကလေး တစ်ကောင်တလေမျှ ပေါ်လာသည်ကို မတွေ့ရချေ ။ ထိုအခါ အဘိုးအိုသည် များစွာ စိုးရိမ်ပူပန်မိတော့၏ ။ စိုးရိမ်ပူပန်ရုံမှ လွဲ၍ စာကလေးများ၏ နေရာဌာနကို မသိသဖြင့် မလိုက်တတ်ချေ ။ ယုတ်ညံ့လွန်းလှသော အမယ်အို၏ အကြံကိုလည်း မရိပ်စားမိချေ ။


ဤသို့ဖြင့် တစ်နေ့တာ ကုန်ခဲ့ချေ၏ ။ နောက်တစ်နေ့ နံနက်တွင်မူ စာကလေးများသည် အဘိုးအိုထံသို့ တိတ်တဆိတ်ပျံသန်းလာကြပြီး “ အဘိုးရယ် ၊ လိုက်ခဲ့ပါ ၊ အဘိုးကို ကျေးဇူးဆပ်ချင်လို့ပါ ” ဟု ဆိုကြချေသည် ။ ပြီးနောက် အဘိုးအိုအား သူတို့၏ ဂေဟာဌာန ဖြစ်သော တောတွင်းရှိ ညောင်ပင်ကြီး တစ်ပင် ဆီသို့ခေါ်ဆောင်သွားကြသည် ။


ညောင်ပင်ကြီး အောက်သို့ ရောက်လျှင် အရွယ်သင့်သော မြေအိုးသုံးလုံးကို ယူလာပြီး “ အဘိုး ကြိုက်တဲ့အိုးသာ ယူပါ ” ဟု ပြောသည် ။ အဘိုးအို ကလည်း သင်တို့ ကြိုက်သည့်အိုး သာ ပေးပါဟု ဆိုသောကြောင့် အိုးတစ်လုံးကို ပေးလိုက်ကြသည် ။


အဘိုးအိုလည်း အိုးကို ထမ်း၍ မိမိ၏ တဲအိမ်လေး ဆီသို့ ပြန်ခဲ့၏ ။ အိမ်သို့ ရောက်၍ အိုးကို ဖွင့်ကြည့်ရာ ရွှေများ ဖြစ်နေပြီး အဘိုးအိုသည် ချမ်းသာသွားတော့၏ ။


အဘိုးအို ချမ်းသာသည်ကို အမယ်အို မြင်သောအခါ အကျိုးအကြောင်းကို မေးမြန်း ချေသည် ။ အဘိုးအို ကလည်း မကွယ်မဝှက်ဘဲ အမှန်အတိုင်းသာ ပြောပြလိုက်သည် ။


အကြောင်းစုံကို အမယ်အို သိသောအခါ လောဘဇော တိုက်တွန်းမိသည် ။ အဘိုးအို ထက် ချမ်းသာလိုသော မစ္ဆရိယစိတ်များလည်း ပွားများမိသည် ။ ထို့ကြောင့် စာကလေးများ ရှိ ရာ ညောင်ပင်ကြီး ဆီသို့ လိုက်သွားခဲ့ချေသည် ။


ညောင်ပင်အောက်သို့ ရောက်လျှင် စာကလေးများက “ အမယ်အို ၊ ဘာကိစ္စရှိပါ သလဲ ” ဟု မေးကြ၏ ။ အမယ်အိုလည်း “ အဘိုးအို ချမ်းသာသလို ငါလည်း ချမ်းသာချင်ပါသည် ၊ သင်တို့အား အဘိုးအို ကျွေးသော အစာများထက် ငါက ပိုကျွေးပါမည် ၊ နောက်နေ့များမှ စ၍ ငါ့အိမ်၌ အစာ လာစားကြပါ ၊ အဘိုးအို ထက် ချမ်းသာစေရန်လည်း ငါ့အား ရွှေအိုးကြီးကြီး တစ်လုံးပေးပါ ” ဟု ဆိုချေသည် ။


စာကလေးများက “ အမယ်အိုသည် ကျွန်ုပ်တို့အား အစာကျွေးမည် ဆိုသောကြောင့် ကျေးဇူးတင်ပါသည် ။ သို့သော် အမယ်အို ရက်စက်ခဲ့သော လျှာအနာသည် ကောင်းစွာ မပျောက် ကင်းသေးသဖြင့် အစာကောင်းစွာ မစားနိုင်သေးပါ ၊ အမယ်အိုက ကျွန်ုပ်တို့အား အစားကျွေးမည် ဆိုသော စကားမှာ ကျွန်ုပ်တို့ ထံမှ ရွှေအိုးကို လိုချင်၍ ပြောသည် မဟုတ်လော ။ ကျွန်ုပ်တို့တွင် ရွှေအိုးများ ရှိပါ၏ ။ သစ်ခေါင်းထဲ၌ ထည့်ထားပါ၏ ။ သို့သော် အမယ်အိုအား ဘယ်သောအခါမှ ၎င်းရွှေအိုးများကို ပေးမည် မဟုတ်ပါ ” ဟု ပြန်ပြောလိုက်၏ ။


ထိုအခါ အမယ်အိုသည် ဒေါသအမျက် ကြီးစွာ ထွက်ကာ သစ်ပင်ထက်သို့ လျင်မြန်စွာ တက်လိုက်လေသည် ။


အမယ်အို၏ အကြံမှာ သစ်ပင်ပေါ်သို့ တက်ကာ မိမိအား မေတ္တာ မထားသော ဤစာ ငှက်လေးများကို သ,တ်၍ သစ်ခေါင်းထဲ၌ ထည့်သိမ်းထားသော ရွှေအိုးများကို ယူရန်ဖြစ်သည် ။ သို့သော် အမယ်အိုသည် အတော်မြင့်မြင့်သို့ တက်မိလျှင် သစ်ကိုင်းခြောက် တစ်ခုကို နင်းမိပြီး လိမ့်ကျ၍ သေဆုံးရချေ၏ ။


ဤပုံပြင်ကို ကြည့်ခြင်းအားဖြင့် မောင် ၊ ညီမလေးများတို့သည် အဘိုးအို ကဲ့သို့ သတ္တဝါများ အပေါ်၌ သဒ္ဓါကြည်ဖြူစွာဖြင့် မေတ္တာထားကြစေချင်ပါသည် ။ အမယ်အို ကဲ့သို့ သတ္တဝါများအား ရွံ့မုန်းခြင်း ၊ ကောက်ကျစ်စဉ်းလဲခြင်း ၊ ဒေါသ ၊ မောဟ နှင့် မစ္ဆရိယစိတ် ပွားခြင်းတို့ကို ရှောင်ကြဉ်ကြပါရန် နှလုံးမူစေချင်ပါသည် ။


〇 မျိုးတင့်မော် 

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၈ ၊ ဇန်နဝါရီ

No comments:

Post a Comment