❝ တံဆိပ် ပျောက်ကြသူများ ❞
( လူခါး )
၁ ။
မိုးကား သော့၍သော့၍ ရွာလျက်ရှိ၏ ။ လမ်းမပေါ်တွင် အရောင်အသွေးစုံ ကားများက အိတ်ထောင်ထဲမှ သွန်ချလိုက်သည့် ကော်ပတ်ရုပ်များပမာ ဒလဟော ထွက်ကျ အပြင်းနှင်နေကြသည် ။ တစ်စီးပြီးတစ်စီး လက်ပြ ခေါင်းခါသွားသော ကားများကို ပင့်သက်ကြီး ချရင်း လိုက်ကြည့်နေမိသည်မှအပ ကိုစံမင်း၏ အားထုတ်မှုတို့မှာ အချည်းနှီးသာ ဖြစ်နေရသည် ။
ဤနေရာ၌ ကိုစံမင်း ရပ်၍ Taxi တားနေသည်မှာ မိနစ်လေးဆယ်ခန့် ရှိပြီ ။ အချို့ ကားများကား ကိုစံမင်းကို လက်ခါ သွားကြသည် ။ အချို့ ကားများကား ခရီးသည်ပါပြီးသား ။ အချို့ကားများမှာမူ ကိုစံမင်းအား လှည့်၍ပင် ကြည့်မသွားကြချေ ။
ကားမရရင် ဟူသော အတွေးက ကိုစံမင်း ရင်ဝ လာဆောင့်သည် ။ ခန္ဓာကိုယ်မှ ဒီးတိုက် စီးကျနေသော အရည်များမှာ မိုးရေချည်း သက်သက် မဟုတ် ။ ချွေးများလည်း ပါသည် ။ ချွေးမှ ဇောချွေးများ ။ ကိုစံမင်း၏ ရင်သည် လောင်မြိုက်ပူလောင်လျက်ရှိ၏ ။
အသက်မှ ရှိပါဦးမလား ။ အလုပ်ခွင်ထဲ၌ တစ်ယောက်တည်း ထားပစ်ခဲ့ရသော သူငယ်ချင်း ဖြစ်သူ အောင်ထွန်း၏ အသွင် သဏ္ဌာန်က မျက်လုံးထဲ ဝင်လာပြန်သည် ။ အောင်ထွန်းကား သွေးအိုင်ထဲတွင် နစ်နေ၏ ။ ဆောက်တည်ရာမဲ့ မျက်လုံးများက မျက်တောင်မျှပင် မခတ် ချင်တော့ ။ ဒီတစ်စီး တားလို့မှ မရရင် ဖြစ်ချင်ရာဖြစ် ထမ်းပြေးတော့မည်ဟု ကိုစံမင်း စိတ်ပိုင်းဖြတ်လိုက်ကာ အဝေးဆီမှ မောင်းနှင်လာသော ကားအား ရှေ့တည့်တည့်မှ ပိတ်ရပ်ပစ်လိုက် တော့သည် ။ ကားက အငှားကား မဟုတ် ။ သို့သော် ကျွိခနဲ အသံပေးရင်း ရပ်သွားသည် ။
“ ဘာလဲ .. ၊ သေချင်လို့ လား ၊ ...... ”
မလေးဘာသာဖြင့် ဆဲရေးတိုင်းထွာရင်း မေးလိုက်သော စကားက ကိုစံမင်းကို ဒေါသထွက်စေခြင်းငှာ မစွမ်းနိုင်တော့ ။ ဘယ်တုန်းကမှ မပြုံးခဲ့ဖူးသော အပြုံးဖြင့် အချိုသာဆုံး စကားလုံးများက ကြိုတင် ကြံစည်မထားပါဘဲ ကိုစံမင်း ပါးစပ်မှ ထွက်သွားကြသည် ။
“ ကျွန်တော့် သူငယ်ချင်း သေရေးရှင်ရေး ဖြစ်နေလို့ ကူညီပါဗျာ ”
ကားသမားက တစ်ချက် တွေခနဲ ဖြစ်သွား၏ ။
“ ဘာဖြစ်လို့လဲ မင်း သူငယ်ချင်းက ”
“ ဗိုက်ကို ဂလိုင်ဒါနဲ့ လှီးပစ်လို့ ။ လုပ်ပါဗျာ ၊ ကူညီပါ ”
ကားသမားက ကိုစံမင်းကို အကဲခတ်ပြီး တံခါးကို တွန်းဖွင့် ပေးလိုက်သည်နှင့် ကိုစံမင်း ကိုယ်လုံးကြီးက ကားထဲ ရောက်သွားသည် ။
“ ဘယ်ကို မောင်းရမလဲ ”
အောင်ထွန်းအား ထားပစ်ခဲ့ရသည့် နေရာကို ညွှန်ရင်း ကိုစံမင်း စိတ်ထဲမှလည်း ဘာမှ မဖြစ်ပါစေနဲ့ ဟု အကြိမ်ကြိမ် ဆုတောင်း နေမိသည် ။ ဖြစ်နိုင်လျှင် ကားကလေးကို နောက်မှပင် ဆင်း၍ တွန်းပစ်လိုက်ချင်သေးသည် ။
ကိုစံမင်းတို့ ရောက်သွားတော့ အောင်ထွန်းမှာ မေ့လုမေ့ခင်ဖြစ်နေပြီ ။ မျက်လုံးများက ဖွင့်၍ပင် မလာတော့ ။ မျက်လုံးတို့ကို အားနှင့် ဆွဲဖွင့်လိုက်သည့်အခါ အမည်းတို့ နေရာ၌ အဖြူတို့သာ လွှမ်းနေလေသည် ။ ကားသမားက ကြောင်ကြည့် နေစဉ်မှာပင် ကိုစံမင်းက အောင်ထွန်းကို ဆတ်ခနဲပွေ့ကာ ကားထဲ ထိုးသွင်းလိုက်သည် ။ ဒီတော့မှ အောင် ထွန်းက “ အင့် ” ခနဲ တစ်ချက် တွန့်သွားရှာသည် ။
သွေးများက ခဲပျစ်၍ စေးပိုင်နေသည် ။ တစ်ချက်တစ်ချက် “ ရှူး ... ရှူး … ” နှင့် မှုတ်ထုတ်နေသော အသက်ရှူသံ ပြင်းပြင်းများက ကိုစံမင်း ရင်ကို အပ်နှင့် ဆွသလို ခံစားရသည် ။ ကားသမားအား ဆေးရုံ မြန်မြန်ရောက်အောင် မောင်းပေးရန်ကိုသာ ကိုစံမင်း အလောတကြီး ပြောမိတော့သည် ။
အချိန်ကား မကြာသေး ။ အမှတ်မထင် အဖြစ်ဆိုးကြီးက ရုပ်ရှင်အနှေး ပြကွက်တစ်ခုလို ကိုစံမင်း မျက်လုံးထဲ ပြန်ဝင်လာသည် ။ ကိုစံမင်းတို့ နှစ်ယောက် ထိုအလုပ်ဆိုက်ထဲသို့ ရောက်နေသည်မှာ နှစ်ဝက်ခန့် ရှိပြီ ။ သူဌေးက စားနပ်ရိက္ခာအပြည့် ထားပေးပြီး နှစ်ပတ် တစ်ခါလောက်သာ လာကြည့်သည် ။
လုပ်ရသည့် အလုပ်က ဆောက်ပြီးစ ကွန်ဒိုတိုက်ခန်းများမှ မညီမညာ ဖြစ်နေသော ကျောက်စကျောက်နများကို ဂလိုင်ဒါ ဟု ခေါ်သည့် ကျောက် စက်နှင့် ညှိဖြတ် တိုက်စား ပစ်ရသည့် အလုပ် ။ သူဌေးတစ်ဦးတည်း ကန်ထရိုက်ယူထားသည့် အဆောက်အဦများ ဖြစ်သည့်အတွက် ဧက အကျယ်ကြီး ထဲမှာမှ အလုပ်သမားက ကိုစံမင်းတို့ နှစ်ယောက်တည်း ။
နံရံပေါ် တက်ရသည့် အခါ တက်ရသည် ။ မျက်နှာ ကြက်၌ ဟီးလေးခိုရသည့် အခါ ခိုရသည် ။ ယခုတော့ လက်ထဲမှ လွတ်ထွက် သွားသော အောင်ထွန်း၏ ကျောက်စက်က သူ့ဗိုက်ဆီ တည့်တည့် ပြန်ကျကာ “ ဗျီး ” ခနဲ ခွဲပစ်လိုက်သည် ။ သွေး တွေက ဖြာခနဲ ။ ကိုစံမင်း ကြောက်အားလန့်အား ပြေး သွားတော့ အောင်ထွန်းမှာ လူမှန်းပင် မသိတော့ ။
“ ကျွိ ”
ကိုစံမင်း၏ အတွေးများက “ ကျွိ ” ခနဲ ထိုးရပ်လိုက်သော ကားဘရိတ်သံကြောင့် တိခနဲ ပြတ်သွားတော့သည် ။
“ ဘာဖြစ်တာလဲ ဗျ ”
ပတ်ဝန်းကျင်ကို ကြည့်ရင်း ကိုစံမင်း ကမန်းကတန်း မေးလိုက်တော့ ကားသမားက ရှေ့ တူရူဆီသို့ မေးငေါ့ပြသည် ။ မီးပွိုင့် မဟုတ်သော လမ်းလေးခွတွင် တရုတ်လူ ရွယ်နှစ်ယောက်က လာသမျှ ကားတို့အား တရုတ်ရိုးရာ အသံဖြင့် တားနေကြခြင်း ဖြစ်သည် ။
“ ဘာလဲဗျာ ၊ မီးပွိုင့် မဟုတ် ဘာမဟုတ်နဲ့ ”
တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်ကာ ကားသမားကို ကိုစံမင်း မေးလိုက်တော့ ကားသမားက လက်နှစ်ဖက်ကို ဖြန့်ပြီး ပခုံးတွန့်ပြသည် ။ သူလည်း ဘာမှ မတတ်နိုင်ဘူး ဆိုသည့် သဘော ။ ကိုစံမင်း အောင် ထွန်းကို တစ်ချက်ငုံ့ကြည့် လိုက်တော့ အောင်ထွန်းက ဘာမျှ မသိရှာပေ ။
“ အောင်ထွန်း ... အောင်ထွန်း ”
အသာလှုပ်ခေါ်ကြည့်လိုက်တော့ အောင်ထွန်းက တစ်ချက်သာ ညည်းပြသည် ။ ကိုစံမင်း ရှေ့လမ်းဆုံကို မျှော် ကြည့်လိုက်ပြန်တော့ လမ်းက မပွင့်သေး ။ လာလာသမျှ ကားများကို သူတို့အလံနှင့် တားထားကြတုန်းဖြစ်သည် ။
အသေအချာ ကြည့်လိုက်တော့ မြန်မာတို့ သဘောအရ ဆိုလျှင် ရှင်ပြုချိန် နတ်ပြ ထွက်သည့် အခိုက်မျိုးဖြစ် သည် ။ အလှူနှင့် ပတ်သက် သမျှ ယာဉ်များမှ လွဲ၍ ကျန် သည့်ယာဉ်များ ခေတ္တရပ် ပေး ။ မည်သည့် အကြောင်းကြောင်းနှင့်မှ ဖြတ်သန်းသွားလာခွင့် မရ ။
တရုတ်လူမျိုး အများစု နေထိုင်သော ဤမလေးရှားမှာ သာ၍ပင် ဆိုးသေးသည် ။ နိုင်ငံသားများ ဖြစ်ကြသော မလေးတို့၏ ကားများပင် အသာရပ်၍ ငေးနေကြသည် ။ လမ်းက တစ်လမ်းမောင်း ။ ပြန်လှည့်၍ မရတော့ ။ အချိန် ကား များစွာ အနှောင်းခံ၍ မဖြစ် ။ ဆယ့်ငါးမိနစ် ၊ မိနစ် နှစ်ဆယ် ၊ နှစ်ဆယ့် တစ် ... နှစ် ... ။
ကိုစံမင်းက ကားအောက် ဆင်းကာ အောင်ထွန်းကို အသာ မ,ထုတ်လိုက်သည် ။ ပြီးနောက် သူ၏ ညာဘက် ပခုံးပေါ်သို့ ပစ်တင်ပစ်လိုက်သည် ။ သူတို့၏ သာယာမိန်းမော နေမှုများကို ကိုယ့်နိုင်ငံသား တစ်ယောက်၏ အသက်အား အဆုံးရှုံးခံကာ ကိုစံမင်း ငေးမောတွေဝေမနေနိုင် ။
ကားသမားထံသို့ ရင်းဂစ် ငါးဆယ်တန်တစ်ရွက် ထိုးပေးလိုက်တော့ ကားသမားက မယူဘဲ ပြန်ပေးနေသေးသည် ။ နောက်ဆုံး ကိုစံမင်းမှာ ပိုက်ဆံကို ကားထဲသို့ ပစ်ချခဲ့ကာ ခြေလှမ်းကျဲကြီးများဖြင့် နီးစပ်ရာ လူနေရပ်ကွက်ထဲသို့ ပြေးဝင်လာခဲ့တော့သည် ။
လမ်းဘေး၌ အေးအေးလူလူ သွားလာနေကြသော လူအများက ကိုစံမင်းကို မြင် သည်နှင့် ဘေးသို့ ရှဲကုန်ကြ သည် ။ ကိုစံမင်းသည် အသေမှန်း အရှင်မှန်း မသိရသော လူတစ်ယောက်ကို ထမ်းပိုးထားသည့် နိုင်ငံခြားသား အလုပ်သမားတစ်ယောက်ဆိုသည်မှအပ ထိုသူတို့၏ စိတ်ထဲတွင် အခြား စိတ်ဝင်စားစရာ တစ်စက်မျှ မရှိ ။
ရပ်ကွက်ထဲမှ ဆေးခန်း ကလေးသို့ ကိုစံမင်း ရောက် သွားတော့ ပခုံးပေါ်မှ သူငယ် ချင်းဖြစ်သူ အောင်ထွန်းအား အလျင်စလို အောက်သို့ ချလိုက်သည် ။
သို့သော် အောင်ထွန်းမှာ အသက်မရှိတော့ ။
••••• ••••• •••••
၂ ။
ဒေါ်ဝင်းတင်ကို ပွေ့ပြီး ထော်လာဂျီပေါ် တင်ပြီးသည့် အချိန်တွင် နာရီက မွန်းလွဲနှစ်နာရီကိုကျော်ပြီးစ ပြုနေပြီ ။ “ ဘယ်သူ လိုက်မလဲ ” ဟု လောဆော်လိုက်တော့ ဘယ် သူကမှ အသံ ထွက်မလာ သည်နှင့် ကိုစံမင်း ကိုယ်တိုင် မောင်ဘယ်သူ ၊ မဘယ်သူလို့ နာမည်တပ်ပြီး ခေါ်လိုက်ရ သည် ။ အားလုံး အဆင်သင့် ဖြစ်သည်နှင့် သူကိုယ်တိုင်လည်း ထော်လာဂျီပေါ် တက်လိုက်သည် ။
တဒိုင်းဒိုင်း အော်နိုးလာသော ထော်လာဂျီစက်သံနှင့် ဆန့်ကျင်စွာ ဒေါ်ဝင်းတင်က မြော့မြော့လေးသာ လူးလွန့် ရှာသည် ။
“ ကလေးကံ လူကြီးကံပဲ ”
ရွာ၏ သားဖွားဆရာမလေးက အားလျော့စွာ စကားဆိုလာသည် ။
ကိုစံမင်းတို့ ကတော့ ဘာမျှ နားမလည် ။ ရွာအတွင်း တစ်တပ်တစ်အား ဖွဲ့ထားသော ပရဟိတအသင်း ကလေးသို့ လာရောက် အကူအညီ တောင်းခံသည်နှင့် လိုက် လာရခြင်းဖြစ်သည် ။
“ လူနာက ညှပ်ရိုးကျဉ်းနေတယ် ။ ဆေးရုံ အမြန်ရောက်မှဖြစ်မယ် ”
မြို့တို့နှင့် အလှမ်းဝေးသော ကိုစံမင်းတို့ ရွာကလေးတွင် အမြန်ဆုံးယာဉ်ဆို၍ ဆိုင်ကယ် လောက်သာရှိသည် ။ ကိုယ်ဝန်ဆောင် မိခင် နှင့် ဆိုင်ကယ်နှင့်က ဘယ်လိုမှ မဖြစ် ။ နီးစပ်ရာ ရွာတစ်ရွာမှ ထော်လာဂျီကို အခကြေးဖြင့် ခေါ်ယူခဲ့ရသည် ။ ထော်လာဂျီ ရွာသို့ ရောက်သော အချိန်နှင့် ရွာမှ ပြန်ထွက်သော အချိန်ကပင် တစ်နာရီလောက် ပေးလိုက်ရသည် ။
ကိုစံမင်းကား ဘာမျှ မလုပ်တတ်သည့်တိုင် အင်္ဂုလိမာလသုတ်ကို အငမ်းမရ ရွတ်နေခဲ့မိသည် ။ တိုက်နယ်ဆေးရုံသို့ ရောက်ဖို့က နောက်ထပ် တစ်နာရီခွဲလောက် မောင်းရဦးမည် မဟုတ်လား ။
“ ဆရာမ အချိန်တော့ မီတန်ကောင်းပါရဲ့နော် ”
ကိုစံမင်းက သူ ဖြစ်ချင်တာကို ဆွဲတွေးရင်း မေးလိုက်တော့ ဆရာမလေးက နာရီကို ကြည့်ရင်း လေးတွဲ့စွာ အဖြေပေးသည် ။
"ကျွန်မတို့ ကံကောင်းမယ် ထင်တာပဲရှင် ”
ဆရာမလေး၏ မျက်ဝန်းအိမ်တို့တွင် အရိပ်တချို့ကို ကိုစံမင်း မြင်လိုက်ရသည် ။ သို့သော် ရှင်းလင်းစွာ မဖတ်တတ် ။ ကိုစံမင်းနှင့် ပါလာကြသော ညီငယ် ညီမငယ်တို့မှာလည်း ပျိုရွယ်သူများ ဖြစ်ကြသည့်တိုင် ကိုယ်ချင်းစာတရားတို့ဖြင့် ပူပန်နေကြကြောင်း သိသာလှသည် ။ သူတို့လေးတွေလည်း တစ်ခုခု ဆုတောင်းနေကြလိမ့်မည်ကို ကိုစံမင်း ယုံကြည်သည် ။
ထော်လာဂျီက မညီညာသော ချိုင့်ခွက်ပေါင်း များစွာကို ခက်ခက်ခဲခဲ ဖြတ်ကျော်ကာ ခုန်ပေါက်လျက်ရှိ၏ ။ လမ်းခုလတ်တွင်များ မွေးပစ် လေမလားဟူသော အတွေး က ကိုစံမင်း၏ စိတ်ကို ပို၍ စောစေခဲ့သည် ။
လမ်းတွင်ပင် မွေးပစ်လိုက်လျှင်လည်း တစ်မျိုးတစ်ဖုံတော့ ကောင်းလာနိုင်စရာ ရှိသည်ပဲ ။ မွေးချင်လည်း မွေးပါစေဟု ဆုတောင်းရင်း လူမမာကိုသာ ဖိ၍ အားပေးနေမိတော့သည် ။
အင်္ဂုလိမာလသုတ်ကို အကြိမ်ပေါင်း တစ်ထောင်ခန့် ရွတ်ပြီးသည့် အချိန်လောက် တွင်မှ တိုက်နယ် မြို့ကလေးကို ရုပ်ရှင်ပိုစတာတစ်ခုလို လှမ်းမြင် ရတော့သည် ။ မဝင်းတင်၏ နား , နားသို့ ကပ်ကာ မြို့ရောက်ပြီဟု ကိုစံမင်း ပြောလိုက်တော့ မဝင်းတင်၏ နှုတ်ခမ်းတို့က ဖျတ်ခနဲ အရောင်လဲ့သွားကြ သည် ။
ဪ ... လင်ယောက်ျာ ၏ လျစ်လျူရှုခြင်းကို ခံရသူ လင်ပစ်မ မဝင်းတင်သည် သားဦးရတနာလေးအား သတ္တိတွေ တစ်ပုံတစ်မနှင့် မွေးတော့မှာပါကလား ။ ရေနှင့်တွေ့သော ကြာကဲ့သို့ ကိုစံမင်း၏ နှလုံးတို့က တစ်မုဟုတ်ချင်း ကြည်လင် လန်းဆန်း လာခဲ့တော့သည် ။
ထော်လာဂျီကို မြို့တွင်း ကတ္တရာ လမ်းမပေါ်သို့ မြန်မြန်ရောက်နိုင်မည့် မြေသားလမ်း အတိုင်း မောင်းဝင်ခိုင်းလိုက်သည် ။
“ ရွှီ ... ရွှီ .... ရွှီ ... ”
အမှတ်မထင် ကြားလိုက်ရသော ခရာမှုတ်သံများက ထော်လာဂျီသံကို ကျော်၍ ထွက်ပေါ်လာသည် ။ မြေသား လမ်းထဲမှ ပေတစ်ရာ ပေါ်သို့ မတက်မီ ကိုက်တစ်ရာ လောက် အလိုတွင် မြင်းလှည်း ၊ ကား ၊ ဆိုင်ကယ်တို့ နှင့် လမ်းသည် ဆို့ပိတ်လျက် ရှိသည် ။
“ ဟာ .. ”
ကိုစံမင်းတို့ အားလုံး တိုင်ပင် မထားကြဘဲ “ ဟာ ” ဖြစ်သွားကြရသည် ။ နောက်ဘက်မှလည်း အခြားယာဉ်များက မောင်းဝင် လာနေကြပြီ ။ ကိုစံမင်း ထော်လာဂျီပေါ်မှ အမြန် ဆင်းပြေးကာ လမ်းမပေါ်သို့ ပြေးတက်ရန် ကြိုးစားလိုက်သည် ။
“ လမ်းကြောင်း ရှိလို့တဲ့ ၊ လူကြီးလမ်းကြောင်း ”
မြင်းလှည်းတစ်စီး ပေါ် မှ လှမ်းပြောလိုက်သော စကားက ကိုစံမင်း ဦးခေါင်းကို မီးခဲနှင့် အုံးလိုက်သလို ရှိသည် ။ မဖြစ်ရဘူး ။ ဒါမျိုး မဖြစ်ရဘူး ။ လမ်းပေါ်မှ တရွှီရွှီနှင့် ကားတားနေသော ယာဉ်ထိန်းရဲ ဆီသို့ ခြေလှမ်းတွေကို ဦးတည်ပစ်လိုက်သည် ။
“ ရွှီ ... ရွှီ ... ”
ယာဉ်ထိန်းရဲက ကိုစံမင်းကို မြင်ပြီး လမ်းမပေါ် မတက်ရန် ခရာကို အဆက်မပြတ် မှုတ်ပြီး တားနေသည် ။ ကိုစံမင်း ကလည်း မရပ် ။ ယာဉ်ထိန်းရဲ၏ အနားအထိ ရောက်သည် အထိ တိုးဝင်သွားမည် ပြုလိုက်သည် ။
“ ဟာ ... ဒီလူ ... သေတော့မှာပဲ ... ဟေ့လူ ”
ရုတ်တရက် ဖမ်းဆွဲ ခံလိုက်ရသောကြောင့် ကိုစံမင်း ခန္ဓာကိုယ်က လမ်းမပေါ် မရောက်ဘဲ တုံ့ခနဲ ရပ်သွား သည် ။ ကိုစံမင်း စိတ်ဆိုးမာန် ဆိုးဖြင့် လှည့်ကြည့်လိုက်တော့ ယာဉ်ထိန်းရဲတစ် ယောက် ။
“ ဟေ့လူ ခင်ဗျား နားမလည်ဘူးလား ၊ အကုန်လုံး ဒုက္ခ ရောက်ကုန်လိမ့်မယ် ”
ထိုယာဉ်ထိန်းရဲက ကိုစံမင်းကို ငေါက်နေလိုက်သေးသည် ။ ကိုစံမင်းကလည်း မခံ ။ ယာဉ်ထိန်းရဲကို ခပ်စောင်းစောင်းပင် ပြန်ကြည့် ပစ်လိုက်သည် ။
“ ဟိုမှာ အရေးကြီး နေလို့ဗျ ”
“ ခင်ဗျားဟာ ခင်ဗျား ဘယ်လောက် အရေးကြီးကြီး ၊ အခု လာမှာက ခင်ဗျားအဘ မဟုတ်ဘူး ၊ အဲဒါ ... ”
ကိုစံမင်း ဘာမျှ မတတ်နိုင်တော့ ။ ထော်လာဂျီဆီ ကိုသာ ခေါင်းငိုက်စိုက်ချကာ ပြန်ရောက်သွားတော့သည် ။ ကိုစံမင်း မျက်လုံးတို့က မျက်ရည်များပင် ကျနေသလား ကိုစံမင်း မသိတော့ ။ သေချာသည်ကတော့ နံရံကို ကွဲစိမ့်သောငှာ ခေါင်းနှင့် တိုက်၍ မရမှန်း ကိုစံမင်း အတပ်သိသွားခဲ့ပြီ ။
အားလုံးရှင်းလင်းပြီး ကိုစံမင်းတို့ ထော်လာဂျီ ဆေးရုံ ရောက်သွားတော့ ကလေး၏ အသက်သည် အပြင်သို့ ပါမလာတော့ ။ အချိန်သည် ကိုစံမင်းတို့ကဲ့သို့ မည်သူ၏ အတားအဆီးကိုမျှ စောင့်နေတတ်သူမျိုး မဟုတ်ပါပေ ။
“ ခင်ဗျားတို့ လူနာက ရေအိတ်ပေါက်ပြီး ကြာမှ ဆေးရုံ ရောက်လာတာ ဆိုတော့ ကလေးက ရေမွန်းပြီး ဆုံး သွားရတာပေါ့ ။ နောက်ဆို ဆေးရုံကို မြန်နိုင်သမျှ မြန်မြန် လာပါ ။ ဒီထက် ကြာသွားရင် မိခင်တောင် အန္တရာယ်ရှိတယ် ”
ကိုစံမင်း မည်သည့် စကားမျှ မဆိုမိတော့ ။ လူနာခန်းထဲမှ ထွက်ကာ တောက်တစ်ချက်ကိုသာ စိတ်ရှိလက်ရှိ ခေါက်ချ ပစ်လိုက်တော့သည် ။
ကုန်လွန်ခဲ့ပြီးသော နှစ်များ ကလည်း လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ထိုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရခြင်းကြောင့် ကိုစံမင်း ဆုံးရှုံးခဲ့ရဖူးသည် ။ ထိုတုန်းကတော့ ကိုစံမင်း က သူ့သူငယ်ချင်းကို ဖက်ကာ “ မင်းတို့ငါတို့က ကိုယ့်တိုင်းပြည်မှာ မနေနိုင်လို့ အခုလို ခွေးသေဝက်သေ သေရတာကွ ” ဟု မြည်တမ်း ငိုကြွေးမိခဲ့သည် ။
ယခုလည်း လူ့လောကထဲ ရောက်လုရောက်ခင် ကလေးတစ်ယောက် ထိုနည်းတူစွာ သေဆုံးသွားခဲ့ရပြန်ပြီ ။ သို့သော် ဒီတစ်ခါက သူများ တိုင်းပြည်မှာ မဟုတ် ၊ ကိုယ့် တိုင်း ကိုယ့်ပြည်မှာ ။ ကိုယ့် လူမျိုးတွေ နေတဲ့ ကိုယ့်နိုင်ငံ မှာ ။
ကိုစံမင်း မငိုကြွေးတော့ ။ ရှေ့နားတွင်ရှိသော ကျောက်ခဲတစ်လုံး ကိုသာ အားနှင့် ကျုံး၍ ကန်ပစ်လိုက်တော့သတည်း ။
⎕ လူခါး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင် ၂၀၁၅
No comments:
Post a Comment