❝ အယောင်ဆောင်သော ရသေ့ကြီး ❞
( ပုံပြင် )
တစ်ခါတုန်းက ဂင်္ဂါမြစ်ကမ်းပါး အနီးရှိ ဘုရားကျောင်းတစ်ခုမှာ သူတော်ကောင်း ယောင် ဆောင်နေတဲ့ ရသေ့ကြီး တစ်ဦး ရှိခဲ့တယ် ။ အဲသည် ရသေ့ကြီးဟာ သူ့ကိုယ်သူ အလွန် ဆင်းရဲနွမ်းပါးဟန်ဆောင်ပြီး အရပ်ရပ်မှာ အလှူငွေတွေနဲ့ ပစ္စည်းများကို လှည့်လည် တောင်းခံ နေလေ့ရှိတယ် ။ ဒါပေမယ့် သည်ရသေ့ကြီးဟာ အမှန်တကယ် ဆင်းရဲနွမ်းပါးသူ မဟုတ်ပါဘူး ။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာတဲ့ သူယုတ်မာ တစ်ယောက် ဖြစ်တယ်ကွယ့် ။ တစ်နေ့တော့ အဲဒီ ရသေ့ကြီးဟာ တောရွာ တစ်ရွာကို ရောက်လာပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ လယ်သမား တစ်ယောက် ရဲ့ နေအိမ်ကို ဝင်ရောက်လာခဲ့တယ် ။ လယ်သမား ကလည်း ရသေ့ကြီး ကို မြင်လျှင် မြင်ချင်းပဲ ကြည်ညိုမိတာနဲ့ သူ့ရဲ့ သမီးကလေးကို စားသောက်ဖွယ်ရာများ လှူဒါန်းခိုင်းလိုက်တော့တယ် ။
လယ်သမားရဲ့ သမီးကလေးဟာ အလွန်ပဲ ရုပ်ရည်ချောမောတဲ့ မိန်းမပျိုကလေး ဖြစ်နေတော့ ရသေ့ကြီးဟာ ဣန္ဒြေ မဆည်နိုင်တော့ဘဲ “ အလို ဘုရားရှင် ... ကယ်တော်မူပါ ။ အလိုဘုရားရှင် ... ကယ်တော်မူပါ ” လို့ ရုတ်တရက်ကျယ်လောင်စွာအော်ဟစ်မိတယ်ကွဲ့ ။
သည်လို အော်ဟစ်သံကို အိမ်ရှင် လယ်သမားကြီး ကြားသိရတော့ အိမ်ထဲက အလျင်အမြန် ပြေးထွက်လာပြီး “ အသင်ရသေ့ကြီး အဘယ်အကြောင်းကြောင့် သည်လို အော်ဟစ်ရပါသလဲ ” လို့ မေးမြန်းတယ်ကွဲ့ ။ သည်အခါမှာ ရသေ့ကြီး ကလည်း သူ့စိတ်ထဲမှာ ဖောက်ပြန် နေပုံကို လူမသိစေလိုတာနဲ့ “ သင့်အတွက် ဝမ်းနည်းစရာ ကိစ္စတစ်ခု တွေ့လို့ အော်ဟစ်မိတာပါပဲ ” လို့ ပြန်လည်ဖြေကြားလိုက်မိတော့တယ် ။ လယ်သမား ကလည်း ရသေ့ကြီးရဲ့ စကားကို ကြားသိရတော့ အံ့အားသင့်စွာနဲ့ “ ကျွန်တော့် အတွက် ဝမ်းနည်းမိတယ် ... ဟုတ်လား ။ ဘာဖြစ်လို့ ဝမ်းနည်းရတာလဲ ” လို့ ပြန်လည်မေးမြန်းလိုက်တော့တယ် ။
ရသေ့ကြီး ကလည်း အနည်းဆုံး ခေါင်းညိတ်ပြီး “ ကျွန်ုပ် မြင်သမျှ နက္ခတ်ဗေဒင်နည်း နဲ့ ပြောရရင် သင့်ရဲ့ သမီးချောကလေးဟာ အိမ်ထောင်ပြုလို့ရှိရင် သင်တို့ တစ်အိမ်သားလုံး ဘေးဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ် ” လို့ ဖြေကြားလိုက်တယ်ကွဲ့ ။
သည်အခါမှာ လယ်သမားကြီးဟာ ရသေ့ကြီးရဲ့ စကားကို ယုံရကောင်းနိုး ၊ မယုံရ ကောင်းနိုးနဲ့ စိတ်ထဲမှာ ဇဝေဇဝါဖြစ်ပြီး “ အို .... မဖြစ်နိုင်ပါဘူးဗျာ ။ ကျွန်တော့် သမီးကလေးဟာ ရုပ်ရည် ချောမောသလောက် စိတ်နေသဘောထားလည်း အလွန် ကောင်းမွန်ပါတယ် ။ လူကြီး မိဘများ ကိုလည်း ရိုသေလေစားပါတယ် ။ သည်သမီး အတွက်နဲ့ ဘယ်လို ဘေးဒုက္ခမျိုးမှ မရောက်နိုင်ပါဘူး ” လို့ ပြန်လည် ဖြေကြားလိုက်တော့တယ်ကွဲ့ ။
ဒါပေမယ့် ရသေ့ကြီး ကလည်း မိန်းကလေးရဲ့ လှပတဲ့ရူပါရုံကို စွဲလမ်း နေလေတော့ မကောင်းတဲ့ စိတ်ကို မွေးမြူပြီး “ အင်း ... ကျွန်ုပ် ပြောတဲ့ စကားကို သင်တို့ မယုံကြည်ရင် စောင့်ကြည့်ကြသေးတာပေါ့ ။ နောက်မကြာခင် ရက်ပိုင်း အတွင်းမှာပဲ ၊ သင်ရဲ့သမီးဟာ လူတစ်ဦး တစ်ယောက်နဲ့ အိမ်ထောင်ပြုရလိမ့်မယ် ။ အိမ်ထောင်ပြုပြီးလို့ တစ်ရက်နှစ်ရက်အတွင်းမှာပဲ သင်တို့ တစ်အိမ်သားလုံးဟာ ဘေးဒုက္ခအဖုံဖုံနဲ့ တွေ့ကြုံရလိမ့်မယ် ” လို့ လေအေးကလေးနဲ့ ဣန္ဒြေမပျက် ချောက်လှန့် ပြောဆိုပြန်တော့တယ် ။
လယ်သမားကြီးဟာ စဉ်းစားတွေးတောတတ်တဲ့ အသိဉာဏ်ကလည်း နည်းပါး ၊ ရိုးသားတဲ့ ကျေးတောသားတစ်ယောက်လည်း ဖြစ်နေပြန်တော့ ရသေ့ကြီးရဲ့ ခြောက်လှန့် ပြောဆိုချက်ကို တကယ် ယုံကြည်သွားပြီး ... အလွန် ထိတ်လန့်ကြောက်ရွံ့တဲ့ အမူအရာနဲ့ “ သည်လိုဆိုရင်ကျွန်တော်တို့ တစ်အိမ်သားလုံး သည်ဘေးအန္တရာယ်ကလွတ်မြောက်အောင် ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာကို အမိန့်ရှိပါ ” လို့ ရိုသေစွာတောင်းပန်ပြောဆိုတော့တယ် ကွယ့် ။
သည်အခါမှာ အတွင်းကြံနေတဲ့ ရသေ့ကြီးဟာ အနည်းငယ် စဉ်းစားဟန်ပြုပြီး “ ယနေ့ည သန်းခေါင်ကျော် လူခြေတိတ်ဆိတ်တဲ့ အချိန်မှာ သင့်ရဲ့သမီးကို အလွန်ကြီးမားတဲ့ ရေလုံခြင်းတောင်း တစ်ခုထဲမှာ လုံခြုံစွာ ထည့်ပြီး ဂင်္ဂါမြစ်ကြောင်း အတိုင်း မျှောချလိုက်ပါ ၊ ခြင်းတောင်းပေါ် မှာလည်း မှန်အိမ်ငယ် တစ်ခုကို မီးထွန်းပြီး ချိတ်ဆွဲ ပေးလိုက်ပါ ” လို့ ပြောဆိုထွက်ခွာသွားတော့တယ် ။
ရသေ့ကြီးရဲ့ပြောစကားကို ကြားရတော့ ကျေးတောသားလယ်သမားဟာ သူ့ရဲ့ ချစ်သမီးကလေးကို စွန့်ပစ်ရမှာမို့ အတော်ပဲ ဝမ်းနည်းမိတော့တယ်ကွဲ့ ။ ဒါပေမယ့် အကြား အမြင် ဗဟုသုတ နည်းပါးတဲ့ ကျေးတောသား တစ်ယောက်ဖြစ်တဲ့အတွက် ရသေ့ကြီးရဲ့ လိမ်လည်လှည့်ဖြားပြောဆိုတဲ့ စကားကို တကယ် ယုံကြည်ပြီး သမီးချောကလေးကို ရေမျှောဖို့ရာ မဖြစ်မနေ စီမံတော့တယ်ကွဲ့ ။
ရသေ့ကြီးလည်း သူ့ရဲ့ ဘုရားကျောင်းကို ပြန်လည်ရောက်ရှိတဲ့အခါ တပည့်များကို ခေါ်ပြီး “ သည်ကနေ့ည လူခြေတိတ်ဆိတ်တဲ့ သန်းခေါင်ယံ အချိန်မှာ ဂင်္ဂါမြစ်ကမ်းပါးက သွားရောက် စောင့်ကြည့်ကြရမယ် ။ ဂင်္ဂါမြစ်ထဲမှာ မီးကလေး တစ်လက်လက်နဲ့ မျောလာတဲ့ အလွန်ကြီးမားတဲ့ ခြင်းတောင်းကြီး တစ်ခု ကိုတွေ့ရင် ငါ့ဆီကို ယူခဲ့ကြရမယ် ။ ဒါပေမယ့် လမ်းခုလတ်မှာ ခြင်းတောင်းထဲက ဘာသံပဲကြားကြား ဖွင့်မကြည့်ရဘူး ” လို့ မှာကြားထားတော့တယ် ။
ထိုနေ့ည သန်းခေါင်ကျော် အချိန်မှာ လယ်သမားကြီးလည်း သူ့ရဲ့ သမီးချောကလေးကို ရသေ့ကြီး မှာကြားတဲ့ အတိုင်း အလွန်ကြီးမားတဲ့ ရေလုံခြင်းတောင်းကြီး တစ်ခု ထဲမှာ ထည့်ပြီး မှန်အိမ် တစ်လုံးနဲ့ ဂင်္ဂါမြစ်ထဲကို မျှောချလိုက်တော့တယ် ။ အဲဒီလို မျှောချလိုက်တဲ့ အချိန်နဲ့ မရှေးမနှောင်းမှာပဲ ရုပ်ရည် ချောမောလှပတဲ့ ဟိန္ဒူမင်းသားကလေး တစ်ပါးဟာ နောက်လိုက် နောက်ပါ အဖော်တစ်စုနဲ့ တောလည်ထွက်ရာက လမ်းမှားပြီး ဂင်္ဂါမြစ်ကမ်းပါး အနီးကို ရောက်ရှိလာတော့တယ် ။ မင်းသားကလေးဟာ ဂင်္ဂါမြစ်ရဲ့ ရေစီးကြောင်းထဲမှာ မီးရောင် တစ်လက်လက် နဲ့ မျောပါလာတဲ့ ခြင်းတောင်းကြီးကို မြင်ရတော့ စူးစမ်းလိုတာနဲ့ သူ့ရဲ့ နောက်လိုက်များကို သွားရောက် ဆယ်ယူခိုင်းတယ်ကွဲ့ ။ ခြင်းတောင်းကြီးလည်း ကမ်းခြေ ရောက်လာလို့ သတိနဲ့ ဖွင့်ကြည့်လိုက်တဲ့ အခါ အထဲမှာ ကြောက်ရွံ့တုန်လှုပ်ပြီး သနားစဖွယ် မျက်ရည်အသွယ်သွယ် ကျနေတဲ့လယ်သမားကြီးရဲ့သမီးပျိုကလေးကို တွေ့ရတယ်ကွဲ့ ၊ မိန်းကလေးဟာ သူ့အသက်ကို ကယ်ဆယ်တဲ့ မင်းသားကလေးကို တွေ့ရတော့ အသက်သခင်ကျေးဇူးရှင်တစ်ယောက် အနေနဲ့ များစွာပဲ အရိုအသေ ပေးရှာပါတယ်ကွယ် ။
မင်းသားကလေး ကလည်း လယ်သမားရဲ့ သမီးပျိုကလေးကို တွေ့ရတော့ အလွန်ပဲ သနားကြင်နာမိတာနဲ့ ဖြစ်ပျက်ပုံအလုံးစုံကို မေးမြန်းစုံစမ်းကြည့်မိတယ် ။ မိန်းကလေးကလည်း ရသေ့ကြီး ပြောကြားတဲ့ အတိုင်း သူ့ရဲ့ ဖခင်က ယုံကြည်ပြီး ဂင်္ဂါမြစ်ထဲ မျှောချလိုက်ပုံကို အစအဆုံး ပြန်လည် ပြောကြားလိုက်တော့တယ် ။ မင်းသားကလေးဟာ ရသေ့ကြီးရဲ့ ယုတ်မာတဲ့ အကြံအစည်ကို ရိပ်မိတာနဲ့ လယ်သမားရဲ့ သမီးပျိုကိုထည့်ပြီး မျှောလိုက်တဲ့ ခြင်းတောင်းကြီး ထဲမှာ တောထဲက အဆင်သင့် ဖမ်းယူလာခဲ့တဲ့ မျောက်ဝံရိုင်းကြီး တစ်ကောင်ကို ထည့်ပြီး ပြန်လည်မျှောချလိုက်တော့တယ် ။
ရသေ့ကြီးရဲ့ တပည့်များလည်း ရသေ့ကြီး မှာကြားထားတဲ့ အတိုင်း ထိုနေ့ည သန်း ခေါင်ကျော် အချိန်မှာ ဂင်္ဂါမြစ်ကမ်းပါး တစ်နေရာက စောင့်ကြည့်နေတဲ့အခါ မျောက်ဝံရိုင်းကြီး ပါလာတဲ့ ခြင်းတောင်းကြီးကို တွေ့ရတာနဲ့ အလျင်အမြန် ဆယ်ယူ သွားကြပြီး ရသေ့ကြီးထံကို ပို့လိုက်ကြတော့တယ် ။ ရသေ့ကြီးကလည်း ခြင်းတောင်းကြီး ထဲမှာ လယ်သမားရဲ့ သမီးချောကလေး ပါလာတယ်လို့ ထင်မှတ်ပြီး ဝမ်းသာအားရနဲ့ ဖွင့်ကြည့်လိုက်မိတယ် ။ သည်အခါမှာ ခြင်းတောင်းထဲက မျောက်ဝံရိုင်းကြီးဟာ အလွန်ဒေါသကြီးစွာနဲ့ ခုန်ထွက်လာပြီး ရသေ့ကြီးကို ကုတ်ခြစ်လိုက်တော့တယ် ။ ရသေ့ကြီးလည်း သူတစ်ပါး အပေါ်မှာ မကောင်းကြံမိတဲ့ အပြစ် ကြောင့် ဒဏ်ရာ အကြီးအကျယ်ရပြီး သေဆုံးသွားရတော့တယ်ကွဲ့ ။
နောက်ရက်များမကြာမီမှာပဲ ဟိန္ဒူမင်းသားကလေးဟာ လယ်သမားရဲ့ သမီးကလေးကို သနားချစ်ခင်မိတာနဲ့ ဖခင်ဖြစ်တဲ့ လယ်သမားကြီး ထံမှာ ခွင့်တောင်းပြီး ခမ်းခမ်းနားနား လက်ထပ် ယူလိုက်တော့တယ်ကွဲ့ ။ အဲဒီ အချိန်ကစပြီး လယ်သမားရဲ့ သမီးချောကလေးနဲ့ ရိုးသားတဲ့ ဖခင်ဖြစ်သူ လယ်သမားကြီးတို့ဟာ အသက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင် သွားကြရတော့တယ်ကွဲ့ ။
အရာရာမှာ ချစ်ကြင်နာ ၊ မေတ္တာစိတ်မွေးပါ ။
ယုတ်မာစိတ်ထား ၊ ပြုသူများ ၊ ရွေ့လျားပျက်စီးမှာ ။
〇 တက္ကသိုလ် - စန်း
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၈ ၊ ဧပြီ
No comments:
Post a Comment