Saturday, August 9, 2025

ဝတ္ထု တစ်ပုဒ်ကို စကားပြောနဲ့ စလို့ ရပါသလား


 

❝ ဝတ္ထု တစ်ပုဒ်ကို စကားပြောနဲ့ စလို့ ရပါသလား ❞

လစဉ်နဲ့အမျှ ရွှေအသစ်ကဏ္ဍကို ရောက်ရှိလာတဲ့ ဝါသနာရှင်များရဲ့ စာမူပေါင်း များစွာကို ဖတ်ရပါတယ် ။ ဒါပေမဲ့ ကျွန်တော် ဖတ်ခဲ့ရတဲ့ စာမူအားလုံးမှာ နေရာ အခင်းအကျင်းကို ဖော်ပြတဲ့ အရေးအသားများနဲ့သာ စတင်ပြီး ဝတ္ထုကို ဖွင့်တတ်ကြပါတယ် ။

Writers မဂ္ဂဇင်းမှာ ဝတ္ထုအဖွင့်နဲ့ ပတ်သက်ပြီး ဝါသနာရှင် တစ်ယောက်က “ ဝတ္ထု အဖွင့်ကို စကားပြောနဲ့ ဖွင့်လို့ ရပါသလား ” လို့ မေးပါတယ် ။ ဒီအခါ ဝါသနာရှင်များ သိလိုတဲ့ အချက်အလက်များကို ပြန်ကြားပေးနေတဲ့ ကဏ္ဍမှ စာရေးဆရာမ Brandi Reissenweber က ပြန်လည်ဖြေကြား ပေးခဲ့ပါတယ် ။ သူ့ အဖြေများကို လေ့လာကြည့်ခြင်းအားဖြင့် ဝါသနာရှင် ရွှေအသစ်များ အနေနဲ့ ဇာတ်အဖွင့် ပုံစံတစ်ခုကို တွေ့နိုင်မှာ ဖြစ်လို့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ကဏ္ဍမှ ဖော်ပြ ပေးလိုက်ပါတယ် ။

••••• ••••• •••••

ဝတ္ထု အဖွင့်ကို စကားပြောနဲ့ ဖွင့်လို့ ရပါသလား မေးလာရင် ကျွန်မကတော့ ရပါတယ်လို့ ဖြေမှာဖြစ်ပါတယ် ။ ဥပမာအားဖြင့် အင်တန်ချက်ကော့ဗ် ရေးခဲ့တဲ့ My Life ဝတ္ထု ရဲ့အဖွင့်ကို ဥပမာပေးချင်ပါတယ် ။ သူက ဒီလို ရေးထားပါတယ် ။

ဒါရိုက်တာက ကျွန်တော့်ကို “ မင်းကို ဒီမှာ ထားတာ မင်းအဖေရဲ့ သိက္ခာကို လေးစားလို့ ၊ အဲဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ ဒီနေရာကနေ မင်းကို ကန်ထုတ်လိုက်တာ ကြာပြီ ” ဟုဆိုသည် ။

Guilt ဆိုတဲ့ ဝတ္ထုတိုမှာ လည်း စာရေးဆရာမ ဂျူဒီဘတ်နစ်ဇ် က ဒီလို ရေးခဲ့တာ ဖတ်ခဲ့ရ ဖူးပါတယ် ။

“ မင်းက ဘယ်လို သားလဲ ” ဟု အန်တီဖရန် က ဆိုသည် ။

ဒီဝတ္ထု နှစ်ပုဒ်ရဲ့အစကို ကြည့်မယ်ဆိုရင် နှစ်ပုဒ် စလုံးက ပြဿနာ တစ်စုံတစ်ခုနဲ့ စ ထားတယ် ဆိုတာ သိသာပါတယ် ။ ဂျူဒီ ဆက်ရေးတာကို လေ့လာကြည့်ရအောင်ပါ ။

အန်တီနီနာ ကလည်း “ ဒါ မင်းရဲ့ သွေးရင်း သားရင်းပါနော် ” ဟု ဆိုပြန်သည် ။

“ မင်း အမေကဖြင့် မင်း အတွက်ဆိုရင် ဘာမဆို လုပ်မယ့် မိန်းမ ၊ မင်းနဲ့ ပတ်သက်လာရင် ကမ္ဘာပေါ်မှာ သူမလုပ်နိုင်တဲ့ အလုပ် ဘာမှ မရှိဘူး ” ဟု အန်တီဖရန် က တဖျစ်တောက်တောက် ဆက်ပြောပြန်သည် ။

“ တကယ်ဆိုရင် မင်းက အခု မင်းအမေအတွက် နည်းနည်းလေးတော့ စောင်းငဲ့ကြည့်သင့်ပါတယ် ... ရှက်စရာ ကောင်းလိုက်တာ ” ဟု အန်တီနီနာ က စကားဆက်ပြန်သည် ။

“ တော်ပါသေးရဲ့ ၊ ငါ့မှာ ကလေး တစ်ယောက်မှ မရှိတာကိုဘဲ ဝမ်းသာရသေးတယ် ။ ကလေးတွေကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် ကြိုးစား မွေးလာပြီးမှ သူ့လို သားသမီးမျိုးနဲ့ တွေ့ရင်တော့ ရင်ကျိုးရချေရဲ့” ဟု အန်တီဖရန် က ငိုသံကြီး နှင့် ပြောလိုက်သည် ။ ရာသီဥတုက ပူနေသော်ငြားလည်း အန်တီက သူ့ဆွယ်တာကို ဆွဲပြီး ရင်ဘတ်ကို စေ့လိုက်သည် ။

စာဖတ်သူ အနေနဲ့ ဒီ အခြေအနေကို ဖတ်လိုက်ရင် ညီအစ်မ နှစ်ယောက်က မိခင် အပေါ်မှာ မသိတတ်တဲ့ သားတစ်ယောက်ကို ပြောဆိုနေကြတယ် ဆိုတာ သိသာနိုင်ပါတယ် ။ ဇာတ်လမ်းက ဒီလိုပါ ။ အာနီ ရဲ့အမေက အသည်းရောဂါ ဖြစ်နေတယ် ။ ရိုးရိုး ဆေးဝါးနဲ့ ကုလို့ မရတော့ဘူး ။ အသည်း အစားထိုးတဲ့ နည်းနဲ့သာ ကုမှရတော့မယ် ။ ဒါကြောင့် အန်တီဖရန် နဲ့ အန်တီနီနာ တို့က အာနီ အနေ နဲ့ သူ့အသည်းကို အမေ အသက်ရှင်ဖို့ အတွက် ပေးသင့်တယ်လို့ ယူဆကြပြီး တိုက်တွန်းနေကြတဲ့ ဇာတ်ဝင်ခန်းပါ ။ ဒီဝတ္ထု မှာ စကားပြောနဲ့ ဖွင့်လိုက်ပြီး ပဋိပက္ခကို မြင်သာစေပါတယ် ။ ညီအစ်မ နှစ်ယောက်က သူတို့ အစ်မ အသက်ရှင်ဖို့ အတွက် တူ ဖြစ်သူကို အသည်းလှူဖို့ နားချနေကြပေမယ့် တူ ဖြစ်သူက မလှုပ်တဲ့ အတွက် အားမလို အားမရ ဖြစ်နေတာကို သိသာစေပါတယ် ။ တခြား အခန်းကို ဆက် မသွားခင်မှာဘဲ ဇာတ်ဝင်ခန်းရဲ့ အခြေအနေကို စာဖတ်သူက သိသွားစေပါတယ် ။ ဒါကြောင့် စကားပြောနဲ့ စဖွင့်တဲ့ ဝတ္ထုများက အဓိကအားဖြင့် ဘာပြောတယ် ဆိုတာကို အားပြုပါတယ် ။ ဘယ်နေရာမှာ ၊ ဘာကြောင့် ပြောတယ် ဆိုတာကို အလေးထားစရာ မလိုတော့ပါဘူး ။

စကားပြောနဲ့ စတဲ့ ဝတ္ထုများကို လေ့လာကြည့်မယ် ဆိုရင် ဒီသဘောအတိုင်း ဖြစ်တယ် ဆိုတာကို တွေ့ပါလိမ့်မယ် ။ စာရေးသူ အတော်များများက ဝတ္ထု တစ်ပုဒ်ကို စတယ် ဆိုရင် စာဖတ်သူ သိအောင် ပတ်ဝန်းကျင် အခြေအနေက စပြီး ရေးတတ်ကြတာ တွေ့ရပါလိမ့်မယ် ။

စာရေးဆရာ ရေမွန်ကာဗာ ရေးခဲ့တဲ့ Whoever was Using This Bed မှာ ဆိုရင် စကားပြောတွေကို အားပြုပြီး တောက်လျှောက် ရေးဖွဲ့ ထားတာ တွေ့နိုင်ပါတယ် ။ သူ့ဝတ္ထု အစက ဒီလိုပါ ။

ညဉ့်နက်သန်းခေါင် မနက် ၃ နာရီခန့်တွင် တယ်လီဖုန်း မြည်လာခြင်းက ကျွန်တော်တို့ကို ထိတ်လန့် သွားစေခဲ့သည် ။

“ ဖြေလိုက်လေ … ဖြေလိုက် ”

ကျွန်တော့် ဇနီးသည်က ကမန်းကတန်း ပြောလာသည် ။

“ ဘုရား ဘုရား ၊ ဘယ်သူများပါလိမ့် …. ၊ ရှင် ဖုန်းကိုင်လိုက်လေ ”

နေရာဌာန နဲ့ အချိန်ကို ဖော်ပြလိုက်ခြင်း အားဖြင့် ပထမ စာကြောင်း တစ်ကြောင်းတည်းနဲ့ ပဲ စာဖတ်သူက ဇနီးသည် ဟာ ထိတ်လန့်တုန်လှုပ် တတ်သူ ဖြစ်ကြောင်း သိသွားပြီ ဖြစ်ပါတယ် ။

ဂျူဒီဘတ်နစ်ဇ် က လည်း သူမ ဝတ္ထုတို တစ်ပုဒ် ဖြစ်တဲ့ Dog Days မှာ ဒီလို ရေးဖွဲ့ခဲ့ဖူးပါတယ် ။

ဆု ( တ ) ဝတ်ထားတဲ့ လူ တစ်ယောက်က တံခါးပေါက်ဝမှာ ရပ်လာသည် ။

“ လာပြန်ပြီလား ”

အမေက သက်ပြင်းချရင်း ဆို၏ ။

“ ငါ့သေနတ် ဘယ်မှာလဲ ”

အဖေ့ အသံကို ကြားရသည် ။

အစ်ကိုက -

“ ဒီတစ်ခါတော့ ကျွန်တော်တို့ ရှင်းမှ ဖြစ်တော့မယ် ”

ဟု ပြောသံ ကြားလိုက်ရသည် ။

ဒီ စာပိုဒ်မှာတော့ စာကြောင်း လေးငါးကြောင်း ဖတ်ရုံ နဲ့ စာဖတ်သူက တံခါးဝ မှာ ရပ်နေတဲ့ လူ အကြောင်းကို မသိနိုင်သေးပါဘူး ။ အိမ်ထဲမှာ ရှိတဲ့ ဇာတ်ကောင် သုံးယောက်ရဲ့ မလိုလားတဲ့ စကားသံများကိုသာ ကြားနေရတာ ဖြစ်ပါတယ် ။

ဒါကြောင့် ဝတ္ထု တစ်ပုဒ် ကို စတော့မယ် ဆိုရင် ပတ်ဝန်းကျင် အခြေအနေ ဖော်ပြတဲ့ အခင်းအကျင်း နဲ့သာ မကဘဲ စကားပြောများ နဲ့လည်း စနိုင်ကြောင်း သတိထားသင့်ပါတယ် ။

▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၁၁ ခုနှစ် ၊ စက်တင်ဘာ

No comments:

Post a Comment