❝ လှောင်ပြုံး ❞
( ခြိမ့်သဲ )
ဆရာတင်မိုးသည် ဘဝတစ်သက်တာ ကာလပတ်လုံး ကဗျာရေးအား ကောင်းကောင်းနှင့် မောင်းနှင်ခဲ့ကြောင်း စာဖတ်သူအားလုံး သိရှိကြပါသည် ။ ကဗျာပုံစံအမျိုးမျိုးကို ရေးသားခဲ့ဖူးသော်လည်း ဆရာတင်မိုးသည် မြန်မာ့ရိုးရာဂန္ထဝင်ဟန် ကိုသာ စွဲစွဲမြဲမြဲ စွဲစွဲလမ်းလမ်း စူးစူးနစ်နစ် ချစ်မြတ်နိုးသူ ဖြစ်သည် ။
အတွေးတစ်မျိုးနှင့် ဆရာ၏ ရေးရိုးရေးစဉ် မဟုတ်သည့် ကဗျာများကိုလည်း မြန်မာ့ရိုးရာဟန်ပန်နှင့် အကင်းကွာကြီး မဟုတ်ဘဲ တီထွင်ဆန်းသစ်ရေးဖွဲ့တတ်သည်ကို တွေ့ရှိရပါသည် ။ ဆရာတင်မိုး၏ ဘောလုံးပွဲ ကဗျာကို ခံစားတင်ပြလိုက်ရပါသည် ။
ဘောလုံးပွဲ ကြည့်သူများထဲတွင် အခြေခံလူတန်းစား အလုပ်သမား ၊ စာရေး ၊ မှောင်ခိုသမားတို့နှင့်အတူစာရေးဆရာလည်း ဘောလုံးပွဲကို လာကြည့်သည် ။ ထိုထိုသော ပွဲကြည့်ပရိသတ်များသည် အားကစားကို ချစ်မြတ်နိုး၍ မဟုတ်ပါ ။ အားပေးလိုစိတ်ကြောင့်လည်း မဟုတ်ပါ ။ ဘဝအမော သောကအထွေထွေ ခံစားမှုဝေဒနာကို ကျေရာကျေကြောင်း ၊ ပြေရာပြေကြောင်း စိတ်ထွက်ပေါက် ပေးလို၍သာ ဖြစ်ပါ သည် ။
အလုပ်သမား
စာရေးစားနှင့်
ခါးကုန်းပိန်သေး
ရုံးစာရေးတို့
ဘောလုံးပွဲဆီ
ပြေးပြီးလျှင်
“ ဟေ့ကောင်နီတိုး ၊
မအေရိုးကို
ခြေချိုးလိုက်ကွ ၊
ဟိုဘက်က စွပ်ပရား
ခေါက်ဆွဲစားသလား ၊
ခွေ းမသား စူဝက် ”
စိတ်ထွက်ထွက်နှင့်
လက်သီးဆုပ်ပြ
ဒေါသဖြစ်သမျှ
မိမိရရ ကော်ဆဲ
စိတ်ဆာတာနဲ့ အတော်ပဲ
ရင်ထဲ ဒါမှ ရှင်းလေသတည်း ။
ပွဲကြည့်ပရိသတ်များ၏ အားပေးသံမှာ မိုးမွန်အောင် ဆဲရေးတိုင်းထွာ ပွက်ပွက်ညံနေသည် ။ ပွဲကြည့်ပရိသတ်များ၏ ဆဲသမျှ ၊ ဆိုသမျှသည် ရင်ထဲက အခြား ဝေဒနာကို ကြိတ်ခွဲနေခြင်းပင် ဖြစ်သည် ။
ဘောလုံးပွဲအပြီး
ထီးစုတ်ကလေးနှင့်
စာရေးဆရာ
ပတ်ဗလစ်ရှာထံ
မျက်နှာချိုသွေး
အရေးဆိုရန်
ခပ်ကုပ်ကုပ်နှင့်
သုတ်သုတ်ပြန်လေပြီ ။
စာရေးဆရာကလည်း ဘောလုံးပွဲတွင် ဝေဒနာ ဖောက်ခွဲအပြီး ထုတ်ဝေသူထံ စာမူခ ရလိုရငြား တောင်းခံရန် အုပ်တိုက်များသို့ ပြန်သွားလေပြီ ။
အလုပ်သမား
ဘတ်စ်ကားကိုတိုး
ညှိုးလျလျ မျက်နှာနှင့်
သာကေတကို ပြန်ရရှာချေပြီ ။
အလုပ်သမားများလည်း ဘောလုံးပွဲတွင် စိတ်ထွက်ပေါက်ပေးပြီး ဝပ်ကျင်းရှိရာသို့ ပြန်လေပြီ ။ ထိုစဉ်ကာလက သာကေတသည် အလုပ်သမားတို့ မှီခိုရာ ဒုက္ခရိပ်မြုံလေး ဖြစ်နေပုံရပါသည် ။
နောက်တစ်နေ့မနက်
စာရေးကလေး
ရုံးပြန်တက်သော်
ရုံးအုပ်ရှေ့မှာ ကြွက်
မျက်နှာကလေး
ဆီးရွက်နှင့်
လက်နှိပ်စက်
ရိုက်နေပြန်လေသတည်း ။ ။
စာရေးကလေး၏ ရုံးဝတ္တရား ဆောင်ရွက်ပုံ ၊ ဆောင်ရွက်နည်း ကဗျာကို အပြီးသတ် ခြယ်မှုန်းထားသည် ။
ထိုကဗျာကို ဆရာတင်မိုးသည် တစ်ထိုင်တည်း ရေးခဲ့သည်တော့ မဟုတ်ပါ ။ ၂၄ . ၁ . ၆၉ တွင် စတင် ရေးသားခဲ့သော်လည်း ၁၅ . ၂ . ၇၃ မှ အဆုံးသတ်နိုင်ခဲ့ပါသည် ။ တစ်တိုတစ်စ ရေးလိုက်ခြစ်လိုက်ဖြင့် လေးနှစ်တာမျှ ကာလ ကြာရှည်ခဲ့ပါသည် ။ စိတ်ကူးရလျှင် ရသလို ထ,ရေး ၊ စိတ်ကူး မရလျှင် မရသလို ချောင်ထိုးထား ၊ ဤသို့ဖြင့် ကဗျာတစ်ပုဒ်လုံး အဆုံးသတ်ဖို့ ကြန့် ကြာနေခဲ့ပုံ ရပါသည် ။
ဆရာတင်မိုး၏ ရေးရိုးရေးစဉ် မဟုတ်သော နောက်ကဗျာ တစ်ပုဒ်ကို ဖော်ထုတ်ချင်ပါသည် ။ ထိုကဗျာကား ချင်းတိုင်းရင်းသား ယဉ်ကျေးမှုအသင်း မဂ္ဂဇင်းတွင် ရေးသားခဲ့သော “ မျက်နှာ ” ဟူသည့် ကဗျာပင် ဖြစ်ပါသည် ။
ကိုယ့်မျက်နှာကို
တစ်ရွာမှတ်ထင် ၊
ကိုယ့်ကိုခင်သည့်
ချစ်ကြင်သူလေးရေ
တစ်ရက် တစ်ရွာ ၊
တစ်မျက်နှာ
ဆက်ကာဆက်ကာ
ပြောင်းခဲ့ပြီ ။
အသက်အရွယ်အရ မျက်နှာ ပြောင်း မျက်နှာလွဲ အကဲပါပုံကို နိဒါန်းငယ်လေး သွယ်ဖွဲ့ထားပါသည် ။
အသက် ၂ဝ
အမှန်မျက်နှာ
ငါကြည့်မှာပေါ့
ဘာမျှ
ကိုယ်ကျိုးမကြည့်နိုင် ။
အသက် ၂ဝ အရွယ်တွင် အမှန်တရားမျက်နှာကို ကြည့်၍ ကိုယ်ကျိုးအတွက် မငဲ့ကွက်ကြောင်းကို ရေးဖွဲ့ သည် ။
အသက် ၃ဝ
မှန်တိုင်းမဟုတ် ၊
အလုပ်မျက်နှာ
ငါကြည့်မှာပေါ့
ဒါမှ အလုပ်ဖြစ်မယ် ။
အသက် ၃ဝ အရွယ်တွင် အသက် ၂ဝ အရွယ်တုန်းကလို အမှန်တရားကို ရှေ့တန်းတင်ဖို့ ဝန်လေးလာပုံကို ရေးဖွဲ့ သည် ။
အသက် ၄ဝ
မှန်သည်ကိုသိ ၊
ကြည့်မနေနိုင် ၊
အလုပ်ကိုသိ ၊
ကြည့်မနေနိုင် ၊ မယား၏မျက်နှာ သား၏မျက်နှာ
ကြည့်ရပါပြီ ။
မှန်ရာ မလုပ်ဝံ့တော့ပြီ ။
မှန်ရာမလုပ် ၊ ရန် ငါရှုပ် ကုပ်ကုပ်ကလေး ကွေးရပြီ ။
အသက် ၄ဝ အရွယ်တွင် သား မယား မျက်နှာကိုသာ ကြည့်၍ အမှန်တရား၏ ဘက်တော်သား အဖြစ်မှ ကွေးကျရပုံကို ရေးဖွဲ့သည် ။
အသက် ၅ဝ
၆၀
၇၀ ...
အသက်ကြီးမှ
လူမုန်းမခံပါရစေနှင့်
လောကဆိုတာ ဒီလိုပေါ့ကွယ် ။ ။
အသက်ကြီးလာတော့ လက်သီးဆုပ်ကို ဖြေလျှော့ ၊ အမှန်တရားကို ကျောခိုင်း၍ ရှောင်ရှားလာပုံကို ရေးဖွဲ့သည် ။
ဆရာတင်မိုး၏ ကဗျာဆို ဘာ ရေးရေး ကောင်းသည်ချည်းပင် ဖြစ်ပါသည် ။ ကဗျာမှု မြောက်သည်ချည်းပင် ဖြစ်ပါသည် ။ ဘောလုံးပွဲ နှင့် မျက်နှာ ကဗျာ နှစ်ပုဒ်တွင် ဆရာတင်မိုး၏ လှောင်ပြုံးကို ချစ်မက် နှစ်သက်စဖွယ် မြင်တွေ့လိုက်ရပါသည် ။
⎕ ခြိမ့်သဲ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၅ နိုဝင်ဘာ
No comments:
Post a Comment