Sunday, August 24, 2025

စောင်ကြီးပတ်တဲ့ မောင်ကြီးနတ်


 ❝ စောင်ကြီးပတ်တဲ့ မောင်ကြီးနတ် ❞

   ( သင်းအောင်ပန် )


တကယ်တော့ ဒေါ်ဖုန်ထ ရဲ့ အဖေအမေ ပေးတဲ့ နာမည်ရင်း က ဒေါ်အေးမိ ရယ်ပါ ။ ‘ ဒေါ်အေးမိ ’ ဆိုလို့ ဟို ... အဆိုကျော် အစ်မကြီး ‘ ဒေါ်တင်တင်မြ ’ တို့ ရဲ့ အဒေါ် ‘ ဒေါ်အေးမိ ’ ကို ပြောတာ မဟုတ်ပါဘူး ။ ယောဆရာကြီး သီချင်းသီ ဆိုခဲ့တဲ့ ဒေါ်အေးမိ က နိုင်ငံကျော် ခေတ်ဟောင်း အဆိုတော်ကြီး တစ်ဦးပါ ။ 


ဒေါ်ဖုန်ထ လို့ ခေါ်တဲ့ ဒေါ် အေးမိ ကလည်း ခေသူ တစ်ဦးတော့ မဟုတ်ပါဘူး ။ နိုင်ငံ မကျော်ပေမယ့် တစ်ချိန်က ဒီ ဟံသာဝတီ တစ်နယ်လုံးမှာတော့ ဖဲလောက မှာ သူ့နာမည် မသိသူ မရှိသလောက် ရှားပါတယ် ။ ဒါလည်း မပြောနဲ့  ။ သူ က ဖဲဝိုင်း ဘယ်မှာ ရှိလဲ ၊ အဲဒီ ရှိတဲ့ အရပ် ရှိတဲ့ ရွာ ကို လွယ်အိတ် တစ်လုံးထဲ ငွေ အလုံအလောက်ထည့် ၊ သူ့သား ‘ ပါတာကျွတ် ’ ( ပါတာကျွတ် ရဲ့ နာမည်ရင်းကလည်း ဖိုးမြ ပါ ။ အဲဒီ ပါတာကျွတ် နာမည် တွင် ရပုံကိုလည်း နောက်အခန်းတွေမှာ ဖော်ပြပါဦးမယ် ) က ယွန်းကွမ်းအစ်ကြီးကို ပိုက် ၊ မအေ နောက်က တကောက်ကောက် လိုက်ရတာကိုး ... ။


သူ့နောက်မှာ ဖုန်တွေ တထောင်းထောင်းထအောင် ရွာစဉ် ဖဲလည်ရိုက်လို့ နောက်တော့ သူ့ကို ‘ ဒေါ်အေး မိ ’ ရယ်လို့ ဘယ်သူမှ မခေါ်မသိတော့ပါဘူး ။ ‘ ဒေါ်ဖုန်ထ ’ လို့ ပဲ နာမည်တွင် သွားတော့ တာပေါ့ ။ ဒါက ‘ ဒေါ်ဖုန်ထ ’  နာမည် ဖြစ်ပေါ်လာခြင်းရဲ့ အကျဉ်းချုပ်ပါ ။ 


နောက် ဒေါ်ဖုန်ထ ဆုံးပါးသွားချိန်မှာ ‘ ပါတာကျွတ် ’ ကလည်း လူပျိုပေါက် အရွယ်ကိုး ။ မအေ ဖဲရိုက်ရာ နောက်လိုက်ရင်းက ခုတော့ သူပါ ဖဲသမား ဖြစ်တော့တာပေါ့ ။ 


တစ်မနက် ဝေလီဝေလင်း ၊ နှင်းမှုန်ဖွဲဖွဲ ၊ လူလုံးမကွဲခင် အချိန်လောက်မှာ ပါတာကျွတ်တို့ အဖေ ဦးလူတုတ် က အိမ်ရှေ့ဗူးစင် ပေါ်က ဝါး ဝါးခြမ်းပြားကလေး ဆွဲ ၊ စိတ်လက်မာန်ပါနဲ့ ပါတာကျွတ် ကို တရွှမ်းရွှမ်းနဲ့ ရိုက်နေတော့တာကိုး ။


ပါတာကျွတ် က လက်ကလေးနှစ်ဘက် ယှက်ပိုက်ပြီး သူ့အဖေ ဝါးခြမ်းပြား ရိုက်ချက်မှာ အင့်ခနဲ ၊ အင့်ခနဲ အသံတိတ် ကြိတ်ခံနေတာ ။ ခက်တာက ပါတာကျွတ် မှာ အစ်ကို ၊ ညီ မရှိ ။ အစ်မ နဲ့ ညီမ သားချင်းတွေသာ ရှိတော့ အိမ်ပေါ် အိပ်ခန်းမှာ အိပ်နေတဲ့ အစ်မတွေ ၊ ညီမတွေ နိုးသွားပြီး သူ့အဖြစ်ကို တွေ့မြင်သွားရင် အခက်ဆိုတဲ့ အသိနဲ့ ပေါ့ ။ 


ဒါပေမယ့် ..


သူ အဖေ ဦးလူတုတ် က လက်က ဝါးခြမ်းပြား လွှဲလွှဲရိုက်နေသလို ပါးစပ်ကလည်း 


“ ဟင် ... နင် ဒီလောက်မိုက်မဲ ရသလား ။ ဖဲရိုက်တာ မရိုက်ရဘူး မဆိုပါဘူး ၊ ရိုက်ပါ ၊ ခုတော့ ဝတ်စားသွားတဲ့ အဝတ်အစားက စ တစ်ခုမကျန် အကုန် ချွတ်ရိုက်ရသလား .. ရွှမ်း ”


အဲဒီလို အော်အော်ပြော ရိုက်နေတော့ အိမ်ပေါ် အိပ်ခန်းက အစ်မတွေ ၊ ညီမတွေလည်း အကုန် နိုးကုန် တော့တာပေါ့ ။ ဒီတော့မှ ပါ တာကျွတ် လည်း ငယ်ပါလေးကို လက်ကလေး နှစ်ဖက် ယှက်အုပ်ပြီး ဟိုးနောက် သူ့ အိပ်ခန်းဆီ ရုန်းပြေးရတော့တာပေါ့ ။


သူ ပြေးပေမယ့် ဘယ်လွတ်ပါ့မလဲ ။ အဲဒီ သတင်းက တစ်ရွာလုံး ပြန့် တဟားဟား ဝါးဝါး ပွဲကျ ။ သူ့ အဖြစ်က အဲဒီ ရွာပါမက ရွာနီးချုပ်စပ် ထိ ပြန့် ။ အဲဒီအချိန်က စ သူ့ နာမည် ဖိုးမြ ဆိုတာလည်း ပျောက်ကွယ် ၊ သူ သေသည့်တိုင်ထိ ‘ ပါတာကျွတ် ’ လို့ ပဲ လူသိများ ၊ အဲဒီနာမည်ပဲ တွင်သွားတော့ တာလေ ။


ဟော ... ပါတာကျွတ် က မွေး ပါတာကျွတ်သား ငလုံး ။ သူကျတော့ ဖဲသမား အစစ်ကြီး မဟုတ်ပေမယ့် အရပ်ထဲ ဖဲဝိုင်း မှန်သမျှ သူ မရောက် မရှိ ရောက်နှင့် နေတော့တာပါပဲ ။ ဖဲဝိုင်း ကနေ ဆေးလိပ် ကွမ်းယာ ၊ လက်ဖက်ရည် ၊ အရက်ကလေးများ ဝယ်ခိုင်းလိုက် ၊ သူ မငြင်းဘူး ။ အပြေး ကို ရှာကြံ သွားဝယ် ပေးတတ်တာ ။ နိုင်တဲ့ သူတွေက မုန့်ဖိုးပေး .... အဲဒီ မုန့်ဖိုးလေး နဲ့ ကြားဝင် ထိုးပေါ့လေ ။ အဲဒီလို နေခဲ့တာ ။ ဒီလိုနဲ့ လူလားမြောက်တဲ့ ခုချိန်ထိ ။


သူ့ဘော်ဒါက အေးကြည်မ ... ။


အေးကြည်မ ယောက်ျားက နေ့နေ့ညည မနားရရှာဘူး ။ အငှားတက္ကစီ ကားမောင်း လုပ်ကျွေး ရှာတယ် ။ သူ့မိန်းမ ဖဲရိုက်တာလည်း မကြိုက်ဘူး ၊ ဒီတော့ ...


“ အေးကြည်မ ၊ မင်း ငါ့ကို ဖြတ်မလား ။ အဲဒီ ဖဲကို ဖြတ်မလား ” မေးနဲ့ လင်မယားတွေ တဂျိမ်းဂျိမ်း ရန်ပွဲနွှဲခဲ့ကြတာလည်း မနည်းတော့ပါဘူး ။ အဲဒီလို မေးတိုင်းလည်း ...


“ ယောက်ျားရယ် ... ရှင် ကုတ်နဲ့ ကော်ချတောင် ... ကျွန်မ မဆင်းနိုင်ဘူး ၊ တတ်နိုင်လို့ ဘူဒိုဇာနဲ့ တွန်းချ ဦးတော့ ကျွန်မ ရှင့်ကို မကွာနိုင်ပါဘူး ၊ ကျွန်မ ဒီကနေ့က စ ဖဲကို ဖြတ်ပါတော့မယ် ”


အဲဒီ အပြောတွေနဲ့ ပဲ အရပ်ထဲက အရှေ့ ခုနစ်အိမ်ကြား ၊ အနောက်ခုနစ်အိမ်ကြား ငိုယိုတိုင်တည် အော်အော်ပြော ၊ ကတိတွေ အထပ်ထပ် ပေးပေမယ့် သူ့ ယောက်ျား မောင်ဝင်းကျော်လေး လစ်တာနဲ့ ဖဲဝိုင်းကို ရောက်နေနှင့် တော့တာ ။ ဒါကိုသိတော့ သူ့ယောက်ျား မောင်ဝင်းကျော် က သူ့ကို လုပ်ခမအပ် ။ အိမ်သုံးဈေးသုံး ဖို့လည်း စစ်စစ်စီစီ ပေးတော့တာပေါ့ ။


ဒီမှာ အေးကြည်မ က ဘယ်သူ့သားနဲ့ ဘယ်သူ့သမီး မင်္ဂလာဆောင် ဆိုပြီး ဝတ်စားသွား ၊ အပြန်မှာ အဲဒီ အဝတ်အစားတွေကို အပေါင်ခံတဲ့ မမရွှေရီ တို့ အိမ်ရောက် ၊ တစ်ခါတလေလည်း အဲဒီ မမရွှေရီ ဆီက ၁ဝဝ ကို ၂၀ တိုးနှုန်းနဲ့ ငွေလှည့် ၊ ဖဲဝိုင်း ထိုင်ပေါ့ ။


ဒါလည်း စာရေးကြီးကတော် မရွှေရီ က နဂိုတောသူ ။ ရိုးလိုက် အလိုက်တာလည်း လွန်ရော ။ အေးကြည်မ လှည့်သမျှ သူ ခံနေရရှာတာ ။ တစ်ခုတော့ ရှိတယ် ။ အေးကြည်မ က  သစ္စာတော့ အရှိသား ။ ဖဲနိုင်လို့ကတော့ အဲဒီ အစ်မရွှေရီ ဆီက လဲဝတ်ထားတဲ့ အဝတ်အစားတွေရော ၊ ငွေတိုးရင်း ဆိုတာတွေပါပေး ၊ အဲဒီ အစ်မရွှေရီ အကြိုက် ကော်ဖီနဲ့ နံပြား ဆိုတာလည်း ဝယ်ကျွေး ၊ နောက်ပြီး သူ အာမခံပြီး အစ်မရွှေရီ ဆီက ငွေလှည့်ဆွဲ ပေးထားတဲ့ သူတွေ ဆီကလည်း ငွေကို အာကြမ်းနှုတ်ကြမ်း ပြန်ရအောင် တောင်းပေးတတ်ကို ။ 


ဒီတော့ အစ်မရွှေရီ က အေးကြည်မ ကို လက်မလွှတ်ရဲ ၊ ဒါလည်း အစ်မရွှေရီ ခမျာ လင် လုပ်စာ တစ်ခုတည်း ၊ လူမမယ် ကျောင်းနေ အရွယ် ကလေးတစ်အုပ်နဲ့ ဆိုတော့ ကလေး မုန့်ဖိုးရရ ဆိုပြီး ရတာလေးကို ကျစ်ကျစ်ပါ စုဆောင်း ၊ ဟို မင်္ဂလာဦးတုန်းက နှစ်ဖက်မိဘများ လက်ဖွဲ့အဖြစ် ပေးလိုက်တဲ့ ရွှေတိုရွှေ စကလေးတွေ ထုခွဲရောင်းချ ၊ အေးကြည်မ အကြံဉာဏ် ၊ အေးကြည်မ အကူအညီနဲ့ ငွေတိုးကလေး ပေးစားခဲ့တာ မဟုတ်လား ။


ဖြစ်ချင်တော့ အဲဒီ အစ်မရွှေရီ ယောင်္ကျား ကိုအောင် တစ်ယောက် မမျှော်လင့်ဘဲ အစာအိမ် သွေးကြောပေါက်ပြီး ဆုံးတော့ အစ်မရွှေရီ ခမျာ ကလေးတစ်အုပ်နဲ့ မလုပ်တတ် ၊ မကိုင်တတ် ။ ရှိတဲ့ နှစ်ထပ်အိမ်ကြီး အပေါ်ထပ် ငှားစားဖို့ ဟာလည်း သူ့မှာက လူပျိုဝင်စ ၊ အပျိုဝင်စ သားကြီး ၊ သမီးကြီးတွေက ရှိ ။ နောက်ပြီး အိမ်ငှားက အိမ်ခန်းလု ဆိုတဲ့ အမှုအခင်း တွေးသည် ။ ရပ်ကွက်ထဲ ကြာမကြာ ကြားကြားနေရတော့ ငှားမစားရဲ ။ ဒီကြားထဲ အရက်သမား ၊ အမူးသမားကို အိမ်ငှားမိပါက ငါးပါးမှောက် ရချည်ရဲ့ ဆိုတဲ့ အတွေးပေါင်းစုံနဲ့ အိမ်လည်း မငှားရဲ ။ 


“ အမယ်လေး .... အစ်မရွှေရီ ရယ် ... ဒါများ အပူထုပ်ကြီးလုပ် ... စိတ်မချမ်းမသာ ဖြစ်မနေနဲ့ ... ဟော အေးကြည်မ ကြံ ခံနိုင်ရိုးလား ” 


အဲဒီ အေးကြည်မရဲ့ အကြံဉာဏ် ၊ အကူအညီ ၊ အဆက်အသွယ်နဲ့ပဲ ဟို သွပ်မိုး ပျဉ်ထောင် ပျဉ်ခင်း လေးပေပတ်လည် အမိုး မျက်နှားကျက် ကျောက်ပြားကြီးတွေ ကပ် ၊ အခိုင်အခန့် ၊ အိမ်အပေါ် ထပ်ကြီးမှာ ဖဲဝိုင်း ထောင် ၊ အကောက် ကိုတော့ အေးကြည်မ က တာဝန်ယူ ကောက်ပေး ၊ အစ်မရွှေရီ လည်း အိမ်အပေါ်ထပ် လှေကားတစ်ထစ် တက်စရာ မလိုဘဲ အကောက်ငွေတွေ ရ ဆိုတော့ ဟန်ကို ကျလို့ ပေါ့ ။


နောက် ဟန်ကျသူ တစ်ဦး ကတော့ ငလုံး ။


သူက အစ်မရွှေရီ တို့ အိမ်အောက်ထပ် လှေခါးမကြီး ခြေရင်းမှာ ရှိတဲ့ ကျောက်ခုံကလေး မှာ ထိုင် ၊ ရဲစောင့်တဲ့ အလုပ် ရတော့တာပေါ့ ။


တစ်နေ့ ...


ရပ်ကွက်ထိပ် လမ်းချိုးကလေးအဝ အဝင်မှာ ရဲရိပ်ကို တွေ့တယ် ဆိုတာနဲ့ သူက အလျင်စလို ...


“ ဟေ့ ... လာပြီဟေ့နော် ” 


“ ဟေ့ ... လာပြီဟေ့နော် ” 

ဆိုပြီး ထအော် အပြောမှာ အပေါ်ထပ်က ဖဲဝိုင်းက လူတွေလည်း ဖဲဝိုင်း ရုပ်ဖျက် ၊ ဟို အုန်းတော်နဲ့ အမေပဲခူး မှာ တင်ဆက်ထားတဲ့ လက်ဖက်ပွဲနဲ့ ... နောက် နံရံနံဘေး အသင့် ချထားတဲ့ နှုတ်ခမ်းပဲ့ ရေနွေးခရားအိုး ကို အလယ်မှာ ချ ... အိမ် အလည်လာ ဝိုင်းဖွဲ့စကားပြော နေကြတဲ့ ပုံ ... ရယ်ကာမောကာ ... ဟောင်ဖွာ ၊ ဟောင်ဖွာ ... စကားတွေ ပြောနေကြတာလေ ။ တချို့က အဲဒီ ဝိုင်းနံဘေး ဝမ်းလျားတောင် မှောက်နေသေး ။ တစ်ယောက်စ ၊ နှစ်ယောက်စ ကတော့ အိမ်အပေါ်ထပ် ရှေ့ခန်း ပိတ်ထား တဲ့ ပြတင်းတံခါးတွေ ဖွင့် ...  ၊ အဲဒီတံခါးဘောင်ဘေး ဒူးကလေးနန့် ၊ စီးကရက်ကလေး လက်ကြားညှပ် ၊ မိတ်ဆွေများ အေးအေးလူလူ တွေ့ပြီး ရောက်တက်ရာရာ စကားပြောနေကြတဲ့ပုံ ။ 


ဒီကြား ဟိုအကောင် ထွန်းမောင် ၊ ဘုရားစင်ဆွမ်းကပ် ထားတဲ့ ဆွမ်းတော်ထမင်း တွေကို ပလုပ်မလောင်း နှိုက်စား ၊ လည်ဝ နင်နေလို့ ကျောနှိပ် ဂုတ်နှိပ် ၊ နှိပ်သူတွေ နှိပ်ကြ တဲ့ အချိန် ရဲတွေ တက်လာပါလေရော ။


ဒါပေမယ့် သူတို့ အထင်နဲ့ အမြင် လွဲ ၊ ဖဲထုပ်က ဖျောက်ထားလို့ အစအန မတွေ့ ။ လူ တွေ အားလုံး ကလည်း ပျော်ပျော်ရွှင်ရွှင်ရွှင် ရယ်ရယ်မောမော ဝိုင်းဖွဲ့ စကားပြော နေတာ ကိုပဲ တွေ့မြင်ရတော့ ..


“ ဆောရီးဗျာ .. ကျွန်တော်တို့ အိမ်မှား ဝင်ခဲ့ပြီ ထင်တယ် ” 


ဆိုပြောပြီး တစ်ဖွဲ့လုံး ပြန်ဆင်းသွား ကြတာကိုး ။ ဒီနောက်တော့ ငလုံး ကို သူတို့ လုံးဝ ယုံကြည်စိတ်ချသွား ။ ဒါ ... ငလုံး အကင်းပါး ၊ အကြည့်တော် ၊ အစောင့်တော် လို့ ဆိုပြီး ဘောက်ဆူးတွေ ဝိုင်းချ လိုက်ကြတာ ... အဲဒီနေ့က ငလုံး အတော် ထောသွားတာ ။ 


တစ်နေ့တော့ ... 


ငလုံး လမ်းထိပ် ကွမ်းယာဆိုင် ကွမ်းယာ ထွက်ဝယ် ။ သူ့ နေရာ ကို တော့ သူ က ပြန်ခိုင်း စားနေတဲ့ ကု,လားပု ဆိုတဲ့ ကောင်ကလေးကို လက်ချာ ပေး ... ၊ သူ စိတ်ချလက်ချ ထားခဲ့တာ ။


ဒီမှာ ..


“ ဒီနား ဝိုင်း ကောင်းကောင်းများ မရှိဘူးလား ။ ရွှေဘိုဒိုင် ငွေလိုလို့ ထိုင်ချင်လို့ပါဗျာ ” ဟု စုံစမ်းနေတဲ့ လူရွယ်သုံးယောက်နဲ့ တွေ့တော့တာကိုး ။ သူက သေချာအောင် “ မင်းတို့ ငွေရော အလုံအလောက် ပါရဲ့လား ” ဆိုတော့ အဲဒီ လူရွယ်သုံးယောက်ထဲက သူ့ပခုံး သိုင်းလွယ်ထားတဲ့ ဟို သားရေအိတ်ကလေး ဇစ်ကို ဖွင့် ထောင်ထန် ၊ သောင်းတန် အုပ်ကို ဖွင့်ပြတာကို ။ ထောင်တန် ၊ သောင်းတန်အုပ် ကို မြင်တော့ ငလုံး သွားရည် တမြားမြားကျ ၊ “ လာလိုက်ခဲ့ ” ဆိုပြီး ခေါ်လာတော့တာပေါ့ ။


ဟို ... အိမ်ဝလှေကားခြေ ရောက်တော့မှ ... 


“ ဟေ့ ၊ မပြေး ” နဲ့ ဆို အဲဒီ ငလုံး ဂုတ်ကို ဝိုင်းချုပ် ။ ဘယ်က ဘယ်လို ထွက်လာမှန်း မသိတဲ့ အပိုင်ရဲတွေ ကလည်း အိမ်ပေါ်ထပ် လှေကားဆီ တဝုန်းဝုန်း ပြေးတက်လာကြတော့တာပေါ့ ။


သူတို့ ဟိုတစ်ခါ အပတ်ခံရတာကို ဘယ် ကျေနပ်ပါ့မလဲ ။ ခုလည်း ရဲသင်တန်းကျောင်းက ရဲသင်တန်းတက် လူရွယ်ကလေးတွေကို အသေအချာ သင်ကြား ရှေ့ပြေး ဒလန် လွှတ် ၊ ဒါကို ငလုံး ကလည်း ရဲမှန်း မသိတော့ ခေါ်လာမိ ... ။ ခုတော့ “ ဟေ့ လာပြီဟေ့နော် ” လို့ အချက်မပေး နိုင်တဲ့ အပြင် သူ့ကိုပါ ဖမ်းချုပ်ထားခံ ဖြစ်ရလေတယ် ။


အဲဒီ ရဲတွေ အပေါ်ထပ် ပြေးတက် အပေါ်ထပ် ရောက်သို့ ကြည့်လိုက်တော့ အိမ်ရှေ့ခန်းမှာ တစ်ယောက်မှ အစအန မတွေ့ ။ ကြောင်ရပ်ကြည့်နေတုန်း ဗြုန်းဆို ...


‘ ဝုန်း ’ ဆိုတဲ့ အသံနက်ကြီးနဲ့ အတူ အဲဒီ ‘ ဝုန်း ’ ဆို အသံနက် ရဲ့ နောက်ဆက်တွဲ “ ဝေါ ... အု ... အင့် ” ဆိုတဲ့ အသံကြီးကြောင့် ရဲတွေ နောက်လှည့် ပြန်ပြေးဖို့ အရွယ် မှာ “ အား ... အမေ့ ... အမေ ” ဆိုတဲ့ ညည်းသံကြား ... ။ သူတို့ ပြိုင်တူ ကြည့်တိုက်ကို သူတို့ ရပ်နေရာ ရှေ့တည့်တည့် ၊ လေးပေပတ်လည် အမိုး မျက်နှာကျက်ကျောက်ပြားကြီး ပွင့်ထွက် ။ ပွင့်ထွက်နေတဲ့ အပေါက်ထဲ ကနေ လူတစ်ယောက်ဟာ တန်းလန်းကြီး နဲ့ ယက်ကန်ယက်ကန် ဖြစ်လို့ ။ အဲဒီ လူဟာ ကျောက်ပြားကြီးကို အမှတ်တမဲ့ ချော်နင်း လိုက်ပုံရပါတယ် ။ ဒီမြင်ကွင်းကို ရုတ်ချည်း တွေ့လိုက်တဲ့ ရဲတပ်ကြပ် တစ်ယောက် က ‘ ဝပ် ’ ဆို ကုန်းအော် ။ ရဲ အားလုံး ဝပ်နေချိန်မှာပဲ မျက်နှာကျက် အကွဲထဲက လူဟာ ပြုတ်ကျလာ ။ ဝပ်နေတဲ့ ရဲတွေရဲ့ ခန္ဓာကိုယ်ပေါ် ပြုတ်ကျ ။ “ အား ဘုန်း အင့် ” ဆိုတဲ့ အသံဟာ ဆင့်ကဲ ပေါ်ထွက်လာတယ် ။ တကယ့်ကို ထိတ်လန့်တကြား မြင်ကွင်းပါပဲ ။ 


အဖြစ်ကတော့ ... 


ဖဲရိုက်ကစားနေတုန်း တစ်ယောက်က ရဲအရိပ် မြင် ၊ အိမ်အပေါ်ထပ် ဆိုတော့ နောက်ဘက် အပြင်ထွက်ရာ အပေါက်လည်း မရှိ ။ ဒီတော့ ဟိုအမိုးအောက် မျက်နှာကျက်ပေါ် အားလုံး စုပြုံ ပြေးတက် ပုန်းခိုကြလေယ် ။ နောက်ဆုံး ပြေးတက်တဲ့ မော်လေး ဆိုတဲ့ လူကတော့ အပေါ်မှာ မှောင်ကလည်း မှောင် ၊ ကြောက်ကလည်း ကြောက်ကြောက်နဲ့ မျက်နှာကျက်ဘောင်ကွပ် သစ်သားတန်းပေါ်  နင်းခွဖြတ်ကျော် မပြေးမိဘဲ မျက်နှာကျက်ကျောက်ပြားပြင် အလယ်တည့်တည့် ပြေးနင်း မိပုံရတယ် ။ ကျောက်ပြား က သူ့တစ်ကိုယ်လုံး ဝိတ်ကို မခံနိုင် ။ နင်းအမိမှာ ကွဲကြေပြိုကျ လေရော ။ အောက်က ရဲတပ်ကြပ်ကြီး ခံနေလို့သာ မသေရတဲ့ ဘဝတွေ ဖြစ်ရလေတယ် ။


ဒီတော့မှ ရဲတွေလည်း အဲဒီ အပေါက်ကနေ ဟို မှောင်မည်းမည်း အိမ်ခေါင်တိုင် နဲ့ မျက်နှာကျက်ကြား ကို လက်နှိပ်ဓာတ်မီး ( တုတ်မီး ) နဲ့ တိုးဝှေ့ရမ်းထိုး ကြည့်ကြတယ် ။ လား ... လား ဟို အိမ် အမိုးအောက်က ထုတ်တန်း မှာ ဝက်ကြီးတစ်ကောင် လို လက်နှစ်ဘက်ပူး ၊ ခြေနှစ် ဘက်ပူး ကြိုးတုတ် အဲဒီကြား ဝါးလုံးသျှို ထမ်းပိုးထားသလို လူတစ်ယောက်ပါလား ။ သူ့ အဖြစ်ကလည်း လက်နှစ်ဘက် ၊ ခြေနှစ်ဘက်ကို ထုတ်တန်းချိတ်လျက် တွဲလောင်းကြီး ။ ကျော်ဖြီး ဆိုတဲ့ ပုဂ္ဂိုလ် ပါ ။ ဒါထက် အမြင်ဆိုးတာက ပုဆိုး ဟာ သူ့ခါးမှာ ရှိမနေတော့ဘဲ တုံးလုံးကြီး ။ အဲ ဒါပေမယ့် သူ့ခေါင်းမှာ တော့ ထဘီတစ်ထည်က စွပ်လျက်သား ။ အေးကြည်မ ရဲ့ ထဘီကြီး ။ ကျော်ဖြီး ခမျာ ခြေလည်း လွှတ်မရ ၊ လက်လည်း လွှတ်မရ ဆိုတော့ ခေါင်းခါခါ ၊ လည်ခါခါ နဲ့ အဲဒီ သူ့ခေါင်း စွပ်နေတဲ့ ထဘီကွင်းလုံး ကို ခါခါချ နေတယ် ။ ထဘီက မီးရထား အလံပြသလို ဟိုဘက် သည်ဘက် ရမ်းခါနေတော့တာပေါ့ ။


တစ်ယောက်ကျတော့ အဲဒီ မျက်နှာကျက် ပိတ်ရိုက် သစ်သားတန်းဘောင် မှာ ကုန်းကုန်းကွကွကြီး ။ နောက်တစ်ယောက် ကျတော့ အိမ်မကြီး အလယ်တိုင်ကို ဖက် ၊ ခေါင်းကလေး စောင်း ၊ အောက်က လက်နှိပ်ဓာတ်မီး အလင်း လာရာဆီ ငုံ့ကြည့်နေတာ ။ လက်နှိပ်ဓာတ်မီး မီးအလင်းမှာ လူ မမြင်ရဘူး ။ ခေါထွက်နေတဲ့ ရှေ့သွား ဖွေးဖွေးတွေ ကိုသာ လှမ်း မြင်ရတယ် ။ ဘယ် မြင်ရပါ့မလဲ ။ သူက ကု,လားကလေးခေါစိန် ( ခေါ် ) ချွတ်တား ကို ။ 


ထူးဆန်းနေတာ မီးရောင်အထိုးမှာ အေးကြည်မ ကို မတွေ့ရဘူး ။ အေးကြည်မ ဘယ် ရောက်လို့ ဘယ်ပျောက်သွား ပါလိမ့် ။ ထဘီလေး တစ်ကွင်းသာ သဲလွန်စ ကျန်ခဲ့တယ် ။ အဲ ... ဘယ်မှ မပျောက်ပါဘူး ။ ဟို ... အိမ်ခေါင်းရင်း က ခြောက်လက်မပတ်လည် တိုင်လုံးကြီးကို အိမ်မြှောင်ကပ် သလို အသေတွယ်ကပ် ငြိမ်နေတာကိုး ။ အဲဒီ ကွဲကြေ အပေါက်ကနေ ဟိုး ခေါင်းရင်းဆုံး တိုင်ထိ မီးအလင်းရောင် က ရောက်မှ မရောက်ဘဲဟာ ။ နောက်ပြီး အေးကြည်မ က နဂို ပိန်ပိန်ကပ်ကပ် ၊ သေးသေးသွယ်သွယ် ဆိုတော့ တိုင်လုံး နဲ့ တသားတည်းလို ဖြစ် နေလေတယ် ။ သူ့ ကို မတွေ့တာလည်း ကောင်းပါတယ် ။ ဒါနဲ့ သူ့ ခါးက ထဘီဟာ ဘယ်လိုဘယ်လို ကျော်ပြီး ကျော်ဖြီး ခေါင်း စွပ်ကျန်ခဲ့တယ် မသိပါဘူး ။ ခုချိန် သူ့ ကို လူတွေ့ခံ ကြည့်မကောင်း အဖြစ်မို့လား ။ ဒီအတိုင်းပဲ ကောင်းပါတယ် ။


“ ကဲ ... မင်းတို့ အားလုံး ဆင်းခဲ့ကြစမ်း ”


ဒီအချိန်မှာ နယ်ထိန်း က ဟိုတစ်စ ဒီတစ်စ ပြန့်ကြဲနေတဲ့ ဖဲချပ်တွေ ၊ ပန်းကန်ချပ်တွေ ၊ ထိုးငွေလောင်းကြေးငွေ ၊ စက္ကူရွက်တွေ ကို ကောက်ယူ သိမ်းဆည်းရင်း ... ၊ ဟို ဖဲဝိုင်း အောက် မှာ ခင်းတဲ့ တွန့်တွန့်ကြေကြေ အညာဖျင်ကြမ်း စောင်ကလေးကိုလည်း ဆွဲယူရင်း ...


“ ဟိုကောင်...... ရော့ ... မင်း ဒီစောင်ကို ပတ်ပြီး ဆင်းခဲ့ ” လို့ ကျော်ဖြီး ကို ပြောလိုက်တယ် ။ 


ကျော်ဖြီး  ၊ မျက်နှာကျက်ဘောင် သစ်သားတန်းပေါ်ကနေ အသာလွှဲဆင်း ၊ ပုဆိုး မပါတဲ့ သူ့ အောက်ပိုင်းကို စောင်ပတ်ပြီး ဆင်းလာတယ် ။ အားလုံး ကြမ်းပြင်ဆီ တန်းစီ ရောက်လာကြတယ် ဆိုရင်ပဲ ...


“ ကဲ .. မင်းနာမည် ပြော ”  


“ မော်လေး ( ခေါ် ) ဇော်မော်ဦး ”


“ နောက်တစ်ယောက် ” 


“ ခေါစိန် ( ခေါ် ) ချွတ်တား ” 


ဒီတော့ ရဲသားကလေး တစ်ယောက်က “ ဒီကောင့် သွားတွေ ရွှေချထားဖို့ ကောင်း တယ် ” အပြောမှာ အားလုံး ဝါးခနဲ ပွဲကျသွားတယ် ။ 


“ နောက်တစ်ယောက် ” 


“ အောင်ဖြိုးလင်း ”


 ”မင်း ” 


“ ကျော်သူမင်း ”


ကျော်ဖြီး အလှည့်ကို ရောက်လာတယ် ။


“ မင်းနာမည် ” 


“ မောင်ကြီးနတ် ... ပါ ”  လို့ နတ်သံနှော အပြောမှာ ...


“ ဘာကွ ” 


“ ဟုတ်တယ်လေ .... ဒီမှာ ကျွန်တော့်ကိုယ်မှာ ပုဆိုးမပါ ၊ စောင်ကြီးပတ်ထားတာ ... အပြည့်အစုံက ‘ စောင်ကြီးပတ်တဲ့ မောင်ကြီးနတ်ပါ ’ တဲ့ ခင်ညာ ” 


“ ဟေ့ကောင် ... ဒါ နောက်ပြောင်စရာ မဟုတ်ဘူးကွ ... ကောင်းကောင်း ပြောစမ်း ” 


ရပ်ကွက်သက်သေ အဖြစ် ပါလာတဲ့ လမ်းလူကြီး ခေါ်မလား ၊ ဆယ်အိမ်မှူး ခေါ်မလား ဦးသက် က သည်အချိန်မှာ ဒါကို အကွက်ပဲဆို ဝင်ထောက် ... ။ အဲဒီ ကျော်ဖြီး ( ခေါ် ) ကျော်ဖြိုး ကို လွတ်ရာလွတ်ကြောင်း ဝင်ပြောပေးတယ် ။


“ ဒီကောင်လေးက ဦးနှောက် သိပ်မကောင်းရှာဘူး .. ခုလည်း ကြောက်ပြီး သွေးရူးသွေးတမ်းနဲ့ ကယောင်ချောက်ချား ဖြစ်သလားမသိဘူး ၊ အစ မကောင်းတဲ့ ဦးနှောက်က ပျက်ပြီး ကယောင်ကတမ်းတွေ ပြောနေသလား မှ မသိတာ ” 


ဟူ၍ ထပြော ။ ပြောရင်း နဲ့ ရပ်ကွက်ဥက္ကဋ္ဌ ကိုလည်း မျက်စိမှိတ်ပြ ။ 


ဒီအချိန်မှာ နယ်ထိန်းက စိတ်မရှည်လေဟန်နဲ့ ... 


“ ကဲ .... ဒီလိုဆို ... စခန်း ရောက်မှ သက်ဆိုင်ရာ ဆရာဝန်စစ်ချက် ယူမယ် ၊ ခုတော့ စောင်ကြီးပတ်တဲ့ မောင်ကြီးနတ် နဲ့ အမှုတွဲ အားလုံးကို စခန်းခေါ်သွား လိုက်ဦးမယ် ” ဟု ပြော ။ သူတို့ အားလုံးကို ရဲကားပေါ် တင် ခေါ်သွားလေတော့တယ် ။


••••• ••••• •••••


အဲဒီနေ့က စလို့ ဟောဒီ ရပ်ကွက်ကလေးမှာ အမျိုးသမီး ဖဲသမားဆို “ ထဘီကျွတ်၍ လွှတ်လိုက်သည် ” အမျိုးသား ဖဲသမား ဆို “ ပုဆိုးကျွတ်၍ စောင်ပတ်ဖမ်းသည် ” ဆိုတဲ့ ဟားစရာ စာချိုးလေးတွေ ပြောစမှတ်တွင် ကျန်ရစ်ခဲ့ပါတော့တယ် ။


 ▢ သင်းအောင်ပန် 

📖သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း

     အမှတ် - ၂၅

     မေလ ၊ ၂၀၁၄

No comments:

Post a Comment