❝ ဧရာဝတီမြစ်ရေ စီးဆင်းနေသမျှ ❞
( ထီလာစစ်သူ နှင့် တွေ့ဆုံခြင်း )
ယခုလ တွေ့ဆုံခန်းကိုတော့ နိုင်ငံတော်ရဲ့ တာဝန်ကို တစ်ဖက်က တစ်ရွက်တစ်ပိုး ထမ်းဆောင်နေလျက်က တစ်ဖက်ကလည်း စာပေတာဝန်ကို မလစ်ဟင်းရအောင် စဉ်ဆက်မပြတ် သယ်ပိုးလာခဲ့တဲ့ တပ်မတော်သားတစ်ယောက် ဖြစ်ခဲ့ပြီး ကြေးမုံသတင်းစာတိုက်တွင် သတင်းစာ တာဝန်များကို ထမ်းဆောင်ခဲ့ကာ ယခုအခါ အနုပညာဦးစီးဌာနတွင် ယဉ်ကျေးမှုတာဝန်များ ထမ်းဆောင်နေသူ ကဗျာဆရာ ၊ ဝတ္ထုရေးဆရာ ၊ သတင်းစာဆရာ တစ်ဦးဖြစ်တဲ့ “ ထီလာစစ်သူ ” ရဲ့ အတွေးအခေါ် ယူဆချက်တို့ကို တင်ပြပေးဖို့ စာတည်းအဖွဲ့က တာဝန်ပေးလိုက်ပါတယ် ။
ဆရာထီလာစစ်သူ ရေးခဲ့တဲ့ ဝတ္ထုတွေထဲမှာ “ စီးဆင်းရစ်လေဦး ဧရာဝတီ ” ဝတ္ထုက ဆရာ့စာပေမှတ်တိုင်ကို စိုက်ထူစေနိုင်ခဲ့ပြီး “ မဲခေါင်မြစ်မှ အိုရွက်ဝါနှင့် အခြားကဗျာများ ” ကို ကဗျာစာအုပ် အတွက် စာပေဗိမာန် ကဗျာ စာပေဆု ရစေခဲ့ပါတယ် ။ တပ်မတော်တာဝန် ၊ နိုင်ငံတာဝန်တွေ ထမ်းဆောင်နေရင်းက စာချစ်သူပီပီ စာတွေ ၊ ကဗျာတွေ ရေးနေဆဲ ဖြစ်တဲ့ ဆရာထီလာစစ်သူကို မအားမလပ်တဲ့ ကြားကပဲ အချိန်လုပြီး မေးမြန်းခဲ့ရပါတယ် ။
••••• ••••• •••••
“ ထီလာစစ်သူ ဆိုတဲ့ ကလောင်နာမည် ခံယူတဲ့ ဆရာ့ ရည်ရွယ်ချက်ကို သိပါရစေ ခင်ဗျာ ”
“ ထီလာစစ်သူ ကလောင်အမည် ခံယူခဲ့တာ ရည်ရွယ်ချက် ရှိပါတယ် ။ စစ်သူ ဆိုတာ စစ်မှန်မှုကို ယုံကြည်သူ လို့လည်း အဓိပ္ပာယ် ရပါတယ် ။ စစ်သူကြီး လို့လည်း အဓိပ္ပာယ် ယူခဲ့ပါတယ် ။ ထီလာ ကတော့ မွေးရပ်မြေ ဖြစ်တဲ့ မိတ္ထီလာမြို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကလောင်အမည်မှာ ဒေသအမည် ထည့်သွင်းတဲ့ သဘော ဖြစ်ပါတယ် ”
“ ဆရာ စာပေနယ်ထဲ ရောက်လာပုံက ... ”
“ ကျွန်တော် စာပေလောကထဲ ဝင်ရောက်လာရတာကတော့ မိဘရဲ့ ဆုံးမသွန်သင်ပဲ့ပြင်မှုကြောင့် ဖြစ်ပါတယ် ။ စာပေလောကထဲ မရောက်မီ စာရေးလိုတဲ့ ဗီဇ ၊ စာဆိုလိုတဲ့ ဗီဇကို အမေနဲ့ အဖေ့ထံက ရပါတယ် ။ အမေက မဲဇာတောင်ခြေရတုကို နှုတ်တိုက်သင်ပေးပါတယ် ။ ငါးနှစ် ခြောက်နှစ်သားလောက်က ဆိုပါတော့ ။ အဖေက တေးထပ်တွေ ၊ ဒွေးချိုးတွေ ၊ လေးချိုးတွေကို နှုတ်တိုက်သင်ပေးပါတယ် ။
အမေက ကျွန်တော် ငယ်စဉ် စာရေးဆရာမကြီး ခင်မျိုးချစ် ဘာသာပြန်တဲ့ အင်္ဂလိပ်ကဗျာဆရာ “ သောမတ်စ်ဂရေး ” ရဲ့ လွမ်းချင်းတစ်ပုဒ်ကို သင်ပေးဖူးပါတယ် ။ ကဗျာသုံးပိုဒ် ဖြစ်ပါတယ် ။ ပထမတစ်ပိုဒ်ပဲ အခု ရပါတော့တယ် ။ အဲဒီကဗျာ က -
“ တစ်နေကုန်ညောင်း ၊ ညနေစောင်းသော် ၊ ခေါင်းလောင်းသံခြွေ ၊ ဝင်သည့်နေကို ၊ ဖော်ရွှေပျူငှာ ၊ နှုတ်ခွန်းသာခဲ့ ၊ လယ်ယာကုန်းဆင်း ၊ နွားသွင်းဓလေ့ ၊ ရွာဝင်ကွေ့၏ ၊ တစ်နေ့လုံးဖား ၊ လယ်သမားလမ်း ၊ ရှည်လျားရွာလမ်း ၊ အိမ်ဆီတန်း၍ ၊ ပင်ပန်းလှိုက်ဖို ၊ ရောက်လိုစိတ်သာ ၊ စောမိရှာလိမ့် ၊ ဆည်းဆာညချမ်း ၊ မှောင်ငွေ့လွှမ်းသော် ၊ ရော်ရမ်းအပြီး ၊ ထွေထွေညီးသည် ၊ အထီးကျွန်သာ ကျန်တော့သည် ။ ။
ကျန်တဲ့ နှစ်ပိုဒ်ကတော့ အချို့ပါဒတွေ မေ့နေလို့ မပြောတော့ပါဘူး ။ ပြီးတော့ ဖေဖေဟာ ကျောင်းဆရာ ဆိုတော့ စာပေလောကထဲကို ဝင်ဖို့ ကြိုးပမ်းခဲ့တဲ့သူ ဖြစ်ပါတယ် ။ သူ ရေးခဲ့တဲ့ ဆောင်းပါးတွေ ၊ ဝတ္ထုတိုလေးတွေ လက်ရေးမူ အများအပြား ဖတ်ရပါတယ် ။ ဖေဖေဟာ ခေတ်စမ်းအရေး အသားကို အလွန် နှစ်သက် သဘောကျတာ မှတ်မိပါတယ် ။
စာပေလောကထဲကို ၁၉၄၇ ခုနှစ်ကစပြီး ကျွန်တော် ဝင်ရောက်တယ်လို့ ဆိုရပါလိမ့်မယ် ။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့ လမှာ မိတ္ထီလာမြို့ အမျိုးသား အထက်တန်းကျောင်းမှာ ထုတ်ဝေတဲ့ နံရံကပ်စာစောင်မှာ “ တို့ ဗိုလ်ချုပ် ” ဆိုတဲ့ လေးလုံးစပ်ကဗျာ လင်္ကာတစ်ပုဒ် စတင် ဖော်ပြခြင်း ခံရပါတယ် ။ နောက်နှစ်ကျတော့ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် ထဲ ပါလာပြီး နံရံကပ်စာစောင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ယူ လုပ်လာပါတယ် ။ The Highway Man ကဗျာကို ဘာသာပြန်ပြီး နံရံကပ် စာစောင်မှာ ဖော်ပြခဲ့ပါတယ် ။
၁၉၄၉ ခုနှစ်မှာ သတင်းစုံ ဂျာနယ်ကို ဝတ္ထုတိုနဲ့ ကဗျာတွေ စတင်ပို့ခဲ့ပါတယ် ။ တိုင်းရင်းမေ ဂျာနယ်ကိုလည်း ကဗျာတွေ စတင်ပို့ခဲ့ပါတယ် ။ ပို့တဲ့ အခါတိုင်းလိုလို ပုံနှိပ်ဖော်ပြခြင်း ခံရပါတယ် ။ အဲဒီနောက်တော့ ကလောင်စုံမဂ္ဂဇင်း ၊ တိုင်းသစ်ဂျာနယ် ၊ ရှုမဝမဂ္ဂဇင်း ၊ မြဝတီ မဂ္ဂဇင်းတို့မှာ ဆက်တိုက် စာတွေ ရေးလာခဲ့ပါတယ် ။ နဝဒေးကြီး နဲ့ နတ်သျှင်နောင်ရဲ့ ရတု တွေကို အလွန် စွဲလမ်းခဲ့ပါတယ် ”
“ တပ်မတော်တာဝန် ထမ်းဆောင်နေရင်းက ဆရာ စာရေးနေတာ ဆိုတော့ တာဝန်ချိန်မှာကော စာရေးချင်တဲ့ အတွေး မပေါက်ခဲ့ဘူးလား ၊ ရေးကော ရေးဖြစ်ခဲပါသလား ”
“ ကျွန်တော် စာပေလောကထဲ ဝင်ရောက်စဉ်က တပ်မတော်ထဲ မရောက်သေးပါဘူး ။ ဒါပေမဲ့ စာပေလောက ထဲကို ဝင်ရောက်ပြီးတာနဲ့ တပ်မတော်ထဲကိုလည်း မရှေးမနှောင်းဘဲ ရောက်လာတယ် လို့တော့ ဆိုနိုင်ပါတယ် ။ ၁၉၄၉ ခုနှစ် မှာ ကရင်သောင်းကျန်းသူတွေကို ကျောင်းသားရဲခေါင်တပ်ဖွဲ့ဝင် အဖြစ်နဲ့ လက်နက် စွဲကိုင် တိုက်ခိုက်နေပါပြီ ။ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်နေချိန်မှာ စာရေးချင်စိတ် ပေါ်တဲ့ အခါ ရှိပါတယ် ။ ပေါ်သမျှ စိတ်ကူးစိတ်သန်းတွေကို ရသမျှ အချိန်ကလေးမှာ ဒိုင်ယာရီနဲ့ မှတ်သားပြီး တေး ထားပါတယ် ။ စစ်ဆင်ရေးတာဝန် ပြီးလို့ တပ်ပြန်ပြီး နားတဲ့ အချိန်ပိုင်း ကျမှ ရေးဖြစ်ခဲ့ပါတယ် ။ တိုက်ပွဲ ဖြစ်နေတုန်းမှာ စာရေးလို့လည်း မရပါဘူး ။ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော့်ရဲ့ အသက်ကို သေမင်းထံ အပ်နှံပြီး တိုင်းပြည်အတွက် အသက်စွန့် တိုက်ခိုက်နေပါတယ် ။ အဲဒီအချိန်မှာ ကျွန်တော်ဟာ တိုက်ပွဲတွေ အောင်မြင်မှု တစ်ခုတည်းသာ စိတ်ထဲမှာ ရှိပါတယ် ”
“ ဆရာက ဝတ္ထုလည်း ရေးတယ် ၊ ကဗျာလည်း ရေးတယ် ဆိုတော့ ဝတ္ထု နဲ့ ကဗျာ ဘယ်ဟာကို ပိုပြီး အရေး သန် ပါသလဲ ”
“ အတိအကျတော့ မဖြေတတ်ပါဘူး ။ ကဗျာ အရေး များပေမယ့် ၊ ကဗျာ အရေးသန်ပေမယ့် ဝတ္ထုတို ၊ ဝတ္ထုရှည် ရေးတာကိုလည်း စိတ်ထဲမှာ အလွန် စွဲလမ်းပါတယ် ။ ကဗျာစာအုပ်တွေ ရှစ်အုပ် ၊ ကိုးအုပ် ထွက်ပြီး ခဲ့သလို ဝတ္ထုလုံးချင်းတွေလည်း ရှစ်အုပ် ၊ ကိုးအုပ် ထွက်နိုင်ခဲ့ပါတယ် ။ ဝတ္ထုတွေ ဆက်ရေးဖို့ လည်း ခေါင်းထဲမှာ အမြဲတမ်း စိတ်ကူးစိတ်သန်းတွေ ရှိနေပါတယ် ”
“ ခံစားချက်တစ်ခုကို ဝတ္ထုပုံစံနဲ့ ရေးပြတာနဲ့ ကဗျာအဖြစ် ရေးပြရတာ ဘယ်ဟာက ပိုပြီး ထိရောက်မယ် ထင်ပါသလဲ ဆရာ ”
“ ခံစားချက်တစ်ခုကို ကဗျာနဲ့ ရေးပြီး တင်ပြရတာကတော့ စကားလုံးအရာမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ခိုင်ခိုင် မာမာ ခံ့ခံ့ညားညား ရသ ပြည့်ပြည့်ဝဝ ထိထိရောက်ရောက် ရှိလှပါတယ် ။ ဝတ္ထုရေးပြီး တင်ပြရတာ ကတော့ စကားပြေ အရာမှာ ကျယ်ကျယ်ပြန့်ပြန့် ၊ ရှည်ရှည်လျားလျားနဲ့ စာပေသရုပ်ဖော်ပြီး ပြင်းပြင်းထန်ထန် အားရပါးရ ရှိလှတယ်လို့ ဆိုနိုင်ပါတယ် ။ ဒါပေမဲ့ ထိရောက်တာကတော့ တစ်မျိုးစီပါပဲ ။ ဘယ်ဟာက ပိုပြီး ထိရောက်တယ်လို့ မဆိုနိုင်ပါဘူး ။ စာပေအနုပညာ စွမ်းအားက သူ့နည်းနဲ့ သူ ကြီးမားပြင်းထန်ပြီး ထက်မြက်စူးရှလှပါ တယ် ။ ကမ္ဘာ့ဂန္ထဝင် ဖြစ်တဲ့ ကဗျာကြီးတွေ နဲ့ ဝတ္ထုကြီးတွေ ကို နှိုင်းယှဉ်ကြည့်ရင် ကောင်းကောင်းကြီး သိနိုင်ပါတယ် ။ ဂန္ထဝင်ကဗျာကြီးတွေက ဘာနဲ့ တူသလဲ ဆိုတော့ ကမ္ဘာမြေကြီး တွေနဲ့ တူပါတယ် ။ ဂန္ထဝင်ဝတ္ထုကြီးတွေကတော့ မဟာသမုဒ္ဒရာကြီးတွေနဲ့ တူတယ်လို့ ဥပမာ ပေးချင်ပါတယ် ”
“ ကဗျာ ဆိုတာ ရင်ဖွင့်ရုံသက်သက်ပါလား ဆရာ ။ ကဗျာမှာ တာဝန်တို့ ၊ ရည်ရွယ်ချက်တို့ ရှိပါသလား ”
“ ကဗျာဟာ စာပေယဉ်ကျေးမှု ပစ္စည်းတစ်ခု ဖြစ်ပါတယ် ။ စာပေယဉ်ကျေးမှုဟာ ပြည်သူတို့ရဲ့ အမွေနှစ် ရတနာ ဖြစ်ပါတယ် ။ သည်တော့ ကဗျာရဲ့ အဆင့်အတန်း ၊ ကဗျာရဲ့ တန်ဖိုးကို ကိုဝင်းငြိမ်း ခန့်မှန်း သိရှိနိုင်မယ်လို့ ယုံကြည်ပါတယ် ။ ကဗျာကို တကယ်တမ်း နေ့ရော ညပါ ကဗျာဆရာ အဖြစ် စာဆို အဖြစ် နှစ်ပေါင်း များစွာ ၊ ကဗျာပေါင်းများစွာ ရေးသားလာပြီ ဆိုရင် အဲဒီကဗျာထုထည်ပစ္စည်းကြီးဟာ ကဗျာရေးသူရဲ့ ထုတ်လုပ်လိုက်တဲ့ စာပေယဉ်ကျေးမှု ပစ္စည်းတွေ ဖြစ်လာပြီလေ ။ အဲဒီ ပစ္စည်းတွေကို တန်ဖိုး ရှိအောင် လုပ်မလား ၊ တန်ဖိုးမဲ့အောင် လုပ်မလား ။ တန်ဖိုး ရှိ ၊ မရှိ အကဲဖြတ်တဲ့ နေရာမှာ ၊ ဝေဖန် သုံးသပ် တဲ့ နေရာမှာ ရည်ရွယ်ချက်ကောင်း မကောင်း ဆိုတာ ပေါ်လာလိမ့်မယ် ။ ရည်ရွယ်ချက် မကောင်းရင် သူ့မှာ တာဝန်ရှိတယ် ။ ကောင်းရင်လည်း တာဝန်ရှိလာတယ် ။
အဲဒီတော့ ကဗျာရေးတဲ့ နေရာမှာ ပေါ့ပေါ့ဆဆ လုပ်ရင် တူသော အကျိုးကျေးဇူး ခံစားရမှာပါ ။ လေးလေး နက်နက် လုပ်ရင် တူသော အကျိုးကျေးဇူး ခံစားရမှာပဲ ။ ဒါတွေဟာ အားလုံး ဆက်စပ် နေပါတယ် ။ ဒါကြောင့် ကဗျာမှာ ရည်ရွယ်ချက် ရှိတယ် ၊ တာဝန်ရှိတယ်လို့ ကျွန်တော် အမြင်ရှိပါတယ် ။
ဆက်ပြောရရင် မိမိ၏ ကဗျာ ၊ ဝတ္ထု ၊ ပြဇာတ်ကြောင့် စာဖတ်သူ ပြည်သူလူထုကို အဆိပ်အတောက် မဖြစ်စေသင့်ပါဘူး ။ စေတနာဖြင့် အကျိုးပြု စာပေသာ ဖြစ်သင့်ပါတယ် ။ တာဝန်မဲ့ ရေးပါက အဲဒီစာပေဟာ ပြည်သူအား အကျိုးမပြုဘဲ အဆိပ်အတောက် ဖြစ်စေတဲ့ အတွက် မကောင်းပါ ။ မျက်မှောက် မှာရော ၊ အနာဂတ် မှာရော စာရေးသူဟာ တရားခံ ဖြစ်သွားမှာပါပဲ ။
ဥပမာ ၁၉၅၀ - ၁၉၆ဝ ပြည့်နှစ် ဆယ်စုနှစ် အတွင်းမှာ စာရေးဆရာ အချို့က အချို့ဝတ္ထုတွေမှာ တက္ကသိုလ်ပညာရေး မကောင်းကြောင်း ၊ ပညာတတ်တွေကို ရှုတ်ချတဲ့အကြောင်း ၊ လမ်းဘေးက ပါမောက္ခ ဆိုတာမျိုးတွေ ရေးခဲ့တော့ စာဖတ်သူ လူငယ်အချို့ဟာ တက္ကသိုလ် ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြတော့ဘူး ။ ပညာရေး တစ်ပိုင်းတစ်စနဲ့ ဘဝမှာ နစ်နာ ဆုံးရှုံးကြရတာတွေ မြင်ခဲ့ရပါတယ် ။ အဲဒီ ဝတ္ထုအချို့ရဲ့ စာပေဩဇာ လွှမ်းမိုးမှုဒဏ်ကို ယနေ့အထိ ခံနေကြရ ဆဲပါပဲ ။ မဲခေါင်မြစ်မှ အိုရွက်ဝါနှင့် အခြားကဗျာများ စာအုပ်ထဲက စာပေ အပေါ် မှာ ကျွန်တော်ရဲ့ ယုံကြည်ချက် ၊ ခံယူချက်ကို ဖော်ပြထားတဲ့ ကဗျာတစ်ပုဒ် ကို ဒီနေရာမှာ ပြောပြ ချင်ပါတယ် ။ အဲဒီ ကဗျာရဲ့ အမည်က “ အနုပညာသည်၏ ပူပန်ခြင်း ” ကဗျာ ဖြစ်ပါတယ် ။
( ၁ )
ရွယ်လူးပျိုမျစ် ၊ မျက်ကန်းချစ်ဖြင့်
နစ်မူးနေဆဲ ၊ ချစ်သူကွဲ၍
သည်းထဲနာကျင် ၊ ဆတ်ဆတ်ပင်တည့်
နေ , လျှင် မပူ ၊ လ , မူမအေး
လွမ်းဆွေးမှိုင်းမှုန် ၊ အတွေ့ကြုံလည်း
မတုန်လှုပ်နိုင်ခဲ့စေလေသေး ။
( ၂ )
နိုင်ငံတော်တွက် ၊ ရှေ့သို့တက်စဉ်
ကြောက်မက်ဖွယ်တည့် ၊ ကြမ္မာပိကြောင့်
အသိလွတ်ဆဲ ၊ ဦးခေါင်းကွဲလျက်
နှစ်ဖက်လက်ရိုး ၊ ပိုင်းပိုင်းကျိုး၍
မေ့မြောသွေးလွန် ၊ တမလွန်တွင်း
သေမင်းတံခါး ၊ ရောက်ခဲ့ငြားလည်း
ငါ့အား မတုန်လှုပ်နိုင်စေလေသေး ။
( ၃ )
စာပေလင်္ကာ ၊ ယုံကြည်ရာကြောင့်
ရေးလှာစောင်စောင် ၊ လက်စွမ်းပြောင်လည်း
ကလောင်တိမ်းမှား ၊ မာန်ထောင်လွှား၍
ရွေ့လျားနောင်ခေတ် ၊ အဆိပ်ဖြစ်က
ဖွင့်လှစ်ပြောဆို ၊ အပြစ်ကိုလျှင်
ရင်ဖိုတုန်လှုပ် ၊ ချွေးတုတ်တုတ်ကျ
ပူပန်ရသည် ၊ မျက်ရည်လည်လျက်
ဤအချက်လျှင် ၊ ငရဲထင်မိ
စိတ်တွင်သံဝေငြိတကား ။ ။
ဤကဗျာကို ၁၉၅၃ ခုနှစ်ခန့် ရေးခဲ့တယ် ထင်ပါတယ် ။
ကဗျာနဲ့ ပတ်သက်လို့ ပြည်သူ့အတွက် မဖြစ်စေဘဲ အလွမ်း ၊ အဆွေး ၊ အချစ်ချည်း သက်သက် ရေးခဲ့တဲ့ မြန်မာစာပေ ခေတ်တစ်ခေတ် ၊ မြန်မာဘုရင် အုပ်စိုးတဲ့ ခေတ်တစ်ခေတ် ၊ မြန်မာစာပေသမိုင်းမှာ ကြီးထွားခဲ့လို့ မျိုးချစ်စိတ် မျိုးချစ်အားမာန်တွေ ကျဆင်းစေခဲ့တဲ့အကြောင်း စာပေပညာရှင် သုတေသီ ပုဂ္ဂိုလ်ကြီးများက ထောက်ပြတာ ကျွန်တော် ဖတ်ဖူး ၊ မှတ်ဖူးပါတယ် ။ ဒါတွေကို ပြန်လေ့လာသင့်ပါတယ် ။ နယ်ချဲ့ ကိုလိုနီခေတ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နယ်ချဲ့ဆန့်ကျင်ရေး လေးချိုးကြီးတွေ ၊ ဦးကျော်လှရဲ့ နယ်ချဲ့ဆန့်ကျင်ရေး သံချိုတွေ ၊ ဆီးဘန်နီ ဆရာတော်ကြီးရဲ့ ရတုတွေ ၊ အခြား မျိုးချစ်ကဗျာ ဆရာကြီးတွေရဲ့ ကဗျာတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး ၊ ဖက်ဆစ်တော်လှန်ရေး ၊ ပြည်သူ့လွတ်မြောက်ရေး အရေးတော်ပုံကြီးတွေကို တစ်တပ်တစ်အား အထောက်အကူ ဖြစ်ကြောင်း ဘယ်သူမှ မငြင်းနိုင်ပါဘူး ။ ဒီ အချက်တွေကို ကြည့်ရင် ကဗျာ ရေးရာမှာ ရည်ရွယ်ချက်ရှိပါတယ် ။
ကဗျာမှာ တာဝန် ရှိပါတယ် ။ တိုင်းပြည် ကြီးပွားတိုးတက်အောင် ကဗျာက တစ်ဖက်တစ်လမ်းက တစ်တပ်တစ်အား စွမ်းဆောင်နိုင်ပါတယ်ဗျာ ။ ကဗျာကောင်းအောင် ၊ ရသမြောက်အောင် ရေးစွမ်းနိုင်ခြင်းက အတတ်ပညာ ထူးချွန်မှု ၊ သို့မဟုတ် ပါရမီ ကောင်းလို့ပါလို့ ဆိုနိုင်ပါတယ် ။ အဲဒီလို ကဗျာအရာမှာ ထူးချွန်ပြီး တိုင်းပြည်ကို ချစ်သော စာပေ ၊ ပြည်သူကို အကျိုးပြုသော စာပေတွေ စေတနာနဲ့ ထပ်ဆင့်ပြီး ကြိုးပမ်းဖို့ အထူးအရေးကြီးပါတယ် ။ ရှုမဝမဂ္ဂဇင်း မှာ ကျွန်တော် ပြည်သူတို့ ဘက်မှ ရပ်တည်သော ကဗျာများ ဆောင်းပါး ကို လေးလ ဆက်တိုက် ဖော်ပြခဲ့တာကို နမူနာ အဖြစ် ပြောပြလိုပါတယ် ”
“ ကာရန်မဲ့ကဗျာနဲ့ ပတ်သက်လို့ ဆရာ ဘယ်လို ယူဆပါသလဲ ”
“ ကာရန်မဲ့ကဗျာဟာ ကဗျာဖွဲ့ဆိုပုံ ပုံစံသစ် ၊ ပုံသဏ္ဍာန်အသစ် စမ်းသပ်တယ်လို့ ယူဆပါတယ် ။ ကာရန်မဲ့ကဗျာ ဖွဲ့ဆိုသူတွေ လို ကျွန်တော် မရေးဖွဲ့တတ်လို့ မရေးဖွဲ့ရဲပါဘူး သူတို့လို ရေးဖွဲ့လို့ တတ်ရင်တော့ ရေးကြည့်မှာပါပဲ ”
“ မြန်မာကဗျာဆရာ ၊ ဆရာမကြီးတွေရဲ့ ကဗျာတွေနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ချက် စာတမ်းတွေ ဆရာ ရေးနေတာတွေ့ရပါတယ် ။ ဒီစာတမ်းတွေ ရေးတဲ့ ဆရာ့ရည်ရွယ်ချက် သိပါရစေ ”
“ ဒီသုံးသပ်ချက်စာတမ်း ရေးနေတာ ကျွန်တော့်မှာ ရည်ရွယ်ချက် ရှိပါတယ် ။ ကျွန်တော်နဲ့ ခေတ်ပြိုင်စာဆို ကဗျာဆရာကြီးတွေ ၊ ဆရာမကြီးတွေ ကဗျာတွေကို အတတ်နိုင်ဆုံး စုစည်းပြီး ၂ဝ ရာစု မြန်မာ ကဗျာသမိုင်း အတွက် ကဗျာကျမ်း အဖြစ် ရှိရစ်အောင် ကြိုးပမ်းခြင်းဖြစ်ပါတယ် ။ သူတို့ ရေးသမျှ ကဗျာတွေ အားလုံး လိုက်လံ စုဆောင်းပါတယ် ။ သက်ရှိ ထင်ရှားရှိနေတဲ့ ကဗျာဆရာကြီးတွေရဲ့ အကူအညီ ၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်က ဆရာ ဦးသော်ကောင်း ၊ ဒေါ်ကြော့ကြော့ ၊ တင်တင်မော်တို့ အကူအညီ ၊ အခြား ကဗျာဆရာတွေရဲ့ အကူအညီ ၊ မြေနီကုန်းက ဦးစောလှိုင် ၊ ဒေါ်မြမြ ( စာပေတိုက် ) တို့ အကူအညီ ရယူပြီး စာအုပ် မထုတ်ရသေးဘဲ စာနယ်ဇင်း အစောင်စောင်မှာ ပြန့်ကျဲနေတဲ့ ကဗျာတွေ တစ်ပုဒ်ချင်း ရယူရပါတယ် ။ စပါး ကောက်သင်းကောက်သလို တစ်နှံချင်း ကောက်သလို ကောက်ရပါတယ် ။ မြန်မာစာ မဟာဝိဇ္ဇာဘွဲ့ ယူဖို့အတွက် ပြုစုထားတဲ့ ကျောင်းသူ ၊ ကျောင်းသားတွေရဲ့ စာတမ်းတွေလည်း စုရပါတယ် ။ ဒီကဗျာကျမ်းတွေဟာ မြန်မာစာပေလောက အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ် ။
ကျွန်တော်တို့ တစ်တွေဟာ မြန်မာစာပေကို လေ့လာရပါတယ် ။ ကျမ်းပြုရမှာတွေကို ကျမ်းပြုရပါမယ် ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာစာပေဖွံ့ဖြိုးရေး အတွက် ကြိုးစားတာပါပဲ ။ ၂ဝ ရာစု မြန်မာစာဆို မြန်မာကဗျာ ( ငွေတာရီ ၊ နုယဉ် ၊ ဗန်းမော်ညိုနွဲ့ ၊ မင်းယုဝေ ၊ ဘုတလင် ချစ်လေး ) ကျမ်း ပြုစုပြီးသွားပါပြီ ။ ဒီနှစ်ထဲမှာ ထွက်နိုင်ပါလိမ့်မယ် ”
“ ကဗျာ ရေးတဲ့နေရာမှာ ကာရန် နဲ့ အကြောင်းအရာ ဘယ်ဟာ အဓိကကျပါသလဲ ဆရာ ”
“ ကဗျာ ရေးရာမှာ အကြောင်းအရာဟာ အဓိက ဖြစ်ပါတယ် ။ ဒါပေမဲ့ ကာရန် ကိုလည်း အကြောင်းအရာ ထက် လျှော့တွက်လို့ မရပါဘူး ။ ကဗျာကောင်းတစ်ပုဒ် ကို လူသားတစ်ယောက် အဖြစ် ဥပမာ ပေးချင်ပါတယ် ။ ကာရန်ကို လူသားတို့ရဲ့ ကိုယ်ခန္ဓာ အဖြစ် သဘောထားပြီး အကြောင်းအရာ ကို ဝိညာဉ် အဖြစ် သဘောထား ရင် ရမယ်လို့ ဆိုချင်ပါတယ် ။ အသက်ဝိညာဉ် မရှိရင် ခန္ဓာကိုယ်ဟာ ဘာမှ အသုံးချ လို့ မရပါဘူး ။ အဲဒီလိုပဲ အသက်ဝိညာဉ်ဟာ ကိုယ်ခန္ဓာ မရှိရင် နားခိုစရာ ၊ တွယ်စရာ မရှိပါဘူး ။ ဒီတော့ အသက်ဝိညာဉ် ရော ၊ ကိုယ်ခန္ဓာ ရော ရှိမှ လူသားဘဝဟာ ရှင်သန်ကြီးပြင်းလာပြီး အဓိပ္ပာယ်ရှိပါ့မယ် ။ ကဗျာ ကို ဥပမာအဖြစ် လူသားအနေနဲ့ တူကြောင်း ပြောပြလိုပါတယ် ”
“ ကဗျာ ဝေဖန်ရေးနဲ့ ပတ်သက်လို့ ဆရာ ဘယ်လို ယူဆပါသလဲ ”
“ ကဗျာ ဝေဖန်ရေးနဲ့ ပတ်သက်လို့ ပြောရရင် ကဗျာဝေဖန်ရေးဟာ လိုအပ်ပါတယ် ။ ကဗျာဝေဖန်တဲ့နေရာ မှာ သူ့အတိုင်းအတာနဲ့ သူ ရှိပါတယ် ။ ဆင်ချည်တဲ့ ကြိုး နဲ့ ဆိတ် ကို မချည်ကောင်းပါဘူး ။ ဆိတ် ချည်တဲ့ ကြိုးနဲ့ လည်း ဆင် ကို ချည်လို့ မရပါဘူး ။ ဆင်ချည်တဲ့ ကြိုးနဲ့ ဆင် ကို ချည်မှ အဆင်ပြေပါတယ် ။ ဆိတ် ချည်တဲ့ ကြိုးကို ဆိတ် ချည်မှ အဆင်ပြေပါတယ် ။ ကျွန်တော် ဒီလိုပဲ ယူဆပါတယ် ။ ပြီးတော့ ကဗျာ ဝေဖန်တဲ့ နေရာမှာ စေတနာတရားဟာ အလွန်လိုအပ်တယ်လို့ ယူဆပါတယ် ။ စေတနာမှန်သော ဝေဖန်ရေးဟာ စာပေကို ဖွံ့ဖြိုးတိုးတက်စေတယ်လို့ ယူဆပါတယ် ။ စာပေကို အပြုသဘောနဲ့ ဝေဖန်ဦးစားပေးဖို့ ဆိုလိုပါတယ် ။ နောက်တစ်ချက် ပြောချင်တာကတော့ စာဖတ်သူ နဲ့ စာရေးသူ ကြားမှာ ဝေဖန်ရေး ဆရာ ဟာ ရှိပါတယ် ။ ဝေဖန်သူ ဟာ တာဝန် အလွန်ကြီးပါတယ် ။ အရည်အချင်း နဲ့ ပြည့်စုံပြီး စေတနာရှေ့ထားတဲ့ ၊ ဝေဖန်တတ်တဲ့ ဝေဖန်ရေးဆရာဟာ စာကောင်း ပေကောင်းကို ထုတ်ဖော်ပြသသူ လို့ သိရပါတယ် ။ စာပေအရသာ ခံစားတတ်အောင် တင်ပြနိုင်စွမ်းရှိသူလို့ ဆိုကြောင်း သိရပါတယ် ။ ဒါကြောင့် စာပေဝေဖန်ရေးဟာ စာပေတိုးတက်မှု အတွက် အလွန်အရေးပါ အရာရောက်ကြောင်း ပြောကြားလိုပါတယ် ”
“ ဒီနေ့ မဂ္ဂဇင်းကဗျာတွေ အပေါ် ဆရာ ဘယ်လို သုံးသပ်မိပါသလဲ ”
“ ယနေ့ လစဉ်ထုတ် မဂ္ဂဇင်း ၁၄ စောင်မှာ ပါဝင်ဖော်ပြနေတဲ့ ကဗျာတွေ ဖတ်သလောက်မှာ ကဗျာအများစုဟာ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနေတယ်လို့ ယူဆပါတယ် ။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို သယ်ပိုးနေတဲ့ ကဗျာတွေ အများမပြားတွေ့ရပါတယ် ။ ပြည်သူ့အကျိုးပြု ကဗျာတွေဟာ ဘယ်တော့မှ ၊ ဘယ်ခေတ်မှာမှ မတိမ်ကောပါဘူး ။ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ရင်တော့ အဲဒီ ကဗျာဟာ ကျဆုံးမှာပါပဲ ။
ယနေ့ ကဗျာဆရာ အများစုဟာ မြန်မာကဗျာ ရေးဖွဲ့ပုံ ရေးဖွဲ့နည်းစနစ်ကို လိုက်နာ ဖွဲ့ဆိုနေကြပါတယ် ။ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရင်း အကြောင်းအရာသစ်တွေကို တင်ပြနေကြပါတယ် ။ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ် ၊ လူ့ဘောင်သစ် တည်ဆောက်ရေး စိတ်ဓာတ် ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကို ထွန်းကားစေလိုသော စိတ်ဓာတ် ၊ အတွေးအခေါ် ၊ ဘဝအားမာန် ၊ ဘဝရုန်းကန် လှုပ်ရှားမှု ၊ ဘဝအမြင် ၊ လောကအမြင်တွေကို ဖွဲ့ဆိုနေတာ တွေ့ရပါတယ် ။ ယနေ့ခေတ်မှာ နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်က ချီးမြှင့်တဲ့ အမျိုးသား စာပေဆုတွေ ထဲမှာ နှစ်စဉ် ဆက်တိုက်လိုလို ဆုချီးမြှင့် ခံနေရတာကိုက မြန်မာ ကဗျာဆရာ အများစုဟာ ပြည်သူ့အကျိုးပြုကဗျာတွေ ရေးဖွဲ့နေလို့ ဖြစ်တယ်ဆိုတာ သက်သေခံ နေပါတယ် ”
“ ကဗျာ လေ့လာလိုက်စားသူတွေ အနေနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို အကြံပေးချင်ပါသလဲ ဆရာ ”
“ ကဗျာ လေ့လာလိုက်စားသူတွေဟာ မြန်မာကဗျာကို သေချာစွာ လိုက်စားပြီး ပျို့ ၊ လင်္ကာ ၊ ရတု ၊ ရကန် ၊ သံပေါက် ၊ ဧချင်း ၊ အိုင်ချင်း ၊ ကာချင်း ၊ တျာချင်း ၊ ဒွေးချိုး ၊ လေးချိုး စတဲ့ မြန်မာ့ယဉ်ကျေးမှု ကဗျာစာပေတွေကို စေ့စေ့စပ်စပ် အလေးအနက်ထားပြီး လေ့လာကြပါလို့ စေတနာနဲ့ အကြံပြုချင်ပါတယ် ”
“ ဒီနေ့ ကျွန်တော်တို့ စာပေလောကမှာ ပင်ကိုရေးဝတ္ထုတွေ အရည်အသွေး ကျဆင်းနေတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ ”
“ ယနေ့ ပင်ကိုရေး ဝတ္ထုတွေ ရောင်းအား ကျဆင်းတာကတော့ ဆွေးနွေးစရာတွေ အများကြီး ရှိမယ်လို့ ထင်ပါတယ် ။ စာရေးသူ ၊ ထုတ်ဝေသူ ၊ စာဖတ်သူ ဒီသုံးဦး အပေါ်မှာ အများဆုံး တည်ပါတယ် ။ ပင်ကိုရေးဝတ္ထုတွေကို ယခုထက် ကောင်းအောင် မြန်မာစာရေး ဆရာတွေ အထူးကြိုးစားပြီး ရေးဖို့လည်း လိုမယ်လို့ ယူဆပါတယ် ။ ပင်ကိုရေး ဝတ္ထုတွေဟာ ဝတ္ထုစံနှုန်း သတ်မှတ်ချက်တွေ ရှိတဲ့အတိုင်း စာပေ အဆင့်အတန်း မြင့်ဖို့ ၊ စာပေအရည်အသွေး ကောင်းဖို့ လိုပါတယ် ။ ပင်ကိုရေးဝတ္ထု ဆိုပြီးတော့ စာပေ အဆင့်အတန်း မမီ ၊ စာပေအရည်အသွေး ညံ့ဖျင်းရင်လည်း အချည်းနှီး ဖြစ်မှာပဲ ။ ပင်ကိုရေးဝတ္ထုကြီးတွေ ပြန်လည်ထွန်းကား လာအောင် ၊ ရောင်းအား ရှိလာအောင် ပထမဆုံး လုပ်ပေးနိုင်တဲ့ ဌာနကတော့ လစဉ်ထုတ် မဂ္ဂဇင်းကြီးတွေ ဖြစ်ပါတယ် ။
ပင်ကိုရေးဝတ္ထုကောင်း ရေးနိုင်စွမ်းရှိတဲ့ စာရေးဆရာကြီးတွေနဲ့ အယ်ဒီတာချုပ်တွေ တွေ့ဆုံညှိနှိုင်းပြီး အခန်းဆက် ပင်ကိုရေးဝတ္ထုကြီးတွေ ပြန်လည် ထွန်းကားမှု အတွက် ကြိုးပမ်းသင့်ပါပြီ ။ ဒီလို ကြိုးပမ်းခဲ့တဲ့ အစဉ်အလာလည်း ရှိပါတယ် ။ ရှုမဝ မဂ္ဂဇင်း ၊ မြဝတီမဂ္ဂဇင်း ၊ ငွေတာရီ မဂ္ဂဇင်း ၊ သွေးသောက်မဂ္ဂဇင်း အရှိတဲ့ မဂ္ဂဇင်းကြီးတွေက ပုံနှိပ်ဖော်ပြခဲ့တဲ့ ပင်ကိုရေး ဝတ္ထုကြီးတွေဟာ အထင် အရှား ရှိပြီး ဖြစ်ပါတယ် ။ ဦးသိန်းဖေမြင့်ရဲ့ “ အရှေ့က နေဝန်းထွက်သည့်ပမာ ” ၊ ခင်နှင်းယုရဲ့ “ ကျွန်းဧကရီ ” ၊ “ ချစ်လှချည်ရဲ့ မွှေး ” ၊ ဂျာနယ်ကျော်မမလေးရဲ့ “ သူမ ” ၊ “ မုန်း၍မဟူ ” ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ သူ့ကျွန်မခံပြီ ” ၊ ဒဂုန်တာရာရဲ့ “ ကြာပန်းရေစင် ” ၊ ဗန်းမော်တင်အောင်ရဲ့ “ မြိုင် ” ၊ ဝင်းဦးရဲ့ “ ဆွေး ” ၊ ဝင်းလှိုင် ရဲ့ “ ဘဝ နေဝင်ချိန် ” ၊ အောင်လင်းရဲ့ “ အရိုင်းစံပယ် ” ၊ “ စင်ရော် ” ၊ မင်းရှင်ရဲ့ “ မိုးနဲ့မြေ ” ၊ “ ပြင်ဦးလွင် မှ လွမ်းရိပ်သာ ” စတဲ့ ဝတ္ထုကြီးတွေဟာ လစဉ်ထုတ် မဂ္ဂဇင်းကြီးတွေက အယ်ဒီတာချုပ်တွေဟာ စိတ်ရှည်လက်ရှည်နဲ့ ထည့်သွင်း ဆောင်ရွက်ပေးခဲ့လို့ ပေါ်ထွက်လာတဲ့ ဝတ္ထုကြီးတွေ ဖြစ်ပါတယ် ။ မဂ္ဂဇင်းကြီးတွေမှာ ထည့်သွင်း ဖော်ပြပြီးတဲ့ နောက်မှာ လုံးချင်းဝတ္ထု အဖြစ် ထုတ်ဝေလိုက်တဲ့ အခါမှာ အောင်မြင်ကျော်ကြားတဲ့ ဝတ္ထုကြီးတွေ အဖြစ် မြန်မာစာပေလောကမှာ ရပ်တည်နေနိုင်ခဲ့ကြပါတယ် ။
ကျွန်တော် စိတ် မကောင်းစရာ တစ်ခု ပြောချင်တာကတော့ မဂ္ဂဇင်းဝတ္ထုရှည်ဆိုပြီး ယနေ့ အချို့ မဂ္ဂဇင်းကြီးတွေ အမည်တပ်ပြီး ထည့်ပေးကြတာ ဖတ်ကြည့်တော့ ဝတ္ထုတိုလောက်သာပဲ ရှိတော့ ဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါဘူး ။ တစ်ခုခုတော့ ကွဲလွဲချက် ရှိနေတယ်လို့ ထင်ပါတယ် ”
“ ဒီနေ့ ဘာသာပြန်တွေနဲ့ ပတ်သက်ပြီးတော့ ဆရာ ဘယ်လို ယူဆပါသလဲ ”
“ ဘာသာပြန်စာပေ အပေါ်မှာလည်း ဆွေးနွေးစရာတွေ အများကြီး ရှိပါတယ် ။ မြန်မာစာဖတ်ပရိသတ် နဲ့ ကမ္ဘာ့စာပေ ဆက်သွယ်မှု အခြေအနေပေါ်မှာလည်း ထည့်တွက်ရပါလိမ့်မယ် ။ မြန်မာစာဖတ်ပရိသတ်က ကမ္ဘာ့ စာပေတွေကို ကျယ်ကျယ်ပြန့်ပြန့် လိုက်စားလာလို့ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ် ။ ဘာသာပြန်စာအုပ်တိုင်း ကောင်းသလားဆိုတော့ စာအုပ်တိုင်း မကောင်းပါဘူး ။ ဒါပေမဲ့ စာအုပ်ကောင်း အများအပြားလည်း ပါပါတယ် ။ အထူးသဖြင့်ကတော့ ဖတ်လို့ ကောင်းအောင် ရေးထားတဲ့ အပျော်ဖတ်စာအုပ်တွေ ၊ သူတို့ဆီမှာ Best seller ဆိုတဲ့ စာအုပ်တွေက ကျွန်တော်တို့ဆီမှာ စာဖတ်သူတွေ အကြိုက် ဖြစ်နိုင်မယ့် အလားအလာ ရှိရင် ပြန်ဆိုကြတာ တွေ့ရပါတယ် ။ ဘာသာပြန် စာပေတွေ အထူးသဖြင့် ဘာသာပြန် ဝတ္ထုကြီးတွေ နေရာယူလာတာကတော့ ပင်ကိုရေး မြန်မာ ဝတ္ထုကောင်းတွေ ၊ ဝတ္ထုကြီးတွေ မထွက်နိုင်တဲ့ အတွက်ကလည်း အကြောင်း တစ်ကြောင်း ဖြစ်ပါတယ် ။ ၁၉၅ဝ ပြည့်နှစ် ၊ ၁၉၆ဝ ပြည့်နှစ် ၁ဝ စုနှစ် တစ်စုကို စံထားပြီး ပြောကြရအောင်ဗျာ ။ အဲဒီ ၁ဝ စုနှစ် အတွင်းမှာ ဘာသာပြန် ဝတ္ထုကောင်းတွေ ၊ ဝတ္ထုကြီးတွေ အတော်များများ ထွက်တာ တွေ့ရပါလိမ့်မယ် ။
ထိုနည်းတူစွာပဲ ပင်ကိုရေး မြန်မာဝတ္ထုတွေ ဝတ္ထုကောင်းတွေလည်း အတော်များများ ထွက်ခဲ့ပါတယ် ။ ဘာသာပြန်ဝတ္ထု အချို့ဖြစ်တဲ့ အမေ ၊ မြေပဒေသာ ၊ မျှော်တလင့်လင့် ၊ သွေးစုပ်မြေ ၊ ဒေးဗစ်ကော့ပါးဖီးလ် ၊ တောင်လေသွေးတော့ ၊ ပန်းရောင် ၊ အဘိုးအို နှင့် ပင်လယ် ၊ ရော်ဘင်ဆန် ကရူးဆိုး ၊ ဇင်းဒါးအကျဉ်းသမား ၊ ဖရူဆို ၊ ခါးကုန်းကြီး အစရှိတဲ့ ဝတ္ထုကြီးတွေ ထွက်ခဲ့သလို ပင်ကိုရေး ဝတ္ထုကောင်း ဝတ္ထုကြီးတွေ ဖြစ်တဲ့ မိုးနှင့်မြေ ၊ မေ့ဘူးကွယ့် သက်လှယ်ရယ် ၊ အရိုင်းစံပယ်မွှေး ၊ သူ့ကျွန်မခံပြီ ၊ ပစ်တိုင်းထောင် ၊ ဘုန်းမောင် တစ်ယောက်တည်းရယ် ၊ လွမ်းရစ်တော့ သက်လှယ်ရယ် ၊ ကြာပန်းရေစင် ၊ ကမ္မဖလ ၊ ရွှေချစ် ငွေချစ် ၊ တစ်မိုးသောက်သော် ၊ မိုးအောက်မြေပြင် ၊ မောင့်မမငြိမ်း ၊ ဗေဒါ ၊ တို့တိုင်းဌာနီ ၊ မင်းမှုထမ်း ၊ တပ်ထဲက မြတ်ကိုကို ၊ မုန်း၍မဟူ ၊ အရှေ့က နေဝန်းထွက်သည့်ပမာ ၊ သူမ ၊ ငဘ အစရှိတဲ့ ဝတ္ထု ကြီးတွေ ထွက်ခဲ့ပါတယ် ။ ၁၉၆ဝ ပြည့်နှစ် ၊ ၁၉၇ဝ ပြည့်နှစ် အတွင်း ၁ဝ စုနှစ် တစ်စု ကာလကို စံပြုကြည့်ရင်လည်း တွေ့နိုင်ပါတယ် ။
ဒါက ဘာသာပြန်စာပေထဲက ဝတ္ထုအကြောင်း ပြောပြတာပါ ။ အခြားဘာသာပြန် ဘာသာရပ်တွေကတော့ အထူး ပြောစရာ မလိုပါဘူး ။ စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှုရေး ၊ ပညာရေး ၊ သိပ္ပံဘာသာရပ်တွေ ဘာသာပြန် အနေနဲ့ ထွက်ပေါ်လာတာ ပြည်သူတွေ အတွက် ကောင်းမွန် တိုးတက်တဲ့ အသိဉာဏ်တွေ ဖြစ်စေတယ်လို့ ယူဆပါတယ် ”
“ မဲခေါင်မြစ်မှ အိုရွက်ဝါ ကဗျာစာအုပ် အမှာစာ ရေးတဲ့နေရာမှာ ဆရာက “ စာပေဟာ ခေတ်ရဲ့ ကြေးမုံဖြစ်တယ် ” လို့ ရေးထားတာ တွေ့ရပါတယ် ။ ဒီနေ့ ကျွန်တော်တို့ စာပေမှာ တကယ်ပဲ ခေတ်ရဲ့ အရောင် တိတိကျကျ ထင်ဟပ်ပါသလား ”
“ စာပေဟာ ခေတ်ရဲ့ ကြေးမုံဖြစ်ပါတယ် ။ တကယ်ပဲ ခေတ်ရဲ့ ကြေးမုံဟာ စာပေမှာ အရောင် တိတိကျကျ ထင်ဟပ်နိုင်ပါတယ်ဗျာ ။ ကျွန်တော်တို့ မြန်မာစာပေသမိုင်းကို အတိုချုံးပြီး ပြန်စ ကောက် ကြည့်ရအောင် ။ ပုဂံခေတ် ၊ ပင်းယခေတ် ၊ အင်းဝခေတ် ၊ တောင်ငူခေတ် ၊ ညောင်ရမ်းခေတ် ၊ ကုန်းဘောင်ခေတ် ၊ အင်္ဂလိပ်ခေတ် ၊ လွတ်လပ်ရေးခေတ် ၊ ဆိုရှယ်လစ်ခေတ်ပြောင်း အရေးတော်ပုံ တော်လှန်ရေးခေတ် ၊ ဒီခေတ် အသီးသီးတို့မှာ ပေါ်ထွက်လာတဲ့ ကျောက်စာ ၊ ပေစာ ၊ စာအုပ်စာတမ်းတွေ ဖတ် ကြည့်ရင် သိနိုင်ပါတယ် ။ ကျောက်စာ ဆိုရင် ပုဂံခေတ် က သျှင်ဒိသာပါမောက္ခ ကျောက်စာဟာ မဖော်ပြရင် မဖြစ်တဲ့ စာပေမှတ်တမ်းဝင် ကျောက်စာ ဖြစ်ပါတယ် ။ အဲဒီ ကျောက်စာ ဟာ စာပေအရေးအသား အတွက်သာ မဟုတ်ဘူး ပြည်တွင်းရေး အနှောင့်အယှက်ရှိပုံ ၊ မြန်မာရဟန်းတော်များ တိုင်းပြည်အရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ခဲ့ပုံတွေကို ဖော်ပြထားပါတယ် ။
ပင်းယခေတ်က ကာချင်းဟာ နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရေး ၊ ကျူးကျော်စစ်ကို တရားသောစစ်ဖြင့် ခုခံကာကွယ်ရေးတို့ အတွက် ၊ တိုင်းပြည် အတွက် သူရဲကောင်းတွေ အသက်စွန့်၍ အလောင်းချင်းထပ်၍ အသေခံပုံ ၊ ရန်သူတွေ ၊ ဆုတ်ခွာထွက်ပြေး ဆုံးရှုံးကြရပုံတွေ တွေ့နိုင်ပါတယ် ။ ကျန်တဲ့ ခေတ်တွေကတော့ အထူး မပြောတော့ပါဘူး ။ သိပ်ပြီး များနေမှာ စိုးလို့ပါ ။ စာရေးဆရာကြီး မောင်ထင် ရေးတဲ့ “ ငဘ ” ဝတ္ထု ၊ ဦးသိန်းဖေမြင့် ရေးတဲ့ “ အရှေ့က နေဝန်းထွက်သည့်ပမာ ” ဝတ္ထုကြီးတွေဟာ နောက်ခံပြုထားတဲ့ ခေတ်ရဲ့ အကြောင်းတွေကို ဂဃနဏ တွေ့ရမှာပါ ။ အလားတူပဲ စာနယ်ဇင်းတွေမှာ ဖတ်ကြည့်ရင် အများကြီး သိနိုင်ပါတယ် ”
“ တာဝန်တွေ များတဲ့ အထဲက ဆရာ စာရေးနေတယ် ဆိုတော့ စာရေးဖို့ အချိန်ရယ်လို့ သီးခြား သတ်မှတ်ထားတာများ ရှိပါသလား ဆရာ ”
“ ကျွန်တော် ဟာ ကျွန်တော့်ရဲ့ နိုင်ငံ ၊ ပြည်သူကို အလွန်ချစ်မြတ်နိုးပါတယ် ။ ဒါကြောင့် စစ်ပညာကို ဂျပန်ခေတ် ကတည်းက သင်ကြားခွင့် ရသမျှ သင်ကြားခဲ့ပါတယ် ။ စစ်ပညာ သင်ခဲ့သလို စာပေတွေလည်း ရသမျှ ရှာဖွေပြီး ဖတ်ရှုလေ့လာမှတ်သားခဲ့ပါတယ် ။ ကဗျာ ၊ ဝတ္ထု ၊ ဆောင်းပါးစာပေတွေ ရေးဖို့ ကြိုးစားခဲ့ရပါ တယ် ။ အရွယ်ရောက်စ ကာလ ပြည်တွင်းသောင်းကျန်းဆူပူမှု နဲ့ ရင်ဆိုင်ရတဲ့ အခါမှာ တပ်မတော်ထဲ ဝင်ရောက်ပြီး တိုက်ပွဲများစွာ ပါဝင် ဆင်နွှဲခဲ့သလို စာပေတွေ လည်း အများကြီး ရေးခဲ့ပါတယ် ။ နိုင်ငံချစ်တဲ့ တိုင်းသူပြည်သား တစ်ယောက်ဟာ သူ့နိုင်ငံ အတွက် ၊ လူမျိုး အတွက် သူ စွမ်းဆောင်နိုင်တဲ့ ဘက်က သူ ရောက်ရာနေရာ ၊ ကျရာ တာဝန်ကို ထမ်းဆောင်ရမယ်လို့ ကျွန်တော် ပြတ်ပြတ်သားသား ယုံကြည်ချက် ၊ ခံယူချက် ရှိပါတယ် ။ ရောက်ရာဒေသ ၊ ကျရာ တာဝန်ကို အသက်ရှင် နေသမျှ ကာလပတ်လုံး ကျွန်တော်ဟာ ကျွန်တော့် နိုင်ငံ အတွက် အလုပ်အကျွေး ပြုနေမှာပါပဲ ။ ကျွန်တော် အသက်သေဆုံးတဲ့ ကာလကျမှ ရပ်ဆိုင်း သွားမယ် ထင်ပါတယ် ။ စာရေးတဲ့ အချိန် ရယ်လို့ သီးခြား သတ်မှတ် မထားနိုင်ပါဘူး ။
ဒီနေရာမှာ ချက်ကော့ ရဲ့ “ ငှက်စင်ရော် ” ပြဇာတ်ထဲက ပြောပြချက်ကို သိပ်သဘောကျတယ် ။ ချက်ကော့က “ ကျုပ်ဟာ ကျုပ် နိုင်ငံကိုလည်း ချစ်တယ် ၊ ကျုပ် ပြည်သူတွေလည်း ချစ်တယ် ၊ ကျုပ်နိုင်ငံ ကျုပ်ပြည်သူတွေ ရဲ့ အနာဂတ် ၊ ကျုပ်နိုင်ငံ ကျုပ်ပြည်သူတွေရဲ့ သိပ္ပံပညာ တင်ပြဖို့ ကျုပ်မှာ တာဝန်ရှိတယ် ၊ နောက်ပြီး လူသားတွေရဲ့ အခွင့်အရေး ကိုလည်း တင်ပြဖို့ ကျုပ်မှာ တာဝန်ရှိတယ် ” လို့ ဆိုထားပါတယ် ။
ကျွန်တော့်ရဲ့ အပေါင်းအသင်းတွေက ကိုဝင်းငြိမ်း မေးသလိုပဲ မေးကြပါတယ် ။ ကျွန်တော် အထက်က ဖြေတဲ့ အတိုင်းပဲ ဖြေခဲ့ပါတယ် ။ ကျွန်တော်ဟာ စာ အမြဲတမ်း ဖတ်နေပါတယ် ။ စာရေးတာနဲ့ ပတ်သက်လို့ကတော့ ဧရာဝတီမြစ်ကြီး စီးနေသလို အစဉ်အဆက်မပြတ် တသွင်သွင် တဒီးဒီး စီးနေသလို ရေးနေမှာပါပဲ ။ အချိန် သတ်မှတ်ထားခြင်း မရှိပါဘူး ”
“ စီးဆင်းရစ်လေဦး ဧရာဝတီ ရေးဖြစ်သွားတဲ့ ရည်ရွယ်ချက်ကို သိပါရစေ ဆရာ ”
“ စီးဆင်းရစ်လေဦး ဧရာဝတီ ရေးဖြစ်သွားတဲ့ ရည်ရွယ်ချက်က နှစ်ချက် ရှိပါတယ် ။ တစ်ချက်က အဲဒီ စာအုပ်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ် ။
နောက်တစ်ချက်ကတော့ ကမ္ဘာ့ဝတ္ထုကြီးတွေ ၊ မြန်မာ့ဝတ္ထုကြီးတွေကို ဖတ်ရှုလေ့လာခွင့်ရပြီး အားကျတဲ့ အတွက် ဖြစ်ပါတယ် ။ ကမ္ဘာ့ဝတ္ထုကြီးတွေအနက်က လီယိုတော်လ်စတွိုင်းရဲ့ “ စစ်နှင့် ငြိမ်းချမ်းရေး ” ၊ မာဂရက်မစ်ချယ် ရဲ့ “ လေရှုးသုန်သုန် ” ၊ မီးခေးရှိုလိုတော့ဗ် ရဲ့ “ တငြိမ့်ငြိမ့်ဒွန် ” ၊ “ တောရိုင်းမြေ ” ၊ James A Michener ရဲ့ “ Hawaii The Source Centenial ” ဝတ္ထုကြီးတွေ ၊ “ Herman Wark ” ရဲ့ “ Young Blood Hawke ” ၊ မြန်မာ ဝတ္ထုကြီးတွေထဲက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ “ ရှာပုံတော် ” ၊ ဒဂုန်ခင်ခင်လေးရဲ့ “ စာဆိုတော် ” ၊ နန္ဒရဲ့ “ သံနဲ့သွေး ” ၊ “ ငါ့သွေး ငါ့ဓား ငါ့ဧရာဝတီ ” ၊ နတ်နွယ်ရဲ့ “ မြန်မာပြည် မြောက်ပိုင်း ” ၊ မင်းကျော် ရဲ့ “ မဟာ ” ၊ “ တစ္ဆေ ” ၊ “ ငါတို့ခေတ်နှင့်အပြိုင် ” ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင် ” ၊ မောင်နေဝင်းရဲ့ “ မိုးမြေသိမ့်သိမ့် ” ၊ စောဦးရဲ့ “ တစ်မိုးသောက်သော် ” ၊ ကျော်အောင်ရဲ့ “ အရေး ကြီးပြီ သွေးနီးကြစို့ ” ၊ မောင်သိန်းဆိုင်ရဲ့ “ ရေနံ့သာခင်ခင်ကြီး ” စတဲ့ ဝတ္ထုကြီးတွေကို သိပ်နှစ်သက်သဘောကျခဲ့ပါတယ် ။ ဒီတော့ မြန်မာဝတ္ထုလောကမှာ မှတ်တိုင်တစ်တိုင် အဖြစ် ပါဝင်နိုင်ဖို့ မြန်မာဝတ္ထုကြီး စစ်စစ် တစ်အုပ် ပေါ်ထွက်လာဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ် ”
“ ဆရာ စာပေဗိမာန် ကဗျာဆု ရတဲ့ “ မဲခေါင်မြစ်မှ အိုရွက်ဝါ ” ကဗျာရှည်ကြီး နဲ့ “ စီးဆင်းရစ်လေဦး ဧရာဝတီ ” နှိုင်းယှဉ်ကြည့်ရင် ဘယ်လို ခံစားရပါသလဲ ။ ကျွန်တော် မေးတဲ့ မေးခွန်းက သားသမီး နှစ်ယောက်ထဲက ဘယ်သူ့ကို ပိုချစ်သလဲလို့ မေးတာမျိုးပါပဲ ဆရာ ”
“ ဒီနှစ်ခု နှိုင်းယှဉ် ပြောရရင်တော့ ခံစားရမှုဟာ တစ်မျိုးစီပါပဲ ။ ကဗျာရှည်ကြီးက စာပေရသမြောက် ဂန္ထဝင် ကဗျာကြီး တစ်ပုဒ် ဖြစ်သလို ဝတ္ထုကြီး ကလည်း တိုင်းပြုပြည်ပြု မြန်မာ့ဂန္ထဝင်ဝတ္ထုကြီး တစ်ပုဒ်လို့ စာပေ မြတ်နိုးသူတွေက ဝေဖန်ကြပါတယ် ။ ကျွန်တော်ကတော့ ဒီသားသမီး နှစ်ယောက်လုံး ကို အတူတူပဲ ချစ်မြတ်နိုးပါတယ် ။ ဘယ်သူ့ ဘယ်သူကိုမှ မပိုပါဘူးဗျာ ။ ပိုလို့လည်း မရပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဒီအနုပညာ ပစ္စည်း နှစ်ခုမှာ တစ်မျိုးစီ အနုပညာတန်ဖိုး ရှိနေတဲ့အတွက် ဖြစ်ပါတယ် ။ ကိုဝင်းငြိမ်း ပေးတဲ့ ဥပမာလိုပဲ ပြန်ဖြေချင်ပါတယ် ။ သား ဟာ လူ့လောက အတွက် တန်ဖိုး ရှိသလို ၊ သမီး ဟာလည်း လူ့လောက အတွက် တန်ဖိုးရှိပါတယ် ။ အနုပညာလောကမှာလည်း ကဗျာ နဲ့ ဝတ္ထု ဟာ ဒီလိုပဲ ပြောလို့ရမယ်လို့ ထင်ပါတယ်ဗျာ ”
“ ကျေးဇူးတင်ပါတယ် ဆရာ ၊ ဝတ္ထုနဲ့ ပတ်သက်တာတွေရော ၊ ကဗျာနဲ့ ပတ်သက်တာတွေပါ ပြည့်ပြည့်စုံစုံ ဖြေကြားပေးသွားတဲ့ အတွက် စာချစ်သူတွေအတွက် အကျိုးရှိပါလိမ့်မယ် ။ တာဝန်တွေနဲ့ မအားလပ်တဲ့ ကြားက အချိန်ပေးခဲ့တဲ့ အတွက်လည်း ပေဖူးလွှာ စာတည်းအဖွဲ့ ကိုယ်စား ကျွန်တော်ကပဲ ကျေးဇူးတင်စကား ပြောခဲ့ပါရစေ ။ ဆရာ လည်း ဆန္ဒရှိတဲ့အတိုင်း ဧရာဝတီမြစ်ရေ စီးဆင်းနေသမျှ စာပေအကျိုး ဆတက် ထမ်းပိုး သယ်ပိုးနိုင်စေဖို့ ဆန္ဒပြုခဲ့ပါတယ် ”
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာမဂ္ဂဇင်း
အမှတ် - ၃၈
ဇူလိုင်လ ၊ ၁၉၈၄ ခုနှစ်
No comments:
Post a Comment