Monday, August 18, 2025

ဝှက်ထားသော ရတနာ

 ❝ ဝှက်ထားသော ရတနာ ❞

          ( ပုံပြင် )


တရံရောအခါက လယ်သမား အဘိုးအို တစ်ယောက်မှာ အိပ်ခြင်း ၊ စားခြင်း ၊ လည် ပတ်ခြင်းနဲ့ အချိန်ကို ကုန်ဆုံးစေတဲ့ သားသုံးယောက် ရှိတယ် ။ တစ်နေ့မှာ လယ်သမားအဘိုးအို ဟာ အလုပ်ဒဏ်ပိကာ အပြင်းဖျားလေတယ် ။ အသက်ထွက်လုဆဲဆဲမှာ သူ့သား သုံးယောက် ကလည်း ဖခင်နားမှာ ဝိုင်းထိုင်နေကြသတဲ့ ။


“ ချစ်သားတို့ ၊ အဘပိုင် မြေထဲမှာ ကြီးမားတဲ့ ရတနာပစ္စည်းတွေကို အဘ မြှုပ်နှံခဲ့ တယ်ကွယ် ” လို့ လယ်သမားကြီးက သားသုံးယောက်ကို ပြောသတဲ့ ။ သားသုံးယောက်က “ ဘယ်နေရာမှာ မြှုပ်နှံခဲ့ပါသလဲ ” လို့ မေးသတဲ့ ။ လယ်သမားကြီး ကလည်း အသက်မျှင်းမျှင်းလေး ရှိတော့ လေသံလေးနဲ့ “ မြေကြီးထဲမှာ ” ဆိုပြီး အသက်ထွက်သွားသတဲ့ ။


လယ်သမားကြီးရဲ့ သားသုံးယောက်လည်း အဘရဲ့ အလောင်းကို မြေမှာမြှုပ်ပြီး နောက် လယ်သမားကြီးရှိစဉ်က ပျင်းရိခဲ့တဲ့ သားသုံးယောက်ဟာ ပျင်းရိခြင်းစိတ်ဓာတ်ကို မမွေးတော့ဘဲ တူရွင်း ၊ ဂေါ်ပြား နဲ့ မြေဆွလုပ်ငန်းကို လုပ်သတဲ့ ။ လယ်ယာမြေ တစ်ခုလုံးသာ မြေဆွပြီးသား ဖြစ်သော်လည်း ရတနာထုပ်ကို အစအနတောင် မတွေ့ဘူးတဲ့ကွယ် ။


ဒါနဲ့ နှင်းငွေ့ ဝေလာပြီမို့ တခြား လယ်သမားများဟာ ထွန်ယက်ကာ သီးနှံစိုက်ပျိုးကြသတဲ့ ။ လယ်သမားသုံးယောက်လည်း သူတို့ မြေပေါ်မှာ “ ရတနာထုပ် ” ရှာလို့ ပွနေတဲ့ မြေပေါ်မှာ ရတနာထုပ် မတွေ့တာနဲ့ တခြား လယ်သမားများနည်းတူ သီးနှံ စိုက်လိုက်ရသတဲ့ ။ ဆောင်းဦးကုန်လို့ နေရောင်ခြည် ယှက်သန်းချိန်မှာတော့ သူတို့ရဲ့ စိုက်ပျိုးထားတဲ့ လယ်မြေပေါ်မှာ သီးနှံတွေဟာ မှည့်ဝင်းကာ နေသတဲ့ ။ သူတို့ဟာ တပျော်တပါးနဲ့ ညီအစ်ကို သုံးယောက်သား သီးနှံတွေ ရိတ်သိမ်းကြသတဲ့ကွယ် ။


လယ်သမားကြီးသားသုံးယောက်ဟာ မြောက်မြားလှတဲ့ သီးနှံတွေကို ကြည့်ပြီး အံ့ ဩလို့မဆုံးနိုင်ဘူးတဲ့ ။ သီးနှံတွေကို ရောင်းချလိုက်တဲ့ အခါ များပြားလှတဲ့ ငွေတွေ ကိုလည်း ရပြန်သတဲ့ကွယ် ။ ဖခင် မသေမီက ပြောကြားခဲ့တဲ့ “ ရတနာထုပ် ” ကို သတိရမိကြသတဲ့ ။ သူတို့ ရှာဖွေခဲ့တဲ့ “ ရတနာ ” ဟာ သူတို့ စိုက်ပျိုးခဲ့တဲ့ “ လယ်ယာမြေ ” ကိုသာ ဖခင် ပြောမှာပဲလို့ မှတ်ယူ လိုက်ကြသတဲ့ ။


ထို့ကြောင့် သူတို့တွေဟာ ပျင်းရိခြင်းကို စွန့်ပစ်ကာ တူရွင်း ၊ ဂေါ်ပြားတို့ကို ကိုင်ကာ သူတို့ရဲ့ ရတနာမြေပေါ်မှာ နှစ်စဉ် စိုက်ပျိုးကြလေတော့တယ် ။


〇 ပုသိမ် - ခင်ထွေးနု 

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၈ ၊ မတ်

No comments:

Post a Comment